အပိုင်း ၄၂
Viewers 28k

Chapter 42




ရှော့ရနေမှုမှ သတိပြန်ဝင်လာချိန်တွင် သေးငယ်သည့်ဟိုတယ်ခန်းငယ်ထဲ၌ ခြေရာများသာကျန်ရစ်ခဲ့ကာ ဖုန်များမှာမူ မပျောက်သွားဘဲ ရှိနေသေးသည်။


လာမည့်ညသည်လည်း အိပ်မပျော်နိုင်မည့် ညတစ်ညပင်။


ကုမ္ပဏီစီမံခန့်ခွဲမှုဌာန၏လွန်ကဲသောစာချုပ်နှင့်ယှဉ်လျှင် ပရိသတ်များမှာ အနုပညာရှင်များကို ငွေကြေးချမ်းသာသူများအိပ်ရာပေါ်တက်ခိုင်းသည့် မန်နေဂျာ၏ အပြုအမူကို ပို၍ရွံရှာကြပြီး ကြယ်အလင်းတန်းများသာမက အခြားသောကြယ်ပွင့်များ၏ဖန်များသည်ပင် တစ်ထပ်တည်းခံစားကြရသည့်အတွက် ကူညီ၍ပြန်လည်မျှဝေပေးကြသည်။


သူတို့ထဲမှအများစုမှာ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်တွင်ပါဝင်သော ကြယ်ပွင့်များ၏ဖန်များဖြစ်ကြပြီး လမ်းကြောင်းမှဖောက်ထွက်ကာ ချီရှင်းချန်ကို ထောက်ခံခဲ့သည့်ဧည့်သည်များလည်းရှိနေသေးသည်။


လျိုကျီယု : [ @ချီရှင်းချန် ငါ့မောင်လေးက အများကြီးခံစားခဲ့ရတာပဲ…ကျဲကျဲ မင်းကိုထောက်ခံနေမယ်နော်…]


ကြယ်အလင်းတန်းများ : [ ကျေးဇူးပါ ကျီယုကျဲကျဲ…]


ဖြတ်သွားဖြတ်လာ : [ ဒီဟာမလေးကတော့ နာမည်ကြီးအောင်လုပ်နေပြန်ပြီ…ရွံဖို့ကောင်းလိုက်တာ… အနုပညာနယ်ပယ်ထဲကသာ ထွက်သွားစမ်းပါဟယ်…]


လျိုကျီယု : "....."


သူမ မတရားခံရပြန်ပြီ။


ချီရှင်းချန် ယခုအချိန်မှာ လူများကိုအလွယ်တကူစော်ကားမိနိုင်သည့်အတွက် ဘက်လိုက်ခြင်းမှာ အတုံးအဆုံးနည်းလမ်းဖြစ်ကြောင်းကို သိနေခဲ့သည်။


ဤသို့ဖြင့် ရသစုံရှိုးမှအခြားဧည့်သည်များမှာ သူ့ကိုသီးသန့်စာပို့၍သာ အားပေးခဲ့ကြပြီး ဝေ့ပေါ်တွင် မတင်ခဲ့ကြပေ။


ချီရှင်းချန်မှာမူ သူ့ကိုဝိုင်းမပယ်ကြသည့်အတွက် အလွန်ကျေးဇူးတင်နေမိပြီး တစ်ဦးချင်းစီကို လိုက်လံကျေးဇူးတင်စကားဆိုလိုက်မိသည်။


လျိုကျီယု၏အလှည့်တွင်မူ ချီရှင်းချန် သူမကိုတိုက်ရိုက်သာဖုန်းခေါ်၍ပြောလိုက်သည် " ကျီယုကျဲ ကျေးဇူးပါနော်… ဒါပေမယ့် အခုတော့ ဝေ့ပေါ်ကပို့စ်ကို ဖျက်ချိန်တန်ပြီ… အစ်မ ကျွန်တော့်ကိုလန့်သေအောင်လုပ်နေတာပဲ…"


" ငါနင့်ကိုမခြောက်မိပါဘူးဟယ်…ဘာခြောက်မိလို့လဲ.." လျိုကျီယုမှပြုံးလျက် " ငါကဝေဖန်ခံရတာနဲ့အသားကျနေပြီဆိုတော့ ပြသနာမရှိပါဘူး… ပြီးတော့ ငါ့မှာငါဘာလုပ်လုပ်ထောက်ခံမဲ့ဖန်တွေလည်း အများကြီးရှိတဲ့ဟာကို…ဒါကြောင့် ငါကူလို့ရသမျှ နင့်ကိုကူပေးလို့ရတယ်… ကူလို့မရတဲ့ဟာကြမှ နင်ငါ့ကိုအပြစ်မတင်ရဘူးနော်…"


" ဘာလို့အပြစ်တင်ရမှာလဲဗျာ…အစ်မက အရမ်းကောင်းနေပေးပြီးပါပြီ…"


" ဟေးဟေး ရပ်တော့ ရပ်ရပ်…" လျိုကျီယု သူ့ကိုကြားဖြတ်ပြောလိုက်သည်


 " ပေါက်ကရတွေမပြောနဲ့တော့…အခုကော ရှေ့နေလိုသေးလား…ငါ့ရှေ့နေ့ကို နင့်စီလွှတ်လိုက်မယ်လေ… ရှေ့နေ့ခလည်း ငါပေးလိုက်မယ်…"


ချီရှင်းချန် အိမ်တွင်ရှိစဥ် ရှေ့နေ

တစ်ဦးရှာပြီးပြီဖြစ်သည့်အတွက် မလိုကြောင်းပြောလိုက်သဖြင့် လျိုကျီယုမှ ဆက်ပြောလာသည်


 " ဒါဆိုလည်း လိုတာရှိရင် ဖုန်းခေါ်လိုက်နော်…အခုတော့ညစာစားပွဲမတက်ခင် မိတ်ကပ်လိမ်းရမှာမလို့ နင်နဲ့ဖုန်းဆက်မပြောနိုင်တော့ဘူး…နောက်မှဆုံကြမယ်…"


ထိုသို့ပြောကာ လျိုကျီယုဘက်မှ ဖုန်းချသွားခဲ့သည်။ ချီရှင်းချန်လည်း မနေနိုင်ဘဲ ပြုံးမိသွားကာ ခဏအကြာတွင် အိပ်မောကျသွားခဲ့သည်။


ချီရှင်းချန်မှာ အလွန်ပျော်ရွှင်စွာ အိပ်မောကျနေခဲ့သော်လည်း တုလန်ရှင်းမှာမူ မအိပ်နိုင်ခဲ့ပေ။ အရိုက်ခံရခြင်းမှ လျော့ရပြီးနောက် သူမစိတ်ကိုလျော့ကာ ချန်နော်ရာ၏သူမကိုတရားစွဲနိုင်ခြေများအား လေ့လာသုံးသပ်နေသည်။


ပထမဆုံးအနေဖြင့် တာဝန်ပျက်ကွက်ခြင်းမှာ စီရင်ချက်ချနိုင်သည့်အရာမဟုတ်သည့်အတွက် သူမအတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ပေ။


ဒုတိယအနေဖြင့် နော်ရာမှအနုပညာရှင်များကို ညအိပ်ဖော်အဖြစ်ပေးပို့ခြင်းဆိုသည်မှာလည်း ရောင်းသူကော‌ ဝယ်သူပါ သက်သေပြနိုင်မည်မဟုတ်ပေ။ အကယ်၍သာ သူတို့သက်သေလိုက်ပေးခဲ့ပါက သူမသာမက သူတို့၏နာမည်သည်လည်း လုံးလုံးပျက်သုန်းသွားရပေလိမ့်မည်။


တတိယအနေဖြင့် သူမ အနုပညာကြေးများကို တရားမဝင်ဖြတ်စားထားတာတွေအတွက် သက်သေမရှိချေ။ ယခုရက်ပိုင်းတွင် သူမချီရှင်းချန်ကို အခွင့်ကောင်းမယူခဲ့သလို ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ အနုပညာကြေးများကိုပင် မရရှိသေးပေ။


ကြည့်ရသည်မှာ မိုးကြိုးမှာကြီးသော်လည်း မိုးကတော့သေးမည်ပုံပင်။ မုန်တိုင်းပြီးသွားချိန်၌ သူမ သူရဲကောင်းတစ်ယောက် ပြန်ဖြစ်နိုင်သေးသည်။


တုလန်ရှင်း ဖုန်းကိုကိုင်ကာ အင်တာနက်ပေါ်မှ သတင်းများကိုသာ အာရုံစိုက်လိုက်သည်။


အသံဖိုင်တင်ပြီး နှစ်ဆယ့်လေးနာရီအကြာတွင် မိန်းကလေးတစ်ဦးမှ ရုတ်တရက်ဆိုသလို မီဒီယာပလက်ဖောင်းပေါ်တွင် ဆင်ဆာဖြတ်ထားသော ဗီဒီယိုတစ်ခုကိုတင်ကာ သူမသည် တုလန်ရှင်း၏လက်အောက်မှအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ထိုမကောင်းသည့်ညစာစားပွဲသို့ ဖိအားပေးတက်ရောက်ရန်စေခိုင်းခံရကြောင်း တ‌ရားရုံးတွင်သက်သေခံမည်ဟု ပြောလာခဲ့သည်။


ထို့နောက် ငါးမိနစ်ပင်မကြာလိုက်ချေ။ ထိုကဲ့သို့ တူညီသည့်ဗီဒီယိုနောက်တစ်ခုမှာလည်း ပလက်ဖောင်းပေါ်တွင် ပေါ်ထွက်လာပြန်သည်။


တတိယ… စတုတ္ထ.. စသည်ဖြင့် ပထမဆုံးဗီဒီယိုထွက်ပေါ်ပြီးနောက်တွင် အလားတူဗီဒီယိုများမှာ မီဒီယာပေါ်တွင် ဆက်တိုက်ဆိုသလိုပေါ်ထွက်လာခဲ့သည်။


အဆုံး၌ သက်သေရှစ်ယောက်ထွက်ပေါ်လာခဲ့သည်။


တုလန်ရှင်းမှာ မေ့လဲတော့မလိုပင်။


ချန်နော်ရာ၏ဘက်တွင်လည်း ကောင်းမွန်မနေချေ။ ကုမ္ပဏီ၏PRအဖွဲ့မှ လူထုထုတ်ပြန်ချက်မထုတ်ခင် ဤကဲ့သို့သေရေးရှင်ရေးအခြေအနေမျိုးတွင် သက်သေများပေါ်ထွက်လာခြင်းမှာ ကုမ္ပဏီ၏ပုံရိပ်ကို ပြင်းထန်စွာထိခိုက်စေပြီး ရှယ်ယာထည့်ထားသည့် နော်ရာ၏ရှယ်ယာရှင်များကို များစွာပူပန်သွားစေခဲ့သည်။


မနက်ကိုးနာရီအချိန် ရှန်ဟိုင်းဈေးကွက်မစတင်ခင်မှာပင် နော်ရာအင်တာတိန်းမန့်၏ရောင်းချမှု ၃၅၀၀၀၀မှာ တိုက်ရိုက်ပင် ပုံမှန်ရောင်းချမှုစာရင်းအောက်သို့ ကျဆင်းသွားရသည်။


ဈေးကွက်တရားဝင်ဖွင့်ချိန်တွင်မူ မနက်ကိုးနာရီခွဲနေပြီဖြစ်ကာ ရှယ်ယာရှင်များ၏ပူပင်မှုမှာ အဆုံးစွန်ထိရောက်ရှိသွားပြီး ကမန်းတန်းရောင်းချမှုများကြောင့် နော်ရာအတွက် ရိုက်ချက်အကြီးကြီးဖြစ်သွားခဲ့လေသည်။


ထိုအချိန်အတွင်း ကြယ်ပိုင်ဆိုင်မှုစီမံခန့်ခွဲဌာနဟူသည့်အဖွဲ့အစည်းတစ်ခုမှ နော်ရာ၏ရှယ်ယာများကို ဈေးနည်းနည်းသာပေးကာ ဝယ်ယူနေခဲ့သည်။


ချန်နော်ရာ စုံစမ်းစစ်ဆေးပြီးနောက် ထိုအဖွဲ့အစည်း၏တရားဝင်ပိုင်ဆိုင်သူမှာ ချီအဖွဲ့ဖြစ်နေသည်ကို သိလိုက်ရသည်။ ပူဖောင်းအကြီးကြီးသုံးခုမှာ သူ၏ပါးစပ်ထဲမှထွက်ပေါ်လာကာ ချက်ချင်းဆိုသလို PRအဖွဲ့ကိုခေါ်၍ ချီရှင်းချန်အပေါ်တောင်းပန်စာထုတ်ပြန်ပေးရန် ပြောလိုက်ရတော့သည်။


နေ့လည် ဆယ့်နှစ်နာရီအချိန်တွင် ထိပ်တန်းဝေ့ပေါ်ပိုင်ရှင်တစ်ဦးမှ ပို့စ်တင်လာခဲ့သည်။


ပိုင် : ချီရှင်းချန် ကံကောင်းပါစေ


ဈေးကွက်ပြန်မဖွင့်ခင် နေ့လည်တစ်နာရီအချိန်မှာပင် နော်ရာအင်တာတိန်းမန့်မှ တောင်းပန်စာတစ်စောင်ထုတ်ပြန်လာခဲ့သည်။


နှစ်ရက်တိုင်တိုင်စိုးရိမ်ပူပန်ခဲ့ရသောကြယ်အလင်းတန်းများ : အိုးးး ဝေါင်းး နောက်ဆုံးတော့ ငါတို့အိုင်ဒေါက ထိပ်တိုက်ရင်ဆိုင်မှုမှာ အနိုင်ရသွားတာပဲ…ဘယ်လိုတောင် ဖြစ်ရပ်ဆန်းလဲ…


အကယ်၍သာ သင်ယခုအချိန်တွင် ကြယ်အလင်းတန်းတစ်ယောက်ကို ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး မေးကြည့်လိုက်ပါက စကားတစ်လုံးသာ ထွက်လာပေလိမ့်မည်။


" သောက်ရမ်းမိုက်တယ်….."


လွန်ခဲ့သောနှစ်လ ချီရှင်းချန်ကူးပြောင်းလာစဉ်ကတည်းက ချီယွမ်ရှောင်တွင် နော်ရာ၏ရှယ်ယာများကိုဝယ်ယူထားရန် အကြံရှိနေခဲ့ခြင်းဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ နော်ရာတွင် ပိုင်ရဲ့ကဲ့သို့ ထိပ်တန်းကြယ်ပွင့်ကြီးတစ်ယောက်ရှိနေသည့်အတွက် ရှယ်ယာရှင်အသေးအမွှားများသာ သူတို့၏ရှယ်ယာကိုရောင်းချလိုစိတ်ရှိပြီး အကြီးစားရှယ်ယာရှင်များမှာမူ အကြိမ်အနည်းငယ်ခန့်မျှဆွေးနွေးပြီးသည်နှင့် ထိုအကြောင်းပြောရန် ရှောင်ရှားခဲ့ကြသည်။


ဤအချိန်တွင်မူ ချီယွမ်ရှောင်အတွက် အခွင့်အရေးရောက်လာခဲ့ပြီဖြစ်သည်။


ပရိသတ်များအပေါ်တွင်သာ မှီခိုနေရသော အင်တာတိန်းမန့်ကုမ္ပဏီတစ်ခုအနေဖြင့် ၎င်း၏ပုံရိပ်မှာ ကြီးမားသောသက်ရောက်မှုရှိပြီး ဤအဖြစ်အပျက်အပြီးတွင် နော်ရာ၏ရှယ်ယာဈေးကွက်မှာ ဆက်လက်ကျဆင်းနေဦးမည်ပင်။


ပြန်လည်မြင့်တက်လာရန်မှာမူ ချီယွမ်ရှောင်၏အတွေးအပေါ်တွင်သာ မူတည်နေလိမ့်မည်။ ယခုအချိန်၌ ကြယ်ပိုင်ဆိုင်မှုစီမံခန့်ခွဲဌာန၏လက်ထဲတွင် ရှယ်ယာ၃၅%ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ကာ နောက်ထပ်အဓိကရှယ်ယာရှင်နှစ်ဦးကို ဖြုတ်ချနိုင်ရုံဖြင့် သူတို့နော်ရာ၏အမှန်တကယ်အုပ်ချုပ်သူကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ ထို့နောက် ရှယ်ယာများကို ဤနာမည်နှင့်လိုက်မည့်သူကို လက်ဆောင်အဖြစ် ပေးနိုင်လိမ့်မည်ပင်။


အချိန်အတော်ကြာတည်ရှိနေရမည့်စစ်ပွဲမှာ တိတ်တဆိတ်နှင့် လျင်မြန်စွာပြီးဆုံးသွားခဲ့သည်။ နော်ရာဘက်မှလည်း တောင်းပန်စာတစ်ခု ထုတ်ပြန်ပေးခဲ့ပြီး စာထဲတွင်ရေးထားသည်မှာ : [ ကျွန်တော်တို့ဘက်မှ ယခင်အမှုထမ်းဟောင်းတုလန်ရှင်းကို တရားစွဲဆိုသွားမည်ဖြစ်ပြီး လူကြီးမင်းချီရှင်းချန်အတွက် တာဝန်ရှိသောအေးဂျင့်ကို ပြောင်းလဲပေးမည်ဖြစ်ကာ ငွေကြေးအရနစ်နာမှုများကိုလည်း ပြန်လည်ပေးချေမည်ဖြစ်သည်။ လူကြီးမင်းချီရှင်းချန်နှင့် လူထုမှကျွန်တော်တို့ဘက်ကို ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည် ]


ထုတ်ပြန်စာမှာ အလွန်ရိုးသားလှသည်။ သို့တိုင်အောင် အောင်မြင်မှုအသီးအပွင့်ကို ယခုမှခံစားဖူးသောကြယ်အလင်းတန်းများမှာမူ ယခုထိအလျော့မပေးကြသေးချေ။ ငါတို့အိုင်ဒေါသည်သာ ဂုဏ်ယူစရာအကောင်းဆုံးဟူသောဆောင်ပုဒ်ကိုချိတ်ဆွဲလျက် အနည်းငယ်ဆက်လက်ကြိမ်းမောင်းကြပြီးနောက် မျက်လုံးများကိုပိတ်ကာ အိပ်စက်အနားယူလိုက်ကြသည်။


ချီယွမ်ရှောင်၏အကူအညီဖြင့် ချီရှင်းချန်မှာမူ အရှုပ်အထွေးများ၏အလယ်တွင် သက်တောင့်သက်သာနေခဲ့ရသည်။


အစပိုင်းတွင် လျော်ကြေးများအတွက် အဖေချီမှပေးထားသည့်ခရီးစရိတ်ကို အသုံးပြုမည်ဟု စီစဉ်ထားကာ စာချုပ်ဖျက်ပြီးနောက် ကိုယ်ပိုင်စတူဒီယိုထောင်၍ အခြားကုမ္ပဏီများကိုလိုက်ရှာရမည့် အရှက်ရမှုများကို ရှောင်ရှားမည်ဟု ဆုံးဖြတ်ထားခြင်းပင်ဖြစ်သည်။


ယခုတွင်မူ ချီယွမ်ရှောင်မှ သူ့အတွက်အလုံးစုံစီစဉ်ပေးထားခဲ့ပြီဖြစ်ရာ ချီရှင်းချန် အနောက်ဖေးခြံဝန်းတွင် အေးအေးလူလူဖြင့် လက်ဖက်ရည်သောက်ရင်း ဝေ့ပေါ်သုံးနေခဲ့သည်။


ယခုတစ်ကြိမ်၏အဓိကကူညီသူမှာ ချီယွမ်ရှောင်ဖြစ်သော်လည်း ကြယ်အလင်းတန်းများ၏အကူအညီမပါဘဲ နော်ရာမှာ ဤမျှကိုင်တွယ်ရန်လွယ်ကူခဲ့မည်မဟုတ်ပေ။


ထို့ကြောင့် သူ၏ပရိသတ်များကို နှစ်သိမ့်ပေးရန်အတွက် ချီရှင်းချန် လက်ဖက်ရည်ကြမ်းခွက်နှင့် ဇာတ်ညွှန်းစာအုပ်တို့ကို ဓာတ်ပုံရိုက်ကာတင်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူဇာတ်ကားတစ်ခုတွင် ပါဝင်သရုပ်ဆောင်တော့မည်ဟု ကြေငြာခြင်းလည်းဖြစ်သည်။


ပုံတင်ပြီးနောက် ချီရှင်းချန် hashtag များအကြားတွင် အချိန်ခဏမျှလှည့်ပတ်ရှာဖွေကြည့်ရာ ပိုင်ရဲ့သည်လည်း လျိုကျီယုကဲ့သို့ မိုက်မဲသောကိစ္စကို လုပ်ထားသည်အားမြင်လိုက်ရသည်။


" ည၏မက်မွန်ကိုရေးတုန်းက စာရေးသူကများ ဇာတ်ကောင်ကို သေချာမပြင်ဆင်ခဲ့တာများလား… ဘာလို့ အဓိကဇာတ်လိုက်ကိုဒီလောက်တုံးအအောင်ရေးခဲ့ရတာလဲ…ဒီအတိုင်းတွေ့ရာလွှဲရိုက်နေရင်းနဲ့ လူတွေကိုစော်ကားမိမှာ မကြောက်ဘူးလားနော်…. "


ချီရှင်းချန် နေကိုကျောပေး၍ ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ အဖွဲ့လိုက်စကားဝိုင်းရှိရာဝီချက်သို့ ပြောင်းလိုက်သည်။


သူ၏ပုံများနှင့်ပတ်သက်၍ ပိုင်ရဲ့၏ထင်မြင်ယူဆချက်များတော့ မရှိသေးပေ။


သို့သော်လည်း စိတ်ကိုတည်ငြိမ်အောင်ထားရန်မှာ ခက်ခဲလှသည်။


ချီရှင်းချန် ပိုင်ရဲ့၏ပရိုဖိုင်ကိုဖွင့်ကာ သူ၏ပုံကိုZoomဆွဲကြည့်လိုက်ကာ အကြိမ်အနည်းငယ်မျှ ပွတ်ကြည့်လိုက်ပြီးနောက် သတ္တိမွေး‌၍ စာပို့လိုက်သည် : [ ကျွန်တော့်ကို အားပေးထားတာအတွက် ကျေးဇူးပါနော်… အရှုပ်အထွေးတွေနဲ့ အခုမှမြင်လိုက်ရလို့ပါ..]


ဤတစ်ကြိမ်တွင်မူ ပိုင်ရဲ့မှ လျင်မြန်စွာစာပြန်လာသည် : [ လုပ်သင့်တာပဲဟာ ရပါတယ်… ကိစ္စတွေကိုကော ဖြေရှင်းပြီးပြီလား…]


လူကြီးများ၏ကမ္ဘာတွင် လုပ်သင့်သည် မလုပ်သင့်သည်ဟူ၍ မရှိချေ။ ကူညီပေးခြင်းမှာ စိတ်ဆန္ဒအတိုင်းဖြစ်ပြီး မကူညီခြင်းမှာမူ တာဝန်အရပင်ဖြစ်ပေမည်။


မည်သို့ပင်ဆိုစေကာမူ ချီရှင်းချန် ပိုင်ရဲ့၏ကြင်နာမှုကို သူ၏မှတ်စုစာအုပ်အသေးလေး‌တွင် ရေးမှတ်ထားခဲ့သည်။


ရှင်းရှင်း : [ ပြီးလုပြီးခင်ဖြစ်နေပါပြီ… စီနီယာကော ဝါရှင်တန်က ရိုက်ကူးရေးပြီးပြီလား ]


ပိုင် : [ မနက်ဖြန်မနက်ကြရင် Hမြို့မှာ လေယာဉ်ဆိုက်မယ် ]


ရှင်းရှင်း : [ ဒါဆိုမနက်ဖြန်အားလားဟင်… ]


သူသာအားခဲ့ရင် ထမင်းတစ်နပ်တော့ ဖိတ်ကျွေးရမယ်… ချီရှင်းချန် တွေးနေမိသည်။


ပိုင်ရဲ့မှပြန်မေးလာသည် : [ ဘာလဲ လေဆိပ်မှာလာကြိုချင်လို့လား…]


လက်ဖက်ရည်သောက်နေသည့် ချီရှင်းချန်၏လက်မှာ တန့်သွားခဲ့ရသည်။ တစ်ဖက်လူမှာ… အထင်လွဲသွားလေပြီ…


အကယ်၍သာ သူအခြားရှုထောင့်မှတွေး၍ ပရိသတ်တစ်ယောက်အဖြစ်နေလျှင်ပင် ပိုင်ရဲ့ဤကဲ့သို့စဉ်းစားသည်မှာ ပုံမှန်အတိုင်းသာဖြစ်သည်။


ကြည့်ရသည်မှာ အကြံကောင်းဖြစ်ပေမည်… ချီရှင်းချန်တွေးလိုက်မိသည်။ အကယ်၍သာ သူပိုင်ရဲ့ကိုလေဆိပ်တွင်သွားကြိုပြီး စားသောက်ဆိုင်သို့ ခေါ်သွားခြင်းမှာ ဖြစ်နိုင်သည့်အရာမဟုတ်နေဘူးလော…


ရှင်းရှင်း : [ ကောင်းပါပြီ ကျွန်တော် လေဆိပ်မှာလာကြိုပါ့မယ်… ဒါဆိုကျေးဇူးပြုပြီး လေယာဉ်နံပါတ်လေး ပို့ပေးပါဦး..]


ပိုင်ရဲ့ : "...."


ဤတစ်ကြိမ်မူ ပိုင်ရဲ့ဆွံ့အသွားရသည်။


သူသည် သူ၏ဖန်ကလေးထက် အသက်သုံးနှစ်မျှပိုကြီးသည့်အတွက် ချီရှင်းချန် ပြောလာချိန်တွင် တစ်ဖက်သူမှသူ့ကိုကျေးဇူးပြန်ဆပ်ချင်ပုံ‌ရနေကြောင်းကို ပိုင်ရဲ့ခန့်မှန်းမိလိုက်သည်။


ချီရှင်းချန်ကိုအားပေးရန် စကားအနည်းငယ်သာ သုံးပေးခဲ့ရသောကြောင့် ပိုင်ရဲ့ သူလုံလုံလောက်လောက် မလုပ်ပေးနိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။


ထို့ကြောင့်သာ သူထမင်းကျွေးမည့်အစီအစဉ်အစား လာကြိုရန် စကား‌လမ်းကြောင်းလွှဲလိုက်ခြင်းပင်။


အဆုံး၌ သူ၏ဖန်ကလေးမှာ အမှန်တကယ်ပင် လာကြိုမည်ဟုပြောလာသောကြောင့် ပိုင်ရဲ့ငိုရမည်လား ရယ်ရမည်လားကို မသိနိုင်တော့ချေ။


သို့သော်လည်း တစ်ဖက်မှကြည့်လျှင်မူ ချီရှင်းချန် သူ့ကိုလာကြိုချိန်တွင် ပိုင်ရဲ့ ချီရှင်းချန်ကိုခေါ်ကာ ထမင်းသွားစားရင်းဖြင့် နှစ်သိမ့်ပေးနိုင်သည့်အတွက် ကြည့်ရသည်မှာ အကြံကောင်းတစ်ခုဖြစ်နေနိုင်သည်။


ပိုင်ရဲ့ သူ၏လေယာဉ်နံပါတ်ကို ချီရှင်းချန်ထံပို့ပေးလိုက်ပြီးနောက် မည်သည့်ထွက်ပေါက်မှလာမည်ကို အသိပေးလိုက်သည်။ ထို့နောက် သူ၏ကွန်ပြူတာကိုဖွင့်၍ သင့်တော်မည့်စားသောက်ဆိုင်များကို စတင်ရှာဖွေလိုက်လေသည်။


ပိုင်ရဲ့ကဲ့သို့ကြယ်ပွင့်ကြီးတစ်ယောက်ကို ထမင်းဖိတ်ကျွေးရန်စားသောက်ဆိုင်ရှာခြင်းမှာ အမှန်ပင်ခက်ခဲလှသည်။ ပထမဆုံးအနေဖြင့် ဆိုင်မှ လျို့ဝှက်ထားတတ်ရမည့်အပြင် အရသာမှာလည်း ဆိုးနေ၍မရချေ။ ပတ်ဝန်းကျင်အခြေအနေမှာကောင်းမွန်နေရန်လိုကာ ဝန်ဆောင်မှုနှင့်ဟင်းပွဲများမှာ ထိပ်တန်းအဆင့်ရောက်နေရမည်ပင်။


ဤသို့ဖြင့် ရှာရင်းရှာရင်းဖြင့် ချီရှင်းချန် လှုပ်ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားသည့်အတွက် ညအချိန်တွင် အန်တီကျန်းမှ သူ့ကိုအခန်းထဲပြန်ပို့လိုက်ရသည်။


နောက်တစ်နေ့တွင် ချီရှင်းချန် မနက်အစောပိုင်းတွင် နိုးလာပြီး အနောက်ဘက်ခြံဝန်းထဲသို့သွားကာ မီတာ ၁၅၀၀မျှ ပြေးနေခဲ့သည်။ ထို့နောက် ရေမိုးချိုးဆေးကြောရန် အခန်းတွင်းသို့ ပြန်သွားလိုက်ပြီး ဆံပင်အခြောက်ခံလိုက်သည်။ ချီရှင်းချန် မီးခိုးရောင်ဖျော့ဖျော့ဆွယ်တာနှင့် နက်ပြာရောင်ဂျင်းဘောင်းဘီကို ရွေးချယ်လိုက်ပြီး အဖေချီပေးထားသော အကန့်အသတ်နှင့်ထုတ်ထားသည့်အားကစားဖိနပ်ကို ရေပုံးဦးထုပ်၊နှာခေါင်းစီးတို့ဖြင့် တွဲဖက်ဝတ်ဆင်လိုက်ရာ ရိုးရှင်းနေပြီး အလွယ်တကူမှတ်မိမသွားနိုင်ကြတော့ပေ။


‌ချီရှင်းချန် အောက်ထပ်သို့ဆင်းလာချိန်တွင် မောင်ဖြစ်သူကို မြင်လိုက်သည်နှင့် ချီယွီကျီး၏မျက်လုံးများမှာ ပြူးကျယ်လာပြီး မေးလိုက်မိသည်


 " ဝိုးး ရှင်းရှင်း နင်ဒီနေ့ ကောင်းကောင်းဝတ်စားထားတော့ အရမ်းကိုချောနေတာပဲ… ဘယ်သွားမလို့လဲ.."


" ကောင်းကောင်းဝတ်ထားတာလား…ကျဲ ဘယ်လိုလုပ်ပြီးပြောနိုင်တာလဲ…" ချီရှင်းချန် အံ့ဩသွားရသည် " ဒါကပုံမှန်ကျောင်းသွားတဲ့ပုံစံပဲမဟုတ်ဘူးလား…"


ချီယွီကျီး နှုတ်ခမ်းဆူကာ လျှာထုတ်ပြလိုက်သည်။ ထို့နောက် ချီရှင်းချန်အနားသို့လာကာ အင်္ကျီလက်ကိုယူ၍ သူမနှာခေါင်းနားကပ်လိုက်ပြီး " ဖန့်ဟိုင်လိ သိုးထိန်းသမားငယ်လေး EDC… နင်ရေမွှေးဆွတ်လာတာတောင် အခုထိဝန်မခံသေးဘူးလား…"


ချီရှင်းချန် : "...."


ဒါကဘယ်လိုနှာခေါင်းမျိုးလဲနော်…


" နောက်တစ်ခါကြရင် cologneကိုမရွေးနဲ့…အနံ့ကဖျော့လွန်းတော့ ကြာရှည်မခံတဲ့အတွက် နင်သွားမဲ့နေရာရောက်ရင် ဘာအနံ့မှကျန်မှာမဟုတ်ဘူး…" ချီယွီကျီး မောင်ငယ်ထံသို့ အသည်းပုံလက်အမူအယာတစ်ခုလှမ်းပြလိုက်ပြီး " အပြင်မှာတစ်ညလုံးနေဖို့တော့ ခွင့်မပြုဘူးနော်…"


ချီရှင်းချန် : "......"


ဘာကိုတစ်ညလုံးနေရမှာလဲ… သူဘာမှမကောင်းတာမလုပ်ပါဘူးနော်… ချီရှင်းချန် ထိုနေရာမှ ကပျာကယာထွက်ပြေးသွားခဲ့သည်။


ချီယွမ်ရှောင်၏ရှယ်ယာဝယ်ယူခြင်းစစ်ဆင်ရေးမှာမူ အလွန်ပင်လျှို့ဝှက်လွန်းလှပြီး လုံခြုံရေးကုမ္ပဏီများမှတဆင့်ဝယ်ယူခဲ့သည့်အတွက် ချီရှင်းချန်၏အထောက်အထားကို ပေါက်ကြားမသွားနိုင်ပေ။


လက်လုပ်လက်စားမိသားစုဟူသော သူ၏ပုံရိပ်ကိုထိန်းသိမ်းနိုင်ရန်အတွက် ချီရှင်းချန် ကားဒါရိုက်ဘာကို လေဆိပ်ရှေ့တွင်သာ ချခိုင်းလိုက်ပြီး ဂိတ်ဆီသို့ လမ်းသာလျှောက်သွားလိုက်သည်။


လာကြိုရန် သဘောတူထားသည့်ဂိတ်ရှေ့သို့ရောက်ချိန်တွင် ချီရှင်းချန်၏မျက်လုံးများ နက်မှောင်သွားရသည်။ သောက်ကျိုးနည်း…ဘာလို့ကြိုဖို့စောင့်နေတဲ့

သူတွေ ဒီလောက်များနေရတာလဲ… သူအဆုံးကိုတောင် မမြင်နိုင်တော့ဘူး…


ချီရှင်းချန် ဦးထုပ်ကိုဆွဲချကာ သူ၏မျက်လုံးသာချန်၍ နှာခေါင်းစည်းကိုအကျအနဝတ်ဆင်လိုက်ပြီး လူအုပ်ကြီးထဲသို့ ဂရုတစိုက်တိုးဝင်လိုက်သည်။