အပိုင်း ၆၉၇
Viewers 53k

အခန်း ၆၉၇

နန်ကုန်းဝူချယ်အတွက်ဘာမှမကျန်ဘူး...


နန်ကုန်းဝူချယ်ဆီမှ ခွင့်ပြုချက်ရလိုက်သည်နှင့် ရှောင်ယ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများပြည့်နှက်သွားပြီး သူမမျက်လုံးလေးများပင် ပြုံးသွားသည်။


"ဒီကမ္ဘာကြီးပေါ်မှာ လူကောင်းတွေရှိသေးတာပဲ..."


ထို့နောက် သူမ၏ လက်သေးသေးလေးများကို နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပွဲဆီ လှမ်းလိုက်ပြီး ပါးစပ်ကျယ်ကျယ်ဟလိုက်သည်။


ရှလွတ်...


နန်ကုန်းဝူချယ် အလွန်ထိတ်လန့်အံ့သြသင့်နေသော အမူအရာဖြင့် ရှောင်ယကို ကြည့်နေမိသည်။သူ့၏ မျက်ဝန်းများက အလွန်ကြောက်စရာကောင်းလှသော မြင်ကွင်းတစ်ခုကို ကိုယ်တိုင်မြင်တွေ့လိုက်ရသလို ပြူးကျယ်နေ၏။


သူ့၏ ပါးစပ်ကလဲ ကြက်ဥနှစ်လုံးပစ်ထည့်လို့ ရလောက်အောင်ပင် အဟောင်းသားဖြစ်နေသည်။နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပွဲထဲမှ ဝက်ခြေထောက်တစ်ချောင်းကိုသာ စားရသေးသည်။ထိုကလေးမလေးက ကျန်သည့် စွပ်ပြုတ်အားလုံးကို အရည်တစ်စက်ပင်မကျန်အောင် စားလိုက်ပေပြီ။


ကလေးမလေးက စွပ်ပြုတ်အိုးကို ဘန်းခနဲ မြည်အောင် ပြန်ချလိုက်ပြီးနောက် သူမ၏ ပါးစပ်ထဲမှ အစားများကို ဝါးလိုက်ကာ တစ်ခါတည်းမျိုချလိုက်သည်။သူမနှုတ်ခမ်း၌ ဆီများကွက်နေပုံမှာ ပို၍ နူးညံ့တောက်ပြောင်နေသလိုပင် ထင်ရသည်။ထို့နောက် အင်္ကျီလက်စဖြင့် ပါးစပ်ကို ပွတ်သပ်လိုက်သည်။သူမက စိတ်ကျေနပ်စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။


"အရမ်းကိုအရသာရှိတာပဲ ကျေးဇူးအများကြီးတင်ပါတယ် အကိုကြီး ..."


ရှောင်ယက ပြုံး၍ ပြောလိုက်သည်။ခေါင်းအသာစောင်းငှဲ့၍ ပါးစပ်အဟောင်းသားကြည့်နေသော နန်ကုန်းဝူချယ်က အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။


"နင်ပျော်တယ်ဆ်ိုရင် ပြီးတာပါပဲ..."


သူကိုးရို့ကားယားဟန်ဖြင့် ခပ်ဖျော့ဖျော့ရယ်မောလိုက်သည်။သူ့၏ နှလုံးသားထဲတွင်တော့ သွေးစိမ်းရှင်ရှင်ကျနေပေပြီ။အစောပိုင်းက ကလေးမလေးအတွက် ပန်းကန်လုံးအသေးပြင်ဆင်ထားခြင်းဖြစ်သည်။သို့သော် ယခု ဘာအတွက် ပန်းကန်လုံးသုံးရမည်နည်း။။


စွပ်ပြုတ်တစ်ပွဲလုံးကပင် ကလေးမလေး၏ ပါးစပ်ထဲ ပြည့်အောင်မစွမ်းနိုင်လေရာ သူ့အတွက် တစ်စက်မှ မကျန်ခဲ့တော့ပေ။နန်ကုန်းဝူချယ် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး ကလေးမလေးအား မွန်းစတားတစ်ကောင်ကို မြင်ရသလိုမျိုးကြည့်နေမိသည်။


"ငါတောင်းပန်ပါတယ် အကိုကြီး စွပ်ပြုတ်အားလုံးကို စားမိသွားတယ်..."


ရှောင်ယက နန်ကုန်းဝူချယ်၏ ထိတ်လန့်နေသော အကြည့်များကို သတ်ိပြုမိလိုက်ပြီးနောက် သူမ၏ ခေါင်းအနောက်ကို ကုတ်လိုက်ပြီး တောင်းပန်စကားဆိုလိုက်သည်။


"ရပါတယ် နင်ပျော်နေတယ်ဆိုရင် ပြီးတာပဲ...အိုး ..ဒါနဲ့ တစ်ခုလောက်မေးပါရစေ နင်က ဘော်ဒါပုရဲ့ တရားမဝင်ကလေးလား..."


နန်ကုန်းဝူချယ်က မျက်ဝန်းများမှေးကျင်းလိုက်ပြီးနောက် သူလေသံတိုးတိုးဖြင့် မေးလိုက်သည်။ရှောင်ယ ဇဝေဇဝါဖြစ်သွားသည်။


"ဘော်ဒါပု ဆိုတာ ဘယ်သူလဲ..."


"ဘော်ဒါပုဆိုတာ ပိုင်ရှင်ပုကို ပြောတာလေ ခုဏက နင်နဲ့ တွေ့တဲ့တစ်ယောက်...နင်သိတယ်မဟုတ်လား သူက အမြဲတမ်း မျက်နာသေနဲ့လေ ..."


နန်ကုန်းဝူချယ်က တိတိကျကျ ညွှန်းဆိုလိုက်သည်။


"ဟမ်...မဟုတ်ဘူး မဟုတ်ဘူး အကိုကြီးက ငါ့ကို အရမ်းကောင်းတယ် ငါ့ရဲ့ မိဘတွေက သေသွားတာ တော်တော်ကြာပြီ ..."


ရှောင်ယက အလျင်အမြန်ပင် လက်ယမ်း၍ ငြင်းဆိုလိုက်သည်။


"သူတို့က သေသွားကြပြီလား..."


နန်ကုန်းဝူချယ်၏ မျက်နာပေါ်၌ ထူးဆန်းသော အကြည့်များက ပျောက်ကွယ်သွားသည်။ထို့နောက် သူတောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ရှောင်ယ၏ ခေါင်းလေးကို အသာပုတ်လိုက်သည်။


"အိုး...သနားစရာကောင်းလိုက်တဲ့ ကလေးမလေး..."


သူက ရှောင်ယ၏ ရှုပ်ပွနေသော ခေါင်းကို ပို၍ ငှက်သိုက်ဖြစ်အောင် လုပ်လိုက်မိလေသည်။


ရှောင်ယက တိတ်တဆိတ်သာ ငြိမ်သက်နေလေသည်။


နန်ကုန်းဝူချယ်က ရှောင်ယနှင့် စကားစပ်မြည် ဆက်ပြောလိုက်သည်။သူ၏ အဆုံးမသတ်နိုင်သောစကားများကြား၌ ရှောင်ယ၏ မျက်နာက တဖြေးဖြေး ရှုပ်ထွေးလာသည်။


(ဒီအကိုကြီးက နေမကောင်းဖြစ်နေတာများလား ဘာလို့ သူပြောတဲ့ စကားတွေကို ငါနားမလည်ရတာလဲ ...)


အချိန်တစ်ချို့ ကြာပြီးနောက် သူတို့နားသို့ ချဉ်းကပ်လာသော ခြေသံကို ကြားလိုက်ရသောကြောင့် သူတို့ နှစ်ယောက်သားလှည့်ကြည့်လိုက်သည်။ပုဖန်က သူသယ်လာသော ဥထမင်းကြော်ကို စားပွဲပေါ် ချပေးလိုက်သည်။ပြီးသည်နှင့် သူ နန်ကုန်းဝူချယ်ဘက်သို့ လှည့်ကြည့်၍ ပြောလိုက်၏။


"မင်းစားလို့ ပြီးသွားပြီလား..."


သူက နန်ကုန်းဝူချယ်ရှေ့တွင်ရှိနေသော ပြောင်သလင်းခါနေသည့် စွပ်ပြုတ်အိုးကို ကြည့်လိုက်သည်။နန်ကုန်းဝူချယ် နှုတ်ခမ်းများရှုံ့မဲ့သွားလေသည်။


"ဟုတ်တယ်လေ စားလို့ ကုန်သွားတာ...မျက်တောင်တစ်ခတ်အတွင်းမှာပဲ စားခံလိုက်ရတာ..."


"မင်းစားပြီးပြီဆိုရင်လည်း ဆိုင်ထဲက ထွက်သွားပေးပါ တခြားသူတွေ စားပွဲစောင့်နေကြတယ်..."


နန်ကုန်းဝူချယ်က ခါးသီးမှုအပြည့်ဖြင့် ပြောလိုက်သည်။


"ဘော်ဒါပု ငါ့ကို အဲ့ဒီလိုမျိုးကြီး မဆက်ဆံပါနဲ့နော် ငါဒီမှာ ရှောင်ယနဲ့ စကားထပ်ပြောချင်သေးတယ်...ငါတို့က အနာဂတ်မှာ ဘယ်လိုမျိုး တက်တက်ကြွကြွနဲ့ နေထိုင်ကြမလဲဆိုတဲ့ အကြောင်းကို ပြောနေကြတာ ..."


ပုဖန်က ခေါင်းငဲ့လိုက်ပြီး မျက်နာသေဖြင့် ကြည့်လိုက်သည်။


နန်ကုန်းဝူချယ်က ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီးနောက် မီနူးကို ညွှန်ပြလိုက်ပြီး ဟင်းပွဲများစွာ ထပ်မှာလိုက်သည်။


သူက နန်ကုန်းမိသားစု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်နေသောကြောင့် ပိုက်ဆံမရှားပါးပေ။ပုဖန်က နန်ကုန်းဝူချယ်ကို ပြောစရာစကားမဲ့စွာ တစ်ချက်ကြည့်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားလိုက်သည်။


"ဘော်ဒါပုရဲ့ အချက်အပြုတ်စကေးကတော့ အရမ်းပဲ ကောင်းတယ် ...တစ်ခုပဲ သူ့ရဲ့ မျက်နာက အဲ့ဒီလို မျက်နာသေဖြစ်နေတာလေး တစ်ခုပဲ ..."


နန်ကုန်းဝူချယ်က ပုဖန်၏ နောက်ကျောကို ကြည့်နေရင်း ရေရွတ်လိုက်သည်။


"အကိုကြီးရဲ့ စိတ်ထားက အရမ်းကောင်းတယ် ..."


ရှောင်ယက အလေးအနက်ဝင်ပြောလိုက်သည်။


"နင့်ရဲ့ အစားကိုပဲ စားစမ်းပါဟုတ်ပြီလား...ဘော်ဒါပုက နင့်အဖေလည်း မဟုတ်ပဲနဲ့ ဘယ်လိုဖြစ်လို့ သူ့ဘက်လိုက်ပြီး ပြောနေတာလဲ..."


နန်ကုန်းဝူချယ်က ရယ်မောလိုက်ပြီး ရှောင်ယ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ရှောင်ယက တိတ်တဆိတ်သာနေလိုက်ပြီးနောက် သူမ၏ မျက်ဝန်းများက စားပွဲပေါ်ရှိ ထမင်းကြော်ပန်းကန်ဘက်သို့ ရောက်သွားလေသည်။


ဥထမင်းကြော်ပွဲဆီမှ အပူငွေ့တထောင်းထောင်းနှင့်အတူ စိတ်ဝိညာဉ် စွမ်းအင်များ သင်းကြိုင်လှသော ရနံ့များလွင့်ပျယ်နေလေသည်။ထိုမွှေးရနံ့များက သူမ၏ နှာခေါင်းထဲ တိုးဝင်သွားပြီး သူမကို နောက်တစ်ကြိမ်ဆာလောင်လာစေပြန်သည်။


သူမဇွန်းကို ယူလိုက်ပြီး ထမင်းတစ်ဇွန်းပြည့်ပြည့်ခပ်လိုက်သည်။ပို၍ ပြင်းသောမွှေးရနံ့က ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားလေသည်။ရှောင်ယက စိတ်လှုပ်ရှားမှုကြောင့် ဆံပင်များပင် ထောင်ထသွားသလို ခံစားလိုက်ရသည်။


"အနံ့က အရမ်းကောင်းတာပဲ ..."


"ဒါက ပိုင်ရှင်ပုရဲ့ မူပိုင်ဟင်းပွဲလေ.."


နန်ကုန်းဝူချယ်က နှာခေါင်းရှုံ့၍ အနံ့ခံလိုက်ပြီးနောက် ပြောလိုက်သည်။ဒီတစ်ကြိမ်၌ ရှောင်ယက နန်ကုန်းဝူချယ် ပေါက်ကရရှစ်ဆယ် လျှောက်ပြောနေသည်များကို စ်ိတ်ထဲ ထားမနေတော့ပေ။ထမင်းကြော်ဇွန်းကို ခတ်လိုက်ပြီး သူမ တဖူးဖူးမှုတ်လိုက်သည်။ထမင်းကြော်က အရမ်းကို ပူနေသေး၏။


ထောင်တျဲဝိညာဉ်ကို ဆုံးရှုံးလိုက်ပြီးနောက် အစားသရဲကဲ့သို့ စားနိုင်စွမ်းက ပျောက်ကွယ်သွားပုံရလေသည်။သို့သော်လည်းသူမတွင် အတောမသတ် စားချင်နိုင်စွမ်းကို ပိုင်ဆိုင်ထားတုန်းဖြစ်သည်။ဥထမင်းကြော်ကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ကောင်းမွန်သည့်အရသာကို တစ်ပြိုင်တည်းခံစားလိုက်ရသည်။ထမင်းစေ့လေးများကို ဝါးလိုက်သည်နှင့် မတူညီသော ခံစားမှုများကို ခံစားရလေသည်။


"အဲ့ဒါက အရမ်းအရသာမရှိဘူးလား ...အဲ့ဒီထမင်းကြော်ထက် ဘယ်ဟာက ပိုပြီး အရသာရှိတယ်ဆိုတာကို ငါနင့်ကို ပြောပြမယ်...အဲ့ဒါ နင်ခုဏလေးကတင်မှ စားလိုက်တဲ့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပဲ ...နင်နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို မြန်မြန်ကြီးစားလိုက်တာက သူ့ရဲ့ တကယ့်အရသာကို ခံစားနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးရတာပဲ ...ငါပြောပြမယ် အဲ့ဒီစွပ်ပြုတ်ရဲ့ အရသာကို ဖော်ပြနိုင်တဲ့ စကားလုံးတစ်လုံးပဲရှိတယ် အဲ့ဒါက အပြည့်အဝ စိတ်ကျေနပ်မှုပဲ ..."


ရှောင်ယက နန်ကုန်းဝူချယ်ကို ကြည့်နေရင်းဖြင့် တစ်လုတ်ပြီးတစ်လုတ် အလင်းအရှိန်နှုန်းဖြင့် စားနေလေသည်။မကြာခင်မှာပင် သူမ၏ ပါးစပ်ထဲ ပလုတ်ပလောင်းဖြစ်နေပြီး နှုတ်ခမ်းထောင့်စွန်းထဲပင် ထမင်းစေ့များကပ်တွယ်နေလေသည်။


"ဟမ်...နင်စားလို့ ပြီးသွားပြီလား..."


နန်ကုန်းဝူချယ်က သူ့၏ စကားပြောခန်းတွင် သူကိုယ်တိုင် နစ်မြှုပ်နေပြီး လှည့်ကြည့်လ်ိုက်စဉ်မှာပင် ရှောင်ယ ပန်းကန်လုံးကို လျက်နေသည်ကို တွေ့လိုက်ရသည်။


"ဒီအရှိန်နှုန်းကတော့ ရူးလောက်စရာပဲ ..."


ရှောင်ယက ပန်းကန်ကို ခုံပေါ်ပြန်ချလိုက်ပြီးနောက် မယဉ်ကျေးစွာဖြင့် လေချဉ်တက်လိုက်သည်။သူမ၏ စားချင်သောက်ချင်စိတ်က ကြီးမားနေတုန်းဆိုပေမယ့် အကန့်အသတ်ရှိနေသည်။ယခုသူမ ပြည့်ဝသွားသလ်ို ခံစားလိုက်မိသည်။


ယန်မိန်ကျီက အနည်းငယ်နီရဲနေသော မျက်နာထားဖြင့် ဟင်းပွဲတစ်ပွဲကို သယ်၍ လျှောက်လာခဲ့သည်။သူမက ဟင်းပွဲကို နန်ကုန်းဝူချယ်၏ ရှေ့၌ ချလိုက်ပြီးနောက် ရှက်ရွံ့စွာဖြင့် တစ်ချက်ခိုးကြည့်လိုက်သည်။ပြီးသည်နှင့် လက်သီးတင်းတင်းဆုပ်လိုက်ပြီး အဝေးသို့ လျင်မြန်စွာ ပြန်လျှောက်သွားလ်ိုက်သည်။


နန်ကုန်းဝူချယ်က ယန်မိန်ကျီကို ကျေးဇူးတင်စကားဆိုလိုက်ပြီး ဟင်းပွဲကို ခပ်ရန်ပြင်လိုက်သည်။ရှောင်ယ၏ ပါပီမျက်လုံးလေးများက သူ့ကို စိုက်ကြည့်နေလရာ မသက်သာပဲ နှုတ်ခမ်းကိုက်လိုက်မိသည်။


"ကဲ လာ တူတူစားကြစို့ ဒါပေမယ့် ငါ့အတွက် ချန်ထားဖ်ို့တော့ သတိရနော်..."


နန်ကုန်းဝူချယ်က နံရိုးချိုချဉ်ကြော် ပန်းကန်ကို ရှောင်ယဘက်သို့ တိုးပေးရင်းပြောလိုက်သည်။နန်ကုန်းဝူချယ် စကားပြောနေစဉ်မှာပင် သူ့၏ ပါးစပ်က တောင့်တင်းသွားပြီး ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။


ရှောင်ယ၏ မျက်ဝန်းလေးများက တောက်ပသွားပြီး သူ့ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်သည်။ပြီးသည်နှင့် ပန်းကန်ကို မလိုက်ပြီး ပါးစပ်ကျယ်ကျယ်ဟကာ နံရိုးများကို တစ်ခုပြီးတစ်ခု ဝါးမျိုလေတော့သည်။နန်ကုန်းဝူချယ် အကြောင်သားငေးကြည့်နေမိသည်။


(သူမက ဘာလို့ အဲ့ဒီလောက် ကြမ်းကြမ်းဖြစ်နေရတာတုန်း သူအခုလေးတင်မှ ဥထမင်းကြော်စားထားတာမဟုတ်ဘူးလား ...ပြီးတော့သူ့ပုံစံက ဘယ်လိုဖြစ်လို့ အစားကို လုစားတဲ့ ပုံစံမျိုးဖြစ်နေရတာလဲ...ဒီကလေးမလေးက ဒီလ်ိုမိန်းကလေးမျိုးပေါ့လေ...)


နန်ကုန်းဝူချယ် စိတ်ဆွဲဆန့်၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့၏ နှာခေါင်းများကလည်း ပွကားလာလေသည်။


(နောက်ဟင်းပွဲကျရင်တော့ ဘယ်သူပိုမြန်မြန်စားမလဲဆိုတာ ကြည့်ကြသေးတာပေါ့...)


ထိုအခိုက်အတန့်မှာပင် အန်းရှန့်က ဟင်းပွဲကို ကိုင်ဆောင်၍ သူတို့စားပွဲရှိရာဆီသို့ လျှောက်လာလေသည်။သူမက အနီရောင်အသားနှပ်ဟင်းပွဲကို ရှောင်ယ၏ ရှေ့တွင် ချပေးလိုက်ပြီးနောက် ကလေးမလေးကို ပြုံး၍ ကြည့်လ်ိုက်ပြီး လှည့်ထွက်သွားလေသည်။


ဟင်းပွဲချလိုက်သည်နှင့် နန်ကုန်းဝူချယ်က တူတစ်စုံကို ကောက်ယူလိုက်ပြီး အလင်း၏ အမြန်နှုန်းဖြင့် စားရန် ကြံရွယ်လိုက်သည်။သို့သော်လည်း မျှော်လင့်ထားသည့်အတိုင်းပင် သူရှုံးသွားလေသည်။ကလေးမလေးက ပန်းကန်ကို ကောက်မလိုက်ပြီးနောက် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟကာ အနီရောင်အသားနှပ်များကို တခါတည်းလောင်းထည့်လိုက်လေသည်။


နန်ကုန်းဝူချယ်၏ မျက်ဝန်းများက အသက်မဲ့သွားလေသည်။သူ ပါးစပ်အဟောင်းသားဖွင့်နေပြီး နှာခေါင်းမှ အငွေ့များပင် ထွက်လာသလို ထင်ရသည်။ဘဝကြီးက အဓိပ္ပါယ်မရှိဟုပင် ခံစားနေမိသည်။


ဒီကလေးမလေးကတော့ သူတို့ တူတူစားကြဖို့ သဘောတူထားတယ် မဟုတ်ဘူးလား..."


"ဒါက တကယ့်ကို အရသာရှိတာပဲ ဒီဟင်းပွဲတွေက အစားကြူးဘုတ်ပြားပေါ်က စားဖ်ိုမှူးပြင်ပေးတဲ့ ဟင်းပွဲထက်တောင်မှ ပိုအရသာရှိနေတယ်..."


ရှောင်ယက စိတ်ကျေနပ်ပျော်ရွှင်စွာဖြင့် မှတ်ချက်ချလိုက်သည်။နန်ကုန်းဝူချယ် မျက်ရည်ပေါက်ပေါက်ကျတော့မလို ခံစားနေမိသည်။


"ဒါက အရသာရှိတယ်ဆိုလည်း ဘာလို့ ငါ့အတွက် တစ်ကိုက်စာလောက်တောင်မချန်ရတာလဲ..."


ထိုအချိန်တွင် ကျန်ရှိနေသော ဟင်းပွဲများလည်း ရောက်ရှိလာလေသည်။သူ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ပြီးသည့်နောက် အလုတ်အနည်းငယ်စားလိုက်ရသည်။


သူ့၏ စားသောက်နှုန်းက ရှောင်ယ၏ မည်သို့မည်ပုံ စားမှန်းမသိသော နှုန်းဖြင့် မယှဉ်နိုင်သည်မှာတော့ သေချာသလောက်ပင်။ဒီထမင်းတစ်ဝိုင်းစားချိန်က အချိန်ခဏလေးမျှသာ ကြာလိုက်ပေသည်။နန်ကုန်းဝူချယ်၏ မျက်နာ၌ မျက်ရည်များ ပြည့်နေပေပြီ ။ဒီကလေးမလေးက အစားသရဲဖြစ်ကြောင်း သံသယဝင်စရာမလိုတော့ပေ။


(ဒီကလေးမလေးက ပိုင်ရှင်ပုရဲ့ အိတ်ထဲ ပြောင်သလင်းခါသွားသည်အထ်ိ ဆက်ပြီးတော့ အများကြီးစားနေနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်...)


နန်ကုန်းဝူချယ် ဆိုင်မှထွက်သွားစဉ်တွင် သူ့စိတ်ထဲ၌ ဆိုးရွားသော အတွေးတစ်ခု ပေါ်လာလေသည်။ပုဖန်က နန်ကုန်းဝူချယ် ထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။


သူ့၏ အကြည့်များက စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြုံးနေသော ကလေးမလေးဆီသို့ ကျရောက်သွားပြီးနောက် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


"ဗိုက်ပြည့်သွားပြီလား .."


ပုဖန်က အနက်ရောင်လက်ပတ်ရှိနေသော လက်ဖြင့် ကလေးမလေး၏ ခေါင်းကို အသာပုတ်ကာမေးလိုက်သည်။ချက်ချင်းဆိုသလိုပင် ရှောင်ယက သက်တောင့်သက်သာဖြစ်သည့် လှိုင်းတစ်ခုပင် ခံစားလိုက်ရသည်။


သူမမျက်ဝန်းလေးများကို အသာမှိတ်လ်ိုက်သည်။နူးညံ့သိမ်မွေ့သော အမူအရာက ကြောင်ကလေးတစ်ကောင်အလားထင်မှတ်မှားစေသည်။


"ငါဗိုက်ပြည့်သွားပြီ ခုဏ အက်ိုကြီးက အရမ်းသဘောကောင်းတာပဲ...သူက သူ့ရဲ့ အစားအစာတွေအကုန်လုံးကို ဝေမျှပေးတယ်..."


"ကောင်းလိုက်တာ နင်ဗိုက်ပြည့်ပြီလ်ို့ ကြားရတာ တော်တော်ကောင်းတာပဲ ..."


ပုဖန်က ပြောပြီးသည်နှင့် သူ့၏ အလုပ်များဆက်လုပ်ရန်အတွက် မီးဖိုခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ရှောင်ယက စည်ကားသိုက်မြိုက်နေသော လေထုနှင့် လျင်မြန်စွာပင် အကျွမ်းတဝင်ဖြစ်သွားသည်။


သူမက ပျော်ရွှင်တက်ကြွစွာဖြင့်ပင် ဟင်းပွဲများ ကူချပေးနေလေသည်။သူမ၏ သေးငယ်လှသော မျက်နာလေးကလည်း ပျော်ရွှင်မှုဖြင့် နီရဲနေသည်။နယ်သာရီက ရှောင်ယကူညီနေသည်ကို တွေ့လိုက်သောအခါ၌ ဟင်းပွဲအော်ဒါများကို မည်သို့ယူရမည်အား သင်ကြားပြသပေးလိုက်သည်။


သူမခုံတစ်ခုံက်ို ဆွဲယူလိုက်ပြီး သိမြင်မှုသစ်သီးပင်နားတွင် ထိုင်လိုက်သည်။ထို့နောက် မျက်ဝန်းများမှိတ်၍ တရေးတမောအိပ်လိုက်လေသည်။နယ်သာရီနှင့် ရှောင်ယတို့က စားဖော်စားဖက်ပင် ဖြစ်ကြသည်။အစောပိုင်းက အစားကြူးနတ်ဘုရားစားသောက်ပွဲတွင် သူတို့ နှစ်ယောက်တက်ညီလက်ညီစားခဲ့ကြခြင်းဖြစ်သည်။ထို့ကြောင့်ပင် တစ်ယောက်နှင့်တစ်ယောက် ရင်းနီးကျွမ်းဝင်သလို ခံစားရလေသည်။


အနောက်ဘက်ကောင်းကင်ဆီသို့ နေမင်းက ရွေ့လျားသွားပြီ ဖြစ်သည်။အလုပ်ရှုပ်သော တစ်နေ့တာ ကုန်ဆုံးသွားပြီးနောက် ဆိုင်ပိတ်ချိန်ရောက်ရှိလာလေသည်။ပင်ပန်းနွမ်းနယ်နေသော ယန်မိန်ကျီနှင့် အန်းရှန်တို့က ခုံတစ်ခုံဆီ ဆွဲယူ၍ထိုင်လိုက်ပြီး အနားယူလိုက်ကြလေသည်။


တစ်ခြားတစ်ဘက်တွင်မူ ပုဖန်က မီးဖိုခန်းထဲတွင် ရှိနေတုန်းဖြစ်သည်။သူက ဟင်းပွဲအသစ်တီထွင်ရန် ပြင်ဆင်နေလေသည်။