အပိုင်း ၁၈၈
Viewers 31k

Chapter 188

 လက်ထပ်ရန်ကမ်းလှမ်းခြင်းနှင့် အနေခက်မှုများ




ထို့နောက် ကျောက်ကျင်းကောက ဤနေရာမှ အရေးကိစ္စအားလုံးကို ဟယ်ချွန်းရှန့်ထံ လက်လွှဲပေးလိုက်ပြီး လူများကို ဖုချောင်သို့ ခေါ်သွားသည်။


ထိုအခိုက်တွင် သူဖြေရှင်းပေးလာမည်ကို စောင့်ကြိုနေသည့် ကိစ္စရပ်များစွာ ရှိနေပေသည်။ 


ဤတစ်ကြိမ် ကျောက်ကျင်းကော ဖုချောင်သို့ ရောက်လာသောအခါ ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့ကိုပါ ခေါ်လာခဲ့သည်။


တစ်ဖက်မှာ ကျောက်မင်ကျုးကြောင့် ဖြစ်သည်။ ကျောက်မင်ကျုးက မွေးကတည်းက သူနှင့် ကျန်းကျန့်တို့နှင့်အတူသာ အိပ်စက်ခဲ့သဖြင့် ကျန်းကျန့် ရက်ပေါင်းများစွာ ပျောက်နေသည့်အပေါ် မပျော်မရွှင် ဖြစ်နေသည်။ သူမကိုသာ တစ်ယောက်တည်း ထားခဲ့ပါက ဝမ်းနည်းနေပေတော့မည်။


ဤခေတ်တွင် ကလေးတစ်ယောက် ငိုယိုနေသည်က အဆင်ပြေသည်ဟု တွေးကြသော်လည်း ကျောက်ကျင်းကောကမူ သူ့သမီးလေး ငိုသွားမည်ကို တွန့်ဆုတ်နေခဲ့သည်။ ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့ကလည်း မြေးတစ်ယောက်ကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရသဖြင့် သူတို့ကလည်း သူတို့၏ မြေးလေး မပျော်မရွှင်ဖြစ်ရမည်ကို မမြင်လိုကြ။ ထို့ကြောင့်ပင် ကျောက်ကျင်းကောက ကျောက်မင်ကျုးအား သူတို့နှင့်အတူ ခေါ်သွားရန် ဆုံးဖြတ်လိုက်လေသည်။


ထိုသို့ လုပ်ရသည့် အကြောင်းအရင်း နောက်တစ်ခုလည်း ရှိနေပါသေးသည်။ အဆုံးတွင် ကျောက်ကျင်းကောက ကောတစ်ယောက် ဖြစ်နေပေသည်။


ကျောက်ကျင်းကောအတွက် ကျန်းကျန့်နှင့် အတူ ခရီးထွက်ရန် အဆင်ပြေသော်လည်း တစ်ယောက်တည်းသွားရန် မသင့်တော်ပေ။ သို့သော်လည်း သူတို့နှင့်အတူ ဆိုလျှင် အဆင်ပြေသွားပေမည်။


မတိုင်မီက ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ ကျန့်မိသားစုအိမ်တွင် နေခဲ့ကြသော်လည်း ဤတစ်ကြိမ်တွင် သံသယ ဖြစ်ဖွယ်ကိစ္စများကို ရှောင်ရှားရန်အတွက် ထိုနေရာသို့ သွားမတည်းတော့ဘဲ နောက်ထပ် အိမ်တစ်လုံး ဝယ်လိုက်သည်။


"ဒီကလေးကတော့ အသုံးအဖြုန်းကြီးလာလိုက်တာ" ကျောက်လျူက ကျောက်ကျင်းကောတစ်ယောက် မျက်တောင်တစ်ချက်မှပင် မခတ်ဘဲ အိမ်ဝယ်လိုက်သည်ကို မြင်သောအခါ မှတ်ချက်ပြုလိုက်ပြီးနောက် မနေနိုင်ဘဲ ဝင်ပြောမိသွားသည်။


 "မင်း ပိုက်ဆံတွေကို ဒီလိုသုံးနေတာ ကျန်းကျန့် ကြိုက်ပါ့မလား"


"အမေရယ်... သူ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး" ကျောက်ကျင်းကောက အသေအချာ သိနေသည်။


ကျောက်ကျင်းကောက ခိုင်ခိုင်မာမာ ပြောနေခဲ့သဖြင့် ကျောက်လျူလည်း စိတ်သက်သာရာရသွားလေသည်။ 


"ဟုတ်ပါတယ်လေ... ကျန်းကျန့်က အမေတို့အပေါ် ဒီလောက်ကောင်းတာ... ဒီလို အရေးမပါတဲ့ ကိစ္စတွေကို ဂရုမစိုက်လောက်ပါဘူး"


ကျောက်မိသားစုမှ လူတိုင်းက ဖုချောင်သို့ လိုက်လာခဲ့ကြသည်။ ကျောက်ကျင်းကော အလုပ်များနေချိန်တွင် သူတို့က ကျောက်မင်ကျုးလေးကို စောင့်ရှောက်ပေးကြပေလိမ့်မည်။


တစ်နေ့တာအတွင်း သူက တစ်ချိန်လုံး အိမ်နှင့် အဝေးတွင် ရှိနေရပြီး အုတ်ဖိုကိစ္စများ၊ ကြက်ခြံ၊ ဘဲခြံဆောက်ရန် လူရှာရခြင်း စသည်ဖြင့် အလုပ်များနေရသည်။ သူက မြို့တစ်ဖက်မှ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်း၏ စီးပွားရေးကိစ္စများကို ကိုင်တွယ်ရပြီး ညနေပိုင်းတွင် ကျောက်မင်ကျူးကို အဖော်ပြုပေးရန် အိမ်ပြန်လာရသည်။


သူ့ကိုယ်သူ အလုပ်များအောင် လုပ်ခိုင်းထားမှသာ ကျန်းကျန့်အကြောင်းကို တစ်နေ့လုံး စိတ်ပူပြီး တွေးမနေရမည် ဖြစ်သည်။ ရလဒ်အနေဖြင့် သူလုပ်ခဲ့သမျှအားလုံးက သူ့အနားမှ စီးပွားရေးသမားများအား သူ့အပေါ် သဘောထားကောင်းများ ရှိလာစေသည်။ 


ဤနည်းဖြင့် ကျောက်ကျင်းကောက ဖောက်သည်အသစ်များ ရရှိလာပြီး လုပ်ငန်းအသစ်များစွာ တိုးတက်လာခဲ့သည်။


ပြင်ပတွင် စီးပွားရေး လုပ်ဆောင်ကြသူ အားလုံးက ယောကျာ်းသားများ ဖြစ်ကြပြီး မိသားစုအရေးကိစ္စများ၊ လောကဝတ်ပြုခြင်းများနှင့် အစေခံတို့ကို စီမံခန့်ခွဲခြင်း ကိစ္စများကို အမျိုးသမီးနှင့် ကောများက လုပ်ဆောင်ကြပေသည်။ ထိုလူများကလည်း သူတို့ကို စောင့်ကြပ်ပေးရန်နှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးရန် လူတစ်ယောက်လိုတတ်ကြသည်။


ထိုရက်တွင်လည်း ကျောက်ကျင်းကောက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက မြို့တော်မှ စီးပွားရေး လုပ်ငန်းများကို လက်ခံသည့်ဆိုင်သို့ ရောက်သွားခဲ့ချိန်တွင် အသက်ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ် အရွယ် အစေခံငယ်လေးတစ်ယောက်ထံမှ အတားခံလိုက်ရသည်။ 


"တဆိတ်လောက်ပါ... ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းက ကျောက်ကျင်းကောလားရှင့်..."


"ဟုတ်ပါတယ်" ကျောက်ကျင်းကောက ခေါင်းငြိမ့်ပြလိုက်သည်။ 


ထိုအစေခံငယ်လေးက ပါးချိုင့်နှစ်ဖက် ပေါ်သည်အထိ ပြုံးလိုက်သည်။


 "ကျွန်မက ရှုမိသားစုကပါ... ကျွန်မရဲ့ သခင်မက ရှင်နဲ့ စီးပွားရေးစကား ပြောချင်နေပါတယ်" 


ရှုမိသားစု၏ အဓိကဇနီးက မိဘအိမ်သို့ ပြန်ချင်သော်လည်း လမ်းတွင် အန္တရာယ်တွေ့မည်ကို စိုးရိမ်နေခဲ့ပြီး ယူစရာများစွာလည်း ပါနေသေးသည်။ သေချာစဥ်းစားလိုက်ပြီးနောက် သူမကို စောင့်ကြပ်ပေးရန် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းအား ငှားရမ်းချင်နေခဲ့သည်။


ထိုကဲ့သို့သောအကြံထွက်လာရသည့် အကြောင်းမှာ ကောတစ်ယောက် ဖြစ်နေသည့် ကျောက်ကျင်းကော နှင့် ဆက်စပ်နေခဲ့သည်။ 


ယခုတွင် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းကို ကောတစ်ယောက်က ဦးဆောင်နေသဖြင့် ထိုသူက သူမကို အန္တာရယ်ပေးနိုင်မည် မဟုတ်ဟု ယုံကြည်သည်။


ကျောက်ကျင်းကောက ထိုအလုပ်ကို လက်ခံခဲ့ပြီး ရှုမိသားစု၏ ဇနီးအား ဝေရှင်း စီရင်စုနယ်မှ သူမ၏ တူမလေးအတွက် သူမ၏ မိဘအိမ်သို့ သယ်သွားချင်သည့် ပရိဘောဂများကို သယ်ယူနိုင်ရန်အတွက် သင့်တော်သည့် သင်္ဘောတစ်စင်း ရှာပေးခဲ့သည်။


ထိုအချင်းကိစ္စပြီးနောက် တူညီသော စီးပွားရေး လုပ်ငန်းအချို့ကို လက်ခံရရှိခဲ့သည်။ 


ဥပမာအားဖြင့် မိသားစုတစ်ခု၏ သခင်မက ဆန်စပါးများကို အခြားနေရာရှိရွာတစ်ရွာမှာ မြို့တွင် ရောင်းချရန် သယ်ယူချင်နေသည့်အတွက် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းအား ကူညီပို့ဆောင်ပေးရန် ပြောခဲ့သည်။ နောက်ထပ် ဥပမာတစ်ခုမှာ မိသားစုတစ်စု၏ ကတော်တစ်ယောက်က သူမ၏ သမီးအတွက် ပစ္စည်းအချို့ သယ်ယူပေးရန် ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းကို ခိုင်းခဲ့လေသည်။


ဤမြို့ရှိ မိသားစုကြီးများတွင် မိသားစုတိုင်းက အစေခံအမြောက်အများနှင့် သင်္ဘောကြီးများ မရှိနိုင်ကြပေ။ ထို့အပြင် ခရီးတိုလေးအတွက် သင်္ဘော ကြီးများ သုံးရခြင်းက ငွေကုန်ကြေးကျများနိုင်သည်။ အပြန်အလှန်အားဖြင့် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းကို အကူအညီတောင်းလိုက်ပါက ငွေကုန်ကြေးကျ နည်းသွားနိုင်ပေမည်။


ရလဒ်အနေဖြင့် ပိုပို၍ များပြားလာသည့် လူများက ကျောက်ကျင်းကောကို လာရှာခဲ့ကြသည်။


ကတော်တစ်ယောက်က ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းကို တစ်ခုခု ကူညီပေးရန် ရှာခဲ့ပြီး သူတို့ကလည်း ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့သည်။ တဖြည်းဖြည်းနှင့် ထိုမိသားစုအကြီးအကဲများပင် ကျင်းကျန့်ကိုယ်ရံတောင် လုပ်ငန်းအား ပစ္စည်းများ သယ်ပို့စေရန် မရည်ရွယ်ထားခဲ့လျှင်တောင် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်း၏ အမည်ကို မှတ်မိနေကြဆဲ ဖြစ်သည်။


ကျောက်ကျင်းကောက တစ်နေ့တာလုံး ပြင်ပတွင် အလုပ်များနေရသော်လည်း ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့မှာ အစပိုင်းတွင် အိမ်တွင်းအောင်းနေခဲ့ကြရသည်။


ယခင်က သူတို့မှာ ဟယ်ချောင်မှ တစ်ခါမှပင် မထွက်သွားဖူးလေရာ အစပိုင်းတွင် ဖုချောင်က သူတို့နှင့် အလွန် စိမ်းသက်နေခဲ့သည်။ 


ဒီနေရာမှာ အရှေ့၊ အနောက်၊ တောင်၊မြောက်တောင် မခွဲနိုင်တာ ဘယ်လိုလုပ်ပြီး ကြုံရာကျပန်း သွားရဲပါ့မလဲ... ရလဒ်အနေဖြင့် ကျောက်လျူမှာ မြို့သို့ ရောက်နေသည်မှာ ဆယ်ရက်ကျော်မတိုင်မီအထိ အိမ်နီးချင်းများနှင့် စကားမပြောရဲခဲ့ပေ။ သို့သော်လည်း နောက်တွင် သူမက မကောင်းသူများထံမှ ပစ်မှတ်ထားခံရမည်ကို ကြောက်သဖြင့် မိသားစုကိစ္စများကို မပြောရဲတော့။ 


ကျန်းကျန့်က ဤနေရာတွင် မရှိသဖြင့် သူတို့၏ မိသားစုက ထောက်တိုင် မရှိပေ။ သူတို့ရဲ့ မိသားစု အခြေအနေကို သိသွားပြီးရင် သူတို့အပေါ် အနိုင်ကျင့်လာကြရင်ရော...


ကျောက်လျူက ဟိုဟိုသည်သည် စိုးရိမ်နေပြီး ကျောက်ကျင်းကောက မိသားစုကို ကာကွယ်ပေးရန် လူများ စီစဥ်ပေးထားသည်ကို လုံးလုံး မေ့လျော့သွားလေတော့သည်။


ကျောက်ကျင်းကောက ငွေသုံးရသည်ကို ကြိုက်သည့်သူမျိုး မဟုတ်သဖြင့် ဖုချောင်တွင် ဝယ်ထားသော အိမ်မှာလည်း သိပ်မကြီးလှပေ။ အိမ်နီးချင်းများက မချမ်းသာကြဘဲ အနီးအနားတွင် အစေခံပင် မရှိသည့် အိမ်များလည်း ရှိသည်။


ထိုအကြောင်းကြောင့် ကျောက်လျူက အိမ်နီးချင်းများနှင့် စပြီး အဆက်အသွယ်လုပ်သောအခါ နှစ်ဖက်လုံးက အဆင်ပြေပြေ ပြောဆိုဆက်ဆံနိုင်ခဲ့သည်။


သို့သော်လည်း ကျောက်လျူ မထင်ထားခဲ့သည်မှာ သူတို့နှင့် သိကျွမ်းပြီး ရက်အနည်းငယ်အကြာမှာပင် တစ်စုံတစ်ယောက်က ကျောက်ကျင်းကောအတွက် အောင်သွယ်တော် လုပ်ရန် ရောက်လာခဲ့သည်။


"ရှင့်ရဲ့ ချွေးမကို မတွေ့ဖူးနော်... မရှိတော့လို့လား... ဒါဆိုရင် ရှင့်သားက သနားစရာကောင်းတာပဲ... ရှင်နောက်ထပ် ချွေးမတစ်ယောက် ရှာပေးသင့်တယ်လေ... ကျွန်မရဲ့ တူမလေးနဲ့ တွေ့ကြည့်မလား... သူနဲ့ တွေ့လို့ ရမှာပါ" 


ကျောက်မိသားစုအိမ်၏ ဘယ်ဘက်အိမ်မှ ဇနီးဖြစ်သူက ကျောက်လျူကို မေးလိုက်သည်။


ကျောက်လျူ: "ဘာကြီး"


"ကျွန်မ တူမလေးက အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်... လှပပြီး ကျော့ရှင်းနေတာပဲ... ရှင့်သားက သူနဲ့ လက်ထပ်လိုက်လို့ အရှုံးမရှိပါဘူး..."


 ထိုဇနီးသည်က ထပ်ပြောလိုက်သည်။ သူမ ထိုသူတို့ကို လေ့လာနေသည်မှာ ကြာလေပြီ။ ထိုကျောက်မိသားစုက တောမှ တက်လာပြီး သူတို့ ဘာအလုပ်လုပ်ကြသည်ကို မသိသော်လည်း ချမ်းသာမည်ကတော့ သေချာပေါက်ပင်။


ကျောက်ကျင်းကောက ယခင်က လက်ထပ်ထားပြီး ကလေးလည်း ရှိနေသော်ငြား ဇနီးသည် မရှိသဖြင့် သေဆုံးသွားပြီးသား ဖြစ်နိုင်သည်။ ကလေးအတွက်မူ... သူမက မိန်းကလေးသာ ဖြစ်သည်။


သူမ၏ တူမ မိသားစုက ဆင်းရဲလှသည့်အတွက် ထ်ုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်နိုင်ခဲ့လျှင် ကိုယ်လုပ်တော် ဖြစ်ရသည်ကပင် အခွင့်ကောင်း ဖြစ်နိုင်သည်။


ကျောက်လျူ: “. . .. . .“


ထိုနေ့တွင် ကျောက်ကျင်းကော အိမ်ပြန်လာသောအခါ အိမ်နီးချင်းများထဲမှ တစ်ယောက်နှင့် တွေ့သဖြင့် နှုတ်ဆက်စကား ဆိုခဲ့သော်လည်း ထိုသူက တစ်ချက်သာ ကြည့်သွားလေသည်။


ဘာဖြစ်သွားတာလဲ... အရင်တုန်းကဆို အဲ့အဒေါ်ကြီးက သူ့ကို ဖက်လှဲတကင်း ဖြစ်နေတာပဲ မဟုတ်ဘူးလား...


"အမေ... ဘာဖြစ်နေတာလဲ" ကျောက်ကျင်းကောက ကျောက်လျူကို စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုကွသည်။


"သူက သူ့တူမကို သားရဲ့ ဇနီး ဖြစ်လာစေချင်နေတာလေ" 


ကျောက်လျူက အနည်းငယ် ရှက်ရွံ့နေခဲ့သည်။ ကျောက်ကျင်းကောက ကောတစ်ယောက် ဖြစ်ကြောင်း ရှင်းပြလိုက်ပြီးနောက် ထိုမိန်းမက ဒေါသထွက်သွားလေတော့သည်။


ကျောက်ကျင်းကော: “. . .“


........


ကျန်းကျန့်က သူမရှိသည့်အချိန်တွင် တစ်စုံတစ်ယောက်က ကျောက်ကျင်းကောအား မိန်းမလှလေးတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့ကြောင်းကို မသိလိုက်ပေ။


ထိုအခိုက်တွင် သူက ဟုန်ကျန်းဆားလွင်ပြင်မှ လူတစ်စု၏ အနီးအနားတွင် ပုန်းအောင်းနေပြီး သတင်းအချို့ နားထောင်ကာ ထိုအုပ်စုကို အလစ်ချောင်းတိုက်ရန် ကြံစည်ထားခဲ့သည်။


ဤအုပ်စုထဲရှိ ကောများထဲမှ တစ်ယောက်က ဖန့်ချီ၏ ရွာမှ ဖြစ်၍ မတော်တဆ ဖြစ်ရပ်များ မရှိခဲ့ပါက ဖန့်ချီ၏ ရွာကို အစုအလိုက်အပြုံလိုက် သတ်သွားသူများမှာ ထိုအုပ်စုပင် ဖြစ်ရမည်။


ထိုမျှမကသေး။ ထိုလူများက အခြားရွာများကို လုယက်မည့်အကြောင်း ပြောဆိုနေကြပြီး ဟုန်ကျန်းဆားလွင်ပြင်က လုံးဝ ဖရိုဖရဲ ဖြစ်နေပြီ ဖြစ်၍ သူတို့၏ ကိုယ်ပိုင် စီးပွားရေး မစတင်မီ ငွေများစွာ ရရှိရန် စီစဥ်ထားကြသည်။


ကျန်းကျန့်က တဖြည်းဖြည်း ခြေလှမ်းဆုတ်လာပြီး ထိုသူတို့၏ စခန်းချနေရာကို ချန်ရစ်ကာ သူလူများ ရှိသည့် နေရာသို့ ပြန်လာခဲ့သည်။ ထို့နောက် သူက ဖန့်ချီကို ရုတ်တရက် ကြည့်လိုက်သည်။


 "ထူးဆန်းတဲ့ အဝတ်တွေ ဝတ်ပြီး ခေါင်းကို အပြောင်ရိတ်ထားတဲ့

သူတစ်စု ရှိတယ်...သူတို့ ဘယ်သူတွေလဲ မင်းသိလား"


အမှန်မှာ ထိုလူများထဲမှ တချီပြည်သား မဟုတ်သည့် လူတစ်ယောက်ကို သူတွေ့ထားခဲ့သည်။