အပိုင်း ၄၆
Viewers 15k

Chapter 46

တာ့တာဘောက်ဖတ်လေး


ဟော်ချီ၏ ပို့ချချက်မှတစ်ဆင့် သားရဲကြီးများသည် တစ်နှစ်တွင် သုံးလေးကြိမ်ခန့် စကြာဝဠာနယ်စပ်တွင် ပေါ်လာတတ်သည်အား သိရှိခဲ့ရသည်။


ယခုအချိန်ထိ ထိုသားရဲများ၏ဇာစ်မြစ်နှင့်နောက်ခံအား အတိအကျမသိရှိရသေးသည့်တိုင် ၎င်းတို့မှာ အလွန်အသုံးဝင်ပြီး အရသာရှိသဖြင့် လိုက်လံရှာဖွေဖမ်းဆီးခံရစမြဲပင်။ မျိုးနွယ်စုများနှင့် ဝေးကွာသောဒေသများတွင် ပေါ်လာတတ်ခြင်းဖြစ်သဖြင့် လူများ၏အငြိုးတရားကိုခံရခြင်းမရှိဘဲ ကြိုပင်ကြိုဆိုခံရပေသည်။


စကြာဝဠာသားရဲတစ်ကောင်၏ အဆင့်နှင့် ဖျက်ဆီးနိုင်စွမ်းမှာ အဆင့်ဆယ်ခုရှိသည်။ အဆင့်တစ်မှ သုံးအတွင်းရှိသောသားရဲများမှာ ပမွှားများဖြစ်သည်။ လေးမှခြောက်အတွင်းသားရဲများကမူ ဂြိုလ်ငယ်များအားဝါးမြိုနိုင်ပြီး ခြောက်မှတစ်ဆယ်အထိ သားရဲများကမူ ရှားပါးလှသည်။


မဟာမိတ်တပ်ဖွဲ့က ဝင်ရောက်ပါဝင်ချေမှုန်းရန်လိုအပ်သော အဆင့်မှာ ယခုနကကဲ့သို့ အဆင့်လေး သားရဲများဖြစ်သည်။


စကြာဝဠာနယ်စပ်က ဝေးကွာလွန်းသဖြင့် မဟာမိတ်နိုင်ငံများမှ တပ်ဖွဲ့များအား နှစ်စဥ်စေလွှတ်ရန်မှာ အကုန်အကျများလှသည်ဖြစ်၍ အများစုက ဆန္ဒအလျောက်သာလာရောက်အမဲလိုက်ကြခြင်း ဖြစ်လေသည်။


အုပ်စုလိုက်ဖြစ်စေ တစ်ဦးချင်းသော်ဖြစ်စေ သေခြင်းတရားနှင့်ရင်ဆိုင်ရမည်ကို မကြောက်လန့်သ၍ သားရဲများအားလာရောက်အမဲလိုက်ကြပြီး ၎င်းတို့သတ်ဖြတ်နိုင်ခဲ့မည်ဆိုပါကလည်း ထိုက်သင့်သောတန်ကြေးတစ်ခုကို ပြန်လည်ရရှိမည်ဖြစ်၏။


မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်မှုအားပိုမိုထိရောက်စေရန် သားရဲများ၏တည်နေရာအားထောက်လှမ်း၍ ထောင်ချောက်ကျွမ်းကျင်သော စကြာဝဠာလုပ်သားများအား ခန့်အပ်ပြီး သားရဲများ၏စွမ်းရည်များအား ကန့်သတ်ရန်ကြိုးစားသည်။


သားရဲတစ်ကောင် သတ်ဖြတ်နိုင်ပါက လုပ်ငန်းအတွင်းပါဝင်သူတိုင်း အချိုးအစားဖြင့်ခွဲဝေပေးခြင်းခံရသည်။ မဟာမိတ်တပ်ဖွဲ့က  သတင်းအချက်အလက်နှင့် အလုပ်အပ်ခြင်းတို့အတွက် အကျိုးအမြတ်၏ တစ်ဆယ်ရာခိုင်နှုန်းအားပုံသေယူသည်။


ထိုသည်က ခမ်းနားသောစူပါဟီးရိုးများစွာက စကြာဝဠာသားရဲအားသတ်ရန် လာရောက်ကြသည်ဟု မူလကယောင်စစ်ထင်ခဲ့သော ယာဥ်ပျံအမျိုးအစားများစွာရှိနေရခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။


အာကာသမျိုးနွယ်စုကသာ တရားဝင်ကိုယ်စားလှယ်များဖြစ်သည်။ ၎င်းတို့က သားရဲများအား ထောင်ဖမ်းရန်ကူညီကြပြီး ၎င်းတို့၏အဓိကအလုပ်မှာ သားရဲများအား သတ်ဖြတ်ရန်မဟုတ်ဘဲ လူတိုင်းအားဘေးကင်းစေရန်ကာကွယ်ပေးခြင်းဖြစ်သည်။


သို့သော် ၎င်းတို့သည် စကြာဝဠာသားရဲများအား အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိဘဲ ရံဖန်ရံခါဆိုသလို အချို့အစားခံလိုက်ရသော သတင်းများထွက်ပေါ်လာလေ့ရှိသည်။


" ဒီဘက်ခေတ်ကြီးမှာ ငွေရှာဖို့ခက်ခဲလွန်းပါတယ်ကွာ..."


ဟော်ချီက ခေါင်းယမ်းလိုက်ပြီး သူတို့ဘက်သို့လှည့်လာကာ ရှုပ်ထွေးနေသော ခံစားချက်များစွာပါဝင်သည့်အသံဖြင့် ပြောလာသည်။


" အိုင်းး မင်းတို့ကောင်တွေ ကံကောင်းသလားဆိုသလားလို့ ငါလည်းမပြောနိုင်တော့ဘူး ပထမဆုံးအကြိမ် အဆင့်လေးသားရဲနဲ့တွေ့ခဲ့ရပြီး အခုကျလွတ်သွားပြန်ပြီ  ဘယ်သူမှလည်းမသိနိုင်ဘူးဘယ်အချိန်မှာ..."


ဟော်ချီ သူ၏ဝါကျကိုအဆုံးမသတ်နိုင်လိုက်ခင်တွင် အနီရောင်အလင်းများရုတ်ချည်းဖြစ်ပေါ်လာပြီး အာကာသစခန်းအတွင်း အရေးပေါ်အချက်ပေးကြေငြာသံများဖြင့် ဆူညံသွားချေသည်။


[  သတိပေးချက် သတိပြုပါ အာကာသစခန်းက နောက် သုံးဆယ်စက္ကန့်အတွင်း စကြာဝဠာသားရဲတစ်ကောင်ဆီက တိုက်ခိုက်ခံရနိုင်ပါတယ် ]


" သေစမ်း ဒီကိုရောက်လာတာလား..."


ဟောချီက ဆတ်ကနဲဆိုသလို မတ်မတ်ထရပ်လိုက်သည်။


" အိမ်ဝထိ  တံခါးလာခေါ်ရအောင်ကို ဖော်ရွေလွန်းတဲ့သားရဲလေးပါလား..."


ဟော်ချီက စိတ်လှုပ်ရှားစွာရေရွတ်လိုက်ပြီး အချိန်ကုန်ခံရန် စိတ်ကူးရှိမနေဘဲ ချက်ချင်းဆိုသလို တာထွက်ရန်ပြင်လိုက်၏။


" ကိုယ့်လူတို့ရေ သွားစို့ မဟုတ်ရင် ဘာခွဲတမ်းမှမရလိုက်ဘဲနေမယ်..."


ယောင်စစ် လှည့်ပတ်ကြည့်ရှူလိုက်သောအခါ စခန်းတွင်းရှိလူအုပ်ကြီးကလည်း ဟော်ချီသွားဘက်သို့ ရုန်းရင်းဆန်ခတ်ပြေးထွက်သွားကြသည်။


" မူရွှမ်..."


" သွားမယ်..."  


မူရွှမ်က ခေါင်းငြိမ့်ပြလိုက်သည်။ 


ယောင်စစ်က လူအုပ်ကြီးနောက်မှ အလျင်အမြန် လိုက်ပါသွားသည်။ သုမတို့အပြင်ရောက်ချိန်တွင် ပတ်ပတ်လည်၌ ပြောင်ရှင်းလုမတတ်ဖြစ်နေပေ၏။


အာကာသယာဥ်ပျံအများစုက လေပေါ်တွင်ဝဲပျံနေသည်။ သူမမော့ကြည့်လိုက်သောအခါ ပျက်စီးနေသော အာကသစခန်း၏ဝင်ပေါက်အား တွေ့မြင်လိုက်ရသည်။


၎င်းအတွင်းမှ တစ်စုံတစ်ရာ အချိန်မရွေးပေါ်ထွက်လာနိုင်မည့် အရိပ်အယောင်များရှိပြီး  ယခုနက ဘောက်ဖတ်ကြီး ပြုလုပ်သွားသကဲ့သို့ပင်။


ယောင်စစ်က ပျံသန်းသွားလိုက်သော်လည်း သူမကနောက်ကျကျန်နေခဲ့သည်ဖြစ်၍ ကောင်းကင်တွင် အာကသစခန်းမှ ဧရာမလူအုပ်များ ယာဥ်ပျံများဖြင့် ပြည့်နှက်နေကာ သူမအတွက်နေရာမကျန်ရှိဘဲ အနောက်တွင်ရပ်နေရုံသာ တတ်နိုင်ခဲ့သည်။


တင်းကြပ်စွာပိတ်ဆို့နေသော လူအုပ်အကြားမှ သူမှတိုးဝှေ့ဖြတ်သန်းရန် မဖြစ်နိုင်ပေ။ ယောင်စစ်က သားရဲအတွက် အမွှေးတိုင်တစ်တိုင် တိတ်တဆိတ်ထွန်းပေးလိုက်ရ၏။  


နေရာကိုဘယ်လိုတောင်ရွေးလို့ ရန်သူစခန်းတည့်တည့်ကိုမှရောက်ချလာရတာလဲဟေ...

ဗိုက်ဆာနေရင်တောင် ဒီလိုကြီးတော့ သေတွင်းမတူးသင့်ပါဘူး...


ခဏနေပါဦး... ဂြိုလ်...


သူမက တစ်ဖက်သို့လှည့်ကြည့်လိုက်ချိန် အဝါရောင်ဂြိုလ်တစ်လုံးအား တွေ့မြင်လိုက်သည်။ လူတိုင်းက အထက်သို့အာရုံစိုက်နေကြခြင်းဖြစ်ပြီး ဤဂြိုလ်အားသတိနပြုမိကြပေ။ ဂြိုလ်၏အထက်နှင့်အောက်မှ အဖြူရောင် အလင်းတန်းများတောက်ပနေပြီး မကြာမီအချိန်အတွင်း ထိုအလင်းနှစ်ခုအကြားရှိ နေရာလပ်မှာ ကျဥ်းမြောင်းလာသည်။


မဟုတ်ဘူး အလင်းတန်းမဟုတ်ဘူး... အဲဒါသွားတွေလို့ သွားတွေ


" စကြာဝဠာသားရဲက အနောက်မှာ..."


ယောင်စစ် အားကုန်အော်ဟစ်လိုက်မိသည်။


သူမ အလျင်အမြန်တစ်ဖက်သို့ ပြေးသွားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။  ဧရာမပါးစပ်ကြီးက ပိတ်ဆို့သွားခဲ့ပြီဖြစ်ပြီး မူလကအဝါရောင်ဂြိုလ်လည်း ပျောက်ကွယ်သွားကာ အနောက်ရှိ ပုံပန်းမကျသော အဖြူရောင်နှင်းဘောလုံးကဲ့သို့အရာကြီးအား တွေ့မြင်လိုက်ရသည်။


၎င်းက ယခုနက ဘောက်ဖတ်ကြီးဖြစ်သည်။ သူတကယ်ကို ပြန်လာခဲ့သည်...။


(⊙_⊙)


" ဒါခုနကလွတ်သွားတဲ့ သားရဲမဟုတ်လား..."


" သူ ဂြိုလ်အမှတ်ဆယ့်လေးကိုစားလိုက်ပြီ ..."


" သူ့တိုက်ခိုက်မှုက ဘာလို့ဒီလောက်တိတ်ဆိတ်ပြီးမြန်နေတာလဲ..."


" အဆင့်လေးရော ဟုတ်ရဲ့လားကွာ..."


အားလုံးက အခြေအနေကို သဘောပေါက်သွားသောအခါ အလျင်အမြန်တစ်ဖက်သို့ပျံသန်းလာကြသည်။ အာကာသမျိုးနွယ်စုက ဦးစွာရောက်ရှိလာပြီး သားရဲကြီးအပေါ်သို့ မမြင်နိုင်သော အရံအတားတစ်ခုဖြင့်ဖုံးအုပ်လိုက်သည်။


မကြာမီအတွင်း ပတ်ပတ်လည်တွင် အထူးစွမ်းရည်ရှိသောသူများဖြင့် ပြည့်နှက်သွား၏။


ဂြိုလ်တစ်ခုလုံးအား စားသုံးခဲ့သော ဘောက်ဖတ်ကြီးသည် ယခင်ကကဲ့သို့မရုန်းကန်တော့ပေ။ ၎င်းက ဒေါသတကြီးအော်ဟစ်ကာ စေးကပ်သောအရာများအား အရံအတားကိုဖြတ်၍ လူအုပ်ကြီးဆီသို့ ပစ်ထုတ်လိုက်သည်။


ယောင်စစ်၏ နှလုံးသားအတွင်း မြင်းကောင်ရေ တစ်သောင်းခန့် ကဆုန်ပေါက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမက အခင်းဖြစ်ရာနှင့် အဝေးဆုံးတွင်ရပ်နေသည်ဟု ထင်ခဲ့မိသော်လည်း ရုတ်ချည်းဆိုသလို သူမရပ်နေသောနေရာက အန္တရာယ်အရှိဆုံးနေရာအဖြစ် ပြောင်းလဲသွားပေသည်။


ယောင်စစ်က အစိမ်းရောင်ပစ်ချက်များအား ခက်ခက်ခဲခဲရှောင်တိမ်းနေရချိန်တွင် ရုတ်တရက် ရင်းနှီးကျွမ်းဝင်သော စွမ်းအင်လှိုင်းအချို့ သူမခန္ဓာကိုယ်အတွင်း စိမ့်ဝင်ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။


ယောင်စစ်က ပတ်ပတ်လည်ကို အကဲခတ်လိုက်သောအခါ အထူးစွမ်းရည်ဖြင့်လူအမြောက်အများရှိနေသဖြင့် ဤတစ်ကြိမ်တွင် သူမမည်သူ့စွမ်းအင်ဖြင့် ချိတ်ဆက်မိသွားပြန်သည်ကို မပြောနိုင်ချေ။


သူမစမ်းသပ်ကြည့်ရန် ပြင်နေချိန်တွင် ယာဥ်ပျံတစ်စီးက အပြာရောင်အလင်းတန်းများတောက်ပလာပြီး  သူမအားကျော်ဖြတ်ကာ ဘောက်ဖတ်ကြီးဆီသို့ ပြေးဝင်သွားလေသည်။


သို့သော် ထိုယာဥ်ပျံသည် ဘောက်ဖတ်အား ဝင်တိုက်လုဆဲဆဲတွင် လှိုင်းထနေသောအနက်ရောင်တွင်းပေါက်တစ်ခု ရုတ်ချည်းကြားဖြတ်ဖြစ်ပေါ်လာကာ အပြာရောင်အလင်းတန်းများလည်း အစအနမကျန် ပျောက်ဆုံးသွားချေသည်။


ဘောက်ဖတ်ကြီးက ကျယ်ကျယ်လောင်လောင် မြည်တမ်းလိုက်သည်နှင့် အနက်ရောင်တွင်းပေါက်များစွာ ထပ်မံဖြစ်ပေါ်လာပြီး ပတ်ပတ်လည်ရှိအရာအားလုံးအား တစ်စတစ်စ ပျောက်ကွယ်သွားသည်အထိစုပ်ယူပစ်သည်။


" ဒါ ဒါ ဝါးမြိုခြင်းပဲ..."


" အထူးစွမ်းရည်တွေနဲ့ သားရဲလား..."


" ဒါကြီးက အဆင့်ခုနစ်ကြီးပဲကွ..."


" အထူးစွမ်းရည်ကလည်း ဝါးမြိုခြင်းတဲ့လား..."


လူတိုင်း၏မျက်နှာထက်၌ ထိတ်လန့်နေသောအမူအယာများထင်ဟပ်လာသည်။ ရှေ့တိုးနေကြသောသူများသည်လည်း ရပ်တန့်သွားကြသည်။  သို့သော်အချိန်နှောင်းသွားခဲ့ပြီဖြစ်၏။


ယာဥ်ပျံအများစုမှ အနက်ရောင်တွင်းပေါက်များနှင့်ထိတွေ့မိကာ ဝါးမြိုခံနေရသည်။ အာကာသစခန်း၏ ထိပ်တွင်လည်း တစ်ခုရှိနေပြီး ထိုနေရာကြီးတစ်ခုလုံးအား ဖြည်းညှင်းစွာ စုပ်ယူနေသည်။


မူရွှမ်...


ယောင်စစ်၏ နှလုံးသားလေးလေးလံသွားကာ ထိုသူထံသို့အပြေးသွားရောက်ခဲ့သည်။