အပိုင်း ၄၈
Viewers 16k

Chapter 48

နဂါးငွေ့တန်းကျောင်းတော်ဝင်ခွင့်စာမေးပွဲ


စကြာဝဠာသားရဲနှင့်တိုက်ပွဲက ယောင်စစ်အား သူမ၏စွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်းမြင့်မားလာစေရန် ကူညီပေးခဲ့သည်။ ယခုဆိုလျှင် စွမ်းအင်လမ်းကြောင်းအနည်းငယ်အား သူမခံစားသိရှိနေနိုင်ပြီဖြစ်၏။ 


သူမ၏ ရေစွမ်းအင်က ဟော်ချီ၏မီးတောက်စွမ်းရည်သို့ အချိန်ပြည့်ပစ်မှတ်ထားနေရသည့်အကြောင်းပြချက် လည်းရှိသေးသည်။


မူရွှမ်၏ခန့်မှန်းချက်ကမူ သူမ၏စွမ်းရည်သည်ထိရှလွှယ်ကာ အခြားသောစွမ်းရည်များ၏လှုံဆော်မှုရှိမှ နိုးထနိုင်ပြီး နိုးထလာသည်နှင့်တစ်ပြိုင်နက် ဆန့်ကျင်ဘက်စွမ်းရည်အပေါ်ကိုသာ ပြင်းပြသောစွဲအားတို့ဖြင့် ပစ်မှတ်ထားနေနိုင်သည်ဟု ဆိုသည်။


အဆုံးတွင် ဟော်ချီ၏မီးတောက်အား ငြိမ်းသတ်လိုက်နိုင်သည်နှင့် သူမ၏ရေစွမ်းအင်လည်း ပျောက်ကွယ်သွားရသည်သာ။


ဖြေရှင်းရန်နည်းလမ်းက မရှုပ်ထွေးပေ။ သူမ၏လမ်းကြောင်းတွင် သူမကျွမ်းကျင်နေရန်သာလိုအပ်သည်။ သို့သော် ကိုယ်ပိုင်ဆုံးဖြတ်ချက်များရှိနေတတ်သောသူမ၏စွမ်းရည်များက ယောင်စစ်အလွယ်တကူကျွမ်းကျင်ခြယ်လှယ်နိုင်သော စွမ်းရည်မျိုးမဟုတ်ခဲ့ပါချေ။


သူမနောက်တကြိမ် ဂြိုလ်ကြီးကို ဆွဲမမမိဘူးလို့ ဘယ်သူပြောနိုင်မလဲ...


မူရွှမ်က သူမကို အဓိကစွမ်းရည်ငါးမျိုး နှိုးဆွပေးရန် စီစဥ်သည်။ ကံကောင်းထောက်မစွာဖြင့် စကြာဝဠာပင်လယ်ဓားပြများအား နှိမ်နင်းရန်ထွက်ခွာသွားသော သွေးစုပ်ဖုတ်ကောင်များ အပြန်ခရီးကိုစတင်ထွက်ခွာလာကြပြီ ဖြစ်သည်။ ယောင်စစ်က ဤတစ်ကြိမ်တွင် ဧရာမသားရဲများအားတိုက်ခိုက်ရန်မလိုအပ်ဘဲ သူမနှင့်အတူလေ့ကျင့်ရန်  မျိုးဆက်ငါးရာကျော်မှ ဂျူနီယာလေးများအားရှာတွေ့ထား၏။


ထိုစဥ် မူရွှမ်ကမူ သူ၏စွမ်းရည်များ ယောင်စစ်အပေါ်သက်ရောက်မှုမရှိစေရန် စိတ်ချအောင်လုပ်သည့်အနေဖြင့် အိမ်ထဲတွင်သာနေရန် တိုက်တွန်းခံရသည်။


ယောင်စစ်က လေ့ကျင့်ရေးတွင် သူမကိုယ်သူမမြှုပ်နှံထားသည်။ မနက်လင်းသည်နှင့် သူမလုပ်သည့်ပထမဆုံးအလုပ်မှာ စွမ်းရည်ငါးမျိုးအား လေ့ကျင့်ရန် လေ့ကျင့်ရေးကွင်းဆီသို့သွားရောက်ခြင်း ဖြစ်သည်။ စားသောက်ချိန်ရောက်သည့်အခါမှ မူရွှမ်က သူမအားလာရောက်ခေါ်ဆောင်သည်။


စားသောက်ချိန်နှင့်ပတ်သက်ပြီး တင်းကြပ်တာက အဖေတွေအားလုံးရဲ့ စရိုက်လက္ခဏာလားဟင်...


နေ့လယ်စာစားချိန်သို့ရောက်သည်နှင့်တစ်ပြိုင်နက် မူရွှမ်က အချိန်အတိအကျရောက်လာကာ လေ့ကျင့်ရေးကွင်းထဲရှိလူတိုင်းအား သူ၏အေးစက်သောအမူအယာဖြင့် လာရောက်ဖိနှိပ်လိမ့်မည်ဖြစ်သည်။


တစ်ခါတွင် ယောင်စစ်က လေ့ကျင့်ရင်းဖြင့် နေ့လယ်စာစားရန်မေ့လျော့သွားခဲ့သည့်အတွက် မူရွှမ်သည် အကြီးအကဲကောင်စီအား ထိုကိစ္စကိုအကြီးအကျယ်ဇာချဲ့ကာ ဆူပူခဲ့ပုံရသည်။ ထို့နောက်တွင် အနည်းဆုံးအကြီးအကဲနှစ်ဦးခန့်က လေ့ကျင့်ရေးကွင်းသို့လာရောက်ကြပ်မတ်ကာ စားသောက်ချိန်ရောက်တိုင်း သတိပေးကြတော့သည်။


" သခင်မလေး နေ့လယ်စာစားချိန်ရောက်ပါပြီ..."


"သခင်မလေး ညစာစားချိန်ရောက်ပါပြီ..."


"သခင်မလေး အရှင်မင်းကြီးက အစားစားဖို့အိမ်ပြန်လာစေချင်နေပါတယ်..."


"..."


ကိုယ်တွေ့တိုက်ပွဲကသာ လူတစ်ဦး၏စွမ်းဆောင်ရည်နှင့် အတွေ့အကြုံအားပိုမိုမြှင့်တင်ပေးနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။


ယောင်စစ်သည် သွေးစုပ်ဖုတ်ကောင်ငယ်လေးများ၏ အထူးစွမ်းရည်များဖြင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ပြီးသောအခါတွင် သူမ၏စွမ်းရည်အား မည်သို့ချိန်ရွယ်ရမည်အား အနည်းငယ်သဘောပေါက်လာကာ မတူညီသောအထူးစွမ်းရည်ငါးခုအား ထိန်းချုပ်တတ်လာသည်။


ထို့အပြင် သူမ၏စွမ်းရည်က သူမ၏ပြိုင်ဘက်နှင့် လုံးလုံးလျားလျားတိုက်ရိုက်ဆက်နွှယ်နေခြင်း မဟုတ်သည်ကိုလည်း သတိပြုမိလာသည်။ တစ်ခါတစ်ရံ သူမ၏ပြိုင်ဖက်က မောပန်းနွမ်းနယ်လာသည့်တိုင် သူမ၏ခန္ဓာကိုယ်အတွင်း စွမ်းရည်များ တဟုန်ထိုးစီးဆင်းနေဆဲဖြစ်သည်ကို ခံစားရသည်။ ၎င်းမှာ သူမပဉ္စမမျိုးဆက်ဖြစ်နေခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်မည်ဟု ယောင်စစ် ခန့်မှန်းမိ၏။


ငါးလကျော်လေ့ကျင့်ပြီးသောအခါ ယောင်စစ်တစ်ယောက် သူမ၏စွမ်းရည်အား အတော်အသင့် ထိန်းချုပ်နိုင်လာခဲ့သည်။


သူမဂြိုလ်တစ်လုံးအား မတော်တဆ ကိုင်မပေါက်မိမည်ကို သေချာသွားသောအခါ ယောင်စစ် သူမအားအချိန်မီအစားစားရန်နှိုးဆော်ခံနေရသော လေ့ကျင့်ရေးကြီးအား ရပ်တန့်လိုက်သည်။ 


ယောင်စစ် အိမ်သို့ပြန်ရောက်သည့်အခါ သူမ၏ကွန်ပျူတာလက်ပတ်ကိုယူ၍ မဟာမိတ်အကောင့်အားဖွင့်လိုက်သည်။ ထိုအခါ အမည်မသိပေးပို့သူတစ်ဦးထံမှ မက်ဆေ့ပေါင်းများစွာ ထွက်ပေါ်လာပြီး သူမအားထိတ်လန့်သွားစေ၏။


သူမ၏ လူမှုဆက်ဆံရေးနယ်ပယ်တွင် လက်တစ်ဆုပ်စာသော သွေးစုပ်ဖုတ်ကောင်များသာရှိပြီး သူစိမ်းတစ်ဦးထံမှ မက်ဆေ့ရရှိခြင်းက ပထမဦးဆုံးအကြိမ်ပင်ဖြစ်သည်။


သိချင်စိတ်က ယောင်စစ်အား လွှမ်းမိုးသွားပြီး သူမက မက်ဆေ့များအား ဖွင့်ကြည့်လိုက်ပေသည်။


အကြွေစေ့ကျသကဲ့သို့ တချွင်ချွင်သံများ အခိုက်အတန့်မျှ ပေါ်ထွက်လာ​ပြီးနောက် နံပါတ်စဥ်တန်းများကို တွေ့မြင်လိုက်ရ၏။


 [  စကြာဝဠာငွေကြေးလွှဲပြောင်းမှုအား ဘဏ်မှတစ်ဆင့်လက်ခံရရှိပါသည် 126852

: လက်ခံရရှိကြောင်းအတည်ပြုပါ ]


ဘာလား... သူဌေးတစ်ယောက်ယောက်များ  စွန့်ကြဲနေတာလား...


ယောင်စစ် အသေအချာလိုက်လံဖတ်ရှုကြည့်သောအခါ ပေးပို့သူနေရာတွင် အမည်နာမတစ်ခုအားတွေ့လိုက်ရသည်။


ဟော်ချီ...


မူရွှမ့်ပရိတ်သတ်ကောင်လေးပဲ သူကဘာလို့ရုတ်တရက်ပိုက်ဆံတွေအများကြီးလာပေးနေရတာလဲ... ဖန်ကလပ် အဖွဲ့ဝင်ကြေးဘောနပ်စ်လား...


ထိုစဥ် အသံခေါ်ဆိုမှုတစ်ခုရုတ်တရက်ပေါ်ထွက်လာပြီး ခေါ်ဆိုသူကဟော်ချီဖြစ်၍ ယောင်စစ်လည်း မတုံ့မဆိုင်းလက်ခံလိုက်ပေသည်။


" အစ်မလေး နောက်ဆုံးတော့လိုင်းတက်လာပြီပဲ..."


ယောင်စစ်၏ရှေ့တွင် ပုံရိပ်ယောင်ဖန်သားပြင်တစ်ခုဖြစ်ပေါ်လာကာ ဟော်ချီ၏မျက်နှာအားမြင်တွေ့လိုက်ရ၏။


" ပိုက်ဆံရောက်ရဲ့လား ဟိုးးတစ်ခေါက် ငါတို့စကြာဝဠာသားရဲကြီးနဲ့တိုက်ခိုက်တုန်းကရလာတဲ့အခကြေးငွေတွေကို မဟာမိတ်အဖွဲ့ကခွဲပေးလို့ ငါမင်းနဲ့ မူရွှမ်ရဲ့ဝေစုကိုပါ လွှဲပေးလိုက်တာ..."


ယောင်စစ်က မှတ်မိရန် အချိန်အတော်ကြာတွေးယူလိုက်ရသည်။ ဟော်ချီတစ်ယောက် သူ၏စကားအတိုင်း အမှန်တကယ်ပေးပို့လာခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။


" လက်ခံရပါတယ် ကျေးဇူးပါ..."


" လောကဝတ်တွေမလိုပါဘူး  ငါတို့ဖန်တွေဆိုတာမိသားစုတွေလိုပဲလေ..."


ဟော်ချီက မူရွှမ်၏ပရိတ်သတ်တစ်ဦး ဖြစ်ရသည့်အပေါ် အင်မတန် ဂုဏ်ယူဟန်ဖြင့်ဆိုသည်။


" အော်ဟုတ်သား နတ်ဘုရားမူနဲ့နာမည်တူတဲ့ ဟိုညီအစ်ကိုရော ဘယ်ရောက်နေလဲ..."


ယောင်စစ်က မီးဖိုချောင်သို့ တစ်ချက်လှမ်းရှိုးလိုက်၏။


" ဟင်းချက်နေတာ ခေါ်ပေးရမလား..."


အိုင်ဒေါမျက်နှာလေးဖြစ်ဖြစ်ကြည့်ရအောင်လို့...


" ရပါတယ်..."


ဟော်ချီက ခေါင်းခါသည်။ သူက မချင့်မရဲအမူအရာဖြင့်...


" အခုတလော အနီရောင်ဂြိုလ်က ရုတ်တရက်ကြီး အဝင်အထွက်တွေတင်းကြပ်လိုက်လို့ ငါအဲ့ကိုသွားမယ့်တာဝါလက်မှတ်မရနိုင်လောက်တော့ဘူး သူလည်းပရိတ်သတ်တစ်ယောက်ပဲဆိုတော့ သူသိရင်စိတ်မကောင်းဖြစ်နေမှာမို့ လောလောဆယ်တော့ပေးမသိလိုက်နဲ့ဦး..."


"..." 


ရှင့်နတ်ဘုရားမူက လုံးဝစိတ်ညစ်မှာမဟုတ်ဘူး... တကယ်ပြောတာ တကယ်...


ဟော်ချီနှင့် ယောင်စစ်တို့က အချိန်အတန်ကြာ ရောက်တတ်ရာရာများပြောဆိုနေခဲ့ကြသည်။ ထို့နောက် ဟော်ချီအား တစ်စုံတစ်ဦးက လှမ်းခေါ်လာသောအခါမှ သူက စကားစကိုဖြတ်လိုက်သည်။


" စကားဆက်ပြောလို့မရတော့ဘူးထင်တယ် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကအတူတူတိုက်ခိုက်ခဲ့ကြတဲ့ ပရိတ်သတ်တွေပဲဆိုတော့  နဂါးငွေ့တန်းကျောင်းတော်ကိုရောက်ရင် ငါ့ဆီလာလည်လို့ရတယ်..."


" နဂါးငွေ့တန်းကျောင်းတော်..."


ယောင်စစ်အံ့အားသင့်သွားရသည်။ သူမဤနာမည်အား တစ်ခါမျှမကြားဖူးပေ။


" ဟဲဟဲ ဒီအစ်ကိုကြီးကို ကျောင်းသားတစ်ယောက်ဖြစ်နေမယ်လို့ မထင်ခဲ့ဘူးမဟုတ်လား..."


ဟော်ချီက တောက်ပစွာပြုံးလိုက်ပြီး ဝင့်ကြွားစွာဆိုသည်။


" ငါသတ်ထားတဲ့ သားရဲတွေနဲ့ဆိုလို့ကတော့ ငါကထူးချွန်ကျောင်းသားဖြစ်မှာပဲ... ကဲ သွားပြီနော် နောက်ဆုံးယာဥ်ပေါ်တက်ရတော့မယ် နောက်မှပြန်ခေါ်လိုက်မယ်..."


ထို့နောက် ခေါ်ဆိုမှု အဆုံးသတ်သွား၏။


ယောင်စစ်က ခေတ္တမျှစဥ်းစားပြီးသည့်နောက်တွင် နဂါးငွေ့တန်းကျောင်းတော်အား ရိုက်နှိပ်ရှာဖွေလိုက်သည်။


ရလဒ်များကျလာသောအခါ သူမအာရုံစိုက်ဖတ်ရှုလိုက်၏။ နဂါးငွေ့တန်းကျောင်းတော်ဟူသည်မှာ စဦးကျောင်းတော်ကြီးတစ်ခုအဖြစ်သမုတ်ကြပြီး စကြာဝဠာတွင် အကျော်ကြားဆုံးကျောင်းတော်တစ်ခုဖြစ်သည်။  ၎င်းက အပြာရောင်ဂြိုလ်ပေါ်မှာ ဟားဗတ် နှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်များကဲ့သို့ပင်ဖြစ်သည်။


မျိုးနွယ်စုအစုံမှ အရည်အချင်းပြည့်မှီသာမှန်သမျှသည် နဂါးငွေ့တန်းကျောင်းတော်သို့လာရောက်ပညာသင်ကြားကြသည်။ ၎င်းသည် ကျောင်းတော်ဟုသာ ခြုံငုံခေါ်ဆိုသော်လည်း  အခြေံပညာ ၊ အလယ်တန်း ၊ အထက်တန်းနှင့်  တက္ကသိုလ်ကောလိပ်များအထိ စုံလင်သောတန်းခွဲအဆင့်များစွာခွဲခြားထားသည်။


ကျောင်းတော်ကြီးသည် ပညာသင်သားများအား အရည်အသွေးနှင့် ဇီဝကမ္မတည်ဆောက်ပုံတို့အပေါ်မူတည်၍ တန်းခွဲများတွင်နေရာချထားပေးသည်။  


အသက်ကန့်သတ်ချက်လည်းမရှိဘဲ ကျောင်းတော်၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသော မည်သူမဆို တက်ရောက်နိုင်ပေသည်။   လေ့ကျင့်သင်ကြားမှူများအားလုံး ကျော်ဖြတ်ပြီးသောအခါတွင် ဘွဲ့ယူ၍ ပိုမိုမြင့်မားသော နယ်ပယ်တွင်လျှောက်လှမ်းကြရသည်။  


အချုပ်ဆိုရပါလျှင် ဝင်ခွင့်ဖြေဆိုနိုင်သော မည်သူမဆို အသက်အရွယ်သော မျိုးနွယ်စုသော မခွဲခြားဘဲတက်ရောက်ခွင့်ရသည်။ တိကျသော အဆင့်သတ်မှတ်ချက်တစ်ခု ရန်နေရန်လည်း မလိုအပ်ပေ။


ယေဘုယျအားဖြင့် စကြာဝဠာမှ အောင်မြင်ကျော်ကြားသူအများစုသည် နဂါးငွေ့တန်းကျောင်းတော်ထွက်များဖြစ်ကြသည်။


ယောင်စစ်က သူမ၏အခြေအနေအား သေချာစွာ တွေးတောလိုက်၏။ သူမ မူရွှမ်နံဘေးတွင်ရှိနေသည့် ကာလပတ်လုံး သူမ၏စွမ်းရည်အားဆင့်မခေါ်နိုင်ပေ။ ကိစ္စရပ်ကြီးတစ်ခုမဟုတ်သော်ငြားလည်း မည်သို့ပင်ဖြစ်စေ သူမအတွက်ဤလောကတွင်အခြေခံဗဟုသုတကို တိုးမြှင့်ကျယ်ပြန့်စေရန် လိုအပ်နေပြီး ကျောင်းတက်ခြင်းက ကောင်းမွန်သောခြေလှမ်းတစ်ခုပင်ဖြစ်သည်။


ယောင်စစ် ဆုံးဖြတ်ချက်ချလိုက်၏။  သူမစာလေ့လာရမည်။


...


ဖေဖေမူက သူ့ကလေးငယ်၏ ရုတ်တရက်အကြံအစည်ကြောင့် အလွန်အမင်း စိတ်မပျော်ဖြစ်သွားရသည်။ 


သူမမေးခွန်းတွေ သူအကုန်ဖြေပေးနိုင်တယ်လေ ကျောင်းကဘာလုပ်ဖို့တက်မှာတဲ့လဲ...


အစိမ်းသက်သက် ပတ်ဝန်းကျင်သို့ ဝင်ရောက်သွားမည့် သူ့သွေးသား၏အနာဂါတ်အား တွေးကြည့်သောအခါ မူရွှမ်အလွန်တုန်လှုပ်သွားရပေသည်။  သွေးစုပ်ဖုတ်ကောင်များသီးသန့်သာဆိုလျှင် အဆင်ပြေနိုင်ပါသော်လည်း မတူညီသောမျိုးနွယ်စုများပါဝင်လာသောအခါ စိုးရိမိဖွယ်ကိစ္စတစ်ရပ် ဖြစ်လို့လာသည်။


သူတို့က ကလေးကိုအနိုင်ကျင့်ကြရင်ရော

လမ်းမှားရောက်အောင်လုပ်ကြရင်ရော...


ထို့အပြင် သူ့ကလေး၏စွမ်းရည်က အနည်းငယ်ရှုပ်ထွေးသည်။


နဂါးငွေ့တန်းကျောင်းတော်သည် အန္တရာယ်များသောနေရာတစ်ခုမဟုတ်သကဲ့သို့ သွေးစုပ်ဖုတ်ကောင်အချို့လည်း အရွယ်ရောက်သောအခါ ထိုကျောင်းတော်သို့တက်ရောက်ကြသည့်တိုင် ၎င်းအချိန်သည် သူ့ကလေးငယ် အမှီအခိုကင်းစွာရပ်တည်နိုင်သော အနာဂါတ်တစ်ချိန်ချိန်မှသာ ဖြစ်သင့်သည်။

 

သူ့ရဲ့ကလေးကိုရှာတွေ့တာလည်း နှစ်နှစ်ပတ်လည်လေးပဲရှိသေးတာ သူမကအတောင်ပေါက်ပြီး ပျံပြေးချင်နေပြီ...


ဘယ်မိဘက လက်ခံချင်မှာလဲလို့...


သို့သော်လည်း ကလေးငယ်၏ မျှော်လင့်ချက်အပြည့်နှင့် မျက်လုံးများကိုရင်ဆိုင်ရသောအခါ  ငြင်းဆန်ရန်နှလုံးသားမရှိတော့ချေ။ မူရွှမ်က နေ့တစ်ဝက်မျှ တုံ့ဆိုင်းနေပြီးနောက် သဘောတူလိုက်ပေ၏။


" အစားအချိန်မှန်စားရအောင်ပြန်လာဖို့သာသတိရ..."


သားသမီးကတောင်းဆိုတော့ အလိုလိုက်ရတော့မယ်မဟုတ်လား...


○| ̄|_


" ဟုတ်ကဲ့ပါ အရှင်မင်းကြီး စိတ်ချပါအရှင်မင်းကြီး..."


တစ်စုံတစ်ဦး၏လေးပင်သော ခံစားချက်များအား သတိမမူမိသောယောင်စစ်တစ်ယောက် သူမ၏ရင်ဘတ်ကိုပုတ်၍ အာမဘန္တေခံလေသည်။


" ဘာမှမပူပါနဲ့ သမီးစာကိုကြိုးကြိုးစားစားလေ့လာပြီး အဖေ့ကိုအရှက်မရစေရပါဘူး..."


ဤသို့ဖြင့်ယောင်စစ်သည် ဝင်ခွင့်စာမေးပွဲမတိုင်မီသုံးလအလိုတွင် အလယ်တန်းကျောင်အား ကြီးမားသောရည်မှန်းချက်များထားရှိကာ လျှောက်လွှာတင်ခဲ့သည်။


ထို့နောက်...


သူမ ဂုဏ်သရေကြီးမားစွာ ကျရှုံးခဲ့ချေ၏။


○| ̄|_