အပိုင်း ၆၇၅
Viewers 53k

အခန်း ၆၇၅

ချူချန်းရှန်


"အဖိုးကြီးက သေအောင်ရိုက်လိုက်တယ်...ပုဖန် ပြောလိုက်တဲ့ အဖိုးကြီးက ဘယ်သူလဲ ..."


အားလုံးအံ့အားသင့်သွားကြသည်။သို့သော်လည်းစိတ်ရှုပ်ထွေးမှုများခဏဖြစ်သွားပြီးနောက် ကြောက်ရွံ့မှုများသာကျန်ခဲ့လေသည်။ပုဖန်၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်လေရာ အေးဆေးစွာဖြင့် ဝိုင်သောက်နေသောချူချန်းရှန်ကိုသာ တွေ့လိုက်ရသည်။


"ပုဖန် ပြောလိုက်တဲ့ အဖ်ိုးကြီးဆိုတာက ချုချန်းရှန်လား...ချူချန်းရှန်က ကောင်းကင်နွေဦးသူတော်စင်သားတော်ရဲ့ အကူကို သတ်ပစ်လိုက်တာလား..."


ကြီးမားလှသောသတင်းကြောင့် အားလုံး အံ့အားသင့်သွားကြသည်။


"တကယ်လို့ ချူချန်းရှန်က သတ်လိုက်တာဆိုရင် ကောင်းကင်နွေဦး သူတော်စင်သားတော်က ဘာလို့ ပုဖန်ကို တိုက်ခိုက်နေသေးတာလဲ..."


အားလုံး သိချင်စိတ်ပြင်းပြနေကြသည်။


"အစားကြူးတောင်ကြားရဲ့ အကြီးအကဲက စားဖိုမှူးလေးကို ကူညီပြီးတော့ နွေဦးသူတော်စင်သားတော်ရဲ့ အကူကို သတ်ပစ်လိုက်တယ် ...အကြီးအကဲက စားဖိုမှူးလေးကို တကယ်ပဲ သဘောကျနေတာလား...သူက အကြီးအကဲရဲ့ တရားမဝင်ကလေးလား..."


ထိုအတွေးကို တွေးလိုက်မိသည်နှင့် အားလုံးအသက်ပြင်းပြင်းရှိုက်လိုက်ကြသည်။သူတို့ ထိုမျှအများကြီး ဆက်တွေးဖို့ မလိုပေ။မည်သို့ပင်ဆိုစေအခုလက်ရှိ အစားကြူးချိုင့်ဝှမ်းသည် များစွာသော သန့်စင်နယ်မြေများနှင့် တင်းမာသောဆက်ဆံရေးအခြေအနေရှိသည်။


ဤမျှအရေးကြီးနေသောအချိန်တွင် မဟာအကြီးအကဲ၏ စကား (သို့မဟုတ်)လှုပ်ရှားမှုတစ်ခုက ကြီးမားသောထိတ်လန့်စရာကို ဖန်တီးပေးပေလိမ့်မည်။အကယ်၍ အသတ်ခံလိုက်ရသောအကူကသာ သူတော်စင်သမီးတော်ဖြစ်နေပါက အကြီးအကဲက ကောင်းကင်နွေဦး သန့်စင်နယ်မြေကို စော်ကားခြင်းဖြစ်သည်ဟု ထင်ကြပေလိမ့်မည်။


ပုဖန်၏ စကားများက အစားကြူးအဆောက်အဦး၏ ဆူညံပွက်လောရိုက်နေသော အခြေအနေကို ငြိမ်ကျသွားသည်။ဆဠမမြောက် အကြီးအကဲ ထပ်မံ ရှုံ့တွသွားပြန်၏။


"သောက်ကျိုးနဲ ဒီကောင်လေးက လုံးဝကို အဆိပ်အတောက်ပဲ ဟုတ်တယ်မဟုတ်လား...သူက အဆောက်အဦး ထဲကို လျှောက်ဝင်လာလိုက်တဲ့ ခဏမှာပဲ ဒီလို သောက်ကျိုးနဲ ပြဿနာမျိုးကို ဖန်တီးပစ်လိုက်ပြီ...မဟာအကြီးအကဲက သူတစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ စားဖိုမှူးလေးတစ်ယောက်အတွက်နဲ့ သူတော်စင်သားတော်ရဲ့ အကူကို သတ်တယ်ဆိုတာဖြစ်နိုင်ပါ့မလား...မင်းလိမ်ချင်တယ်ဆိုရင်လည်းယုတ္တိရှိရှိလိမ်လေ..."


သူတို့က ပုဖန်စကားများကို မယုံကြသော်လည်း လူများစွာက ယုံကြပေသည်။ သူတို့ကိုယ်သူတို့ မယုံကြည်မိစေရန်ပင် ဖြောင်းဖြမရတော့ပေ။


အဘယ့်ကြောင့်ဆိုသော် အကြီးအကဲ ချူချန်းရှန်က တကယ်ကိုတည်ငြိမ်နေပေသေးသည်။သူ့၏ မျက်နာထားက လူများစွာကိုဘောအောင့်သွားစေသည် ။


ကောင်းကင်နွေဦးသူတော်စင်သားတော်ကလည်းထိတ်လန့်အံ့အားသင့်သွားသည်။သို့သော် နောက်ဆုံး၌ သူကိုယ်သူ ပြန်လည်၍ အသိဝင်စေလိုက်သည်။


"မင်းငါ့ကိုအရူးလုပ်ချင်နေတာဟုတ်လား...အကြီးအကဲချူက ဘာလို့ မင်းကို ကူညီပြီးတော့ ငါ့ရဲ့ လူတွေကို တိုက်ခိုက်ရမှာလဲ...ဘာလဲ အကြီးအကဲ ဒီကိစ္စထဲမှာပါဝင်လာပြီဆိုတာနဲ့ မင်းလွတ်မြောက်နိုင်ပြီလို့ ထင်နေတာလား ...ဒီနေ့ မင်းသေကိုသေရမယ်..."


ကောင်းကင်နွေဦးသူတော်စင်သားတော်၏ ရက်စက်ကြမ်းကြုတ်လှသော အော်ရာများက တစ်ဖန် ပြန်လည် မြင့်တက်လာပြန်သည်။လှံရှည်က ဆူညံလှသောတုန်ခါသံများ ထုတ်လွင့်လာ၏။


သူ့၏ ခြိမ်းခြောက်နိုင်စွမ်းသော အော်ရာများက လူများကို တုန်ယင်သွားစေ၏။ကြောက်စရာကောင်းလွန်းလှသည်။ကောင်းကင်နွေဦး သူတော်စင်သားတော်က ဝိညာဉ်လှေကားအဆင့် ငါးဆင့်ကို ရောက်ရှိနေပြီးသော သူတစ်ယောက်ဖြစ်သည်။


ပုဖန်က စွမ်းအင်လှိုင်းများရိုက်ခတ်လာပြီး ကောင်းကင်ပင် တွန့်လိမ့်လာတော့မလ်ို ဖြစ်နေသော မြင်ကွင်းကို ကြည့်လိုက်ရင်းသူ့၏ မျက်ခုံးများ ပင့်တက်သွားလေသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော်က တကယ်ကို အထင်ကြီးစရာကောင်းလှသည်။သူက ပုဖန်ယခုထက်ထိ တွေ့ဖူးသမျှ ပညာရှင်များအားလုံးတွင် အသန်မာဆုံးပင်ဖြစ်သည်။နေဦး...ငရဲဘုရင်၊ ဘလက်ကီနှင့် အစောပိုင်းက တွေ့ခဲ့တဲ့ မိကျောင်းကို ဖယ်လိုက်ရင်ပြောတာ..


မသေမျိုးဝိညာဉ် လှေကားငါးဆင့် ပညာရှင်ဆိုသည်မှာ တကယ့်ကို သာမန်မဟုတ်ပေ။ထို့အပြင် ယခုအချိန်၌ ပုဖန်၏ နီရောင်စားဖိုမှုးဝတ်စုံကလည်း ခုခံတွန်းလှန်နိုင်စွမ်းမရှိသေးပေ။သူတကယ်ကို နိမ့်ကျနေပေသည်။


အကယ်၍ သူသာ တိုက်ခိုက်ခံရပါက ခဏတာ ခုခံကာကွယ်မှုအတွက် မဟူရာလိပ်ခုံးဒယ်အိုးကို အသုံးပြု၍ ရနိုင်မလားဟုပင် တွေးတောနေမိသည်။


သို့သော်လည်း သူ မဟူရာလိပ်ခုံးဒယ်အိုးထဲပုန်းနေလျှင်ပင် ပြင်းထန်လှသော စွမ်းအင်လှိုင်းများကြောင့် သူ့ခန္ဓာကိုယ် ကျိုးကြေသွားလောက်သည်ဟု ထင်မိသည် ။


ရှောင်ယု၏ မျက်ဝန်းများစူးရှ ကျဉ်းမြောင်းသွားသည် ။ပိုင်ရှင်ပု၏ စွမ်းအားနှင့်ဆိုလျှင် ကောင်းကင်နွေဦး သူတော်စင်သားတော်၏ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ပါ့မလား...


ထိုလှံချက်ကိ ခံယူလိုက်ရသည်နှင့် သေလမ်းသို့ တစ်ခါတည်းရောက်နိုင်ပေသည်။အားလုံး ထိတ်လန့်ဆူပူနေကြသည်။အစားကြူးနတ်ဘုရားစားသောက်ပွဲ စတင်သည့် ည၌ ယခုကဲ့သို့ သွေးလွှမ်းမှုကို မြင်ရမည်ဟု မမျှော်လင့်ထားမိကြပေ။


ဘုန်း....


တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ကောင်းကင်နွေဦး သူတော်စင်သားတော်၏ မျက်ဝန်းများက ဓားမြှောင်ကဲ့သို့ စူးရှနေသည်။သူ့၏ ရွှေရောင်ဝတ်ရုံက နေရောင်ခြည်အောက်တွင် အေးစက်လှသော အရှိန်အဝါများနှင့် စူးရှလှသောအလင်းများကို ထုတ်လွင့်နေသည်။


ကြောက်စရာကောင်းလှသော ဖိအားက ကျွင်းချင်ရှောင်းနှင့်အခြားသူများကို တုန်ယင်သွားစေပြီးခြေထောက်များ ပျော့ခွေ သွားစေသည်။ဆဠမမြောက် အကြီးအကဲက ဒေါသထွက်သလိုမျိုးမျက်ဝန်းများ စုကျုံ့လိုက်သည်။


သူ့နောက်တွင်ရှိနေသော ပါရမီရှင်လေးများက အစားကြူးနတ်ဘုရားစားသောက်ပွဲအတွင်း အစားကြူးဘုတ်ပြားပေါ်မှ စားဖိုမှူးများကို စိန်ခေါ်မယ့်သူများဖြစ်သည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က ဧည့်သည်တစ်ယောက်မျှသာဖြစ်သည်။


သူက စိန်ခေါ်သူများကို တကယ်ပဲ တိုက်ခိုက်ရဲနေတာလား...သူတို့က အစားကြူးတောင်ကြားကို မျက်လုံးထဲ မထည့်ထားဘူးလား...ဒီသန့်စင်နယ်မြေက အစားကြူးနတ်ဘုရားကို ကျောခိုင်းချင်နေတာလား...


သို့သော်လည်း ထိုသူများက သူတော်စင်သားတော် တစ်ယောက်တည်းနှင့် ထိုကိစ္စရပ်များကို ဖန်တီးလိုခြင်းဆိုလျှင်တော့... သူတို့က အစားကြူးတောင်ကြားကို အလွန်အမင်းအထင်သေးထားခြင်းဖြစ်သည်။


စင်မြင့်များထက်ရှိ လူများသည်လည်း မတူညီသောအတွေးများနှင့် မတူညီသောမျက်နာထားများရှိနေသည်။အာကာသနတ်သမီး၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။သူမ၏ လက်ကလေးကို ဆန့်ထုတ်လိုက်သည်နှင့် စွမ်းအင်စီးကြောင်းတစ်ခုက သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် စတင်လှုပ်ရှားလာသည်။


သူမ၏ပုံစံက တစ်စုံတစ်ရာလှုပ်ရှားချင်သည်ဟု ထင်ရသည်။သို့သော်လည်း အာကာသနတ်သမီးက တစ်စုံတစ်ခုကို သတိပြုမိဟန်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် ဝိုင်ငှဲ့ကာသောက်နေလေသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော်က သူ့၏ တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။ဆဠမမြောက်အကြီးအကဲ၏ နှုတ်ခမ်းမွှေးကားကားများက လှုပ်ခါသွားသည်။သူ့၏ ဝတ်ရုံက လေအရှိန်ဖြင့်တဖျတ်ဖျတ်လွင့်ခါသွားသည်။


"မင်းသေချင်နေတာလား..."


အကြီးအကဲ ဒေါသတကြီးအော်လိုက်သည်။ထို့နောက် အ လင်းပေါက်ကွဲမှု တစ်ခုနှင့်အတူ သူ့၏ ခန္ဓာကိုယ်က မြောက်တက်သွားသည်။သို့သော်လည်းထိုအခိုက်အတန့်မှာပင် အကြီးအကဲက သူ့၏ အော်ရာများကို ထုတ်လွင့်လိုက်သည်။သူ့၏ အသံက ခပ်ဖျော့ဖျော့ပဲ့တင်ကျန်ခဲ့သည်။


"ပြဿနာတွေ မဖန်တီးနဲ့..."


ကြည့်ရှုနေသူများ စိတ်ရှုပ်ထွေးသွားကြသည်။သူတို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး မဟာအကြီးအကဲကို ရှာလိုက်၏။ထိုသူက တိတ်ဆိတ်ငြိမ်သက်နေတုန်းပင်ဖြစ်၏။သူ့၏ ဆံနွယ်ဖြူများကပင်လေပြေများကြောင့် တဖျတ်ဖျတ်လွင့်နေလေသည်။


ပလောက် ...ပလောက်...


သူကိုင်ထားသောခွက်ထဲမှ အေးစက်လှသောဝိုင်များက လှုပ်ခါနေလေသည်။ဝိုင်တစ်စက်က သူ့၏ ရှေ့သို့ လွင့်မျောတက်လာသည်။ချူချန်းရှန်ကောင်းကင်နွေဦးသူတော်စင်သားတော်ကို ခံစားချက်မဲ့စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်ချောင်းလေးများလှုပ်ရှားသွားသည်။


အဝေးသို့ တောက်ထုတ်ခံလိုက်ရသော ဝိုင်စက်ကလေးက ကျိုးပျက်သွားသည်။ထိုကျိုးပျက်သော ဝိုင်စက်က ကောင်းကင်ပြင်ကျယ်တွင် မြောက်များလှစွာသော သားရဲများအဖြစ်သို့ ပြောင်းလဲသွား၏။


သူတို့၏ ကြောက်စရာကောင်းလှသောပါးစပ်များက်ို ဖွင့်ဟ၍ ကောင်းကင်နွေဦးသူတော်စင်သားတော်ဆီသို့ ပြေးဝင်သွားလေသည်။


ဆွစ်...


ကြည့်ရှူနေကြသူများက မေးရိုးပြုတ်သွားသလိုပါးစပ်အဟောင်းသားဖြစ်သွားသည်။ချူချန်းရှန် တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားမိပေ။


"သူက ကောင်းကင်နွေဦးသူတော်စင်သားတော်ကိုတိုက်ခိုက်လိုက်တယ်လား..."


၎င်းက မည်သည့်အရာမဆိုလက်တွေ့အကောင်အထည်ဖော်တက်သည့် သူ့၏ အကျင့်ပင်ဖြစ်သည်။ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်လုံးများက စူးရှသွားသည်။သူကျယ်လောင်စွာအော်ဟစ်လိုက်ပြီးသူ့ခန္ဓာကိုယ်က တောက်ပလာသည်။


သူ့၏ ခန္ဓာကိုယ်ကြွက်သားများကလည်း ဖောင်းကားလာ၏ ခဏမအကြာတွင် သူ့နောက်ဘက်၌ တောက်ပလင်းလက်လှသောကြယ်တစ်ပွင့် မြင့်တက်လာသည်။


ထိုကြယ်ပွင့်ပေါ်၌ အောက်ဘက်ရှိ အရာရာအားလုံးကို အကဲခတ် စောင့်ကြပ်ကြည့်နေသောကြီးမားလှသည့် အရိပ်ကြီးတစ်ခု ရှိနေပုံပေါ်လေသည်။


ဘုန်း...


လှံမှ ဖြာထွက်လာသောအလင်းများနှင့် ဝိုင်မှ ပြောင်းလဲသွားသော သားရဲများထိပ်တိုက်တွေ့ဆုံသွားသည်။ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တုန်ခါသံများ ထွက်ပေါ်လာသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော် ညီးတွားလိုက်သည်။ထို့နောက် သူ ရင်ပြင်ပေါ် ခြေကျသည်အထိ နောက်ဆုတ်လိုက်ရသည်။သူလှံရှည်ကို တင်းတင်းဆုပ်ကိုင်ထားရင် ငြိမ်သက်နေလိုက်သည်။သူ့၏ စူးစူးရဲရဲ မျက်လုံးများကလည်း ချူချန်းရှန်ကိုသာ မလွှဲတမ်းကြည့်နေသည်။


"ချူချန်းရှန် ခင်ဗျားက တကယ်ကိုပဲ ....ကောင်းပြီ ကျုပ်ရဲ့ ရှုံးနိမ့်မှုကို ကျုပ်ဝန်ခံတယ် ဘာပဲဖြစ်ဖြစ် ခင်ဗျားသူကို ဒီနေ့ပဲ ကာကွယ်လို့ရမယ် တစ်သက်လုံးကာကွယ်လို့ မရဘူး...ကျုပ်မှာအခွင့်အရေးရှိလာတဲ့တစ်နေ့ သူ့ရဲ့ခေါင်းကိုယူပြီးခင်ဗျားရှေ့ပို့လိုက်မယ်..."


ကောင်းကင်နွေဦးသူတော်စင်သားတော်က မောက်မာဝင့်ကြွားစွာဖြင့် ကောင်းကင်ထက်တွင် ပျံဝဲလိုက်သည်။သူ့၏ နောက်မှ ကြီးမားလှသောကြယ်ကလည်း လိုက်ပါလှုပ်ရှားနေ၏။ထိုကြယ်ပေါ်မှ အရိပ်က ကြောက်မက်ဖွယ်ရာဖိအားများကို အဆက်မပြတ်ထုတ်လွင့်နေသည်။


အားလုံးတင်းကျပ်သလို ခံစားရသည်။ပုဖန်ကိုယ်တိုင်လည်း သူ့၏ ကြွက်သားများပင် တင်းကျပ်နေသည်ဟု ခံစားရ၏။ရင်ပြင်ကျယ်တစ်ခုလုံးတွင် ချူချန်းရှန်သာ သူ့၏ မူလ အခြေအနေအတိုင်း ထိုင်နေဆဲဖြစ်သည်။သူက ပျော်ရွှင်စွာဖြင့်ပင် ဝိုင်သောက်နေသည်။


သူဝိုင်သောက်ပြီးသည်နှင့် ခုံပေါ်သို့ ခွက်ကို ပြန်ချလိုက်သည်။ထို့နောက် သူ့၏ အကြည့်များက ကောင်းကင်ယံထက်တွင် ရက်စက်ကြမ်းကြုတ်လှသော အငွေ့အသက်များထုတ်လွင့်ကာ ဝေ့ဝဲနေသော သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။


"ကောင်းကင်နွေဦး သန့်စင်နယ်မြေရဲ့ အထွဋ်အထိပ်အရှင်သခင် ဒီမှာရှိနေမယ်ဆိုရင်တောင် ငါ့ကို အဲ့ဒီလိုပုံစံနဲ့ မပြောရဲဘူးမင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ..."


ချူချန်းရှန်၏ စကားက အားလုံးကို ပင့်သက်တစ်ချက်ရှိုက်လိုက်မိစေသည်။သူ ဒေါသထွက်နေတာလား ..


ကောင်းကင်နွေဦး သူတော်စင်သားတော် မျက်လုံးလှန်လိုက်သည်။သူ သူ့၏လှံရှည်၏ အားကို ထုတ်ဖော်လိုက်သည်။သို့သော်လည်း ထိုခဏမှာပင်ချူချန်းရှန်က လက်ဖဝါးမြောက်တင်လိုက်သည်။ထွက်ပေါ်လာသော အစစ်အမှန်စွမ်းအားများက ဆယ်မိုင်အတွင်းမှာရှိနေသော အင်အားစုများအားလုံးကို စုပေါင်းလိုက်ပုံရလေသည်။


ကောင်းကင်တမျှ မြင့်မားသော ကြီးမားလှသည့် လက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာ၏။


"ထိုင်နေစမ်း..."


ဘုန်း....


လက်ဖဝါးကြီးက အောက်သို့ နိမ့်ဆင်းကျလာသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်၏ ရွှေရောင်ဝတ်စုံက အလင်းတန်းများ တောက်ပလာသည်။သူလှံကို ပစ်ထုတ်၍ ကောင်းကင်ကိုချိုးဖျက်ရန် ကြိုးစားလိုက်သည်။


ဝုန်း....


ဖုန်မှုန့်များအခိုးအငွေ့များ ပြန့်နှံ့သွားသည်။ကောင်းကင်နွေဦးသူတော်စင်သားတော် စင်မြင့်ပေါ်သို့ ဖိချခံလိုက်ရသည်။သူသွေးတစ်လုတ်အန်ထုတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပေ။


"ကောင်းကောင်းပြုမူပါ နောက်တစ်ကြိမ် ပြဿနာရှာဦးမယ်ဆိုရင် မင်းတ်ို့ရဲ့ ဆရာသခင်ကိုယ်တိုင် မင်းကို လာထုတ်ပေးဖို့အတွက် ပြောရလိမ့်မယ်..."


ချူချန်းရှန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။သူ့၏ လျော့တိလျော့ရွဲ ဝတ်ရုံက အသာအယာလှုပ်ခတ်နေသည်။သူဆက်၍ ဝိုင်သောက်လိုက်သည်။


"ကောင်းပြီ အစားကြူးနတ်ဘုရားစားသောက်ပွဲကို ဆက်လက်ကျင်းပကြမယ်..."


ချူချန်းရှန်၏ စကားကြားလိုက်ရသည်နှင့် ကြောက်မက်ဖွယ်ရာ အခြေအနေထဲ နစ်မြှုပ်နေသော လူများက ပြန်လည်သတိဝင်လာကြသည်။


"သူက ငါတို့ အစားကြူးတောင်ကြားရဲ့ မဟာသခင်အကြီးအကဲ တကယ့်ဒဏ္ဍာရီလာ လူပဲ သူက လက်ဖဝါးတစ်ချက်တည်းနဲ့ ကောင်းကင်နွေဦး သူတော်စင်သားတော်ကို ဖိနှိပ်လိုက်နိုင်တယ်...အခုဆိုရင် အဲ့ဒီသူတော်စင်က အီးတောင်ကျယ်ကျယ်မပေါက်ရဲတော့ဘူး..."


"ဟာ...ဟား.. အဲ့ဒီကောင်းကင်နွေဦးသူတော်စင်သားတော်က အရမ်းကိုပဲ ဝင့်ကြွားနေတာ တကယ်က ချူချန်းရှန်ငယ်ငယ်တုန်းကဆိုရင် အထွဋ်အမြတ် အရှင်သခင်ကိုတောင် သွားတိုက်ခိုက်နိုင်တယ်...ဒီကောင်လေးက ဘယ်လ်ိုလုပ်ပြီး အကြီးအကဲကို ခြိမ်းခြောက်နိုင်မှာလဲ အခုတော့ သူ ဘဝတစ်သက်စာ သင်ခန်းစာရသွားပြီ ဒါနဲ့ ဟိုစားဖိုမှူးလေးက ချူချန်းရှန်ရဲ့ တရားမဝင် ကလေးများလား..."


ပြင်းပြင်းထန်ထန်တုန်လှုပ်ခဲ့ကြသောသူများက ဆူညံပွက်လောရိုက်စွာဆွေးနွေးနေကြသည်။သူတို့ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံလည်းပေါ်လေသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော်ကသူ့၏ စင်မြင့်ထက်တွင် နှုတ်ခမ်းမှ သွေးများ စီးကျနေပြီးမလှုပ်မယှက်ရှိနေသည်။သို့သော်လည်းသူ့၏ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသော မျက်ဝန်းများက ပုဖန်ကိုသာ စိုက်ကြည့်နေသည်။


"ဟား...ဟား...ဒီကလေးကို ဘယ်လိုပြုမူရမယ်ဆိုတာကောင်းကောင်းကြီး သင်ပေးရမယ်..."


ဆဠမမြောက်အကြီးအကဲက သူ့၏ နှုတ်ခမ်းမွှေးကို ခပ်ဖွဖွပွတ်သပ်ရင်း ပြုံးလိုက်သည်။သူ့၏ စကားက မြှားတစ်စင်းကဲ့သို့ ကောင်းကင်နွေဦး သူတော်စင်သားတော်၏ နှလုံးသားကို ထုတ်ချင်းဖောက်သွားလေသည်။ထို့ကြောင့် သူတော်စင်သားတော်၏ မျက်နာက ပို၍ ရှုံ့မဲ့သွားသည်။


"ကောင်းပြီ...အစားကြူးနတ်ဘုရားစားသောက်ပွဲ စတင်မယ် ..."


ဆဠမမြောက် အကြီးအကဲက ရယ်မောလိုက်ပြီးနောက် သူ့၏ လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ထိုအမူအရာက အစားကြူးဘုတ်ပြားပေါ်တွင် ပါဝင်သော စားဖိုမှူးများအားလုံးကို ငြိမ်သက်သွားစေပြီး သူတို့၏ နေရာမှာ စီစီတန်းတန်းပြန်ဖြစ်သွားစေသည်။


"ဂုဏ်သရေရှိ လူကြီးမင်းတို့ အခုကနေစတင်ပြီးတော့ မင်းတို့ရဲ့ ပြိုင်ဘက်ကို ရွေးချယ်နိုင်ပါပြီ...မင်းတို့မှာ သုံးကြိမ်ပဲ စိန်ခေါ်ခွင့်ရှိတယ်ဆိုတာကို သတိရပါ...တစ်ကြိမ်နိုင်လိုက်တာနဲ့ မင်းတို့ရဲ့ နာမည်က အစားကြူးဘုတ်ပြားပေါ်မှာ အဆင့်ဝင်သွားလိမ့်မယ်..."


ဆဠမမြောက် အကြီးအကဲက သူ့၏ နှုတ်ခမ်းမွှေးကို ပွတ်သပ်ရင်း ခပ်ပြုံးပြုံးဖြင့် ပြောဆိုနေသည်။ပုဖန်၏ နောက်မှာရှိနေသောစိန်ခေါ်သူများက ရုတ်တရက်တုန်ယင်သွားကြသည်။သူတို့၏ မျက်ဝန်းများကလည်း ကြယ်များကဲ့သို့ တောက်ပနေသည်။ကျွင်းချင်ရှောင်း၏ မျက်ဝန်းများကလည်းတိုက်ခိုက်ခြင်း အငွေ့အသက်များ ပြည့်နှက်နေလေပြီ ။


ပုဖန် သူ့၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။သူ့၏ မျက်ဝန်းများကလည်း အပေါ်ဘက်သို့ အကဲခတ်ကြည့်ရှုနေလေသည်။သူသည်သာ ပထမဦးဆုံး စတင်ပြောဆိုရမည်သူ ဖြစ်နေပေသည်။


"ငါက အလျင်လိုနေတယ် ဒီတော့ မင်းကို ရွေးလိုက်မယ်..."


အားလုံး အံ့အားသင့်သွားပြီး ပုဖန်လက်ညှိုးညွှန်ရာကိုကြည့်လိုက်ကြသည်။၎င်းက ဝမ်ရမ်ရှန်ထ်ိုင်နေသော စင်မြင့်ဖြစ်လေသည်။ဝိုင်သောက်နေသောဝမ်ရမ်ရှန်က ပုဖန် သူ့ကို ညွှန်ပြလိုက်သောကြောင့် မျက်တောင်ခတ်လိုက်မိသည်။


ကြည့်ရှူနေသော သူများကလည်းပုဖန်၏ အပြုအမူကြောင့် လေအေးတစ်ချက်ရှိူက်လိုက်မိကြသည်။


"ဒီကလေးက တော်တော်ကြီးကို ဝင့်ကြွားတာပဲ သူက ပထမဆုံး အချီမှာတင် ထိပ်သီး၁၀ယောက်ထဲက လူကို စိန်ခေါ်ရဲတယ်..."


........


ဆည်းဆာရေကန်...


ဘုန်း...


တိုးတိမ်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရေပြင်တစ်ခုလုံးက လှိုင်းများထသွားသည်။


ဘုန်း...ဘုန်း...


တုန်ခါဆူညံသံများ ပိုမိုထွက်ပေါ်လာပြီးနောက် ရေလှိုင်းများက အကြမ်းပတမ်းဘောင်ပင် ခတ်လာသည်။ဒီရေက ကမ်းစပ်ထိတိုင်အောင် တိုးမြင့်လာပေ၏။ရေပူဖောင်းများ ပေါက်ကွဲထွက်လာပြီး ရေလှိုင်းများက ကောင်းကင်ထိတိုင်အောင်ပင် မြင့်တက်လာသည်။ရေကန်အနှံ့တွင် ကူးခတ်နေလေ့ရှိကြသောငါးများက တိတ်ဆိတ်ငြိမ်သက်နေလေသည်။


ခဏအကြာ၌ တစ်စုံတစ်ကျိုးပဲ့သွားသည့် အသံမျိုးထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ရာ ကြီးမားလှသောလှိုင်းလုံးတစ်လုံးက ကောင်းကင်ထိတိုင်အောင် ရိုက်ခတ်သွားသည်။


ရေကန်ထဲမှနေ၍ အကြေးခွံများဖုံးလွှမ်းနေသောလက်တစ်ဖက်ထွက်ပေါ်လာသည်။ထိုလက်က ကမ်းခြေကို ပုတ်လိုက်လေရာ ကမ်းခြေပင် နစ်ကျွံသွားအောင် ပြုလုပ်လိုက်လေသည်