အပိုင်း ၄၃
Viewers 16k

Chapter 43

စကြာဝဠာသားရဲကြီး...


ဟောင်စစ်က သူမအစွမ်းနှင့် မရင်းနှီးသေးသောကြောင့် ယခုထိ ထိန်းချုပ်ဖို့ မလွယ်သေးကြောင်း မူရွှမ် ရှင်းပြသွားသည်ကို ကြည့်ခြင်းအားဖြင့် သူမ အများကြီး လေ့ကျင့်ရန်လိုအပ်ကြောင်း သိနိုင်ပေသည်။သို့သော် ထိုလေ့ကျင့်နိုင်မည့် အခွင့်အရေးက မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။


ယောင်စစ် အာကာသယာဉ်ပျံများနှင့် ပြည့်နေသော လေဟာနယ်တစ်ခွင်ကိုကြည့်၍ ခေါင်းထဲ ချာချာလည်နေလေသည်။


သူမ လေ့ကျင့်ရေးကွင်းမှ အိမ်ပြန်ရောက်သွားပြီး အိပ်ပျော်သည်အထ်ိပဲ မှတ်မိလိုက်လေသည်။စိတ်နဲ့ လူနဲ့ ပြန်ကပ်လာချိန်၌ ဘေးပတ်ဝန်းကျင်တွင် အာကာသယာဉ်ပျံ အသေးအကြီး မျိုးစုံ ရှိနေသောနေရာသို့ ရောက်ရှိနေပေပြီ။


"ဒါက ဘယ်နေရာလဲ ငါ အိမ်မက်မက်နေတာလား ငါက အိမ်မက်ယောင်ပြီး လမ်းထလျှောက်တဲ့ အကျင့်ရှိနေတာလား ..."


"စကြာဝဠာကြီးရဲ့ အဆုံး အသူရာ ချောက်နက် ..."


"ဘာဖြစ်တယ်..."


သူပြောလိုက်မှဖြင့် ငါနားမလည်တဲ့ စကားတွေကြီးပဲ...


"ဒီနေရာက စကြာဝဠာကြီးရဲ့ အဆုံးသတ်ပဲ ...ဆက်သွားမယ်ဆိုရင် အဆုံးမရှိတဲ့ ချောက်ကြီးထဲကို ပြုတ်ကျသွားလိမ့်မယ်..."


မူရွှမ် ထပ်ရှင်းပြလိုက်သည်။


"အဲ့ဒါဆိုရင် ကျွန်မတို့က ဒီကို ဘာလာလုပ်ကြတာလဲ..."


မူရွှမ် ယောင်စစ်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ ခေါင်းလေးကို အသာပွတ်ပေးလိုက်သည်။


"မင်းရဲ့ အစွမ်းက တမူထူးခြားနေတယ် ပြီးတော့ သေသေချာချာလည်း မထိန်းချုပ်နိုင်သေးဘူးလို့လေ...ဒါကြောင့် လေ့ကျင့်လို့ရအောင် ဒီကိုခေါ်လာတာ..."


"ကျွန်မ လေ့ကျင့်ဖို့လိုတာနဲ့ စကြာဝဠာ အဆုံးထဲက ဘယ်လိုပတ်သတ်လို့လဲ ..."


"လေ့ကျင့်ဖ်ို့ အကောင်းဆုံးနေရာက တကယ့် စစ်မြေပြင်ပဲလေ မဟုတ်ဘူးလား..."


"ဘာ တကယ့်စစ်မြေပြင် ဟုတ်လား ..."


ယောင်စစ် ကြောင်အသွား၏ ဘေးပတ်လည်မှ ယာဉ်ပျံများကိုကြည့်၍ တံတွေးတစ်ချက်မျိုချလိုက်မိသည်။


"ဒီယာဉ်ပျံတွေက တိုက်ခိုက်ကြမှာလို့တော့ မပြောနဲ့နော် ..."


"အခုလောလောဆယ်တော့ မစကြရသေးပါဘူး..."


မူရွမ် အေးအေးဆေးဆေးထပ်ပြောလိုက်၏။သူ့၏ အမူအရာက စိုးရိမ်ပူပန်နေပုံလုံးဝမရှိပေ။ရှေ့တည့်တည့်၌ရှိနေသော ယာဉ်ပျံကြီးကို စိုက်ကြည့်ရင်း မူရွှမ် တစ်ခုခု သတ်ိရသွားပုံပေါ်လေသည်။သူ သောက်စရာလိုမျိုးတစ်စုံတစ်ခုကို ဆွဲထုတ်လိုက်၏။


"မင်းမနက်ထဲက ဘာမှ မစားရသေးဘူး အခု ဗိုက်မဆာအောင်လို့ တခုခု စားထားမှ ဖြစ်လိမ့်မယ်..."


နေပါဦး... နေပါဦး.. လောလောဆယ်ဆိုတာက ဘာသဘောလဲ အခုမချသေးဘူး ဒါပေမယ့်တော်ကြာ နေရင် ချကြတော့မယ်ဆိုတဲ့ သဘောလား...


"ဒါကို မကြိုက်လို့လား..."


 မူရွှမ်ကယောင်စစ် လှမ်းမယူသည်ကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ့၏ သိုလောင်အိတ်ထဲမှ ခဏမျှ မွှေနှောက်ရှာလိုက်သည်။


ထို့နောက် အမျိုးအစားစုံလင်လှသော သောက်စရာပုလင်းများကို တစ်ခုပြီးတစ်ခု ဆွဲထုတ်လိုက်လေသည်။ထို့အပြင် သူ့၏ မျက်နာက 'ချေးများတဲ့ ကလေးတွေကို မချစ်ဘူးနော်'ဟူသော မိဘတစ်ယောက်၏ ပုံစံအတိုင်း ယောင်စစ်ကို တစ်ခုပြီးတစ်ခုကျွေးနေတော့သည်။


ငါတို့ အခုရောက်နေတာ စစ်မြေပြင်မဟုတ်လားဟင်... နည်းနည်းလေး လေးလေးနက်နက် နေပေးလို့ရမလား...မသိရင် ပျော်ပွဲစားထွက်လာတဲ့အတိုင်းပဲ...


"ဘဲသွေးခဲလည်းယူလာတယ် စားဦးမလား ..."


"စားမှာပေါ့..."


ယောင်စစ် မူရွှမ်လှမ်းပေးသော ပန်းကန်ကိုယူ၍ တစ်လုတ်နှစ်လုတ်တည်းဖြင့် ကုန်အောင်စားလိုက်သည်။


တိုက်ပွဲဝင်ရမယ်ဆိုမှတော့ ဗ်ိုက်ဟောင်းလောင်းနဲ့တော့ သွားလို့ မဖြစ်ဘူးမဟုတ်လား...ဒါက ဖြစ်သင့်တဲ့ အကြောင်းအရာကို ပြောနေတာ...ငါလေးက ဘဲသွေးခဲရဲ့ ဆွဲဆောင်မှုမှာ ကျဆုံးသွားတယ်လို့မထင်လိုက်နဲ့...


ယောင်စစ် မြန်မြန်ဆန်ဆန်ပင် ဘဲသွေးခဲ တစ်ပွဲ သောက်စရာဖျော်ရည်နှင့် တခြားမုန့်အနည်းငယ်ကို အလျင်အမြန် စားသောက်လိုက်သည်။သူမ ဗိုက်ပြည့်သွားပြီး ပါးစပ်သေချာသုတ်ပြီးသည့်အခါမှ ဘေးပတ်ဝန်းကျင်ရှိ ယာဉ်ပျံများ တုတ်တုတ်မလှုပ်သည်ကို သတိပြုမိသွားသည်။


၎င်းတို့အားလုံးက တိုက်ခိုက်ဖို့ လာခြင်းမဟုတ်ပဲ ဒီနေရာ၌ လာရောက် အိပ်စက်ကျနေသကဲ့သို့ပင် ..ယာဉ်ပျံများက တကယ့်ကိုများပြားလှပြီး သေချာကြည့်မည်ဆိုလျှင်အုပ်စုသုံးစု ခွဲ၍ ရပေသည်။အလွန်ဧရာမ ကြီးမားလှသော ပို့ဆောင်ရေး ယာဉ်ပျံ နောက်ထပ်ပို၍ သေးသော ယာဉ်ပျံများ နောက်ထပ် လက်နက်ကိရိယာများတပ်ဆင်ထားသည့် စစ်သုံးယာဉ်ပျံများဟူ၍ ဖြစ်သည်။


ထို့အပြင် သူမနှင့် မူရွှမ်လို ဘယ်ယာဉ်ပျံမှ မစီးပဲ လေထဲ ပျံနေကြသူများလည်းရှိလေသည်။ထ်ိုလူများထဲမှ ဓားပျံစီးထားသော လူတစ်ချို့က နတ်ဘုရားမျိုးနွယ်ပုံပေါ်လေသည်။


"သူတို့တွေစတိုက်ကြမယ်ဆိုရင် ကျွန်မတို့က ဘယ်ဘက်ကလဲ..."


ယောင်စစ် မမေးပဲ မနေနိုင်တော့ပေ။သူတို့ တိုက်ခိုက်ကြမည်ဆိုလျှင်တောင်မှ သေသေချာချာ တ်ိုက်ခိုက်ကြမည့် ဘက်ကို သိဖ်ို့လိုပေသည်။


"ဘယ်ဘက်ကလဲ ဟုတ်လား..."


မူရွှမ် အံ့အားသင့်သွားပြီး ယောင်စစ်ကို သေသေချာချာကြည့်လိုက်သည်။ထို့နောက်မှ သူတစ်စုံတစ်ခုကို နားလည်သွားသလိုမျိုး ပြောလိုက်၏။


"ဘယ်ဘက်ကမှ မဟုတ်ဘူး ...သူတို့ အချင်းချင်း ..."


သူစကားမဆုံးခင်မှာပင် ကျယ်လောင်လှသောမြည်ဟီးသံတစ်ခုကို ကြားလိုက်ရ၏။အာကာသဟင်းလင်းပြင်၏ အလယ် သူတို့နှင့် သိပ်မဝေးသော နေရာတွင် ဧရာမတွင်းနက်ကြီးတစ်ခု ပေါ်လာလေသည်။၎င်းကဂြိုဟ်ကြီးတစ်လုံးထက်ပင် ပိုကြီးနိုင်ပြီး ဘေးပတ်ဝန်းကျင်ရှိ အရာရာကို စုပ်ယူနေသလို အားတစ်ခုကိုလည်း ခံစားရလေသည်။


"ဒါကြီးကဘာလဲ ...လေဟာနယ်နေရာလွတ် ဆင့်ခေါ်တာမျိုးပဲလား ..ဘာလို့ အဲ့ဒီလောက် ကြီးနေရတာလဲ..."


ယောင်စစ် ငေးကြောင်ကြည့်နေစဉ်မှာပင် ဘေးနား၌ရှိနေသော ယာဉ်ပျံများက သူတို့၏ လက်နက်များကို ပြင်ဆင်၍စတင်လိုက်ကြသည်။


၎င်းတို့ဆီမှ အနီရောင်အပြာရောင် အလင်းတန်းများ ထွက်လာသည်ကို မြင်လိုက်ရပြီးနောက် လက်နက်မျိုးစုံက ထိုတွင်းပေါက်ကြီးကို စတင်တိုက်ခိုက်ကြလေသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်အလင်းတန်းပေါင်းများစွာက တွင်းနက်ထဲ ကြွေကျသွားသကဲ့သို့ပင်...


ရုတ်တရက် ကျယ်လောင်လှသော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာပြီး ထ်ိုတွင်းနက်ကြီး၏ ပုံစံက အနည်းငယ်ပြောင်းလဲသွားသည်။၎င်းက ဧရာမကြီးမားလှသော အရာကြီးတစ်ခု အတင်းဆွဲဖြဲ၍ တိုးထွက်လာနေသကဲ့သို့ပင်။


ယောင်စစ်၏ မျက်လုံးများ ကြောက်လန့်မှုဖြင့် ပြူးကျယ်သွားလေသည်။


"ဘောက် ဘောက် ဘောက်ဖတ်ကြီး ...ဧရာမ ဘောက်ဖတ်ကြီး ..."


စက္ကန့်ပိုင်းလေးအတွင်းမှာပင် ထို ဘောက်ဖတ်ကြီးက တွင်းနက်ထဲမှနေ၍ အပြင်သို့ တော်တော်ရောက်လာပေပြီ။ထိုဘောက်ဖတ်ကြီးက မျက်စိကျိန်းသွားလောက်အောင်ပင် ဖြူဖွေးနေ၏။၎င်း၏ ခန္ဓာကိုယ်က ကြည်လင်နေပြီး အထဲတွင်စီးဆင်းနေသော အရည်များကိုပင် မြင်နေရသည်။သူ့၏ ခန္ဓာကိုယ်၌ ခြေထောက်သေးသေးလေးများ အများကြီး ပါဝင်သော ခြေတန်းရှည် နှစ်ခုလည်း ပါ၏။


"ဒါ ဒါကြီးက ဘာကြီးလဲ..."


 ယောင်စစ် ယခုအထိ ငေးကြောင် ကြည့်နေဆဲပင်ဖြစ်သည်။


ဘာလို့များ အဲ့ဒီလောက် ကြီးနေရတာလဲ...ဒါက ဘောက်ဖတ်ကြီးလို့ ပြန်ဖြေရင်တော့ ငါနင့်ကို ထုမှာနော် ...


"ဒါက စကြာဝဠာ သားရဲကြီးလေ ..."


မူရွှမ်ပြန်ဖြေလိုက်သည်။


စကြာဝဠာသားရဲကြီးဟုတ်လား...နေပါဦး ဒီနာမည်ကို ငါရင်းရင်းနီးနီးကြားဖူးနေသလိုပဲ ...ဘယ်နားမှာပါလိမ့်...အရသာရှိတဲ့ သွေးခဲတွေ အကြောင်းပြောတုန်းက ထင်တယ်...ထားပါတော့ ဒီတော့ စကြာဝဠာ သားရဲကြီးဆိုတာ ဒီဘောက်ဖတ်ကြီးကို ပြောတာပေါ့လေ...


ယောင်စစ် ရုတ်တရက် အန်ထုတ်ချင်သလိုမျိုး ဖြစ်သွားသည်။


"ဒီတစ်ခေါက် စကြာဝဠာသားရဲကြီးက ဘောက်ဖတ်ကြီးဖြစ်နေတာ စိတ်မကောင်းစရာပဲ...ဘောက်ဖတ်တွေက သွေးထုတ်လို့မရဘူး..."


မူရွှမ်၏ ပုံက လတ်လတ်ဆတ်ဆတ် အသားတစ်ခုကို ရပြီးမှ လက်လွတ်လိုက်ရသလိုမျိုး ဝမ်းနည်းစိတ်ပျက်နေလေသည်။


ယောင်စစ် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။သူ မူရွှမ်၏ လက်ကို လှမ်းကိုင်ပြီး ပြောလိုက်၏။


"အန်မိတော့မည့် ဒုက္ခကနေ ကယ်တင်ပေးလိုက်လို့ကျေးဇူးပါ..."


ထို့၌ ဘောက်ဖတ်ကြီးက တွင်းနက်ကြီးထဲမှ အောင်မြင်စွာ ထိုးထွက်လာခဲ့ပေပြီ။အလင်းတန်းမြောက်များစွာ ထိမှန်သွားသောကြောင့် အဖြူရောင် အရေပြားပေါ်တွင် အနက်ရောင်တန်းလျားများကို တွေ့နေရသည်။၎င်းက ဒေါသတကြီးဖြင့် တွန့်လိမ်ရုန်းကန်နေပေသည်။


ထို့နောက် ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။မျက်စိတစ်မှိတ်အတွင်းမှာပင် ယာဉ်ပျံအသေးလေးများအားလုံး လေမုန်တိုင်းဒဏ်ခံလိုက်ရသလိုမျိုး လွင့်ထွက်သွားလေသည်။


ကျန်ခဲ့သော ယာဉ်ပျံများက နောက်ထပ်တစ်ခါတိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် အသင့်ပြင်လိုက်ကြသည်။နတ်ဘုရားမျိုးနွယ်ဟု ထင်ရသော လူတစ်စုက တစ်စုံတစ်ခုကို ပစ်လွှတ်လိုက်ပြီးနောက် သေတ္တာကဲ့သို့ အကာအကွယ်တစ်ခုက ဘောက်ဖတ်ကြီးကို ဝိုင်းရံ ထွက်ပေါ်လာလေသည်။


ကျန်သည့်သူများကလည်း သူတို့၏ အစွမ်းအသီးသီးကို ထုတ်ဖော်လိုက်ကြသည်။အပင်အစွမ်း ရေအစွမ်း မီးအစွမ်း မိုးကြိုးအစွမ်း စသည်ဖြင့် အစွမ်းမျိုးစုံ ပေါ်လာလေသည်။ထို့နောက် သူတို့၏ အစွမ်းများကို ဘောက်ဖတ်ကြီးဆီသို့ တစ်ပြိုင်နက်ထဲ ပစ်လွှတ်လိုက်လာသောကြောင့် အနားတွင်ရှိနေသော ယာဉ်ပျံတစ်ချို့ပင် တိမ်းရှောင်ခဲ့လိုက်ရသည်။


ယောင်စစ် ယခုမှ အခြေအနေကို သဘောပေါက်သွားလေသည်။ထိုလူများ ဤနေရာတွင် လာရောက်စုဝေးနေခြင်းက အချင်းချင်းတိုက်ခိုက်ဖို့မဟုတ်ပဲ ဘောက်ဖတ်ကြီး... အဲလေ စကြာဝဠာ သားရဲကြီးကို တိုက်ခိုက်ဖို့ပင်ဖြစ်သည်။


"သွားလေ ဘာမှ မကြောက်နဲ့ အနောက်မှာ ငါရှိနေတယ် ..."


မူရွှမ်ကစကြာဝဠာသားရဲကြီးကို ညွှန်ပြ၍ ပြောလိုက်သည်။ယောင်စစ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကြိုတင်ပြင်ဆင်လာခဲ့သော ပျံသန်းကိရိယာလေးပေါ် လက်တင်ပြီး ထွက်သွားလိုက်သည်။ 


ယခုမှ မူရွှမ် ဘာကြောင့် သူမကို ခေါ်လာသည်ကို နားလည်သဘောပေါက်သွားသည်။သူမ၏ အစွမ်းက သင့်တော်သောပြိုင်ဘက်ရှိမှ လေ့ကျင့်လို့ရမည့်အစွမ်းဖြစ်သည်။


သွေးစုပ်ဖုတ်ကောင်တွေအားလုံးကအစွမ်းရှိကြသည်ဆိုသော်လည်း သူတို့၏ စွမ်းအားက အလွန်ပင် ကြီးမားလွန်းသည်။ဥပမာအနေနှင့် ပြောရလျှင် ယောင်ချမ့် အစွမ်းသေးလေးထုတ်ခဲ့စဉ်ကပင် သူမက သူမတန်ပြန်ထုတ်လိုက်သော အစွမ်းက လေ့ကျင့်ရေးကွင်းတစ်ခုလုံးကို ဖျက်စီးလုနီးပါးဖြစ်သွားခဲ့သည်။


သူမတို့ နှစ်ယောက်လုံးသာ အစွမ်းကုန် ထုတ်သုံးကြမည်ဆိုပါက အနီရောင်ဂြိုဟ်တစ်ခုလုံးပင် ကပြောင်းကပြန် ဖြစ်သွားလောက်ပေသည်။ထို့အပြင် ယခုဒီနေရာက တိုက်ပွဲကွင်းပြင်ဖြစ်နေသောကြောင့် အစုံအလင်လည်းရှိနေပေသည်။


ပြောရမည်ဆိုလျှင် စကြာဝဠာသားရဲကြီးကလည်း ဧရာမကြီးမားလှ၏။သူမ အစွမ်းကုန် ထုတ်သုံးလိုက်လျှင်တောင်မှ ပြဿနာမရှိလောက်ပေ။ဒီနေရာတွင်ရှိနေသော ယာဉ်ပျံမျိုးစုံ၏ ပုံစံ အရောင်အသွေးများကို ကြည့်၍ ပြောရမည်ဆိုလျှင် ၎င်းတို့က အဖွဲ့အစည်းတစ်ခုအနေနှင့် မဟုတ်ပဲ တစ်ကိုယ်တော် လုပ်ဆောင်ကြသည့် သားရဲ မုဆိုးများ ဖြစ်နိုင်ပေသည်။


ထို့ကြောင့် မူရွှမ်နှင့် ယောင်စစ်တို့ ဝင်ရောက်တိုက်ခိုက်ကြမည်ဆိုလျှင်တောင်မှ ပြဿနာမရှိပေ။ထိုသို့ဖြစ်လေရာ ဒီနေရာက ယောင်စစ်အတွက် အကောင်းဆုံး လေ့ကျင့်ကွင်းကြီး ဖြစ်နေပေတော့သည်။