အပိုင်း ၆၉၅
Viewers 53k

အခန်း ၆၉၅

အဆင့်တက်ခြင်း...


နံရိုးချိုချဉ်ကြော်၏ သင်းပျံ့မွှေးကြိုင်သော ရနံ့များနှင့် စိတ်ဝိညာဉ် စွမ်းအားများက လေထဲတွင် လွင့်ဝဲနေသည်။လတ်တလော ပြင်ဆင်ထားပြီးသား ဟင်းပွဲကို ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်၏။


ထိုအချိန်တွင် စနစ်၏ တည်ငြိမ်လှသော အသံ ထွက်ပေါ်လာသောကြောင့် ပုဖန် ခဏမျှ မှင်သက်သွားပြီး သူ့၏ နှုတ်ခမ်းများပေါ်၌ အပြုံးတစ်ခုပေါ်လာသည်။


"စနစ်ပေးအပ်ထားတဲ့ ဟင်းပွဲ ပြင်ဆင်ခြင်းတာဝန်ကို ပြီးမြောက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင် ...အခု စတင်ပြီး အဆင့် မြင့်တင်ပါတော့မယ်..."


(သူအဆင့် မြင့်နိုင်တော့မှာလား...နောက်ဆုံးတော့ သူအဆင့်တက်ပြီပေါ့...)


ပုဖန် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ထို့နောက် နံရိုးချိုချဉ်ကြော်နှင့် ထမင်းကြော်ပန်းကန်တို့ကို သယ်၍ မီးဖိုခန်းထဲမှ ထွက်လာလိုက်သည်။သူလမ်းလျှောက်လိုက်တိုင်း အော်ရာများကလည်း တဖြေးဖြေးချင်းပြောင်းလဲလာသည်။


သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း သိပ်သည်းလှသော စွမ်းအင်လှိုင်းများကပါ လိုက်ပါလာ၏။သူ့၏ စိတ်ဝိညာဉ် စွမ်းအင်များက ထုထည်ကြီးမားလာသည်။


"ဘလက်ကီ. နယ်သာရီ ညစာစားဖို့ ထွက်ခဲ့ကြ ..."


ပုဖန် စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး အစစ်အမှန်စွမ်းအင်များက်ို သူ့ခန္ဓာကိုယ်ထဲကို လွတ်လွတ်လပ်လပ်စီးဝင်ခွင့်ပြုလိုက်သည်။သူ စားသောက်ခန်းထဲ ရောက်သည့်အခါ၌ တံခါးများပိတ်ထားကြောင်းကို သတိပြုမိလိုက်သည်။


မျက်နာကျက်ပေါ်၌ ရှိနေသော ကျောက်မျက်ရတနာကဲ့သို့ ကြည်လင်တောက်ပလှသော ကျောက်များက ဆိုင်အတွင်းသို့ နေ့အလင်းရောင်အလား လင်းထိန်နေစေသည်။နယ်သာရီက ဖြူဖျော့သော မျက်နာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။သူမကို ကြည့်ရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း စားသောက်စရာများ၏ ရနံ့ကို ရလိုက်သည်နှင့် ချက်ချင်းပင် လန်းဆန်းတက်ကြွလာလေသည်။


သိမြင်မှု သစ်သီးပင် အောက်တွင် ဘလက်ကီက ငြိမ်သက်စွာ အိပ်ပျော်နေသည်။အသက်တစ်ချက်ရှူလိုက်တိုင်း သူ့၏ အဆီပြည့်နေသည့် ဗိုက်သားပြင်က လှုပ်ခါသွားသည်။


သူက ပုဖန် မီးဖိုခန်းထဲမှလျှောက်ထွက်လာကတည်းက ငိုက်မြည်းသော မျက်လုံးများကို ဖွင့်လိုက်သည်။ထို့နောက် ပုဖန်လက်ထဲမှရနံရိုးချိုချဉ်ကြော်ပန်းကန်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေ၏။


 ခဏအတွင်းမှာပင် ဘလက်ကီက အလင်း၏ အရှိန်နှုန်းဖြင့် နေရာရွှေ့ပြောင်းလိုက်သလိုမျိုး အလင်း၏ အရှိန်နှုန်းဖြင့် နယ်သာရီ၏ ဘေးနားတွင်ပေါ်လာသည်။


သူ့၏ လက်ဖဝါးတုတ်တုတ်ဖြင့် စားပွဲကို ပုတ်လိုက်ပြီး ပုဖန်ကို မျှော်လင့်ခြင်းကြီးစွာ ကြည့်နေလိုက်သည်။


ပုဖန် ဟင်းပွဲများကို နယ်သာရီနှင့် ဘလက်ကီရှေ့ ချပေးလိုက်သည်။သူ့၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအင်များ လှည့်လည်နေသည်ကိုခံစားမိနေသည်။ပမာဏ တိုးပွားလာသော စွမ်းအင်များက သူ့ကို ပို၍ သက်တောင့်သက်သာရှိစေသည်။


ဘလက်ကီက လျှာထုတ်လိုက်ပြီး စားစရာများကို လောဘတကြီးနှင့် အငမ်းမရစားသောက်လေတော့သည်။နယ်သာရီကလည်း အလွန်ပင် စိတ်လှုပ်ရှားနေသော မျက်ဝန်းတောက်တောက်လေးများဖြင့် ထမင်းပန်းကန်ကို ကြည့်လိုက်သည်။ထို့နောက် သူမ၏ လက်ဗလာဖြင့်ပင် ထမင်းအလုတ်ကြီးကြီးဆုပ်ယူလိုက်ပြီး ပါးစပ်ထဲထိုးသွင်းစားသောက်လိုက်သည်။


ဒီတစ်ကြိမ်၌ ဟင်းပွဲထဲတွင် ခရမ်းအနှစ်သာရများ ပေါင်းထည့်ထားခြင်းဖြစ်၏။ထို့ကြောင့် ထမင်းကြော်ထဲရှိ စိတ်ဝိညာဉ် အနှစ်သာရများက ပို၍ များပြားနေလေသည်။နယ်သာရီ နှစ်လုတ် သုံးလုတ်ခန့် စားပြီးသည်နှင့် သူမ၏ အခြေအနေကပိုမိုကောင်းမွန်လာပြီး မျက်နာက သွေးရောင်ပြန်လွှမ်းလာသည်။


ပုဖန်က ပျော်ရွှင်စွာ စားသောက်နေကြသော နှစ်ယောက်ကို ကြည့်၍ အနည်းငယ် ပြုံးလိုက်သည်။ထို့နောက် သူ ခုံတစ်ခုံကိုဆွဲယူ၍ ဘလက်ကီတို့နှင့် မျက်နာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။


ထိုအချိန်တွင် ဆန်းကြယ်သော အရိပ်တစ်ချက် လက်သွားပြီးနောက် သူ့၏ စိတ်ဝိညာဉ်နှင့် နှလုံးသားက နက်နက်ရှိုင်းရှိုင်းနစ်မြှုပ်သွားလေသည်။


ပိုင်ရှင်ပုဖန် အစစ်အမှန် စွမ်းအင်ကျင့်ကြံခြင်းအဆင့်။ ။ အဆင့်တစ်ဆယ် ၊ မသေမျိုး ခန္ဓာ နယ်ပယ်.. မသေမျိုး ခန္ဓာ အထွဋ်အထိပ် ကျင့်ကြံသူ...


အချက်အပြုတ် စွမ်းရည် ။ ။ ကြယ်ငါးပွင့် .


ကျွမ်းကျင်မှုများ ။ ။ဒုတိယအဆင့် ကြယ်ပျံ ဖြတ်တောက်ခြင်းနည်းပညာ (၁၀၀/၁၀၀) ၊ ဒုတိယအဆင့် အသားလွှာ ထွင်းထုခြင်းနည်းစနစ် (၁၀၀/ ၁၀၀) ၊ ပထမအဆင့် ဓားဆယ့်သုံးချက်အရှင်သခင် ( ၈/ ၁၃) ၊လျှာကဝေအစီအရင်( ၂/ ၆) ။


ချက်ပြုတ်ရေးပစ္စည်းများ ။ ။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ၊ မဟူရာလိပ်ခုံးဒယ်အိုး ၊ နီရောင် စားဖိုမှူးဝတ်စုံ ၊

          


ချက်ပြုတ်ခြင်းနတ်ဘုရားအဆင့်သတ်မှတ်ချက် ။ ။ အလယ်တန်းစားဖိုမှူး (အချက်အပြုတ်စွမ်းရည်သည် တခြားအဆင့် တစ်ဆင့်သို့ တိုးတက်လာပြီဖြစ်သည်။ကျွမ်းကျင်မှုများ ပိုမို တိုးပွားလာသည်နှင့်အမျှ သင့်အတွက် ပိုမိုကျယ်ပြန့်သော အချက်အပြုတ် ကမ္ဘာတံခါးများ ပွင့်လာပြီဖြစ်သည်။ယခု သင် စွယ်စုံရ ဟင်းပွဲများကို စတင်ချက်ပြုတ်နိုင်ပါပြီ။)


စနစ်၏အဆင့် ။ ။ ကြယ် ၁၁ ပွင့် (စွမ်းအင်ပြောင်းလဲနိုင်မှု အချိုးသည် ရာနှုန်းပြည့် ဖြစ်သည်။)


စနစ်၏ ဆု ။ ။အသားရတနာသိုက် ၊နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ( ၁/၅)


အပိုဆောင်း တာဝန် ။ ။ပိုင်ရှင်၏ အဆင့်က မသေမျိုး ခန္ဓာအထွဋ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် အဆင့် တက်ခြင်း အကဲဖြတ်မှုကို စတင်ပါ...


စနစ်၏ကြော်ညာချက်များကို ဖတ်ပြီးသည်နှင့် ပုဖန်၏ မျက်ဝန်းများ မူးဝေသွားပြီး သူ့၏ စွမ်းအင်များက အထွဋ်အထိပ်အဆင့်သို့ တစ်ခါတည်းတန်းရောက်သွားလေသည်။


ပုဖန် သူ့၏ စွမ်းအင်ရေဝဲထဲ၌ အရူးအမူး လည်ပတ်နေသော စွမ်းအင်များကို ခံစားမိနေသည်။သူ့၏ စွမ်းအားများကလည်း တဖြေးဖြေးချင်း ပို၍ သန်မာလာလေသည်။


မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်ကို ရောက်သွားခြင်းက သူမျှော်လင့်ထားသည်ထက်ပင် သူ့၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများတိုးပွားလာသည်။ ပုဖန် မျက်လုံးမှိတ်လိုက်ပြီး ပင့်သက်တစ်ချက် မှုတ်ထုတ်လိုက်သည်။


(အဆင့်တက်ခြင်း အကဲဖြတ်မှု အဲ့ဒါ ဘာလဲ ...)


ပုဖန် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။


(အဲ့ဒါက ဘယ်လိုအရာမျိုးလဲ သူကအခုလေးတင် အဆင့်တက်ထားတာ မဟုတ်ဘူးလား...ဘာကို အဆင့်တက်တာကို အကဲဖြတ်ရဦးမှာလဲ)


ပုဖန်က စနစ်ကို အသေးစိတ်အချက်အလက်များ ထပ်မေးလိုက်သည်။


[ပိုင်ရှင်ရဲ့ အခုလက်ရှိ စွမ်းအားက မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ ... အဆင့်တက်ခြင်း အကဲဖြတ်မှု အစပြိုး စနစ်ကို စတင်လိုက်ပါပြီ...နောက်ဆုံးအဆင့်ကို ချိုးဖျက်ပြီးသွားတာနဲ့ မသေမျိုး ဝိညာဉ် အဆင့်ကို ရောက်သွားပါလိမ့်မယ်...]


စနစ်၏ ထိုအဖြေကို ပုဖန် မမျှော်လင့်ထားမိသောကြောင့် အံ့သြသွားမိသည်။သူက ယခုမှ အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။သူ အဆင့်တက် အကဲဖြတ်ခြင်းကို ချက်ချင်းမကျော်ဖြတ်ရဲသေးပေ။ထိုအဆင့်က ခက်ခဲပေလိမ့်မည်။ထို့နောက် ပုဖန်က အခုချက်ချင်း စိန်ခေါ်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


သူက ယခုတစ်ခေါက် အဆင့်မြင့်တင်ခြင်းအတွက် ရရှိလာသော ဆုလာဘ်များကိုသာ ကြည့်လိုက်သည်။သူ အောင်မြင်မှု တစ်ခုရသည်နှင့် စနစ်က ဆုပေးသည်မှာ လုပ်ရိုးလုပ်စဉ် တစ်ခုပင်ဖြစ်နေပေသည်။


"အသားရတနာသိုက် ..."


ပုဖန် မျက်လုံးမှိတ်၍ သူ့စ်ိတ်ထဲမှ ချက်ပြုတ်ခြင်း လမ်းညွှန်ကို ဖတ်ပြီးနောက် အံ့အားတသင့် ရေရွတ်လိုက်မိသည်။သူ ယခုပင် ထိုဟင်းပွဲကို စမ်းချက်ချင်လာသည်။၎င်းဟင်းပွဲက စံနမူနာ ထားလောက်သော ဓားကျွမ်းကျင်မှု များလိုအပ်ပေသည်။သူ့၏ လက်ရှိ စွမ်းရည်ဖြင့် ထိုဟင်းပွဲကို ချက်နိုင်ဖို့ရာနှုန်းပြည့်မသေချာပေ။


ထို့အပြင် သူက နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများက စုံလင်သွားပြီဟု ယူဆထားခဲ့ခြင်းဖြစ်သည်။သို့သော်လည်း နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစ တစ်ခုကထွက်ပေါ်လာခြင်းက သူ့ကို အံ့သြသင့်သွားစေသည်။


(ဒီအပိုင်းအစက ငါးခုတောင် စုဆောင်းရမှာဆိုတော့ ပိုပြီး စွမ်းအားကြီးပြီး ပိုအံ့သြစရာကောင်းတာမျိုးလား)


ပုဖန်က နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများ၏ တကယ့်စွမ်းအားက်ို နားလည်သွားပြီ ဖြစ်ပြီး သူ အစုံလိုက် ပြီးပြည့်စုံအောင် စုဆောင်းရန် လိုအပ်ကြောင်း သိပေသည်။


ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအစာကွင်းဆက်များ၏ ထိပ်ဆုံး၌ ချက်ပြုတ်ရေးနတ်ဘုရားတစ်ပါးအဖြစ် ရပ်တည်လိုလျှင် နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအစုံလိုက်ကို လိုအပ်ပေလိမ့်မည်။


..

နယ်သာရီက ထမင်းပန်းကန်ကို ပြောင်စင်အောင် လျက်လိုက်သည်။သူမ၏ မျက်နာက စိတ်လှုပ်ရှားမှုဖြင့် နီရဲနေသည်။သူမက စိတ်ဝိညာဉ် အနှစ်သာရများပြည့်နေသော လေချဉ် တစ်ချက်တက်လိုက်သည်။ထို့နောက် သိမြင်မှု သစ်သီးပင်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။


သူမ ငရဲကမ္ဘာသင်္ဘောကို ဆွဲထုတ်လိုက်ပြီး သစ်ပင်နားတွင် နေရာချလိုက်သည်။ပြီးနောက် သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်ပဲ သင်္ဘောပေါ်သို့ တွားတက်သွားလေသည်။သူမ သင်္ဘောအခန်းငယ်ထဲ ရောက်သည်နှင့် တံခါးက တင်းကျပ်စွာ ပိတ်သွားလေသည်။


ဘလက်ကီက နံရိုးများကို တစ်မြုံ့မြုံ့ဝါးနေဆဲဖြစ်သည်။ရှစ်လေးက တက်ကြွထက်သန်စွာဖြင့် ဆိုင်ပတ်လည် လျှောက်ပြေးနေသည်။


.ပုဖန် အဆင့် ချိုးဖျက်တက်ရောက်သွားပြီးနောက် သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် စိတ်စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေပုံရလေည်။


မီးခိုးရောင်လွှမ်းနေသော နယ်မြေထဲတွင် ပုဖန်၏ စိတ်စွမ်းအားများက လည်ပတ်နေပြီး ပုံသဏ္ဍာန်တစ်ခုအဖြစ် ထွက်ပေါ်လာလေသည်။ပုဖန်၏ စိတ်စွမ်းအင်များက သူ အဆင့်မချိုးဖောက်ခင်ကပင် မသေမျိုး ခန္ဓာအဆင့် တစ်ယောက်ထက် သန်မာလေသည်။ယခုအဆင့် ချိုးဖောက် တက်ရောက်ပြီးလေရာ ပို၍ အင်အားကြီးလာလေ၏။


သူ့၏ အတွေးတစ်ချက်ဖြင့်ပင် မုန်တိုင်းတစ်ခု ဖန်တီးနိုင်မည့်ပုံပေါ်လေသည်။အာရုံ ငါးပါးခံစားမှုက ပိုမို ပြတ်သားလာသည်။အကြားအာရုံက ပိုမို ကောင်းမွန်လာပြီး အကွာအဝေးတစ်ခုရှိ အသံများကိုပင် ကြားနိုင်လာသည်။အမြင်အာရုံကလည်း ပိုမိုကြည်လင်ပြတ်သားလာသည်။


(ပိုသန်မာလာတဲ့ စိတ်စွမ်းအင်က ဘယ်လ်ိုအကျိုးကျေးဇူးတွေကိုများ ယူဆောင်လာနိုင်မလဲ...)


စားဖိုမှူးတစ်ဦးဖြစ်သော ပုဖန်အနေဖြင့် သူ့၏ ဖြတ်တောက်ခြင်းနည်းစနစ်များနှင့် ချက်ပြုတ်ခြင်းစွမ်းရည်များ စည်းချက်ကျနစေရန်အတွက် စိတ်စွမ်းအင်များကို လိုအပ်ပေသည်။


ပါဝင်ပစ္စည်းများအတွင်းမှ ဝိညာဉ် စွမ်းအားကို ခံစားနိုင်ရန်အတွက်လည်း စိတ်စွမ်းအင်ကို လိုအပ်ပေသည်။သို့မှသာ ဟင်းပွဲအတွင်းရှိ စိတ်စွမ်းအင်များကို သေချာစီမံနိုင်မည်ဖြစ်ပြီး လုံးဝ ထိန်းချုပ်နိုင်ပေလိမ့်မည်။


အစစ်အမှန် စွမ်းအင်များ ပြန်လည် ငြိမ်ကျသွားပြီးနောက် မသေမျိုး ခန္ဓာအထွဋ်အထိပ်အဆင့်တွင် အခြေကျသွားပြီဖြစ်သည်။ပုဖန် သူ့၏ အနက်ရောင်လက်ပတ်ရှိသော လက်ကို မြှောက်ကြည့်လိုက်သည်။ထိုနေရာမှ ကြောက်မက်ဖွယ်ရာစွမ်းအားများ ဖြာထွက်နေသည်ကို ခံစားမိလေသည်။


နံရိုးချိုချဉ်ကြော်စားပြီးသွားပြီဖြစ်သော ဘလက်ကီက ခုံပေါ်မှ ပြန်လည် ဆင်းလိုက်ပြီး သိမြင်မှု သစ်သီးပင်အောက်သို့ ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့်လျှောက်သွားလိုက်သည်။


ထို့နောက် သူ သစ်ပင်အောက်တွင်လဲလျောင်းလိုက်ပြီး ပြန်လည်အိပ်စက်ရန်ပြင်လိုက်သည်။စားပြီးအိပ် အိပ်ပြီးစားခြင်းကလည်း သူ့၏ အလုပ်ကြီးအကိုင်ကြီး တစ်ခုသာဖြစ်သည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူထရပ်လိုက်ပြီး စားပွဲပေါ်မှ ပန်းကန်ပြားကို ရှင်းလင်းသိမ်းဆည်းလိုက်သည်။သူ မီးဖိုချောင်ထဲသို့ဝင်ကာ ပန်းကန်ဆေးစက်ထဲ ထည့်ထားလိုက်ပြီးနောက် သူ့၏ အခန်းရှိရာဆီသို့ ပြန်လည်တက်လာခဲ့သည်။


ဆိုင်အတွင်းထွန်းလင်းနေသော အလင်းရောင်က ပြန်လည် မှိန်ကျသွားလေသည်။အေးမြလှသော ငွေလရောင်က ကြမ်းပြင်ပေါ်သို့ ဖြာကျနေသည်။လရောင်၏ အောက်တွင် ဘလက်ကီ၏ အမွှေးနက်နက်များက တောင်ပြောင်နေသည်။


ဘလက်ကီက မျက်လုံးများ ဖွင့်လိုက်ပြီး ပုဖန်၏ တဖြေးဖြေးပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်လိုက်သည်။သူ ခပ်တိုးတိုးရေရွတ်လိုက်သည်။


"ပုဖန်ရဲ့အချက်အပြုတ်စွမ်းရည်က သိသိသာသာကို တိုးတက်လာပါလား...မနက်ဖြန် အရသာရှိတဲ့ နံရိုကြော်စားဖို့ကို မစောင့်နိုင်တော့ဘူး..."


နယ်သာရီကို သူပေးအပ်ခဲ့သော ခွေးမွှေးသုံးချောင်းလုံး ကုန်ဆုံးသွားခြင်းက ထိုနှစ်ယောက်တွေ့ကြုံခဲ့ရသော အန္တရာယ်ဒုက္ခများကို သက်သေပြနေပေသည်။


...


ပုဖန် အခန်းထဲ ပြန်ရောက်ပြီး၌ သူ့၏ အိပ်ယာကို ရှောင်ယအသုံးပြုထားသည်အား သတိရသွားသည်။သူ နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။ထို့နောက် ရေချိုးခန်းထဲဝင်ကာ ရေပူဖြင့် သန့်စင်ဆေးကြောလိုက်သည်။


ပြီးသည်နှင့် သူရေစက်လက်ကျနေသော ဆံပင်နှင့် ရေချိုးခန်းဝတ်စုံကို ဝတ်ထားပြီး အခန်းထဲမှထွက်ကာ မီးဖိုချောင်စီသို့ဆင်းလာလိုက်သည်။


သူ့၏ လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည်နှင့် ကြီးမားလေးလံလှသော အနက်ရောင်ဓားတစ်ချောင်း သူ့လက်ထဲ ရောက်လာလေသည်။သူ စနစ်ပြင်ဆင်ပေးထားသော ပါဝင်ပစ္စည်းများကို လှီးဖြတ်ကာ ဓားကျွမ်းကျင်မှု လေ့ကျင့်ခန်းကို စတင်လိုက်သည်။


သူ့၏ အိပ်ယာကို ရှောင်ယကအပိုင်သိမ်းထားသည်ဖြစ်ရာ ထိုအချိန်အတွင်း လေ့ကျင်းခန်းသာပြုလုပ်၍ ဖြတ်သန်းရပေမည်။ထို့အပြင် စနစ်မှ ဆုအဖြစ်ရရှိထားသော အသားရတနာသိုက်ဟင်းပွဲအကြောင်းကိုလည်း တွေးတောနိုင်ပေသည်။


ဒုတ် ဒုတ် ဒုတ်....


စဉ်းနှီတုံးနှင့် ဓားနှင့် ထိခတ်သံက စည်းချက်ကျကျ ထွက်ပေါ်နေသည်။ကောင်းကင်ယံထက်တွင် ထွန်းလင်းသာနေသော လမင်းသည် တိမ်များကြားထဲ တဖြေးဖြေးနစ်မြှုပ်ပျောက်ကွယ်သွားပြီး မိုးကုတ်စက်ဝိုင်းဆီမှ နေရောင်ခြည်မြင့်တက်လာပေသည်။


နေ့သစ်တစ်နေ့ စတင်ပေပြီ။