Chapter 41
ကြယ်အလင်းတန်းများမှာ အပျော်လွန်နေကြပြီး သူတို့၏အိုင်ဒေါကိုပင် မည်သည့်အကျိုးခံစားခွင့်ပြန်ရမည်နည်းဟု မေးချင်နေကြသည်။ သို့သော်လည်း တစ်ဖက်တွင်မူ ဖန်နှစ်သန်းမျှနှင့် ဤသို့တောင်းဆိုရမည်မှာ အလွန်မိမိုက်ခြင်းမရှိဟု သူတို့ခံစားနေကြရသည်။
ဤသို့ဖြင့် မည်သည့်အရာမှမပြောပါဘဲ သူတို့အားလုံးမှာ ချီရှင်းချန်၏လူငယ်ကွန်မြူနစ်အဖွဲ့မှ ပို့စ်ကိုပြန်လည်မျှဝေခြင်းကိုသာ တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်ပြီး ထပ်မံ၍မဲပေးခြင်းများသာ လုပ်နေလိုက်ကြသည်။
ပုံမှန်အားဖြင့် ဤကဲ့သို့တရားဝင်အဖွဲ့အစည်းတစ်ခုမှ မန်းရှင်းအခေါ်ခံရသည့်အနုပညာရှင်မှာ တတ်နိုင်သမျှ မြန်မြန်ယဉ်ကျေးမှုပြသရမည်ဖြစ်သည်။ အထူးသဖြင့် အပြုသဘောဆောင်သောပြယုဂ်ဖြစ်သည့် ချီရှင်းချန်ကဲ့သို့ အိုင်ဒေါမျိုးပင်။ ချီရှင်းချန်အနေဖြင့် သူ၏တရားဝင်အဖွဲ့အစည်းနှင့်ရင်းနှီးမှုကို ပြသရန်အမြန်ဆုံးပြန်လည်မျှဝေသင့်ပေသည်။
သို့သော်လည်း တစ်နာရီမျှစောင့်ဆိုင်းပြီးနောက်တွင် ကြယ်အလင်းတန်းများ၏အိုင်ဒေါထံမှ တုတ်တုတ်မှမလှုပ်လာခဲ့ပေ။
နှစ်နာရီကြာစောင့်ဆိုင်းပြီးသည်အထိပင် သူတို့၏အိုင်ဒေါမှာ မတုံ့ပြန်လာချေ။
အချို့သောစိတ်မရှည်သည့်ဖန်များမှာမူ ဆက်လက်၍ထိုင်ကြည့်မနေနိုင်တော့သည့်အတွက် ချီရှင်းချန်၏ဝေ့ပေါ်သို့ သီးသန့်စာများ ပေးပို့လာကြသည် : [ ဒီအကောင့်ကိုသုံးနေတာ အစ်ကို့မန်နေဂျာလား အစ်ကိုကိုယ်တိုင်လာတော့မသိဘူး ဒါပေမယ့် လူငယ်ကွန်မြူနစ်အဖွဲ့က ဗီဒီယိုကိုတော့ ပြန်လည်မျှဝေပေးလိုက်ပါဦးနော်…(မကျေမနပ်အီမိုဂျီ) (မကျေမနပ်အီမိုဂျီ) ]
ကံမကောင်းစွာဖြင့် မည်သည့်တုံ့ပြန်မှုမှ မရှိနေသေးပေ။
ဖန်များမှာ ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေကြရသည်။ ကြည့်ပါဦး ပျောက်နေမိတာကိုတောင် သတိမရှိဘူး…ဘယ်လိုလုပ်ပြီး တရားဝင်အဖွဲ့အစည်းရဲ့ အကောင့်ကိုလျစ်လျုရှုရဲတာလဲလို့… မင်းကပိုင်ရဲ့ဟုတ်မနေဘူးလေ… ဟုတ်တယ်မလား…
ပူပင်နေကြစဉ်မှာပင် သူတို့အိုင်ဒေါ၏အဓိကစာမျက်နှာကို ဆယ်မိနစ်ခြားတစ်ခါဆွဲချနေကြသည်။
အဆုံး၌ ည၁၂နာရီအချိန်တွင် သူတို့အိုင်ဒေါ၏အသစ်တင်ထားသောပို့စ်ကို မြင်လိုက်ကြရလေပြီ။
၎င်းမှာတစ်ခုတင်မကဘဲ နှစ်ခုဆက်တိုက်ပင်ဖြစ်သည်။
ပထမပို့စ်မှာ လူငယ်ကွန်မြူနစ်အဖွဲ့မှပို့စ်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပြီးနောက် ဖတ်ပြီးသွားချိန်၌ ကြယ်အလင်းတန်းများ၏နှလုံးသားများမှာ သက်သာရာရသွားကြသည်။
ထို့နောက် သူတို့၏နှလုံးသားများမှာ ဒုတိယဝေ့ပေါ်ပို့စ်ရှိ ဖုန်းပြောထားသည့်အသံဖိုင်ကိုနားထောင်ပြီးချိန်၌ ထပ်မံခုန်ပေါက်လာရပြန်သည်။
၎င်းမှာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး၏ ဖုန်းပြောမှတ်တမ်းဖြစ်ပြီး အမျိုးသား၏အသံမှာ သူတို့နှင့်အလွန်ပင်ရင်းနှီးသော သူတို့အိုင်ဒေါ၏အသံပင်။
အမျိုးသမီး၏အသံမှာမူ အနည်းငယ်မရင်းမနှီးဖြစ်နေခဲ့သည်။
အသံဖိုင်ထဲတွင်
" ဘာတွေအိမ်မက်မက်နေတာလဲ… ဘာလို့များ မင်းကိုယ်မင်းအရင်ဆုံး ပြန်မကြည့်ရတာလဲနော်…"
" တကယ်လို့သာ လူသစ်တစ်ယောက်အမြင့်ကိုတက်ချင်ရင် တစ်ခုခုတော့ပြန်ပေးဖို့လိုတာပေါ့…"
" ယောင်္ကျားတစ်ယောက်အတွက် ချမ်းသာတဲ့မိန်းမအချို့ကို ပြုစုပေးရတာ အရှုံးမရှိပါဘူးဟယ်…ငါက မင်းကိုသနားလို့ နှာဘူးအဖိုးကြီးတွေဘက်ကို မပို့ပေးတာနော်…"
ကြယ်အလင်းတန်းများမှာ နားထောင်လေလေ သူတို့၏အမူအယာများမှာ ဆိုးဝါးလာလေလေ ဖြစ်နေကြကာ ဒေါသများဖြင့် လောင်မြိုက်နေရသည့်အတွက် ကီးဘုတ်ကိုပင် ရိုက်ခွဲလုမတတ်ဖြစ်နေကြရသည်။
[ ဖာ့ခ်ပဲဟေ့ ငါတို့ရှင်းရှင်းလေး ချက်ခြင်းပို့စ်ပြန်မတင်နိုင်ရသေးတဲ့အကြောင်းက သူ့မန်နေဂျာရဲ့ထိန်းချုပ်မှုအောက်ကို နေ့တိုင်းရောက်နေရလို့ပေါ့လေ..]
[ ရှင်းရှင်းကို ကြည့်ရတာ အမြဲတန်းလန်းဆန်းတောက်ပနေပေမယ့် နောက်ကွယ်မှာ ဒီလောက်တောင်ခံစားနေရမယ်လို့ ငါမထင်မိခဲ့ဘူး…သူ နေ့တိုင်းဒီလိုမကောင်းတဲ့ညစာစားပွဲတွေကနေ ရှောင်တိမ်းနေရတာ ကြိုးတန်းပေါ်လမ်းလျှောက်ရသလို ဖြစ်နေမှာနော်…အားးးး ငါသူ့ကိုအရမ်းသနားတာပဲ…]
[ ကောင်းပြီလေ နင်ကငါ့အိုင်ဒေါရဲ့အတောင်တွေကို လာချိုးမှတော့ ငါလည်းနင့်ရဲ့ကောင်းကင်ဘုံတစ်ခုလုံးထိ ဖျက်စီးပစ်ရမှာပေါ့…ဒီမန်နေဂျာက ငါတို့အိုင်ဒေါကို မကောင်းတဲ့နေရာတွေစီ အတင်းတွန်းပို့ပြီး သူရဲ့တစ်နှစ်စာကြေငြာခတွေကိုတောင် ဖြတ်စားနေခဲ့တာမလား…လာစမ်းပါဟယ် မိုးလင်းထဲအထိ တိုက်ခိုက်ကြရအောင်…]
[ အိုကေ အိုကေ အရင်ဆုံးစိတ်ခဏလျော့ကြပါဦး ကြယ်အလင်းတန်းညီအစ်ကိုမောင်နှမတို့ရေ…ဒါကငါတို့ရဲ့အကြမ်းတမ်းဆုံးတိုက်ပွဲတစ်ခုဖြစ်လာလိမ့်မယ်…လုပ်လက်စတွေချပြီး စပြီးမှတ်တမ်းယူတော့…စပြီး အချက်အလက်တွေရှာဖွေကြ… အင်တာနက်တိုက်ခိုက်မှုတွေစကြ… မန်နေဂျာမစီ ပန်းခွေတွေပို့ပေးကြဟေ့…]
[ ငါတို့အဲဒီတုမိန်းမကိုသတ်နိုင်တဲ့အထိ မရပ်ဘူးဟေ့…]
ဤသည်မှာ ယမ်းမှုန့်မပါသောတိုက်ပွဲတစ်ခုဖြစ်ပြီး မနက်မိုးမလင်းခင်အထိ အနိုင်ရသူမရှိသေးပေ။
တိုက်ပွဲ၏အဓိကလူဖြစ်သော ချီရှင်းချန်မှာမူ ခေါင်းကိုငိုက်စိုက်ချကာ ဆိုဖာအဆုံးတွင်ကုပ်ကုပ်ကလေးထိုင်နေရပြီး ချီမိသားစုနှင့်မျက်နှာခြင်းဆိုင်ရချိန်တွင် အလွန်အပြစ်ရှိသလို ခံစားနေရသည်။
ဘမ်းးးးး
ချီကျားကျစ် ကားသော့ကို ကော်ဖီတင်စားပွဲပေါ်သို့ ပစ်ချလိုက်ပြီးနောက် " အဲဒါဘယ်ခွေးမလဲ ငါသူ့ကိုအခုသွားသတ်မယ်…"
" ထိုင်နေ…" ချီယွီကျီး ချီကျားကျစ်၏အင်္ကျီစကို အလျင်အမြန်ဆွဲချလိုက်ပြီး " အလျင်မလိုစမ်းနဲ့… အခုလက်ရှိအခြေအနေအရဆိုရင် ဒီမိန်းမကပုန်းနေမှာပဲ…နင်သူ့ကိုရှာတွေ့မှာမဟုတ်ဘူး…"
" ဂရုမစိုက်ဘူး… မြေကြီးအောက်သုံးပေအနက်ထိ တူးရတူးရ သူ့ကိုလိုက်ရှာမှာပဲ…" မနက်အစောပိုင်းမှာပင် ချီကျားကျစ် ချီမိသားစုနေအိမ်သို့ အမြန်နှုန်းဖြင့် ကားမောင်းလာခဲ့ပြီး သူ၏ဆံပင်များမှာ မဖြီးမသင်ရသေးသည့်အတွက် ရှုပ်ပွနေကာ မျက်လုံးများမှာ ရန်လိုမှုများအပြည့်ဖြစ်နေသည်။
" ကောင်းပြီ.. ကျားကျစ်…" ချီကျားကျစ်မှ ဝမ်းကွဲညီငယ်ကို ကိုင်တွယ်နိုင်ပုံမရသောကြောင့် ချီယွမ်ရှောင် မျက်မှောင်ကြုတ်ကာ ပြောလိုက်ရသည်
" အရင်ဆုံးထိုင်ပြီး အဖေဘာပြောမလဲကြည့်…"
အဆုံး၌ ချီယွမ်ရှောင်မှာ အစ်ကိုအကြီးဆုံးဖြစ်နေသည့်အတွက် ချီကျားကျစ်လက်လျော့သွားကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
နောက်ဆုံးတော့ ဧည့်ခန်းအတွင်း၌ ငြိမ်သက်သွားခဲ့သည်။ အဖေချီမှာမူ နားထင်ကိုနှိပ်ကာ အခြားလက်တစ်ဖက်ကို ဆိုဖာလက်တင်ပေါ်တွင်တင်၍ သူ၏မျက်နှာမှာမူ ရေသေကဲ့သို့ မဲမှောင်နေခဲ့သည်။
" ရှင်းချန် ဘာလို့မိသားစုကို ဒီလောက်ကိစ္စကြီးကို မပြောပြခဲ့ရတာလဲ…"
ချီမိသားစုမှ အမြဲလိုပင် သူ့ကိုရှင်းရှင်းဟုသာ ခေါ်ခဲ့ကြသော်လည်း ယခုတွင်မူ အဖေချီမှ ရှင်းချန်ဟုခေါ်လာသဖြင့် သူလုံးလုံးဒေါသထွက်နေသည်ဟု သတ်မှတ်နိုင်ပေမည်။
ချီရှင်းချန်မှာ ပို၍အပြစ်ရှိသလိုခံစားသွားရပြီး အားနည်းစွာပြောလိုက်သည် " ပါး…"
အဖေချီ : "....."
" ကောင်းပြီ ဒါကိုပါးတို့နဲ့ပဲထားလိုက်တော့…" အဖေချီမှ " နောက်ကြရင် အဖေ့ကို ဒါမှမဟုတ် အစ်ကိုတွေ အစ်မတွေကို ဒီလောက်ကိစ္စအကြီးကြီးကြရင် ပြောပြရမယ်နော်…ဒီလိုထပ်မလုပ်ရတော့ဘူး…"
ချီရှင်းချန် အသံပျော့ပျော့ဖြင့် ပြန်ဖြေလိုက်သည် " ဟုတ်ကဲ့…"
ထိုအချိန်တွင် သူ၏ပေါင်ပေါ်တင်ထားသည့်ဖုန်းမှာ တုန်ခါလာပြီး အမည်မသိသောနံပါတ်ပင်။
ယမန်နေ့ည အသံဖိုင်ကိုဖွင့်ထုတ်လိုက်ပြီးနောက် တုလန်ရှင်းမှသူ့ထံရူးမလိုခေါ်ဆိုနေသည့်အတွက် ချီရှင်းချန် ဖုန်းကိုင်ရန် တု့န်ဆိုင်းနေမိသည်။ အကယ်၍သာ ကြယ်အလင်းတန်းတစ်ယောက်မှ သူမ၏ဖုန်းနံပါတ်ကို ခြေရာခံမိသွားပြီး ဆက်တိုက်ဖုန်းခေါ်ခြင်းနှင့်စာပို့ခြင်းများ မလုပ်ခဲ့ကြပါက တုလန်ရှင်းဖုန်းပိတ်ထားလိုက်ရမည်မဟုတ်ဘဲ ချီရှင်းချန်ထံဆက်ခေါ်နေလိမ့်မည်ပင်။
သို့တိုင်အောင် တုလန်ရှင်းမှ ဖုန်းနံပါတ်ကိုပြောင်းကာ သူ့ထံခေါ်ဆိုနေမြဲဖြစ်သည်။
ယခုဝင်လာသည့်နံပါတ်မှာလည်း တုလန်ရှင်း၏ဖုန်းဖြစ်နိုင်သောကြောင့် ချီရှင်းချန် ခလုတ်ကိုနှိပ်မိမလိုဖြစ်နေခဲ့သည်။
ကံမကောင်းစွာဖြင့် ချီရှင်းချန် ဖုန်းကိုချလိုက်တော့မည်ဆဲဆဲတွင် သူနှင့်အနီးဆုံးဖြစ်သည့်ချီယွမ်ရှောင်မှ ၎င်းကိုမြင်သွားကာ သူ၏အတွေးများကို ခန့်မှန်းမိလိုက်သောကြောင့် ပြောလာခဲ့သည်
" ဖုန်းကိုင်လိုက်…ငါသူ့ကိုခြေရာခံဖို့ ရှာဖွေရေးအေဂျင်စီကို လွှတ်ထားပြီးသားပဲ… သူဘာပြောမလဲကြည့်ရတာပေါ့…"
ရှောင်ထွက်ရန်လမ်းမရှိတော့သည့်အတွက် ချီရှင်းချန် ဖုန်းကိုကိုင်လိုက်ရကာ စပီကာဖွင့်၍ ကော်ဖီတင်စားပွဲပေါ်၌ ချထားလိုက်ရသည်။
ဤအကြိမ်တွင်မူ တုလန်ရှင်းမဟုတ်ဘဲ အမျိုးသားတစ်ယောက်၏ဒေါသထွက်နေသည့်အသံမှာ ထွက်ပေါ်လာသည် " ချီရှင်းချန် မင်းကအလုပ်ပြုတ်ချင်တာလား…"
ချီရှင်းချန် ကြောင်အသွားရသည်။ ဒါကဘယ်သူပါလိမ့်…
" စာချုပ်ထဲမှာရေးထားတဲ့အတိုင်း အနုပညာရှင်တစ်ယောက်ရဲ့လှုပ်ရှားမှုက ကုမ္ပဏီ၏ခွင့်ပြုချက်နဲ့ပဲဖြစ်ရမယ်လို့…မင်းက စာချုပ်ကို ပြင်းပြင်းထန်ထန်ချိုးဖောက်လိုက်တာပဲ… မနက်ဖြန်ကြရင် ငါတရားရုံးသွားပြီး မင်းကိုတရားစွဲမှာ…ရှေ့နေ့စီက စာကိုသာစောင့်နေလိုက်ချည်…"
ဖတ်… ထို့နောက် ဖုန်းကိုချသွားခဲ့သည်။
အိုး… ချီရှင်းချန် အခုတော့သိလိုက်ရပြီ.. အနှီသူမှာ နော်ရာ၏အထက်ပိုင်းလူကြီးများထဲမှ တစ်ဦးဖြစ်နိုင်ပေမည်။
အသံဖိုင်ကို ချမပြခင်ကတည်းက ချီရှင်းချန် ဖြစ်လာနိုင်မည့်အကျိုးဆက်အားလုံးကို တွေးတောထားခဲ့ပြီး သူ့အတွက်လွတ်လမ်းရှာဖွေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဖုန်းထဲမှအလုပ်ရှုပ်နေသည့်အသံကိုကြားလိုက်ရချိန်၌ သူလုံးလုံးကြောက်ရွံ့နေခြင်းမရှိပေ။
ချီရှင်းချန် ခေါင်းကိုမော့လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို အေးစက်နေသည့်မျက်လုံးများနှင့် ဆုံလိုက်ရသည့်အတွက် သူ၏တစ်ကိုယ်လုံးတုန်ယင်သွားခဲ့သည်။
" ဟမ့်… ငါနေလာတဲ့၂၈နှစ်အတွင်း ချီမိသားစုကို ဒီလေသံနဲ့ပြောတာမျိုး တစ်ခါမှမကြုံဖူးသေးဘူးပဲ…"
ချီယွမ်ရှောင်၏နှုတ်ခမ်းမှာ တွန့်ချိုးသွားပြီး သူ၏လက်ထောက်ကိုခေါ်ကာ ပြောလိုက်သည် " ငါ့အတွက် မေးလ်တစ်စောင်ရေးပြီး နော်ရာရဲ့ဥက္ကဌစီ ပို့ပေးစမ်းပါ…"
နော်ရာ၏ရှေ့နေမှ သတိပေးစာပို့ပြီးသည့်နောက်တွင် ၎င်းကို ကြိုတွေးထားပြီးဖြစ်သည့် ကြယ်အလင်းတန်းများမှာ ချီရှင်းချန်အတွက် စတင်ပူပန်လာကြသည်။
ဤကဲ့သို့ ကုမ္ပဏီ၏အငြင်းပွားဖွယ်ရာ စီမံပုံနှင့်သာဆိုပါက ချီရှင်းချန်ကိုယ်တိုင်လုပ်ခဲလှသည့်အရာမှာ လုံးဝရွေးချယ်စရာလုံးဝမရှိသည့်အချိန်မှသာ သေသည်အထိ တိုက်ခိုက်သွားရပေလိမ့်မည်။
၎င်းကိစ္စမျိုးအတွက် ဉာဏ်အကောင်းဆုံးနည်းလမ်းမှာမူ အင်တာနက်ရေတပ်များကိုအသုံးပြုကာ အတွင်းမှအချက်အလက်အချို့ပေါက်ကြားစေပြီး အိုင်ဒေါ၏အနီးအနားမှလူအချို့က တိတ်တဆိတ်သူတို့အိုင်ဒေါနာကျင်ခံစားနေကြောင်း ပြောဆိုကြမည်ဖြစ်သည်။
ထို့နောက် မန်နေဂျာ သို့မဟုတ် ကုမ္ပဏီ၏စီမံခန့်ခွဲမှုဌာနမှာ ၎င်းမှာမှန်ကန်ကြောင်းကို အတည်ပြုပေးရမည်ဖြစ်သည်။ သို့သော်လည်း ရုန်းကန်လှုပ်ရှားမှုအပြီးတွင် သူတို့၏အိုင်ဒေါမှာ မည်သို့မျှဆက်လက်သည်းမခံနိုင်တော့သဖြင့် အသံဖိုင်ကိုထုတ်၍ မန်နေဂျာကိုသာ သေသည်အထိ သံမှိုရိုက်ထားလိုက်သည်။
တိုက်ပွဲမှာ အနိုင်ရသွားခဲ့လေပြီ။ ချီရှင်းချန်မှာ လူထု၏အကောင်းမြင်သည့်နေရာတွင်ရှိသည့်အတွက် ကုမ္ပဏီဘက်မှာလည်း မည်သည့်အရာမှမလုပ်ရဲဘဲ ငြိမ်ငြိမ်လေးသာနေရပေလိမ့်မည်။ မဟုတ်ပါက သူတို့ လူထု၏ဆဲဆိုကြိမ်းမောင်းခြင်းကို ခံရနိုင်သည်။
ဤသည်မှာ ပုံမှန်အကျဆုံး ထိခိုက်မှုနည်းပါးမည့်နည်းလမ်းတစ်ခုပင်ဖြစ်ပြီး မန်နေဂျာနှင့်တိုက်ခိုက်ရန် ရွေးချယ်ခြင်းမှာ ကုမ္ပဏီ၏ဆန့်ကျင်ဘက်တွင် ရပ်သည်ဟု မှတ်ယူနိုင်ပေမည်။
အတင်းအကြပ်ဖိအားပေးခံရခြင်းကြောင့် တူကိုလွှတ်ပေးရခြင်းနှင့် ဒီအတိုင်းလွှတ်ပေးလိုက်ခြင်းတို့တွင် ကွာခြားမှုများရှိသည်။ ယခုချီရှင်းချန်၏အပြုအမူမှာမူ ကုမ္ပဏီအား လုံးလုံးပင် ဆန့်ကျင်နေခဲ့လေသည်။
ဒီလိုခေါင်းမာလို့ကော တကယ်ကြီးအဆင်ပြေနိုင်ပါ့မလား…
ကြယ်အလင်းတန်းများမှာ ပူပန်လာကြကာ သူတို့၏တာဝန်ကိုလုပ်ဆောင်နေကြစဉ်မှာပင် နော်ရာနှင့်သူတို့အိုင်ဒေါ၏လှုပ်ရှားမှုများကို အာရုံစိုက်၍စောင့်ကြည့်နေကြရသည်။
တစ်နေ့တာမှာ ကုန်လွန်သွားခဲ့သော်လည်း နော်ရာဘက်မှ မည်သည့်အရာမှမလုပ်လာခဲ့ချေ။ ဖြစ်နိုင်သည်မှာ လူထုကိုချပြမည့်အရာများအတွက် အပြင်းအထန်ဆွေးနွေးနေခြင်းသာဖြစ်နိုင်ပေမည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ကြယ်အလင်းတန်းများ၏ခန့်မှန်းချက်မှာ မှားယွင်းသွားခဲ့သည်။
နော်ရာဘက်မှ လူထုကိုထုတ်ပြန်ခြင်းမလုပ်လာရုံသာမက ကုမ္ပဏီ၏ဥက္ကဌတွင်ပင် နေရာ၌ရှိမနေချေ။ လက်ထောက်၏အဆိုအရ မနက်ခင်းတွင်ဝင်လာသည့်မေးလ်ကိုဖတ်ပြီးနောက် ဥက္ကဌ၏မျက်နှာမှာ စိမ်းရာမှမဲ၊ မဲရာမှစိမ်း၊ တစ်ဖန် စိမ်းရာမှမဲ ဤသို့ဖြင့် မဲလိုက်စိမ်းလိုက်ဖြစ်နေပြီးနောက် အတိုချုပ်ဆိုရမည်ဆိုလျှင် သူ၏မျက်နှာမှာ လုံးလုံးပင်မဲမှောင်နေခဲ့သည်။
ထို့နောက် ဥက္ကဌမှာ အပြင်သို့ထွက်သွားခဲ့ပြီး သူ၏အပေါ်ဝတ်ကုတ်အင်္ကျီကိုမေ့ကျန်ခဲ့လေသည်။
နေ့လည်နှစ်နာရီ Hမြို့၏ဆင်ခြေဖုံးရှိ ဟိုတယ်အသေးလေးတစ်ခုတွင်…
နော်ရာ၏ဥက္ကဌဖြစ်သူ ချန်နော်ရာမှာ အိပ်ရာခင်းအဟောင်းများနှင့် ဆီများဝေ့နေသည့်စားပွဲလေးကိုကြည့်၍ ရုတ်တရက်ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
တုလန်ရှင်းမှာမူ ၎င်းကိုဂရုစိုက်မနေပေ။ ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ကာ ငိုကြွေးနေခဲ့သည်
" သူ့ဖန်တွေ ဘယ်လောက်တရားလွန်လဲဆိုတာသိရဲ့လား…သူတို့က ကျွန်မတံခါးမှာသုတ်ဆေးတွေနဲ့ဖြန်းတယ်…ဓားတွေပို့တယ်… သင်္ချိုင်းကိုတောင် ကျွန်မအတွက်ပြာအိုးပို့ပေးဖို့ သွားပြောကြသေးတယ်…အဲဒီမှာ ကျွန်မရဲ့ပုံတောင်ပါသေးတာ…အခုဆိုအိမ်မှာ ဒါမှမဟုတ် မြို့ထဲမှာတောင်မနေရဲတော့ဘူး… ဒီလိုစုတ်တီးစုတ်ပျက်ဟိုတယ်မှာပဲ လာပုန်းနေရဲတော့တယ်…"
" ကောင်းပြီ ငိုမနေနဲ့တော့ ငိုနေလို့ကော ပြသနာကိုဖြေရှင်းနိုင်မှာလား…" ချန်နော်ရာမှစိတ်ရှုပ်လာသည့်အတွက် လက်ကိုပိုက်ကာ အခန်းတဝိုက်တွင် လမ်းပတ်လျှောက်နေရသည်။
ထိုစကားကိုကြားလိုက်ရချိန်၌ တုလန်ရှင်းမှာ ပို၍ပင်သည်းထန်စွာငိုကြွေးလာပြီး " ဒါရိုက်တာချန်..ရှင်ကျွန်မကိုကူပြီး ဒေါသဖြေပေးရမယ်နော်…သူ့ကိုရှေ့နေစာပို့ပြီး မလှုပ်နိုင်အောင်လုပ်ပစ်…သေချာပေါက် သူ့လက်ကျန်ဘဝတစ်ခုလုံး မျက်နှာပြင်ပေါ်မှာ မပေါ်လာနိုင်အောင်လုပ်ရမယ်… အင်တာနက်ရေတပ်တွေလည်းငှားပြီး နာမည်ဖျက်ပစ်…သူအပျက်အစီးတွေအတွက် ပြန်ပေးဆပ်ပြီးရင်တောင် ဘယ်ကုမ္ပဏီကမှ သူ့ကိုမငှားရဲအောင်လုပ်ပေးရမယ်နော်…"
ချန်နော်ရာ၏အမူအယာမှာ အကျည်းတန်သွားခဲ့သည်။ ထိုစကားကိုကြားပြီးနောက် လက်ကိုလွှဲကာ သူ၏ရှေ့တွင်ထိုင်နေသည့်မိန်းမ၏မျက်နှာကို ဖြန်းခနဲ ရိုက်ချလိုက်လေသည်။
အရိုက်ခံရခြင်းကြောင့် တုလန်ရှင်းမှာ ကြောင်အသွားရကာ သူမ၏နီရဲဖောင်းကားနေသောမျက်နှာကိုကိုင်၍ ရေရွတ်လိုက်မိသည်
" ဥ ဥက္ကဌချန် ဘာလို့ကျွန်မကိုရိုက်ရတာလဲ…"
" ရိုက်ရုံလောက်နဲ့လျော့ပေါ့ပေးထားတာပဲ တော်သေးတယ်မှတ်စမ်းပါ…" ချန်နော်ရာ သူမ၏နှာခေါင်းကို လက်ညှိုးထိုး၍ " မင်းသာ ငါ့ချစ်သူရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဟုတ်မနေရင် အခုချက်ခြင်းတောင် သတ်ပစ်တယ်…"
တုလန်ရှင်းမှာ ပို၍ပင်ကြောင်အသွားရသည် " ဘာ.. ဘာလို့လဲ.."
" အခုထိ ဘာလို့လဲဆိုတာ မေးနေသေးရဲတယ်လား… မင်းကဘယ်သူ့ကိုစော်ကားမိတယ်ဆိုတာတောင် မသိသေးဘူးပဲ…မေ့လိုက်တော့ သိဖို့လည်းမလိုတော့ဘူး…အခုချက်ခြင်း ဝေ့ပေါ်ကိုတက်ပြီး ချီရှင်းချန်ကိုသာ တောင်းပန်လိုက်စမ်းပါ…"
" ဘာလို့သူ့ကိုတောင်းပန်ရမှာလဲ…"
ဖြန်း…. ချန်နော်ရာ တုလန်ရှင်းကို ထပ်ရိုက်လိုက်ပြန်သည်။
" ဘာဖြစ်လို့လဲဆိုတော့ မင်းကအမှားလုပ်ထားလို့ပေါ့…မင်းက အနုပညာရှင်တစ်ယောက်ကို မကောင်းတဲ့ပါတီကိုခေါ်သွားတယ်…တက်သစ်စအနုပညာရှင်တွေရဲ့ အနုပညာကြေးတွေကို ဖြတ်စားတယ်…ပြီးတော့.. ပြီးတော့…"
ချန်နော်ရာမှာ အလွန်စိတ်တိုနေရသည့်အတွက် လက်များပင် တုန်ယင်နေခဲ့သည်
" ငါမင်းကိုထပ်မပြောချင်တော့ဘူး… မနက်ဖြန်ကြရင် မင်းကိုတာဝန်ပျက်ကွက်မှုရယ် တရားမဝင်ပြည့်တန်ဆာလုပ်ခိုင်းတာရယ် မလျော်ကန်တဲ့နည်းနဲ့အကျိုးအမြတ်ယူတာရယ်အတွက် တရားစွဲမှာ..မင်းဘာသာမင်းပဲ ကြည့်လုပ်လိုက်တော့…"
ချီရှင်းချန်ထံရှေ့နေစာပေးပို့ခြင်းနှင့် သူမကိုယ်တိုင်လက်ခံရခြ
င်းတို့၏ကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းသောကြောင့် တုလန်ရှင်းမယုံအောင်ဖြစ်နေရသည်။ ထို့ကြောင့် သူမ၏မျက်နှာကိုအုပ်ကိုင်ကာ သတိလက်လွတ်ရပ်နေမိပြီး စကားတစ်လုံးမှပြန်မပြောနိုင်ခဲ့ပေ။