Chapter 122
(ချစ်ခင်နှစ်သစ်မှုကို ပြသခြင်း)
အမာရွတ်ရှိသော အမျိုးသားသည် သွေးထွက်ရပ်တန့်ရန် ဆေးစက်ရုပ်ထံမှ ရှေးဦးသူနာပြုစုမှုကို ခံယူလိုက်သည်။ ထို့နောက် ပြင်ပရှိ စစ်ဘက်ဆိုင်ရာ အာကာသယာဉ် သုံးစင်းတွင်ရှိသော သူ၏ လက်အောက်ငယ်သားများအား ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပြောလိုက်သည်။သူတို့ပိုင်ဆိုင်သော ဆေးကုသခန်းများအားလုံးကို ဤခရီးသည်တင် အာကာသယာဉ်ပေါ်သို့ ပို့ဆောင်ပြီးနောက် ဌာနချုပ်သို့ ဦးစွာပြန်သွားမည့်အကြောင်းနှင့် ဤတရားဝင်ခရီးသည်တင် အာကာသယာဉ်ကို ဘယ်တော့မှ မတိုက်ခိုက်ရကြောင်းကို ပြောလိုက်သည်။
ဆေးကုသမှုခံယူရာဝယ် အဘယ်ကြောင့် သူတို့ယာဉ်ပေါ်သို့ ပြန်မသွားရခြင်းမှာ၊ယခု သူတို့အားလုံးမှာ ဒဏ်ရာရထားသဖြင့် သွေးအလွန်အကျွံမထွက်စေရန် မလှုပ်ရှားသင့်ပေ။ တခြားအကြောင်းအရင်းတစ်ခုမှာ၊ ဝေ့ယွမ်က သူတို့ကို မယုံကြည်နိုင်သေး၍ ဓားစာခံအဖြစ် ထိန်းသိမ်းထားချင်တာကြောင့်ပင်။
လင်းယောင်ယောင် သိလိုစိတ်ပြင်းပြလာပြီး မေးလိုက်သည်။
"ဘာလို့ သာမန်အခန်းက ခရီးသည်တွေကိုရော ဓားစာခံအဖြစ် မခေါ်ထားတာလဲ"
အမာရွတ်ရှိသူသည် ခါးသီးသော မျက်နှာဖြင့် ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင်ကို ကြည့်နေလိုက်သည်။ သူ့မှာ ယနေ့ အလွန်နာကျင်နေပြီးဖြစ်၍ အရင်က ပိုနာကျင်ရသည့် အတွေ့အကြုံများကို မပြောပြချင်ပေ။
ခေါင်းဆောင်က ချွေးစေးများကို သုတ်လိုက်ပြီး
"အာ...ပိုင်ကျား ဆိုလာစနစ်က မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာလေ… အာကာသယာဉ်ပေါ်က လူတွေကို သွားထိရင် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ က ဝင်လာကြမှာ"
မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ သည် ကင်းလှည့်တပ်နှင့် "အနက်ရောင်သွေး" ကြယ်ပင်လယ်ဓားပြများကြားတွင် သဘောတူညီ ပူးပေါင်းခွင့်ရအောင် လုပ်ပေးခဲ့သော်လည်း ဘယ်သူမှ အသက်မဆုံးရှုံးစေရဟူသည့် စည်းကမ်းဖြင့်လည်း ချုပ်နှောင်ထားသည်။ သို့မဟုတ်လျှင် ကင်းလှည့်တပ်နှင့် အနက်ရောင်သွေးပင်လယ်ဓားပြများကို အရေးယူမည်ဖြစ်၏။
ယခင်က ပင်လယ်ဓားပြများကို တွန်းလှန်ရန် အင်အားကြီးမားသော ခရီးသည်များက ပူးပေါင်းပါဝင်ခဲ့သည့် အဖြစ်အပျက်များကို တစ်ခါမှ ကြားဖူးနားဝ မရှိခဲ့ပေ။အကြောင်းမှာ၊ ပင်လယ်ဓားပြများသည် အင်အားကြီး ခရီးသည်များကို မထိပါးဝံ့ဘဲ သာမန်ခရီးသည်များကိုသာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အင်အားကြီးအဖွဲ့တို့ကလည်း တခြားသူများ၏ ဘဝကို ဂရုမစိုက်ကြချေ။
ပင်လယ်ဓားပြများသည် တစ်ခါဓားပြတိုက်လျှင် ဓားစာခံ တစ်ဒါဇင်လောက် ကို ဖမ်းထားတတ်သည်။ထို့နောက် တစ်ယောက်ချင်းစီကို ကျည်ဆံနှင့် 12ချက်ခန့် ပစ်သတ်ကြသည်။ အသက်အန္တရာယ် မထိခိုက်ဘဲ အချိန်မီ မကယ်ဆယ်နိုင်ပါက၊သေသွားနိုင်သည်။
ဓားပြများအထင်မှာ၊သူတို့သတိဝီရိယနှင့် သေသေချာချာဖုံးဖိထားပါက ဤကိစ္စကို မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ မသိအောင် ဖုံးကွယ်ထားနိုင်မည်ဟု ထင်ခဲ့ကြသည်။ ထို့အပြင် သူတို့သည် ယခုထိ ဘယ်သူ့အသက်ကိုမှ မသတ်လိုက်ရသေးပေ။
သို့သော်လည်း၊ ဤကိစ္စကို မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့နှင့် ညစိမ်းငှက်အဖွဲ့၏ ဗ်ိုလ်ချုပ် လင်းရွှမ်က သိသွား၏။မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ သည် တိုက်ရိုက် စွက်ဖက်ခြင်းမရှိသော်လည်း ရုပ်ဖျက်ထားသော အထက်တန်းစားအဖွဲ့ကို စေလွှတ်ခဲ့ပြီး ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ဓားပြများ အားလုံးမှာ သေလုမတတ် အရိုက်ခံခဲ့ရသည်။ တစ်ချိန်တည်းမှာပင် တစ်ကယ် သေမသွားအောင် ဆေးကုသခန်းများ ပြင်ဆင်ထားပေးသည်။
ထို့နောက် ဓားပြများအတွက် စည်းမျဉ်းတစ်ခုထုတ်လိုက်သည်။ သူတို့ကို ဆန့်ကျင်သော ခရီးသည်များကို အရေးယူနိုင်သော်လည်း အသက်သေသည်အထိ မဖြစ်ရပေ။ ထို့အပြင် ခုခံခြင်းမရှိသော အပြစ်မဲ့ခရီးသည်များကို လူသားဒိုင်းများနှင့် ဓားစာခံများအဖြစ် အသုံးပြုခွင့် မပြုပေ။ထို့ကြောင့်လည်း
ပင်လယ်ဓားပြများသည် လက်နက်အစုတ်အပြတ်များကိုသာ အသုံးပြရသည်။ စွမ်းအင်သေနတ်များနှင့် လေဆာဓားများသာ အသုံးပြု၍ လုယက်နေကြရခြင်းဖြစ်ပေသည်။
မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့သည် ဓားပြများ၏တည်ရှိမှုက အင်အားနည်းသော စွန့်စားသူများအတွက် သတိပေးချင်သောကြောင့်သာ ဆက်လက်ဓားပြဖြစ်ဖို့ ခွင့်ပြုခဲ့တာပင်။ ယခုခေတ်မှာ ဓားပြဖြစ်ဖို့ မလွယ်တော့ပေ။သူတို့လည်း သွေး၊ မျက်ရည်များ ပေးဆပ်ထားခဲ့ရ၏။
လင်းယောင်ယောင် အောင့်မထားနိုင်တော့ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။ အကြမ်းဖက်မှုကို ထိန်းချုပ်ရန် လင်းရွှမ်၏ နည်းလမ်းသည် ကောင်းမွန်သလို သူမ ခံစားမိသည်။
ယိလန်သည် အန္တရာယ်ရှိပုံရသော်လည်း စည်းစနစ်ကျစွာ ပရမ်းပတာဖြစ်နေခြင်းဟု မှတ်ယူနိုင်သည်။လုလင်း သူမ၏ဦးတည်ရာက ယိလန် ဖြစ်မှန်းသိသော်လည်း သူမကို မတားခဲ့ပေ။အကြောင်းမှာ ထိုမျှ ဆိုးရွားသောကြောင့် ဖြစ်နိုင်သည်။ ဝေ့ယွမ် တို့နောက်လိုက်လာသည့် သူမ၏ ဆုံးဖြတ်ချက်မှာ အမှန်တစ်ကယ်ပင် မှန်ကန်နေ၏။
ပိုင်ကျားဆိုလာစနစ်သည် ကောင်းမွန်စွာ ဖွဲ့စည်းထားသည်။ လင်းရွှမ်ကို သူမ မမြင်နိုင်သော်လည်း နေရာတိုင်းတွင် လူအများက ကိုယ့်နာမည်ကို ထုတ်ပြောဝံ့သည်။
ဤနည်းဖြင့် စတားချောလေးများ အဖွဲ့ သည် အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ ယိလန်သို့ရောက်ရှိလာသည်။ ဤနေရာသည် ယဲ့ရှီ၏ မွေးရပ်မြေလည်းဖြစ်သည်။လွန်ခဲ့သော 12နှစ်ခန့်က နျူကလီးယားဒဏ်ကြောင့် ယိလန်ရှိ တိရိစ္ဆာန်များနှင့် အပင်များစွာသည် မျိုးဗီဇပြောင်းလဲသွားခဲ့သဖြင့် အတော်လေး ချွတ်ခြုံကျကာ နယ်မြေကြမ်းတမ်းလာရ၏။
ရောက်ရှိလာချိန်တွင် ယဲ့ရှီ သည် အဓိကမြို့၌အခြေချနေထိုင်ရန် နေရာရှာကာ တစ်ညတာအနားယူပြီး မနက်ဖြန်ကျမှသာ ဇာ့ခ်များကိုလိုက်လံရှာဖွေဖို့ မြို့ပြင်သို့ ထွက်ခွာကြရန် အကြံပေးခဲ့သည်။
ယိလန်ဂြိုလ်တွင် အချမ်းသာဆုံးမြို့သည် ပိုင်မြို့ဖြစ်သည်။ ဧကရာဇ်မြို့တော်ရှိ နည်းပညာမြင့် စိတ်ကူးယဉ် ပုံစံနှင့် မတူဘဲ၊ ဤနေရာရှိ ဗိသုကာပုံစံများသည် အကြမ်းဆန်ပြီး ရိုးရှင်းသည်။ လမ်းမများမှာလည်း အလွန်ကျယ်ဝန်းပြီး အသက်ဝင်လှပေသည်။
လမ်းဘေးနှစ်ဖက်ရှိ ဈေးဆိုင်များသည် အလွန်ထူးခြားပြီး အများအားဖြင့် ထူးခြားဆန်းပြားသောအပင်များနှင့် ဇာ့ခ်အသားများကို ဝယ်ယူရောင်းချခြင်းတို့ကို လုပ်ကိုင်ကြသည်။
ဤဒေသခံလူများသည် ရိုင်းစိုင်းပြီး အထိန်းအကွပ်မဲ့နေကြသည်။ မြို့ထဲတွင် ရန်ပွဲများကို တားမြစ်ထားသော်လည်း၊ အငြင်းပွားမှုများကို ဖြေရှင်းလိုသူများအတွက် တိုက်ပွဲပလက်ဖောင်း( စိတ်ကြိုက်ရန်ဖြစ်ချင်ရင် အဲ့နေရာမှာ ဖြစ်ခွင့်ပေးထား)များစွာကို တည်ဆောက်ထားကြသည်။
အိမ်ရှင်ဖြစ်သူ ယဲ့ရှီက သူတို့ကို တစ်ခုပြီးတစ်ခု ရှင်းပြလေသည်။
လင်းယောင်ယောင်သည် ယဲ့ရှီကို သာမန်အရပ်သားတစ်ဦးဟု အမြဲယူဆထားခဲ့သည်။ သူမသည် ယောက်ျားလေးများထက် ပိုသွက်လက်ပြီး အစွမ်းထက်သည့်အပြင် ပိုက်ဆံအတွက်ကိုလည်း အမြဲစိုးရိမ်နေသူဖြစ်၏။ သူမသည် အချိန်ပိုင်းအလုပ်များ သို့မဟုတ် အခြားအလုပ်များအားလုံးကို သူငယ်ချင်းများ အတူတူ မတွေ့ချိန်အခိုက် အပြင်ဘက်တွင် အလုပ်လုပ်နေခဲ့သည်။
အမှန်တစ်ကယ်တွင် သူမသည် စွန်ပြာကုန်သည်အသင်း၏ သမီးဖြစ်နေသည်။မှောင်ခိုစျေးကွက်သူဌေး၏ သမီးဖြစ်၍ အတော်လေး အင်အားတောင့်သူဟု ပြောနိုင်သည်။
ယဲ့ရှီ သည် လင်းယောင်ယောင် က သူမအား စပ်စုသောမျက်လုံးများဖြင့် ရံဖန်ရံခါ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ငါ ငယ်ငယ်လေးကတည်းက ကိုယ်ခံပညာကို ဝါသနာပါပြီး စီးပွားရေးအကြောင်း ဘာမှ မသိဘူးလို့ အဖေက ခဏခဏ ပြောဖူးတယ်… မိသားစု စီးပွားရေးကို ဦးမဆောင်နိုင်ရင် မိသားစုကို အားမကိုးနဲ့တဲ့…ငါ ကြီးလာလို့ စီးပွားရေးလုပ်ဖို့ကို ငြင်းမယ်ဆိုရင် အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်တဲ့...ဒါနဲ့ ငါ အသက်ဆယ့်ငါးနှစ်ကျော်တော့ အဖေက ငါ့ကို တစ်ပြားမှ မပေးဘဲ နေခဲ့တာ…”
ယခုတစ်ခေါက်သည် အတွေ့အကြုံများရရှိရန် ယိလန်သို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး မှောင်ခိုဈေးကွက်တွင် ဝယ်လိုသည့် အရာများရှိပါက သူမ ကူညီပေးနိုင်သော်လည်း ရက်စက်ခက်ထန်သော ဖခင်က မည်သည့်အကူအညီမှ ပေးမှာမဟုတ်ကြောင်းကိုလည်း ရှင်းပြလိုက်သည်။
ဝေ့ယွမ် တို့ကလည်း ထိုအရာကို ဂရုမစိုက်ပေ။ ကိုယ့်အရည်အချင်း ထက်မြက်ဖို့သာ ဤနေရာကို လာကြခြင်း ဖြစ်ပြီး ဘယ်သူ့အကူအညီကိုမှ မမျှော်လင့်ထားပေ။
ချောင်းမင်ယောင် သည် သူ့ဘေးမှ သူငယ်ချင်းလေးမှာ ရုတ်တရက် မှောင်ခိုဈေးကွက်သူဌေး၏ သမီးဖြစ်သွားသဖြင့် ချက်ချင်းကြီး လက်မခံနိုင်သေးချေ။ယဲ့ရှီ သည် ဘယ်နေရာမှာမဆို အလွန်ထက်မြက်သူဖြစ်၍ လူ့အဖွဲ့အစည်း၏ အောက်ခြေမှ ကြီးပြင်းလာခြင်းမှာ အံ့သြစရာမဟုတ်ပေ။သူသည် အရင်က သူမကို တိတ်တဆိတ် သနားခဲ့ဖူးသည်။သူမသည် မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း ရှင်သန်ဖို့အတွက် သူမကိုယ်သူမ ယောက်ျားတစ်ယောက်လို ရှင်သန်နေထိုင်ပြီး အခက်အခဲများကို ရင်ဆိုင်ခဲ့၏။
သူမ အများကြီး ခံစားခဲ့ရမှာပဲ....ဒါပေမယ့်လည်း ဒါက သူမရဲ့ရွေးချယ်မှုပဲမဟုတ်လား
ချောင်းမင်ယောင် အမူအရာ ပျက်ယွင်းနေသည်ကို မြင်သောအခါ ယဲ့ရှီ က ပြောလာသည်။
"ဘာလို့လဲ…နင်က ငါ့ကို ငယ်ငယ်ကတည်းက သနားစရာကောင်းတဲ့ ဘဝကို ရစေချင်တာလား"
"ဟုတ်ပါဘူး…ငါနဲ့ နင်က ဘာမှမဆိုင်ဘူးလေ"
ယဲ့ရှီ ပြုံးလိုက်သည်။
"ဒါပေမယ့် နောက်ဆို ငါ အိမ်ထောင်ပြုချင်တဲ့သူတစ်ယောက်ရှိရင် အဖေနဲ့ အပေးအယူလုပ်ရမှာပေါ့… ဘယ်လောက်ပဲ ကိုယ်ခံပညာကောင်းကောင်း ရှိပါစေ၊ အသက်မွေးဝမ်းကြောင်း လုပ်ဖို့ပဲ တတ်နိုင်တယ် မလား… မဟုတ်ရင် အရမ်းဆင်းရဲတဲ့ငါ့ကို ဘယ်မိန်းကလေးက ကြိုက်မှာလဲ"
ကြယ်တာရာခေတ်တွင်၊ "လက်ထပ်ခြင်း" သည် ဘယ်လို မိသားစုမျိုးမဆို၊ ဘယ်လို လိင်မျိုးမဆို အကန့်အသတ်မရှိပချေ။ ကိုယ့်မှာအရည်အချင်းရှိသရွေ့ အမျိုးသမီးများသည် အမျိုးသား (သို့မဟုတ်) အမျိုးသမီးများကိုလည်း စိတ်ကြိုက် လက်ထပ်နိုင်သည်။
ချောင်းမင်ယောင် ချက်ချင်း ဒေါသထွက်လာသည်။ "နင်ကများ မိန်းမနဲ့လက်ထပ်ချင်သေးတာလား... လူကောင်းတွေကို မထိခိုက်စမ်းနဲ့"
ယဲ့ရှီက သူ့ကို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်သည်။ "မိန်းမနဲ့လက်ထပ်ချင်တော့ရော ဘာဖြစ်လဲ... နင့်ကိစ္စမဟုတ်ဘူး"
သူတို့နှစ်ယောက်ပုံစံမှာ ပိုပိုပြီး ပန်းရောင်ပူဖောင်းလေးများလို ဖြစ်နေတော့သည်။ သို့သော်၊ သူတို့နှစ်ယောက်မှာမူ လုံးဝသဘောမပေါက်ပေ။ လင်းယောင်ယောင် သည် သူတို့နှစ်ယောက်ထံမှ အကြည့်ခွာကာ ကောင်းကင်ကို ကြည့်ပြီး စကားမပြောဘဲ နေလိုက်သည်။ သူမမှာ ရည်းစားရှိမှန်း သေချာသော်လည်း တစ်ကယ်ရည်းစားမရှိကြသည့် ဤနှစ်ယောက်က သူမရှေ့မှာ
ချစ်ခင်ကြင်နာမှုတွေ ပြသနေလေတော့သည်။
ကျောက်ချင်းယွင် သည်လင်းယောင်ယောင် ၏ မျက်နှာလှလှလေးကို အမှတ်မထင် စိုက်ကြည့်ကာ သူ့ခံစားချက်ကို သိရှိပြီးနောက် သူမ အမြန်ထွက်ခွာသွားမှာ စိုးရိမ်သောကြောင့် ဆက်ပြီးဟန်ဆောင်လိုက်သည်။
ထိုစဉ်၊ခေါင်းဆောင် ဝေ့ယွမ် က တိရစ္ဆာန်များလို ခုန်ပေါက်နေသည့် သူ့အသင်းဖော်များကိုကြည့်ပြီး ကူကယ်ရာမဲ့ ပြောလိုက်သည်။
" အကြီးဆုံး ဟိုတယ်ကို သွားပြီးတော့ နေကြရအောင်"
ထိုအချိန်တွင် အလွန်နူးညံ့သိမ်မွေ့စွာ ၀တ်ဆင်ထားသော အသက် 7နှစ်၊8နှစ် ဝန်းကျင် ကောင်လေးတစ်ယောက်သည် ဘယ်နေရာမှ ထွက်လာမှန်းမသိဘဲ အမြန်ပြေးလာပြီး လင်းယောင်ယောင် ကို ဝင်တိုက်တော့မလို ဖြစ်သွားသည်။
ထိုအခါ ယဲ့ရှီ က ရှေ့သို့ လျင်မြန်စွာ လှမ်းတက်လိုက်ပြီး ကလေး၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ လေထဲမှာ မြှောက်ထားလိုက်သည်။
"ယဲ့ဟွေ... မင်းဟာလေ ကောင်မလေး ချောချောလေးမြင်ရင် အခွင့်အရေးယူတတ်တဲ့ အကျင့်ကို မပြင်နိုင်သေးဘူးလား…တစ်ကယ်လို့ မင်း နံရံကိုသာ ပစ်ဆောင့်လိုက်ကြည့် ဒီမှာ မင်းလက်သည်းတွေတောင် ကျိုးပဲ့ကုန်မှာ"
ကောင်လေးက ပြုံးပြပြီး ယဲ့ရှီ လည်ပင်းကို အလွန်ချစ်ခင်စွာ ဖက်ထားလိုက်သည်။
"ဘယ်လိုလုပ်မလဲ…ကျွန်တော်က ကောင်လေး ချောချောလေးတွေ ၊ကောင်မလေး ချောချောလေးတွေဆို မရမ်း သဘောကျတာ"
ကလေးလေး၏ မျက်နှာက ကျောက်စိမ်းလေးလို ကြည်လဲ့နေပြီး ယဲ့ရှီ နှင့် အတော်ဆင်သလိုရှိကာ အတော်ချစ်စရာကောင်းသည်။
သူက ဟိုဒီလှည့်ကြည့်လိုက်ရင်း လင်းယောင်ယောင် နှင့် ချောင်းမင်ယောင် ဆီကို အကြည့်ရောက်သွားချိန်မှာ…ဝမ်းပန်းတသာ အော်ပြောလိုက်သည်။
"တစ်ကယ် အရမ်းလှတာပဲ"
ထို့နောက် သူကလေသံတိုးတိုးဖြင့် ယဲ့ရှီ နှင့် ညှိနှိုင်းလ်ိုက်သည်။
"ကောင်လေးကို အစ်မယူလိုက်…ကောင်မလေးကို ကျွန်တော် ယူမယ်"
ထို့နောက် ယဲ့ရှီက သူ့ခေါင်းကို ပြင်းထန်စွာ ရိုက်လိုက်သည်။
"မဟုတ်ပါဘူး...ဒီအလှတရားလေးက ပိုင်ရှင်ရှိပြီးသားပါ...သူမရဲ့ ရည်းစားက အရမ်းအစွမ်းထက်တယ်..မင်း နှစ် 500 ကြာအောင် လေ့ကျင့်ထားရင်တောင် သူ့ကို မတိုက်နိုင်ပါဘူး"
ထိုအခါ ယဲ့ဟွေ သည် လင်းယောင်ယောင် ကို နောင်တရစွာဖြင့် စိုက်ကြည့်ပြီးနောက် ချောင်းမင်ယောင် ကို ထပ်ကြည့်ပြန်သည်။
"ကျွန်တော်ကလည်း ကောင်လေးဆို မလိုချင်ဘူး... မေ့လိုက်တော့...ကောင်လေးကို အစ်မပဲ ယူလိုက်....ကျွန်တော်က ငယ်သေးတယ် ဆိုတော့ စောင့်လို့ရတယ်"
ဝေ့ယွမ် တို့သည် ဤကလေးလေးမှာ ယဲ့ရှီ ၏ ဆွေမျိုးဖြစ်နိုင်သည်ဟု မှန်းဆကြသည်။ ဖြစ်နိုင်ချေအများဆုံးက၊ သူမ၏ မောင်လေးဖြစ်နိုင်သည်။ သို့မဟုတ်ပါက၊ သူတို့နှစ်ယောက်သည် အတော်ရင်းနှီးပြီး ရုပ်ချင်းဆင်နေမှာ မဟုတ်ပေ။
လင်းယောင်ယောင် က မထိန်းနိုင်ဘဲ ရယ်မောရင်း "ဟားဟား…ယဲ့ရှီ ရဲ့ မောင်လေးက အရမ်းတော်တာပဲ"
သူ၏ အလှကြောင့် ချီးကျူးခံရသော်လည်း ယဲ့ရှီ နှင့် တွဲစ,ခံရသည့် ချောင်းမင်ယောင် သည် စိတ်ဆိုးနေလေသည်။