အပိုင်း ၁၈၉
Viewers 32k

Chapter 189

:လူများနှင့် ချီးကျူးဂုဏ်ပြုခြင်းများ စုဆောင်းခြင်း




ဟုန်ကျန်းဆားလွင်ပြင်မှလူအများစုသည် တချီမှလူများဖြစ်ကြသော်လည်း သူတို့ထဲမှအနည်းငယ်က တချီမှမဟုတ်ကြောင်းတစ်ချက်ကြည့်ရုံနှင့် မြင်နိုင်သည်။


ကျန်းကျန့် ထိုလူများကို မြင်သောအခါ အံ့သြသွားသော်လည်း ဖန့်ချီကို သူတို့အကြောင်း မေးရန် တုံ့ဆိုင်းမနေပေ။


"ဘော့စ်...မင်းပြောတဲ့လူတွေက အရှေ့တိုင်းသားရိုနင်တွေဖြစ်ရမယ်.." 


ဖန့်ချီက ကျန်းကျန့်၏မေးခွန်းကိုကြားသောအခါ သူချက်ချင်း ဖြတ်လမ်းနည်းကလိုက်ကာဖြေလိုက်သည်။


"အရှေ့တိုင်းသား ရိုနင်..."


ကျန်းကျန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။သူသိသော နိုင်ငံခြားဘာသာစကား သုံးမျိုးထဲက တစ်ခုနှင့်သိပ်မကွာခြားသည့် ထိုလူတွေ ပြောသည့်စကားကို သူနားလည်နိုင်ခဲ့၏။သို့ပေမဲ့ တချီမှာ သူတို့တွေ ပေါ်လာရန် သူ မမျှော်လင့်ထားပေ။

[T/N– အရှေ့တိုင်းဆိုသည်က မြေထဲပင်လယ်အရှေ့ဘက်ရှိနိုင်ငံများကို ခေါ်ခြင်းဖြစ်သည်။အထူးသဖြင့် တရုတ်၊ဂျပန်၊ထိုင်း၊ဗီယက်နမ်စသည်တို့နှင့် တခြားအရှေ့အာရှနိုင်ငံများဖြစ်သည်။Wikipediaတွင် ရိုနင်ကို "Feudal Japan(1185-1168)တွင်သခင် သို့မဟုတ်ဆရာမရှိသော ဆာမူရိုင်းတစ်မျိုး၊အချို့တွင် ၎င်း၏မိသားစုသို့မဟုတ်ကလန်ဖြင့်ပါ အဆက်အသွယ်အားလုံးကိုဖြတ်တောက်ထားကြသည်။ဆာမူရိုင်းတစ်ယောက်က ၎င်း၏ဆရာသေဆုံးသွားလျှင် သို့မဟုတ် ဆရာ၏မျက်နှာသာပေးမှုကိုဆုံးရှုံးသွားလျှင် သို့မဟုတ် တရားဝင်အခွင့်အရေးကိုဆုံးရှုံးသွားလျှင် ရိုနင်တစ်ယောက်ဖြစ်လာသည်"ဟုတွေ့ရှိရသည်။ထိုကြောင့်ဤနေရာတွင် ရိုနင်ဆိုသည်က ဂျပန်လူမျိုးများကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။]


ကျန်းကျန့် စိတ်ရှုပ်ထွေးနေသည်ကိုမြင်သောအခါ ဖန့်ချီက ချက်ချင်းရှင်းပြ၏။


တချီပြင်ပမှလူများကို တချီလူမျိုးများက လူရိုင်းများဟုခေါ်ဆိုကြပြီး အဆိုပါရိုနင်များသည် လူရိုင်းများထဲမှ တစ်မျိုးဖြစ်သည်။



၎င်းတို့သည် မူလက အရှေ့ပင်လယ်ရှိ ကျွန်းငယ်တစ်ကျွန်းတွင် နေထိုင်ခဲ့ကြသော်လည်း ၎င်းတို့နိုင်ငံရှိ စစ်ပွဲကြောင့် လူအများအပြားသည် မိမိနိုင်ငံ၌မိမိ မနေထိုင်နိုင်ကြတော့ဘဲ ပင်လယ်ကိုဖြတ်ကာ ဤနေရာတွင် အသက်မွေးကြသည်။


"ဘော့စ်... အဲဒီ အရှေ့တိုင်းသားရိုနင်တွေက ညည်းညူခြင်းမရှိဘဲ အလုပ်လုပ်တယ်...ဒါကြောင့်ဟုန်ကျန်းဆားလွင်ပြင်က သူတို့ကို အရမ်းသဘောကျတာ..."

ဖန့်ချီက ထပ်ဖြည့်ပြောလိုက်သည်။

ပင်လယ်ကမ်းစပ်မှာ အရှေ့တိုင်းရိုနင်တွေက အလွန်များ၏။


ကျန်းကျန့်က ဖန့်ချီကို နောက်ထပ်မေးခွန်းအချို့မေးပြီး ထိုအကြောင်းကို စဉ်းစားခဲ့သည်။ ဟုန်ကျန်းဆားလွင်ပြင်က ကောင်းမွန်နေပြီး ဆားလုပ်သားတွေကို ဘာကြောင့် ဆိုးဆိုးရွားရွား ဆက်ဆံရသည်လဲဆိုသည်ကို သူနားလည်လာသည်။ ဤအရာက ဤအရှေ့တိုင်းသား ရိုနင်များနှင့် သက်ဆိုင်သည်ဟုလည်း သူ ခန့်မှန်းမိသည်။


တချီကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀၀ ရှိပြီဖြစ်ပြီး ဟုန်ကျန်းဆားလွင်ပြင်က အနှစ်၂၀၀ ကျော်ရှိပြီဖြစ်သည်။ဆားလုပ်သားအရေအတွက်သည် အစပိုင်းတွင် မများပြားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အဆိုပါဆားလုပ်သားများသည် ၎င်းတို့၏ သားသမီးများ ရှိလာကာ ၎င်းတို့၏အရေအတွက်မှာ တိုးလာခဲ့သည်။


မူလက ဟုန်ကျန်းဆားလွင်ပြင်က ၎င်းတို့ကို ဆားကျိုရန် လိုအပ်နေသေးသောကြောင့် လူအများအပြားကို ထောက်ပံ့ရန်က စရိတ်စက မသက်သာဟု ခံစားရသော်လည်း ၎င်းတို့အပေါ် ကောင်းကောင်းဆက်ဆံဆဲဖြစ်သည်။သို့ပေမဲ့ နှစ်တွေကြာလာသည်နှင့်အမျှ အရှေ့တိုင်းသား ရိုနင်တွေ ပိုပိုပြီး များလာခဲ့၏။


ဤအရှေ့တိုင်းသား ရိုနင်များသည် ၎င်းတို့၏ ကျွန်းငယ်လေးတွင် အလွန်ဆင်းရဲသော ဘဝနေထိုင်နေကျဖြစ်သောကြောင့် ၎င်းတို့ ဤနေရာသို့ ရောက်သရွေ့ ၎င်းတို့ကို အစာကျွေးနေသမျှ ကာလပတ်လုံး အလွန်ပင် ကြိုးစားအားထုတ်ခဲ့ကြသည်။၎င်းတို့သည် အခြားသူများထက် အလုပ်ပိုကြိုးစားလိုစိတ်ရှိပြီး ၎င်းတို့တွင် မိသားစုဝင်များမရှိပေ။၎င်းတို့အားလုံးသည် ပင်လယ်ဖြတ်ကူးသောအခါ သေခြင်းတရားကို မကြောက်ကြသောကြောင့် အများစုမှာ အမျိုးသားများဖြစ်ကြသည်။


ဤမျှ ကောင်းမွန်သော လုပ်သားအင်အားရှိလာသောအခါ ဟုန်ကျန်းဆားလွင်ပြင်မှလူများသည် ၎င်းတို့၏ မိသားစုများပါ ဆွဲခေါ်လာသော မူလဆားလုပ်သားများကို မကျေနပ်သဖြင့် စိုးရိမ်ပူပန်နေခြင်းမရှိဘဲ ဆားလုပ်သားများနှင့် ၎င်းတို့၏ မိသားစုများအပေါ် ဒုက္ခပေးလိုက်ကြသည်။


မည်သို့ပင်ဖြစ်စေ သူတို့မှာ အလုပ်သမားတွေ မလုံလောက်ပါချေ။


အကြောင်းပြချက်ကို အဖြေရှာပြီးနောက် ကျန်းကျန့် လက်ရှိအရှုပ်အထွေးကို မည်သို့အကဲဖြတ်ရမည်ကို မသိပေ။


သို့ပေမဲ့ ဤအကြောင်းကို စဉ်းစားရမယ့်အချိန်မဟုတ်သေးပါချေ၊ဤလူအုပ်စုကို ဘယ်လိုဖြေရှင်းရမလဲ အရင် စဉ်းစားရမည်။


ယခုလိုလူအုပ်စုကို တခြားလူတွေကို ဆက်ပြီး ဒုက္ခပေးအောင် မထားခဲ့သင့်ပါပေ. . . ဤကြေကွဲဖွယ်အခြေအနေတွင် သူတို့ခေါ်ဆောင်လာသည့် အမျိုးသမီးအနည်းငယ်နှင့်ကောများ အကြောင်းကိုတွေးရင်း ကျန်းကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။


ရှေးခေတ်က အမျိုးသမီးများနှင့်ကောတို့၏ ကံကြမ္မာသည် အမြဲတမ်း သူတို့၏ထိန်းချုပ်မှုအောက်တွင် မရှိဘဲ ဂရုမစိုက်ပါက ဝမ်းနည်းဖွယ် နိဂုံးချုပ်သွားမည်ဖြစ်သည်. . .သူ့ရဲ့မင်ကျူး. . .


ကျောက်မင်ကျူးတစ်ယောက်လည်း အနာဂတ်မှာ စစ်ပွဲဖြစ်လျှင် ကံဆိုးမိုးမှောင်ကျနိုင်သည့်အကြောင်း သူတွေးလိုက်မိသည့်အခါ ကျန်းကျန့်၏စိတ်အခြေအနေက အတော်လေး ဆိုးရွားလာ၏။သို့ပေမဲ့ သူသွားချင်သည့်လမ်းကို လျှောက်ရန် ပို၍ပင်စိတ်ပိုင်းဖြတ်မိလာခဲ့လေသည်။


ကျန်းကျန့် သူ၏လူများနှင့် တန်ပြန်အစီအမံအချို့ကို ဆွေးနွေးခဲ့ပြီး စားသောက်ရန်နှင်အိပ်စရာ နေရာတစ်ခုကို ဦးစွာရှာဖွေခဲ့သည်။


ညနှောင်းပိုင်း၌ ကျန်းကျန့် သူ့လူအားလုံးကို နှိုးပြီး အဖွဲ့၏စခန်းသို့ တိတ်တဆိတ် ချဉ်းကပ်ခဲ့သည်။


သိသာထင်ရှားသည်မှာ ဤအုပ်စုတွင် အရှေ့တိုင်းသား ရိုနင်များ၏ အဆင့်အတန်းသည် မမြင့်မားသောကြောင့် ညဘက်တွင် စောင့်သောသူများမှာ အရှေ့တိုင်းသား ရိုနင်များဖြစ်သည်။


မနက်အစောကြီးဖြစ်သဖြင့် ညဘက်စောင့်သူတွေ အိပ်ငိုက်နေကြသည်။ကျန်းကျန့် အမှောင်ထဲတွင် သစ်သားကို ခေါက်လိုက်ပြီး သူ့လက်အောက်မှ လူများက ငြိမ်သက်စွာ မတ်တတ်ထရပ်လိုက်ကြပြီး နောက်ဆုံးတွင် ကင်းစောင့်များ၏ ပါးစပ်နှင့် နှာခေါင်းတို့ကို အုပ်ကာ လည်ချောင်းများကို ဓားဖြင့်လှီးဖြတ်လိုက်သည်။


ဟုန်ကျန်းဆားလွင်ပြင်အဖွဲ့မှ လူအရေအတွက်သည် ကျန်းကျန့်တို့တတွေနှင့် အတူတူပင် ဖြစ်သည်။ဖန့်ချီ၏ရွာမှလူအားလုံးကို ညဘက်တွင် ခိုးဝင်တိုက်ခိုက်မှုများပြုကာ သူတို့သတ်ခဲ့ပြီး ယခု ကျန်းကျန့်က သူ၏လူများကိုဦးဆောင်၍ ခိုးဝင်တိုက်ခိုက်မှုကိုသူတို့အပေါ်အသုံးချခဲ့သည်။


တွက်ချက်ထားသော တိုက်ခိုက်မှုအောက်တွင် ထိုအုပ်စုသည် မကြာမီ သုတ်သင်ရှင်းလင်းခံခဲ့ရပြီး ကျန်းကျန့်လက်အောက်တွင် မည်သူမျှ မသေဆုံးဘဲ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးသာ ဒဏ်ရာရခဲ့သည်။


ကယ်တင်ခံရသော အမျိုးသမီးများနှင့် ကော များသည် ဖန့်ချီ၏ရွာမှမဟုတ်သော်လည်း၊ ၎င်းတို့သည် အနီးနားမှဖြစ်နေကြဆဲဖြစ်ရာ ကျန်းကျန့်က ဖန့်ချီအား ၎င်းတို့နှင့် စကားပြောခိုင်းလိုက်ပြီး တိုက်ပွဲမြေပြင်ကို သန့်ရှင်းရေးပြုလုပ်ရန် တစ်စုံတစ်ဦးကို ညွှန်ကြားခဲ့သည်။


"ဒဏ်ရာရသူအကုန်လုံး ငါ့ဆီလာကြ..."

ကျန်းကျန့်ကပြောလိုက်သည်။ဒဏ်ရာရသူအချို့ရောက်လာပြီးနောက် ကျန်းကျန့်က သားရေအိတ်ကိုထုတ်ပြီး အစို့ကိုဖြုတ်လိုက်၏။


ဝိုင်ရနံ့ပြင်းပြင်းက ရုတ်တရက် ပျံ့လွင့်သွားသည်။


"ဘော့စ်..." 


ဒဏ်ရာရသူတစ်ယောက်ဖြစ်သည့် ကျန်းမင်လည်း ကျန်းကျန့်ကို အံ့သြစွာကြည့်လိုက်သည်။


ဤဝိုင်ကို သူသိသည်၊ ၎င်းသည် လူအများဝယ်လိုသော ချင်ဖုန့်ဝိုင်ဖြစ်သည်၊ သို့သော် ဖုချောင် တွင် မရနိုင်ပါချေ။ကျန်းကျန့်က သူတို့ကို ခေါ်ပြီး ချင်ဖုန့်ဝိုင်ကို ထုတ်လိုက်တယ်...ဒီဒဏ်ရာရသူတွေကို ဝိုင်သောက်ဖို့ ပေးမှာလား...


အမှန်တွင် ကျန်းမင်က ဝိုင်အများကြီးမသောက်ခဲ့သလို ဝိုင်ကိုလည်း သိပ်စိတ်မဝင်စားခဲ့ပေမဲ့ ဤဝိုင်က စီရင်စုတရားသူကြီးတွေပင်တွေးနေသည့်အရာဟု စဉ်းစားနေသရွေ့ မြည်းစမ်းချင်ခဲ့၏။



သို့သော် . . .


ကျန်းကျန့်က ကျန်းမင်၏လက်ပေါ်ရှိ ဒဏ်ရာကို ဝိုင်အိတ်နှင့် ရွယ်လိုက်သည်. . .


ကျန်းမင်တစ်ယောက် ယခင်က ကျန်းကျန့်သတ်ခဲ့သော ဝက်များ၏ငိုသံနှင့်မခြားမနားပါဘဲ ချက်ချင်းပဲ အော်ဟစ်လိုက်၏။


မူလက တိုက်ပွဲမြေပြင်ကို သန့်ရှင်းရေးလုပ်နေသည့် လူတွေ အော်သံကိုကြားသောအခါ လန့်သွားကြသည်။ဖန့်ချီတစ်ရွာတည်းကဖြစ်ပြီး အခုလေးတင်မှ ကယ်ဆယ်ခံထားရသော ကောများသည် မသိစိတ်ဖြင့် တညီတညွတ်တည်း အချင်းချင်းပွေ့ဖက်ကုန်ပြီး တုန်ယင်နေကြ၏။


"ဘော့စ် ဘာလုပ်နေတာလဲ" 

ကျန်းမင် ဆွံ့အသွား၏။ဘော့စ်က သူ့ဒဏ်ရာကို ဝိုင်လောင်းလိုက်တယ်၊ သူ့ကို တမင်တကာ ကလိနေတာလား...


ထို့ပြင် ဤအဖိုးတန်ဝိုင်ကို သူ၏ဒဏ်ရာပေါ် မည်သို့လောင်းချ၍ဖြစ်မည်နည်း။ ဖြုန်းတီးရာကျလွန်း၏။


"ဒါက မင်းကောင်းဖို့အတွက်ပဲလေ.." 


ကျန်းကျန့်က သူ့ကို မော့ကြည့်ပြီး နောက်လူကို မလာခိုင်းခင် သူ့ကိုယ်သူ ပတ်တီးစည်းရန် သူ့ကို ပြောလိုက်သည်။


ကျန်းမင်လည်း ဤသည်က သူ့အကျိုးအတွက်ပဲ ဖြစ်ရမည်ဆိုသည်ကို သိသည့်အတွက် သူ ဘာမှ ထပ်မပြောတော့ပေ။


သို့သော် ကျန်းမင် သူ့နောက်ကလူများက အံကြိတ်ခံနေပြီး မအော်ကြသည်ကို မြင်သောအခါ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။


တိုက်ပွဲမြေပြင်ကို ရှင်းလင်းသန့်စင်ပြီး ဒဏ်ရာများကို ပတ်တီးစီးပြီးသောအခါ မိုးလင်းလုနီးဖြစ်နေလေပြီ။


ဟုန်ကျန်းဆားလွင်ပြင်မှာ ဤလူတွေက အဆင်းရဲဆုံးဖြစ်သဖြင့် သူတို့မှာ ပိုက်ဆံအများကြီးမရှိပေမဲ့ ကျန်းကျန့်အတွက် သူတို့ကို သတ်ရုံနှင့် အကျိုးရှိပေသည်။


ဟုန်ကျန်းဆားလွင်ပြင်မှလူများသည် ၎င်းတို့၏ အထောက်အထားကို သက်သေပြရန် ကိုယ်ပိုင် တံဆိပ်များရှိသည် ဖြစ်သောကြောင့် ဟုန်ကျန်းဆားလွင်ပြင်မှ လူများနှင့် တွေ့ဆုံသောအခါတွင် သူကအဆိုပါ တံဆိပ်များ ရရှိထားပြီးဖြစ်သဖြင့် မလိုအပ်သော အငြင်းပွားမှုများကို ရှောင်လွှဲနိုင်ပြီ ဖြစ်သည်။


အလောင်းကို အခင်းဖြစ်နေရာမှာ သင်္ဂြိုဟ်ပြီး ကျန်းကျန့် သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ခရီးဆက်ခဲ့သည်။


သူက သူတို့ကယ်တင်ခဲ့သော အမျိုးသမီးများနှင့် ကောများကို မောင်းမထုတ်ခဲ့သလို အရှိန်လျှော့ရန်လည်း ခွင့်မပြုခဲ့ပေ။


အဆိုပါ အမျိုးသမီးများနှင့် ကောများအားလုံးသည် ပင်လယ်ကမ်းစပ် တံငါရွာမှ ဖြစ်ကြပြီး တစ်သက်လုံး အလုပ်လုပ်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ လမ်းလျှောက်ရသည်က ခက်ခဲသော်လည်း ၎င်းတို့သည် ဆက်လက်၍ ရှင်သန်နေဆဲဖြစ်ပြီး ကျန်းကျန့်က တောရိုင်းထဲတွင် ရှင်သန်ခြင်းဆိုင်ရာ အသိပညာအကြောင်း ပြောသောအခါတွင် ၎င်းတို့သည် အလွန်ဂရုတစိုက် နားထောင်ခဲ့ကြသည်။


သင်ကလူသားဖြစ်နေသရွေ့ သင်အမြဲတမ်း အသက်ရှင်လိုနေပေလိမ့်မည်ပင်။


ရက်အနည်းငယ်ကြာပြီးနောက်–


ယာပြန့်ရွာသည် ပင်လယ်ကမ်းစပ်ရှိ ရွာလေးတစ်ရွာဖြစ်ပြီး ရွာတွင် မိသားစု ဆယ်စုထက်ပိုမရှိပေ။


ထိုရွာမှ ဆင်းသက်ခဲ့လာသော သူတို့နေထိုင်ရာ ချောက်ကမ်းပါးတစ်ခုရှိသည်။


ယာပြန့်ကျေးရွာရှိ လူများသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းခြင်းကို အားကိုးကြပြီး အလွန်ဆင်းရဲကြသည်။ ရွာမှာ ပင်လယ်ထဲသွားမည့် ငါးဖမ်းလှေတွေ မရှိသောကြောင့် ကမ်းပါးကနေ ငါးဖမ်းပြီး ကမ်းခြေမှာ ငါးပုဇွန်တွေကို ကောက်ကြသည်။ပင်လယ်ကမ်းစပ်က သဲပေါ်မှာလည်း သူတို့၏ အသီးအရွက်တွေ စိုက်ကြ၏။


ယနေ့တွင် ယာပြန့်ရွာမှ လူငယ်များသည် ငါးအချို့ကို ဖမ်းမိကြပြီး ပင်လယ်ကမ်းစပ်ရှိ ကျောက်ဆောင်များအတွင်းမှ ပုစွန်များနှင့် ကဏန်းအချို့ကို ကောက်ယူကာ အိမ်သို့ အတူတူ လမ်းလျှောက်ခဲ့ကြသည်။


ချောက်ကမ်းပါးက အတော်လေးမြင့်သည့်အတွက် သူတို့နေထိုင်သည့် ရွာကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်သောအခါ သူတို့ရွာဘက်ကို ပြေးလာနေသည့် လူတစ်စုကို တွေ့လိုက်ရ၏။


ဟုန်ကျန်းဆားလွင်ပြင်ကလူတွေ ထပ်လာမှာလား...ဒီလူတွေ လာတဲ့အခါ ဘယ်တော့မှ ကောင်းတာမရှိဘူး...


လူပျိုလူရွယ်များသည် ရွာသို့ ကမန်းကတန်း ပြေးကြသော်လည်း ရွာထဲသို့ ပြေးလိုက်သည်နှင့် ထိုလူများ ရွာထဲသို့ ဝင်နေပြီဖြစ်သည်ကို မြင်လိုက်ရသည်။


"သခင်လေးတို့ ဘယ်လို....."


ယာပြန့်ရွာမှ အဘိုးအိုတစ်ဦးသည် ထိုလူများနှင့် စကားပြောချင်၍ ရှေ့သို့ လျှောက်သွားခဲ့သော်လည်း ထိုလူများထဲမှတစ်ယောက်က လက်တစ်ချက်လှုပ်ကာ အဘိုးအို လည်ပင်းကို တိုက်ရိုက် ဓားဖြင့်ခုတ်လိုက်သည်။


အဘိုးအို၏လည်ပင်းမှ သွေးများစီးကျလာပြီး ယင်းက ယာပြန့်ရွာမှလူများကို ကြက်သေသေသွားစေခဲ့သည်။


ဒီလူတွေက အရင်က သူတို့အတွက် ပစ္စည်းတွေ ပဲတောင်းခဲ့ပေမဲ့ ဒီတစ်ခါကျတော့...ဒီတခေါက် လူတွေကို ဘာလို့သတ်ခဲ့တာလဲ...


"ဦးလေး"

 လူများစွာ စတင် ငိုကြွေးတော့သည်။


ဤယာပြန့်ရွာရှိအိမ်ထောင်စုတိုင်းတွင် မိသားစုဆက်ဆံရေးရှိသောကြောင့် ဤလူကြီးများသည် ရွာရှိလူအများစုအတွက် သက်ကြီးဝါကြီးများဖြစ်သည်။ ယခု ဤလူတွေက သူ့ကို ရုတ်တရက် သတ်လိုက်သောအခါ ရွာသားတွေ မငိုဘဲမနေနိုင်တော့ပေ။ 


"မင်း ဘာလိုချင်လဲ" ဟု ငယ်ငယ်ရွယ်ရွယ် သန်မာသော လူတစ်ဦးက ဟုန်ကျန်းဆားလွင်ပြင်မှ လူများကို ဒေါသတကြီး ကြည့်ကာ သူ့လက်ထဲတွင် တုတ်ကို ဆုပ်ထားရင်း မေးလိုက်သည်။ တစ်ချို့လူတွေက တခြားလက်နက်တွေသွားယူကြ၏။ သူတို့ သည်ကို ဆိုးသွမ်းသည့်ရည်ရွယ်ချက်နှင့် ရောက်လာကြသည်ကို ၎င်းမြင်ပြီးပြီဖြစ်သည်။


"တိုက်ကြ...." 


အဘိုးအို၏ လည်ချောင်းကို လှီးဖြတ်လိုက်သူက ပြော၏။၎င်းနောက်မှာ သူ့နောက်က လူတွေက ယာပြန့်ရွာက ရွာသူရွာသားတွေကို တိုက်ခိုက်ကြတော့သည်။ 


ပြင်ပမှလူက ၃၀-၄၀ ခန့်ရှိကြပြီး ယာပြန့်ကျေးရွာတွင် အရွယ်ရောက်ပြီးသူ အယောက် ၂၀ ခန့်သာရှိပြီး တိုက်ပွဲအတွေ့အကြုံကလည်းမရှိသောကြောင့် ၎င်းတို့မှာ အားနည်းချက်ရှိနေသည်။


"အဖေ..."


ကလေးတစ်ယောက် ငိုစပြုလာသော်လည်း သူ့ငိုသံက မကြာမီ ရပ်သွားသည်။ တစ်ယောက်ယောက်က သူ့ပါးစပ်ကို ဖုံးထားမှန်း သိသာ၏။


"ပြေး"


"အားလုံးပြေးကြ"


"သွား"


. . .


တခြားသူတွေနှင့် တိုက်ခိုက်နေသည့် လူငယ်တွေက ထိုသို့ အော်ဟစ်လိုက်ကြပြီးရွာကအမျိုးသမီးတွေက မျက်ရည်တွေသုတ်ပြီး ကလေးတွေနှင့်အတူ ထွက်ပြေးကြသည်။သို့ပေမဲ့ ယာပြန့်ရွာကို တိုက်ခိုက်သူတွေက ရွာသားတွေကို မည်သို့ ထွက်ပြေးခွင့်ပြုနိုင်ပါမည်နည်း။


"သူတို့ကို ဖမ်း..."


ခေါင်းဆောင်က အခြားရွာသားတစ်ဦးကို သတ်လိုက်ပြီးအမိန့်ပေးလိုက်သည်။


"ဘယ်သူမှ ထွက်ပြေးလို့မရဘူး"


ထိုလူတွေထဲက တစ်ဒါဇင်ကျော်က သူတို့နောက်ကို လိုက်ရန် ညာသံပေးခဲ့ကြပေမဲ့ ထိုအချိန်မှာ တခြားလူတစ်စုက ရွာ၏တစ်ဖက်ခြမ်းမှာ ပေါ်လာပြီး အမျိုးသမီးနှင့်ကလေးတွေ ထွက်ပြေးမှုကို ပိတ်ဆို့ခဲ့၏။


ရှေ့ကပြေးနေသော အမျိုးသမီးသည် တုန်လှုပ်ချောက်ချားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမနောက်ရှိ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက ကြံမိကြံရာဖြင့် တံစဉ်ကို ကိုင်ကာ ထိုလူများဆီသို့ ပြေးသွားခဲ့သည်။


လမ်းမှာ ရပ်နေသူတွေအားလုံးက ဓားတွေ၊ တုတ်တွေ ကိုင်ဆောင်ထားကြပြီး သူတို့ခေါင်းဆောင်က အဘွားအို၏ လက်ထဲက တံစဉ်ကို လွယ်လွယ်ကူကူ ပုတ်ထုတ်ပစ်လိုက်၏။


၎င်းကိုမြင်သောအခါ ယာပြန့်ရွာက လူတွေ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ဤလူတွေက အဖမ်းခံရရန်၊ အရှက်ခွဲခံရန် သို့မဟုတ် အသတ်ခံရရန် အဆင်သင့်ဖြစ်နေကြသည်။သို့ပေမဲ့ ထိုလူက အမျိုးသမီးများကို တံစဉ်နှင့် သတ်မည့်အစား တုတ်ကိုဆွဲ၍ သူတို့နောက် လိုက်လာသည့် လူတွေဆီ ပြေးသွား၏။


ထိုလူလက်ထဲက တုတ်က ခပ်မြန်မြန်ရွေ့သွားပြီး ရွာထဲကို အရင်ဆုံးဝင်လာသည့် ဓားပြတွေ၏ နောက်ကျောကို ထိုးစိုက်လိုက်သည်။ ထို့နောက် သူက ထိုယောကျာ်း၏ လည်ပင်းကို တိုက်ရိုက်ချိုးပြီး အသက်ရှုရပ်ကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။


ဒီအဖွဲ့နှစ်ဖွဲ့က တစ်ဖွဲ့တည်းမဟုတ်ဘူးလား...


ယာပြန့်ရွာမှလူများ စိတ်လှုပ်ရှားလာသည်။၎င်းနောက် သူတို့ နောက်လူအုပ်စုက အရှိန်အဟုန်ဖြင့် ရှေ့သို့ပြေးသွားသည်ကိုမြင်ရပြီး မကြာမီ ရွာထဲသို့ဝင်လာသော လူပေါင်းများစွာကို သတ်ပစ်လိုက်ကြသည်။


သတ်ရန် ရည်ရွယ်ချက်ဖြင့် ရွာထဲသို့ ဝင်ရောက်လာသူများသည် ချက်ချင်းပင် ထိတ်လန့်ကာ ထွက်ပြေးခဲ့ကြသည်။သို့ပေမဲ့ ယခုအချိန်မှာ နောက်အုပ်စုက သူတို့နောက်ကို လိုက်နေကြသည်။


"သူတို့က ငါတို့ကို ကယ်တင်ဖို့ ဒီကိုရောက်လာတာ..."


"ဒီလူတွေက ဘယ်သူတွေလဲ"


"ဖေဖေ...ထပါ..."


. . .


ရွာထဲ၌ အမျိုးမျိုး အော်ဟစ်သံများဖြင့်ဆူညံနေကြသည် ။


မှန်ပေသည်။ အကူရောက်လာသူများက ကျန်းကျန့်နှင့် သူ့အဖွဲ့ပင်...


ထိုအချိန်တွင် ကျန်းကျန့်က သူ့လူတွေကို တခြားသူများကို လိုက်ဖမ်းရန်ခေါ်သွားပေမဲ့ ဖန့်ချီက ရွာကလူတွေ

ကို ချွေးသိပ်ရန် အရင်က သူတို့ကယ်ခဲ့သော အမျိုးသမီးတွေ၊ကောတွေနှင့် အတူတူနေခဲ့သည်။


"အားလုံး စိတ်အေးလက်အေး နေကြပါ... အကုန်လုံးအဆင်ပြေသွားမှာပါ...နောင်လည်း အဆင်ပြေသွားမှာ..." 



ဖန့်ချီက ပြောလိုက်၏။