အပိုင်း ၆၉၈
Viewers 53k

အခန်း ၆၉၈

အသားရတနာသိုက်...


အသားရတနာသိုက် ဟင်းပွဲအသစ်သည် စနစ်မှ ဆုအဖြစ် ရရှိထားသော ဟင်းပွဲဖြစ်သည်။သူ့၏ နာမည်အတိုင်းပင် အသားများကို တောင်ပုံလေးကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်။


ထိုဟင်းပွဲသည် ဓားစကေးကျွမ်းကျင်မှု မြင့်မြင့်မားမားလိုအပ်သော ဟင်းပွဲတစ်ပွဲဖြစ်သည်။ပုဖန် ချက်ပြုတ်ခြင်းနည်းလမ်းကို စဉ်းစားရင်း အတွေးနက်နေမိသည်။


အသားတုံးလေးများကို ရတနာတောင်ပုံစံ အဆင့်ဆင့် စီတန်းထားခြင်းဖြစ်သည်။အသားတစ်ခုနှင့်တစ်ခု ကြားကွာခြားချက်ကလည်း တူညီရပေမည်။အလွန်သေးငယ်သွားခြင်း သို့မဟုတ် အလွန်ကြီးမားသွားခြင်းဖြစ်သွားပါက ဟင်းပွဲ၏ အသွင်အပြင်ကို ထိခိုက်သွားစေပေလိမ့်မည်။


ထိုဟင်းချက်နည်းကို စနစ်မှပေးထားသည်ဖြစ်သောကြောင့် ပါဝင်ပစ္စည်းများကိုလည်း စနစ်မှပင်ထောက်ပံ့ပေးထားခြင်းဖြစ်သည်။မှန်ပေသည်။ပုဖန်အနေဖြင့် ပို၍ အဆင့်မြင့်သော ပါဝင်ပစ္စည်းများကို ရွေးချယ်ခွင့်လည်းရှိပေသည်။သို့သော်လည်း ပုဖန်က လေ့ကျင့်မှုတစ်ခုအနေဖြင့် စနစ်မှ ထောက်ပံ့ပေးထားသော ပစ္စည်းများကိုသာ အသုံးပြုရန် ရွေးချယ်လိုက်သည်။


ဤဟင်းပွဲ၏ ခက်ခဲမှုအဆင့်မှာ ပို၍ မြင့်မားလာသည်။တစ်နည်းအားဖြင့် ပြောရလျှင် စနစ်ပေးသော ဟင်းပွဲများက ယခင်က ကဲ့သို့မရိုးရှင်းတော့ပေ။ခဏလောက် တွေးတောနေပြီးနောက် ပုဖန်က ဆုံးဖြတ်ချက်ချသွားပုံပေါ်သည်။သူသက်ပြင်းအသာချလိုက်ပြီး ပြုံးလိုက်သည်။


သူဗီရိုရှိရာဆီသို့ လျှောက်သွားပြီး တံခါးဆွဲဖွင့်လိုက်သည်။ထိုထဲတွင် စနစ်မှထောက်ပံ့ပေးထားသော ပါဝင်ပစ္စည်းများကို သေသေသပ်သပ်စီရီထားလေသည်။


အထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များပြည့်နေသော အဖြူရောင် အသားတုံးကြီးရှိနေသည်။


[မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် စိတ်ဝိညာဉ်သားရဲ ...၎င်းက စိတ်ဝိညာဉ် တောဝက်အဖြစ် အသွင်ပြောင်းပြီးတော့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးရဲ့ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေမှာ နေထိုင်တယ်...၎င်းတို့ မွေးဖွာလာကတည်းက ကောင်းကင်ကမ္ဘာမြေစိတ်ဝိညာဉ်သစ်သီးနဲ့ ရှေးဟောင်းကျောက်စိမ်းနယ်မြေက စိတ်ဝိညာဉ်သီးတို့ကို သောက်သုံးပြီးတော့ ရှင်သန်နေထိုင်တယ်...သူရဲ့အသားက အဆီပြည့်ပြီးတော့ နူးညံ့ပြီး အရသာကောင်းမွန်တယ် ပြီးတော့ ထူးခြားဆန်းကြယ်တဲ့ မွှေးရနံ့မျိုးလည်းရှိတယ် ...၎င်းက သိပ်သည်းတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကိုလည်း ထုတ်လွင့်နိုင်တယ်....ဒါကို ထိပ်ဆုံးအဆင့် ပါဝင်ပစ္စည်းအဖြစ် ရ်ိုးရိုးရှင်းရှင်းပဲ သတ်မှတ်နိုင်တယ်...]


စနစ်က သူ ထောက်ပံ့ပေးထားသော ပါဝင်ပစ္စည်း၏ အကြောင်းကို ရှင်းလင်းပြောလိုက်သည်။ဒီနှင်းကဲ့သို့ ဖြူစွတ်နေသော တောဝက်သားက သာမန်တောဝက်သားမဟုတ်ပေ။


၎င်းက သန့်စင်နယ်မြေတွင်သာရှာတွေ့နိုင်သော အလွန်ရှားပါးသည့် တောဝက်ဖြစ်သည်။ပုဖန် ထိုအသားပိုင်းကို ထုတ်ယူလိုက်သည်။အသား၏ မျက်နာပြင်က အလွန်ချောမွေ့နူးညံ့နေသည်မှာ သူ့၏ လက်ပင်အချိန်မရွေး ချော်ထွက်သွားသလို ခံစားလိုက်ရသည်။


သို့သော်လည်း စားဖိုမှူးတစ်ယောက်ဖြစ်သော ပုဖန်အနေဖြင့် ထိုကဲ့သို့ ထူးခြားကောင်းမွန်လှသော အသားမျိုးကို မြင်ရရုံဖြင့် မတုန်လှုပ်ပေ။သူဝက်သားကို လက်ဖြင့်အသာအယာရိုက်ပုတ်လိုက်သည်။


အသားတုံးက လွင့်ပျံသွားပြီး မီးဖိုခုံပေါ်သ်ို့ ကျရောက်သွားသည်။အရှိန်ဖြင့် အသားက အဆက်မပြတ် တုန်ခါနေလေ၏။ထို့နောက် ပုဖန်ကတခြားပါဝင်ပစ္စည်းများကို ထပ်မံ ရွေးထုတ်လိုက်သည်။


ထိုဗီရိုထဲတွင် စိတ်ဝိညာဉ်ဆေးပင်များ ဆေးဖက်ဆိုင်ရာ အပင်များ အမျိုးမျိုးရှိနေသည်။၎င်းတို့က အရည်အသွေးအမြင့်ဆုံးမဟုတ်သော်လည်း မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်ပင်ဖြစ်သောကြောင့် ထ်ိပ်တန်းအဆင့်ဟု မှတ်ယူနိုင်ပေသည်။


ပုဖန် နွေဦးစမ်းရေကို ဆူအောင်တည်လိုက်ပြီး ပါဝင်ပစ္စည်းများက်ို ရေနွေးဖျောလိုက်သည်။ရေနွေးဖျောလိုက်ပြီးနောက် ထိုပစ္စည်းများ၏ စိတ်ဝိညာဉ် စွမ်းအင်က လျော့မသွားသည့်အပြင် ပို၍ပင် သိပ်သည်းလာခဲ့သည်။ပုဖန် ထိုပစ္စည်းများကို ဘေး၌ ထားလိုက်သည်။


သူ့၏ အနက်ရောင်လက်ပတ်ရှိနေသော လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြူခိုးနက်များ ထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုးဆီသို့ ဝင်ရောက်သွားသည်။ယခုလက်ရှိ မဟူရာလိပ်ခုံး၏ အသွင်အပြင်က တကယ့်ကို ဖိအားများလှသည်။သူ့၏ အပေါ်တွင်လည်း ရွှေရောင်အလင်းဖျော့ဖျော့များတောက်ပနေ၏။


ပုဖန် လက်တစ်ချက်လှုပ်လိုက်သည်နှင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာသည်။သူ ဓားက်ို အနည်းငယ်ဝှေ့ယမ်းလိုက်သည်နှင့် အလင်းများ တဖျတ်ဖျတ် လက်ခါသွား၏။ပြီးနောက် ပုဖန်က ဝက်သားက်ို စတင်၍ ကိုင်တွယ်လိုက်သည်။ထိုအသားရတနာသိုက် ဟင်းပွဲက သူ့၏ ဓားကျွမ်းကျင်မှုကို စမ်းသပ်စစ်ဆေးခြင်းလည်းဖြစ်သည်။


မည်သည့် အမှားမှမဖြစ်စေနိုင်သော အံ့အားသင့်လောက်ဖွယ် အရာ ဓားစွမ်းအင်ကို ပိုင်ဆိုင်ထားမှသာလျှင် ဟင်းပွဲ၏ စစ်မှန်မှုနှင့် ကောင်းမွန်မှု နှစ်မျိုးလုံးကို ရရှိပေလိမ့်မည်။


ပုဖန် လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက အသက်ဝင်နေသလို ကခုန်လာလေသည်။၎င်းက လေထဲတွင် အလင်းတန်းများကိုပင် ချန်ထားခဲ့သည်။


ပုဖန်က ဝက်သားကို လက်တစ်ဖက်ဖြင့် အနည်းငယ် အားစိုက်ကာ ဖိထားလိုက်သည်။၎င်းက မယုံနိုင်စရာကောင်းလောက်အောင် နူးညံ့နေပြီး အနည်းငယ် ပြန်လည် ကန်ထွက်လာသည်က်ို ကြည့်၍ ပုဖန် စိတ်ကျေနပ်သွားသည်။


"တကယ့်က်ို ကောင်းမွန်တဲ့ ပစ္စည်းပဲ ..."


ထို့နောက် ပုဖန်၏။ အမူအရာက ပြောင်းလဲသွားသည်။သူ့၏ အော်ရာများကလည်း ပြင်းထန်လာသည်။


ရွှပ်...


ညကောင်းကင်ယံထက်၌ ကြယ်ကြွေလာသလိုမျိုး အလင်းတစ်ချက်လက်သွားပြီး အသားတုံးက နှစ်ပိုင်းကွဲသွားသည်။


ရွှပ်...


သူ့၏ဓားက ထောင့်ဖြတ်အတိုင်း နောက်တစ်ဖန် လှုပ်ရှားသွားပြီးနောက် အသားတစ်လွှာ ထပ်လွှာလိုက်သည်။ပုဖန် အသားတုံးကို ဖိရင်းလှည့်လိုက်သည်နှင့် ဓားချက်က တစ်ဖန်ကျရောက်လာပြန်သည်။


ထို့နောက် အသားအပိုင်းလေးများကို ဖြတ်လိုက်ပြီးနောက် အသားတုံး၏ ပုံသဏ္ဍာန်က အစွန်းခြောက်ခုရှိသော ပုံသဏ္ဍာန်ဖြစ်သွားလေသည်။ပထမတစ်ဆင့် ပြီးသွားလေပြီ ။ပထမဆုံးအဆင့်က ရွှေစေတီကဲ့သို့ အောက်ခြေကို စတင်ပြင်ဆင်ခြင်းဖြစ်သည်။


တကယ်တမ်းပြောရလျှင် ထိုအဆင့်က မခက်ပေ။အဆင့်များတိုးလာသည်နှင့်အမျှ ဓားကျွမ်းကျင်မှုကလည်း ပို၍ လိုအပ်လာပြီးပို၍ ခက်ခဲလာပေလိမ့်မည်။


ပုဖန်က ပေါ့ပေါ့ပါးပါးအသက်တစ်ချက်ရှူထုတ်လိုက်သည်နှင့် သူ့၏ စိတ်စွမ်းအင်များ မြင့်တက်လာလေသည်။


ယခုအလုပ်က အမှားအယွင်းမရှိအောင် စေ့စေ့စပ်စပ်လုပ်ကိုင်ရမည်ဖြစ်သောကြောင့် သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင်သိုဝှက်ထားသော စိတ်စွမ်းအင်များကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။


ဒုတိယဝက်သားပိုင်းကို ယူလိုက်သည်နှင့် သူ့၏ဓားက လျင်မြန်စွာပင် ပျံတက်သွားသည်။လေထဲတွင် ဓားအလင်းများသာ ချန်ထားခဲ့ပြီးနောက် ဒုတိယအလွှာကိုလည်း အောင်မြင်စွာ ကိုင်တွယ်ပြီးဆုံးသွားလေပြီ။


သူ့၏ ဓားက လေထဲသို့ ပျံတက်သွားသည်နှင့် ထွင်းထားသော ဝက်သားလွှာကလည်း လေထဲ ပျံတက်သွားသည်။အစွန်းခြောက်ဖက်ရှိသော ဝက်သားလွှာက လေထဲတွင်လည်နေပြီးနောက် ပထမပြင်ဆင်ထားသော ဝက်သားလွှာပေါ်သို့ တစ်ထပ်တည်း ကျလာလေသည်။


ပထမအလွှာနှင့် ဒုတ်ိအလွှာ၏ အစွန်းများကြား ကွာခြားမှုက လက်သည်းခွံတစ်ထောက်စာလောက်မျှသာရှိလေသည်။ပုဖန် နောက်ထပ် အသားတစ်တုံးကို ယူလိုက်ပြန်သည်။တတိယမြောက် အသားလွှာလည်း အောင်မြင်စွာ ထွင်းထုပြီးသွား၏ ။


အသားမြောင်း ခြောက်စွန်းကလည်း တူညီစွာပင် ကျသွား၏ ။၎င်းတို့ကြား အကွာအဝေးကလည်း လက်သည်းခွံတစ်ထောက်စာမျှပင်ဖြစ်သည်။လေထဲတွင်ဓားလှုပ်ရှားမှုများ အဆက်မပြတ် ကခုန်နေသည်။ပုဖန်၏ စိတ်ဝိညာဉ် စွမ်းအင်ကလည်း တဖြေးဖြေးချင်း ပြန့်နှံ့နေပြီး အားလုံးကို လွှမ်းခြုံထားလေသည်။


အသားများတစ်လွှာပြီးတစ်လွှာထပ်လာပြီးနောက် စေတီပုံစံတစ်ခုပုံပေါ်လာသည်။အသားတစ်လွှာတိုင်းကလည်း ပါးလွှာပြီး အကွာအဝေးတိကျလှပေသည်။


နောက်ဆုံး၌ စေတီတစ်ခုပုံစံ ပြီးဆုံးသွားလေပြီ ။အသားများစီထားသည်ကို ကြည့်ရသည်က သေသပ်လှပနေ၏။ထို့ပြင် ထိုပုံစံ၏ ဘေးပတ်လည်တွင် စိတ်ဝိညာဉ် စွမ်းအင်များလွင့်ပျံနေသည်က ဝက်သားလွှာလေးများကိုပင် အနည်းငယ်တုန်ခါနေစေသည်။ပုဖန် သူ့လက်ရာကို ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်သည်။


"ဒီဟင်းပွဲက... စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းတော့မယ်..."


သို့သော်လည်း ထိုဟင်းပွဲက တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် စားသုံးသူများကို သရေယိုအောင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ပုဖန် ကြွေပန်းကန်တစ်ခုကို ထုတ်ယူလိုက်သည်။ထို့နောက် သူ့၏ ဓားကို လှုပ်ရှားလိုက်ပြီး ထွင်းထုထားသော အသားလွှာတစ်ခုလုံးကို မယူလိုက်ကာ ပန်းကန်ပြားပေါ်တင်လိုက်သည်။


ပြီးနောက် ဒယ်အိုးကို စတင် အပူပေးလိုက်သည်။ပုဖန်က ရွှေရောင်အနီရောင်ရောနှောနေသော မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။၎င်းက ပြင်းထန်စွာ လောင်ကျွမ်းလာသည်။သူ့၏ အပူချိန်က အရင်ကရှိသော ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ထက် ပို၍ ပြင်းထန်နေပေသည်။


ပြီးနောက် သူ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ထုတ်ယူလိုက်ပြီး အဖုံးဖွင့်လိုက်သည်။ဝ်ိုင်ရနံ့များက လေထဲတွင် တမဟုတ်ချင်းပြန့်နှံ့သွားသည်။ဒယ်အိုးထဲသို့ နွေဦးစမ်းရေ တစ်ချို့လောင်းထည့်လိုက်ပြီးနောက် အသားရတနာသိုက် ထည့်ထားသော ပန်းကန်ပြားကို ဒယ်အိုးထဲ ပြောင်းထည့်လိုက်သည်။


ဒယ်အိုးဆီမှ အပူငွေ့များ စတင်ထွက်ပေါ်လာလေသည်။ပုဖန်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို အသားတောင်၏ ထိပ်မှနေ၍ ကုန်စင်အောင်လောင်းချလိုက်သည်။


ဝိုင်စက်များက ထိပ်မှနေ၍ အသားတစ်လွှာတ်ိုင်းကို စိုစွတ်သွားစေပြီး မွှေးရနံ့က ဖုံးလွှမ်းသွားလေသည်။အသားရတနာသိုက်က ဝိုင်ဖြင့် ရေချိုးလိုက်ပြီးနောက် အသားလွှာလေးတ်ိုင်းက တောက်ပြောင်လာလေသည်။


ပုဖန်၏ အတွေးတစ်ချက်ဖြင့်ပင် မဟူရာလိပ်ခုံးဒယ်အိုး၏ အဖုံးက တဖြေးဖြေးပိတ်သွားလေသည်။သူ အသားများကို ပေါင်းထားစဉ်အတွင်း တခြားပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်သည်။ဗီရိုထဲမှ အနီရောင် သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။ပြီးသည်နှင့် သစ်သီး၏ မျက်နာပြင်ပေါ်တွင် ရှည်လျားလှသော မြောင်းကလေးများ ထွင်းလိုက်၏။၎င်းက မီးပုံးအသီးဖြစ်သည်။


မီးပုံးတစ်ခုကဲ့သို့ပင် သူ့၏ နှလုံးသားကို စားလို့မရပေ။ပုဖန်က သစ်သီး၏အခွံကို ခွာလိုက်ပြီးနောက် ထက်ခြမ်းခြမ်းလိုက်ကာ အလယ်တွင်ရှိနေသော ရွှေရောင်အစေ့ကို လွင့်ပစ်လိုက်သည်။ပြီးသည်နှင့် အသီးကို လှီးဖြတ်လိုက်ပြီး ဘေးတွင်ပုံထားလိုက်သည်။


သူ ကျောက်စိမ်းရောင်ရှိသော ဂေါ်ဖီထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။လက်တစ်ဖက်တည်းတွင်ဂေါ်ဖီထုပ်ကို ကိုင်ထားပြီး သူ့၏ ဓားက လျင်မြန်စွာ လှုပ်ရှားသွားသည်။ဂေါ်ဖီထုပ်တစ်ထုပ်လုံးကို ထွင်းထုနေသော ပုံစံမှာ တကယ်ကို အနုပညာလက်ရာမြောက်လှသည်။


တခြားပါဝင်ပစ္စည်းများကိုလည်း တူညီစွာပင် ပြင်ဆင်လိုက်ပြီးနောက် ဘေးတစ်ဖက်စီ၌ ပုံထားလိုက်လေသည်။ပြီးနောက် ပုဖန် ပန်းကန်ပြားရှည်တစ်ချက်ကို ထုတ်ယူလိုက်သည်။ပြီးသည်နှင့် သူလှီးဖြတ်ထားပြီးသား ကျောက်စိမ်းဂေါ်ဖီကို ပန်းကန်အစွန်းတွင် တင်လိုက်သည်။


မီးပုံးအသီးဖတ်လေးများကို ပန်းကန်အနှံ့တွင် ဖြန့်ကျဲထားလိုက်သည်။အားလုံး ပြင်ဆင်ပြီးသည်နှင့် ပုဖန်၏ အာရုံက မဟူရာလိပ်ခုံးဒယ်အိုးဆီ ပြန်လည်ရောက်ရှိသွားသည်။သူဒယ်အိုးအထက်တွင် လက်ဖဝါးတင်လိုက်သည်။


ဒယ်အိုးထဲမှ စိတ်ဝိညာဉ် စွမ်းအင်များလှည့်ပတ်နေပုံကို အာရုံခံလိုက်၏။ပြီးနောက် သူ့၏ စိတ်ဝိညာဉ် စွမ်းအင်များက သေးငယ်သော စမ်းချောင်းလေးတစ်ခုလိုပင် စီးဆင်းသွားပြီး ပါဝင်ပစ္စည်းများ၏ စွမ်းအင်များကို ထိန်းချုပ်လိုက်သည်။


ထိုအသားရတနာသိုက်ကို ချက်ပြုတ်လိုက်ပြီးနောက် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော နှုန်းဖြင့် ပြန့်ကားလာသည်ဟု ခံစားလိုက်မိသည်။အသားများက ဖောင်းကြွလာပြီးနောက် သူ့၏ ပုံစံက အရင်ကထက်ပင် ပို၍ ခမ်းနားကြီးကျယ်လာသည်။


အသားများကို လှီးဖြတ်စဉ်က ပုဖန်အသုံးပြုခဲ့သော ဓားဆယ့်သုံးကွက် အရှင်သခင်အော်ရာများက လွှမ်းမိုးနေလေသည်။ဓားဆယ့်သုံးကွက် အရှင်သခင်နည်းလမ်းက ရန်သူများကို တိုက်ခိုက်သည်ဆိုသော နည်းလမ်းတစ်ခုထက် ပိုပေသည်။


၎င်းက ပါဝင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် အသုံးပြုနိုင်သော ကောင်းမွန်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ထပ်ပြောရမည်ဆိုလျှင် ရန်သူများကို ရင်ဆိုင်ခြင်းက သာမန်ရုံမျှဖြစ်ပြီး ပါဝင်ပစ္စည်းများကို ကိုင်တွယ်ခြင်းကသာ အဓ်ိကဟုဆိုနိုင်ပေသည်။


ခဏမျှအကြာ၌ အသားက လုံးဝ ချက်ပြုတ်ပြီးသွားပြီဟု ပြောရပေမည်။နွေဦးစမ်းရေများက အားလုံး အငွေ့ပျံသွားပြီ ဖြစ်ပြီး အသားများမှ အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်ကိုလည်း အပြည့်အဝ စုပ်ယူပြီးသွားပြီဖြစ်သည်။


ဒယ်အိုးမှ ထွက်လာသော အပူငွေ့များကလည်း ကြီးမားလှသော မှိုပွင့်ကြီးတစ်ပွင့်ကဲ့သို့ မျက်နာကျက်ဆီသို့ တဖြေးဖြေးချင်းထိုးတက်သွားသည်။ ပုဖန် သူ့လက်ကို အသာအယာ လှုပ်ရှားလိုက်ပြီး ဒယ်အိုးထဲမှ အသားရတနာသိုက်ကို ထုတ်ယူလိုက်သည်။


လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသော အသားရတနာသိုက်သည် အလင်းများ ဖြာထွက်နေသကဲ့သို့ ကြည့်ရသည်မှာ အလွန်ပင် ဆန်းကြယ်နေလေသည်။အသားမှ ထုတ်လွင့်နေသော မွှေးရနံ့နှင့် ဝ်ိုင်၏ မွှေးရနံ့များကလည်း ဆွဲဆောင်မှုရှ်ိလှသည်။


တကယ့်ကို အံ့အားသင့်စရာကောင်းလှသည်။ပုဖန် သူ့ဓားကို အသာလှုပ်ယမ်းလိုက်ပြီးနောက် အသားရတနာသိုက် တစ်ခုလုံးကို မယူလိုက်ကာ သူပြင်ဆင်ထားသော ပန်းကန်ရှည်ပေါ်သို့ ညှင်သာစွာတင်လိုက်သည်။


ပုဖန်က ဒယ်အိုးကိုဆေးကြောလိုက်ပြီးနောက် ဆီထည့်ကာ အပူပေးလိုက်သည်။သူ့၏ လှုပ်ရှားမှုများက အလွန်ပင် ပြေပြစ်ချောမွေ့နေ၏။ပြီးသည်နှင့် သူအစောပိုင်းက ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများအားလုံးကို ဒယ်အိုးထဲ ပစ်ထည့်လိုက်သည်။


အပူငွေ့နှင့်အတူ မွှေးရနံ့များ လှိုင်လှိုင်ရုန်းကြွလာပေသည်။အနီးအနား၌ တစ်စုံတစ်ယောက်သာရှိနေပါက သူတို့၏ စားချင်စိတ်များ ထိန်းမနိုင်သိမ်းမရဖြစ်သွားပေလိမ့်မည်။


ပုဖန်၏ ထိန်းချုပ်မှုအောက်တွင် ပါဝင်ပစ္စည်းများက တဖြေးဖြေးချင်းအရည်ပျော်ကာ ပေါင်းစပ်သွားလေသည်။၎င်းက ရွှေဝါရောင်အရည်ပျစ်ပျစ်အဖြစ် အသွင်ပြောင်းသွားသည်။ပုဖန်ဒယ်အိုးကို စောင်းလိုက်ပြီး ရွှေဝါရောင်အရည်ကို ခတ်လိုက်သည်။ပြီးသည်နှင့် အသားရတနာသိုက်၏ အပေါ်မှနေ၍ လောင်းချလိုက်သည်။


ရွဲ ရွဲ...


ရေများစီးဆင်းသကဲ့သို့ ညှင်သာစွာ စီးကျသွားပြီး မွှေးရနံ့များနှင့်အတူ သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များပါ ထွက်ပေါ်လာလေသည်။ခဏချင်းမှာပင် အသားရတနာသိုက်၏ အရောင်က ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


ရွှေရောင်က တောက်ပလင်းလက်လှသည်။၎င်းက အံ့အားသင့်စရာကောင်းလှအောင် တကယ့်ရွှေတောင်ပုံအဖြစ်သို့ ပြောင်းလဲသွားလေသည်။ပန်းကန်၏ ပတ်ပတ်လည်တွင်ပြင်ဆင်ထားသော ကျောက်စိမ်းရောင် ဂေါ်ဖီနှင့် တခြားပါဝင်ပစ္စည်းများကလည်း လှပမှု၏ အခြေခံပင်ဖြစ်သည်။


ပုဖန်က ဒယ်အိုးထဲတွင် ပါဝင်ပစ္စည်းအချို့ထည့်လိုက်ပြီးနောက် အဖြူရောင်အရည်ပျစ်ပျစ်ရအောင် ချက်လိုက်သည်။ပြီးနောက် ဒယ်အိုးကို မလိုက်ပြီး အသာရတနာသိုက် တင်ထားသော ပန်းကန်ပြားထဲကို လောင်းထည့်လိုက်သည်။


အဖြူရောင်အရည်များက ပန်းကန်ပြားတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရေကန်အသေးလေးတစ်ခုကဲ့သို့ ထင်ရစေသည်။သန့်စင်သော အဖြူရောင်ရည်များနှင့် စိတ်ဝိညာဉ် အသီးအရွက်များက လိုက်ဖတ်ညီနေသည်။၎င်းတို့အလယ်မှ ရွှေတောင်တစ်ခု မြင့်တက်နေပုံက အံ့အားသင့်စရာကောင်းလောက်အောင် လှပလှသော မြင်ကွင်းတစ်ခုဖြစ်နေလေသည်။


ပုဖန် သူ့လက်ထဲမှ ဒယ်အိုးကို ပြန်ချလိုက်ပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ အသက်တစ်ချက်ရှူထုတ်လိုက်သည်။


"အသားရတနာသိုက် ပြီးသွားပြီ..."