Chapter 200
-မဒမ်လျောင်
ကျန်းကျန့်က သူ့ရှေ့မှ ငိုယိုနေသောအမျိုးသမီးအားကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ကာ အဖြစ်အပျက်ကို ပုံဖော်ကြည့်မိသည်။ထိုအချိန် မြင်းတစ်ကောင် ကဆုန်ပေါက်ပြေးလာသည်အား တွေ့လိုက်ရသည်။
မြင်းပေါ်တွင် အနီရောင်ဝတ်ထားသောမိန်းမလှတစ်ဦးထိုင်နေပြီး ကြာပွတ်ကိုင်ထားရင်း ငိုနေသောအမျိုးသမီးတစ်စုထံ စီးသွားလေ၏။
မြင်းက မမြင့်သော်ငြား သင်သာ ထိုမြင်းနှင့်အတိုက်ခံရပါက အသက်မသေလျှင်ပင် မသန်မစွမ်းဖြစ်သွားနိုင်သည်။
မိန်းမငယ်လေးအား ကာထားသည့် အစေခံမလေးများက စူးစူးဝါးဝါးအော်လိုက်ကြကာ ထိုအမျိုးသမီးလေး၏ခြေထောက်က ပျော့ခွေသွားလေ၏။သူမက မြေပေါ်သို့လဲကျသွားခြင်းဖြစ်သည်။
မြင်းခွာများက ထိုအမျိုးသမီးငယ်လေးအပေါ်ကျသွားမည့်ဟန် တွေ့လိုက်ရ၍ အနီဝတ်အမျိုးသမီးက ဇက်ကြိုးဆွဲပြီး မြင်းကိုရပ်လိုက်သည်။
သူမက သူမ၏မြင်းကို မနာကျင်စေလိုသော်လည်း အခြားသူများကိုဖြင့်....။
အနီဝတ်အမျိုးသမီးက လက်လွှဲလိုက်၍ လက်ထဲရှိကြာပွတ်က ထိုအမျိုးသမီးမျက်နှာပေါ် ရောက်သွားလေသည်။
“မဒမ်...မလုပ်ပါနဲ့"အစေခံမလေးတစ်ယောက်က ထိုအမျိုးသမီးရှေ့မှကာပြီး ကြာပွတ်ကိုတားလိုက်လေသည်။
ယခုက နွေဦးရောက်ပြီဖြစ်၍ ရာသီဥတုက ပူလာပြီး ထိုအမျိုးသမီးကလည်း အထပ်များများမဝတ်ထားချေ။ဤသို့အရိုက်ခံလိုက်ရချိန် သူမကိုယ်က သွေးတို့လွှမ်းသွားလေသည်။သူမလက်ကိုပွတ်သပ်သွားသည့် ကြာပွတ်အနားက လက်ပေါ်တွင်အကျည်းတန်သောဒဏ်ရာအား ချန်ထားခဲ့သည်။
အစေခံမလေးက ထိခိုက်သွားသော်လည်း ဝမ်းနည်းဟန်မပြ။အသက်ရှင်လိုစိတ်သာ ပြထားလေသည်။ကံကောင်းစွာနှင့် ကြာပွတ်က သူမအား ပြင်းပြင်းထန်ထန်မရိုက်မိချေ။မဒမ်လျောင်၏ကြာပွတ်သာ သူမကိုရိုက်မိပါက သူမသေသွားမည်ပင်စိုးလှသည်။
သို့သော်လည်း သူမက သက်သာရာရသွားသည့်သက်ပြင်းချရုံရှိသေး နောက်ထပ်အော်သံတစ်သံထွက်လာ၏။အနီဝတ်အမျိုးသမီးက လက်ထဲရှိကြာပွတ်အား ထပ်ပြီးယမ်းလာ၍ပင်။
အနီဝတ်အမျိုးသမီးက အစေခံမလေးများမှကာထားသည့် အမျိုးသမီးငယ်ထံ ရိုက်ချလိုက်၍ နောက်ထပ်အစေခံလေးတစ်ယောက်အပေါ် ကြာပွတ်ဒဏ်ကျသွားခြင်းဖြစ်သည်။
“ယင်နျန်း...ရပ်လိုက်စမ်း"
ထိုအချိန် ထောင့်နားလေးမှ နောက်ထပ်လူတစ်စုပြေးထွက်လာ၏။ရှေ့တွင်ဦးဆောင်လာသည်က မိသားစုဝင်များကဲ့သို့ဝတ်ဆင်ထားသည့်လူများဖြစ်ပြီး နောက်တွင် ကြည့်ရဆိုးပြီးပိန်ပိန်ပါးပါးမဟုတ်သည့် အသက်နှစ်ဆယ်အရွယ်ပညာသင်တစ်ယောက်က လိုက်လာသည်။အော်လိုက်သည့်သူက ထိုလူဖြစ်သည်။
ထိုပညာသင်၏အော်သံကြားလိုက်စဥ် အနီဝတ်အမျိုးသမီးက မျက်ခုံးပင့်သွားလေသည်။သူမမျက်နှာက ခက်ထန်သည့်အသွင်ပြလာကာ လက်ထဲရှိကြာပွတ်ကလည်း မြန်မြန်ရွေ့သွားလေသည်။
ထိုအမျိုးသမီးပေါ်ရိုက်ချက်က အစေခံမလေးမှကာထား၍ သူမက မထိခိုက်ပေ။သို့သော်လည်း သူမမျက်နှာအား လက်နှင့်ကာပေးထားပြီး ခန္ဓာကိုယ်နှင့်ကြာပွတ်ဒဏ်ခံပေးထားရင်း ငိုနေသည်။
"မဒမ် ကျွန်မအသက်ကိုသာယူလိုက်ပါ"
“ယင်နျန်း...ရပ်လိုက်စမ်း"ထိုလူက ထပ်အော်လာပြန်သည်။
“ရက်စက်တာလား..."အနီဝတ်အမျိုးသမီးက လှောင်ပြောလိုက်ရင်း:"ကောင်းပြီ လျောင်ချင်းဟယ်...ငါဘယ်လောက်ရက်စက်ကြောင်း နင့်ကိုပြမယ်"
ထို့နှင့် အနီဝတ်အမျိုးသမီးက လက်မြောက်လိုက်ပြီး ထိုအမျိုးသမီးအား ပြင်းပြင်းထန်ထန်ရိုက်ရန် ကြိုးစားလေသည်။
ကျန်းကျန့်က လက်လှမ်းလိုက်ပြီး အနီဝတ်အမျိုးသမီး၏လက်ကောက်ဝတ်ကို ကိုင်ကာ ခပ်ဆတ်ဆတ်ရိုက်လိုက်ရင်း လက်ထဲကကြာပွတ်ကို ဖယ်လိုက်လေသည်။တစ်ချက်တည်းနှင့် သူမလက်ထဲရှိ ကြာပွတ်ကို ဖယ်လိုက်နိုင်သည်။
“ရှင် ဘာဖြစ်ချင်တာလဲ"အနီဝတ်အမျိုးသမီးက ကျန်းကျန့်ကို စိတ်ဆိုးမာန်ဆိုး မေးလာသော်ငြား ပညာသင်ကဖြင့် ကျေးဇူးတင်သည့်အကြည့်ကြည့်လာသည်။
"ကူညီတဲ့အတွက် ကျေးဇူးပါ"
ကျန်းကျန့်က ထိုလူအား လျစ်လျူရှုလိုက်ပြီး အနီဝတ်အမျိုးသမီးကိုသာ အပြစ်တင်သည့်အနေနှင့်ကြည့်လိုက်သည်။
"မင်းရဲ့ခွန်အားနဲ့သာဆို အဲ့အမျိုးသမီးကို သတ်လိုက်နိုင်တယ်..ဒီအစေခံမလေးနဲ့ မင်းမှာ အသက်ရန်ငြိုး ရှိသွားနိုင်တယ်"
ထိုအမျိုးသမီးလက်ထဲရှိကြာပွတ်က မရိုးရှင်းပေ။သူမက အားမသုံးပဲ တမင်သက်သက် မျက်နှာကိုရှောင်ရိုက်လေသည်။သို့သော်လည်း သူမသာ အားများများသုံးလိုက်ပါက အခြားသူများကို သတ်လိုက်နိုင်သည်။
ဤတစ်ကြိမ် သူမမသေလျှင်ပင် ရောဂါကြောင့် သေသွားနိုင်သည်ပင်။
"သူတို့က အဲ့အမျိုးသမီးကို ကာကွယ်ပေးနေတာလေ...သေသင့်တယ်"အနီဝတ်အမျိုးသမီးက ကြိမ်းမောင်းလိုက်သည်။
ထိုအချိန်မှသာ ကျန်းကျန့်က အနီဝတ်အမျိုးသမီး၏သွင်ပြင်ကို ရှင်းရှင်းလင်းလင်းမြင်သွားလေသည်။သူမက နှစ်ဆယ့်ခွန်နှစ်ဆယ့်ရှစ်အရွယ်ခန့်ရှိပြီး ချွေးထွက်ကာ လက်ဝတ်လက်စားနှင့်အဝတ်အစားများက ဖရိုဖရဲဖြစ်နေသည်။သူက တစ်ယောက်ယောက်နှင့်တိုက်ခိုက်ရမည်စိုးသော်လည်း မြင်းပေါ်တွင် တုန်တုန်ယင်ယင်ထိုင်နေ၏။ဒေါသထိန်းနေရသည့်ဟန်ရှိသည်။
“ဒီအမျိုးသမီးက မင်းနဲ့ ရန်ငြိုးရန်စရှိတာလား"ကျန်းကျန့်က မေးလိုက်သည်။
အနီဝတ်အမျိုးသမီးက တောင့်ခဲသွားသော်လည်း ကျန်းကျန့်ကို မခံမရပ်နိုင်ကြည့်လာ၏။"ရှင်နဲ့ဘာဆိုင်လဲ...ရှင်က ဘယ်သူလဲ..ဘာလို့ ဆူညံဆူညံလာပြောနေရတာလဲ"
“ယင်နျန်း"ထိုအချိန် ပညာသင်က အနီဝတ်အမျိုးသမီးထံ ပြေးလာသည်။
"ယင်နျန်း မင်းက အကျိုးသင့်အကြောင်းသင့်မရှိဘူး...မင်းက လွမ်အာကို သဘောမကျရင်တောင် သူမကိုရန်လုပ်ပြီးသတ်လို့မရဘူးကွ"
အနီဝတ်အမျိုးသမီးက ယခင်က ကျန်းကျန့်ကို စိုက်ကြည့်နေသော်ငြား ယခုအချိန်တွင် သူမက ထိုလူကိုကြည့်ပြီးလှောင်ရယ်လိုက်သည်။
"လွမ်အာ...ဟုတ်လား...နင်သူ့ကို ယုယုယယခေါ်နေတယ်ပေါ့လေ"
“ယင်နျန်း...."ထိုလူက ရိုက်ချလိုက်သည်။
"ဟက်..ပြောကြတာက လျောင်မိသားစုရဲ့ပုံစံက ကောင်းမွန်ပြီး လူတစ်ယောက်ကလည်း အသက်လေးဆယ်ထိ ကလေးမရှိမှသာ ကိုယ်လုပ်တော်တစ်ယောက်ယူနိုင်တယ်တဲ့..အဓိပ္ပါယ်မရှိတာတွေ..နင်တို့လျောင်မိသားစုမှာ ဘာပုံစံမှမရှိဘူး...နင်ရယ်...သူရယ်က သူခိုးကောင်နဲ့ပြည့်တန်ဆာမပဲ..."
အနီဝတ်အမျိုးသမီးက အော်ဟစ်လိုက်သည်။
“တိတ်စမ်း..."ထိုအချိန် နောက်ထပ်အသံတစ်ခုထွက်လာသည်။ဤတစ်ကြိမ်က အသက်ငါးဆယ်အရွယ်အမျိုးသားတစ်ဦးနှင့် ငါးဆယ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး အော်လိုက်သည့်သူက အမျိုးသားပင်။
“ဝမ်...ရူးမိုက်ပြီး စကားများမနေစမ်းနဲ့ ဒီမြို့မှာ မင်းရဲ့အပေါက်ဆိုးတဲ့အကျင့်ကို မသိသူရှိရဲ့လား...မင်းလို မိန်းမမျိုးကို ချင်းဟယ်က အဆက်ဖြတ်သင့်တာကြာနေပြီ"
ထိုလူအိုကြီးက အနီဝတ်အမျိုးသမီးအား စိုက်ကြည့်နေပြီး သူ့ဘေးက အဘွားကြီးကလည်း မကျေမနပ်ကြည့်နေသည်။
ယခုအချိန်တွင် ကျန်းကျန့်က ဤလူများ၏ပုံစံအစစ်ကို သိသွားလေပြီ။
အနီဝတ်အမျိုးသမီးက မဒမ်လျောင်ဖြစ်ကာ အသက်ငါးဆယ်အရွယ်စုံတွဲက မဒမ်လျောင်၏ယောက္ခမများဖြစ်ရမည်။
“သခင်ကြီး သခင်မကြီး"အစေခံမလေးမှ ကာကွယ်ပေးထားသည့် ထိုအမျိုးသမီးငယ်က ခေါ်လာပြီး ထိုစုံတွဲထံပြေးသွားကာ လျောင်မိသားစု၏သခင်ကြီးသခင်မကြီးနောက် ပုန်းသွားလေသည်။
“လွမ်အာ...အဆင်ပြေရဲ့လား"လျောင်ချင်းဟယ်ကလည်း ထိုအမျိုးသမီးကို စိုးရိမ်တကြီးကြည့်လာသည်။
“ယောကျ်ား...ကျွန်မ အဆင်ပြေပါတယ်"ထိုအမျိုးသမီးက လျောင်ချင်းဟယ်ကို ကြည့်ပြီး ရှက်စနိုးပြန်ဖြေလာသည်။မဒမ်လျောင်က နှစ်ဆယ့်ခွန်နှစ်ဆယ့်ရှစ်အရွယ်ရှိပြီဖြစ်သော်လည်း ထိုကောင်မလေးကက ဆယ့်ခွန်ဆယ့်ရှစ်အရွယ်သာရှိသေး၍ နုနယ်လှသည်။သူမက အဆင်ပြေကြောင်းပြောသော်လည်း လျောင်ချင်းဟယ်က စိတ်ပူနေဆဲဖြစ်ကာ စစ်ဆေးကြည့်ချင်နေသည်။
မဒမ်လျောင်က ဤစကားများကြားပြီး မြင်ကွင်းကိုတွေ့လိုက်ရစဥ် မျက်လုံးထဲမီးဝင်းဝင်းတောက်သွားလေသည်။သူမက ဇက်ကြိုးကိုဆွဲပြီး သူမရှေ့ကလူများအား တိုက်ပစ်ရန်ကြိုးစားလာ၏။သို့သော်လည်း ကျန်းကျန့်က သူမမြင်း၏ဇက်ကြိုးကို ကိုင်ထားလိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ"မဒမ်လျောင်က ကျန်းကျန့်ကို မုန်းတီးမှုအပြည့်နှင့် ဒေါသတကြီးကြည့်လာ၏။
“မြင်းပေါ်က ဆင်းခဲ့"ကျန်းကျန့်က ပြောလိုက်ရင်း "နေရာတိုင်းမှာ လူတွေရှိနေတာ...မင်းသာ သတိမထားရင် အခြားသူတွေရော မင်းကိုမင်းပါ ထိခိုက်သွားလိမ့်မယ်"ဤမဒမ်လျောင်က သစ္စာဖောက်ခံရခြင်းဖြစ်နိုင်ကာ ယခုသူမက မည်သည့်အချိန်တွင်မဆို မှုတ်ထုတ်၍ရနိုင်သည့် ပေါင်ဒါမှုန့်ဗူးနှယ်ဖြစ်နေသည်။
သို့သော်လည်း ဤနေရာတွင် အပြစ်ကင်းသည့်လူများရှိနေ၍ သူမသာ ကျိုးကြောင်းမစဥ်းစားပါက ဖြစ်လာမည့်အရာအား ပြော၍မရချေ။သူမက မြင်းပေါ်မှပြုတ်ကျ၍လည်ပင်းကျိုးသွားလျှင်ပင် လျောင်မိသားစုလူများက သူမမြင်းနှင့် လူများကို ထိခိုက်စေခွင့်ပေးလိမ့်မည်မဟုတ်ကာ သေချာပေါက် တားလာမည်ဖြစ်သည်။
မဒမ်လျောင်က အလွန်ဒေါသထွက်နေ၍ ယနေ့ကြုံတွေ့ရသည့်အရာတိုင်းက အစစ်အမှန်မဟုတ်ပဲ တစ်ယောက်ယောက်က စနောက်နေသည်လားဟုပင် ခံစားရလေသည်။
မဒမ်လျောင်၏မိဘမျိုးရိုးအမည်က ဝမ်ဖြစ်ကာ ဝမ်မိသားစုက မင်းနန်စီရင်စုရှိ အကြီးဆုံးကုန်သည်ဖြစ်သည်။
သူမ၏မိဘများက သားလေးယောက်မွေးထားသော်ငြား သမီးတစ်ယောက်သာရှိ၍ သူမကို အချစ်ဆုံးဖြစ်သည်။သူမက ကလေးဘဝကတည်းက ပန်းလေးတစ်ပွင့်နှယ် လှပ၍ ငယ်ကတည်းက တောင်းရမ်းသူများရှိလေသည်။သူမအား လူတိုင်းနီးပါးက လက်ထပ်ချင်ကြလေသည်။
# Ugly Husband
CHAPTER 139.2 -မဒမ်လျောင်
သို့သော်လည်း သူမအသက်ဆယ့်ငါးဆယ့်ခြောက်အရွယ်တွင် မင်းနန်စီရင်စုသို့ ပညာသင်ရန်လာသည့် လျောင်ချင်းဟယ်ကို ပထမဆုံးအကြိမ်ချစ်မိသွားပြီး သူကလည်း သူမကို မြင်မြင်ချင်းချစ်မိသွားလေသည်။
လျောင်မိသားစုက ပိုက်ဆံအနည်းငယ်သာရှိသည့် ပညာသင်မိသားစုဖြစ်ပြီး ဝမ်မိသားစုနှင့်အလွန်ဝေးသောအရပ်တွင် နေထိုင်ကြသည်။အစောပိုင်းကာလများ၌ ဝမ်ယင်နျန်းမိဘများက သူမအား လျောင်ချင်းဟယ်နှင့်လက်မထပ်စေချင်သော်လည်း လျောင်မိသားစုမှာ အသက်လေးဆယ်ထိကလေးမရှိမှသာ ကိုယ်လုပ်တော်ယူနိုင်ကြောင်း သိသွားကြသည်။
လျောင်မိသားစုက ပိုက်ဆံမရှိသော်လည်း ကိုယ်လုပ်တော်များမရှိကြချေ....။ဒီကမ္ဘာပေါ်က ယောကျာ်းဘယ်လောက်များများ ကိုယ်လုပ်တော်မရှိပဲ နေနိုင်လို့လဲ။
ဝမ်ဖေဖေနှင့်မေမေက နောက်ဆုံးတွင် သူတို့၏တစ်ဦးတည်းသောသမီးအား လျောင်ချင်းဟယ်နှင့်လက်ထပ်ပေးလိုက်ကာ သူတို့သမီးမတရားခံရမည်စိုး၍ တင်တောင်းကြေးငွေပေးလိုက်သည်။သူမသေတ္တာ၏အောက်ခြေတွင် ငွေတုံးနှစ်သိန်းကျော်ရှိလေ၏။
ဝမ်ယင်နျန်းက မင်းနန်စီရင်စုမှ ဟယ်ရှင်းစီရင်စုသို့ လက်ထပ်ရန်လာခဲ့သည်။
သူမတို့လက်ထပ်ပြီးနေ့ရက်များက လှပမည်ဟု ထင်ထားသော်လည်း ဆန့်ကျင်ဘက်ဖြစ်နေ၏။
လျောင်ချင်းဟယ်က ဝမ်ယင်နျန်းကို လက်ထပ်ချင်သော်လည်း လျောင်အဖေနှင့်အမေက ကုန်သည်သမီးဝမ်ယင်နျန်းကို သဘောမကျပါချေ။မူလက သူတို့မှာ လျောင်ချင်းဟယ်အား အရာရှိသမီးနှင့် လက်ထပ်စေချင်၏။
သို့သော်လည်း လျောင်ချင်းဟယ်က ဝမ်ယင်နျန်းတွင် တင်တောင်းကြေးများစွာရှိကြောင်း ပြောထား၍ သူတို့က လက်ထပ်ပွဲကို သဘောတူလိုက်ခြင်းဖြစ်သည်။
သူတို့က သဘောတူလိုက်သော်လည်း ဝမ်ယင်နျန်းကို သဘောမကျလှ၍ နေရာတိုင်းအပြစ်ရှာပြီး သူမအား စိုးမိုးခွင့်မပေးထားချေ။
ဝမ်ယင်နျန်းက ပထမဆုံးအကြိမ် အမှားလုပ်မိသော်လည်း လျောင်အဖေနှင့်အမေက မကျေမနပ်ဖြစ်ကာ လျောင်ချင်းဟယ်အား ကိုယ်လုပ်တော်တစ်ယောက်စီစဥ်ပေးတော့သည်...။
ကလေးမရှိမှသာ ကိုယ်လုပ်တော်ယူနိုင်သည်မဟုတ်ပါလား။
ဝမ်ယင်နျန်းက ဒဏ်မခံနိုင်တော့၍ လျောင်အဖေနှင့်အမေအား ထိပ်တိုက်တွေ့လေ၏။
ရလဒ်အနေနှင့် ထိုအချိန်မှစ ဝမ်ယင်နျန်း၏ဂုဏ်သတင်းက ပိုပိုဆိုးဝါးလာသည်။
လျောင်မိသားစုက ပိုက်ဆံမရှိ၍ ကောင်းမွန်သည့်ဘဝတွင်နေထိုင်ရန် သူမ၏တင်တောင်းကြေးကိုသာ အားထားရလေသည်။သို့သော်လည်း သူတို့က သူမကိုစွပ်စွဲပြီး အပြင်တွင်လျှောက်ပြောကြတော့သည်။ဝမ်ယင်းနျန်က သူမရင်ထဲမကျေနပ်၍ လျောင်အဖေနှင့်အမေအား စီမံခွင့်မပေးတော့။
ဤအတွက်ကြောင့် လျောင်အဖေနှင့်အမေက သူမကို ပို၍စိတ်ပျက်လာကြကာ လျောင်ချင်းဟယ်ကလည်း သူမလုပ်သည်က လွန်သည်ဖြစ်ပြီး သားသမီးကျင့်ဝတ်နှင့်မညီဟု တွေးမိလေသည်။
ဝမ်ယင်နျန်း၏ရင်ထဲ ပိုမိုခါးသီးလာသော်ငြား သူမက အားနည်းနေ၍ လျောင်ချင်းဟယ်နှင့်သူမကြားဆက်ဆံရေးက ကောင်းလာနိုင်သည်ဟု ထင်ခဲ့မိသည်။သို့သော်လည်း သူမက လျောင်ချင်းဟယ်မှာ ပန်းပွင့်အိမ်တော်သို့ မကြာခဏသွားကြောင်း သိသွားလေရာ....။
ဝမ်ယင်နျန်းက သူမကိုယ်သူမ ထိန်းမရဖြစ်လာပြီး အဓိပ္ပါယ်မရှိသည်များ လုပ်လာပြန်သည်။
သင်သိထားရမည်မှာ...ထိုအချိန်က သူတို့လက်ထပ်ထားသည်မှာ တစ်နှစ်ပင်မပြည့်သေးပေ။
သို့သော်လည်း လျောင်ချင်းဟယ်က သူပန်းပွင့်အိမ်တော်သို့သွားခြင်းကမှားကြောင်း မတွေးမိသလို အခြားသူများကလည်း သူမကောင်းမှုပြုသည်မဟုတ်ပဲ ဝမ်းယင်နျန်းကသာ မစဥ်းစားမဆင်ခြင်ကြောင်း တွေးကြလေ၏။
ထိုအချိန်မှစ ဝမ်ယင်နျန်းနှင့်လျောင်ချင်းဟယ်ကြား ဆက်ဆံရေးက အဆင်မပြေတော့ချေ။တစ်ချိန်တည်းမှာပင် ဝမ်ယင်နျန်း၏သိက္ခာကလည်း ကျသည်ထက်ကျလာသည်။
စစချင်း၌ သူမကရှင်းပြချင်သော်ငြား လွှတ်ထားလိုက်ပြီး ဖန်ပုလင်းများပင် စခွဲလာ၏။မည်သို့ဆိုစေ သူမသိက္ခာက ကျနေပြီးသားဖြစ်၍ လျောင်ချင်းဟယ်က ပန်းပွင့်အိမ်တော်သို့ သွားရဲလျှင် သူမက လျောင်ချင်းဟယ်ကို ဖြတ်ထားနိုင်သည်ပင်။
ယခုတွင် ဝမ်ယင်နျန်းနှင့်လျောင်ချင်းဟယ်လက်ထပ်ထားသည်မှာ ဆယ်နှစ်ရှိပြီဖြစ်ပြီး လျောင်ချင်းဟယ်အပေါ်ထားရှိသော သူမ၏ချစ်ခြင်းတရားကလည်း အသေးအမွှားကိစ္စများဖြင့် ယိုယွင်းပျက်စီးသွားချေပြီ။
သူမ၏နောင်တတရားက ကလေးမရနိုင်၍ သူမ၏ဂုဏ်သတင်းအား ဆိုးဝါးစေခြင်းပင်။
လက်ထပ်ထားသည်က ဆယ်နှစ်ရှိပြီး ကလေးမရသည်က မကောင်းသော်ငြား သူမက လျောင်ချင်းဟယ်အား အခြားသူများနှင့်ရင်းနှီးခွင့်မပေးလိုက်နိုင်။သူမက သဝန်တိုပြီး အဆိပ်ပြင်းသည့် မိန်းမဖြစ်သည်။
ဝမ်ယင်နျန်း၏နှလုံးသားက ခါးသီးလာရခြင်းမှာ သမားတော်က သူမခန္ဓာကိုယ်က ကျန်းမာသည်ဟုပြောပြီး ယခုထိကလေးမရနိုင်ခြင်းအကြောင်းရင်းကို မသိ၍ဖြစ်သည်။သူမနေ့တိုင်းသောက်နေသည့်ဆေးများက အကျိုးသက်ရောက်မှုမရှိလျှင်ပင်....။
ကျောက်ကျင်းကောကို ပထမဆုံးစတွေ့သည့်အချိန်က ဝမ်ယင်နျန်းကလည်း သမားတော်သွားပြသည့်အချိန်ပင်။
ကလေးမွေးရန်အတွက် သူမခန္ဓာကိုယ်ကိုကုသရန် စောင့်နေစဥ်မှာပင် လျောင်
ချင်းဟယ်က ယနေ့၌ လုလွမ်ဆိုသည့်အမျိုးသမီးကို ခေါ်လာပြီး သူမမှာ သူ့ကလေးလွယ်ထားရ၍ သူ၏ကိုယ်လုပ်တော်အနေနှင့်ထားချင်ကြောင်း ပြောလာသည်။
ဝမ်ယင်နျန်းမှာ အံ့အားသင့်သွားရသည်။