အခန်း၁၂၁
Viewers 8k

Chapter 121

(သူတို့က အရသာမရှိဘူး)


ကြယ်ပင်လယ်ဓားပြအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ မျက်နှာမှာ အမာရွတ်ရှိသောသူသည် ယခုလို ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။


ထိုလူကြီးသည် လင်းယောင်ယောင် ကိုကြည့်ကာ ရန်လိုသည့်စကားများလည်းပြောနေသဖြင့် ကျောက်ချင်းယွင် ရင်ထဲမှာ ရက်စက်ကြမ်းကြုတ်သော ခံစားချက်များဖြင့် ပြည့်နှက်သွားရသည်။ထို့ကြောင့် ထိုလူ၏ မျက်လုံးနှင့် လျှာကို ဖောက်ထုတ်ပစ်ချင်စိတ်များပင် ပေါက်လာရသည်။


ဝေ့ယွမ်နှင့် ‌ချောင်းမင်ယောင် တို့မှာလည်း သူထက်ပိုဆိုးသော အတွေးများကိုယ်စီ ရှိနေကြလေသည်။ချောင်းမင်ယောင် သည် စိတ်မြန်သော သူတစ်ယောက်ဖြစ်၍ ပြောလိုက်သည်။


 "မင်းတို့မှာ ဒီလို ထက်မြက်တဲ့ စွမ်းရည်ရှိ၊မရှိဆိုတဲ့အပေါ်မှာ မူတည်တယ်"


ထိုစကားနှင့်အတူ၊ ချောင်းမင်ယောင် သည် သူ၏ အာကာသခလုတ်မှ အသေးစား အိုင်းယွန်းအမြောက်ကို ထုတ်လိုက်သည်။


ဝေ့ယွမ် က လင်းယောင်ယောင် ကို S-အတန်းစား ခံစစ်စွမ်းအင်သုံး လက်စွပ်တစ်ခုကို ခလုတ်အား တစ်ခါတည်းနှိပ်လိုက်သည်။ လက်စွပ်သည် လင်းယောင်ယောင် ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ထားနိုင်သော စွမ်းအင်ကာကွယ်ရေး အဖုံးကို အမြန်ထုတ်လွှတ်လိုက်သည်။ ထို့နောက် အသေးစား အိုင်းယွန်းအမြောက်တစ်လက်ကိုလည်း လက်စွပ်မှ ထုတ်ပေးခဲ့သည်။


ယဲ့ရှီ သည် သူမ၏ ကြီးမားသော စွမ်းအင်လေဆာဓားကို  အေးအေးဆေးဆေးပင် ထုတ်လိုက်သည်။ထို့နောက် သူမသည် ကျောက်ချင်းယွင် နှင့် ချောင်းမင်ယောင် အနားတွင် ရပ်ကာ ပေါ့ပေါ့ပါးပါးပြုံး၍ ပင်လယ်ဓားပြများကို သတိပေးလိုက်သည်။


 "ငါ နင်တို့ကို ပြောဖို့ မေ့နေတယ်… ငါ့မှာ S အဆင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ S အဆင့် ကိုယ်လုံးကိုယ်ပေါက် ရှိတယ်… ဒါတောင် ငါက ဒီအဖွဲ့ထဲမှာဆို အရမ်းကြီး တော်နေတာမဟုတ်သေးဘူး"


တိုက်ခိုက်သမားတစ်ဦးသည် သူ၏ စိတ်စွမ်းအားဖြင့် ပြိုင်ဘက်၏ တိုက်လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ရှောင်ရှားနိုင်သည်။  S-အဆင့် ကိုယ်လုံးကိုယ်ပေါက်ဆိုသည်မှာ သူတို့အတွက် သာမန်စွမ်းအင်သေနတ်များသည် တော်ရုံတော်ရုံ မထိခိုက်နိုင်ဟု ဆိုလိုသည်။ သာမာန် စွမ်းအင်သေနတ်သည် သူတို့အရေပြားကို ရှပ်ထိရုံလောက်သာ စွမ်းနိုင်၏။သို့သော်၊ အိုင်းယွန်းအမြောက်များ၏ စွမ်းအားမှာ မတူပေ။ အသေးဆုံးပျက်စီးမှုဧရိယာသည် အချင်း 10 စင်တီမီတာရှိပြီး SS အတန်းအစား ကိုယ်ခန္ဓာကိုပင် ပြင်းထန်စွာပျက်စီးစေနိုင်သည်။


လင်းယောင်ယောင် သည် Star Network တွင် ကြမ်းတမ်းသော တိုက်ပွဲများစွာကိုတွေ့ကြုံခဲ့ပြီး ဇာ့ခ်အများအပြားကိုလည်း သတ်ဖြတ်ခဲ့သည်။သို့သော်၊ လက်တွေ့မှာ ဤသည်က သူမအတွက် ပထမဆုံး အနီးကပ်တိုက်ပွဲ ဖြစ်သည်။ သူမသည် လက်ထဲရှိ ခုခံစွမ်းအားလက်စွပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ဝေ့ယွမ်နောက်တွင် ပုန်းနေလိုက်သည်။ ကြယ်ပင်လယ်ဓားပြများနှင့် တိုက်ခိုက်နေသော အသင်းဖော်များ၏ သွေးထွက်သံယိုမြင်ကွင်းကို သူမ မကြည့်ဝံ့ပေ။


012 သွေးစပျစ်နွယ်ပင်သည် သူမ၏ လက်ကောက်ဝတ်မှာ လက်ကောက်အဖြစ် ရစ်ပတ်ထားသည့် အသေးငယ်ဆုံးပုံစံမှ 2မီတာမြင့်သည့်ပုံစံသို့ သူ့ဘာသာသူ အသွင်ပြောင်းသွားပြီး  စပျစ်နွယ်ပင်များကလည်း ပေါက်ထွက်နေသည်။012သည် အမှန်က လင်းယောင်ယောင် နှင့် ဝေ့ယွမ်ကို ကာကွယ်ရန် အသွင်ပြောင်းခြင်းဖြစ်ပေသည်။


012 သည် စစ်ပွဲသို့ ကိုယ်တိုင်ဝင်တိုက်ကာ လူ့သွေးသောက်ချင်သော်လည်း သခင်ဖြစ်သူမှာ သွေးကိုကြောက်နေပုံရသည်။ ထို့ကြောင့် သူမ သက်တောင့်သက်သာရှိစေရန်အတွက် သူ၏ အစာစားချင်စိတ်ကို ထိန်းထားကာ သူမအနားတွင်ရှိနေပေးခဲ့သည်။


ကြယ်ပင်လယ်ဓားပြများသည် သိပ်အားမသန်ကြပေ။သူတို့သည် လူအင်အားနှင့် လက်နက်များကိုသာ မှီခိုအားထားရပြီး ပို၍အရေးကြီးသည်မှာ သူတို့ပိုင်ဆိုင်ထားသည်က တစ်ပတ်ရစ် အာကာသယာဉ်များဖြစ်ပေသည်။ 


VIP အခန်းကို စောင့်ကြပ်နေသည့် လူအယောက် 30ဓားပြအဖွဲ့မှာ ဤသခင်လေးများက သူတို့နောက်မှ အာကာသာဉ်ကို မကြောက်မှန်း သူတို့ မသိသေးပေ။သူတို့စိတ်ထဲရှိနေသည်က အိုင်းယွန်းအမြောက်အတွက် အစားထိုးယမ်းတောင့်သည် ခရက်ဒစ် 10,000 တန်ခြင်းကိုဖြစ်သည်။ထို့ကြောင့်လည်း၊ အိုင်းယွန်းအမြောက်ကို ဝယ်၍ မရသလို သုံး၍မရခြင်းဖြစ်သည်။ စျေးနှုန်းသည် အနည်းဆုံး ခရက်ဒစ် 5 သန်းမှ စတင်ပြီး အစားစားဈေးရှိသည်။ ထို့ကြောင့် လူအများစုမှာ သိပ်မတတ်နိုင်ကြပေ။


 စွမ်းအင်သေနတ်များ ကိုင်ဆောင်ထားသော ပင်လယ်ဓားပြအများစုသည် တစ်ဖက်အဖွဲ့၏ အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပစ်သတ်ခဲ့သည်။ သို့မဟုတ်လျှင် ၊သူတို့ကသာ လက်ဦးမှု ရယူသွားနိုင်သည်။


လူအချို့သည် ကျောက်ချင်းယွင် နှင့် ချောင်းမင်ယောင် ၏ ခံစစ်စည်းကို ဖြတ်ကျော်ရန် ကြိုးစားပြီး ဝေ့ယွမ် နှင့် လင်းယောင်ယောင် ဆီသို့ ပြေးသွားကြသည်။ သို့သော်လည်း သူတို့သည် ယဲ့ရှီ၏ လေဆာဓားကြောင့် လိုရာမရောက်လိုက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ထို့အပြင် 012 ၏နွယ်ပင်များမှာ မိသွားသည့် ဘယ်သူမဆို ချက်ချင်း ခြေလက်များ ပြင်းထန်စွာ ပျက်သွားရသည်။ ဤသွေးစွန်းနေသော မြင်ကွင်းကိုမြင်ပြီးနောက် VIP အခန်းမှ အခြားခရီးသည်များသည် ကြောက်လန့်ပြီး သာမန်အခန်းထဲကို သွားပုန်းနေခဲ့ကြသည်။


ယခု တိုက်နေသူများမှာ 5ယောက်တည်းပင်။ အတိအကျပြောရလျှင် သူတို့ထဲမှ 4ဦးသာ တိုက်ပွဲဝင်ခဲ့သော်လည်း 2မိနစ်အတွင်း ကြယ်ပင်လယ်ဓားပြ အယောက် 30 ကျော်ကို အလဲချနိုင်ခဲ့သည်။ သူတို့သည် ပင်လယ်ဓားပြများ၏ အသက်ကို မထိခိုက်စေဘဲ လက်နှင့်ခြေတို့ကိုသာ ချိုးပစ်ခဲ့ကြသည်။


ကြယ်တာရာခေတ်တွင် ဘယ်ဒဏ်ရာမဆို  ဆေးကုသခန်းထဲမှာ လဲလျောင်းလိုက်လျှင် အလိုအလျောက် ပျောက်ကင်းနိုင်သော်လည်း အသစ်ထွက်လာသော ခြေလက်များသည် နဂိုခြေလက်များလောက် မကောင်းပေ။ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်အတော်ကြာ‌ေပလိမ့်မည်။


 သာမန်အခန်းတွင် ပင်လယ်ဓားပြ 70၊  80 ခန့် ရှိသည်။ VIP အခန်းတွင်းမှ အသံဗလံများကို ကြားလိုက်သောအခါတွင် သူတို့ အလျင်အမြန် ပြေးလာကြသော်လည်း တစ်ယောက်ဝင်လာလျှင် ထိုတစ်ယောက်လည်း ချက်ချင်း လဲကျသွားသည်။ နှစ်ယောက် ဝင်လာပါက၊ နှစ်ယောက်လုံး လဲကျသွားကြရသည်။


ကြယ်ပင်လယ်ဓားပြပေါင်း တစ်ရာကျော် လဲကျသွားရသလို၊ အသုံးအဖြုန်းကြီးသော ကလေး3ယောက်သည် အိုင်းယွန်းအမြောက်အတွက် ခဲယမ်းများ ခက်ဒစ်နှစ်သန်းနီးပါး ဖြုန်းတီးပစ်လိုက်သည်။


မျက်နှာရှိ အမာရွတ်နှင့် အမျိုးသားအပါအဝင် ကြယ်ပင်လယ်ဓားပြများ၏ ခေါင်းဆောင် ဖြစ်ဟန်တူသူ 4ယောက်တို့သည် ခြေလက်များ အကုန်ဖြတ်ခံခဲ့ရသည်။အမာရွတ်ရှိသူက သူ့ဒေါသကို မျိုသိပ်ပြီး မေးလိုက်သည်။


 "မင်းက ဘယ်သူလဲ…ငါဆိုတဲ့ လီအားချီကတောင် မင်းလောက် မတော်ပါလား… အဲဒါနဲ့ ပတ်သက်ပြီး ငါပြောစရာ မရှိဘူး…ဒါပေမယ့် ငါတို့ရဲ့ အာကာသယာဉ်က မင်းတို့ရဲ့ အိုင်းယွန်း အမြောက်လေးတွေ ကိုင်တွယ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး"


 ဒါဇင်မကသော ကင်းလှည့်တပ်သားများသည် အခြေအနေမကောင်းကြောင်းသိမြင်ပြီး ဝေ့ယွမ်ဘက်မှ ပြောင်း၍ ရပ်တည်လိုက်ကြသည်။ဒုတပ်မှူးသည် ဤနတ်ဆိုးဘုရင်လေးများကို အရိပ်အခြည်မသိခဲ့သဖြင့် အနည်းငယ်ရှက်ရွံ့သွားသည်။ 


"သခင်လေးတို့ရဲ့ အကူအညီကို ကျေးဇူးတင်ပါတယ်… သခင်လေးတို့က ကျွန်တော်တို့ကို တစ်ကယ် ကယ်တင်ခဲ့တာပဲ"


 သို့သော် သူ၏ ပြုံးနေသော မျက်နှာသည် ကြာရှည်မခံဘဲ မျက်မှောင်ကြုတ်သွားကာ "သခင်လေးတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ဒီက လူတစ်ရာကျော်ကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား…ပြီးတော့ အပြင်က စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ကိုလည်း တိုက်နိုင်ပါ့မလား…သခင်လေးတို့မှာလည်း  အာကာသယာဉ် တစ်စီးတည်း ရှိတာလေ…ပြီးတော့ အဲ့ဒါကလည်း စစ်ဘက်ဆိုင်ရာသုံး အာကာသယာဥ် မဟုတ်ဘူး... အာ ကျွန်တော်တို့က သူတို့ရဲ့ ခေါင်းဆောင်ကို သွားစလိုက်ပြီဆိုတော့ အခု သူတို့ ကျွန်တော်တို့နဲ့ စစ်တိုက်ကြတော့မှာ...ကျွန်တော်တို့တော့ သွားပြီပဲ"


ချောင်းမင်ယောင် က သူ့ကို အေးစက်စက် အကြည့်နှင့်ကြည့်နေသည်။


"ငါတို့လက်ထဲမှာ ဓားစာခံတစ်ရာကျော်ရှိတယ်… ဘာကိုကြောက်ရမှာလဲ… မင်းက သူ့တို့ထက်ကို ပိုသည်းနေသလိုပဲ… အခုအချိန်ကစပြီး မင်းရဲ့လစာကို လျှော့မှရမယ်"


ကျောက်ချင်းယွင် ကလည်း ဝင်ပြောလာသည်။


 "ငါ့မျိုးရိုးနာမည်က ကျောက်… ငါ့နာမည်က ကျောက်ချင်းယွင်…မင်းငါ့ကို မသိနိုင်ပေမယ့် ငါ့အဘိုးရဲ့ နာမည် ကျောက်ပိုဟိုင် ဆိုတာတော့ ကြားဖူးမှာပါ"


ဝေ့ယွမ်သည် ဤလူများက ယိလန်သို့ ရောက်သောအခါ လျှို့ဝှက်တိုက်ခိုက်မည်ကို စိုးရွံ့သဖြင့် သူ၏ အမည်ကို ထုတ်ဖော်ရမှာ မကြောက်ပေ။  


"ငါက ဝေ့မိသားစုရဲ့ ဆူးတပ်ဖွဲ့ကို အမွေဆက်ခံသူ ဝေ့ယွမ် ပါ... ငါ့နောက်က ငါ့ညီမပဲ…ဒါက ဗိုလ်ချုပ် ကျောက်မင်းယွင် ရဲ့ညီလေး ငါ့ရဲ့ဝမ်းကွဲညီတော်တယ်"


 ယဲ့ရှီကလည်း ပြောလာသည်။


 "ငါက ယိလန်စွန်ပြာ(blue kite)ကုန်သည်အသင်းက ယဲ့ရှောင်ချင်း ရဲ့သမီးပါ...ယဲ့ရှီ"


စွန်ပြာကုန်သည်အသင်းသည် ယိလန်ရှိ မှောင်ခိုဈေးကွက်၏ သူဌေးဖြစ်သည်။ ယိလန်တွင်သာမက အရှင်သခင် အင်ပါယာနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မဟူရာကြယ်ပွင့် နယ်နိမိတ်တွင်လည်း ဩဇာရှိသည်။


ဝေ့ယွမ် နှင့် ကျန်လူများသည် စစ်တပ်မိသားစုမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ သို့သော်လည်း ယဲ့ရှီ ၏ နောက်ခံမိသားစုမှ ခွန်အားသည် ယိလန်၏ ထိပ်တန်းမြွေဆိုးများထဲမှ တစ်ကောင်ဟု ပြော၍ရသည်။ ကြယ်ပင်လယ်ဓားပြများကတောင် သူတို့ကို မျက်နှာသာပေးကြရသည်။


လင်းယောင်ယောင်သည် သူမ၏ အစားအသောက် ကုထုံးစွမ်းရည်မှာ သိပ်လည်း မထင်ရှားသောကြောင့် သူမ၏ သရုပ်မှန်ကို တမင်တကာ ဖုံးကွယ်ထားခြင်းဖြစ်သည်။ သူမသည် အတွေ့အကြုံရယူရန် ယိလန်သို့ ရောက်ရှိလာသဖြင့် မကြာမီ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသရမည်ဖြစ်သည်။ သူမသည် တိုက်ခိုက်ရေးနှင့် ဖြည့်စွက်ကုထုံးကျွမ်းကျင်မှုတို့ကို လျှို့ဝှက်မထားသော်လည်း သူမ မကြီးပြင်းလာမီအထိ လူအနည်းစုသာ သိလျှင် ပိုကောင်းသည်။


 ဤသခင်လေးများ၏ မူလဇာစ်မြစ်နှင့် မည်သူမည်ဝါ ဖြစ်သည်ကို ကြားပြီးနောက်၊ ကင်းလှည့်တပ်မှူး၏ မျက်နှာဖိုင့်ဖိုင့်ကြီးသည် ချက်ချင်းပင် ချွေး‌စေးများဖြင့် စိုရွှဲလာသည်။ထို့ကြောင့်လည်း ကျောက်ချင်းယွင် က သူတို့ကို ခွေးများနှင့် နှိုင်းချင်းဖြစ်ပေသည်။ ဤမင်းသားလေးသည် ထိပ်တန်းအရာရှိကျောက်၏ မြေးကလေးဖြစ်နေသည်။သူက မျက်နှာဖြူဖျော့ဖျော့မျက်နှာလေးဖြင့် ကျောက်ချင်းယွင် ထံ ခေါင်းငုံ့ကာ 


"သခင်ကြီး ကျောက်…ကျွန်တော် ရှင်းပြတာကို နားထောင်ပါ ယိလန်က အခုနောက်ပိုင်း မငြိမ်းချမ်းသေးတာ အမှန်ပဲ…စွန့်စားသူတွေရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့ ဓားပြတိုက်ယူခွင့်ပေးလိုက်တာပါ  ...”


ဤသခင်လေး၊သခင်မလေးများသည်  အတွေ့အကြုံရဖို့ အပြင်ထွက်လာကြမှန်း သိသာသည်။


ဒါဆို ဘာကြောင့် ပိုလုံခြုံတဲ့နေရာကို မရွေးချယ်ကြသေးလဲ…အန္တရာယ်အရှိဆုံးဖြစ်တဲ့ ယိလန်ကို ဘာကြောင့် လာသလဲ…


ကျောက်ချင်းယွင် က အေးစက်စွာပြောသည်။


"ဒီစကားတွေကို မင်းကို သေချာစုံစမ်းစစ်ဆေးကြမယ့်သူတွေကို ပြောလို့ရတယ်"


ကြမ်းပြင်ပေါ်ရှိ ကြယ်ဓားပြအုပ်စုသည် နာကျင်စွာ အော်ဟစ်နေသည်။သူတို့ အပြောအဆိုမှားယွင်းသည့်အတွက် တောင်းပန်နေကြသည်။ အကယ်၍ ဤသခင်လေးများသည် ယိလန်တစ်ခုလုံးကို သိမ်းယူလိုက်လျှင်ပင် သူတို့ ဘာမှ မတတ်နိုင်လောက်အောင် အစွမ်းထက်သူများ ဖြစ်ပေသည်။


ယခင်က ထိပ်တန်းကြယ်သုံးပွင့် ပင်လယ်ဓားပြအဖွဲ့ "ကင်းမြီးကောက်နီ" အကြောင်း ဇာတ်လမ်းများစွာ ရှိခဲ့သည်။ ကင်းမြီးကောက်နီသည် ဝေ့မိသားစုမှ ဝေ့လင်း ကို တိုက်ခိုက်ခဲ့ရာ ဝေ့လင်းတို့ လင်မယားသည် တွင်းနက်ထဲသို့ ကျရောက်သွားကာ ယခုထိ သေသလာ၊ရှင်သလား မသိရသေးချေ။ယခု ဝေ့မိသားစု၏ ဆူးတပ်မှ ကင်းမြီးကောက်နီကို သုတ်သင်ပစ်လိုက်ပြီဖြစ်သည်။ အဖွဲ့အစည်းတစ်ခုလုံးမှာ လူအနည်းငယ်သာ ကျန်တော့သည်။  ဆူးတပ်ဖွဲ့သည် ကြယ်ပင်လယ်ဓားပြလုပ်ငန်းတစ်ခုလုံးကို နှိမ်နင်းခဲ့ပြီးဖြစ်သောကြောင့် ယနေ့ခေတ်တွင် ဘယ်ဓားပြမဆို ဆူးတပ်ဖွဲ့အား နာခံမှုရှိရမည်ဖြစ်သည်။ ထို့ကြောင့် အများစုမှာ ပိုက်ဆံယူဖို့သာ သတ္တိရှိရှိ လုပ်ရဲကြသည်။ လူမသတ်ဝံ့၊ ပြန်ပေးမဆွဲရဲကြပေ။


ယခု သူတို့၏ "အနက်ရောင်သွေး" ကြယ်ပင်လယ်ဓားပြအဖွဲ့သည် ထိပ်တန်းဓားပြ 20ထဲမှာ စာရင်းဝင်ရုံမျှသာ ဖြစစ်၍ သူတို့ မည်မျှပင် အင်အားရာချီ၍ များနေပါစေ၊ဤသခင်လေးများကို မသတ်ဝံ့ပေ။ ထို့အပြင်၊နောက်ဆိုလျှင် သူတို့အဖွဲသည် စွန်ပြာကုန်သည်အသင်းထံမှ ပစ္စည်းများကို ဝယ်ယူရမည်ဖြစ်၍ စွန်ပြာကုန်သည်အသင်း၏ သမီးဖြစ်သူကိုလည်း ထိ၍မရပေ။


 အမာရွတ်ရှိသော အမျိုးသားသည် လက်ကျိုး၊ ခြေကျိုးသွားပြီး နာကျင်ကိုက်ခဲနေသော်လည်း  ပြုံးပြကာ တောင်းပန်ဆဲပင်။


 "တောင်းပန်ပါတယ်...ကျွန်တော်တို့ မျက်စိကန်းသွားလို့ပါ… မစ္စတာယဲ့ရဲ့ သမီးဖြစ်သူရဲ့ သူငယ်ချင်းတွေက ကျွန်တော်တို့ သူငယ်ချင်းတွေပါဘဲ…ကျွန်တော်တို့အားလုံးက မိသားစုတွေပါနော်… နားလည်မှုလွဲနေတာပါ"


သို့သော်၊ သူ့ရင်ထဲမှာတော့ ကျိန်စာတိုက်နေပြီဖြစ်သည်။


 'လူယုတ်မာလေးတွေ..အစကတည်းက နာမည်ပြောလိုက်ရင် ဘာဖြစ်မှာမို့လဲ'


ချောင်းမင်ယောင် က ပြောလာသည်။ "ဘယ်သူက မင်းမိသားစုလဲ"


ဝေ့ယွမ်သည် အတွေ့အကြုံရရန် ယိလန်သို့ သွားရမည့်ကိစ္စကို တွေးနေမိပြီး ဓားပြများကို အာရုံမစိုက်ချင်သလို ဖြစ်နေရသည်။ ထို့အပြင် ဤကြယ်ပင်လယ်ဓားပြများသည် ပိုက်ဆံများကိုသာ လုယက်ပြီး လူမသတ်ခဲ့ကြပေ။  သူတို့သည် စည်းကမ်းရှိသော ပင်လယ်ဓားပြများပင်။ယခုလိုသင်ခန်းစာရပြီးနောက်မှာ သူတို့အတွက် အတော်လေး လုံလောက်သွားပေပြီ။ ယခုကိစ္စကြောင့် နောက်ဆိုလျှင် ကင်းလှည့်တပ်ကလည်း သူတို့နှင့် ပူးပေါင်းဝံ့မှာ မဟုတ်ပေ။ ဤကင်းလှည့်တပ်များကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုသည်ကလည်း ကျောက်မိသားစု၏ အလုပ်ပင်။ ထို့ကြောင့် သူက ပြုံးပြီးပြောလိုက်သည်။


"အားလုံး နားလည်မှုလွဲနေကြတာပါ… ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ 'အမှား' လေးကိုလည်း စိတ်ထဲမထားပါနဲ့… ခင်ဗျားတို့ကို မတော်တဆ ထိခိုက်နာကျင်စေခဲ့မိတာ... ကျွန်တော် တစ်ကယ်တောင်းပန်ပါတယ်...ကျွန်တော်တို့ဘက်မှာလည်း နာရတာပါပဲ..."


ချောင်းမင်ယောင်၊ ကျောက်ချင်းယွင် နှင့် ယဲ့ရှီတို့သည် အရေပြားစုတ်ပြဲဒဏ်ရာများ ရရှိခဲ့သည်။ တိုက်ပွဲစကတည်းက၊သူတို့သုံးယောက်လုံး ပင်လယ်ဓားပြများ၏ စွမ်းအင်သုံး သေနတ်ကို ဂရုမစိုက်ကြဘဲ အတင်းဝင်တိုက်ခဲ့ကြသည်။ သို့သော်လည်း၊ အပေါ်ယံ အရေပြားသာဖြစ်၍ ထိရောက်မှုမြန်ဆန်သည့် အနာကျက်မြန်ဆေးအား သွေးပြန်ကြောနေရာကို ဖြန်းလိုက်ပါက မကြာခင် ပျောက်ကင်းနိုင်ပေသည်။ ထို့နောက် ဝေ့ယွမ် က သူ့အင်္ကျီလက်ပေါ်ရှိ အပေါက်သေးသေးလေးကို ပြလိုက်ရာ အမာရွတ်နှင့်လူမှာ အတော်လေး ခါးသီးသွား၏။

 

 'အဲဒါလေးကို ငါတို့ လက်ခြေကျိုးတာနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ'


သို့သော်၊အပြင်ကမူ


 "ကျွန်တော်တို့လည်း တောင်းပန်ပါတယ်...ပြီးတော့ စိတ်ထဲမထားပါနဲ့နော်..ကျွန်တော်တို့ကို ဂရုမစိုက်ပါနဲ့"


 အခြေအနေက လုံးဝပြောင်းပြန်ဖြစ်သွားသည်ကို လင်းယောင်ယောင် မြင်ရသောအခါ သက်ပြင်းချလိုက်၏။ သူမကို အကာအကွယ်ပေးနေသော 012 ကို အသာအယာထိကိုင်ပြီး ဓားပြများအား အဆာပြေမုန့် သို့မဟုတ် မြေသြဇာ အဖြစ်အသုံးပြုရန် ပြောလာသည်ကို တင်းတင်းကျပ်ကျပ် ပယ်ချခဲ့သည်။


 " မမြင်ဘူးလား...သူတို့ အားလုံးက ညစ်ပတ်နေတာ... ရေမချိုးတာလည်း ဘယ်လောက်ကြာပြီမှန်း မသိဘူး… သူတို့ အသွေးအသားက အရသာကောင်းမှာ မဟုတ်ဘူး...ကလေးဆိုတာ ကောင်းကောင်းစားသင့်တယ်... လူ့အသားက ချက်ပြုတ်စားလည်း အရသာမရှိဘူးနော်"


ကြမ်းပြင်ပေါ်တွင် လဲနေသော ကြယ်ပင်လယ်ဓားပြများ ထိတ်လန့်တုန်လှုပ်နေကြသည်။


 'အမလေး...အသက်ငယ်ငယ်လေးနဲ့ အရမ်းချောတဲ့ မိန်းကလေးတောင်မှ အသားစားတဲ့ ဂြိုလ်သား အိမ်မွေးအပင်ကိုမွေးထားပါလား... အရမ်းကြောက်ဖို့ကောင်းတာပဲ'


ကြယ်ပင်လယ်ဓားပြများ အားလုံး ကြေကွဲပြီး နောင်တရနေကြလေသည်။ မူလက သူတို့ ယိလန်သို့ ရောက်သောအခါ ဤသခင်လေးများနှင့် ကစားရန် စဉ်းစားနေခဲ့၏။ သို့သော်၊ ယခုမူ ဤလူများသည် အခုချက်ချင်း ပါလာသော အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးရန်အတွက် သူတို့အား မချက်ပြုတ်သည်က အတော်စေတနာကောင်းနေပြီ ဖြစ်လေသည်။



xxxxx