အခန်း၁၂၀
Viewers 8k

Chapter 120

(ကြယ်ပင်လယ်ဓားပြများ)


3ရက်အကြာတွင် လင်းယောင်ယောင် နှင့် သူမ၏ သူငယ်ချင်းများသည် နယ်စပ်ရှိ ပင်မဂြိုလ်ဖြစ်သည့် ပိုင်ကျားဂြိုလ်သို့ ရောက်ရှိခဲ့သည်။


ပိုင်ကျားမှ ယိလန်သို့သွားရာတွင် 4နာရီသာ ကြာမြင့်သော်လည်း ယိလန်မှာ အန္တရာယ်ကြီးမားသောကြောင့် ထိုနေရာသို့ အာကာသယာဉ်များ ကြိုက်သလို မသွားနိုင်ဘဲ တစ်ရက်လျှင် တစ်ကြိမ်သာ သွားရသည်။


စတားချောလေးများ အဖွဲ့သားများသည် ယိလန်သို့ မသွားမီ ပိုင်ကျား တွင် တစ်ရက်ခွဲကြာ အနားယူကြရမည်ဖြစ်သည်။


ချောင်းမင်ယောင် သည် ပိုင်ကျားတွင် သိပ်မနေချင်တော့သဖြင့် အနည်းငယ် စိတ်မရှည်တော့ပေ။ သူသည် အားလပ်နေသည့် စစ်ဘက်ဆိုင်ရာ အာကာသယာဉ်များကို ထုတ်ယူပြီး ယိလန်သို့ သွားရန် သို့မဟုတ် ကိုယ်ပိုင်မက်ခါများကို အာကာသထဲသို့ တိုက်ရိုက်မောင်းနှင်ကြရန် အဖွဲ့သားများနှင့် ဆွေးနွေးခဲ့သည်။


 သို့သော် ယိလန်၏အခြေအနေကို ကောင်းစွာသိသော ယဲ့ရှီ က သူ့ကို တားလိုက်သည်။ ကြယ်ပင်လယ်ဓားပြများသည် ယိလန်သို့ သီးသန့်သွားသည့်အရပ်ဘက်အာကာသယာဉ် သို့မဟုတ် မက်ခါ မှန်သမျှကို အမြဲတမ်းနီးပါး လုယက်တတ်ကြသည်။


တရားဝင် အာကာသယာဉ်များကို စီးနှင်ခြင်းသည် 100% မလုံခြုံသော်လည်း အနည်းဆုံး ကိုယ့်အသက်ကိုတော့ လုံခြုံနိုင်ပေသည်။


 ပိုင်ကျားသည် နယ်စပ်ရှိ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ အဓိကဂြိုလ်များထဲမှ တစ်ခုဖြစ်သည်။ စစ်ပွဲမရှိလျှင် လင်းရွှမ် က ပိုင်ကျားမှာ နေတတ်သည်။ ထို့ကြောင့် သူ၏ ဆက်သွယ်ရေး အချက်ပြမှု(signal)က အတော်လေး တည်ငြိမ်နေနိုင်သည်။ အကယ်၍ တိုက်ပွဲများတွင် သူ ပါ၀င်ရသည်ဆိုလျှင်တော့ သေချာပေါက် ကိစ္စမရှိချေ။ ဆက်သွယ်ရေး အချက်ပြမှုများကို မကြာခဏ ဖြတ်တောက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းများ ပြုလုပ်လေ့ရှိသည်။ လင်းရွှမ်၏ ဆက်သွယ်ရေး ချန်နယ်က မပျက်စီးလျှင်တောင် စစ်တပ်က စောင့်ကြည့်နေလိမ့်မည်ဖြစ်၏။


လင်းယောင်ယောင် သည် လင်းရွှမ် နှင့် သီးသန့် စကားပြောဖို့အခွင့်အရေး မရှိခဲ့ပေ။ သူတို့နောက်ဆုံး ဆက်သွယ်ခဲ့ချိန်က လွန်ခဲ့သော တစ်လခွဲကျော်ကပင်။ သို့သော် လင်းရွှမ် က သူ့တွင် အရေးတကြီး ကိစ္စများရှိပြီး တိုက်ရိုက်မဆက်သွယ်နိုင်ပါက လုလင်း ကို ဆက်သွယ်နိုင်သည်ဟု တစ်ခါကပြောခဲ့ဖူးသည်။ နည်းပညာရှင်တစ်ဦးဖြစ်သူ လုလင်းသည် ရှေ့တန်းသို့လိုက်ရန် မလိုအပ်ဘဲ နောက်တန်းမှာသာ နေရပေသည်။


လင်းရွှမ် ၏ ဆက်သွယ်ရေးနံပါတ်ကို ယခုထိ ဆက်သွယ်၍မရသေးသောကြောင့် လင်းယောင်ယောင်သည်  ပိုင်ကျားမှာ အနားယူနေသည်ကို အခွင့်ကောင်းယူပြီး လုလင်းထံသို့ အရေးတကြီး မက်ဆေ့ချ်ပို့လိုက်၏။  လင်းရွှမ်ထံသို့ တတ်နိုင်သမျှ အမြန်ဆုံး သူမ၏ မက်ဆေ့ချ်အား လွှဲပေးရန် အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။


ယိလန်သည် SSS အတန်းအစား ဇာ့ခ်ဘုရင်မ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်သည်ဟု သူမ ယူဆထားသည့်ကိစ္စအား သူ့ကို ပြောပြရပေမည်။ လုလင်း သည် သူမ ယုံကြည်နိုင်သူတစ်ဦးဖြစ်သောကြောင့် ဤသတင်းကိုမြင်သွားလျှင်လည်း ကိစ္စမရှိပေ။ သို့သော်၊ တာဇာကြယ်ပွင့်မဟာမိတ်မှ တစ်စုံတစ်ယောက်သည် ဤအချက်အလက်များကို ကြားဖြတ်ဟန့်တားထားလိုက်မှာ သူမ ကြောက်နေမိသည်။


ထို့ကြောင့် လင်းယောင်ယောင် သည် သာမန်လူတို့ နားမလည်နိုင်သော ဂဏန်းများကို ပေးပို့လိုက်သည်။


 "1-6…၁1-28…3-12…8-51… 22-34…"


သူမသည် မော့စ်ကုဒ်များ သို့မဟုတ် အခြားလျှို့ဝှက်စကားလုံးများကို သင်ယူထားခြင်း မရှိသော်လည်း၊ အင်ပါယာ၏နှစ်ပေါင်း 5000 သမိုင်းကို ရေးသားထား‌သော ရေစိုခံစာအုပ်ကို လင်းရွှမ် အား ပေးခဲ့ဖူးသည်။ထို့အပြင်  "1-6" ဟု ပို့လိုက်ပါက ပထမစာမျက်နှာရှိ ‌6လုံးမြောက် စားလုံးဟု အဓိပ္ပါယ်ရကြောင်း သူတို့နှစ်ယောက်သား သဘောတူခဲ့ကြသည်။


လင်းရွှမ် လက်ထဲမှာ စာရွက်မိတ္တူမရှိလျှင်တောင် သူ့ဆက်သွယ်ရေးကိရိယာထဲမှာ အီလက်ထရွန်းနစ်မိတ္တူရှိပေသည်။ ထို့ကြောင့် သူမ၏ မက်ဆေ့ချ်ကို လက်ခံနိုင်သရွေ့ သူမ ပြောချင်သောအဓိပ္ပါယ်ကို နားလည်နိုင်မည်ဖြစ်သည်။ ဤနည်းလမ်းကို တခြားသူများ မှန်းဆကြည့်လျှင်ပင် သူမတို့ ပြောဆိုထားသည့် အကြောင်းအရာများကို ကောင်းစွာဖုံးကွယ်နိုင်၏။


အစ်ကို လုလင်းသည် အွန်လိုင်းတွင် ရှိနေပြီး လင်းယောင်ယောင် ၏ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် မကြာမီပင်


 "လက်ခံရရှိပါပြီ…ဘော့စ်ဆီကို မနက်ဖြန်နောက်ဆုံး မက်ဆေ့ချ်ပို့နိုင်ဖို့ မျှော်လင့်ပါတယ်…မရီး ဘာလို့  ပိုင်ကျား မှာ ရောက်နေတာလဲ"


လင်းယောင်ယောင် သည် "မရီး" ဆိုသော စကားလုံးကို စိတ်လှုပ်ရှားစွာ ကြည့်နေလိုက်သည်။


 မနက်ဖြန်နောက်ဆုံးထား၍ လင်းရွှမ် ထံသို့ မက်ဆေ့ချ်ပို့မည်ဟု ဆိုလိုခြင်းမှာ လင်းရွှမ် သည် ယခုလက်ရှိ ဆက်သွယ်၍ မရဖြစ်နေခြင်း သို့မဟုတ် ဆက်သွယ်ဖို့အဆင်မပြေသည့်ဇုန်တွင် ရှိနေခြင်းပင်။သူမ ရောက်နေရာနှင့် ပတ်သက်ပြီး သူမ၏ ဆက်သွယ်ရေးကိရိယာကို နည်းပညာကျွမ်းကျင်သူ လုလင်းက ခြေရာခံနိုင်ခြင်းဖြစ်ပေမည်။သူမသည် နယ်စပ်သို့ လေ့ကျင့်ရေးသွားနေသည့်အကြောင်း လင်းရွှမ်အား လင်းမိသားစုက မပြောပြခဲ့ပေ။ ပထမအချက်မှာ ရှေ့တန်းတိုက်ပွဲသည် လောလောဆယ် ပြင်းထန်နေသဖြင့် လင်းရွှမ် အာရုံလွှဲသွားမှာစိုးခြင်းကြောင့်ပင်။ ဒုတိယအချက်မှာ ဝေ့ယွမ်သည် လင်းယောင်ယောင်ကို စောင့်ကြပ်နေသဖြင့် ထိုနေရာသည် အလွန်အန္တရာယ်ရှိမှာမဟုတ်ဟု သူတို့ သဘောပေါက်လိုက်သည်။


ယိလန်၏ အထူးအခြေအနေအတွက် မဟုတ်ပါက၊ လင်းယောင်ယောင် သည်လည်း သူမ၏ တည်နေရာကို ထုတ်ဖော်ရန် ရည်ရွယ်ချက်မရှိပေ။ယခုတော့ မဖြစ်မနေ ပေါက်ကြားသွားရသည်။သူ့ကို မတွေ့နိုင်လျှင်လည်း  ကိစ္စမရှိပေ။သူ ပြန်လာသည့်အခါ ဟင်း‌ကောင်းကောင်း ချက်ကျွေးလျှင်လည်း ရပေမည်။ 


ထို့နောက် သူမသည် လုလင်းအား အဖော်များနှင့်အတူတူ လေ့ကျင့်ကြမည် ဖြစ်၍ ကိစ္စမရှိကြောင်း ပြောလိုက်သည်။


 တစ်ဖက်မှ လုလင်း က "ညီမမှာ အန္တရာယ်ရှိနေတယ်ဆိုရင် အစ်ကို့ကို အချိန်မရွေး အကူအညီတောင်းပါနော်"


ထို့နောက် သူက ဖြစ်စဉ်တစ်လျှောက်လုံး သူမ၏ တည်နေရာကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ခဲ့နေလေသည်။


 မကြာခင်မှာ၊ လင်းယောင်ယောင် တို့အဖွဲ့သည် ယိလန်ကို ဦးတည်သော အာကာသယာဉ်ပေါ်ကို တက်ခဲ့သည်။သို့သော်လည်း၊ ခရီးက ချောချောမွေ့မွေ့မဟုတ်ပေ။ ယိလန်သို့ရောက်ရန် တစ်နာရီအလိုတွင် အာကာသယာဉ်ကို ကြယ်ပင်လယ်ဓားပြများက တိုက်ခိုက်ခဲ့သည်။


ဇာ့ခ်များသည် ယခုအခါ ဂြိုလ်သား သားရဲ အရင်းအမြစ် တစ်မျိုးဖြစ်လာသောကြောင့် စွန့်စားသူအများအပြားသည် ယိလန်ဂြိုလ်သို့သွား၍ ဇာ့ခ်များအား လိုက်လံရှာဖွေကြသည်။ ထိုအခါ ကြယ်ပင်လယ်ဓားပြများအတွက် သူတို့ ပိုင်သော ပစ္စည်းများကိုခိုးယူခံရသလိုဖြစ်နေတာကြောင့် လုံးဝ စိတ်မချမ်းသာကြချေ။


ယိလန်တွင် ဇာ့ခ်မျိုးစိတ်များစွာရှိပြီး ဒေသခံကင်းလှည့်တပ်များနှင့် နေထိုင်သူများ၏ အမဲလိုက်နိုင်စွမ်းကိုတောင် ကျော်လွန်၍ ပေါများနေသော်လည်း မြို့တွင်း လုံခြုံရေးအတွက် ပြဿနာမရှိပေ။ ထို့ကြောင့် သူတို့သည် မြို့အပြင်ဘက်ရှိ ဇာ့ခ်များကို ဖြည်းဖြည်းချင်းသတ်ပြီး ဂြိုလ်သား သားရဲမျိုးစိတ်အဖြစ် သိမ်းထားချင်ကြသည်။


ထို့ကြောင့်၊ ကြယ်ပင်လယ်ဓားပြများသည် စွန့်စားသူများအား ပို့ဆောင်ရန် ယိလန်ဂြိုလ် သို့သွားမည့် အာကာသယာဉ်တို့ကို ကြားဖြတ် လုယက်လာကြသည်။ထိုသူများ ပါလာသော ပစ္စည်းများကို လုယူထားကြမည်ဖြစ်သည်။ သို့ဖြစ်၍၊ထိုသူများ ယိလန်ဂြိုလ် သို့ရောက်သွားလျှင်တောင် လက်နက်မရှိတော့၍ ငိုယိုပြီး ချက်ချင်း ပြန်ချင်စိတ်ပေါက်သွားကြမည်ဖြစ်သည်။ 


တရားဝင် အာကာသယာဉ်၏ လုံခြုံရေးသည် ကင်းလှည့်တပ်မှာ တာဝန်ရှိသော်လည်း မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ အတွက် သိပ်ပြီး အရေးကြီးကိစ္စမဟုတ်ပေ။သို့ရာတွင်၊ကင်းလှည့်တပ်ကို တာဝန်ယူသော ထိပ်တန်းအရာရှိကျောက် သည် ဧကရာဇ်မြို့တော်မှ အဝေးသို့ရောက်နေသောကြောင့် ယိလန်ရှိ ကင်းလှည့်တပ်များသည် ကြယ်ပင်လယ်ဓားပြများနှင့် လျှို့ဝှက်ပူးပေါင်းမှုများပင် ရှိလာခဲ့သည်။ အသက်ကို မရလျှင်တောင် ပိုက်ဆံအတွက် နှစ်ဖွဲ့ပေါင်း၍ ရမ်းကားနေကြ၏။


မည်သို့ပင်ဖြစ်စေ၊ဤစွန့်စားသူများသည် ဘဝကို တွေ့ကြုံခံစားခွင့်ရကြသည်။ ကြယ်ပင်လယ်ဓားပြများနှင့် တွေ့ကြုံရသည်မှာလည်း အတွေ့အကြုံတစ်မျိုးဖြစ်သည်။ ကြောက်သွေးပါလျှင် တစ်ခြားဂြိုလ်ကို စောစောသွားခြင်းက ပိုလုံခြုံပေလိမ့်မည်။ ယိလန်သည် အရူးများကို မကြိုဆိုချေ။


မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့က ထိုအကြောင်းကို သိသော်လည်း လက်ခံခဲ့ကြသည်။ပထမအချက်မှာ ထိပ်တန်းအရာရှိ လင်းကျန့်ဟိုင် က မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ကို ဦးဆောင်နေပြီး ထိပ်တန်းအရာရှိကျောက်ပိုဟိုင် က ကင်းလှည့်တပ်၏ ခေါင်းဆောင်ဖြစ်၏။ ထို့ကြောင့်၊ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့သည် ကင်းလှည့်တပ်၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာမရှိပေ။


ဒုတိယအချက်မှာ ကြယ်ပင်လယ်ဓားပြများ၏ လုယက်ခံရသူများသည် လုံလောက်သော အင်အားမရှိသူများဖြစ်ရမည်။ထိုသူများအတွက်၊ ယိလန်မှာ အသက်ဆုံးရှုံးရသည်ထက် လုယက်ခံရခြင်းက ပိုကောင်းသည်။


ထိုအချက်များသည် လူလတ်တန်းစားနှင့် အထက်တန်းစားများ လက်ခံထားသည့် စည်းမျဥ်းစည်းကမ်းများ ဖြစ်သော်လည်း လင်းယောင်ယောင် တို့ အမြင်မှာ နားမလည်နိုင်လောက်အောင်ပင်။


သာမန်တိုက်ခိုက်ရေး စွမ်းအားပဲရှိတဲ့တရားဝင် အာကာသယာဉ်က ဘာကိစ္စ အဲ့ဒီ ဓားပြတွေစီးလာတဲ့ အိုချာစုတ်ပြတ်နေတဲ့ အာကာယာဉ်တွေဆီမှာ အလုခံရမှာလဲ…


ထိုကြယ်ပင်လယ်ဓားပြများသည် ဧည့်သည်များ၏ အာကာသယာဉ်ပေါ်အထိ တက်ပြီး ပိုက်ဆံတောင်းဖို့ ဤမျှလွယ်ကူနေရသလား။


ယိလန်နှင့်ရင်းနှီးသော အတွေ့အကြုံရှိ စွန့်စားသူများသည် သူတို့၏ အာကာသခလုတ်များနှင့် ဆက်သွယ်ရေးကိရိယာအကောင့်များကို ဖွင့်ရာတွင် အလွန်ကျွမ်းကျင်ကြသည်။ သူတို့က ပိုက်ဆံမပါလာကြောင်း၊ ရိက္ခာများနှင့် ဝင်ကြေး၏ တစ်ဝက်လောက်သာ ပါလာကြောင်း ပြောကြ၏။သူတို့သည် ယိလန်၏ စည်းမျဉ်းများကို နားလည်ပြီးဖြစ်သောကြောင့် ပါလာသမျှ ပိုက်ဆံအားလုံးကို ပိုင်ကျားတွင် သိမ်းဆည်းထားပြီး ဖြစ်လေသည်။


သို့သော်လည်း၊ ယိလန် ကို ပထမဆုံး အကြိမ် ရောက်လာသည် စွန့်စားသမား အများစုမှာ အတော်ဒေါသထွက်ကြသည်။ ဤဓားပြများနှင့် ငြင်းခုံရန်ကြိုးစားသော်လည်း ပင်လယ်ဓားပြများ၏ အနက်ရောင်စွမ်းအင်သုံးသေနတ်နှင့် လေဆာဓားကိုတွေ့သောအခါတွင် ဓားပြများကို မ‌ပြောရဲတော့ဘဲ ငွေအများစုကို ပေးခဲ့ရသည်။


လင်းယောင်ယောင် တို့အဖွဲ့သည် VIP အခန်းတွင် ရှိနေသောကြောင့် အချမ်းသာဆုံး ဧည့်သည်များထဲတွင် ပါဝင်သည်။ ထို့ကြောင့် သူမတို့အား  လုယက်ရန်ရောက်ရှိလာသော ကြယ်ပင်လယ်ဓားပြ အရေအတွက်မှာ အထူးများပြားနေပြီး ပစ္စည်းကိရိယာ လက်နက်များမှာလည်း အတော် ပြည့်စုံသည်။


အစက၊ ခုခံဟန်ဆောင်ပြီး မကြာမီ လက်နက်ချနေသော ကင်းလှည့်တပ်ကို မြင်သောအခါ ကျောက်မိသားစု၏ မင်းသားလေး ကျောက်ချင်းယွင် စိတ်တိုသွား၏။ထို့နောက် သူ၏ အာကာသခလုတ်ထဲမှ နောက်ဆုံးပေါ် အသေးစား အိုင်းယွန်း(လျှပ်စစ်သဘောအရ အဖိုဓာတ်၊အမဓာတ်ရှိ အဏုမြူ)အမြောက်ကို ထုတ်လိုက်၍ ကင်းလှည့်တပ်သား ကြယ်ပင်လယ် ဓားပြကို ချိန်ထားလိုက်၏။


  "ဒါလား...မင်းတို့..အထက်က ခွဲဝေပေးထားတဲ့ ပြည်သူ့ဘဏ္ဍာငွေအားလုံးကို ခွေး‌ကျွေးပစ်တာလား"


ကင်းလှည့်တပ်၏ ခေါင်းဆောင်မှာ  ကျောက်ချင်းယွင် လို မလောက်လေးမလောက်စား ကောင်လေးတစ်ယောက်က အလွန်အန္တရာယ်များသော လက်နက်ကို ကိုင်ဆောင်ထားသောအခါ တုံ့ဆိုင်းသွားသော်လည်း အားတင်း၍ ပြောလိုက်သည်။  


"ကောင်လေး… မင်း မမြင်ဘူးလား… ငါတို့မှာ လူနည်းနည်းပဲရှိတယ်… မင်း သူတို့ကို အနိုင်ယူနိုင်ရင် ဆက်သွားလို့ရတယ်"


 ကြယ်ပင်လယ်ဓားပြခေါင်းဆောင်သည် မျက်နှာမှာ အမာရွတ်ရှိပြီး ခန္ဓာကိုယ် ခပ်အကြီးကြီးလူတစ်ယောက် ဖြစ်သည်။  သူသည် ကျောက်ချင်းယွင် လက်ထဲရှိ အိုင်းယွန်းအမြောက်ငယ်အား လောဘကြီးသောအကြည့်ဖြင့် ကြည့်ကာ တိုက်ခိုက်ရေးသမားများစွာ ဝန်းရံနေသော လင်းယောင်ယောင် ကို စူးစိုက်ကြည့်လိုက်ပြန်သည်။


 "ကောင်လေး…မင်းရဲ့ အိုင်းယွန်းအမြောက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ…တစ်လုံးပဲ ရှိတာ…မင်း ငါတို့ရဲ့ စွမ်းအင်သေနတ် ရာပေါင်းများစွာကို အနိုင်ယူလို့ မရဘူး… မင်းရဲ့ ပစ္စည်းတွေ မြန်မြန် အပ်လိုက်… မင်းရဲ့ ပစ္စည်းတွေကို ‌မပေးဘဲ လက်ထဲက အိုင်းယွန်းအမြောက်ကိုလည်း ငါတို့ကို မပေးဘူးဆိုရင် မင်းရဲ့နောက်က အလှတရားလေးကို ငါတို့ရဲ့ မဒမ်မလေး လုပ်ခိုင်းရအောင် ထားခဲ့လိုက်"


 အိုင်းယွန်းအမြောက်များသည် အလွန်ရှားပါးသလို ထိန်းချုပ်ထားသော လက်နက်များဖြစ်သည်။ မှောင်ခိုဈေးကွက်မှာ ဝယ်လို့ရသော်လည်း အလွန် စျေးကြီးသည်။


အမာရွတ်ရှိသူက နူးညံ့ပြီး ချောမောပြေပြစ်နေသူများကို ကြည့်လိုက်သည်။ သူတို့အဝတ်အစားတွေကလည်း ဈေးကြီးနေသဖြင့် လေ့ကျင့်ရန်ထွက်လာသည့် ချမ်းသာသော သခင်လေးများ ဖြစ်နိုင်၍ သူတို့ကို မကြောက်နေခြင်း ဖြစ်နိုင်သည်။ 


 ကျောက်ချင်းယွင် ဒေါသဖြစ်လာပြီး  ခါတိုင်းထက်ပို၍ လေသံကျယ်လောင်လာရသည်။


 ကင်းလှည့်တပ်နှင့် ဓားပြတို့၏ သဘောတူညီချက်သည် ငွေလုယက်ရန်သာဖြစ်သော်လည်း၊ လှပသောအမျိုးသမီးများကို မိုက်ရိုင်းစွာ မပြောဆိုရဟုလည်း မပါရှိချေ။ သို့သော်လည်း ဘာမှ နားမလည်သော  ဤသခင်လေးများကို ခြောက်လှန့်ရန်သာ ပြောလိုက်ခြင်းဖြစ်သည်။ပိုင်ကျားကို ချက်ချင်းပြန်မလှည့်ဘဲ ယိလန်ဆီကို သွားမည်ဆိုပါက သူတို့လည်း ဤသခင်လေးများကို တိုက်ကွက်ထုတ်သုံး၍ တိုက်ရပေတော့မည်။



xxxxx