အပိုင်း ၆၆၂
စားစရာထပ်ယူပြီး ကလေးမလေးကိုကျွေးမယ်...
ကန်ရေက မှောင်မဲနေသောကောင်းကင်၏ ရောင်ပြန်ဟပ်နေကာ ထူထပ်လှသော မြူများက တိမ်အစိုင်အခဲများကဲ့သို့ ဝဲပျံ့နေကြသည်။
ပုဖန်ငါးမျှားကြိုးကို ရေကန်ထဲသို့ချလိုက်ပြီးနောက် ငါးမျှားကြိုးကို ကိုက်တွဲလာမည့်သို့ ငါးကိုတည်ငြိမ်စွာ စောင့်ဆိုင်းနေလေသည်။ သူကလှုပ်ရှားမှုမရှိသော တောင်ကြီးတစ်ခုကဲ့သို့ လုံးလုံးလျားလျား ငြိမ်သက်စွာ ရပ်နေပေ၏။
ငါးမျှားချိတ် ကျသွားသည့်နေရာ၌ ရေလှိုင်းလေးများ တဖျပ်ဖျပ်ခတ်သွားကြောင့် လှိုင်းဂယငယ်တစ်ခုကို ဖြစ်ပေါ်စေသည်။
"ဖြောက်ဖြောက်ဖြောက်..."
လှိုင်းဂယက်များ ထပ်မံဖြစ်ပေါ်လာပြီး ငြိမ်သက်နေသော ရေမျက်နှာပြင်ကို ဖျက်ဆီးပစ်လိုက်လေသည်။ လှိုင်းငယ်များက တစ်ခုနှင့်တစ်ခု တိုက်မိကြပြီး လှိုင်းလုံးငယ်များ စတင်ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင်ပုဖန်၏ မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာပြီးနောက်တွင် သူ့၏ငါးမျှားချိတ်က ကျဆင်းသွား၏။အရိပ်များက ပတ်ဝန်းကျင်လေးခုလုံးမှနေ၍ ထူထပ်သော မြူခိုးများကြားထဲမှ တဖြည်းဖြည်း ပေါ်ထွက်လာသည်။
"တောက်တောက်တောက်..."
ရေစက် တစ်စက်က ကန်၏မျက်နှာပြင်ပေါ်ကို တစ်စက်စက် ကျဆင်းသွားပြီး အရာအားလုံး တိတ်ဆိတ်သွားလေသည်။ အရိပ်များက တုတ်ခိုင်လှသောရွှေသံချပ်ကာ အစောင့်လေးဦး၏အရိပ်ဖြစ်လေသည်။ သူတို့ အသီးသီး၏ ကျောပေါ်တွင် တင်ဆောင်ထားသော ကြီးမားသော လက်နက်ကြီးက သူတို့အား ပို၍ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဌာန်ကိုဖြစ်ပေါ်စေသည်။
သူတို့၏လက်နက်များက ရွှေရောင်တောက်နေပြီး အေးစက်သောလေ အမျှင်အတန်းများကို ထုတ်လွှတ်နေသည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် ပုဖန်ကို လှောင်ပြောင်လိုသော မျက်နှာထားမျိုးဖြင့် ပြုံး၍ကြည့်နေလေ၏။
ဒီစားဖိုမှူးကောင်လေးကို သတ်ဖို့က တကယ်ကို ခက်ခဲလှသည်။ အစားကြူးတောင်ကြားမှ ဆည်းဆာကန်အထိ ဒီကောင်လေးက ကျော်ကြားပေသည်။ အရေးအကြီးဆုံးအချက်က ထိုကောင်လေး သွားရောက်ခဲ့သည့် လမ်းခရီးတစ်လျှောက်လုံးတွင် အကူအညီများရရှိခဲ့ခြင်းက ကံကောင်းလွန်းလှပေသည်။
ချွီရန်ချန်းဖုန် နှင့် ဝမ်ရမ်ရှန်တို့က အစားကြူးတောင်ကြားရှိ ပထမတန်းစားဖိုမှူးများဖြစ်သည်။ ချက်ပြုတ်ရာမှာ ကျွမ်းကျင်ရုံသာမက အတိုက်အခိုက်တွင်လည်း ကျွမ်းကျင်သူများဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ပုဖန်ကို ကူညီခဲ့ကြသောကြောင့် အစောင့်တွေက သူ့ကို မတိုက်ခိုက်နိုင်ခြင်းလည်း ဖြစ်ပေသည်။ ပုဖန်ကို သတ်ရန်ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မည့် နည်းလမ်းမရှိပေ။
ထို့ကြောင့် သူတို့က အချိန်အတော်ကြာ အခွင့်အလမ်းကို စိတ်ရှည်စွာ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ယခုသူတို့စောင့်ဆိုင်းခဲ့ရသော အခွင့်အရေးက နောက်ဆုံးတွင် ကျရောက်လာပြီဖြစ်လေသည်။ ဒီကောင်လေးက အခုလို ဆည်းဆာကန်ရဲ့အလယ်ဗဟိုကို တစ်ယောက်တည်း စွန့်စားပြီးရောက်လာမယ်လို့ သူတို့ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ဆည်းဆာရေကန်က တကယ့်ကို အန္တရာယ်များသော်လည်း ထိုကောင်လေးကတစ်ယောက်တည်း လာခဲ့ခြင်းဖြစ်သည်။
"ကိုယ့်ကိုကိုယ် သတ်သေဖို့ ရောက်တာလား... သူဘာတွေကိုင်ထားတာလဲ..."
လန်ကျီနှင့်အခြားလူများက ထိုကာင်လေး၏ အရည်အချင်းကို မေးခွန်းထုတ်နေကြသည်။
"ဆည်းဆာကန်လို နေရာမှာ ငါးလျှောက်မျှားမယ် ရယ်စရာပဲ...
ဆည်းဆာကန်အလယ်မှာ ငါးမျှားမလား...
လုံးဝပဲ...
ဒီလိုအလုပ်မျိုးကို ပထမတန်းစားဖိုမှူး အနည်းငယ်ကသာ လုပ်ရဲပေလိမ့်မည်။
ထိုကလေးက ဆည်းဆန်ကန်မှာ ငါးမျှားဖို့ ဘယ်က သတ္တိတွေရလာတာလဲ...
အခု ကြောက်စရာ သားရဲသတ္တဝါမလာသေးသောကြောင့် ထိုကောင်စုတ်လေးကို အမြန်သတ်ဖို့လိုလေသည်။ သူတို့အားလုံး၏ အတွေးများတူညီနေကြသဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ မုန်တိုင်းတစ်ခု စတင်တိုက်ခိုက်လာလေပြီ။ လေပြင်းများက ရေကန်၏မျက်နှာပြင်ကိုဖြတ်သန်းသွားသည်။ ရွှေသံချပ်ကာအစောင်းများက လက်နက်များကို ဆွဲထုတ်လိုက်ပြီး ပြင်းထန်လှသောလေရိုင်းကို ယာယီဖိနှိပ်ထားလိုက်သည်။
ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးက ပုဖန်ဆီသို့ အလျင်အမြန်ဦးတည်လာလေသည်။ ယခုအခါ၌ ရေကန်၏မျက်နှာပြင်တွင်လှိုင်းပိုထလာပေသည်။ လှိုင်းလုံးများက လှေငယ်လေးကိုပြင်းထန်စွာ လူးလွန့်နေစေ၏။ သို့သော်လည်း ပုဖန်က တောင်တစ်တောင်ကဲ့သို့ ခိုင်မာစွာရပ်တန့်နေတုန်းဖြစ်သည်။ သူ့၏အကြည့်များကထောင့်တစ်နေရာရှိ လန်ကျီဆီသို့ ရောက်သွားသည်။ လန်ကျီ၏ မျက်ဝန်းများက အေးစက်သွားသည်။
"သူတော်စင်သားတော်က လုကျီအတွက်နင့်ရဲ့ခေါင်းကို ယူခဲ့ဖို့အမိန့်ထုတ်ထားတယ်...
နင်သေချာပေါက်သေရမယ်..."
လန်ကျီအေးစက်စွာပြောလိုက်သည်။ သူမ၏စကားဆုံးသည်နှင့် ရွှေသံချပ်ကာအစောင့်များက ရှေ့သို့ပြေးတက်သွားလေသည်။သူတို့လှိုင်းလုံးများကို နင်းလိုက်သည်နှင့် သူတို့၏ ကြောက်မက်ဖွယ်ရာ အော်ရာများကလဲမြင့်တက်လာလေသည်။ ပုဖန်မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် တောက်ပလှသောအလင်းများထွက်ပေါ်နေသည့် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာလေသည်။
"ဒါက ဒယ်အိုးနက်တစ်လုံးပဲလေ ငါကမင်းရဲ့ အိုးကို ရိုက်ခွဲနိုင်မလားဆိုတာကိုတော့... စကြည့်ကြတာပေါ့...
နဂါးတစ်ကောင်ကဲ့သို့ ကြွက်သားများဖောင်းကားနေသည့် အစောင့်တစ်ယာက်က သူ့၏ ကြီးမားလှသော ပုဆိန်ကိုကိုင်၍ ရှေ့သို့တိုးလာခဲ့သည်။ သူကခဏအတွင်းပင် ပုဖန်ရှေ့သို့ရောက်လာပြီး သူ့၏ ပုဆိန်ကို မဟူရာလိပ်ခုံးဒယ်အိုးဆီသို့ လွှဲခုတ်ချလိုက်သည်။ ပုဆိန်က အလွန်ပင် အားကြီးလှသည်။ ၎င်းကကောင်းကင်ကိုပင် ခွဲပစ်နိုင်လေသည်။ ၎င်းက မဟူရာလိပ်ခုံးဒယ်အိုးကို အားပြင်းစွာထုချလိုက်လေသည်။
"ဘန်း..."
ထပ်တိုက်တွေ့ဆုံမှုများ ကျယ်လောင်လှသောအသံများထွက်ပေါ်လာသည်။ မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်လက်ပေါ်တွင် ဝဲလှည့်နေခြင်းဖြစ်သည်။ အစောပိုင်းက ထိပ်တိုက်တွေ့ဆုံမှုအားသည် သူ့၏လှေငယ်လေးကို အဝေးသို့တွန်းပို့လိုက်သလို ဖြစ်သွားသည်။ ရွှေသံချပ်ကာဝတ် အစောင့်၏ နှုတ်ခမ်းများ တုန်ရီသွား၏။ သူအားကုန်သုံး၍ ထုခဲ့ခြင်းဖြစ်သော်လည်းအိုးကို မဖျက်ဆီးနိုင်ခဲ့ပေ။
"အဲ့တာ တကယ်ပဲ ဒယ်အိုးဟုတ်ရဲ့လား..."
သံချပ်ကာဝတ် အစောင့်၏ လက်ဖဝါးက ထုံကြဉ်ကိုက်ခဲနေသည်။ သူ့၏အစစ်အမှန် စွမ်းအင်များက မြင့်တက်မလာတော့ပဲ သူ့ခန္ဓာကိုယ်တစ်လုံးလဲ ထုံကျဉ်နေ၏။ သူပုဆိန်ကိုပင် ဆက်လက်မကိုင်ထားနိုင်တော့ပေ။
"ရွှတ်ရွှတ်..."
ငါးမျှားတံက တုန်ခါသွားပြီးနောက် သားရဲအရွတ်ကြိုးက တင်းသွားသည်။ ထိုအရာကိုမြင်လိုက်သည်နှင့် တိုက်ခိုက်ရန်ကြံနေသော တခြား ရွှေသံချပ်ကာဝတ် အစောင့်များ၏ ခန္ဓာကိုယ်က အေးစက်သွားပြီး အနည်းငယ်တုန်ရီသွားသည်။ သူတို့လေးအေးတစ်ချက် ရှိုက်လိုက်ကြပြီး ငါးဖမ်းကြိုးကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြပေသည်။ ပုဖန်ကို လွယ်ကူသော ပစ်မှတ်ဟုယူဆခဲ့ကြသော်လည်း ထိုကောင်စုတ်လေးက ကြော်စရာကောင်သော သားရဲများကိုသာ ဆွဲဆောင်ခဲ့လျှင် အစားကြူးတောင်ကြားသည် သူတို့၏ သင်္ချိုင်းဖြစ်သွားပေလိမ့်မည်။
ပုဖန်လည်း ခဏမျှ လန့်ဖြတ်သွားသောလည်း ချက်ချင်းပင် သူ့၏ မျက်လုံးများတောက်ပသွားသည်။
"ဝိုး...ငါ ငါးရပြီ..."
အဲ့တာက ကောင်းကင်ငါးမျိုး ဝိဉာဉ်စပ်ငါးပဲ ဖြစ်လိမ့်မည်။ ပုဖန်ပြုံးလိုက်သည်။ သူ့၏နှလုံးသားသည်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နက်နေသည်။ သူချက်ချင်းပင် သူ့လက်မှ အစစ်အမှန် စွမ်းအားများကို တိုးမြှင့် လိုက်ပြီး ငါမျှားကြိုးကို အားကုန်သုံး၍ဆွဲလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လန်ကျီ၏ မျက်လုံးများ ဝိုင်းစက်သွားပြီး သူမ၏အေးစက်မှုများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
.......
အစားပုပ်နတ်ဘုရားမြို့တော်သည် တောက်ပလင်းလက်နေပြီး အစားကြူးနတ်ဘုရား စားသောက်ပွဲအခမ်းအနားကလည်း ကြီးကျယ်ခမ်းနားပေသည်။ အစားကြူးနတ်ဘုရား အဆောက်အဦး၏ ကျယ်ဝန်းသောရင်ပြင်နေရာသို့ အကြီးအကဲတစ်ယောက် ရောက်ရှိသွားအခါတွင် အားလုံး အံ့သွားသင့်သွားသည်။ လေပေါ်မြော စားပွဲများတွင်ထိုင်နေသူများပါ အံ့အားသင့်သွားကြ၏။
အကြီးအကဲက လက်နှစ်ဖက်ကို နောက်ပစ်၍ လျှောက်လာသည်။ သူလျှောက်လာနေသည့် လမ်းတစ်လျှောက်မှာပင် ထိုရင်ပြင်ကျယ်နေရာ၌ ဘုံသံများ ခေါင်းလောင်းသံများဖြင့် ပြည့်နက်သွားလေသည်။
လူအားလုံးက ထိုအသံများကို စိတ်အားထက်သန်စွာ နားစွင့်နေကြသည်။ ထိုအသံများထဲ၌ စည်းမျဉ်းတချို့ပါဝင်နေသလို မျိုး တချို့လူများကို ဆင်ခြင်သုံးသပ် နားလဲသဘောပေါက်သွားစေသည်။
သူတော်စင်သားသမီးတိုင်း ထိုအကြီးအကဲကို လေးစားကြပေသည်။ ထိုအရာကလဲ သူ့၏ အဆင့်အတန်းကြောင့် ဖြစ်ပေလိမ့်မည်။ ထိုသူက အစားကြူးတောင်ကြား၏ အကြီးအကဲဖြစ်သူ ချူချန်းရှန့်ဖြစ်သည်။ သူသည် ကြီးကျယ်ခမ်းနားသည့်အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီလာလူတစ်ဦးဖြစ်လေသည်။
အကြီးအကဲကို ခါးကုန်းကုန်း သက်ကြီးရွယ်အိုတစ်ဦးအဖြစ်မြင်ရခြင်းမှာလဲ လူအများအပြားကို ဝမ်းနည်းမှုခံစားရစေသည်။ ကြီးကျယ်ခမ်းနားသော ပညာရှင်များပင်လျှင် ဇရာကို အရှုံးပေးရလေသည်။ အကြီးအကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီးနောက် သူ့၏ထိုင်ခုံ၌ဝင်ထိုင်လိုက်သည်။
"ဒီနေ့ လူတိုင်းက အစားကြူးတောင်ကြားကို လာရောက်လည်ပတ်ပြီး အစားကြူးနတ်ဘုရာအစားအသောက်အဖွဲ့က်ို တက်ရောက်တဲ့အတွက် ငါအရမ်းပဲ ဝမ်းသာမိပါတယ်..
မင်းတို့အားလုံး အစားကြူးတောင်ကြားထဲမှ မင်းတို့ကြိုက်နှစ်သက်တဲ့ ဟင်းပွဲတွေကိုရှာဖွေတွေ့ရှိလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်
ဒီလိုဆိုရင် အားလူံးပျော်ကြရလိမ့်မယ်..."
အကြီးအကဲ ချူချန်းရှန့်က စကားအနည်းငယ်ပြောပြီး...နောက်ဆုံးတွင် အစားအသောက်များဖြင့် တည့်ခင်းဧည့်ခံရန် စတင်လိုက်သည်။
ချက်ချင်းသလိုပင် စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးများ လေထဲပျံဝဲလာလေသည်။ သူမတို့၏ ဆံပင်များက တဖျတ်ဖျတ်လှုပ်ခါနေပြီး ချိုသာစွာပြုံးထားပုံမှာ နတ်သမီးလေးမျါးအလား ထင်ရစေသည်။ သူတို့က သယ်ဆာင်လာသောဟင်းပွဲများကို ဧည့်သည်များ၏ စားပွဲဆီသို့ချပေးလေသည်။
လေပေါ်စင်မြင့်များထက်တွင် လည်းအစားအသောက်များကို တည်ခင်းဧည့်ခံပြီးသည်နှင့် အစားအသောက်များ၏ အကြောင်းအရာ ချက်ပြုတ်ခြင်းကျွမ်းကျင်မှု ဟင်းပွဲ တစ်ပွဲစီ၏ အဆင့်များကို အကူများက မိတ်ဆက်ပြောကြားလေသည်။ ထိူအချက်က ကျွမ်းကျင်ပညာရှင်များကိုပင် စိတ်လှုပ်ရှားစေလေသည်။ ဟင်းပွဲများကို အရသာရှိစွာ စားသုံးနိုင်ရန်အတွက် ထူးဆန်းသော နည်းလမ်းများလဲရှိပေ၏။ သူတို့က ဧည့်သည်များကို မိတ်ဆက်ပေးနေလေသည်။
အစားကြူးနတ်ဘုရား အဆောက်အဦအတွင်းရှိလေထုက သဟဇာတ ဖြစ်လွန်းနေသည်။ ဟင်းပွဲအမျိုးမျိုး၏ သင်းပျံမွှေးကြိုင်လှသောအနံ့များက လေထုထဲတွင် ပြည့်နက်နေသလို တူရိယာတစ်မ်ျုးမျိုး၏ အသံကလည်း ပတ်ဝန်းကျင်အနှံ့သ်ို့ ပျံ့နှံ့နေပေသည်။ အမျိုးသမီးတစ်ဦးက နိုက်တင်ဂေးကဲ့သို့ အလွန်ညင်သာနူးညံ့လှသောအသံဖြင့် တေးဆိုနေလေသည်။
စင်မြင့်တစ်ခုထက်တွင် ကြိုးနှစ်ချောင်းတပ် တူရိယာကိုတီခတ်နေသည့် တစ်စုံတစ်ဦးကို တွေ့မြင်နိုင်ပေသည်။ တေးသွားက စွဲမက်ဖွယ်ကောင်းလှ၏။
စင်မြင့် တစ်ခုထက်တွင်ရှောင်ယုက ကလေးမလေးနှင့်အတူ ထိုင်နေခဲ့သည်။ ရှောင်ယက လည်ပင်းဆန့်ထုတ်၍ သူတို့ရှေ့တွင် တည်ခင်းထားသော အရောင်အသွေးစုံလှသည့် ဟင်းပွဲများကို စိုက်ကြည့်နေလေသည်။ ထိုစားစရာများကြောင့် သူမ သရေတများများပင် ဖြစ်နေလေ၏။
"စား စား ကလေးမလေး ပိုင်ရှင်ပုက နင့်ကိုကောင်းကောင်းဂရုစိုက်ပေးဖို့ ငါ့ကို ပြောထားတယ်
ဒီတော့ငါကနင့်ကို ကောင်းကောင်းကျွေးမွေးရမယ်...
နင်စားနိုင်သလောက်သာ စား ဒါပေမယ့် အရက် တော့မရဘူးနော်..."
ရှောင်ယုက ခပ်ပြုံးပြုံးဖြင့်ပြောလိုက်ပြီး ကလေးမလေး၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်သည်။ အငွေ့တထောင်းထောင်းထနေသော စားစရာများကို ရှောင်ယဘက်သို့တိုးပေးလိုက်သည်။
မွှေးပျံ့လှသော ရနံ့များက သူမနှာခေါင်းထဲ တိုးဝင်သွားသောကြောင့် ဗိုက်ထဲမှ သံစုံမြည်လာလေသည်။ သူမ ပထမဦးဆုံး တစ်လုပ်စားလိုက်သည်။ ပြီးသည်နှင့် သူမထိန်းချုပ်မှုများ ကွယ်ပျောက်သွားပြီး စားပွဲပေါ်မှ ဟင်းပွဲအားလုံးကို ဝိုက်လေတော့သည်။
ပထမတွင် ရှောင်ယုက တည်ငြိမ်နေသေးသည်။
"ကလေးမလေး တစ်ယောက်က ဘယ်လောက်များစားနိုင်မှာ မို့လို့လဲ..."
သို့သော် နောက်တစ်ခဏတွင် သူ့၏တည်ငြိမ်မှုများ ပျောက်ကွယ်သွားလေသည်။ သူရှောင်ယကိုမယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"ဒီကောင်မလေးက မဟူရာတွင်းနက်ကြီးလား စားပွဲပေါ်က ဟင်းပွဲတွေကို အကုန်ရှင်းလိုက်တာလား သူမစားသောက်လိုက်သည့် အမြန်နှုန်းကသူ့ကိုပင် ဘူးသီးလုံးလောက်ချွးသီးများထွက်သွားစေသည်။ သူစားပွဲထိုး အမျိုးသမီးကို လက်ဝှေ့ယမ်းပြရင်း စားစရာ ထပ်ချခိုင်းလိုက်သည်။
အစားကြူးနတ်ဘုရား စားသောက်ပွဲတွင် အစားအသောက်ပမာဏ ကန့်သတ်ထားခြင်းမရှိပေ။ သူတို့စားနိုင်သရွေ့ စားချင်သည်ကိုမှာလို့ရပေသည်။ ဒါကအစားကြူးနတ်ဘုရား စားသောက်ပွဲ၏ စည်းမျဉ်းစည်းကမ်းပင်ဖြစ်သည်။
သို့သော်လည်း စားသောက်ပွဲအတွင်းတွင် အစားအသောက်များ ထပ်မှာသူ များများစားစားမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဟင်းပွဲများအားလုံးက သာမန်မဟုတ်ပဲ စိတ်ဝိဉာဉ်စွမ်းအင်များပြည့်နေသောကြောင့် ဖြစ်သည်။
စိတ်ဝိဉာဉ်စွမ်းအင်များကို သူတို့များများစားမိပါက ဗိုက်ပေါက်ထွက်သွားပေလိမ့်မည်။စားပွဲထိုးအမျိုးသမီးက အစားအစာများထပ်မှာသည့်အတွက် စိတ်တိုခြင်းမရှိပေ။
သိပ်မကြာခင်မှာပင် စားပွဲထိုးအမျိုးသမီးနှင့် ရှောင်ယု နှစ်ယောက်လုံး တောင့်တင်းသွားကြပြသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးမလေးက ဒုတိယစားပွဲ တစ်ခုလုံးကိုလဲ အပြောင်ရှင်းလိုက်ပြန်သည်။ ရှောင်ယုက ကလေးမလေး၏ ဆီကွက်နေသော နှုတ်ခမ်းများကိုကြည့်လိုက်ပြီးနောက် မထိန်းနိုင်ပဲ ရယ်မောလိုက်ပြန်သည်။
"ပိုင်ရှင်ပုရဲ့ အဖွဲ့ထဲက ဆိုမှတော့ သာမန်ဖြစ်နိုင်ပါ့တော့မလား...
ဒီကလေးက ကြည့်ရတာ သာမန်ဖြစ်နေပေမယ့် သူကတကယ့်ကို အစားသရဲကြီးပဲ..."
ယခုအချိန်တွင်ရှောင်ယုက ထိုကလေးမလေး မည်မျှစားနိုင်သည်ကို သိချင်နေမိသည်။ မည်သို့ဆိုစေ ဒီနေရာကအစားကြူးနတ်ဘုရား စားသောက်ပွဲဖြစ်သော ကြောင့် သူတို့ အလိုရှိသလောက်စားနိုင်ပေသည်။ သူ့လိုကလေးမလေးက ကောင်းကင်ကြီးလောက်စားနိုင်မည်ဟု သူမယုံပေ။
"ကလေးကိုကျွေးရအောင် နောက်ထပ်စားစရာတွေ ထပ်ယူလာပေး ဟား ဟား ဟား... "
ရှောင်ယုစားပွဲထိုးကို ပြောလိုက်ပြီးနောက် ကျေနပ်စွာရယ်မောလိုက်ပြီး သူ့၏ဝိုင်ခွက်ကို မြှောက်၍သောက်လိုက်သည်။