အခန်း၁၂၄
Viewers 8k

Chapter 124

(မှောင်ခိုဈေးကွက်လေလံပွဲ)


စတားချောလေးများ အဖွဲ့သည် D-အဆင့်မှ Z-အဆင့်အထိ ဇာ့ခ်များကိုစားရန် နည်းလမ်း 10ခုကျော်ကို တွေ့ရှိခဲ့ပြီး ဇာ့ခ်မျိုးစိတ်သစ်များစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့သည် ယိလန် တွင် ထူးခြားသော ဂြိုလ်သားရဲများစွာကိုလည်း မြည်းစမ်းကြည့်ကြသည်။  အရသာရှိသည့် အစားအသောက်များကို ပျော်ပျော်ရွှင်ရွှင်စားနေရသောအခါ အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားလေသည်။


လေးငါးရက်ကြာ လေ့ကျင့်ပြီးနောက် ယဲ့ဟွေ က ပြောလာသည်။


"ကျွန်တော့်အမေကသာ အစ်မယောင်ယောင် ချက်ထားတဲ့ ဟင်းတွေကို စားရရင် သူမရဲ့ ရောဂါကလည်း ပြန်ကောင်းလာလိမ့်မယ်ထင်တယ်.."


သူ့စကားကြောင့်ပင် ယဲ့ရှီ နှင့် ယဲ့ဟွေ တို့၏ မိခင်ရှားရှု၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့်ပတ်သက်၍ လေးလေးနက်နက် ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။


ယဲ့ဟွေ သည် သူမ၏ မူလအစီအစဉ်ကို ပျက်ပြားစေသော်လည်း ယဲ့ရှီကလည်း ဆက်ပြောရပေမည်။ လင်းယောင်ယောင် ၏ စိတ်ကောင်းရှိမှုနှင့် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အား စိတ်ပူသောကြောင့် ယဲ့ဟွေ သည် ထိုစကားများ ပြောရမှန်း သူမ သိသည်။


 "ယောင်ယောင်၊ ကျေးဇူးပြုပြီး အမေ့အတွက် ဖြည့်စွက်စာလေး ကျွေးပေးနိုင်မလား…နင် ကြိုက်သလောက် တောင်းလို့ရပါတယ်"


ပိုက်ဆံကို ဖခင်ဖြစ်သူဆီ တောင်းလိုက်လျှင် ရပေသည်။ 


လင်းယောင်ယောင် သည် ချစ်ခင်ရသူတစ်ဦးဖျားနာနေသည်ကိုမြင်နေရသည့် ယဲ့ရှီ၏ ခံစားချက်ကိုနားလည်နိုင်ပြီး  သက်သာလာစေရန် မျှော်လင့်ချက်အားလုံးကို ဆုပ်ကိုင်ထားခြင်းကိုလည်း သဘောပေါက်သည်။


 အဘွားဝေ့မှာလည်း မျိုးရိုးဗီဇရောဂါရှိသည်။ သူမသည် ရောဂါဗေဒဆိုင်ရာ ဓာတ်ရောင်ခြည်မသင့်ထားသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းကာ သက်တမ်းသည်လည်း သုံးပုံတစ်ပုံ ခန့် တိုတောင်းသွားသည်။ သို့သော်၊ SS-အဆင့် ဇာ့ခ်အသား ဖြည့်စွက်စာကို ရေရှည်စားသုံးပြီးနောက်၊ သူမသည် အလွန်ကောင်းမွန်လာပြီး ပျောက်ကင်းဖို့ နီးစပ်လာခဲ့သည်။


"ငါတို့အားလုံးက သူငယ်ချင်းတွေပဲ…ဘာလို့ ဒီအကြောင်းလေးကို ဒီလောက်အများကြီးပြောနေရတာလဲ…ငါလုပ်ထားတဲ့ ဖြည့်စွက်စာက နင့် အမေရောဂါအတွက် အသုံးဝင်နိုင်လား ဆိုတာ မသိပေမယ့် အရင်စမ်းကြည့်လိုက်ပါ…  ဘာပဲဖြစ်ဖြစ် မမှားပါဘူး"


ထိုစဉ် အစားအသောက်သမား ချောင်းမင်ယောင် က ဝင်ပြောလာသည်။


"ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... ငါတို့လည်း သာမန်အစားအစာတွေ ပိုစားဖို့ လိုတယ်… ဖြည့်စွက်စာတွေ သိပ်မစားသင့်ဘူး…နင့်အမေက နေမကောင်းဘူးဆိုတော့ ငါတို့က သူမကို အရင်ဦးစားပေးရမယ်မလား"


ဝေ့ယွမ် ကလည်း တစ်ဖန် "ငွေက မလိုအပ်ပါဘူး…နင် အမဲလိုက်ခဲ့တဲ့ ဇာ့ခ်နဲ့ သားရဲတွေရဲ့အသားကိုပဲ သုံးပါ"


 ထို့ကြောင့် လင်းယောင်ယောင် သည် ဖြည့်စွက်အစားအစာများစွာကို ပြုလုပ်ခဲ့ပြီး အပူထိန်း အစားအစာဘူးများထဲတွင်ထည့်ကာ ယဲ့ရှီ အား ပေးခဲ့သည်။


ယဲ့ရှီ အလွန်စိတ်လှုပ်ရှားသွားပြီး ကျေးဇူးတင်ကြောင်း အလေးအနက်ပြောနေရှာလေသည်။ သူမသည် လင်းယောင်ယောင်၏ ကြင်နာမှုကို ရင်ထဲက အမှန်တစ်ကယ် ကျေးဇူးတင်လျက်ရှိသည်။


ယဲ့ဟွေကလည်း ကျေးဇူးတင်ကြောင်းပြောပြီးနောက်


 "အစ်မက မျက်နှာလေးတင်မကဘဲ နှလုံးသားလေးကလည်း လှနေတာဘဲ... အစ်မက ကျွန်တော့်  idolရဲ့ရည်းစားမဟုတ်ရင် တစ်ကယ်လိုချင်မိတယ်"


လင်းယောင်ယောင် တခစ်ခစ်ရယ်လိုက်ပြီး  "မင်း စကားကို ချိုချိုသာသာပြောရင်တောင် ဇာ့ခ်အသားလုံးကြော် မပေးဘူး… အများကြီးစားရင် မကောင်းဘူးကွ"


ထိုအခါ ယဲ့ဟွေသည် မျက်နှာကြီးသုန်မှုန်လျက်နှင့်…

  

"... အခုမစားနိုင်ရင်လည်း ညစာအဖြစ် သိမ်းထားလို့ရတယ်မလား"


ယိလန်သည် တော်ဝင်မြို့တော်နှင့် ဝေးကွာသောကြောင့် ဤနေရာတွင် အစားအသောက်ကုထုံး ပညာရှင်ဦးရေ အလွန်ရှားပါးပြီး ဇာ့ခ်အသားကိုလည်း ဘယ်သူမှ ကိုင်တွယ်ဖြေရှင်း၍မရပေ။  ဤနေရာရှိ ဇာ့ခ်အသားအများစုကို မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ထံသို့ ရောင်းချရသည်။ လူအများစုသည် အညစ်အကြေးမရှိသော D-အဆင့် ပြေးလွှားကောင်များနှင့် C-အဆင့် တွားသွားကောင်များကိုသာ စားကြရသည်။


ရှားရှု သည် ဟင်းဘူးများကို လက်ခံရရှိသောအခါ သမီးဖြစ်သူ ယဲ့ရှီ သည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ကြိမ်ဖန်များစွာ ငြီးတွားနေသောကြောင့် ဘူးအဖုံးကို ဖွင့်ကြည့်လိုက်သည်။ အစားအသောက်ဘူးများထဲက ဇာ့ခ်အသားများမှာ ကြောက်စရာ လုံးဝမကောင်းသဖြင်် စားချင်စိတ်ဖြစ်လာရ၏။ 


သူမ မြည်းကြည့်ပြီးနောက်တွင် ဟင်းလျာများသည် အရသာရှိရုံသာမက အာနိသင်လည်း အတော်လေး ကောင်းကြောင်း တွေ့ရှိခဲ့သည်။  ၎င်းသည် သူမ စားဖူးသမျှထဲတွင် အကောင်းဆုံး ဖြည့်စွက်စာဖြစ်သည်။  ပို၍အရေးကြီးသည်မှာ၊အလွန်ကောင်းမွန်သော ကုထုံးအာနိသင်လည်းရှိသည်။


ထို့အပြင်၊ S-အဆင့် ဇာ့ခ်အသားသည် ပုံမှန်ဖြည့်စွက်အစားအစာများ၏ ဆယ်ဆနီးပါး အာနိသင်ပိုကောင်းသည်။  လင်းယောင်ယောင် ပြုလုပ်သော ထူးခြားဆန်းပြားသော ဂြိုလ်သား သားရဲများ၏ အကျိုးသက်ရောက်မှုသည် သူမ လက်ရှိစားနေသော အခြားဖြည့်စွက် အစားအစာများထက်သုံးဆ၊ လေးဆပိုကောင်းသည်။


 မျိုးရိုးဗီဇဓာတ်ရောင်ခြည်သင့်ခြင်းသည် လွယ်လွယ်နှင့် ကုသ၍မရပေ။ ကုသမှု၏အရှိန်သည် ခန္ဓာကိုယ်ရှိ မျိုးရိုးဗီဇ ပျက်စီးမှုအရှိန်နှင့် အမီလိုက်နိုင်ဖို့ရာ ခဲယဉ်းလှသည်။ သို့သော် ယခုအခါ သူမမှာ ကုသဖို့ မျှော်လင့်ချက်ရှိသွားပြီဖြစ်သည်။


မှောင်ခိုဈေးကွက် သူဌေး ယဲ့ရှောင်ချင်း သည် ဇနီးဖြစ်သူမှာ လင်းယောင်ယောင် ၏ ဇာ့ခ်အသား ဖြည့်စွက် အစားအစာကို စားပြီး များစွာ သက်သာလာသည်ကို သိပြီးနောက် အလွန်ပျော်ရွှင်သွားရသည်။ သူမတို့အဖွဲ့ ယိလန်ကို ပထမဆုံးရောက်သောအခါက အိမ်သို့ မဖိတ်ကြားခဲ့ခြင်းအတွက် အနည်းငယ် နောင်တရမိသည်။


 သို့သော်လည်း လင်းယောင်ယောင် က မည်သူမည်ဝါမှန်း သိသဖြင့် သူမသည် ငွေကြေးကိစ္စကို ဂရုမစိုက်ကြောင်းလည်း သိသည်။ သူတို့သည် အတွေ့အကြုံရယူဖို့ ယိလန်သို့ ရောက်လာကြသဖြင့် ရှားရှုအတွက် စားစရာချက်ပြီး အချိန်ကုန်ခံဖို့ မဖြစ်နိုင်ပေ။


 ထို့ကြောင့် ယဲ့ရှောင်ချင်း သည် အိမ်ရှိ အစားအသောက်ကုထုံးပညာရှင်အား ဇာ့ခ်အသားကို ဖြည့်စွက်စာအဖြစ် အသုံးပြုရန် တောင်းဆိုခဲ့သည်။  သာမာန်အစားအစာကုထုံးပညာရှင်များမှ ချက်ပြုတ်သော ဟင်းများသည် လင်းယောင်ယောင် ချက်ပြုတ်သောဟင်းများ၏ ကုထုံးအာနိသင်လောက် ကောင်းမွန်ခြင်းမရှိသော်လည်း ဇာ့ခ်အသားကိုသာ ချက်ပြုတ်ပါက ထင်သလောက် အများကြီးမဆိုးရွားနိုင်ပေ။ သာမာန်တခြား ဂြိုလ်သား သားရဲများထက် အကျိုးသက်ရောက်မှုက နှစ်ဆကျော်နိုင်သည်။


ထို့ကြောင့် သူသည် ဇာ့ခ်အသား၏ ကြီးမားသော တန်ဖိုးကို ရုတ်တရက် သဘောပေါက်သွားရသည်။ ထို့နောက် သူသည် ဇာ့ခ်အသားများကို စတင်ဝယ်ယူပြီး သိုလှောင်ကာ ယိလန် တွင် အစားအသောက်ကုထုံးပညာရှင်များအား လေ့ကျင့်ပေး၍ ဇာ့ခ်အသားများကို အစားအသောက်ကုထုံးပညာရှင်များထံ မိတ်ဆက်ပေးခဲ့သည်။ အမှန်တော့ ယိလန်တွင် မျိုးရိုးဗီဇဓာတ်ရောင်ခြည်သင့်‌နေသူများမှာ တစ်ဦးတည်း မဟုတ်ပေ။ အခြားလူနာ သန်းရာနှင့်ချီ ရှိသေးသည်။


ယဲ့ရှီ သည် ထိုသတင်းကိုသိပြီးနောက် အလွန်ပျော်ရွှင်နေခဲ့သည်။ သူမသည် လင်းယောင်ယောင် အား ကျေးဇူးတင်ကြောင်း ပြောပြီး နှစ်ရက်အကြာတွင် စွန်ပြာကုန်သည်အသင်းမှ ကျင်းပသော နွေဦးလေလံပွဲအကြောင်း ပြောပြခဲ့ပြီး သွားရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ယဲ့မိသားစုမှလည်း ကျေးဇူးတင်စကားအစား ဤပွဲကိုလက်ဆောင်အဖြစ် သဘောထားကြသည်။


 ဤသည်ကို ယဲ့ရှောင်ချင်း ကလည်း သဘောတူထားခြင်းဖြစ်သည်။သို့သော်၊သူမတို့ ယိလန် မှာရှိချိန်တွင်၊ ရှားရှု အတွက် ဖြည့်စွက်စာများ ချက်ပေးမည်ဆိုသော ကတိစကားကိုလည်း သူက တောင်းဆိုထားသည်။သူမတို့ ထွက်သွားပြီးနောက် သိုလှောင်သိမ်းဆည်းရန် အဆင်ပြေသော ဖြည့်စွက်စာအချို့ကို ချန်ထားရမည်လည်း ဖြစ်သည်။ အမှန်တော့ ရှားရှု၏ ရောဂါသည် ဖြည့်စွက်စာ တစ်မျိုး၊နှစ်မျိုးတည်းစားရုံဖြင့် မပျောက်နိုင်ပေ။


စစ်ရေးလေ့ကျင့်မှုနှင့် ကွင်းဆင်းအတွေ့အကြုံရယူနေစဥ်အတွင်း ယဲ့ရှီ သည် သူမအား အန္တရာယ်အမျိုးမျိုးထံ မှကာကွယ်ခဲ့သည်ကို လင်းယောင်ယောင် သိနေသည်။ ထို့ကြောင့် သူမလည်း အဆုံးထိ ကူညီချင်မိသဖြင့် သေသေချာချာ စဉ်းစားပြီးနောက်


"SS-အဆင့် ဇာ့ခ်အသားက ပိုထိရောက်တယ်… ဖြစ်နိုင်ရင် စျေးကွက်ထဲက SS-အဆင့် ဇာ့ခ်အသားတွေကို အာရုံစိုက်ပေးဖို့ နင့် အဖေကို ပြောလိုက်ပါ…တစ်ကယ်တမ်းကျ သိမ်းဆည်းလို့ရတဲ့ ဖြည့်စွက်အစားအစာတွေက အချိန်အတော်ကြာအောင် ထားရင် အကျိုးသက်ရောက်မှု က နည်းနည်းလေး လျော့သွားတတ်တယ်…ငါတို့ ဧကရာဇ်မြို့တော် သို့ ပြန်သွားလို့ အဆင်ပြေရင် သူမကို ဟိုကို လာခိုင်းလို့ရတယ်လေ… ဒါဆို သူမ နေ့တိုင်းစားဖို့အထိ ငါမကူညီနိုင်ရင်တောင် အနည်းဆုံး SS-အဆင့် ဇာ့ခ်အသားကိုသုံးပြီး ဖြည့်စွက်အစားအစာတွေ လုပ်ပေးနိုင်ပါတယ်...  အဘိုးနဲ့အဘွားအတွက်လည်း ငါ ဒီလိုလုပ်ခဲ့တာပဲ"


ထို့နောက် ယဲ့ရှီ က သူမအား ကျေးဇူးတင်စိတ်ဖြင့် ဝန်ပိနေမှာစိုး၍  လင်းယောင်ယောင် သည် မှောင်ခိုဈေးကွက်လေလံပွဲအတွက် ဖိတ်ကြားချက်ကို သဘောတူခဲ့သည်။


  "အင်း...လေလံပွဲကို သွားကြမယ်လေ"


သူမ ကိုယ်တိုင်ကလည်း မှောင်ခိုဈေးကွက် လေလံပွဲ၏ ဒဏ္ဍာရီလာဖြစ်တည်မှုကို အလွန်သိချင်နေသူတစ်ဦးပင်။အရာရာကို ကိုယ့်မျက်စိနှင့်ကိုယ် မြင်ချင်မိသည်။


 စွန်ပြာကုန်သည်အသင်း ပိုင်ဆိုင်သော ယခုနှစ်၏ အကြီးမားဆုံး လေလံပွဲကျင်းပသည့်နေ့တွင် စတားချောလေးများ အဖွဲ့သည် ကောင်းကောင်းအနားယူရန်အတွက် အပြာရောင်အိုင်းရစ်ဟိုတယ်သို့ ပြန်သွားခဲ့သည်။ ဟိုတယ်ရှိ မီးဖိုခန်းသည် အတော်လေးကျယ်ဝန်းသောကြောင့် လင်းယောင်ယောင် သည် ဇာ့ခ်အသားများနှင့် ဂြိုလ်သား သားရဲများကို အရသာရှိရှိ ချက်ပြုတ်ခဲ့သည်။


အားလုံး မစားခင် ချောင်းမင်ယောင် က  မေးလိုက်သည်။


"ယဲ့ဟွေ ရဲ့အမေအတွက် ချန်ထားသေးလား"


လင်းယောင်ယောင် ကို ထူးထူးခြားခြား ဂရုစိုက်ပေးနေသည့် ‌သူ့ကိုစိုက်ကြည့်ရင်း


"အင်းလေ သူမအတွက်လည်း တစ်ချို့ ချန်ထားတယ်… အခုတစ်လော နင် ဘာဖြစ်နေတာလဲ… ယဲ့ရှီရဲ့အမေကို အရမ်း စိတ်ပူနေတယ်"


သူငယ်ချင်းလေး ယဲ့ဟွေ က ချောင်းမင်ယောင် ကို ပြောလိုက်လေသည်။


"ကျွန်တော့်အမေက အရမ်းလှပေမယ့် သူမမှာ အဖေရှိတယ်…အစ်ကို့ကို မကြိုက်ဘူး…မေ့လိုက်တော့"


ကျောက်ချင်းယွင် ပင်လျှင် ချောင်းမင်ယောင် နှင့် ယဲ့ရှီ ကြားတွင် တစ်ခုခုမှားနေသည်ကို မြင်ရသဖြင့် စနောက်လိုက်သေးသည်။  


"သူငယ်ချင်းလေး… မင်း ယဲ့ရှီကိုများ ကြိုက်နေတာလား"

 

ထိုအခါ ချောင်းမင်ယောင် က ချက်ချင်း မျက်နှာကြီးနီရဲပြီး တုံ့ပြန်လိုက်သည်။ 


 "မင်းက ဘာတွေ လျှောက်ပြောနေတာလဲ…ဒီလိုယောကျာ်းဆန်တဲ့မိန်းကလေးကို ငါက ဘာလုပ်ရမှာလဲ" 


ဝေ့ယွမ် ကလည်း တွေးဆဆ ဆိုလာ၏။


"စကားကို အများကြီး မပြောနဲ့...တော်ကြာ ပြီးမှ ကိုယ့်စကားနဲ့ကိုယ် ခံနေရဦးမယ်"


ယဲ့ရှီ သည် သူမအဖေ၏ လူတစ်ယောက်အား ဟင်းလျာများပေးပြီး ပြန်လာသောအခါတွင် ချောင်းမင်ယောင် သည် သူမအား ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်ကိုတွေ့ရပြီးနောက် နှုတ်ခမ်းကို အတင်းကိုက်ထားလိုက်သည်။ သူမကို ဘယ်လောက်ပဲ နောက်ပြောင်နေပါစေ၊ သူနှင့် သိပ် စကားမပြောဖြစ်ပေ။သူ့ဘက်ကလည်း သူမကို စမခေါ်ပေ။


ယိလန် ၏ မှောင်ခိုဈေးကွက်လေလံပွဲသည် အမှန်တစ်ကယ်ပင် ခမ်းနားလွန်းလှသည်။ တည်နေရာသည် လင်းယောင်ယောင်၏ စတိုင်နှင့်လည်း ကိုက်ညီ၍ အလွန်ကျယ်ဝန်းသော ကုန်တိုက်တစ်ခု၏ ဒုတိယနှင့် တတိယထပ်တွင်ရှိပြီး တစ်ချိန်တည်းတွင် လူထောင်ပေါင်းများစွာ လာရောက်လည်ပတ်နိုင်သည်။


သို့ရာတွင်၊ ကြီးကြီးမားမား အထောက်အထားများ သို့မဟုတ် နည်းလမ်းများမရှိဘဲ ယိလန်ရှိ သာမန်လူများသည် ဤလေလံတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီချေ။


လင်းယောင်ယောင် နှင့် အခြားသူများသည် ထိပ်တန်းစိန်တုံးဖြူ ဖိတ်စာတစ်စောင်ကို ရရှိခဲ့သည်။  ယဲ့ရှီကလည်း သူမတို့ကို ကိုယ်တိုင်ကိုယ်ကျ ပို့ပေးသည်။ 


စွန်ပြာကုန်သည်အသင်းမှ ကျင်းပသော မှောင်ခိုဈေးကွက်လေလံပွဲတွင် ကုန်ပစ္စည်းအများအပြားကို ပွင့်လင်းမြင်သာစွာရောင်းချသော်လည်း၊ ကျွန်များနှင့်စစ်ဘက်ဆိုင်ရာ အာကာသယာဉ်များကို လေလံတင်ရောင်းချနိုင်သည့် မဟူရာကြယ်ပွင့်မဟာမိတ်ရှိ လေလံပွဲကဲ့သို့ပင် အထိန်းအကွပ်မဲ့ပြီး မရိုးသားကြပေ။ ဤနေရာတွင် လေလံပွဲအတွက် ထိန်းချုပ်ထားသော လက်နက်များ ရှိသော်လည်း ၎င်းတို့သည် စစ်တပ်မှ ထုတ်ပယ်ထားသည့် တစ်ပတ်ရစ်  ပစ္စည်းများဖြစ်သည်။ 


အခြားထိန်းချုပ်ထားသော ကုန်ပစ္စည်းများသည်လည်း ရှားပါးပြီး ဝယ်သူများနှင့် ရောင်းချသူများ၏ လျှို့ဝှက်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ လေလံတင်ရောင်းချသည့် ပစ္စည်းများထဲမှ တစ်ခုမှာ ဆန်စေ့အရွယ် အိပ်မက်ကြယ်ပွင့် ကျောက်တုံးဖြစ်ပြီး ၎င်းသည် အကြမ်းထည် ကျောက်မျှသာဖြစ်သော်လည်း သိန်း 50ဖြင့် ရောင်းချထားသည်။


ထိုကျောက်ကို မြင်သောအခါ လင်းယောင်ယောင် အံ့သြသွားပြီး ယဲ့ရှီအား လေသံတိုးတိုးဖြင့် မေးလိုက်၏။


 "အချင်း 8 မီလီမီတာလောက်ရှိတဲ့ အနီရောင် အိပ်မက်ကြယ်ကျောက်တုံးဆိုရင် ဘယ်လောက်ကျမလဲဟင်..."


ယဲ့ရှီလည်း မသိပုံဖြင့် သူမဘေးနားရှိ ယဲ့ဟွေ လေးကိုမေးလိုက်၏။


 "မင်းပြောလေ"


ယဲ့ဟွေ သည် ငယ်ရွယ်သော်လည်း အလွန်တန်ကြေးရှိသည့် ဤရတနာမျိုးကို မြတ်နိုးသူဖြစ်သည်။  


“အနီရောင်က အိမ်မက်ကြယ်ကျောက်တွေထဲမှာ အရှားပါးဆုံးဆိုတော့ ဈေးနှုန်းကလည်း အတော်လေးမြင့်ပါတယ်…နောက်ပြီး သန့်ရှင်းစင်ကြယ်မှု၊ ပုံသဏ္ဍာန် အပျက်အစီး ရှိမရှိ အဲ့တာတွေပေါ်မှာ မူတည်ပါတယ်… အကြမ်းဖျဉ်း ခန့်မှန်းချက်ကတော့ သိန်းနှစ်ရာကနေ သုံးရာအထိ ရှိနိုင်ပါတယ်…  အရမ်းကို သန့်ရှင်းတယ် ဆိုရင်တော့အနည်းဆုံး 4ဘီလီယံ ကနေ 5ဘီလီယံအထိ ကုန်ကျမှာပါ… ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်း၊ ဆောင်းဦးလေလံပွဲတုန်းက ကျွန်တော်တို့ရဲ့ စွန်ပြာကုန်သည်အသင်း ကလေ ပိုင်ကျား လေလံပွဲမှာ ယွမ်သန်း 520 တန်ဖိုးရှိ အနီရောင်အိပ်မက်ကြယ်ကျောက်ကို မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ကို ရောင်းချခဲ့ပါတယ်"


လင်းရွှမ် သည် ယမန်နှစ် သြဂုတ်လကုန်တွင် ဧကရာဇ်မြို့တော်သို့ ပြန်မလာသေးချေ။ တိုက်ပွဲမရှိသောအခါတွင် သူသည် ပိုင်ကျား၏ အဓိကကြယ်ပွင့်တွင် တပ်စွဲထားလေ့ရှိသည်။ ယဲ့ဟွေ ပြောသည့် အချိန်၊ နေရာနှင့် ဝယ်သူအားလုံးမှာ လိုက်ဖက်ညီလျက်ရှိသည်။

 

တစ်နည်းအားဖြင့် လင်းရွှမ် က ဘာမှ မပြောဘဲ သူမကို ပေးလိုက်သည့် အနီရောင် လကြာပန်းနားကပ်မှာ ကျောက်အကြမ်းကပင် သန်း520 တန်နေလေသည်။ သို့သော်၊ နာရီဝက်လောက်ကြာအောင်ဝတ်ခဲ့သည့် ပထမဆုံးနေ့ကလွဲလျှင် သူမသည် အာကာသခလုတ် ထဲမှာသာ သိမ်းထားပြီး ဘာမှမလုပ်ဘဲထားခဲ့၏။


တွန့်ဆုတ်နေသော်လည်း ဝေ့ယွမ် က သက်ပြင်းချလျက်။


"ညီမရဲ့ လင်းပိုက SS-အတန်းအစား စိတ်ကြိုက်ဒီဇိုင်း လုပ်ထားတဲ့ မက်ခါလေ… အဲဒါကို လုပ်တဲ့နေရာမှာ သုံးတဲ့ ကုန်ကြမ်းတွေကလည်း အကုန် အကောင်းဆုံးတွေချည်းပဲ…ဂရန်းမာစတာဆိုဖီယာက ဒီဇိုင်းထုတ်ပြီး တည်ဆောက်ခဲ့တာ.. သူ့စျေးနှုန်းဆိုရင် အိပ်မက်ကြယ်ကျောက်နားကပ်လေးနဲ့ ယှဉ်လို့တောင်မရဘူး"


ဝေ့မိသားစုသည် လင်းယောင်ယောင် ကို ကြင်နာသနားပြီး လက်ဆောင်များစွာကို ရက်ရက်ရောရော ပေးသော်လည်း လင်းရွှမ် ၏ လက်ဆောင်များနှင့် နှိုင်းယှဉ်ပါက ဘာမှ မပြောပလောက်သေးပေ။


လင်းယောင်ယောင် ရုတ်တရက် ဝိုးကနဲဖြစ်သွားရသည်။သူမ၏ အာကာသခလုတ်ရှိ အဖိုးတန်အရာများသည် ခရက်ဒစ်တစ်ဘီလီယံကျော်တန်ဖိုးရှိကြောင်း တွေးမိသောအခါ၊ စင်များပေါ်ရှိ ရတနာများသည် ဆွဲဆောင်မှုမရှိတော့သလို  သူမ ခံစားခဲ့ရသည်။သို့သော် ယဲ့ရှီ သည် သူမအား ကျေးဇူးဆပ်ရန် ကျန်‌သေးသည်ဟု မခံစားမိစေရန်အတွက် အလွန်အရသာရှိပြီး အာဟာရတန်ဖိုးမြင့်မားသည်ဟု ဆိုနိုင်သည့် အဆင့်-6 ငါးကြီးဆီငါးကို သူမ ရွေးချယ်ခဲ့သည်။ ထို့အပြင်၊ သူမသည် အဆင့်မြင့် အိမ်မွေးအပင်အတွက် အသုံးအဆောင်ပစ္စည်းများကို စုစုပေါင်း ယွမ် သန်း 50 ခန့်ဖြင့် ရရှိခဲ့သည်။


သူမသည် ယဲ့ရှီ ၏မိခင်အတွက် ဖြည့်စွက်အစာပြုလုပ်ရန် ဤပါဝင်ပစ္စည်းအများစုကို အသုံးပြုမည်ဖြစ်ပြီး အိမ်ရှိ အဘိုးနှင့်အဘွားဝေ့အတွက်လည်း အချို့ကို သိမ်းထားမည်ဖြစ်သည်။ သူတို့၏ ကျန်းမာရေးက အများကြီး ပိုကောင်းလာသော်လည်း ပိုပြီး ပြုပြင်ပြောင်းလဲဖို့ လိုနေသေးသည်။


ယဲ့ရှီ က ကူကယ်ရာမဲ့ပြောလိုက်သည်။


 "တစ်ကယ်တော့ ငါတို့မှာ ငါးကြီးဆီငါး  စုစုပေါင်း ငါးကောင်ရှိတယ်… ငါ့အဖေက ငါ့အမေအတွက် နှစ်ကောင်ချန်ထားပြီး နင့်ကို နှစ်ကောင်ပေးချင်တာ… ဒါကြောင့် လေလံတင်ဖို့ တစ်ခုပဲ ထားထားတာ..ဒါပေမယ့် နင် ကြိုက်တယ်ဆိုတော့ သုံးခုလုံး ဟင်းချက်လိုက်ပေါ့"


ထို့နောက် ယဲ့ရှီက အရည်အသွေးမြင့် ပစ္စည်းများသည် သူမတို့အတွက် မရှားပါးကြောင်း ပြောလာသောအခါ သူမလည်း လက်ခံလိုက်၏။ထို့နောက် သူမသည် ဟင်းချက်ရာတွင်သုံးသော ပါဝင်ပစ္စည်းများကို စုဆောင်းရတာ နှစ်သက်ကြောင်း ယဲ့ရှီ သိသောအခါ အဆင့်မြင့် အသားများ၊ အပင်ဖြည့်စွက်စာများနှင့် ဆေးဖက်ဝင်ပစ္စည်းများကို နောက်ပိုင်းတွင် လေလံတင်ရောင်းချရန် ဖခင်ဖြစ်သူအား ပြောလိုက်သေးသည်။ ယခုလည်း ယဲ့ရှီသည် သူမလိုချင်တာမှန်သမျှကို အကုန်ပေးနေသေးသည်။ ထို့အပြင် သွေးစပျစ်နွယ်ပင်၏ ဗီဇပြောင်းလဲမှုကို မြှင့်တင်ပေးပြီး သရေစာအဖြစ် သုံးဆောင်နိုင်သော သွေးသလင်းကျောက်ကိုလည်း ပေးခဲ့သည်။


လေလံပွဲအပြီးတွင် လင်းယောင်ယောင်၏ အာကသခလုတ်ထဲမှာလည်း ပါဝင်ပစ္စည်းများနှင့် ပြည့်နေတော့သည်။ လေလံဈေးအရ စုစုပေါင်းတန်ဖိုးမှာ သန်း 200 နီးပါးရှိမည်ဟု ခန့်မှန်းရသည်။ထို့ကြောင့် ပြန်ကျေးဇူးဆပ်သည့်အနေဖြင့် သူမသည် ဇာ့ခ်အသားအနည်းငယ်ကို မဒမ်ယဲ့ အတွက် ချက်ဖို့ စဉ်းစားလိုက်မိသည်။ ယဲ့ရှီက ပြောလာသည်။


 "ဒါတွေက ဘာမှမဟုတ်ပါဘူး…နင် အရင်ကလုပ်ခဲ့တဲ့ SS အဆင့် ဇာ့ခ်အသားတွေအားလုံးကို ငါစားခဲ့တာမလား...S အဆင့်အောက်ကိုဆို တစ်ခါမှ မစားခဲ့ဖူးဘူး…ပြီးတော့ပိုက်ဆံလည်း မပေးခဲ့ဖူးဘူး"


ယဲ့ဟွေ ပင်လျှင် ပြောလာသည်။


 "ဒီရက်ပိုင်း ကျွန်တော်ဆို တစ်ခါမှ လျှော့စားတယ်ဆိုတာမရှိဘူး…အမြဲတမ်း အများကြီးစားတာ...ဒါကို စားစရိတ်ပေးတယ်လို့ သ‌ဘောထားလိုက်ပါနော်…ဒါကို ဘာမှ မယူရင် ကျွန်တော်တို့ကို အထင်သေးလိုက်တာပဲ"

 

ယဲ့မိသားစုသည် ရိုးသားမှုအပြည့်ရှိသော်လည်း လင်းယောင်ယောင်သည် အလကားလက်ခံရန် ငြင်းဆိုခဲ့ပြီး မဒမ်ယဲ့ အတွက် ဖြည့်စွက်စာ ကျွေးမည်ဖြစ်ပြီး နောင်တွင်လည်း ပိုမိုအားစိုက်ထုတ်၍ ချက်ပေးမည်ဟု ပြောလိုက်သည်။


လေလံပွဲပြီးဆုံးပြီးနောက်၊ စတားချောလေးများ အဖွဲ့သည် လေလံခန်းမမှ ထွက်လာသောအခါ ရှော့ပင်းမောလ်အပြင်ဘက်တွင် လုံးဝ ရောက်ယက်ခတ်နေကြောင်း တွေ့ရှိခဲ့သည်။  အရပ်သားအများအပြားသည် အော်ဟစ်ပြီး ကုန်တိုက်ထဲတွင် ဝင်ပုန်းနေခဲ့ကြသည်။


 လွန်ခဲ့သော ဆယ်မိနစ်က ယိလန်တွင် တောရိုင်းဇာ့ခ်များသည် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသည်။ လွန်ခဲ့သောငါးမိနစ်ခန့်က မြို့ကြီးများကိုပင် ကြီးမားသော ဇာ့ခ်များ တိုက်ခိုက်ခဲ့သည်။ ပိုကြောက်စရာကောင်းသည်က ဤဇာ့ခ်များမှာ မူးယစ်ဆေးသောက်ထားကြသလိုပင်။  သူတို့သည် အတော်ရိုင်းစိုင်းနေပြီး တိုက်ခိုက်ရေး စွမ်းအားကလည်း ခါတိုင်းထက် နှစ်ဆ ပိုများပေသည်။


မကြာမီ SS အတန်းအစားဇာ့ခ်များဖြစ်ကြောင်း ဥဩသံသည် ပိုင်မြို့တစ်ခွင် ကျယ်လောင်လာသည်။


ယိလန် သည် အန္တရာယ်များနေကြောင်း ထင်ရှားနေသဖြင့် လင်းယောင်ယောင်၏ နှလုံးသားသည် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုဖြင့် ရက်စက်စွာ တုန်လှုပ်သွားသည်။


 'SSS အဆင့် ဇာ့ခ်ဘုရင်မ… ဒီအချိန်မှာတော့ မဖြစ်သင့်ဘူး မဟုတ်လား'


လင်းရွှမ် သည် ယခင်က သူမပေးပို့ခဲ့သည့် သတိပေးစာကို လက်ခံရရှိခြင်း ရှိ၊ မရှိ သူမ မသိသေးချေ။


ထိုစဉ် အဖွဲ့ခေါင်းဆောင် ဝေ့ယွမ် က ချက်ချင်း အမိန့်ထုတ်လိုက်သည်။


"ယဲ့ရှီ က ယဲ့ဟွေ ကို ကာကွယ်ပေးပြီး ချောင်းလေး က ကင်းလှည့်တာကို ကူညီပေး… ကျောက်ချင်းယွင် နဲ့ ငါက ယောင်ယောင် ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်… ကုန်တိုက်က ထွက်သွားတာနဲ့ ငါတို့ရဲ့မက်ခါကို ချက်ချင်း ခေါ်ရမယ်  ...”



xxxxx