အခန်း၁၂၃
Viewers 8k

Chapter 123

(လက်ထပ်ခွင့်)


ယဲ့ဟွေ သည် အမှန်ပင် ယဲ့ရှီ၏ မောင်လေးဖြစ်သည်။ သူ့တွင် S+ အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် A အဆင့် ကာယစွမ်းရည် ရှိပြီး ငယ်ရွယ်သေးသဖြင့် ဆက်လက်ပြီး တိုးတက်လာပေဦးမည်။ သူ့မှာ အကျင့်ဆိုးတစ်ခုရှိသည်။ထိုအရာမှာ သူသည် အလှအပကို ချစ်မြတ်နိုးပြီး ချောမောလှပသော မိန်းကလေးများကို သူ့အစ်မလိုပင် လိုက်ပိုးပန်းခြင်း ဖြစ်သည်။


ယဲ့ရှီ သည် ယိလန်သို့ ပြန်လာပြီဖြစ်ကြောင်းကို မှောင်ခိုဈေးကွက်သူဌေးယဲ့၏ နေရာအနှံ့ သူလျှိုများထံမှ သတင်းရနေသဖြင့် ကလေးကို လွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ယဲ့ဟွေ က ယဲ့ရှီ ကိုအိမ်သို့ဖိတ်ခေါ်ရန် ရောက်လာသည်ဟု မထင်ပေ။  တစ်ကယ်တမ်းတွင်၊အဖေဖြစ်သူသည် ဤဒုက္ခကို သူမထံ လွှဲပေးချင်တာဖြစ်သည်။ ထိုကိစ္စက ဤလေ့ကျင့်ရေးမှာ ယဲ့ဟွေ လို အမှိုက်ထုပ်ကိုလည်း ခေါ်သွားစေချင်နေတာပင်။ပြတ်ပြတ်သားသားပြောရလျှင်၊အဖေ ယဲ့ သည် သူတို့လင်မယားကြားမှာလိုက်မွှေနေ‌သည့် ယဲ့ဟွေကို ဖယ်ရှားချင်သဖြင့် သူမဆီကို လွှတ်လိုက်ခြင်းသာ။ 


ယဲ့ဟွေ က "အစ်မသာ ကျွန်တော့်ကိုမခေါ်ချင်ရင် ကျွန်တော် အိမ်ယာမဲ့ကလေးဖြစ်သွားလိမ့်မယ်"


ယဲ့ရှီ သည် ယိလန်တွင် ဇာ့ခ်များကျူးကျော်လာပြီး သူမ၏ဖခင်လည်း မထိန်းနိုင်တော့မှာကို စိုးရိမ်ခဲ့သည်။ သို့သော် သူမ လွန်စွာစိုးရိမ်နေမိခြင်းသာ။


အဖေယဲ့သည် အလွန်ယုံကြည်စိတ်ချရသောမိဘမဟုတ်ဘဲ၊သူမတို့ မောင်နှမနှစ်ယောက်ကို အဝေးမှာသာ လွတ်လပ်စွာ နေခွင့်ပေးထားသော်လည်း၊ ယဲ့ဟွေ အား ဘယ်သောအခါမှ လျစ်လျူရှုမှာမဟုတ်ချေ။ သူသည် ဝေ့ယွမ်၏ အသင်းအင်အားကို ကောင်းစွာသိပြီးသားဖြစ်ပုံရသဖြင့် ဇာ့ခ်များ၏ ခြိမ်းခြောက်မှုကိုလည်း စိတ်ချနေနိုင်ခြင်းဖြစ်ပေသည်။ 


ယဲ့ရှီ၏မိခင် ရှားရှုသည် လွန်ခဲ့သော 12နှစ်ခန့်က နျူကလီးယားမတော်တဆမှုကြောင့် မျိုးရိုးဗီဇဆိုင်ရာ ဓာတ်ရောင်ခြည်သင့်မှုကို ခံစားခဲ့ရသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် ပုံမှန်မဟုတ်စွာပင် ဆိုးရွားနေ၏။  ထိုအချိန်တွင်၊ ယဲ့ရှောင်ချင်း သည် သမီးဖြစ်သူအား မဟူရာကြယ်ပွင့်မဟာမိတ်သို့ စီးပွားရေးကိစ္စများနှင့် ခရီးသွားရာတွင် ခေါ်သွားခဲ့သည်။  နောက်ကျမှ ပြန်ရောက်လာ၍ နျူကလီးယားဒဏ်မှ လွတ်မြောက်သွားခဲ့သည်။


 မျိုးရိုးဗီဇ ဓာတ်ရောင်ခြည်သင့်သူများသည် သက်တမ်းတိုတောင်းလွန်းသည်။  သာမန်လူများသည် အသက် 300 မှ 400 အထိ အသက်ရှင်နိုင်သော်လည်း ဤရောဂါရှိသူများသည် အနှစ် 200ထက် အသက်မရှည်နိုင်ပေ။


ယဲ့ရှောင်ချင်း သည် ထိုအချိန်က ရှားရှုကို ကာကွယ်ရန် အတူမနေခဲ့ရဘဲ ဒုက္ခများကို အတူတူမျှဝေခံစားဖို့ ပျက်ကွက်ခဲ့ခြင်းအတွက် သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။ နှစ်တွေကြာလာသည်နှင့်အမျှ၊ သူမကို လျော်ကြေးပေးသည့် အနေဖြင့် သူမဘေးမှာ ခြေလှမ်းတိုင်းအတူရှိနေပေးခြင်းဖြစ်သညိ။


ယဲ့ဟွေ သည် မတော်တဆ ကိုယ်ဝန်ရသွားခြင်းဖြစ်သည်။ ယဲ့ရှောင်ချင်း သည် ကိုယ်ဝန်ကြောင့် သူမ မတော်တဆထိခိုက်မိမှာကို စိုးရိမ်သောကြောင့် ကလေးအား လုံးဝမလိုချင်ခဲ့ပေ။ 


ယဲ့ဟွေ သည် ဝမ်းဗိုက်ထဲတွင် ခုနစ်လကြာနေပြီးနောက် ကလေးပြုစု‌ စောင့်ရှောက်ရေး စင်တာထဲသို့ ပို့ခံခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ ကလေးမှာ ကျန်းမာပြီး ရှားရှု ၏ မျိုးရိုးဗီဇရောဂါကို အမွေမဆက်ခံခဲ့ပေ။ သို့သော် ကိုယ်ဝန်ဆောင်ထားရတာကြောင့် သူမ၏ ခန္ဓာကိုယ်သည် အလွန်ဆိုးရွားလာခဲ့သည်။  အရန်ဆေးဝါးမျိုးစုံနှင့် အရန်အစားအစာတွေသာမရှိလျှင် သူမ အသက်ရှင်ဖို့ မဖြစ်နိုင်ပေ။


ယဲ့ရှီ သည် ဤတစ်ကြိမ်တွင် ယိလန်အား လေ့ကျင့်ရေးနေရာအဖြစ် သတ်မှတ်ရခြင်းမှာ ဇာတိမြို့၏အခြေအနေကိုကြည့်ချင်သလို၊ သူမမိခင်၏ ခန္ဓာကိုယ်ကိုမြင်ချင်သောကြောင့်ဖြစ်သည်။ 


ထို့အပြင်၊ သူမသည် ရှားရှု ၏ခန္ဓာကိုယ်အပေါ် အထူးအကျိုးသက်ရောက်မှုရှိမရှိ သိနိုင်ရန် ဖြည့်စွက်အစားအစာအချို့လုပ်ခိုင်းဖို့ လင်းယောင်ယောင် ကိုလည်း တောင်းဆိုချင်မိသည်။ထို့ကြောင့်၊ ဤအကြောင်းပြောပြဖို့ သိပ်ရှက်မနေဘဲ ရက်ပိုင်းအတွင်း လင်းယောင်ယောင်အား ပြောပြဖို့ တွေးနေမိသည်။တစ်ပတ်အကြာတွင်၊ ယခုနှစ်အတွက် ယိလန်တွင် အကြီးဆုံးမှောင်ခိုလေလံပွဲကျင်းပမည်ဖြစ်သည်။ လင်းယောင်ယောင် လိုချင်တာတစ်ခုခုရှိခဲ့လျှင် သူမသည် အရယူပေးနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ထိုကျေးဇူးကျွေးကို ပြန်ဆပ်ခိုင်းဖို့လည်း အသင့်တွေးထားပြီးသားပင်။ တစ်ဖက်တွင်၊လင်းယောင်ယောင်သည် ယဲ့ရှီ၏ အစီအစဉ်ကို မသိချေ။ ယဲ့ရှီ က ယိလန်ကို လာဖို့မပြောခဲ့လျှင်တောင် သူမဘာသာသူမ လာချင်စိတ် ဖြစ်နေပြီးသားပင်။ 


ယဲ့ရှီ၏ ဦးဆောင်မှုအောက်တွင်၊ စတားချောလေးများအဖွဲ့နှင့် ကလေး ယဲ့ဟွေ သည် ပိုင်မြို့ရှိဇိမ်ခံဟိုတယ် အပြာရောင်အိုင်းရစ်(ပန်း)တွင် တည်းခိုခဲ့သည်။


 ဤဟိုတယ်သည် ယဲ့မိသားစု၏ စွန်ပြာကုန်သည်အသင်း၏ ပိုင်ဆိုင်မှုဖြစ်သည်။ ယဲ့ရှီ တစ်ယောက်တည်းသာ တည်းခိုမည်ဆိုပါက၊အဖေယဲ့သည် တွန့်တိုစိတ်နှင့် အခန်းအတွက် ပိုက်ဆံ တောင်းလိမ့်မည်ဖြစ်သည်။ သို့သော် သူငယ်ချင်းများပါလာသဖြင့် အခြေအနေက အလွန်ကွဲပြားသွားရသည်။ အဖေယဲ့သည် မူလက သူတို့ကို ကူညီဖို့ မစီစဉ်ထားသော်လည်း ခင်မင်ရင်းနှီးမှု တစ်ချို့ကြောင့်လည်း ပါသလို၊ သူ့သားလေးကို ထိန်းပေးသည့် အတွက်လည်း ကျေးဇူးတင်နေမ်ိသည်။ ထို့ကြောင့် သူတို့အဖွဲ့အတွက် တည်းခိုခရော၊အစားအသောက်ပါ အခမဲ့ဖြစ်သည်။


တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ဖို့အတွက် ကပ်လျက် VIPအိပ်ခန်း နှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းကို စီစဉ်ပေးထားသည်။ ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ကျောက်ချင်းယွင် တို့အတွက် VIPအခန်း တစ်ခန်းနှင့် လင်းယောင်ယောင်၊ ယဲ့ရှီ နှင့် ယဲ့ဟွေ အတွက် တစ်ခန်း သပ်သပ်ဖြစ်သည်။


ဟိုတယ်ကို ရောက်‌လာသောအခါ အားလုံးက ဟိုတယ်မှကျွေးသော ညစာကို စားကြသည်။  လင်းယောင်ယောင်၏ လက်ရာလောက် အရသာမရှိသလို၊ အရန်ကုထုံးသက်ရောက်မှုလည်း မရှိသော်လည်း အရသာက မဆိုးပေ။


 VIP အခန်းထဲတွင် ကိုယ်တိုင် ချက်ပြုတ်လိုပါက ကြီးမားသော မီးဖိုချောင်နှင့် မီးဖိုချောင်သုံး ပစ္စည်း အပြည့်အစုံ ပါရှိသည်။  ဟိုတယ်သည် လတ်ဆတ်သော ပါဝင်ပစ္စည်းများကိုလည်း ပေးထားသည်။


 သို့သော် အာကာသယာဉ်ကို သုံးရက်ခွဲကြာစီးလာခဲ့၍ လင်းယောင်ယောင် သည် အနည်းငယ် ပင်ပန်းနေရသဖြင့် ဟင်းလည်း မချက်ချင်တော့ပေ။မည်သို့ပင်ဖြစ်စေ၊ ချောင်းမင်ယောင် လို အစားအသောက်သမား ရှိနေ၍ တစ်ချိန်ချိန်မှာ သူမ ချက်ရပေဦးမည်။  


တစ်ညတာ ကောင်းကောင်းအိပ်ပျော်ပြီးနောက် နောက်တစ်နေ့မနက်စောစောတွင် စတားချောလေးများ အဖွဲ့သည် ဝေ့ယွမ် ၏ ဆူးတပ်ဖွဲ့လိုဂိုပါသည့် ဇိမ်ခံအမြန်ကားဖြင့် ထွက်လာခဲ့ကြသည်။  ခရီးအစကို မြို့ပြင်ရှိ တောအုပ်နှင့် မြေရိုင်းများဆီသို့ သွားခဲ့ကြသည်။


ယဲ့ဟွေ သည် ငယ်ရွယ်ပြီး အလွန်ပရော်ဖက်ရှင်နယ်ကျကာ ရိုင်းစိုင်းခြင်းမရှိပေ။ ထို့အပြင် အသေးစား အိုင်းယွန်း အမြောက် အပါအဝင် အထူးနည်းပညာမြင့်လက်နက်ငယ်များစွာလည်း ရှိသေးသည်။ ထို့အပြင်၊ သူသည် S-အဆင့် စွမ်းအင်သုံး လက်စွပ် 7ခုခန့်နှင့် နည်းပညာမြင့်ကိရိယာ အမျိုးမျိုးကိုလည်း သယ်ဆောင်လာခဲ့သည်။ SS အဆင့် ဇာ့ခ် ကို သူတစ်ယောက်တည်း တွေ့လျှင်တောင် သူ့ဘာသာသူ အကြာကြီး ထိန်းထားနိုင်ပြီး တခြားသူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာ မဟုတ်ပေ။

 ပိုကြောက်စရာကောင်းသည်က ယဲ့ဟွေ သည် သူ့ပစ္စည်းများကို သူ့ပိုက်ဆံနှင့်သူ ဝယ်ထားခြင်းပင်။


ထို့ကြောင့် လင်းယောင်ယောင် သည် ယခင်က သူမ ဖတ်ဖူးသော ဂန္တဝင် ကိုယ်ခံပညာ ဝတ္ထုတစ်ပုဒ်ကို သတိရမိသည်။  လျှော့တွက်၍မရသည့်အရာက တန်ခိုးကြီးမားပုံပေါက်နေသူတွေမဟုတ်ဘဲ အားနည်းပြီး အန္တရာယ်ကင်းပုံရသည့် မိန်းကလေးများနှင့် ကလေးများဆိုသည့် စာသားကိုပင်။ထို့ကြောင့်၊ သူတို့အဖွဲ့ထဲမှာ အဖွဲ့ဝင်မဟုတ်သူ ယဲ့ဟွေ ကိုတောင် လျှော့တွက်၍မရချေ။


 ထိုသို့ အင်အားကြီးမားသော ပေါင်းစပ်အဖွဲ့သည် ဇာ့ခ်တိုင်းကို ကျော်ဖြတ်နိုင်သည်။ ယိလန်တွင် ထူးဆန်းသော သားရဲများစွာရှိသဖြင့် သတိထား‌ေနကာ ဇာ့ခ်နှင့်တွေ့လျှင် တွေ့တွေ့ချင်း သတ်ပစ်သည်။ ဂြိုလ်သားရဲတစ်ကောင်နှင့်တွေ့လျှင်လည်း အလွတ်မပေးပေ။ဤခေတ်ဆိုးကြီးကို အခွင့်ကောင်းယူပြီး လုယက်သောင်းကျန်းနေသော အဖွဲ့ အနည်းစုကိုတောင် တွေ့ခဲ့ကြသေးသည်။သို့သော်၊သူတို့ ဘာမှ မလုပ်လိုက်ရဘဲ ဝေးရာကို ထွက်ပြေးကြလေ၏။


ဝေ့ယွမ် ၏ အမြန်ကားရှိ ဆူးတပ်ဖွဲ့အား ကိုယ်စားပြုသည့်တံဆိပ်ကို ကားပေါ်တွင် တံဆိပ်ကိုတွေ့သောအခါ လူအများစုသည် သူတို့၏ခေါင်းထဲရှိ ကောက်ကျစ်ယုတ်မာသော အတွေးများကို ဖယ်ထုတ်ပစ်လိုက်ကြသည်။


 ဆူးတပ်ဖွဲ့သည် နှစ်များတစ်လျှောက် မည်မျှပင် အားနည်းခဲ့သည်ဖြစ်စေ၊ ကြယ်ပင်လယ်ဓားပြများကို နှိမ်နင်းရာတွင် အတော်ရက်စက်ပုံမှာ တစ်ခြားတပ်ငါးခုထက်တောင် ပိုနေသေးသည်။ ယင်းကြောင့် မီးခိုးရောင်နယ်မြေတွင် လှည့်လည်သွားလာသူများသည် ဆူးတပ်ဖွဲ့ကို ကြောက်ရွံ့ကြသည်။


လင်းယောင်ယောင် သည် လင်းပိုနှင့်အတူ သတ်ဖြတ်မှုအမျိုးမျိုးတွင် ပါ၀င်ခဲ့သည်။ သူမ၏ တိုက်ခိုက်မှုများသည် သူငယ်ချင်းများထက် အားမနည်းပေ။  ဇာ့ခ်များနှင့် ဂြိုလ်သား သားရဲများ၏ အဆုံးမဲ့လှိုင်းများကို တိုက်ခိုက်ပြီးနောက် သူမ၏ မက်ခါ မောင်းနှင်မှုစွမ်းရည်မှာလည်း ပိုမိုကျွမ်းကျင်ပြီး သွက်လက်လာရသည်။ပထမတွင်၊ ဝေ့ယွမ်သည် ညီမဖြစ်သူကို အနည်းငယ် စိုးရိမ်နေမိသည်။ထိုအချိန်တွင် သူမက ပြုံးပြီး ဘာမှ မပြောပေ။  


 သွေးဆာနေသည့် ကလေး 012 မှာ နောက်ဆုံး သူ့ကိုယ်ပိုင်သဘာဝကို ဖွင့်ထုတ်နိုင်ခဲ့၏။ သူ၏ စပျစ်နွယ်ပင် ရာပေါင်းများစွာကို ဖြန့်ထုတ်ကာ အမျိုးမျိုးသော တိရစ္ဆာန်များမှ သွေးများကို ထုတ်ယူနိုင်သည်။ သူ၏ အဆင့် 5 ခွန်အားကို ပေါင်းစည်းပြီးနောက်၊ အဆင့်သည် အဆက်မပြတ် မြင့်တက်လာခဲ့ပြီး တိုက်ခိုက်ရေး ထိရောက်မှုသည် သခင် လင်းယောင်ယောင် ထက် အားမနည်း‌ပေ။


လင်းယောင်ယောင်သည် သတ်ရဖြတ်ရတာ ငြီးငွေ့လာပြီးနောက် ကားပေါ်သို့ပြန်လာကာ ပြင်ဆင်ထားသော နောက်ခန်းရှိ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။


 လတ်ဆတ်သော ဇာ့ခ်အသားများနှင့် ထူးခြားဆန်းပြားသော တိရိစ္ဆာန်အသားများအပြင် အရံဟင်းလျာများနှင့် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးတို့ကို သေချာ ပြင်ဆင်လိုက်သည်။ နောက်ခန်းရှိ လေစစ်ကြောင့်မဟုတ်ပါက ဟင်းနံ့သည် ဆယ်မိုင်အထိ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သောဇာ့ခ်များနှင့် သားရဲတိရစ္ဆာန်များကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။


ထို့နောက်၊ စတားချောလေးများ အဖွဲ့ဝင်များသည် သူမ၏ ဟင်းချက်လက်ရာကို တစ်ဖန်ပြန်လည် မြည်းစမ်းခွင့်ရကြလေသည်။ တွေ့ကြုံခံစားခဲ့ကြရသည်။ ယဲ့ဟွေ သည် သူမ၏ လက်ရာကို ပထမဆုံးအကြိမ်စားပြီး အံ့သြသွားခဲ့သည်။


 အိုဘုရားရ…


လှပသောမိန်းမပျိုလေးသည် ဤကဲ့သို့ အရသာရှိပြီး ကုထုံးအာနိသင်ရှိသော အစားအစာကို ပြုလုပ်နိုင်ပေသည်။ထို့ကြောင့်၊ ယဲ့ဟွေ သည် အစ်မဖြစ်သူ ယဲ့ရှီ ၏ သတိပေးချက်ကိုပင် မေ့သွားခဲ့သည်။ သူက လင်းယောင်ယောင် ကို တောက်ပသည့် မျက်လုံးများနှင့် ကြည့်ပြီး 


" အလှလေး ယောင်ယောင် ကျွန်တော့်ကို လက်ထပ်နိုင်မလား… ကျွန်တော်က နည်းနည်း ငယ်ပေမယ့် အရင် စေ့စပ်လို့ရပါတယ်...ကျွန်‌တော် ငွေရှာပြီး အလှလေးအတွက် ငွေအများကြီး ပေးမယ်လို့ ကတိပေးပါတယ်…နောင်တစ်ချိန်ကျရင်လည်း ကျွန်တော် အလှလေးကို တစ်သက်လုံး ချစ်မယ်… ဂရုစိုက်ပေးမယ်"


လင်းယောင်ယောင် သည် ကလေးက လာပြီး လက်ထပ်ခွင့်တောင်းနေသဖြင့် ရှက်သွားရသည်။


ထို့နောက် သေခြင်းတရားကိုရှာနေသည့် ယဲ့ဟွေကို ချောင်းမင်ယောင် ကပြောလိုက်သည်။


 "ငါ့ညီမရဲ့ လက်ရှိချစ်သူက ဘယ်သူလဲဆိုတာ မင်းသိလား သြော်... အဲဒီလူက မင်းလို ကလေးကိုလည်း ဂရုမစိုက်နိုင်ပါဘူး"


ယဲ့ရှီ က ချောင်းမင်ယောင် ကို တစ်ချက်ကြည့်လိုက်ပြီး "နင်ဆို ယောင်ယောင် ရဲ့ လက်ရာကို ပထမဆုံးစားကြည့်တုန်းက ဒီလိုပဲ တွေးနေတာမလား…နင် ယောင်ယောင် ကို လက်ထပ်ပြီး အိမ်မှာတောင် ခေါ်ထားချင်တာဆို...ဒါမှ သူမ လက်ရာကို နေ့တိုင်းစားရအောင်လို့ပါဆို"


ချောင်းမင်ယောင် ရင်တွေတဆတ်ဆတ်တုန်လာပြီး ဒေါသတကြီးနှင့် ပြန်ပြောလေသည်။


 "အရင်တုန်းက ယောင်ယောင် ကို နင်လည်း ဒီလိုပဲမလား... ငါက အရင်တုန်းက သူမနဲ့ လက်ထပ်ချင်ခဲ့ရင်တောင် အခု သူမက ငါ့မိသားစုပဲ"


ယဲ့ဟွေ က သူ့ကို ကြည့်ပြီး  "အဲ့ဒီလူက ဘယ်သူပဲ ဖြစ်ဖြစ် မကြာခင် သူမရဲ့ ရည်းစားဟောင်း ဖြစ်သွားလိမ့်မယ်… နောက်ပြီး ကျွန်တော့်ကို ကလေးလို့ မမြင်နဲ့....ကျွန်တော်က  မကြာခင် ကြီးလာတော့မှာ"


 သူမ၏ မောင်လေးဖြစ်သူသည် သေခြင်းတရားကို ဇွတ်အတင်းပြေးတွေ့နေသည်ကိုတွေ့လိုက်ရသဖြင့် ယဲ့ရှီ သည် ချောင်းမင်ယောင် လိုပင် တားမြစ်ရချေတော့သည်။


  "ယဲ့ဟွေ ..…မင်း အခုထိ သေချင်နေသေးတာကိုး... မင်း အလေးစားဆုံးက ဘယ်သူလဲဆိုတာ စဉ်းစားကြည့်"


 "ကျွန်တော် အလေးစားဆုံးသူက စစ်နတ်ဘုရား လင်းရွှမ်!"


ယဲ့ရှီ ပြုံးလိုက်သည်။ 


 "ဟုတ်တယ်… အဲ့ဒီနတ်ဘုရား လင်းရွှမ် က ဒီကောင်မလေးရဲ့ ချစ်သူပဲ"


ယဲ့ဟွေ သည် ရုတ်တရက် ရေနစ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် စိတ်ပြန်လည်တည်ငြိမ်လာကာ ထမင်းကိုသာ အမြန်စားဖို့ဆုံးဖြတ်လိုက်သည်။


 "လင်းရွှမ် က သူမ၏ ရည်းစား" ဆိုသည်ကို လူတွေ ပိုပိုပြီး သိလာတာကြောင့် လင်းယောင်ယောင် ယခုဆို မရှက်တတ်တော့ဘဲ တည်ငြိမ်လာရကာ အနည်းငယ် ဂုဏ်ယူမိလေသည်။


'ဟုတ်တယ်… တန်ခိုးကြီးတဲ့ စစ်နတ်ဘုရား လင်းရွှမ် က ဒီကောင်မလေးပိုင်တာ'


ချောင်းမင်ယောင် က ယဲ့ဟွေ အစာနင်သွားမှာစိုး၍ သူ့နောက်ကျောကို ပုတ်ပြီး စာနာစိတ်နှင့် အရှိန်လျှော့ခိုင်းလိုက်၏။


"မင်း ဘယ်လောက်ပဲစားစား...သူ့ကို‌ မနိုင်ဘူးနော်"


ယဲ့ဟွေ က သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။


  " ကျွန်တော် အဲ့ဒီလောက်မတုံးဘူး... စစ်နတ်ဘုရား လင်းရွှမ် က မယုံနိုင်စရာကောင်းအောင် တော်နေတာမလို့ ကျွန်တော် လက်လျှော့လိုက်ပါပြီ…အခု ကျွန်တော် မစားလိုက်ရင် အစ်ကို ဗိုက်ဝသွားမှာစိုးလို့ အတင်းစားနေတာ...အခု ကြည့်လိုက်လေ အစ်ကိုစားဖို့ မလောက်တော့ဘူးမလား"


ချောင်းမင်ယောင် က သူ့ပန်းကန်ပြားလေးကို ကြည့်ပြီး


 "ဟာာ....,မင်းက ဘာလို့ ငါ့အတွက် မချန်ထားပေးချင်တာလဲ"


 ဝေ့ယွမ်ကလည်း ပြုံးရင်း ဝင်ပြောလိုက်သည်။


  "ဒီဟာက မင်းကို သတိပေးလိုက်တာပဲ…နောက်ဆို များများစားပြီး စကားလျှော့ပြောသင့်ပြီနော်"


 နောက်ဆုံးတွင် ကျောက်ချင်းယွင် သည် သူ၏အိပ်မက်နတ်ဘုရားမ ပြုလုပ်သော အစားအစာကို စားလိုက်ရသဖြင့် သူ့မှာ စကားပြောဖို့ အချိန်မရှိချေ။


 သူတို့အားလုံး အသည်းအသန်စားနေကြသည်။ မကြာမီ ယဲ့ဟွေ သည် နောက်ဆုံး ဟင်းကျန်များကို အကုန်စားပစ်လိုက်သဖြင့် အရသာရှိသည့် အသားအားလုံး မရှိတော့ပေ။


ချောင်းမင်ယောင် ၏ချောမောလှပသော မျက်နှာကလေးမှာ ရှုံ့မဲ့ကျသွားပြီး လင်းယောင်ယောင် ကို သနားခံသည့် အကြည့်ဖြင့် ပန်းကန်ထဲတွင် ဟင်းများစွာ ရှိနေသေးသော ယဲ့ရှီ ကို စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူမထံမှ ဟင်းအနည်းငယ်ကို စားချင်စိတ်ဖြစ်သွားသည်။

 

ယဲ့ရှီ ကလည်း သူ့ ရည်ရွယ်ချက်ကို ရိပ်မိလိုက်တာကြောင့် သူမ ပန်းကန်ထဲမှ အသားတုံးများကို တစ်ကိုက်စီ ကိုက်ထားလိုက်သည်။ 


"ကြည့်စမ်း၊ ငါ ကိုက်လိုက်ပြီ...သေချာတာကတော့ ဒီ ကျန်နေတဲ့အသားတုံးတွေပေါ်မှာ ငါ့တံတွေးတွေ ရှိနေမယ်ဆိုတာပဲ"


ချောင်းမင်ယောင်က စိတ်မဝင်စားဆိုသည့်သဘောနှင့်မှုန်တေတေ ဖြစ်နေဆဲပင်။ 


လင်းယောင်ယောင် သည် သူမ၏ အာကာသခလုတ်ထဲမှ အချဉ်ဖောက်ထားသော အမဲသားအချို့ကို ထုတ်ဖို့ တွေးနေမိလေသည်။သို့မဟုတ်ပါက၊ အလှလေးချောင်းတစ်ယောက် အားပြတ်နေပြီး ဇာ့ခ်များနှင့် ဂြိုလ်သား သားရဲများကို ဆက်လက်သတ်ဖြတ်နိုင်မှာ မဟုတ်ပေ။


ယခုဆို၊ စတားချောလေးများ အဖွဲ့သားများသည် ငြိမ်းချမ်းပျော်ရွှင်သော ယိလန်မှာ ကြီးစွာသော အကျပ်အတည်းတစ်ခုကို  မကြာမီ ကြုံတွေ့ရမည်ဆိုတာကို သတိမထားမိခဲ့ကြချေ။





xxxxxx