အခန်း၁၂၆
Viewers 12k

Chapter 126

(အစ်ကိုရွှမ်၏ ဇာ့ခ်ဘုရင်မကို တိုက်ခိုက်မှု)


အလွန်အရေးကြီးသော အခိုက်အတန့်တွင် အရှိန်လွန်နေသော အမြန်ကားတစ်စီးသည် အမြန်ဆုံးအရှိန်ဖြင့် ချဉ်းကပ်လာပြီး S-အဆင့် ဇာ့ခ်ကို ဝင်တိုက်မိသည်။ အရှိန်ပြင်းပြင်းနှင့် ဧရာမဇာ့ခ်ကြီးကို ကားကမတိုက်မိခင်မှာ လူတစ်ယောက်သည် တံခါးဖွင့်ပြီး အချိန်မီ ခုန်ဆင်းလာလေသည်။


လင်းယောင်ယောင် သည် ဤအရာကြီးကြောင့် ကပ်ဆိုးမှလွတ်မြောက်နိုင်ခဲ့သည်။ ထို့နောက် သူမ၏ လက်ကျန် စိတ်စွမ်းအား အနည်းငယ်ကို အသုံးပြု၍ သူမ၏ အမြန်ကားထဲသို့ လင်းပိုထဲမှနေ၍ ခုန်ဝင်လိုက်သည်။ထို့နောက် သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ဖြည့်တင်းရန် အာကာသခလုတ်ထဲမှာ သိမ်းဆည်းထားသော ဆေးဖက်ဝင်ဟင်းချိုကို ယူလိုက်သည်။ဤသို့ဖြင့် သူမသည် နောက်ဆုံးတွင် အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။


ဝေ့ယွမ် နှင့် ကျောက်ချင်းယွင် တို့သည် သူမနှင့် ဝေးနေခြင်းဖြစ်သည်။ သူတို့သည် အဖြစ်အပျက်ကို တွေ့ပြီးနောက် ချက်ချင်းပြေးလာခဲ့ကြ၍ ဧရာမဇာ့ခ်ကြီးပေါ်သို့ အိုင်းယွန်းအမြောက်များဖြင့် ချက်ချင်း ပစ်လွှတ်လိုက်ကြသည်။


ဤသို့ဖြင့် သူမ ကြုံ‌နေရသော ဧရာမ ဇာ့ခ်၏ အကျပ်အတည်းမှာ သက်သာရာရသွားသည်။ တစ်ဖက်တွင်မူ သွေးစပျစ်နွယ်ပင်ကလေးသည် သခင်ဖြစ်သူကို ကာကွယ်ရန် လာချင်နေသည်။ သို့သော်လည်း ဧရာမ SS-အဆင့် ဇာ့ခ်ကြီးသည် သူ့ကိုမြင်သည်နှင့်အတင်းလိုက်ဖမ်းမည်ဖြစ်ပြီး လင်းယောင်ယောင် အတွက် ပို၍တောင် ခက်ခဲသွားနိုင်သည်။


ထို့ကြောင့် သွေးစပျစ်နွယ်ပင်၊ 012 သည် သူ့ဘာသာသူပင် နွယ်ပင်များကို ကောင်းကင်ထိပေါက်နိုင်အောင် အတင်းအကြပ် ပေါက်ဖွားစေလိုက်၏။ထို့နောက် ဧရာမဇာ့ခ်၏ဦးခေါင်းကို နွယ်ပင်များဖြင့် အပြင်းအထန် ချည်နှောင်ခဲ့သည်။


ဝေ့ယွမ် နှင့် ကျောက်ချင်းယွင် တို့သည် လင်းယောင်ယောင် အကျပ်အတည်းမှ လွတ်မြောက်သွားပြီဖြစ်၍ ဧရာမဇာ့ခ်ကို မကိုင်တွယ်မီ သူတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာအဆင့်အား ဖြည့်တင်းရန်အတွက် ပေါင်းစပ်ဆေးရည်ကို အတင်းအမြန်သောက်လိုက်ကြလေသည်။


လင်းယောင်ယောင် သည် အမြန်ကားဖြင့် ဧရာမဇာ့ခ်ကြီးအား ဝင်တိုက်ခဲ့သူကို သတိရသွားသည်။ သူမသည် ထိုသူကို ကြည့်လိုက်သောအခါ အကာအကွယ် လုံးဝကင်းမဲ့နေပြီး ဒဏ်ရာများစွာ ရရှိနေသည်ကို တွေ့ရှိခဲ့သည်။ ထိုလူသည် A အဆင့်ရှိ တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ယခုဆို သူမ၏ စိတ်စွမ်းအားမှာ အနည်းငယ် ပြန်လည်အဆင့်မြင့်လာသောကြောင့် ပတ်ဝန်းကျင်ရှိ ဇာ့ခ်များကို အပိုင်းများစွာ လှီးဖြတ်ရန် လေဆာဓါးကို အမြန်ထုတ်လိုက်သည်။ ထို့နောက် သူမသည် မက်ခါထဲမှ ပြတ်ပြတ်သားသား ခုန်ဆင်းလိုက်သည်။ပြီးလျှင်၊ သူမ၏ကိုယ်ပိုင် အမြန်ကားကို အာကာသခလုတ်မှထုတ်ကာ မည်သူ့ကိုမဆို မောင်းနှင်ခွင့်ပြုသည့် ခလုတ်ကို နှိပ်ပြီးနောက် သွေးစွန်းနေသော A အဆင့်တိုက်ခိုက်ရေးသမားထံ လက်ပြလိုက်သည်။  


"ဒီကိုလာ…ဒါ ရှင့်အတွက်ပဲ…ကျွန်မကို အခုပဲ ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"


လင်းယောင်ယောင် ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ ထိုတိုက်ခိုက်ရေးသမားသည် ထိတ်လန့်သွားသည်။ ထို့နောက် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ရာ ဖုန်များဖုံးနေသဖြင့် တစ်ချက်တုံ့ဆိုင်းသွား၏။ သို့သော် အဝေးသို့ မျှော်ကြည့်လိုက်သောအခါတွင် မရေမတွက်နိုင်သော ဇာ့ခ်များ ရောက်ရှိလာသည်ကို မြင်လိုက်ပြီး မြေပြင်ပေါ်တွင် ရပ်နေသော လင်းယောင်ယောင် ဆီသို့ လျှောက်သွားခဲ့သည်။ မနီးမဝေးတွင် ဒဏ်ရာရထားသူနှစ်ဦးလည်း ရှိပြီး SS အဆင့် ဧရာမဇာ့ခ်ကို ဂြိုလ်သားအပင်တစ်ပင်က မနိုင်မနင်း တိုက်နေသည်ကို တွေ့ရသည်။


သူသည် ရှေ့သို့ ပြေးလာပြီး လင်းယောင်ယောင် ရှေ့တွင် ရပ်နေလိုက်သည်။ 


 "ကိုယ့်ကို မင်း ကယ်လိုက်တယ်လား"


အနားသို့ကပ်လာပြီးနောက်၊ ထိုသူ၏ မျက်နှာသည် အနည်းငယ်ရင်းနှီးနေပုံရသည်ကို လင်းယောင်ယောင် ခံစားလိုက်ရသည်။သို့သော်၊မှတ်လည်းမမှတ်မိပေ။


ဇဝေဇဝါဖြစ်နေသော သူမကို ထိုသူက ရှက်ပြုံးပြုံးကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။


"ဧကရာဇ်မြို့တော်မှာ ပထမဆုံးဇာ့ခ်တိုက်ခိုက်မှု ဖြစ်တုန်းက မင်း ကိုယ့်ကို ကယ်ပေးခဲ့တယ်လေ...ကိုယ့်နာမည်က  တင်းချမ် ပါ"


အရင်က သူ့မှာ သံသယရှိခဲ့သော်လည်း ဤမက်ခါထဲမှ လူသည် လင်းယောင်ယောင် ဆိုသည်ကို သေချာမသိခဲ့ချေ။ လင်းယွင် နှင့်တူသော အမျိုးသမီးပုံစံ မက်ခါ လင်းပို သည် Star Network ရှိ "ပဲနီအုန်းနို့" မှန်း သူသိထားသည်။ လင်းယောင်ယောင် သည် အစားအသောက် ကုထုံးပညာရှင် တစ်ဦးဖြစ်သဖြင့် သူမသည် မက်ခါများကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မည်ဟု မထင်ခဲ့ပေ။


တင်းချမ် သည် SS-အဆင့် ဧရာမဇာ့ခ် ကြောင့် ဖြစ်ပေါ်လာသော ဖိအားကို သက်သာစေရန် လင်းပို၏ နံဘေးမှ နွယ်ပင်များကို ထုတ်နေသည့် အပင်တစ်ပင်ကိုလည်း တွေ့လိုက်ရသည်။ ထို့ကြောင့် ဤမက်ခါသည် လင်းယောင်ယောင် မဟုတ်လျှင်ပင် သူမ၏ သူငယ်ချင်းဖြစ်နိုင်သည်ဟု သူ ထင်ခဲ့သည်။


သူသည် သာမာန်မိသားစုမှ ဆင်းသက်လာပြီး သူ၏အရည်အချင်းများကို အလယ်အလတ်အဆင့်ရှိသူများအတွက် မြင့်သည်ဟုသာ မှတ်ယူနိုင်သည်။ ထို့ကြောင့် သူမ ကျေးဇူးကို ပြန်ဆပ်စရာ သူ မတတ်နိုင်ချေ။သို့သော်၊သူမ ဒုက္ခရောက်နေချိန်မှာတော့ သူ ဘယ်လိုမှ လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ 


လင်းယောင်ယောင် ရဲ့ သူငယ်ချင်းလို့ သူထင်နေတဲ့ လင်းပို က သူမဆိုတာ ဘယ်သူသိမှာလဲ…


တင်းချမ် ၏ နှလုံးသားသည် ထိတ်လန့်စရာ အပြည့်ရှိနေသည်။ တခြားသူများထက် မက်ခါကို ပိုမိုကောင်းမွန်စွာ မောင်းနှင်တတ်သော အစားအသောက် ကုထုံးပညာရှင် မိန်းကလေးတစ်ယောက်ကို အတော်လေး အထင်ကြီးမိသည်။သို့သော်၊သူမသည် လင်းယောင်ယောင် ဆိုပါက သိပ်ထူးဆန်းပုံမပေါ်ပေ။


တစ်ကယ်တမ်းတွင်၊ သူ့အကူအညီမပါဘဲ S-အဆင့်ဇာ့ခ်သည် SS-အဆင့် မက်ခါ၏ အခွံကို တစ်ခဏအတွင်း မချိုးဖျက်နိုင်သော်လည်း သူကိုယ်တိုင် သူမကို ကယ်တင်နိုင်ခဲ့သဖြင့် ဝမ်းသာမိသည်။သူမကို ရိုးရိုးသားသား ချစ်ခင်စိတ်ဖြစ်ခဲ့ပြီး သူမနှင့် နောက်ထပ်ဆုံတွေ့ခွင့်ရရန် မျှော်လင့်နေခဲ့ရသည်။


လင်းယောင်ယောင် သည် သူမ၏ အာကာသခလုတ်မှ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာစေရန် စုစည်းထားသော ဆေးဟင်းချိုများကို ထုတ်ယူကာ တင်းချမ် လက်ထဲသို့ ထည့်ရင်းပြုံးပြလိုက်သည်။  


"ရှင့်ကို မှတ်မိတယ်...ထပ်ပြောဖို့ အချိန်မရှိဘူး...အမြန်ကားပေါ်တက်ပါ...ပြီးတော့ ဂရုစိုက်"


ပြောပြီးနောက် သူမသည် လှည့်၍ လင်းပို အတွင်းသို့ ဝင်သွားပြန်သည်။


တင်းချမ် သည် သူ့လက်ထဲရှိ ဆေးဟင်းချိုပုလင်းများစွာအား ကိုင်ထားပြီး မက်ခါထဲသို့ သူမ ဝင်သွားသည်ကို ကြည့်၍ သူ့အမြန်ကားဘက်သို့ ချက်ချင်းလှည့်သွားလိုက်သည်။


လင်းယောင်ယောင် သည် လင်းပိုပေါ်တက်ပြီးနောက် ဝေ့ယွမ်၏ ညွှန်ကြားချက်ကို ကြားလိုက်ရသည်။  


"ယောင်ယောင်…အစ်ကို့နေရာမှာ အစားထိုးပြီး ဒီ SS-အဆင့် ကြီးစား ဇာ့ခ်ကို ခဏလောက် ထိန်းထားရမယ်…အစ်ကို့မက်ခါကို သိမ်းပြီး စစ်သင်္ဘောအသေးစားဖြစ်အောင် ပုံစံပြောင်းလိုက်မယ်....အစ်ကို ပြောလိုက်တာနဲ့  012 ကို ခေါ်လိုက်တော့"


လင်းယောင်ယောင် က "ကောင်းပါပြီ"


စစ်ဘက်ဆိုင်ရာ အာကာသယာဉ်များသည် မက်ခါများ ကဲ့သို့ လိုက်လျောညီထွေမှု မရှိသော်လည်း၊ အပူလက်နက်များ၏ ပစ်ခတ်နိုင်စွမ်းသည် စွမ်းအင်ပိုမိုသုံးစွဲသဖြင့်  မက်ခါများထက် သေချာပေါက် ပိုကောင်းသည်။


လင်းယောင်ယောင် ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အားနည်းပြီး ကြာရှည်မခံနိုင်သော်လည်း သူ ခိုင်းလိုက်မိသည့်အတွက် ဝေ့ယွမ် စိတ်ထဲမှာအတော်လေး အားနာသွားရသည်။ 


SS-အဆင့်ဇာ့ခ်၏ အနီးတစ်ဝိုက်တွင် SSS-အဆင့် ဇာ့ခ်ဘုရင်မရှိနေခြင်းကြောင့် အဆုံးမရှိ စွမ်းအားများနေမည်ဖြစ်သည်။ ဝေ့ယွမ် သည် ၎င်းအင်းဆက်ကို အမြန်ကိုင်တွယ်ပြီးနောက် အခွင့်ကောင်းယူကာ ပိုင်မြို့ မှ အမြန်ဆုံးထွက်ခွာမည်ဖြစ်သည်။ အခြား တိုက်ခိုက်ရေးသမားများလည်း ရှိနေခြင်းဖြင့် ပိုင်မြို့သည် အနည်းဆုံး အချိန်အနည်းငယ်မျှ တောင့်ခံထားနိုင်သည်။ သူတို့အားလုံး ဤနေရာမှာပဲနေမည်ဆိုလျှင် အခြေအနေက ပိုဆိုးဖို့သာရှိတော့သည်။


 သူကိုယ်တိုင်က အရေးမကြီးချေ။သို့သော်၊သူ့ဦးလေး ဝေ့လင်း သတင်းကို ယခုမှ ရထားသဖြင့် ဝေ့မိသားစု၏ မျိုးဆက်သစ်အနေဖြင့် သွားရောက်ကယ်တင်ရမည့် တာဝန်ရှိသေးသည်။  သို့သော် ယောင်ယောင် သည်လည်း မတော်တဆမှုဖြစ်၍ မရပေ။ ကျောက်ချင်းယွင် သည် ကျောက်မိသားစု၏ သခင် လေးဖြစ်သောကြောင့် သူလည်း သေလို့ မရသေးပေ။


တခြား လူများကို ကယ်တင်ချင်လျှင် ကိုယ့်ကိုယ်ကို အရင်ကယ်ရပေမည်။

ဝေ့ယွမ် သည် ဤဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက်၊ SS-အဆင့် ဧရာမ ဇာ့ခ်ကို သေးငယ်သော စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ငယ်ဖြင့် အဆက်မပြတ် ဗုံးကြဲလိုက်ရာ တစ်ချို့တစ်ဝက် ထိသွားလေသည်။


ထိုအခါ လင်းယောင်ယောင် စိတ်ထဲမှာ နှမြောစိတ်ဖြစ်သွားသည်။ စစ်ဘက်ဆိုင်ရာ အာကာသယာဉ်၏ ပြင်းထန်သော အမြောက်များသည် ဤဧရာမ ဇာ့ခ်၏ ဦးခေါင်းပေါ်ရှိ အသားများကို လောင်ကျွမ်းစေခဲ့သည်။ ထိုအခါ ထိပ်ပိုင်းက အခွံကြီးကွဲသွားကာ အတွင်းပိုင်းမှာ မီးလောင်သွားပုံရသည်။ သို့သော် မီးလောင်သွားခြင်းဆိုသည်မှာ ချက်ပြုတ်ပြီးသားဖြစ်၍ စားသုံးနိုင်သည်။ မီးလောင်နေသော မျက်နှာပြင်ကို ဖြတ်တောက်ပစ်ခြင်းသည် ကြီးကြီးမားမား ကိစ္စမဟုတ်။  ထို့နောက် သူမ သက်ပြင်းချလိုက်ပြီး ဧရာမဇာ့ခ်ကို သူမ၏ အာကာသခလုတ်ထဲသို့ ထည့်ရန် စိတ်စွမ်းအားများစွာ ထုတ်လိုက်သည်။ဤဇာ့ခ်ကြောင့် သူမ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။ သူမ၏သွေးစပျစ်နွယ်ပင်ကလေးမှာလည်း ဒဏ်ရာအပြင်းအထန်ရထားသဖြင့် သူမ ကလဲ့စားပြန်ချေရပေမည်။ကလေး၏ နွယ်ပင်များပြန်ပေါက်လာဖို့ သူမ ချက်ပြုတ်ပေးဖို့လိုအပ်သည်။ 


ထို့နောက် သူမသည် 012 နှင့် ကျောက်ချင်းယွင် ကို ဝေ့ယွမ်၏ အသွင်ပြောင်းထားသော စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်ကို အတူခေါ်လာခဲ့သည်။ ထို့အပြင် ဒဏ်ရာရနေသော  S အဆင့် အသင်းဖော်နှစ်ဦးနှင့် အခြား ဒဏ်ရာရ A အဆင့်ရှိသူများလည်း ခေါ်လာရန် မမေ့ခဲ့ပေ။ သို့မဟုတ်ပါက၊သူတို့အားလုံး ဇာ့ခ်များအတွက် ရိက္ခာဖြစ်လာနိုင်၏။


စစ်ဘက်ဆိုင်ရာ အာကာသယာဉ်က သိပ်မကြီးသော်လည်း လူ 20 မှ 30 အထိ  ဆန့်သည်။ သို့သော် အလွန်အမင်း လုံခြုံစိတ်မချရသေးပေ။  အားလုံးတက်လာပြီးနောက် ဝေ့ယွမ်က သူ့ကိုယ်သူ အတိုချုံးမိတ်ဆက်ပြီး သူ့အစီအစဉ်ကို ပြောပြသည်။ 


"ငါတို့က SSS အဆင့် ဇာ့ခ်ဘုရင်မ ရဲ့တည်နေရာနှင့် အနီးတစ်ဝိုက်က ဇာ့ခ်တွေရဲ့ ခန့်မှန်းခြေအရေအတွက်ကို ရှာဖွေသွားမှာ.… စစ်ကူခေါ်ဖို့အတွက် အတတ်နိုင်ဆုံး အသေးစိတ် ပြောပြရမယ်…တစ်ကယ်လို့ မင်းတို့ ငါတို့နောက်ကို လိုက်ခဲ့ရင် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်...ဒီတော့  ငါတို့နောက်ကို လိုက်မလား၊ မလိုက်ဘူးလားဆိုတာ မင်းတို့ဆုံးဖြတ်ရမယ်"


"SSS-အဆင့် ဇာ့ခ်ဘုရင်မ" ဟူသော စကားကိုကြားပြီးနောက် သူတို့ အတော် ကြောက်သွားကြသည်။ ဒဏ်ရာပြင်းထန်စွာရထားသော တိုက်ခိုက်ရေးသမားအချို့သည် စစ်သင်္ဘောပေါ်မှ ထွက်သွားကြသည်။ လူအချို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသောကြောင့် တိုက်ပွဲတွင် ဆက်လက်နေခဲ့ရသည်။ စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ဖြင့် ထွက်ခွာခြင်းသည် သူတို့အတွက် အသေအကြေသာ ဖြစ်လိမ့်မည်။ အနည်းဆုံး မျှော်လင့်ရသည်က၊ ဤအာကာသယာဉ်တွင် သူတို့ကို အရေးပေါ်ကုသပေးနိုင်သော ဆေးဘက်ဆိုင်ရာ စက်ရုပ်များကိုပင် ဖြစ်သည်။


 "စစ်ကူတွေ တစ်ကယ်လာမှာလား"


လင်းယောင်ယောင် က လူတိုင်းကို နှစ်သိမ့်ပေးရင်း "စစ်ကူတွေ ရောက်လာမယ်ဆိုတာ သေချာတယ်...မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့က မကြာခင် ရောက်လာပါတော့မယ်… စိတ်မပူပါနဲ့"


သူမ ပြောသာပြောရသော်လည်း  သိပ်မသေချာသေးပေ။


ထို့နောက် ဝေ့ယွမ်သည် စစ်သင်္ဘောကို ထိန်းချုပ်ကာ ဆန့်ကျင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ ဇာ့ခ်ဒီရေ ပေါ်လာသည့် လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။ သူတို့မြို့ကနေ ထွက်ခွာပြီး သိပ်မကြာခင်မှာ စစ်ဘက်ဆိုင်ရာ အာကာသယာဉ်များစွာ၏ အသံမှာ ပိုင်မြို့ကို ဖြတ်ကျော်သွားခဲ့၏။ စစ်ဘက်ဆိုင်ရာ အာကာသယာဉ်မှနေ၍ စကင်န်ဖတ်ပြီးနောက်၊ ၎င်းယာဥ်များသည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ထိပ်တန်း အထူးတပ်ဖွဲ့များ၏ တိုက်ပွဲဝင်အာကာသယာဉ်များ၊ ညသိမ်းငှက်၏ စစ်ဘက်ဆိုင်ရာ အာကာသယာဉ်များဖြစ်ကြောင်း ရေဒါမှ ပြသခဲ့သည်။


ပိုင်မြို့ နှင့် သိပ်မနီးသိပ်မဝေးသော စိမ်းလန်းသော တောင်တန်းကြီးရှိ ဂူကြီး၏ အနက်ရှိုင်းဆုံး နေရာတွင်၊ ဂန္တဝင် SSS အဆင့် ဇာ့ခ်ဘုရင်မသည် သူ၏ ပထမဆုံး အနှောင့်အယှက်အဖြစ် လူတစ်ယောက် ရောက်လာခဲ့သည်။


 SSS အဆင့် ဇာ့ခ်ဘုရင်မ၏ စိတ်စွမ်းအား တိုက်ခိုက်မှုလှိုင်းသည် အလွန်ကြောက်စရာကောင်းသောကြောင့်၊ SS အဆင့် စိတ်စွမ်းအားထက်နည်းသူများသည် ထိုဇာ့ခ်၏ တည်နေရာအချင်းဝက် 1ကီလိုမီတာအတွင်း ပြင်းထန်ပြီး အဆုံးမရှိသော စိတ်စွမ်းအားအတက်အကျများကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။ ထို့ကြောင့် လင်းရွှမ် သည် သူနှင့်အတူ လူလေးငါးယောက်သာ ခေါ်လာခဲ့သည်။ သူတို့အားလုံးသည် မက်ခါနှင့် တင့်ကားအသေးစားများကို ဂူထဲသို့ မောင်းဝင်ခဲ့ကြသည်။


 SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားထက်နည်းသော အခြားအဖွဲ့ဝင်များသည် SSS အဆင့် ဇာ့ခ်ဘုရင်မ၏ မရေမတွက်နိုင်သော SS အဆင့် ဇာ့ခ်အုပ်ထိန်းသူများကို ဆွဲဆောင်ကာ တစ်ကီလိုမီတာ အချင်းဝက်အတွင်းရှိသည့်၊ ဇာ့ခ်များကို သုတ်သင်နိုင်ခဲ့သည်။


လင်းရွှမ် သည် သူ၏ လင်းယွင် ကို မောင်းပြီး SSS အဆင့် ဇာ့ခ်ဘုရင်မ၏ အနီးရှိ ကီလိုမီတာ တစ်ရာကျော်အတွင်း တစ်ယောက်တည်း ဝင်လာခဲ့သည်။ သူသည် ဇာ့ခ်ဘုရင်မကို မမြင်ရမီ သူ၏ စိတ်ဓာတ်ခွန်အားကို ပြင်းပြင်းထန်ထန် ပြသခဲ့ပြီး တိုက်ခိုက်ရန် အချက်ပြမှုတစ်ခု ပေးပို့ခဲ့သည်။


ထိုသို့ အချက်ပြလိုက်ခြင်းသည် SSS အဆင့် ဇာ့ခ်ဘုရင်မအား ဒေါသဖြစ်ပြီး သူ့ကို ပစ်မှတ်ထားနိုင်သော်လည်း  ဤ SSS အဆင့် ဇာ့ခ်ဘုရင်မမှ အပြင်ဘက် ဇာ့ခ်များသို့ပေးပို့သည့် ဝိညာဉ်စွမ်းအားကိုလည်း လျှော့ချပေးနိုင်သည်။


ထိုမှသာ သူ၏ ယောင်ယောင် လည်း မတော်တဆမှုဖြစ်နိုင်ခြေ ပိုနည်းသွားနိုင်၏။



xxxxxxxx