အပိုင်း ၄၅
Viewers 15k

Chapter 45

နတ်ဘုရားမူ၏အမာခံပရိတ်သတ်


" မဆိုးဘူး မင်းမှာပြီးပြည့်စုံတဲ့ အကြိုက်ရှိတာပဲ..."


ဟော်ချီက ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်သည်။ သူ၏အမူအယာမှာ အကြိုက်တူသော သူငယ်ချင်းတစ်ဦးကို တွေ့ရသဖြင့် စိတ်လှုပ်ရှားနေဟန်ပေါ်သည်။


" ငါလည်းနတ်ဘုရားမူရဲ့ ပရိတ်သတ်ပါပဲ ငယ်ငယ်တည်းကသူ့ရောင်းကုန်မှန်သမျှစုဆောင်းပြီး သူထောက်ခံထားတာမှန်သမျှကိုပံ့ပိုးလာခဲ့တာ ... ဒါပေမဲ့မင်းကိုကြည့်ရတာ ငါ့ထက်တောင်အမာခံပရိတ်သတ်ဆန်နေတယ် သူ့နာမည်ကိုတောင်ယူထားတော့လေ ဟဟ..."


" ... " 


သူမဘာများပြောနိုင်ပါဦးမည်နည်း။


" မကြာသေးခင်ကပဲသူနိုးလာတယ်လို့ ငါသတင်းကြားထားတယ် အဲဒါကြောင့်အခု အနီရောင်ဂြိုလ်ပေါ်သွားဖို့လက်မှတ်ရအောင်ကြိုးစားနေတာ..."


ရှင်းပြနေသော သူ၏အမူအယာက အလွန်စိတ်အားထက်သန်လျက်ရှိပြီး မူရွှမ်နှင့် တစ်ညလုံးပေါက်စကားပြောရန်ပင် အသင့်ဖြစ်နေပုံတူ၏။


" သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့မြို့တော်ကြီးကိုမရောက်နိုင်ပါစေ ငါသူ့ကိုမျက်နှာချင်းဆိုင်မတွေ့ရပါစေ  သူနဲ့ဂြိုလ်တစ်ခုတည်းမှာ အတူရှိနေရတယ်ဆိုတဲ့ခံစားချက်လေးကတောင်ငါ့ကိုနှစ်သိမ့်စေပါတယ်..."


"..."


ဘယ်လိုတောင်ပိန်းတာ...


မူရွှမ်ရဲ့နာမည်ကဒီနေရာမှာ ကမ္ဘာမြေပေါ်က ဝမ်ကျန်းကော်နဲ့ လီကျန်းကျွင်း တို့လိုမျိုးသက်ရောက်တာလား...


" မင်းဘယ်လိုသဘောရလဲ ငါနဲ့အတူလိုက်ခဲ့ချင်လား..."


ဟော်ချီက မူရွှမ်အား ပရိတ်သတ်တစ်ဦးဖြစ်သည့်အားလျော်စွာ သဘောထားကြီးကြီးကမ်းလှမ်းလိုက်ပြီး သူက မူရွှမ်၏ရင်ဘတ်အား ယုံကြည်ချက်ရှိရှိ လှမ်းပုတ်လိုက်သည်။


" မပူနဲ့ ဒီသာ့ကောက အဆက်အသွယ်တွေရှိတယ် အနီရောင်ဂြိုလ်ပေါ်သွားဖို့လက်မှတ် ရကိုရစေရမယ်ကွာ..."


" ... "


ဖန်တစ်ယောက်ကပဲ ဖန်တစ်ယောက်ကိုနားလည်နိုင်လိမ့်မယ်...


မူရွှမ်က မျက်မှောင်ကျုံ့ကာ သူ၏ကလေးငယ်အား ဤလူစိမ်း၏အူကြောင်ကြားအပြုအမူများ ကူးစက်မခံရစေရန် နောက်သို့ဆွဲခေါ်လိုက်သည်။ 


ဟော်ချီက သူတို့၏တိတ်ဆိတ်မှုကို မျက်ကွယ်ပြုလျက် မပြီးနိုင်မစီးနိုင်ပေါက်ပေါက်ဖောက်လျက်ရှိသည်။


ထိုစဥ် ယာဥ်ပျံများဆီမှ အချက်ပေးသံကဲ့သို့ အသံကျယ်များ ထစ်ချုန်းမြည်ဟီးသွားပြီး နောက်ခဏတွင် လေပေါ်သို့ပျံတက်လာကြသည်။


" ငါ့အထင် ဘောက်ဖတ်ကြီးက ဒီနေ့တော့ပြန်မလာလောက်တော့ဘူး..."


ဟော်ချီကသက်ပြင်းချလိုက်ပြီး သူတို့နှစ်ဦးဘက်သို့မျက်နှာလှည့်လာသည်။


" မင်းတို့မှဘာအစီအစဥ်တွေရှိလဲ မဟုတ်လည်း  အာကာသစခန်းမှာငါနဲ့လာပူးပေါင်းပါလား မဟာမိတ်အဖွဲ့တွေ မကြာခင်တစ်ခုခုအစီအစဥ်ရလာမှာပါ..."


ယောင်စစ်က မူရွှမ်ဘက်သို့လှည့်ကြည့်လိုက်သောအခါ မျက်နှာသေဖြင့် ခေါင်းငြိမ့်ပြလာသည်ကိုမြင်လိုက်ရသည်။


" ကောင်းပါပြီ ဒီလိုဆိုရှင့်ကိုအနှောင့်အယှက်ပေးရတော့မှာပဲ..."


" မလိုဘူး တူညီတဲ့အိုင်ဒေါရှိနေကတည်းက ငါတို့ကမိသားစုတွေပဲ..."


ဟော်ချီက သူ့ရင်ဘတ်ကို ပုတ်ပြသည်။


မူရွှမ်နှင့် ယောင်စစ်တို့နှစ်ဦးစလုံး ပြောစရာစကားလုံးတို့ ပျောက်ဆုံးသွားရ၏။


" သွားစို့ ဟိုမှာ မဟာမိတ်ယာဥ်ပျံပဲ..."


ဟော်ချီက သူတို့နှစ်ဦးအားလက်ယပ်ခေါ်ကာ ယာဥ်ပျံပေါ်သို့ပျံသန်းသွားသည်။


မူရွှမ်နှင့်ယောင်စစ်တို့က ၎င်းနောက်မှလိုက်ပါသွားသည်။ အထဲသို့ရောက်ရှိသွားချိန်တွင် ယခုနက ဘောက်ဖတ်ကြီးအား အတူတိုက်ခိုက်ခဲ့ကြသူများအားလုံး စခန်းတွင်းရောက်ရှိနေကြသည်ကို မြင်တွေ့လိုက်ရပေသည်။လူထုကြီးသည် သီးသန့် အုပ်စုငယ်လေးများကိုယ်စီဖြင့် အနားယူခြင်း တီးတိုးဆွေးနွေးခြင်းများ ပြုလုပ်လျက်ရှိကြသည်။


" ဒီကို ဒီကို..."


ဟော်ချီက စားပွဲဝိုင်းတစ်ခုမှ ယောင်စစ်တို့အား လက်ဝှေ့ယမ်းပြနေသည်။


ယောင်စစ်က လမ်းလျှောက်နေရင်းဖြင့် သိချင်စိတ်ကြောင့် မူရွှမ်အားမေးခွန်းထုတ်လိုက်သည်။


"မူရွှမ် သူတို့ကရှင့်ကိုဘာလို့မမှတ်မိကြတာလဲ..."


သူမတို့ ထာဝရအလင်းဂြိုလ်ပေါ်တွင်ရှိနေခဲ့စဥ်ကကဲ့သို့ပင်။ မူရွှမ်က ကမ္ဘာကျော်လူသိများသူတစ်ဦးဖြစ်သည့်အလျောက် သူ၏ရုပ်ပုံလွှာများကလည်း ကြော်ငြာမှန်သမျှတွင် ထည့်သွင်းဖော်ပြခံရသည်။ ထိုသည်ကိုပင် အဘယ်ကြောင့် မည်သူကမျှသူ့ကိုသတိမထားမိကြဘဲ လမ်းမပေါ်တွင် ပုံမှန်သွားလာနေနိုင်ရပါသနည်း။ စကြာဝဠာထဲကလူတိုင်း ကန်းသွားကြခြင်းပေလော...


ထို့အပြင်သူက ဟော်ချီ၏ရှေ့တွင် သူ၏အမည်အရင်းကိုပင် ထုတ်ဖော်ပြောဆိုခဲ့သေးသည်။ အမာခံပရိတ်သတ်တစ်ဦးအနေဖြင့် ဟော်ချီက သူ့ကိုမမှတ်မိစရာအကြောင်းမရှိပေ။


" စိတ်ညို့စွမ်းရည်..."


မူရွှမ်ကတုံးတိဆိုသည်။


ယောင်စစ် အေးခဲသွားသည်။


" အဲ အဲဒီတော့ ရှင်က လူတိုင်းကိုစိတ်ညို့ထားတယ်လို့ပြောချင်တာလား..."


မူရွှမ်ကခေါင်းငြိမ့်ပြသည်။


" ဟုတ်တယ် ဘယ်သူမှငါ့ကို မင်းမြင်နေသလိုမမြင်ရဘူး..."


သဘောပေါက်ပြီ...


ဒါပေမဲ့ ဒီလောက်များတဲ့လုအုပ်ကြီးရှေ့မှာ ကိုယ့်ရဲ့အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်တဲ့ထိ မူရွှမ်ရဲ့စွမ်းအားကဘယ်လောက်တောင်သန်မာနေတာလဲ...


ယောင်စစ်က သူမတို့ပတ်ပတ်လည်ရှိလူအရေအတွက်အား တိတ်တဆိတ်ရေတွက်လိုက်သည်။


ဟင်း... ငါ့အဖေပီသပါပေတယ်...


╮(╯﹏╰)╭


ခေတ္တမျှရပ်နားပြီးသည့်နောက်တွင် ယာဥ်ပျံက အနီးနားရှိ အာကာသစခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။


ယောင်စစ်က စူးစူးစမ်းစမ်းဖြင့်လိုက်လံကြည့်ရှုနေမိသည်။ အပြာရောင်ဂြိုလ်အနီးက အာကာသစခန်းနှင့်ယှဥ်လျင် ယခုစခန်းမှာ သာ၍ကြီးမားလေသည်။ ၎င်းက နှင်းပွင့်ချပ်တစ်ခုသဏ္ဍာန်ရှိသည်။ ထောင့်ခြောက်ထောင့်တွင် ရပ်နားထားသောာဥ်ပျံများစွာရှိပြီး အလယ်တွင် ခပ်ရေးရေးဖောက်ထွင်းမြင်ရလေသည်။ တစ်ချက်မျှ အမှုမဲ့ကြည့်မိပါက မြို့ငယ်လေးတစ်ခုအလားပင်...


အာကသစခန်း၏အရှေ့တွင် အပြာနှင့်အဖြူရောစပ်ထားသော ဂြိုလ်တစ်လုံးရှိသည်။ ၎င်းက ထာဝရအလင်းဂြိုလ်နှင့် အတော်အတန်ကွာဝေးသည့်အလျောက် မှိန်ဖျော့ဖျော့ဖြင့် ခေါင်သီလှသည်။ ဂြိုလ်၏တစ်ခြမ်းမှာ အမှောင်အတိဖုံးလွှမ်းလျက်ရှိပြီး သူမတို့ရောက်ရှိနေသော အာကသစခန်း၏တောက်ပမှုနှင့် ဆန့်ကျင်ဘက်ပင်။


ပို၍ ထူးဆန်းသည်မှာ ထိုဂြိုလ်၏အနီးတစ်ဝိုက်ရှိ အာကာသလေဟာနယ်တွင် တောက်ပနေသောကြယ်များ မရှိပေ။ အနည်းငယ်အထီးကျန်ကာ တိတ်တဆိတ်ရှိနေဟန်တူ၏။


" ညီမယောင်စစ် စကြာဝဠာနယ်စပ်ကိုပထမဆုံးရောက်ဖူးတာလား..."


ဟော်ချီက ယောင်စစ်၏စူးစမ်းလိုစိတ်အား သတိပြုမိသွားသည်။


" ဒါက စကြာဝဠာနယ်စပ်က အာကသစခန်းအမှတ် လေးဆယ့်လေးပဲ ဟိုရှေ့ကဂြိုလ်ကတော့ ဂြိုလ်အမှတ် ဆယ့်လေးတဲ့..."


ဆယ့်လေး လေးဆယ့်လေး... 

နမိတ်မရှိဘူးလို့ဘာလို့ထင်နေမိတာပါလိမ့်နော်...


" အဲဒီဂြိုလ်မှာ ဂြိုလ်တုတွေဘာတွေမရှိဘူးလား..."


" ရှိတာပေါ့ လေးခုတောင်ရှိတာလေအစက..."


ဟော်ချီကဖြေသည်။


" အစကဆိုတာဘာကိုပြောတာလဲ..."


" အာ ဟုတ်တယ် ဘောက်ဖတ်ကအကုန်စားသွားတယ်..."


" အကုန်စားပစ်တယ်တဲ့လား..."


ယောင်စစ်၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။ ဟော်ချီ၏စကား မှန်ကန်ပါက ၎င်းတို့၏အစာစားပုံက အနည်းငယ် ကြမ်းကြုတ်လွန်းပေမည်...


" သူတို့ကအကုန်စားတာ..."


ဟော်ချီက ရှုးရှုးရှဲရှဲဖြင့်ပြောသည်။


" ဂြိုလ်ငယ်လေးတွေ ဂြိုလ်တုတွေ ဘာမဆိုသူတို့ကတွေ့မရှောင် အကုန်ကြိတ်ကြတာ လောဘကြီးပုံကတော့ သွေးစုပ်ဖုတ်ကောင်တွေအတိုင်းပဲ..."


မူရွမ်နှင့်ယောင်စစ်က ဟော်ချီအား စူးရဲသောအကြည့်တို့ဖြင့် စိုက်ကြည့်လိုက်ကြသည်။


ဟိုသားရဲကိုပြောပြီးဆိုပြီးရင် မင်းစကားတွေရပ်လို့ရပြီ သွေးစုပ်ဖုတ်ကောင်တွေကို စော်ကားမှဖြစ်မှာလား...


" ဒါပေမဲ့ ငါ့ရဲ့မူရွှမ်ကတော့ သေချာပေါက်ကွဲပြားတာပေါ့ကွာ..."


ဟော်ချီကထပ်မံပြောလာပြီး သူ၏မျက်နှာထက်တွင် သူ၏နတ်ဘုရားအပေါ်ထားရှိသော အချစ်နှင့်ကိုးကွယ်မှုတို့က အတိုင်းသားပေါ်လွင်နေချေသည်။


ယောင်စစ်က မျက်နှာသေဖြင့်တစ်စုံတစ်ဦးအား လှည့်ကြည့်လိုက်ကာ သူမ၏မျက်ဝန်းများက ဤသို့အသံတိတ်ပြောဆိုနေခဲ့သည်။


ကျေးဇူးပြု၍ ရှင့်ရဲ့ဖန်ဘွိုင်းကိုခေါ်ပြီး ဝေးဝေးကိုလစ်ကြပါတော့...


" အဲဒီသားရဲက ရုတ်တရက်ပေါ်လာပြီး မြင်သမျှကို အကြောင်းပြချက်မရှိလိုက်စားနေတာပဲ..."


ဟော်ချီက သက်ပြင်းချကာခေါင်းယမ်းလျက် ပတ်ပတ်လည်ရှိ လူအုပ်ကြီးအား ညွှန်ပြလာသည်။


" အကယ်၍ မဟာမိတ်အဖွဲ့ကသာ ဒီအခြေအနေအတွက်မပြင်ဆင်ထားခဲ့ရင် ဂြိုလ်တွေကိစ္စတုံးနေလောက်ပြီ..."


" အဲ့လိုသားရဲတွေအများကြီး မကြာခဏထွက်လာတတ်တာလား..."


"အဲ့လိုတော့မဟုတ်ဘူး တစ်နှစ်ကို သုံးကောင်ကနေ ငါးကောင်အထိပဲ..."


ဟော်ချီက တစ်စုံတစ်ရာကို အမှတ်ရသွားပြီး ပါးနပ်သောအပြုံးတစ်ပွင့်ပြသလာသည်။


" အသက်ရှိတဲ့အကောင်တွေက အတော်အန္တရာယ်များပေမဲ့ သူတို့ရဲ့အလောင်းကတော့အရမ်းတန်ကြေးရှိတယ် သူတို့ရဲ့အရေပြား အရိုး၊သွေး၊အသား အကုန်ရောင်းလို့ရတယ်... အခုဆို သားရဲအသားကမျိုးနွယ်စုတိုင်းကြိုက်တဲ့အသားဖြစ်နေပြီမို့ စျေးကွက်မှာအရမ်းကြေးမြင့်တယ်  အာ... မနေ့ကလွတ်သွားတဲ့တစ်ကောင်လည်း နှမြောစရာပဲ..."


အစားအသောက်နဲ့ပတ်သက်လာတဲ့အခါ တန်ကြေးတွေက ဘာလို့အရေးမပါတော့တာများလဲ...

ယောင်စစ်က အပြာရောင်ဂြိုလ်ပေါ်မှသနားစဖွယ် စျေးကွက်ရေပန်းစား စားဖွယ်တစ်ခုဖြစ်သော ရေချိုကျောက်ပုစွန်များအား အမှတ်ရမိသွားသည်။၄င်းမှာ လယ်ယာမြေများတွင် စားသုံးရန်မွေးမြူခံရခြင်းဖြင့် အဆုံးသတ်သွားရသည်။


အစားကောင်းကြိုက်သူများရှိနေသ၍ စျေးကွက်အား အမျိုးအမည်ကန့်သတ်ချက်မရှိ အရာအားလုံးကလွှမ်းမိုးသွားနိုင်ပေသည်။


" ဒါပေမဲ့ သူဝေးဝေးမပြေးနိုင်လောက်သေးပါဘူး..." 


ဟော်ချီကဆိုသည်။


" မင်းတို့အလျင်မလိုဘူးဆိုရင် ဒီမှာဆက်နေကြဦးလေ မဟာမိတ်အဖွဲ့ကတစ်ခုခုလုပ်ဦးမှာပါ..."


ယောင်စစ်က သေချာပေါက် အလျင်လိုမနေပါချေ။ သူမက ဤနေရာတွင် ရက်အနည်းငယ်မျှထပ်နေရန် ဆုံးဖြတ်ပြီး မူရွှမ်အားလှည့်ကြည့်လိုက်သည်။


ဟော်ချီက အလွန်ဝမ်းသာသွားဟန်တူ၏။ သားရဲကြီးအကြောင်း ခဏမျှဆွေးနွေးပြီးသည့်နောက်တွင်သူက မူရွှမ်အားရုတ်ချည်းလှည့်ကြည့်လာသည်။ ဟော်ချီတစ်ယောက် နတ်ဘုရားအတွက် အသက်ပေးမည့် အရူးအမူးဖန်ဘွိုင်းလေးအဖြစ်သို့ အသွင်ပြောင်းသွားပြန်ချေပြီ။


" ညီကိုရေသိလား မူရွှမ်က ဟိုတစ်ခုကိုကြေငြာပေးနေတယ်ဆိုပဲ..."


ယောင်စစ်က မူရွှမ်၏တင်းကြပ်နေသောလက်သီးဆုပ်အား အသာကိုင်ဆွဲထားရသည်။


စိတ်လျှော့စမ်းပါ အဲဒါရှင့်ရဲ့အမာခံပရိတ်သတ်လေလို့...