မူလဇာတ်ကြောင်း မစတင်ခင် အချိန်လေးတစ်ခု....
ယဲ့ဖန် ဆယ်နှစ်အရွယ်မှာ ငါးနှစ်သမီးလေး ဝေ့ဝေ့ကို လက်ချင်းတွဲပြီး မြို့အပြင်က ဝါးတောစပ်ဆီ အမြဲသွားလေ့ရှိခဲ့သည်.. သူတို့မောင်နှမနှစ်ယောက်ရဲ့ ပျော်စံရာနေရာဆိုလည်း မမှားဘူး။ ဝါးပင်တွေကြား တစ်ယောက်က ပတ်ပြေးရင် တစ်ယောက်က လိုက်ဖမ်းလိုက်နဲ့.. နေမဝင်ခင်အထိ ကစားလေ့ရှိကြ၏..
တစ်နေ့ကျတော့ ယဲ့ဖန်တို့ ကစားနေရင်း ဝါးတောရဲ့အလယ်ဆီ ရောက်သွားချိန်.. ခပ်လှမ်းလှမ်းမှာ လူတွေရှိနေတာကို နှစ်ယောက်သား သတိထားမိသွားတာမို့ ခြေသံဖွဖွလေး နင်းပြီး ထိုနေရာ တိုးသွားကြရော.
"ငါ့ဗျပ်စောင်း ပြန်ပေးပါ"
အကွယ်တစ်နေရာကနေ ယဲ့ဖန် ချောင်းကြည့်လိုက်တော့.. လူနှစ်ယောက်က လူတစ်ယောက်ကို ချုပ်ထားတာ တွေ့လိုက်ရသည်.. အဲသုံးယောက်ရှေ့မှာ ရပ်နေတဲ့လူက ဗျပ်စောင်းတစ်လက်ကို ကိုင်ထားတာပြီး ချုပ်ခံထားရတဲ့သူ အော်ပြောလိုက်တဲ့စကားကို ကြားကာ တဟားဟား အော်ရီနေခဲ့သည်.. ထိုလူတွေသည် ယဲ့ဖန်ဆိုတဲ့သူထက် နှစ်နှစ်လောက်တော့ ကြီးပုံရ၏.
"မင်းက ဗျပ်စောင်းပညာ သင်မယ်ပေ့ါလေ.. ဘာလဲ ဆရာပြောတဲ့ပြိုင်ပွဲကို ဝင်ပြိုင်မလို့လား"
"ငါဘာသာ ဘာလုပ်လုပ် မင်းနဲ့ ဘာဆိုင်လဲ"
ထိုအချိန်တွင် ယဲ့ဖန်က ဝေ့ဝေ့ကို အိမ်တော်ဆီ ပြန်အကြောင်းကြားဖို့ သွားခိုင်းလိုက်ပြီး အနားမှာ ရှိတဲ့ခဲလုံးတွေကို ကောက်ကာ စုလိုက်သည်..
"မင်း ပြိုင်ပွဲ ဝင်မပြိုင်ရဘူး.."
"ဒါက မင်းပြောရမဲ့ကိစ္စ မဟုတ်ဘူး ထင်တယ်"
"ကောင်းပြီလေ.. ဒါဆိုလည်း ဗျပ်စောင်း မရှိဘဲ မင်း ဘာဆက်လုပ်နိုင်မလဲ ကြည့်ရအောင်"
ဗျပ်စောင်းကို ရိုက်ချိုးဖို့ မြှောက်လိုက်ချိန် ထိုလူရဲ့လက်ဖျံကို ထိအောင် ယဲ့ဖန် ခဲလုံးနဲ့ လှမ်းပစ်လိုက်သည်..
"အားး!! ဘယ်ကောင်လဲကွ.. ထွက်ခဲ့စမ်း!!"
ဒေါသတကြီး အော်ဟစ်သံကို လျစ်လျူရှုပြီး နောက်ထပ်တစ်လုံး ထပ်ပေါက်လိုက်တော့.. လက်ထဲကနေ ဗျပ်စောင်း လွတ်ကျသွားခဲ့သည်..
ချုပ်ထားတဲ့နှစ်ယောက်ကလည်း လူကို လွှတ်ပေးပြီး ပတ်ဝန်းကျင်က ရန်သူကို လိုက်ရှာကြတော့သည်.. မြေပြင်ပေါ် ပြုတ်ကျနေတဲ့ဗျပ်စောင်းကို ပြေးကောက်ပြီး တယုတယပိုက်ထားတဲ့ထိုသူကို ယဲ့ဖန် မြင်လိုက်တော့.. *ဗျပ်စောင်းကို တော်တော်တန်ဖိုးထားတာပဲလို့* တွေးလိုက်မိသေးသည်..
ထိုအချိန်မှာပဲ ခုနက ခဲလုံးနဲ့ ပစ်ခံထားရတဲ့လူက ဗျပ်စောင်းပိုက်ထားတဲ့ လူကို ပြေးကန်ဖို့လုပ်တော့.. ယဲ့ဖန် အဲလူရဲ့ခြေထောက်ကိုပါ လှမ်းပစ်လိုက်ရပြန်သည်..
ဒီလူကတော့ ငယ်ငယ်လေးနဲ့ ဘယ်လိုတောင် အကျင့်ယုတ်နေရတာလဲ...
"တွေ့ပြီ.. ဟိုဘက်ကနေ ပစ်နေတာ.. သွားရှာကြစမ်း!!"
သူကို တွေ့သွားပြီဆိုတာ သိလိုက်တာကြောင့် ယဲ့ဖန် ထွက်ပြေးဖို့ လုပ်ချိန်.. သူရှိရာနေရာတည့်တည့်ဆီ ခဲလုံးတစ်လုံး ပျံဝဲလာတာ တွေ့လိုက်ရပြီးနောက် ဘယ်ဘက်နားထင် ပူထူသွားကာ သူလည်း အမှောင်လောကထဲ ရောက်ရှိသွားခဲ့တယ်..
**
ဒါက ယဲ့ဖန်နဲ့ကျန်းယုံတို့ရဲ့တွေ့ဆုံမှုပေါ့လေ.. အိမ်မက်အဖြစ် သူကို ပြသသွားတဲ့ပုံရိပ်တွေကို ယဲ့ဖန် ပြန်တွေးပြီး သက်ပြင်းချလိုက်မိသည်..
ဟုတ်တယ်.. ဟိုတစ်ယောက် ပြောသလိုပဲ ဒီအဖြစ်အပျက်က မူလဇာတ်ကြောင်းတုန်းကဆို အရေးမပါတဲ့အဖြစ်အပျက်တစ်ခုသာ.. ကျန်းယုံက သူကို ကူညီပေးခဲ့သူကို မြင်တာနဲ့ မှတ်မိနေပေမဲ့လည်း မူလဇာတ်ကြောင်းတုန်းက ယဲ့ဖန်နဲ့သူက မျက်နှာချင်းဆိုင် တွေ့တာမျိုး မရှိခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ပေ.. နောက်ပိုင်းကျတော့လည်း ယဲ့ဖန်က သေဆုံးသွားတာမို့ ကျန်းယုံရဲ့ကယ်တင်ရှင်လေးက ပျောက်ကွယ်သွားခဲ့ကာ ကျန်းယုံ ရှာမတွေ့ခဲ့တော့ဘူး..
အခုကျတော့. ဘယ်လိုဆက်ဖြစ်မှာလဲ.. ကျန်းယုံနဲ့သူ ဆုံဖြစ်သွားတဲ့အပြင် ကျန်းယုံကလည်း သူကို မှတ်မိနေတယ်.. ငါ အဲဇာတ်ဆောင်နှစ်ယောက်နဲ့ ထပ်မပက်သက်ချင်ပါဘူးဆိုနေ
ယဲ့ဖန်တစ်ယောက် အိပ်ရာပေါ်မှာ မှောက်ရက်ကြီးနေနေပြီး အကြံဉာဏ်တွေ ညစ်ထုတ်နေသည်။
ငါ ဘယ်လိုလုပ်ရင် ကောင်းမလဲ... ဘယ်လိုလုပ်ရင် ကောင်းမလဲ....
ဟုတ်ပြီ။ စေ့စပ်ထားတာကိုသာ ဖျက်သိမ်းလိုက်ရင် ပြီးပြီပဲ... စစ်ရုန်ကလည်း ဒီစေ့စပ်ကြောင်းလမ်းတာကို အရင်တည်းက သဘောကျတဲ့သူ မဟုတ်တော့ ချက်ချင်း သဘောတူမှာ ကျိန်းသေတယ်.. စေ့စပ်ထားတာသာ မရှိတော့ရင် စစ်ရုန်နဲ့လည်း ထပ်တွေ့စရာ မလိုတော့ဘူး... ပြီးတာနဲ့ ဒီကမ္ဘာက အခြားနေရာတွေကို နယ်လှည့်ခြေဆန့်သွားမှာမို့... ကျန်းယုံနဲ့ ထပ်ဆုံစရာလည်း မရှိတော့ဘူးလေ ဟဲဟဲ..
ဟုတ်တယ်.. ဒီအကြံက အကောင်းဆုံးပဲ
နောက်နေ့ကျရင် စစ်ရုန်ကို ချက်ချင်းသွားရှာရမယ်!!!
**
....
ဝိုးးးးး ဒီခြံဝန်းထဲမှာ စစ်ရုန် နေတာပေါ့လေ..
အရှေ့က လမ်းပြပေးနေတဲ့အစေခံနောက်ကနေ ကပ်လျက်လိုက်ပြီး ယဲ့ဖန် ပတ်ပတ်လည်ကို မလွတ်တမ်း လိုက်ကြည့်နေခဲ့သည်..
"သခင်လေးယဲ့ဖန်ကို ခေါ်လာပါပြီ"
"ဝင်ခိုင်းလိုက်"
အဆောင်ထဲက ထွက်လာတဲ့အသံကြောင့် ယဲ့ဖန် လန့်သွားခဲ့သည်..
ငါအခုချိန်ထိ ကျင့်သားမရသေးဘူး ထင်တယ် ဟူး
အစေခံလေး ဖွင့်ပေးတဲ့တံခါးကနေ အထဲကို ဝင်သွားတော့ ကျယ်လွန်းတဲ့နန်းဆောင်ရဲ့အလယ်မှာ စာအုပ်ဖတ်နေတဲ့ စစ်ရုန်ကို ယဲ့ဖန် တွေ့လိုက်တော့ အံအားသင့်သွားခဲ့သည်..
မျက်နှာဖုံး မတပ်ထားတဲ့စစ်ရုန်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်ကာ ထိုင်ဖို့တောင် အာရုံမရှိတော့ဘဲ မတ်တပ်ရပ်ကြီး ငေးနေမိတော့၏..
ခဏကြာတဲ့အထိ သူအနား ရောက်မလာတဲ့ယဲ့ဖန်ကို စစ်ရုန် လှမ်းကြည့်လိုက်တော့ အခုချိန်ထိ အပေါက်ဝမှာ ရပ်နေတဲ့ယဲ့ဖန်ကို တွေ့လိုက်ရတော့..
"ဘယ်အချိန်ထိ ရပ်နေမှာလဲ"
ဆိုပြီး စစ်ရုန်ပြောလိုက်တော့မှ ယဲ့ဖန် သတိဝင်လာဟန်နဲ့ သူအနားက ခုံမှာ လာထိုင်သည်။
"ဟို... မင်းသားလေးကို ကျွန်တော် ပြောချင်တာလေး ရှိလို့"
ပြောလေ ဆိုတဲ့သဘောဖြင့် စစ်ရုန် သူဖတ်နေတဲ့ စာအုပ်ကို ပိတ်လိုက်ပြီး ယဲ့ဖန်ကို ကြည့်လိုက်တော့မှ တစ်ချက်တုန်သွားတာကို သတိထားမိလိုက်သည်.
ဒီကောင်လေး.. ငါကို ကြောက်နေတာလား..
"အဟမ်း.. ပြောစရာရှိတယ်ဆို ပြောလေ"
"ဟိုလေ ကျွန်တော်တို့ကြားက စေ့စပ်ထားတာကိုလေ ဖျက်သိမ်းဖို့အကြောင်း တိုင်ပင်ချင်လို့"
ယဲ့ဖန် သတိထားပြီး ဖြည်းဖြည်းချင်း ပြောလိုက်ပြီးနောက် စစ်ရုန်ရဲ့မျက်နှာထက် တင်းမာတဲ့အရိပ်အယောင်တစ်ခု ဖြတ်သွားတာကို ယဲ့ဖန် သတိထားမိသွားကာ..
"ဟိုလေ.. ဒီစေ့စပ်ထားမှုကို မင်းသားဘက်က သဘောမကျဘူးဆိုတာ သိတယ်လေ.. နောက်ပြီး တိုင်းသိ ပြည်သိ ကြေညာထားသေးတာ မဟုတ်တော့.. ကျွန်တော်တို့ နှစ်ယောက် ကန့်ကွက်စကား ပြောလိုက်ရင် အဆင်ပြေသွားမှာပါ"
ပြာပြာသလဲနဲ့ ဖြေရှင်းချက်ပေးလိုက်ရသည်။..
ယဲ့ဖန် ပြောတာကို ကြားတော့ စစ်ရုန်က စဉ်းစားသလိုနဲ့ ..
"အရင်ကကျတော့ ငါ သဘောမကျတာ သိရက်နဲ့.. မင်း မကန့်ကွက်ခဲ့ဘူးလေ.. အခုကျမှ ဘာလို့ စိတ်ပြောင်းသွားတာလဲ" ဆိုပြီး မေးလာ၏။
"ဒါ..ဒါက တစ်ယောက်နဲ့တစ်ယောက် သဘောမကျဘဲနဲ့ လက်ထပ်ရင် အဆင်မပြေလောက်ဘူးဆိုတာ အခုမှ သဘောပေါက်သွားလို့ပါ.. "
"အခုမှ သဘောပေါက်သွားတယ်ပေါ့လေ"
ဆိုပြီး စစ်ရုန်က ပြောလာတော့ ထပ်ခါ ထပ်ခါ ခေါင်းညိတ်ရင်း ထောက်ခံသည့်ဟန် ယဲ့ဖန် ပြလိုက်သည်..
ယဲ့ဖန်ရဲ့အမူအရာကို စစ်ရုန်ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းတစ်ဖက်တွန့်ကာ မဲ့ပြုံး ပြုံးလိုက်ရင်း....
"ဘယ်လိုလုပ်ကြမလဲ.. စေ့စပ်ထားတာကို ငါကိုယ်တော် အခု သဘောကျသွားပြီဆိုတော့. မကန့်ကွက်ချင်တော့ဘူး"
#################