အပိုင်း ၁၉၂
Viewers 31k

Chapter 192

ကျန်းကျန့်ဆီကစာတစ်စောင်



ကျောက်ကျင်းကော သူမ၏ တုံ့ပြန်မှုကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ ရှောင်လိုက်သည်က မှန်ပေမဲ့ ဤဆေးတွေ ဖိတ်သွားသည်က သူနှင့်မဆိုင်ပါချေ။


ထို့အပြင် ဆေးများ ဖိတ်စင်သွားသော်လည်း ကောက်ယူ၍ ဆေးကြောနိုင်သေးသည်။ဖိတ်ရုံမက ဆေးလိုက်လျှင်ပင် ထိခိုက်မှု သိပ်ရှိလိမ့်မည်မဟုတ်ပေ။


"ငါ့ကို ပိုက်ဆံပေးစမ်း" 


ထိုအမျိုးသမီး၏ မျက်နှာက သိပ်မကောင်းမွန်သေးသော်လည်း သူမ၏ ကြမ်းတမ်းသော အမူအရာသည် သူမ၏ ပျော့ညံ့သောအသွင်အပြင်နှင့် လုံးဝ မလိုက်ဖက်ပေ။


ကျောက်ကျင်းကော သူမ၏ရုပ်သွင်ကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။သူက စိတ်သဘောထားကောင်းသော်လည်း လိမ်လည်စွပ်စွဲခံရခြင်းအတွက် သူ မပျော်ခဲ့ပေ။


"ခင်ဗျား ဘာသာလဲကျပြီး ဗီရိုနဲ့ဆော့င်ပြီးဆေးအိတ်ကို ကိုယ့်ဘာသာကိုယ် ဆုတ်ဖြဲလိုက်တာ...ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"


"နင်ငါ့ကို တွန်းခဲ့တာ အသိသာကြီး"


ထိုအမျိုးသမီးက မျက်လုံးကို မှိတ်ထားကာ "နင်ငါ့ကို တို့ထိပြီးလည်း အခွင့်ကောင်းယူတယ်” ဟုလည်း ထပ်ပြောလိုက်၏။


အမှန်တွင် ဤအမျိုးသမီး လဲကျသွားသည်ကို လူတိုင်းက ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေမဲ့ ကျောက်ကျင်းကောက သူမကို ကူညီနေသည်ကို လူတော်တော်များများ မြင်ခဲ့ကြရသည်။


ဤအခိုက်အတန့်တွင်၊ လူများစွာသည် ကျောက်ကျင်းကောကိုကြည့်ရင်း မကျေမနပ်ဖြစ်နေကြသည်—အမျိုးသမီးတစ်ဦးကို တွန်းလိုက်သည့် ယောကျာ်းအရင့်အမာကြီးတစ်ဦး... သူမကို အခွင့်ကောင်းယူခဲ့တာလား...


"ကျွန်တော်က အခွင့်ကောင်းယူခဲ့တာလား" 

ကျောက်ကျင်းကော မရယ်ဘဲမနေနိုင်။


"ခင်ဗျားက အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ...ကျွန်တော့်မဒမ်က ခင်ဗျားကို ဘယ်လိုလုပ်အခွင့်ကောင်းယူမှာလဲ" 


ကျောက်ကျင်းကော၏နောက်က လိုက်လာသည့်ရို့အာကလည်း ထပ်ပြောလိုက်သည်။


မဒမ်. . . အားလုံးက ကျောက်ကျင်းကောကို အနီးကပ်ကြည့်သောအခါ ချက်ချင်းဆိုသလို ကျောက်ကျင်းကောကို ပြစ်မှားမိမှာကို ကြောက်လန့်သွားကြသည်။


သို့သော် ထိုအမျိုးသမီးက ငြင်းဆိုခဲ့သည်။

"နင်ကကောဆိုတော့ ဘာဖြစ်လဲ...မိန်းမတွေကို ကြိုက်တဲ့ကော မရှိတာမျိုး မဟုတ်ဘူး"


"နင် ငါ့ဆေးကို ဖိတ်အောင်လုပ်လိုက်တယ်...ပိုက်ဆံ ပေးရမယ်"


"နင်က ငါ့အသက်ကယ်ဆေးကို ဖိတ်အောင်လုပ်ပြီး ငြင်းချင်သေးလား"


သူမက ကြမ်းတမ်းစွာ ပြောဆိုသော်လည်း သူမကြည့်ရသည်မှာ သိပ်အခြေအနေကောင်းနေပုံမရ၊ သူမ၏ တုန်လှုပ်ချောက်ချားသောအကြည့်ကြောင့် လူအများက သူမအား စာနာမိစေသည်၊ ပညာရှင်ကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ၎င်းကိုမြင်ပြီး ကျောက်ကျင်းကောကိုဆိုသည်။


 "ဒါအတွက် မင်းမှာလည်း အပြစ်ရှိတာပဲ...သူ့ကို ပိုက်ဆံနည်းနည်းပေးသင့်တယ်"


"ဟုတ်တယ် မင်းသူ့ကိုနည်းနည်းလျော်ပေးသင့်တယ်..." 

အခြားလူတစ်ဦးက ဝင်ပြောသည်။


ကျောက်ကျင်းကောဖး ဝတ်စားဆင်ယင်ပုံ အလွန်ကြီး ချမ်းသာပုံမပေါ်ပေမဲ့ အဝတ်အစားနှင့် အစားအသောက်အတွက် စိတ်ပူစရာလိုပုံမရဘဲ အစေခံကောင်လေးကိုပါ ခေါ်လာခဲ့မှန်း ထင်ရှားသည်။ ဤကိစ္စကို ဖြေရှင်းရန် ပိုက်ဆံနည်းနည်းလောက် သုံးသင့်သည်ဟုလူတိုင်းက ထင်နေကြ၏။


သို့ပေမဲ့ ကျောက်ကျင်းကောက မျက်မှောင်ကြုတ်လိုက်ပြီး သူ့လေသံက ပိုဆိုးလာ၏။


 "ဘာလို့ ပေးရမှာလဲ"


ကျောက်ကျင်းကော နှင့် ရန်တွေ့ရန် သိပ်လွယ်ကူပုံမပေါ်သဖြင့် ထိုအမျိုးသမီးသည် အနည်းငယ်ကြောက်လန့်သွားလေသည်။သို့ပေမဲ့ ကျောက်ကျင်းကောကို ပိုက်ဆံပေးချေရန် အရင်ခိုင်းသည့်လူလတ်ပိုင်းအရွယ်က မကျေနပ်မှုတွေ ပိုများလာကာ ဆိုလိုက်၏။ 


"မင်းက ကောတစ်ယောက်ပါ...မင်းက ဘယ်လိုလုပ် ဒေါသကြီးရတာလဲ...အိမ်မှာ ယောက်ျားရဲ့ အချစ်ကို အနိုင်ယူလို့ မရဘူးဆိုတော့ မင်းရဲ့ အခွင့်အာဏာကို ပြဖို့ ဒီကို လာခဲ့တာလား... အားနွဲ့တဲ့အမျိုးသမီးကို မင်းဘယ်လိုအနိုင်ကျင့်ရဲတာလဲ"


လူလတ်ပိုင်းအရွယ်အမျိုးသားက ကျောက်ကျင်းကောကို စက်ဆုပ်စွာကြည့်နေကာ သူ၏စကားများသည် ရက်စက်ကြမ်းကြုတ်ပြီး မကြာသေးမီက စိတ်ဆိုးနေပြီဖြစ်သော ကျောက်ကျင်းကောကို ပို၍ပင် ဒေါသထွက်ကာ တစ်စုံတစ်ယောက်ကို ရိုက်ချင်လာစေသည်။


"တချို့လူတွေက မျက်လုံးဖွင့်ပြီး လိမ်ရတာကို ကြိုက်တယ်..."

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အေးစက်စွာ နှာမှုတ်လိုက်သည်။


လူအုပ်ကြီးက လှမ်းကြည့်လိုက်သောအခါ အသက် ၂၇ နှစ်၊ ၂၈ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ဧည့်သည်တွေကို ဧည့်ခံရန် ဆေးဆိုင်က စားပွဲမှာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။


ဧည့်သည်များ အသုံးပြုသည့် စားပွဲကို ဆေးဆိုင်နှင့် ဝါးကုလားကာများဖြင့် ခွဲခြားထားသော်လည်း ကုလားကာကို အိမ်အကူတစ်ဦးက ရုတ်သိမ်းပေးကာ အပြင်မှလူများကို အမျိုးသမီး၏ အသွင်အပြင်ကို မြင်နိုင်စေခဲ့သည်။


သူမက ရွှေထည်ငွေထည်များကို ၀တ်ဆင်ထားသော်လည်း လုံးဝ အပေါ်စားဆန်ပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊သူမက မြင့်မြတ်သူတစ်ဦးနှင့်တူပြီး သူမ၏ဇစ်မြစ်က ထူးခြားသည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။


သိူ့ပေမဲ့ သူမက မျိုးရိုးမြင့်အမျိုးသမီးတစ်ဦးနှင့်တူသည့်တိုင် စကားပြောသည့် အခါမှာ သူမက အလွန်တရာ မယဉ်ကျေးလွန်းလှသည်။


"ဒီအမျိုးသမီးကိုယ်တိုင်က သူ့လက်ထဲက ဆေးအိတ်ကို ဖြဲလိုက်ပေမယ့် တခြားသူတွေကို မတရားစွပ်စွဲချင်နေသေးတာ ထင်ရှားတယ်... ဒါကို သူ့ကို ကူညီချင်သေးတဲ့ လူအုပ်စုက ရှိနေတယ်..." အမျိုးသမီးက ကျောက်ကျင်းကောကို မကြည့်ခင်မှာဆိုသည်။


"ဘော့စ်ကျောက်အနေနဲ့ ဒီလိုလူတွေကို နောင်တစ်ချိန်မှာ တွေ့ရင် သူတို့နဲ့ စကားကောင်းကောင်း မပြောသင့်ဘူး...သူတို့ကို တိုက်ရိုက် ပါးဆွဲရိုက်လိုက်ပါ"


ကျောက်ကျင်းကောအနေဖြင့် ဤအမျိုးသမီးကို တစ်ခါမှ မမြင်ဖူးသောကြောင့် တစ်ဖက်လူက သူ့ကို သိသည်ကိုတွေ့ရသောအခါ အနည်းငယ် အံ့သြသွားခဲ့ပြီး မကြာခင်မှာပဲ ပုံမှန်ပါပဲဟုတွေးလိုက်သည်။


သူသည် မကြာသေးမီက မိသားစုကြီးများမှ အမျိုးသမီးမျိုးစုံဆီက စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့ပြီး မြို့တော်ရှိ သခင်မအသိုင်းအဝိုင်းတွင် နာမည်ရလာသောကြောင့် တစ်စုံတစ်ဦးမှ သူ့ကို သိနေခြင်းမှာ အံ့သြစရာမဟုတ်ပေ။


မည်သို့ပင်ဖြစ်စေ သူက အတော်လေးမှတ်မိလွယ်သည့်ပုံစံဖြစ်သည်ပင်။


ကျောက်ကျင်းကော သူ့အား ကူပြောပေးသော အမျိုးသမီးကို ကျေးဇူးတင်သော်လည်း သူမကို သူနှင့်အတူ ဆွဲထည့်မိသွားနိုင်သည်ကိုလည်း စိုးရိမ်နေမိသည်။သို့သော် မကြာမီမှာပင် သူ့စိုးရိမ်မှုများမှာ မလိုအပ်ကြောင်း သိလိုက်ရသည်။


"လျောင်...မဒမ်လျောင်..." 


ကျောက်ကျင်းကောကို ဝေဖန်သည့် သက်လတ်ပိုင်း အမျိုးသားက အမျိုးသမီးကို ကြောက်လန့်တကြား တုန်လှုပ်စွာ ကြည့်နေပြီးနောက် သူကဆို၏။

"အရာရာကို ရှင်းရှင်းလင်းလင်း မမြင်ဘဲ ငါ အဓိပ္ပါယ်မရှိတဲ့ စကား မပြောသင့်ဘူး... ငါ့မှာ တကယ် မျက်လုံး မပါပါဘူး...မဒမ်လျောင် ငါ့ကိုခွင့်လွတ်ပါ"


"မင်း မသွားချင်ဘူးလား" 

မဒမ်လျောင်က အေးစက်သည့် နှာမှုတ်သံတစ်ခု ထပ်ပေးလိုက်၏။


မဒမ်လျောင် ပြောသည်ကိုကြားသောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားက အလျင်အမြန်ထွက်ပြေးသွားပြီး တခြားသူတွေက တိုးတိုးတိုးတိုးနှင့် ပြောကြသည်။


"ဒါက ....လျောင်မိသားစုထဲကတစ်ယောက် ……"


"ဖြစ်ကိုဖြစ်ရမယ်... မဟုတ်ရင် ဘယ်မဒမ်လျောင် ဖြစ်နိုင်မှာလဲ"


"ကျားမ....."


……


မဒမ်လျောင်နှင့် ဝေးကွာနေသော သူများသည်ပင် ဘာမှ မပြောဝံ့ကြဘဲ ခဏအကြာတွင် တတ်နိုင်သမျှ မြန်မြန် ပြေးကြသည်။


ကျောက်ကျင်းကောကို လိမ်လည်လှည့်ဖြားလိုသော အမျိုးသမီးသည် "မဒမ်လျောင်" ဟူသော စကားကိုကြားသောအခါ တုန်လှုပ်ပြီး လဲကျကာ သတိလစ်သွားသည်။


ဤတစ်ကြိမ်တွင် ကျောက်ကျင်းကောက စိတ်ငြိမ်သက်စွာဖြင့် ရှောင်တိမ်းသွားရုံသာမက သူမကို ထရန်လည်းမကူညီပေးခဲ့ပေ။


ဤအမျိုးသမီးက ကျန်းမာရေး သိပ်မကောင်းဘူးဟု ခန့်မှန်းရသည့်အတွက် အနည်းငယ် ကိုယ်ချင်းစာမိပေမဲ့ ထိုလူမျိုးကို သူမကူညီဝံ့ပေ။ဆေးဆိုင်ကို စောင့်ရှောက်ခိုင်းလိုက်သည်က ပိုကောင်း၏။


"အကူအညီအတွက် ကျေးဇူးတင်ပါတယ် မဒမ်လျောင်..." 


ကျောက်ကျင်းကောက ထိုအမျိုးသမီးအား ပြောသည်။


"ငါ မင်းကို မကူညီခဲ့ဘူး" 

မဒမ်လျောင်က ကျောက်ကျင်းကောကို တစ်ချက်ကြည့်လိုက်ပြီး သူမအစေခံကို ကန့်လန့်ကာကို ဆွဲချခိုင်းလိုက်ပြီး သူမသောက်ရန် လက်ဖက်ရည်ယူခိုင်းလိုက်သည်။


မဒမ်လျောင်က သူ့အား စကားမပြောချင်သည်မှာ သိသာထင်ရှားစွာပင်။ကျောက်ကျင်းကောက သဘာဝအတိုင်း သူမနှင့် စကားပြောရန် သူမကို သွားနှောင့်ယှက်မည်မဟုတ်သောကြောင့် သူထွက်သွားရန်သာ စီစဉ်ခဲ့သည်။


ထိုအချိန်တွင် ကျန့်ရီ အပြင်ဘက်မှ ဝင်လာ၏။ "ကျောက်ကျင်းကော ဘာလို့ ဆေးဆိုင်ကို လာတာလဲ...နေမကောင်းဘူးလား"


ကျန့်ရီက ကျောက်ကျင်းကောကိုရှာရန် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းသို့သွားခဲ့သော်လည်း မတွေ့သဖြင့် စုံစမ်းမေးမြန်းပြီးနောက် ဤနေရာကိုရောက်လာခဲ့သည်။


"ကောင်းပါတယ်" 

ကျောက်ကျင်းကောက ပြောလိုက်သည်။


"မဒမ်...ဆေးက အဆင်သင့်ဖြစ်နေပါပြီ" ဆေးဝါးပြင်ဆင်ရေး တာဝန်ခံက ဆယ်ထုပ်ကို ပြီးအောင် ပြင်ဆင်ပြီးသွားသည်။


ကျောက်ကျင်းကော အနည်းငယ်ရှက်သွားပြီး 

"ကျွန်တော့် ခန္ဓာကိုယ်ကို အာဟာရဖြည့်ဖို့ ဆေးတစ်စုံတစ်ယောက်က ညွှန်ကြားထားခဲ့တယ်"ဟုသာ ပြောနိုင်ခဲ့သည်။


ကျန့်ရီက ပြုံးပြီး ကျောက်ကျင်းကော မပြောချင်သည့်အရာတွေအကြောင်း မမေးတော့ဘဲ လိုရင်းကိုပြောလိုက်၏။


"ကျန်းကျန့်က ခင်ဗျားကိုပေးစရာ တစ်ခုခုပေးလိုက်လို့ တွေ့ဖို့ ငါလာခဲ့တာ..."


ကျောက်ကျင်းကော ချက်ချင်းဆိုသလို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲက ပင်ပန်းနွမ်းနယ်မှုတွေမှာ ပျောက်ကွယ်လုမတတ်ဖြစ်သွား၏။


"အဲဒါက ဘာလဲ..."


"ထိုင်ဖို့နေရာရှာရအောင်" 

ကျန့်ရီက ပြုံးပြီးပြောသည်။


ကျန့်ရီက ကျောက်ကျင်းကော မဟုတ်သည့်အတွက် အပြင်ထွက်သည့်အခါ ဝေါယာဥ်ယူလာတတ်သည်။သူက ဆေးဆိုင်ကလည်းဝေါယာဥ်တစ်ခုယူပြီး မနီးမဝေးက စားသောက်ဆိုင်ကို လူတွေကို သယ်ခိုင်းလိုက်၏။


ထမင်းစားချိန်မဟုတ်ပေမဲ့ စားသောက်ဆိုင်ထဲမှာ လူများစွာရှိနေတုန်းပင်။ကျန့်ရီက ကျန်းကျန့်ပေးလိုက်သည့်စာကို ကျောက်ကျင်းကောကို ပေးလိုက်ပြီးဆိုသည်။


"ဆေးဆိုင်ထဲမှာ တစ်ခုခုဖြစ်ခဲ့တာလား" ဆေးဆိုင်ရှိ လူအချို့၏ မျက်နှာသည် အနည်းငယ် ထူးဆန်းနေ၏။


ကျောက်ကျင်းကောက စာကိုဖတ်ရန် စိတ်အားထက်သန်နေသော်လည်း ကျန့်ရီက မေးခွန်းတစ်ခုမေးခဲ့သည်ဖြစ်ရာ သူ့ကိုလျစ်လျူရှု၍မဖြစ်သောကြောင့် အတိုချုံးနှင့် တိုတိုတုတ်တုတ်ရှင်းပြလိုက်သည်။


"ခင်ဗျားအတွက် မဒမ်လျောင်ကပြောပေးလိမ့်မယ်လို့ မထင်ခဲ့မိဘူး" 


ကျန့်ရီက ကျောက်ကျင်းကောကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


"အတိအကျ မဒမ်လျောင်က ဘယ်သူလဲ"

ကျောက်ကျင်းကောက မဒမ်လျောင်ကို မသိပေ။ ယခင် သူ သူမအကြောင်းပင် မကြားဖူးခဲ့ပေ။


"ကျန်းနန်ရဲ့ လူကြီးလူကောင်းလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လျောင်ချင်းဟယ်ကို သိလား... သူ(မ)က သူ(မ)ရဲ့လက်တစ်ဆစ်စိတ်ထားကြောင့် လူသိများတဲ့ လျောင်ချင်းဟယ်ရဲ့ဇနီး...

"


ကျန့်ရီက ပြောလိုက်သည်။သူသည် အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်းကို နှစ်သက်သူမဟုတ်သလို မဒမ်လျောင်နှင့်ပတ်သက်သော မကောင်းသည့်ကိစ္စများကိုလည်း မပြောချင်သော်လည်း အမှန်တွင်… ထိုအမျိုးသမီးလျောင်က စိတ်ဆတ်ရုံမျှသာဖြစ်သော်လည်း သူမသည် နာမည်ဆိုးဖြင့်ကျော်ကြားသော စိတ်လက်တစ်ဆစ်နှင့် ကျားမဖြစ်သည်။


ဟယ်ချောင်စီရင်စုမှာ လျောင်ချင်းဟယ်ကို ဘယ်သူက မစာနာလို့လဲ...သိမ်မွေ့ပြီး ချောမောတဲ့ သခင်လေးက ချမ်းသာပေမဲ့ သီလမရှိတဲ့ မိန်းမနဲ့ နောက်ဆုံးမှာလက်ထပ်ခဲ့တယ်...


သို့ပေမဲ့ သိပ်အများကြီးပြောစရာမလိုပေ။ကျန့်ရီက ရိုးရိုးရှင်းရှင်းပြောပြီးဆိုလိုက်သည်။


"ကျန်းကျန့်ရဲ့စာကို ကြည့်လိုက်ပါ...မေးချင်တာတွေရှိရင်လည်း အတူတူမေးလို့ရပါတယ်...ကျန်းကျန့်ကို ပေးချင်တဲ့အရာတစ်ခုခုရှိရင် ပြန်သွားပြီး ဒီနေ့ ပြင်ဆင်လိုက်ပါ...မနက်ဖြန် ခင်ဗျားဆီကနေ တစ်ယောက်ယောက်ကို ယူခိုင်းလိုက်မယ်"


ထိုသို့ပြောပေမဲ့ ကျောက်ကျင်းကောအနေဖြင့် သူ့ကို ဘာမှထပ်မေးစရာမလိုဘူးဟု ကျန့်ရီ ခံစားရသည်။ 


ကျန်းကျန့်က သူ့ကို ပေးခဲ့တဲ့ အချက်အလက်တွေက ကျောက်ကျင်းကောစာလောက် မထူဘူးဆိုတာ အံ့သြစရာပဲ...


ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်ပြီး စာကို စတင်ဖတ်သည်။


ယနေ့တွင် ကျောက်ကျင်းကော အသုံးများသော စကားလုံးများအားလုံးနီးပါကို မှတ်မိသလောက် ရှိသောကြောင့် ကျန်းကျန့်ပေးသောစာသည် သူ့အတွက် နားလည်ရလွယ်ကူသော်လည်း...


ကျောက်ကျင်းကော၏ မျက်နှာသည် မနေနိုင်ဘဲ နီရဲလာသည်။


ကျန်းကျန့် သူ... သူက အရမ်းချစ်တယ်လို့ စာထဲမှာ တိုက်ရိုက်ရေးခဲ့တယ်......


ကျန့်ရီ ကျောက်ကျင်းကော ၏အမူအရာကိုမြင်လျှင် မျက်စိကန်းသွားသလို ခံစားရပြန်သည်။


ကျန်းကျန့်နှင့် ကျောက်ကျင်းကော အတူတူရှိသည့်အခါ သူမျက်စိကန်းသွားသလို မကြာခဏခံစားရ၏။သို့ပေမဲ့ ယခု ကျန်းကျန့်နှင့်ဝေးနေချိန်မှာပင် သူ့မှာ ထပ်တူ ခံစားချက်တွေ ရှိနေသည်။


ကျောက်ကျင်းကော စာစဖတ်ပြီးသောအခါ အိမ်ပြန်ယူပြီးမဖတ်ခဲ့သည်ကို နောင်တရလာသည်၊တကယ်တမ်းတွင် ... ကျန်းကျန့်က သူတစ်ဦးတည်းဖတ်ရန်အတွက် ယုံကြည်ချက်များစွာရှိသောအရာတွေကို ရေးခဲ့သည်...


သို့သော် ထိုစာကိုဖတ်ပြီးနောက်၊ သူ့တွင် ကျန့်ရီအား ပြောစရာတစ်ခုရှိလာသည်။

"သခင်လေးကျန့်... ပင်လယ်ကုန်သည်တွေကို ဆက်သွယ်မှာလား...ကျွန်တော် ခင်ဗျားနဲ့လိုက်ခဲ့မယ်"



"ကျန်းကျန့်က ခင်ဗျာစကို အဲဒီအကြောင်းကိုတောင် ပြောခဲ့သေးတာလား" 

ကျန့်ရီက ကျောက်ကျင်းကောကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


"သူ ကျွန်တော်ဆီကနေ ဘာမှ ချန်ထားမှာ မဟုတ်ဘူး" 


ကျန်းကျန့်က သူ့အခြေအနေကို စာထဲတွင် လွန်စွာ ရှင်းရှင်းလင်းလင်း ရှင်းပြထားကြောင်းပြောလိုက်သည်။


သူက အိမ်နောက်ဖေးတွင်နေထိုင်သော သာမန်အမျိုးသမီးနှင့်မတူဟုတွေးရင်း ကျန့်ရီက ကျောက်ကျင်းကောကို တစ်ချက်ကြည့်လိုက်ပြီးပြောလိုက်သည်။


 "ကောင်းပြီ...ခင်ဗျား ကျွန်တော်နဲ့လိုက်လို့ရတယ်"


"ကျေးဇူးတင်ပါတယ် သခင်လေးကျန့် " 

ကျောက်ကျင်းကောက ကျန့်ရီကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။


ကျန့်ရီ နှင့် ကျန်းကျန့် အကြား ဆက်စပ်မှုမှာ မနီးစပ်သော်လည်း ရှိကားရှိနေသေးသည်။ နောက်တစ်နေ့တွင် ကျန့်ရီက ကျန်းကျန့် လိုချင်သော ပစ္စည်းအချို့နှင့် ကျောက်ကျင်းကော ကျန်းကျန့်အတွက် ပြင်ဆင်ထားသော အထုပ်တစ်ထုပ်ကို တစ်စုံတစ်ယောက်အား ယူဆောင်ခိုင်းခဲ့သည်။


......


ပင်လယ်ကမ်းစပ်ဝယ်...


ကျန်းကျန့်က တစ်ယောက်ယောက်ကို ပင်လယ်ထဲက ငါးဖမ်းခိုင်းပြီး ချက်ပြုတ်ရန် အိုးထဲကို မထည့်ခင် သူနှင့် သူ့လူတွေက ရိုးရှင်းစွာ ပြင်ဆင်လိုက်ကြသည်။


ယခုအခါ သူတို့သည် အစာရေစာ ရှားပါးလာသဖြင့် ငါးစားရန်မှတစ်ပါး အခြားဘာမျှ မရှိကြပေ။


ပင်လယ်ထဲကငါးတွေက အလွန်အရသာရှိပြီး ကျန်းကျန့် သူတို့ကို ပထမဆုံးအကြိမ် စားတုန်းက အတော်လေး ကြိုက်ခဲ့ပေမဲ့ အကြာကြီးနေပြီးနောက်မှာ...


ရေထဲမှာ ပြုတ်ထားသည့် ငါးတစ်ကောင်ပဲ ဖြစ်သည့်အချိန်တိုင်း သူ လွှင့်ပစ်ချင်လာသည်။


သို့သော် ကျူးအားလင်က အတော်ကို အဆင်ပြေသွားခဲ့သည်။


ဆားလုပ်သားများအနေဖြင့် ဟုန်ကျန်းဆားလွင်ပြင်တွင် လူတစ်ဦးစီက တစ်နေ့ဆားမည်မျှထည့်ရမည်ဟု စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး ငါးဖမ်းခွင့်ကိုလည်း ပိတ်ပင်ထားသောကြောင့် ပင်လယ်ရတနာသိုက်ကို ဖြတ်တောက်ပြီးနောက် ဆားလုပ်သားများသည် မကြာခဏ ဆားငတ်လာကြသည်။


သို့ပေမဲ့ ယခုချိန်မှာတော့ ငါးပြုတ်တွေက စားရခက်နေပေငြား ဗိုက်မဆာရ

တော့ပေ။ တစ်ယောက်စီတိုင်း ပါးစပ်ထဲကို အသဲအသန် သွပ်ထည့်လိုက်ကြသည်။


သူတို့သည် ရက်အတော်ကြာ နွမ်းနယ်နေသော သက်ကြီးရွယ်အိုများနှင့် အားနည်းသူများဖြင့် နေရာချအနားယူခဲ့ကြပြီး ယမန်နေ့ကပင် စစ်သားများနှင့် တိုက်ပွဲဖြစ်ခဲ့သည်။