အခန်း၁၂၅
Viewers 12k

Chapter 125

(လက်စားချေမှု)


ကုန်တိုက်အပြင်ဘက်ရှိ လမ်းများကို ဇာ့ခ်များက လွှမ်းခြုံထားသည်။  ဤအရူးအမူး ရုန်းရင်းဆန်ခတ်အခြေအနေတွင် လူသားတို့၏သေနိုင်စွမ်းသည် ပုံမှန်ထက် နှစ်ဆပိုများသည်။ သာမာန်အရပ်သားများသည် သူတို့ကို ထိန်းကျောင်းလို့မရချေ။ ယိလန်မှာရှိသူ တော်တော်များများမှာလည်း မျိုးရိုးဗီဇ ဓာတ်ရောင်ခြည်သင့်နေကြပြီး တိုက်ခိုက်ရေး စွမ်းအားလည်း မရှိကြပေ။ ဒေသခံများသည် အထိတ်တလန့်ဖြစ်၍ အနီးနားရှိ ကုန်တိုက်များနှင့် စတိုးဆိုင်များတွင် ပုန်းအောင်းလာကြသည်။


တိုက်ရန်ကြိုးစားသော်လည်း စွမ်းအင် လုံလောက်မှု မရှိသူများသည် ဤကြမ်းတမ်းသော ဇာ့ခ်များ၏လွှမ်းမိုးခြင်းကိုခံခဲ့ရသည်။ ခြေလက်များ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာနယ်ပယ်တွင် တိုက်ခိုက်ခံရပါက အတော် ‌အခြေအနေ ကောင်းမွန်သည်ဟု ယူဆထားရသည်။ အနည်းဆုံးတော့ သူတို့အသက် မသေသေးပေ။နောက်ဆုံးတွင်၊ လူအတော်များများသည် ဇာ့ခ်များ၏ ရိက္ခာများဖြစ်လာခဲ့၏။


ယခင်တိုက်ခိုက်မှုနှင့်မတူဘဲ လူ့အသားနှင့်အသွေးကို ဤဇာ့ခ်များသည် အပြင်းအထန် ဆာလောင်နေကြသည်။  ထို့အပြင် ပန်းများ၊ အပင်များနှင့် ကျောက်တုံးများ အပါအဝင် စွမ်းအင်ရှိသော အရာအားလုံးကို စားကြသည်။  


ယခုလို သွေးထွက်သံယိုနှင့် ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းကို အနီးကပ်မြင်ပြီးနောက်၊ ချောင်းမင်ယောင် သည် ယဲ့ဟွေ ၏မျက်လုံးများကို ဖုံးဖို့လက်ပြင်လိုက်သည်။ သို့သော် ယဲ့ဟွေ က သူ့လက်ကို တွန်းဖယ်လိုက်ပြီး သူ့အသံက တုန်နေသော်ငြား


 "ကျွန်တော် မကြောက်ဘူး…ကျွန်တော်က ယောက်ျားပဲ"


ယဲ့ရှီ သည် သူ့မောင်လေးကို ကုန်တိုက်မှာ တစ်ယောက်တည်းထားခဲ့ဖို့ စိတ်ပူနေခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဇာ့ခ်တိုက်ခိုက်မှုအဆင့်ဖြင့်၊ အရေးပေါ် တည်းခိုရာနေရာ တစ်ခုမှာ နေလျှင်ပင် 100% ဘေးကင်းမည်မဟုတ်ပေ။ထို့ကြောင့် သူမသည် ယဲ့ဟွေ အား သူမ၏ မက်ခါဘေးကင်းရေးအခန်းထဲသို့ လာရန် ပြောလိုက်သည်။


ချောင်းမင်ယောင် သည် ယဲ့ဟွေကို သူ ခေါ်သွားပေးမည့်အကြောင်း ယဲ့ရှီကို ပြောချင်နေရသည်။ အကြောင်းမှာ၊သူ့မက်ခါအဆင့်က SS ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း ယဲ့ရှီ ထက် ပိုမြင့်‌ေလသည်။သို့သော်၊ သူပြောလိုက်လျှင် ယဲ့ရှီက သူမ အရည်အချင်းကို အထင်သေးသည်ဟု ခံစားရလိမ့်မည်။ ထို့နောက် သူမ၏ တိုက်ခိုက်ရေး ထိရောက်မှုက သူ့ထက် ပိုအားကောင်းကြောင်း သက်သေပြရန် ကြိုးစားတော့မည်၊ ဆိုလိုသည်မှာ သူမသည် ခါတိုင်းထက် ပိုပြင်းထန်စွာပင် ပြိုင်ဘက်နှင့် ကမူးရှူးထိုး ရင်ဆိုင်ပစ်နိုင်သည်။ ထို့ကြောင့် သူ ပါးစပ်ကို မဟ,ဘဲ နေလိုက်သည်။


လင်းယောင်ယောင်သည် ဇာ့ခ်များ၏ မျက်လုံးများသည် အနီရောင်သွေးများဖြင့် ပြည့်နှက်နေသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ဤပြင်းထန်သော ဇာ့ခ်များ၏နောက်ကွယ်တွင် SSS ဇာ့ခ်ဘုရင်မရှိမည်မှာ ချက်ချင်းသေချာသွားခဲ့သည်။


 SSS အဆင့် ဇာ့ခ်ဘုရင်မတွင် အထူးစွမ်းရည်များရှိသည်။ ၎င်းသည်ဇာ့ခ်အားလုံးကို သတ်မှတ်ထားသော အကွာအဝေးထက် ပိုသွားနိုင်အောင် လုပ်နိုင်ရုံသာမက ၎င်း၏ စိတ်ပိုင်းဆိုင်ရာ လှိုင်းများတစ်ဝိုက်ရှိ ဇာ့ခ်များအားလုံး၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း နှစ်ဆတိုးလာမည်ဖြစ်သည်။


 သို့သော်လည်း အခြေအနေက အလွန်အရေးတကြီးဖြစ်နေသဖြင့် လင်းယောင်ယောင် အလွန်အမင်းမတွေးနိုင်ခဲ့ပေ။ လမ်းဖွင့်ဖို့ သူမရှေ့မှာ 012ကို လွှတ်လိုက်ရုံပင်။ ထို့နောက် သူမသည် အာကာသခလုတ်ရှိ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကို ဖြည့်ဆည်းပေးသည့် အချိုရည်အချို့ကို သူငယ်ချင်းများထံ အမြန်ပေးလိုက်သည်။ထို့နောက် ကုန်တိုက်မှ ထွက်သွားလိုက်လျှင်၊ လူတိုင်းသည် သူတို့၏ လက်နက်များကိုဆင့်ခေါ်နေကြကြောင်း တွေ့လိုက်ရသည်။ ကွင်းဆင်းခြင်းအတွေ့အကြုံကို တစ်ပတ်ကြာ တွေ့ကြုံပြီးနောက်၊သူမသည် ဇာ့ခ်အမျိုးမျိုး၏ အားနည်းချက်များနှင့် ရင်းနှီးလာရသည်။ ယခု သူမသည် အသင့်တော်ဆုံးသော အင်အားပမာဏဖြင့် ဇာ့ခ်အများအပြားကို သတ်နိုင်ပြီဖြစ်သည်။


သို့သော်၊  အကျိုးမရှိချေ။  SSS အဆင့်ဇာ့ခ်ဘုရင်မသည် ဤနေရာတွင် ရှိနေသရွေ့ ဤအဆင့်နိမ့် ဇာ့ခ်များသည် မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်တော့‌ေပ။ SSS အဆင့် ဇာ့ခ်ဘုရင်မသည် မိနစ်တိုင်း မရေမတွက်နိုင်သော ဥများ ပေါက်ဖွားနိုင်သည်။ ဇာ့ခ်ဥများသည် ၎င်းတို့ပတ်ဝန်းကျင်တွင် ရရှိနိုင်သော စွမ်းအင်အားလုံးကို လောဘကြီးစွာ စုပ်ယူပြီး D အဆင့်မှ SS အဆင့်သို့ရောက်ရန် အနာရီအနည်းငယ်သာ ကြာနိုင်၏။


လက်ရှိဇာ့ခ်တိုက်ခိုက်မှုသည် ဧကရာဇ်မြို့တော် ကြုံတွေ့ခဲ့ရသည့် ဒုတိယ ဇာ့ခ်တိုက်ခိုက်မှုထက် အဆပေါင်း ထောင်နှင့်ချီ၍ ကြောက်စရာကောင်းသည်။  သို့သော်လည်း ယိလန်၏ ကာကွယ်ရေးအင်အားသည် ဧကရာဇ်မြို့တော်ထက် အဆပေါင်းများစွာ နည်းပါးသည်။ လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးကလည်း မျိုးရိုးဗီဇဓာတ် ရောင်ခြည်ရောဂါသင့်များ အားနည်းသောအုပ်စုများလည်း ရှိသည်။


 တစ်နာရီ ၊ နှစ်နာရီကြာ သတ်ပြီးနောက်  ဇာ့ခ်များသည် လျော့နည်းသွားရုံသာမကဘဲ တိုးပွားလာသည်ကို တွေ့ရှိခဲ့သည်။ဇာ့ခ်ဒီရေသည် အဆုံးမရှိသော်လည်း တိုက်ပွဲဝင်တစ်ဦးစီ၏ စိတ်ပိုင်းဆိုင်ရာနှင့် ကာယကြံ့ခိုင်မှုမှာ အကန့်အသတ်ရှိသည်။


ဇာ့ခ်များ၏ ရက်စက်ကြမ်းကြုတ်သော အင်အားသည် ရှော့ပင်းမောလ်များရှိ ဈေးဆိုင်အများအပြား၏ နံရံများနှင့် ပြတင်းပေါက်များကို ဖြိုခွင်းခဲ့သည်။  ကံကောင်းစွာပင်၊ယိလန်သည် မူလက ဂြိုလ်သားရဲများကို အမြဲ တိုက်ခိုက်ရသည်။ထို့ကြောင့်၊  ဂြိုလ်သားတိရိစ္ဆာန်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများမဖြစ်ပွားစေရန်အတွက် ကုန်တိုက်ရှိ  မြေအောက်တွင် အရေးပေါ်ကယ်ဆယ်ရေးစခန်းများရှိပြီး လျှို့ဝှက်လမ်းများစွာလည်း ရှိသည်။ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းများတွင် သံမဏိဖြင့်ပြုလုပ်ထားသော အကာအကွယ်နံရံများစွာလည်းရှိသည်။


ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဇာ့ခ်အရေအတွက်မှာ  တိုက်ခိုက်ရေးစွမ်းအားကလည်း နှစ်ဆတိုးလာကြောင်း ဝေ့ယွမ် သတိပြုမိသည်။ စစ်သည်များက သူတို့ကို ဆက်မသတ်နိုင်တော့ချေ။ထို့နောက် ဝေ့ယွမ် သည် အဖွဲ့ချန်နယ်တွင် လင်းယောင်ယောင် နှင့် ယဲ့ရှီ အား မက်ခါစွမ်းအင်များ ကုန်ဆုံးသွားပါက သို့မဟုတ် ကြီးကြီးမားမား အကျပ်အတည်းတစ်ခု ခံစားရပါက၊ အရေးပေါ်ကယ်ဆယ်ရေးစခန်းသို့ ပြန်သွားရန် ပြောလိုက်သည်။


ယဲ့ရှီနှင့် လင်းယောင်ယောင်တို့မှာ ပါးစပ်ကသာ သဘောတူလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ ဇာ့ခ်များကို မက်ခါများနှင့် သတ်နေဆဲဖြစ်၏။  ရန်သူကို အဆက်မပြတ် သတ်ဖြတ်နေသည့်အပြင် လင်းယောင်ယောင် သည် လုလင်း အရေးပေါ် ဆက်သွယ်ရေးကိရိယာဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ပိုင်မြို့တစ်ခုလုံး၏ အချက်ပြမှုကို မမြင်နိုင်သော အကာအရံများဖြင့် ဖုံးအုပ်ထားပုံရသည်။ မက်ဆေ့ချ်က လုံးဝ မပို့နိုင်ဖြစ်နေ၏။


ထို့နောက် SSS အဆင့် ဇာ့ခ်ဘုရင်မ၏ စိတ်စွမ်းအင် သံလိုက်စက်ကွင်းတွင် ဆက်သွယ်ရေး အချက်ပြမှုများ၏ လျှပ်စစ်သံလိုက်လှိုင်းများကို ကာကွယ်ပေးထားသည့် လုပ်ဆောင်ချက်တစ်ခု ရှိသည်ကို ရုတ်တရက် သူမ သတိရမိသည်။


 SSS တန်းစား ဇာ့ခ်ဘုရင်မသည် မွေးဖွားလာစက၊ အတော်လေး နုနယ်သေးသည်။ ယိလန် တစ်ခုလုံး၏ အချက်ပြစနစ်ကို အကာအကွယ် မပေးနိုင်လောက်ပေ။ ထို့ကြောင့်၊အချိန်နှင့်တစ်ပြေးညီ စစ်ဘက်ဆိုင်ရာ သတင်းထုတ်လွှင့်မှုမှ ပိုင်မြို့၊ အနီးနားရှိ ကျီမြို့နှင့် တန်ယိမြို့တို့ကို ဇာ့ခ်လှိုင်းဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရကြောင်းကို သတင်းပေးပို့လာသည်။ ယိလန်တွင် မြို့ကြီးခုနစ်မြို့ရှိပြီး ဆိုလိုသည်မှာ ဇာ့ခ်ဘုရင်မသည် ဂြိုလ်၏ ထက်ဝက်နီးပါး လွှမ်းခြုံထားပြီးဖြစ်သည်။


အခြေအနေက ဆက်လက်ဆိုးရွားလာပါက ဤဇာ့ခ်အရေအတွက်သည် လျော့နည်းသွားမှာ မဟုတ်ပေ။ထိုအပြင် ဇာ့ခ်များသည် လူသားများကို စားနေချိန်မှာ၊သူတို့ ရရှိသွားသော စွမ်းအင်များအား SSS ဇာ့ခ်ဘုရင်မထံ ကို စိတ်စွမ်းအင်လှိုင်းပုံစံအဖြစ် ပို့ပေးနေခြင်းပင်။ ထို့ကြောင့်  SS အဆင့်ဇာ့ခ်များသည် SSS အဆင့်ဇာ့ခ်ဘုရင်မအတွက် စွမ်းအင်ဖူလုံစေသော အစားအစာများကိုလည်း ဆက်လက်ရှာဖွေနေမည်ဖြစ်သည်။ ထိုအခါ ဇာ့ခ်ဘုရင်မသည်လည်း စွမ်းအင်ပိုမိုရရှိကာ ဥများ ပိုမိုဥနိုင်မည်ဖြစ်သည်။နောက်ပိုင်းမှာ မူလဝတ္ထုတွင် ဖော်ပြထားသည့်အတိုင်းပင်၊ ယိလန် တစ်ခုလုံးသည် SSS အတန်းအစား ဇာ့ခ်ဘုရင်မအတွက် ငယ်ရွယ်သောအဆင့်မှ အရွယ်ရောက်ပြီးအဆင့်အထိ အာဟာရဖြစ်လာနိုင်သည်။


လင်းယောင်ယောင် သည် သူမ၏ နှလုံးသားထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသော်လည်း သူမ မျက်နှာမှာ ငြိမ်သက်နေခဲ့သည်။ထို့နောက် အဖွဲ့ချန်နယ်တွင် SSS အဆင့် ဇာ့ခ်ဘုရင်မ၏ တည်ရှိမှုကို အတိုချုပ် ရှင်းပြလိုက်သည်။


ဝေ့ယွမ် က သက်ပြင်းချပြီး


 "အစ်ကို ဒါတွေကို ခန့်မှန်းထားပြီးသားပါ"


ထို့နောက် ကျောက်ချင်းယွင် ၏ စိုးရိမ်တကြီး ဖြစ်‌နေသော အသံထွက်လာသည်။


"ဒါဆို ငါတို့ ဘာလုပ်ရမလဲ… ငါတို့မှာ အကူအညီ တောင်းစရာလည်း မရှိဘူး…အရေးပေါ် ကယ်ဆယ်ရေးစခန်း မှာ ပုန်းနေရင်တောင် အဲဒီဇာ့ခ်တွေက ငါတို့ကို ရှာဖို့ ပေသုံးရာနက်တဲ့အထိ တူးလာလိမ့်မယ်... မင်းမြင်တယ်မလား...ဒီနေ့ခေတ်မှာ မျိုးကွဲတွေ အများကြီးရှိတယ်… C အဆင့်မြေတွင်းတူးသမား တွေဆိုရင်  ပျမ်းမျှတိုက်ခိုက်ရေး စွမ်းအားရှိပေမယ့်လည်း မြေဆီလွှာကို စားနိုင်တယ်…ပြီးတော့ အများကြီးပဲ...သတ္တု‌ေတွကို စားသုံးနိုင်တဲ့ A အဆင့်ရွှေပိုးကောင်တွေလည်း ရှိတယ်"


ချောင်းမင်ယောင် က "ငါ SSS ဇာ့ခ်ဘုရင်မကို သတ်ပစ်မယ်…အကြီးဆုံး ဘော့စ်ကို မသတ်သေးသရွေ့ ဒီကောင်တွေ တော်တော် များလာမှာပဲ… ငါတို့ သူတို့ကို မကြောက်တော့ဘူး"


ယဲ့ရှီ သာ တစ်ယောက်တည်း ဖြစ်နေလျှင် ချောင်းမင်ယောင် ကို  ကူညီမှာ သေချာသည်။ သို့သော်၊ သူမ၏ မက်ခါ ထဲမှာ မောင်လေးဖြစ်သူလည်း ပါလာသည်။ထို့ကြောင့် သူမ စဉ်းစားပြီး ပြောလိုက်သည်။


"တိုက်ခိုက်မခံရသေးတဲ့ မြို့ကြီးလေးမြို့ကို အကြောင်းကြားပြီး ကြိုတင်ပြင်ဆင်ခိုင်းလိုက်မယ်..."


 သူမ၏ မိဘများသည် ပိုင်မြို့နှင့် တစ်နာရီကျော်သာဝေးသော ရာသီဥတုအကောင်းဆုံးဖြစ်သည့် ယွင်ယိတွင်နေထိုင်ကြသည်။  ဇာ့ခ်ဒီရေ၏ သတင်းစကားကို သူတို့ လက်ခံရရှိိနိုင်သော်လည်း ဤမျှဆိုးရွားလိမ့်မည်ဟု သူတို့ သိမှာမထင်ချေ။


ဝေ့ယွမ် သည် SSS အတန်းအစား ဇာ့ခ် ဘုရင်မ၏ အလေ့အကျင့်ကို အလွန်ဂရုတစိုက် တွေးတောခဲ့သည်။


"ဇာ့ခ်ဘုရင်မမှာ မရေမတွက်နိုင်တဲ့ SS အဆင့် ဇာ့ခ်ဗိုလ်ချုပ်တွေ သူ့ပတ်ဝန်းကျင်မှာ ရှိလိမ့်မယ်...ချောင်းလေး တစ်ယောက်တည်း မသွားရဘူး…ငါတို့ငါးယောက် အတူတူသွားရင်တောင် ဇာ့ခ်တွေကို လက်ဆောင်လာပေးသလိုပဲဖြစ်သွားမှာ… ချောင်းလေး၊ မင်း ယဲ့ရှီ နဲ့ ယွင်ယိ မြို့ကို လိုက်သွား…  လမ်းခရီးမှာ SS-အဆင့် ဒါမှမဟုတ် ဇာ့ခ် ဘုရင်မနဲ့လည်း မတွေ့မိပါစေနဲ့...ပြီးတော့ ပိုင်ကျားကို အရေးပေါ်အချက်ပြစနစ်ကို အမြန်ဆုံးပို့…ကြားလား"


ပိုင်မြို့သည် အချမ်းသာဆုံးသော စီးပွားရေးမြို့ဖြစ်သောကြောင့် ဝေ့ယွမ် သည် ချောင်းမင်ယောင်၊ ယဲ့ရှီ တို့နှင့်အတူ ထွက်ခွာ၍မရနိုင်ပေ။  ယခုတိုက်ခိုက်မှုသည် နှစ်နာရီကျော်သာရှိသော်လည်း ပျက်စီးမှုနှုန်းက မြို့တစ်ဝက်ကျိုးသွားခဲ့ပြီဖြစ်သည်။ယခု သူတို့အဖွဲ့ကို အတော် အားကောင်းကြောင်း မှတ်ယူနိုင်သည်။ အကယ်၍ လူများအားလုံး လမ်းပေါ်တွင် မရှိတော့ပါက၊ မြေတွင်းတူးကောင်များနှင့် ရွှေပိုးကောင်များသည် မြေအောက် ပေသုံးရာအထိ တူးပြီး အရေးပေါ်စခန်းများကို  တိုက်ခိုက်ကြလိမ့်မည်။


ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့နှစ်ဦးစလုံးသည် ဝေ့ယွမ် ၏ အစီအစဉ်ကို ယုံကြည်ထားကြသည်။ သတင်းတင်ပြဖို့ကအလွန်အရေးကြီးသည်။ ထို့နောက် နှစ်ယောက်သားသည် အဖြူနှင့်အမည်း မက်ခါနှစ်ခုကို အတူတူမောင်းထွက်ကာ မြို့ပြင်သို့ထွက်ဖို့ လမ်းပိတ်နေသော ဇာ့ခ်များကို တောက်လျှောက် သတ်ပစ်လိုက်ကြသည်။


သူတို့ ထွက်ခွာသွားပြီးနောက် မကြာမီတွင် ပိုင်မြို့သည် အကြီးမားဆုံး အကျပ်အတည်းဖြစ်သည့် SS အဆင့် ဇာ့ခ်များစွာ နောက်တစ်သုတ် ရောက်ရှိလာခဲ့ကြသည်။ မြင်ဖူးနေကျ ဧရာမအခွံထူဇာ့ခ်များရှိသလို၊ တခြားမျိုးစိတ်အသစ်တွေလည်း ရှိသည်။


ပိုင်မြို့ရှိ အခြားသော အားကောင်းသည့် တိုက်ခိုက်ရေးသမားများမှာလည်း အတူတကွ အင်တိုက်အားတိုက် ချေမှုန်းနေကြရလေသည်။ 


ဝေ့ယွမ်၊ ကျောက်ချင်းယွင် နှင့် လင်းယောင်ယောင် တို့သည် S+ အဆင့်နှင့်ညီမျှသော 012 သွေးစပျစ်နွယ်ပင်နှင့်အတူ ချက်ချင်းပင် ပူးပေါင်း၍ ထိပ်တိုက်တွေ့ခဲ့သည်။  ထို့အပြင်၊ အခြား S-အဆင့် တိုက်ခိုက်ရေးသမား နှစ်ဦးသည် ဤ SSအဆင့် ဧရာမဇာ့ခ်ကို ကိုင်တွယ်ရန် သူတို့နှင့်အတူ ယာယီအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။


 အခြား A-အဆင့် တိုက်ခိုက်ရေးသမားများသည် ခပ်ဝေးဝေးတွင် ရှိနေကြပြီး အခြားသော အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဇာ့ခ်များကို ရှင်းလင်းခဲ့သည်။


 SS-တန်းစားဇာ့ခ်သည် ခေါင်းခြောက်လုံးပါသော ဧရာမလိပ်ကြီးကဲ့သို့ ခုံးခုံးကြီးဖြစ်သည်။ လင်းယောင်ယောင်သည် ထိုအကောင်၏ ခေါင်းတစ်ခြမ်းကို တစ်ယောက်တည်း ခေါင်းမာမာဖြင့် တိုက်ခဲ့သည်။သုံးလေးနာရီကြာ အဆက်မပြတ် တိုက်ပွဲဝင်နေခဲ့ရာ သူမ၏ ခန္ဓာကိုယ်သည် B-အဆင့်သာဖြစ်သောကြောင့်  ခွန်အားတို့မှာ ထိန်းမနိုင်သိမ်းမရ ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။သို့သော်၊သူမ အံကိုတင်းတင်းကြိတ်ကာ ရှုံးနိမ့်ခြင်းကို ဝန်မခံချင်သေးပေ။


လင်းရွှမ် သည် သူ့ဘာသာသူပင် ဇာ့ခ်များကို တိုက်ခိုက်နိုင်သည်။ 


သူ့တိုက်ခိုက်ရေးစွမ်းအားရဲ့ ခြောက်ပုံတစ်ပုံကိုတောင် မယှဉ်နိုင်လောက်အောင် သူမ အားနည်းနေရတာ ဘာကြောင့်လဲ…


 သို့သော် လင်းရွှမ် ကဲ့သို့သော ဆရာကြီးတစ်ယောက်အတွက်ပင် SS အဆင့်ဇာ့ခ်အား တစ်ယောက်တည်းနှင့် ရင်ဆိုင်ရန် တစ်မနက်လုံး အချိန်ယူခဲ့ရသည်။


 ယခု၊ ဤဧရာမဇာ့ခ် သည် ၎င်းနောက်ကွယ်ရှိ SSS အဆင့် ဇာ့ခ်ဘုရင်မကြောင့် စိတ်ပိုင်းဆိုင်ရာခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းအားတို့မှာနှစ်ဆတိုးလာခဲ့သည်။ ခေါင်းကလည်း ခြောက်လုံးတောင်ရှိသဖြင့် အလွန်လျင်မြန်ပြီး လိုက်လျောညီထွေရှိသောကြောင့် လိပ်တစ်ကောင်နှင့် လုံးဝမတူပေ။ ယာယီအဖွဲ့၀င်များအပါအဝင် သူမတို့ ငါးဦး၊ အိမ်မွေးတိရစ္ဆာန်အပင်တစ်ပင်နှင့် အတူတကွ တိုက်ကြသော်လည်း ဧရာမဇာ့ခ်ကြီးကို မဖယ်ရှားနိုင်ခဲ့ပေ။  


အခြား S အဆင့် တိုက်ခိုက်ရေးသမား နှစ်ဦးသည် SS အဆင့် ဧရာမဇာ့ခ်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုလှိုင်းကြောင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်သည် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။  S-အဆင့် တိုက်ခိုက်ရေးသမားတစ်ဦး၏ မက်ခါကိုလည်း အင်းဆက်ကောင်ကြီးက လာကိုက်လေ၏။ယခုဆို၊သူ၏မက်ခါသည် ပြိုကျလုနီးပါးဖြစ်နေပြီ ခုခံနိုင်စွမ်းမရှိတော့‌ေပ။


ထိုအခါ လူတစ်ယောက်မတိုက်နိုင်တော့၍ ဝေ့ယွမ်၊ ကျောက်ချင်းယွင်၊ လင်းယောင်ယောင် နှင့် 012 တို့အပေါ် ဖိအားများ တိုးလာခဲ့သည်။012သည်လည်း မရေမတွက်နိုင်သော စပျစ်နွယ်ပင်များ ဆုံးရှုံးခဲ့ပြီးဖြစ်သည်။သူ ယခုတော့ ဇီဇာကြောင်သူ မဟုတ်တော့ဘဲ မြေပြင်ပေါ်ရှိ အခြားအဆင့်နိမ့်ဇာ့ခ်များ၏ အသားနှင့်အသွေးကို စုပ်ယူပြီးနောက်၊ နွယ်ပင်အသစ်အချို့မှာ ပေါက်ဖွားလာခဲ့သည်။ သွေးစပျစ်နွယ်ပင်ကလေးသည် ပြင်းထန်စွာ နာကျင်နေသော်လည်း ပိုင်ရှင်ရှေ့မှာ မငိုဝံ့ဘဲ ဆက်လက်တိုက်ပွဲဝင်ရန် အားတင်းထားလေသည်။


လင်းယောင်ယောင် သည် တိုက်နေစဉ်အတွင်း ဇာ့ခ်ကြီး၏ လက်သည်းကြီးကြောင့် အရိုက်ခံရပြီး သူမ၏ မက်ခါ မှာလည်း အဝေးကို ပျံထွက်သွားသည်။ထိုအခါ နောက်ထပ် S-အဆင့် ဧရာမဇာ့ခ်သည် သူမကို အတောင်ပံဖြင့် ဆီးရိုက်လိုက်၍ သူမ လဲကျတော့မလို ဖြစ်သွားသည်။


ဇာ့ခ်များသည် လူသားများကို ကောင်းကင်ကနေ ကျလာသည့် စားကောင်းသောက်ဖွယ်များလို သဘောထားနေ၏။လူသားများ၏ သတ္တုခွံ(မက်ခါ)သည် အနည်းငယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော်လည်း ထိုသတ္တုခွံအတွင်းရှိ လူသားများသည် အရသာရှိလှပြီး အထူးသဖြင့် စွမ်းအင်ကလည်း ကြွယ်ဝသည်။


လင်းယောင်ယောင် သည် S-အဆင့် ဧရာမဇာ့ခ်ကို တိုက်ခိုက်ရန် သူမ၏ စိတ်စွမ်းအားကို ထုတ်ယူလိုသော်လည်း သူမ၏ စိတ်စွမ်းအားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေသည်။သူမ မယုံချင်သေးပေ။ ယခုမှ သူမအတွက် နောက်ထပ်ဘဝတစ်ခုကို ရခါစသာရှိသေးသည်၊ ဇာ့ခ်၏ ခံတွင်းထဲမှာသာ ဘဝမဆုံးချင်ပေ။


သူမ ဇာ့ခ်အသားတွေ အများကြီးစားထား၍များ လက်စားချေတာလား...




xxxxxxxxx