Chapter 199
လူများကို ရိုက်ပစ်ခြင်း
ထိုနေ့က ကျန်းကျန့်မှကျွန်းပေါ်တွင်နေထိုင်ရန်လုပ်ပေးထားသည့်လူများမှာ ပွဲတော်ကဲ့သို့ပင် ပျော်ရွှင်နေကြသည်။
သူတို့က ထမင်းများချက်စားကြပြီး လူတစ်ယောက်စီကလည်း ပန်းကန်အကြီးကြီးနှင့်ရသည်။ထမင်းတစ်ပန်းကန်အပြည့်သယ်ပြီး တစ်ယောက်လျှင် ဝက်သားကင်ဇွန်းအပြည့်နှင့် အသားစွပ်ပြုတ်များရပေသည်။
ဝက်ကင်၏အနံ့က မွှေးကြိုင်နေပြီး အရသာလည်းရှိလှသည်။
ဝက်သားမစားဖူးသည့်သူများနှင့် အကြိမ်အနည်းငယ်သာစားဖူးသည့် တံငါသည်များနှင့်ဆားအလုပ်သမားများက ဝက်သားမှာ အရသာအရှိဆုံးအစားအစာမှန်း ခံစားမိကြသည်။ဝက်သားဟင်းနှင့်ထမင်းစားနေကြသည့် လူများက အရသာရှိလွန်း၍ မျက်ရည်များပင် မသုတ်နိုင်ကြချေ။
လေးငါးနှစ်အရွယ်ကလေးတစ်ယောက်က အသားတုံးကို တစ်ကိုက်ကိုက်လိုက်ပြီး အမေဖြစ်သူအား တမျှော်မျှော်ကြည့်လာတော့သည်။
"အမေ...သား ဒီလိုအရသာရှိတဲ့အစာမျိုး ထပ်စားလို့ရမလား"
“စား..စား..သားလေး"ကလေး၏မိခင်က ဆိုလိုက်သည်။
ကလေးက ပျော်ရွှင်သွားပြီး ပြုံးပြလာ၏။
"အဲဒါကောင်းတယ်...အမေ အဖေ့အတွက် ချန်ထားကြရအောင်..အဖေ ငါးဖမ်းပြီးလို့ပြန်လာရင် ဗိုက်အရမ်းဆာနေမှာ"
ထိုကလေးက သူ့အဖေအတွက် အသားချန်ထားရန်တွေးနေသော်ငြား ကလေးအမေက ရုတ်တရက် ငိုချလာသည်။
သူမ၏ခင်ပွန်းမှာ သေသွားပြီဖြစ်သည်။အသတ်ခံရခြင်းပင်။တစ်ခုတည်းသောကောင်းသည့်အရာက သူတို့အသက်ရှင်နေခြင်း။
ကလေးကိုချီထားရင်း ဇနီးသည်မှာ မျက်ရည်များကိုသုတ်လိုက်သည်။ယခင်က သူတို့မှာ ကြောက်လန့်ဖွယ်ခံစားခဲ့ရသော်လည်း ယခုအချိန်တွင်ဖြင့် သူမမှာ စိတ်ပြန်ငြိမ်လာသည်။
ကျူးအားလင်က ယစ်ယစ်မူးမူးနှင့် အသားစားနေသည်။
ဒါက နာမည်ကြီးလှတဲ့ ဝက်သားဆိုတာပေါ့။
“မင်းတို့တွေ အပြင်မှာ ဝက်တစ်ကောင်ကို ငွေတစ်တုံးနဲ့ဝယ်လို့ရတယ်..ဒါကြောင့် မင်းတို့အခုကစပြီး နေ့တိုင်းစားလို့ရပြီ"
ကျန်းကျန့်က သူတို့ကို တစ်ချက်ကြည့်ကာ ဆိုသည်။သူက လွန်ခဲ့သောရက်အနည်းငယ်က ကောင်းကောင်းမွန်မွန်စားသောက်ခဲ့ရ၍ အခုလေးတင် သမားရိုးကျချက်ထားသည့်ဝက်သားအား လှည့်ပင်မကြည့်ချေ။
ကျန်းကျန့်က သူ့ရှေ့တွင်ချထားသည့်အရာမှာ အဆင့်ဆင့်ချက်ပြုတ်ထားသည့် ထမင်းချက်လီ၏အိမ်ချက်ဝက်သားနှပ်ဖြစ်၍ အရသာကလည်း ကျူးအားလင်နှင့်အခြားသူများစားနေသည့်အရာထက် အဆများစွာသာလေသည်။
သူ့လက်ထဲတွင် ငွေတုံးများစွာသိမ်းမထားနိုင်ကြောင်းသိ၍ ကျူးအားလင်က ကျန်းကျန့်နှင့်ကျန့်ရီအား ငွေတုံးအများစုပေးထားလိုက်သည်။သို့သော်လည်း သူ့လက်ထဲတွင် ငွေသေတ္တာများရှိသေးလေသည်။ဤသည်က သူနှင့်သူ့လူများမှာ အသက်ကြီးသည်ထိ ဝက်သားစားနိုင်သည်ဟု ပြောနေသည်မဟုတ်ပါလား။
ဤအကြောင်းစဥ်းစားမိရင်း ကျူးအားလင်မှာ ချက်ချင်းစိတ်လှုပ်ရှားလာသည်။
“အနာဂတ်ကျရင် ကျုပ်တို့က ဘာလုပ်ပေးရအုံးမလဲ"
စိတ်လှုပ်ရှားနေသော ကျူးအားလင်ကိုကြည့်ရင်း ကျန်းကျန့်က ကျွန်းပေါ်တွင်ဆက်ရှိနေရန်လိုသေးလားဟု မေးလာသည်။သူ့တွင် ငွေများရှိနေလျှင်ပင် သုံးစရာနေရာမရှိချေ။
“ဒီတစ်ခေါက် လူတစ်ချို့ကို အရင်ပြန်ခေါ်သွားမယ်...ခင်ဗျားတို့အတွက်ကတော့ စီစဥ်ဖို့အချိန်ယူပါအုံးမယ်"ကျန်းကျန့်က ဆိုလိုက်သည်။
ကျန်းကျန့်က တစ်ပြိုင်တည်းနှင့် လူသောင်းကျော်လောက် တင်မသွားနိုင်၍ သူ့လက်နှင့်ကယ်ထားသည့် လူရာကျော်လောက်သာ ပြန်ခေါ်သွားရန်ရည်ရွယ်ထားသည်။
ထိုလူများက သူနှင့်အတူနေသည်မှာကြာပြီဖြစ်ကာ သူ့အား အလွန်ယုံကြည်လေသည်။သူတို့က နာခံမှုလည်းရှိကြ၍ ဖူချောင်သို့ခေါ်သွားပြီး ကျောက်ကျင်းကောဝယ်ထားသည့်တောင်ကုန်းပေါ်တွင် နေရာချထားပေးရန် စီစဥ်ထားသည်။
ထိုနေရာ၌ လူအင်အားနည်းနေ၍ ဤလူများသာသွားလိုက်ပါက လုံလောက်သွားမည်ဖြစ်သည်။
ကျန်းကျန့်က သင်္ဘောများစတည်းချထားပြီး ဤကျွန်းပေါ်တွင် နှစ်ရက်ခန့်နေသွားသည်။
ထိုအတောအတွင်း ကျန်းကျန့်က ကျွန်းသားများအား ဝက်ခြံဆောက်ရန် ကူပေးလိုက်ပေးကာ အစားအစာများ၊ကြက်ဘဲများကို ပင်လယ်စာများ၊ပုလဲများ၊သန္တာကျောက်တန်းများနှင့် လဲယူလေသည်။
ပင်လယ်ကုန်သည်များက ဤပစ္စည်းများအား မျက်လုံးထဲမထည့်သည့်အတွက် မူလနေထိုင်သူများ၏မျက်လုံးထဲ အဖိုးမတန်သော်ငြား ကျန်းကျန့်အတွက်ကမူ ခြင်ခြေထောက်ပင် အသားဖြစ်နေသေးသည်။
သူက ကျူးအားလင်နှင့်အခြားသူများအတွက် ဆေးဝါးများယူလာခဲ့ကာ ထိုအရာများက စျေးကြီးပြီးအကုန်အကျများသော်လည်း နည်းနည်းပိုရသည်ပင်။
ကျန်းကျန့်က လူတစ်ထောင်လောက်ခေါ်လာခဲ့သည်။အချို့က သူ ယခင်ကကယ်ခဲ့သည့်လူများဖြစ်ပြီး အချို့မှာ ဖျားနာနေ၍ ထိုကျွန်းပေါ်မနေနိုင်တော့သည့်လူများဖြစ်သည်။ထို့ကြောင့် ဤလူများမှာ သမားတော်ဟူမှ ကျန်းကျန့်အား သူနှင့်အတူခေါ်လာရန်ပြောထားသည့်သူများဖြစ်သည်။
သမားတော်ဟူက ပြင်ပဒဏ်ရာများကုသရာတွင် တော်သည့်သူဖြစ်၍ ကျန်းကျန့်၏ဒဏ်ရာချုပ်ခြင်းနည်းစနစ်ကို သိသွားပြီးချိန် သူလည်း သိက္ခာကျသည့်နှယ်ဖြစ်သွားရသည်။သေချာပေါက် သူသည်လည်း အခြားရောဂါများကို ကုသနိုင်ပါသည်။
သို့သော်ငြား သူလုံးဝမကုသနိုင်သည့် လူနာများလည်းရှိသည်။ဤနေရာရှိပတ်ဝန်းကျင်အနေအထားက ပြန်လည်သက်သာရေးအတွက် မသင့်လျော်သဖြင့် သူက ကျန်းကျန့်အား လူနာများကို ဖုချောင်သို့ခေါ်သွားခွင့်ပေးလိုက်ရသည်။
လူနာအနည်းငယ်က ဖုချောင်မရောက်မီ သေလောက်အောင်ဖျားနာနေကြ၍ အလောင်းအား ပင်လယ်ထဲပစ်လိုက်ရသည်။
သူတို့မိသားစုများကလည်း မျှော်လင့်ထားပြီးသားဖြစ်၍ လက်ခံကြလေသည်။သို့သော်လည်း ကျန်းကျန့်က ပင်လယ်ထဲအပစ်ခံလိုက်ရသည့် အလောင်းများကိုကြည့်လိုက်စဥ် စိတ်မကောင်းသည့်နှယ်ခံစားလိုကိရသည်။
သို့သော်လည်း သူကသာ မူမမှန်ဖြစ်လွန်းနေခြင်းဟု နားလည်သွားရသည်။
ယခင်က ဟုန်ကျင်းဆားသင့်မြေတွင် လူပေါင်းမရေနိုင်သေခဲ့သည်နှင့်ယှဥ်လိုက်ပါက ယခုအနည်းအကျဥ်းသေသွားသည်က အသေးအမွှားလေးသာ။
ဤနယ်တစ်ဝိုက်တွင် ဆေးဝါးအခက်အခဲများလေသည်။
ကျန်းကျန့်ကလည်း ကျောက်ကျင်းကောကလေးမမွေးမီအချိန်ကို သတိရလိုက်သည်။ထို့ပြင် ပစ္စည်းများကလည်း....ကျောက်ကျင်းကောက ကံကောင်းသွား၍သာ။နောက်သာကျသွားလျင်....။
ဤနေရာက သင်သာဂရုမစိုက်လျှင် အသက်ပါသွားမည့်နေရာဖြစ်သည်။
ကျန်းကျန့်စိတ်ထဲတစ်ခုခုရှိနေသော်လည်း ကျောက်ကျင်းကောကမူ ယခုအချိန်၌ စိတ်ကျေနပ်နေသည်။
ကျောက်လျူက ပို၍ပင် ကျေနပ်နေလေသည်။
မကြာသေးမီက သူမမှာ ချင်းယန်လမ်းကြားထဲရှိ အလေးစားထိုက်ဆုံးအမျိုးသမီးကြီးဖြစ်လာပြီး ချင်းယန်လမ်းကြားထဲရှိလူများကလည်း ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအကြောင်း သိသွားကြသည်။
ဖုချောင်ရှိမိသားစုကြီးများနှင့်စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကုန်ပစ္စည်းများပေးပို့ရန် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို လာရှာကြတော့သည်။
ဤကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှာ လွန်ခဲ့သောရက်အနည်းငယ်ကစ ကျောက်လျူ၏သားမှ ဦးစီးလေသည်။
ကျောက်လျူ၏သားက ရုပ်ရည်မချောမောသော်လည်း အလုပ်လုပ်နိုင်သည်။ကျောက်လျူဆီမှ မိုးထိကြွားခံရသော ကျန်းကျန့်က သူတို့မိသားစုနှင့်ပူးပေါင်းချင်သည်မှာ မထူးဆန်းတော့။
ချင်းယန်လမ်းကြားထဲရှိလူများက ကျောက်မိသားစုမှာ အင်အားရှိကြောင်း သေချာသိသော်လည်း ကျောက်လျူစကားများက ကြွားနေခြင်းသာဖြစ်ကြောင်း ခံစားနေရဆဲပင်။
ဘယ်လိုအလုပ်လုပ်နိုင်တဲ့အမျိုးသားမျိုးက သူ့ဇနီးကိုအရမ်းချစ်မှာလဲ။
ကျန်းကျန့်မှာ ချင်းယန်လမ်းကြားထဲရှိလူများ၏အတွေးကိုမသိကာ ဤတစ်ကြိမ်ပြန်ရောက်ပြီးသည်နှင့် မြို့ထဲထွက်သွားလေသည်။
အုတ်ဖိုများဆောက်ရန်နှင့် ကြက်ဘဲမွေးမြူရန် ကျောက်ကျင်းကောဝယ်ထားသည့်မြေက ကျယ်ဝန်းလှသည်။ကျန်းကျန့်က ဖုတ်ပြီးသားအုတ်အညံ့များကိုသုံးပြီး အိမ်ဆောက်ခိုင်းကာ သူခေါ်လာသည့်လူများကို နေထိုင်စေသည်။
ထိုအိမ်များက မူလတွင် ကြက်ခြံဘဲခြံလုပ်ရန် ဆောက်ထားခြင်းဖြစ်၍ လူမနေနိုင်သည်မျိုးမဟုတ်ချေ။
. .
“သခင်ကြီးကျန်း...သခင်ကြီးက တကယ်ကိုလူကောင်းတစ်ယောက်ပဲ"
“ဒီအိမ်ကလည်း လင်းကျင်းပြီး နေရာကောင်းတယ်"
“အိမ်ထဲမှာတောင် မီးဖိုလို့ရတယ်...ဒီလိုအိမ်ကောင်းမျိုးမှာ ပထမဆုံးနေဖူးတာပဲ"
“ဒီအိမ်ဆောက်ဖို့သုံးထားတဲ့အုတ်တွေကလည်း အရမ်းလှလိုက်တာ"
. . .
ကြက်၊ဘဲခြံများတွင်နေရမည့်သူများက အလွန်စိတ်လှုပ်ရှားနေကြသည်။သူတို့က အိမ်များအား အလွန်ကြိုက်နှစ်သက်နေကြကာ ကြက်ဘဲများအတွက် ဆောက်ထားခြင်းဖြစ်မှန်း စိတ်ပင်မကူးမိကြပေ။
ကြက်၊ဘဲခြံများ၏ကြမ်းပြင်အားလုံးက အုတ်ခင်းထား၍ အထက်တန်းကျကျဖြစ်နေကာ ကြက်ဘဲများနွေးထွေးရန်အတွက် အိမ်အလယ်ပိုင်းတွင် မီးဖိုတူးထားလေ၏။ ထို့ပြင် လူများက မီးဖိုပေါ်ချက်ပြုတ်၍ရနေ၍ သူတို့က အလွန်အဆင်ပြေသည်ဟုခံစားနေကြသည်။
ကျန်းကျန့်က ဤလူများကို နေရာချပေးလိုက်ပြီး သမားတော်အား စစ်ဆေးပေးရန်ပြောလိုက်ကာ ကျောက်ကျင်းကောအား ပစ္စည်းရွှေ့ရန်အိမ်ပြန်ခေါ်သွားလိုက်သည်။
အမှန်တွင်ဖြင့် သူဝယ်လိုက်သည့်အိမ်တော်က အပြီးအစီးဖြစ်နေပြီး အစေခံများပင် ထားပြီးလေသည်။ကျန့်ရီက သူ့မိသားစုတွင် အစေခံများများစားစားမရှိကြောင်းသိ၍ ပြင်ပေးထားခြင်းဖြစ်သည်။
“အမေ..အဲ့နေရာက ဘာမှပြတ်လပ်မနေဘူး...ဒီပစ္စည်းတွေကလည်း သုံးဖို့လိုမှာမဟုတ်လို့ ယူသွားစရာမလိုပါဘူး"ကျောက်လျူက သူမ၏ဂွမ်းကပ်များ၊စောင်များနှင့် ပရိဘောဂပစ္စည်းများပင် အိမ်အသစ်ဆီယူသွားချင်နေ၍ ကျန်းကျန့်က အမြန်တားလိုက်ရသည်။
“ဒါတွေကရော...အသစ်ပဲရှိသေးတာလေ"
ကျောက်လျူက ဆိုသည်။သူမက ဤဂွမ်းကပ်များအား လူငှားချုပ်ခိုင်းထားရ၍ မည်သို့များ မလိုချင်ဖြစ်နိုင်မည်နည်း။သူမ လက်မလွှတ်နိုင်ချေ။
“အနာဂတ်မှာ ကျန်းမင်နဲ့အခြားသူတွေက ဒီမှာနေမှာဆိုတော့ သူတို့ကိုပေးလိုက်လေ..."
ကျန်းကျန့်က ဆိုသည်။ကျောက်လျူ၏အကြိုက်က တောရွာမှအမျိုးသမီးကြီးများကဲ့သို့ဖြစ်၍ အစိမ်းနှင့်အနီကို အထူးနှစ်ခြိုက်လေသည်။
သူနှင့်ကျောက်ကျင်းကောသုံးနေသည့် ဂွမ်းကပ်က အနီရောင်ဖြစ်၍ အရောင်က အရမ်းလွင်သည်။သူက ဂွမ်းကပ်ပုံစံအား ဂရုမစိုက်သော်လည်း စျေးကြီးအဆောင်အယောင်များရှိသည့် အိမ်အသစ်ကိုသွားကြည့်ပြီးနောက် အိမ်တော်ထိန်းပြင်ပေးထားသည့် ဂွမ်းဆောင်ကပင် အထူးကောင်းမွန်လေသည်။ထို့အတွက်ကြောင့် သူက ကျောက်လျူဝယ်ထားသည့် သာမန်ဂွမ်းစောင်များယူသွားရန် မလိုတော့ပေ။
“သူတို့မှာလည်း ဂွမ်းစောင်တွေရှိတာပဲ..."ကျောက်လျူ၏လေသံက မြင့်လာ၏။
“အမေ...အိမ်အသစ်ကိုရောက်ရင် ပစ္စည်းအသစ်တွေပဲသုံးရတော့မှာ..ဒါကြောင့် စိတ်ပူစရာမလိုပါဘူး"ကျန်းကျန့်က ဆိုသည်။
ကျောက်လျူက ကျန်းကျန့်စကားနားထောင်လိုက်ပြီး ဤပစ္စည်းများယူသွားရန် လက်လျော့လိုက်ကာ လက်ဝတ်လက်စားအိတ်ကလေးသာ သယ်သွားလေသည်။ကျောက်လျူက ဂရုတစိုက်နှင့် ရထားလုံးထဲဝင်သွားလိုက်သည်။
ကျန်းကျန့်က မြို့တော်မှ မြင်းတစ်ကောင်ယူလာခဲ့သော်လည်း ကျောက်လျူက ရထားလုံးမစီးဖူး၍ အနည်းငယ်ပင် ကြောက်နေသေးသည်။သူမဝင်လိုက်သည်နှင့် သူမရှေ့မှ ရထားလုံးကိုဆွဲထားသည့်မြင်းများ ရုတ်တရက် အရိုင်းစိတ်ဝင်သွားပြီး သူမပြုတ်ကျသွားမည်ကို စိုးရိမ်နေ၏။
“ဘယ်သွားကြမလို့လဲ...ကျောက်မိသားစု"ကျောက်လျူက ရထားလုံးထဲဝင်ပြီး သက်ပြင်းချရုံရှိသေး ချင်းယန်လမ်းကြားထဲမှ အိမ်နီးချင်းတစ်ယောက်က မေးလာသည်။
အဆုံးတွင်ဖြင့် ဤရက်များအတွင်း ထိုသူတို့၏ချီးမွန်းစကားများက သူမကို သဘောကျစေနိုင်သော်လည်း ဤအိမ်နီးချင်းများ၏အပြုအမူများက သူမရင်ထဲ အဖုအထစ်ကျန်နေ၍ သူမပြောင်းတော့မည့်အကြောင်း ပြောပင်ပြောမသွားချေ။
“ကျွန်မတို့က ပြောင်းတော့မှာ....ဒီမှာ ထပ်မနေတော့ဘူးလေ"ကျောက်လျူ၏ခေါင်းက ရထားလုံးပြတင်းပေါက်မှ ပြူထွက်လာပြီး အိမ်နီးချင်းအား ပြောလာသည်။
“ရှင်တို့ ဒီမှာမနေတော့ဘူးပေါ့..ဒါဖြင့် ဘယ်မှာနေကြမလို့လဲ"ထိုအမျိုးသမီးက ကျောက်လျူ၏စကားများကြားပြီး အံ့အားသင့်သွားလေသည်။
“ဒါပေါ့...အိမ်အသစ်မှာနေတော့မလို့လေ..ဒါကြောင့် ဒီကပစ္စည်းတွေကိုတောင် အိမ်အသစ်ကို သယ်သွားမှာမဟုတ်ဘူး"ကျောက်လျူက သာမန်ကာလျှံကာ ပြောလိုက်သည်။
သို့သော်လည်း သူမက လိုက်ကာအားချလိုက်ချိန် အလွန်စိတ်ပင်ပန်းလာရသည်။
"အိုက်ယား..အိမ်ကကောင်းတဲ့ဥစ္စာ...ဘယ်လိုလုပ်ပြီး အဲ့မှာထပ်မနေရတော့တာလဲ"
ကျောက်လျူက အိမ်အသစ်ဆီမသွားမီထိ သူမ၏အိမ်ကလေးက အတော်ကောင်းသည်ဟု ခံစားရသော်လည်း အိမ်အသစ်ကိုတွေ့လိုက်ချိန်......။
.... . .
ကျန်းကျန့်က ကြီးကြီးမားမားအရာတစ်ခုလုပ်ရန် စီစဥ်ထားပြီးဖြစ်၍ အနိမ့်စားများမသုံးတော့သည့်အတွက် ကျန့်ရီ သူ့အတွက်စီစဥ်ပေးထားသည့်အိမ်တော်က အလွန်တန်ဖိုးမြင့်လေသည်။
အိမ်တော်တွင် ရောင်စဥ်တန်းများနှင့် ကျန်းနန်ဥယျာဥ်တစ်ခုပါလေသည်။မြစ်သေးသေးလေးများ၊ပန်းပင်၊သစ်ပင်များလည်း ရှိနေသည်။ နေရာတိုင်းက သူ့နေရာနှင့်သူလှပနေကာ ကျောက်လျူက လောကကြီးအား မမြင်ဖူးသော်လည်း အလွန့်အလွန်တန်ဖိုးကြီးမှန်း သိလေသည်။
ကျောက်လျူအားပိုပြီးမသက်မသာဖြစ်စေသည်က သူတို့ကိုနှုတ်ဆက်ရန်အတွက် လမ်းနှစ်ဖက်လုံး၌ တရိုတသေရပ်နေကြသည့် အစေခံများပင်ဖြစ်သည်။
သူမတွင် ကူညီလုပ်ကိုင်ရန် ထမင်းချက်လီနှင့်ရှောင်ရို့တို့ရှိကာ သူတို့နှင့်ကထူးထူးခြားခြားမရှိသော်လည်း ယခုက မတူတော့ချေ။
ကျောက်လျူနှင့်အသက်တူတူခန့်ရှိမည့် အိမ်တော်ထိန်းဦးဆောင်သည့် အစေခံအယောက်နှစ်ဆယ်သုံးဆယ်ခန့်က ကျောက်လျူအား နှုတ်ဆက်လာကြ၍ သူမမှာ မည်သို့လုပ်ရမည်မသိကြောင်တောင်တောင်ဖြစ်သွားရသည်။
ကျောက်ဖူကွေ့ကလည်း ထိုအတိုင်းဖြစ်နေသော်လည်း ကျောက်ကျင်းကောနှင့်ကျန်းကျန့်က မည်သို့မျှမဖြစ်သွားချေ။
ကျန်းကျန့်က ဤအရာများအားမြင်ဖူး၍ သူ့အတွက်က ဘာမှမဟုတ်။ကျောက်ကျင်းကောအတွက်ကမူ သူက အသားကျနေပြီဖြစ်သည်။ယင်းအတွက် သူနှင့်လုပ်ငန်းအကြာင်းပြောခဲ့ကြသည့် မျိုးရိုးမြင့်အမျိုးသမီးများကို ကျေးဇူးတင်ရပေမည်။
ထိုအမျိုးသမီးများနောက်တွင် အစေခံမလေးများ အများအပြားပါလာပြီး စိုးမိုးနိုင်လွန်း၍ ယခု အစေခံများအားမြင်သည့်အခါ အံ့သြမသွားခြင်းဖြစ်သည်။
မဟာရှုခင်းဥယျာဥ်ထဲဝင်လိုက်ချိန် ကျောက်ကျင်းကော၏အိမ်အသစ်ပေါ်အမြင်က အဘွားကြီးလျူထက်မပိုချေ။သို့သော်လည်း ကျန်းကျန့်၏နားချမှုကြောင့်သာ တဖြေးဖြေးစိတ်ငြိမ်သွားလေသည်။
အိမ်အသစ်ကိုဝင်လာပြီးနောက် ကျောက်ဖူကွေ့နှင့်ကျောက်လျူက သခင်ကြီးသခင်မကြီးများဖြစ်လာကြပြီး ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က သခင်နှင့်သခင့်ဇနီးဖြစ်လာကာ ကျောက်မင်ကျူးက အကြီးဆုံးသခင်မလေးဖြစ်လာသည်။
ထိုမျှမက တစ်ယောက်ချင်းစီတွင်လည်း အခြွေရံနှစ်ယောက်စီရှိလေသည်။
ကျောက်ဖူကွေ့နှင့်ကျန်းကျန့်တို့အား အသက်ဆယ့်ခွန်ဆယ့်ရှစ်အရွယ်ကောင်လေးများ အမှုထမ်းကြပြီး ကျောက်လျူကို အသက်ငါးဆယ်အရွယ်အမျိုးသမီးနှစ်ယောက်အမှုထမ်းလေသည်။ကျောက်ကျင်းကောကိုမူ ရှောင်ရို့နှင့်သူနှင့်ရွယ်တူကောတစ်ယောက်က အမှုထမ်းလေသည်။
အမှန်တွင်ဖြင့် လူတိုင်းက အစေခံမိန်းကလေးတစ်ယောက်ရှိသင့်သော်လည်း ကျောက်လျူက ကျောက်ဖူကွေ့ကို အစေခံမိန်းကလေးမသုံးခိုင်းသလို သူကိုယ်တိုင်ကလည်း ငြင်းဆန်နေ၍ပင်။သူမနှင့်ကျောက်ဖူကွေ့တို့နေသည့်နေရာတွင် ကောင်လေးများနှင့်အမျိုးသမီးကြီးများသာ ရှိနေ၏။
ကျောက်ကျင်းကောကလည်း ကျန်းကျန့်က အစေခံမလေးများသုံး၍ မပျော်မရွှင်ဖြစ်နေရာ ကျန်းကျန့်ရှိနေချိန်၌ အစေခံလေးများနှင့်ကောငယ်ငယ်လေးများသာ ခွင့်ပြုထားလိုက်သည်။
ကျန့်ရီပို့လိုက်သည့်အစေခံအနည်းငယ်က ဆွဲဆောင်မှုမရှိကြသော်လည်း အနည်းဆုံး ငယ်ငယ်ရွယ်ရွယ်လေးများဖြစ်၍ စားဖိုဆောင်ထဲအထားခံလိုက်ရသည်။သို့သော်လည်း ဧည့်သည်များသာရှိပါက သူတို့အား ပွဲထုတ်ပေးမည်ဖြစ်သည်။
ကျန့်ရီက အိမ်အသစ်ပြောင်းသွားသော ကျန်းကျန့်ကို ဝမ်းသာစကားလာပြောစဥ်တွင်မူ သူတို့အားလုံးကို အပြင်ထွက်ခိုင်းလိုက်သည်။
“အစေခံမိန်းကလေးတစ်ယောက်ကနေ အမှုထမ်းခံရတာ ဘယ်လိုခံစားရလဲ"ကျန့်ရီက ကျန်းကျန့်ကိုပြုံးပြရင်း အစေခံမိန်းကလေးများကိုကြည့်ကာမေးလိုက်သည်။ကျန်းကျန့်ဆိုသည့်ကောင်လေးက ယခင်က အစေခံမိန်းကလေးမထားဖူးချေ။
“သူတို့က စားဖိုဆောင်ထဲမှာ အလုပ်လုပ်ကြတာ"ကျန်းကျန့်က တည်တည်ငြိမ်ငြိမ်ဆိုလိုက်သည်။
ကျန့်ရီ:"......"
“ကျောက်ကျင်းကောက မဒမ်လျောင်ထက်တောင် ရက်စက်သေးတယ်"
ကျန့်ရီက မပြောပဲမနေနိုင်တော့။
“မဒမ်လျောင်..."ကျန်းကျန့်က ကျန့်ရီအား နားမလည်သလိုကြည့်လိုက်သည်။သူက ကျောက်ကျင်းကောမှာ သူ့အားယခင်ကကူညီဖူးသည့် မဒမ်လျောင်အကြောင်းပြောသည်ကိုကြားဖူးသော်လည်း ကျန့်ရီက ရုတ်တရက်ပြောလာခြင်းအပေါ် နားမလည်ချေ။
“ငါက တမင်သက်သက် လျောင်မိသားစုနဲ့နီးတဲ့အိမ်တော်ကို ရှာထားတာ..ဒါမှ မင်းက မဒမ်လျောင်နဲ့ပြောဆိုဆက်ဆံနိုင်တဲ့အခွင့်အရေးရှိအောင် ကျောက်ကျင်းကောကို ပြောထားလို့ရတယ်"
ခင်ဗျားဘာလို့ ကျောက်ကျင်းကောကို အဲ့အမျိုးသမီးနဲ့ ပြောဆိုဆက်ဆံစေချင်ရတာလဲ။
ကျန်းကျန့်က မေးဟန်ပြင်လိုက်စဥ် အိမ်တော်အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံကြားလိုက်ရသည်။ယင်းက အမျိုးသမီးတစ်ယောက်၏ အကူအညီတောင်းသည့်အော်သံဖြစ်နေသည်။
ထိုအမျိုးသမီး၏ဝမ်းနည်းဖွယ်အော်သံကို ကြားလိုက်စဥ် ကျန်းကျန့်က မျက်မှောင်ကြုပ်ပြီးထွက်သွားလိုက်သည်။ကျန့်ရီကလည်း သိချင်စိတ်နှင့် သူ့နောက်လိုက်လာ၏။
"အပြင်မှာ ဘာတွေဖြစ်နေတာပါလိမ့်..ဒီလမ်းမှာ ဂုဏ်သရေရှိလူတန်းစားတွေပဲနေတာပါ..တစ်ခုခုဖြစ်ရင်တောင် ဆူညံနေမှာမဟုတ်ဘူး"
ကျန့်ရီထွက်လာသည်နှင့် သူနှင့်အတူပါလာသည့်နောက်လိုက်တစ်ယောက်ကလည်း အပြင်ဘက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“အပြင်မှာ ဘာတွေဖြစ်နေတာလဲ"ကျန့်ရီက မေးလိုက်သည်။
“သခင်လေး...အဲ့တာ မဒမ်လျောင်
က လူတွေကိုရိုက်နေတာပါ"ထိုနောက်လိုက်က နောက်လှည့်ကြည့်ရင်း ချက်ချင်းဖြေလာသည်။
သူပြောပြီးသည်နှင့် လူတိုင်းက အစေခံဝတ်စုံဝတ်ထားသည့်လူတစ်စုက ငိုယိုထွက်ပြေးနေသော အမျိုးသမီးငယ်လေးအား ဝိုင်းပေးထားကြသည်ကို တွေ့လိုက်ရသည်။