အပိုင်း ၄၇
Viewers 16k

Chapter 47

ယိုယို(Yo Yo) ဂြိုလ်


ရင်းနှီးကျွမ်းဝင်သော ဟိန်းသံတစ်သံက ယောင်စစ်၏အနောက်ဘက်မှပေါ်ထွက်လာပြီး သူမထံသို့ အစိမ်းရောင်ချွဲပစ်ပစ်အရည်များ ထွေးထုတ်လိုက်သည်။


ယောင်စစ် စိတ်ထဲမှကျိန်ဆဲလိုက်မိသည်။


ဘာလို့အမြဲတမ်းသူမပဲဖြစ်နေရတာလဲ.... အဲဒါကြောင့်ပိုးကောင်တွေကိုအမုန်းဆုံးပါဆို...


ပတ်ပတ်လည်သို့ အကဲခတ်လိုက်သောအခါ သူမတွင် ထွက်ပြေးလွတ်မြောက်ရန် လမ်းမရှိချေ။ယောင်စစ် အံကိုတင်းတင်းကြိတ်လိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ရန် အားတင်းလိုက်သည်။


သူမကိုယ်တွင်းမှ စွမ်းအင်များအားအသက်ပြင်းပြင်းရှူကာ စုစည်းယူလိုက်သည်။ထို့နောက် လက်ကိုဆန့်တန်း၍ စွမ်းအင်များအား လွှတ်ထုတ်လိုက်ပေသည်။


ဤစွမ်းအင်များက မည်သည့်စွမ်းရည်ဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ဘောက်ဖတ်ကြီး၏ တိုက်ခိုက်မှုအား ခုခံနိုင်ရန်သာ လိုအပ်သည်။


ရုတ်တရက်ဆိုသလို တောက်ပသော အဖြူရောင်အလင်းက ယောင်စစ်၏အမြင်အာရုံအား ဖုံးလွှမ်းသွားသည်။ ၎င်းက အကာအရံအလွှာတစ်ခုနှင့်တူပြီး ဘောက်ဖတ်ထံမှ အစိမ်းရောင်အရည်များသာမက အနက်ရောင်တွင်းပေါက်များကိုလည်း ပိတ်ဆို့နိုင်လိုက်ပေသည်။


ဒါက... ဘာကြီးလဲ...


ယောင်စစ် မတုံ့ပြန်လိုက်နိုင်ခင်တွင် ကြည်လင်သောအဖြူရောင် ကန့်လန့်ကာကြီးက လှုပ်ခါသွားသည်။ တရှဲရှဲအသံများနှင့်အတူ  အဖြူရောင်ဘောလုံးကြီးတစ်လုံး က ဘောက်ဖတ်ကြီး၏ခန္ဓာကိုယ်အား ဖောက်ခွင်း၍ထွက်ပေါ်လာချေသည်။  ဘောက်ဖတ်ကြီးက ပေါက်ကွဲမသွားမီ အော်ဟစ်ချိန်ပင်မရလိုက်ဘဲ သူ၏ဧရာမခန္ဓာကိုယ်ကြီးက ဝိဉာဥ်ကင်းကွာသွားလေသည်။


ကောင်းကင်ယံအပြည့်ရှိနေသော အနက်ရောင်တွင်းပေါက်များလည်း ပျောက်ကွယ်သွား၏။


လူအုပ်ကြီးက တစ်ယောက်တစ်ပေါက် ဟစ်အော်လာလေသည်။


" သေအောင်ရိုက်သတ်ခံလိုက်ရပြီဟ..."


" ဘုရားသခင် စကြာဝဠာသားရဲကိုဒီလိုသတ်နိုင်တယ်လား..."


" ဘာနဲ့ချလိုက်တာလဲဟ.... မြန်လွန်းလို့အရိပ်တောင်မမြင်လိုက်ရဘူး..."


" အဲဒါ ဂြိုလ်အမှတ်ဆယ့်လေးပဲ သားရဲမြိုချလိုက်တဲ့ဂြိုလ်လေ..."


" အဲဒီမိန်းကလေးကဘယ်သူလဲ သူမရဲ့အထူးစွမ်းရည်ကဘာကြီးလဲ..."


" သူမက ဂြိုလ်ကြီးတစ်လုံးကိုတောင် မနိုင်တယ် အထူးစွမ်းရည်က ခွန်အားများလား..."


" ဂြိလ်တစ်ခုလုံးကိုမနိုင်တဲ့ ခွန်အားစွမ်းရည်မျိုး ခင်ဗျားမြင်ဖူးသလား..."


"..."


လူတိုင်းက စိတ်ရှုပ်ထွေးနေကြကာ လေထဲတွင်ရပ်တန့်နေသော သူမထံသို့ လှည့်ကြည့်လာကြ၏။


ယောင်စစ် သူမလက်အားစိုက်ကြည့်ရင်း အချိန်အတော်ကြာ ကြောင်အနေသည်။ ခေတ္တအကြာတွင် သူမ တစ်စုံတစ်ခုအားရုတ်ချည်းသဘောပေါက်သွားခဲ့၏။


စကြာဝဠ၏သားရဲကြီးက ဂြိုလ်တစ်လုံးအားမျိုချခဲ့ပြီး ယခု၎င်းက အဖြူရောင်ရေမှန်တစ်ချပ်ကဲ့သို့အရာမှ ပြန်လည်ထွေးထုတ်စေချင်း ခံခဲ့ရသည်။


ယခုနကဖြစ်ရပ်တွင် သူမနှင့် ချိတ်ဆက်မိသွားသည့်စွမ်းရည်က...


ယောင်စစ်က စားပွဲခုံတစ်ခုံလောက်အား မှောက်လှန်ပစ်ချင်သွားမိပေ၏။


(╯‵□′)╯︵┻━┻


ဘယ်လိုတောင် သားရဲတစ်ကောင်ရဲ့အထူးစွမ်းရည်နဲ့ သွားချိတ်မိရတာလဲ ကျပန်းဆန်လိုက်တာဟယ်...


သားရဲကြီး၏စွမ်းရည်က ဝါးမြိုခြင်းဖြစ်ကာ သူမ၏စွမ်းရည်က ထွေးထုတ်စေခြင်းဖြစ်လို့သွားသည်။


ယောင်စစ် ရုတ်တရက် သက်တောင့်သက်သာမရှိသကဲ့သို့ ခံစားလိုက်ရချေ၏။


...


စကြာဝဠာသားရဲကြီးက သုတ်သင်ခံလိုက်ရပြီဖြစ်ပြီး လက်သည်က ယောင်စစ်ဖြစ်သည်။ သူမ ကျော်ကြားသွားသည်ဟုယူဆရပေမည်။


ယောင်စစ် ပျံသန်းလာသောအခါ လူတိုင်းက သူမအား ထူးဆန်းဆသာအကြည့်များဖြင့် ဝိုင်းဝန်းကြည့်ရှုကြကုန်၏။ စိတ်လှုပ်ရှားဖွယ်ကောင်းသကဲ့သို့ အနည်းငယ်လည်း စိတ်ဓာတ်ကျရပေသည်။


သူမ ပျံသန်းနေစဥ် ထိုလူအုပ်ကြီး တီးတိုးပြောနေသံများအား တစ်စွန်းတစကြားရ၏။


" မြန်မြန်ကြည့်လိုက်စမ်း ဟိုမှာ စကြာဝဠာသားရဲကို ဂြိုလ်ကြီးသတ်ခဲ့တဲ့မိန်းကလေး..." ဟူ၍။


" ..."


သူမကို လူသန်ကြီးဟော့ခ် လိုကြည့်နေကြတာရပ်ပေးနိုင်မလားဟင်  သူမကအားနည်းတဲ့ သာမန်မိန်းကလေးတစ်ယောက်ပါ ဟုတ်ပြီလား...


" ဖေဖေ..." 


ယောင်စစ်က သူမရှေ့ရှိလူကို အထွန့်တက်ချင်သလို ကြည့်လိုက်သည်။


သမီးပုံရိပ်တော့ပျက်စီးပါပြီဖေဖေရေ...


" ဘာလို့ကျွန်မရဲ့ စွမ်းရည်က သားရဲတစ်ကောင်ရဲ့စွမ်းရည်အပေါ်သက်ရောက်သွားရတာလဲ..."


" မူရွှမ်ရေ..."


မူရွှမ်က သူ၏ကွန်ပြူတာလက်ပတ်အားအသုံးပြုနေခြင်းကို ရပ်တန့်လိုက်ပြီး ယောင်စစ်အား ပြန်ဖြေသည်။


" မင်းရဲ့စွမ်းရည်က မင်းရဲ့ပြိုင်ဘက်ဆီက တန်ပြန်သက်ရောက်မှုတစ်ခုပဲ စွမ်းရည်အသုံးချတဲ့သူနဲ့မဆိုင်ဘဲ စွမ်းရည်ဖြစ်ဖို့ပဲလိုတာ ခွဲခြားထားမှုတွေမရှိဘူး..."


"..."


ဖြစ်သင့်ရဲ့လား...


" ဒါဆို ခုနက ကျွန်မသုံးလိုက်တဲ့စွမ်းရည်ကဘာလဲ..."


" စကြာဝဠာသားရဲရဲ့စွမ်းရည်က ဖျက်ဆီးဝါးမြိုခြင်းဆိုတော့ မင်းရဲ့ဟာက မူလစတည်ဖန်ဆင်းခြင်းဖြစ်သွားတာ..."


" အမ်..."


ပယ်ဖျက်ခြင်းလို့ ထင်နေတာ  မဟုတ်ရင် ဘာလို့ ဂြိုလ်ကြီးတစ်ခုလုံးကို ဗိုက်ထဲက ဆွဲထုတ်လိုက်ရတာလဲ...


" သားရဲရဲ့တံတွေးကိုတားဆီးလိုက်တဲ့ အဖြူရောင်အလင်းက မင်းရဲ့စွမ်းရည်ပဲ..."


မူရွှမ်က မှိန်ဖျော့လာနေပြီဖြစ်သော ကြည်လင်သောအဖြူရောင်ကန့်လန့်ကာအား တစ်ချက်မော့ကြည့်လိုက်ကာ ပြောသည်။


" ဂြိုလ်ကိစ္စက တိုက်ဆိုင်သွားတာပါ..."


စကြာဝဠာသားရဲက ဂြိုလ်ကို တိုက်ရိုက်မျိုမချဘဲ သူ၏ပါးစပ်ထဲတွင် လမ်းတစ်ခုဖွင့်၍ နောင်တစ်ချိန်မှ အစာချေဖျက်ရန် ယာယီသိမ်းဆည်းထားခဲ့သည်။ သူ့ကလေး၏ စွမ်းရည်က ထိုလမ်းကြောင်းများကို ပိတ်ဆို့လိုက်သဖြင့် ဂြိုလ်ကိုအားသုံး၍ ညှစ်ထုတ်သည့်သဘော သက်ရောက်သွားခဲ့ခြင်းပင်။


" ဒါပေမယ့် လူတိုင်းက သမီးလုပ်တယ်ပဲထင်နေကြပြီ..."


ယောင်စစ်က နောက်တစ်နေ့သတင်းခေါင်းစီးအတွက်တောင် ပြင်ဆင်ထားခဲ့တယ်


# သတင်းထူး စကြာဝဠာနယ်စပ်မှာ သွေးစုပ်ဖုတ်ကောင်စူပါအမျိုးသမီးတစ်ယောက်က ဂြိုလ်တွေကို ယိုယို လုပ်ပြီးကစားခဲ့တယ် #


ရူးကြောင်ကြောင်မနိုင်ဘူးလားဟင်...


" စိတ်မပူပါနဲ့..."


မူရွှမ်က သူ၏လက်ကို ဆန့်ထုတ်လိုက်ကာ ယောင်စစ်ဆံပင်များအား သပ်ပေးလိုက်သည်။


" မင်းမကြိုက်ရင် သူတို့မင်းမျက်နှာကိုမမှတ်မိအောင်လုပ်ပေးမယ်..."


"အာ..."


ယောင်စစ် ​ခေါင်းရှုပ်သွားသည်။


" သူတို့အမြင်ဝါးသွားအောင်ပြုစားလိုက်မယ်..."


" အိုး အဖေပြောတာ အဖေ့ရဲ့စိတ်ညို့စွမ်းရည်နဲ့လား..."


ဟုတ်သားပဲ... မူရွှမ်က သူ့မျက်နှာကိုတောင် လူတိုင်းမမှတ်မိအောင်လုပ်ထားနိုင်တာ သေချာပေါက် သူမကိုလည်းအဲ့လိုလုပ်ပေးနိုင်မှာပေါ့...


" အင်း..."


သူ၏ စိတ်စွမ်းရည်သက်သက်ဖြင့်သာ မဟုတ်ချေ။ အာကာသစခန်းမှ စောင့်ကြည့်မှတ်တမ်းများအားလုံးကိုလည်း သူဖျက်ဆီးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သားရဲအားကိစ္စတုံးခဲ့သည်ကို လူတိုင်းသိကြလျှင်ပင် ထိုတစ်စုံတစ်ယောက်က မည်သူဖြစ်သည်ကိုမူ လက်ဆုပ်လက်ကိုင် ပြနိုင်ကြမည် မဟုတ်ပါချေ။


ယောင်စစ်က အနည်းငယ်ပူပန်နေခဲ့သည်။ အချိန်တစ်ခုကြာသောအခါ ထူးဆန်းသောအကြည့်များက သူမကိုယ်ပေါ်မှဖယ်ခွာသွားကြပြီး တီးတိုးဆွေးနွေးနေသံများဆက်လက်ဖြစ်ပေါ်နေသေးသည့်တိုင် သူမအားဗဟိုပြုထားသော အကြောင်းအရာများ မဟုတ်သဖြင့် စိတ်သက်သာရာရသွားချေသည်။ အဆုံးတွင် ယောင်စစ်တစ်ယောက် သူမ၏ရွှင်လန်းသောအသွင်သို့ ပြန်လည်ရောက်ရှိလာ၏။


" ဖေဖေ..."


"မူရွှမ်.."


မူရွှမ်က အခေါ်အဝေါ်ပြင်ပေးရန်ကြိုးစားနေရပြီး သူမအား အလိုလိုက်ထားမိသဖြင့်ခေါင်းကိုက်သကဲ့သို့ ခံစားလာရသည်။


" ဒယ်ဒီမူ..."


"..."


မူရွှမ်က သက်ပြင်းချလိုက်ပြီး ပြောသည်။


" အိမ်ပြန်ပြီးညစာပြန်စားကြမယ်..."


"ဟုတ်..."


ယောင်စစ်က မူရွှမ်၏နောက်မှတက်ကြွစွာလိုက်ပါလာခဲ့ပြီး အဝင်ဝတွင် ဟော်ချီနှင့်ဆုံမိကြ၏။


" ပြန်တော့မလို့လား..."


ဟော်ချီက အံ့အားသင့်သွားသည်။


" ဆုကြေးမယူတော့ဘူးလား..."


"မယူတော့ဘူး..."


မည်သို့ပင်ဖြစ်စေ ဆုကြေးက သူတို့လာရင်းရည်ရွယ်ချက်မဟုတ်ပေ။


"ဘာလို့လဲ ..."


ဟော်ချီက မျက်မှောင်ကျုံ့လိုက်ပြီး လူချမ်းသာများ၏ဘဝအားသဘောပေါက်ခြင်းမရှိဘဲ ဆက်ပြောလာသည်။


" စကြာဝဠာ သားရဲက အဆင့်ခုနစ်ကိုရောက်နေပြီဆိုတော့ ဆုကြေးကလည်းသိသိသာသာပိုများမှာနော်..."


ထို့နောက် ဟော်ချီက သူ၏လေသံအားနှိမ့်ချလိုက်ကာ လျှို့ဝှက်သောတစ်စုံတစ်ခုကိုပြောနေသကဲ့သို့ တီးတိုးဆိုလာသည်။


" ပြီးတော့ ငါခပ်လှမ်းလှမ်းမှာရောက်နေပေမယ့် အဆင့်ခုနစ်သားရဲကိုတောင် ဂြိုလ်တစ်လုံးနဲ့သတ်ပစ်ခဲ့တဲ့လူရှိတာမြင်လိုက်ရတယ်  ဘယ်လောက်အခန့်သင့်လိုက်လဲ ဆုကြေးလည်းရ ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်နဲ့လည်းတွေ့ရ ဟမ် အဲ့လူသာရှိနေရင် နောက်ထပ်သားရဲတွေသတ်နိုင်ဖို့လည်း အလားအလာရှိတယ် အဲဒါကြောင့် နည်းနည်းထပ်နေဖို့ပြောနေတာ..."


ယောင်စစ်၏ မျက်နှာထားကတင်းမာသွားသည်။


ကောင်းသောနေ့ပါဘရို

နှုတ်ဆက်ခဲ့ပါတယ်ဘရို...


" ကျွန်မတို့အလျင်လိုနေတာ ခုသွားမှဖြစ်မယ်..."


" အော ကောင်းပါပြီ..."


ဟော်ချီက အနည်းငယ်တွန့်ဆုတ်စွာပြောလိုက်သည်။


ထို့နောက်သူက ယောင်စစ်ထံသို့ စာပို့လိုက်၏။


[ဆုကြေးတွေရလာရင် မင်းတို့အတွက်လည်းပို့လိုက်မယ် ဒီအထိတောင်ရောက်လာပြီးမှ အားထုတ်မှုတွေ အလကားအဖြစ်မခံပါနဲ့ ]


" ကျေးဇူးပါ..."


ယောင်စစ်က တုံးတိပြန်ကြားလိုက်ပြီး မူရွှမ်နောက်မှ လိုက်ပါသွားတော့သည်။


စကြာဝဠာနယ်စပ်တွင် တိုက်ရိုက်ပို့ဆောင်ရေးလမ်းများမရှိချေ။ သို့သော် မူရွှမ်ရှိနေသဖြင့် သူမတို့ခရီးနှောင့်နှေးမည်အား ပူပန်စရာမလိုအပ်ပေ။ မူရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အနီးဆုံးစကြာဝဠာတံခါးပေါက်ဆီသို့ တိုက်ရိုက်ရောက်ရှိသွားလေသည်။ ဤသို့ဖြင့် သူမတို့၏အိမ်ပြန်ခရီးမှာ နှစ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။


ယောင်စစ်က အနာဂါတ်တွင် သူမဘယ်ကိုသွားသွား မူရွှမ်အားအပါခေါ်နိုင်ရန် ဆုံးဖြတ်လိုက်၏။ မူရွှမ်ရှိနေသမျှ ကာလပတ်လုံး ခရီးစရိတ်အတွက် ကြောင့်ကြနေစရာမလိုအပ်တော့ပေ။