အပိုင်း ၆၉၉
Viewers 53k

အခန်း ၆၉၉

ချူချန်းရှန်၏ဆုံးဖြတ်ချက်...


အသားရတနာသိုက်က ပန်းချီကားတစ်ချပ်ကဲ့သို့ပင် လှပလှသည်။ပုဖန် လက်မှ ရေများကို သုတ်လိုက်သည်။သူ့၏ ဟင်းပွဲကပြီးမြောက်သွားသောကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


အလင်းရောင်အောက်တွင် ရွှေရောင်အသားရတနာသိုက်မှ လှပလှသော အလင်းတန်းများထုတ်လွင့်နေပုံမှာ မျက်စိ မလွှဲနိုင်အောင် ကြည့်ချင်စရာကောင်းလှသည်။


ပါဝင်ပစ္စည်းများမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် စွမ်းအားများနှင့် အဖြူရောင် စွပ်ပြုတ်ရည်ပျစ်ပျစ်မှ ထွက်ပေါ်လာသော အခိုးအငွေ့များက လှပစွာ ပေါင်းစပ်နေကြသည်။


အခိုးအငွေ့ပါးပါးကြားထဲမှ ရွှေရောင် ရတနာတောင်တစ်ခု ရှိနေပုံမှာ တကယ်ကို ဖန်တီးမှု လက်ရာမြောက်လှသည်။ပုဖန် ပန်းကန်နားကပ်၍ အသက်ရှိုက်လိုက်သည်။မွှေးပျံ့သင်းကြိုင်လှသော ရနံ့များက နှာခေါင်းပေါက်ထဲသို့ အလုံးအရင်းနဲ့ ဝင်သွားသောကြောင့် သူမျက်ခုံးပင့်လိုက်၏။


"မဆိုးဘူး..."


ပုဖန် သူ့၏ ဟင်းပွဲကို ချီးကျူးလိုက်သည်။သူ မမြည်းကြည့်ရသေးသော်လည်း အနံ့ဖြင့်ပင် တော်တော်လေး အံ့သြစရာကောင်းနေပေပြီ။ပုဖန်ဟင်းပွဲကို သယ်၍ မီးဖိုခန်းထဲမှ ထွက်လာခဲ့လိုက်သည်။


စားသောက်ခန်းထဲတွင် စားပွဲ၌ ပုံရိပ်များစွာထိုင်နေပြီး ရယ်မောကာ စကားပြောဆိုနေကြသည်။တက်ကြွနေသော အန်းရှန့် ယန်မန်ကျီနှင့် မျက်နာသေနှင့် နယ်သာရီ ကလေးမလေး ရှောင်ယ အိုး...စားပွဲပေါ်ကို လက်နှစ်ဖက်တင်ထားသော ဘလက်ကီလည်းရှိနေပေသည်။


ပုဖန် မီးဖိုခန်းထဲမှ ထွက်လာသည်နှင့် သူတို့အားလုံး၏ အကြည့်များက သူ့ဆီသို့ ရောက်လာသည်။ထို့နောက် ပုဖန်၏ လက်ထဲမှ ဟင်းပွဲကို မြင်လိုက်ကြပြီး ထိတ်လန့်အံ့အားသင့်ကာ စွံ့အသွားကြသည်။သူတို့ ပင့်သက်တစ်ချက်ရှိုက်လိုက်ကြသည်။


"ဒါ ဘာဟင်းပွဲလဲ ...ဘယ်လိုလုပ်ပြီး အဲ့ဒီလောက် မိမိုက်နေရတာလဲ..."


ဟင်းပွဲဆီမှ ရွှေရောင်အလင်းတန်းများ ထုတ်လွင့်နေသည်မှာ ကြည့်မိလိုက်သူကိုပင် မျက်စိဆူးအောင့်သွားစေသည်။သူတို့ရှေ့တွင်ရှိနေသော ဟင်းပွဲ၏ လင်းလက်တောက်ပနေပုံက မယုံနိုင်စရာပင်ကောင်းလှသည်။


ဟင်းပွဲက အလွန်လှပလှသော ပန်းချီကားတစ်ချပ်နှင့်ပင် တူနေသည်။အားလုံး၏ ပြောဆိုနေမှုများ ရပ်တန့်သွားပြီး ပုဖန်ဆီ၌သာ အာရုံစိုက်နေကြသည်။ပုဖန်က ဖြေးညှင်းစွာ လျှောက်လာပြီးနောက် ဟင်းပွဲကို စားပွဲပေါ်သို့ ညှင်သာစွာ တင်လိုက်သည်။


ရတနာသိုက် ဟင်းပွဲကရှေ့သို့ရောက်လာသည်နှင့် ထုတ်လွင့်နေသော မွှေးရနံ့များကလည်း ပို၍ ပြင်းထန်လာပြီး အားလုံး၏ အစာစားချင်စိတ်ကို လှုံ့နှိုးလိုက်ပေသည်။


"ဒီအနံ့က အရမ်းကို ကောင်းတာပဲ..."


အန်းရှန့် မျက်ဝန်းများမှိတ်၍ အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။သင်းပျံ့မွှေးကြိုင်လှသော ရနံ့များ နစ်မြှုပ်သွား၏။ယန်မိန်ကျီလည်း ဆွဲဆောင်မှုကို မခုခံနိုင်ပဲ ခေါင်းရှေ့ထုတ်၍ ရနံ့များကို တဝကြီး ရှူရှိုက်လိုက်သည်။


ရှောင်ယနှင့် နယ်သာရီကမူ သရေများစီးကျနေပေသည်။ဟင်းပွဲကို ကြည့်လိုက်ရုံဖြင့်ပင် သူ့၏ အစာစားချင်စိတ်များက ထွက်ပေါ်လာပေသည်။


"လာကြ ...ဒါကို မြည်းကြည့်ပြီးတော့ ဘယ်လိုအရသာရှိတယ်ဆိုတာကို ငါကိုပြော..."


ပုဖန် ခုံဆွဲ၍ ထိုင်လိုက်သည်။ထို့နောက် တူတစ်စုံနှင့် ပန်းကန်ပြားတစ်ချပ်စီ ပေးလိုက်၏။သူရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆင့်ခေါ်ပြီး လှည့်လိုက်၏။ရွှေရောင်ဓားက လေထဲ ပျံတက်သွားပြီးနောက် အသားရတနာသိုက်အပေါ်သို့ ကျလာလေသည်။


ချက်ချင်းပင် အသားရတနာသိုက်ကို အလွှာတစ်ခု ပိုင်းဖြတ်လိုက်ပြီးနောက် ထိုအသားပိုင်းက ပန်းကန်ပြားဆီသို့ ပျံဝဲသွားသည်။အားလုံး၏ ပန်းကန်ပြားထဲဆီသို့ အသားတစ်လွှာစီ ထည့်ပေးလိုက်ပြီးနောက် ပြောလိုက်၏။


"မြည်းကြည့်ကြ..."


ထို့နောက် အသားတစ်လွှာနှင့် နူးညံ့လှသော တို့ဟူးကို သူ့အတွက် သူယူလိုက်သည်။အသား၏ အရည်အသွေးက ကောင်းမွန်သည့်အပြင် ပေါင်းထားမှုကလည်း အလွန်ပင် ပြီးပြည့်စုံနေသောကြောင့် အသားက နူးညံ့လှသည်။


အားလုံးတူကို ကောက်ကိုင်လိုက်ပြီးနောက် စားပွဲပေါ် တစ်ချက် ခေါက်လိုက်သည်။ထို့နောက် သူတို့ပန်းကန်ထဲမှ အသားကို ကောက်ယူလိုက်ကြ၏။ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အသားတစ်ခုလုံးက အရည်ပျော်သွားသလိုမျိုး ခံစားလိုက်ရသည်။


မွှေးပျံ့လှသော ရနံ့များက ချက်ချင်းပြန့်နှံ့ထွက်ပေါ်လာပြီး အသားတစ်ဖက်လုံးက လည်ချောင်းထဲသို့ စီးဝင်သွားတော့မလို ထင်ရသည်။


"ဒါ စိတ်ဝိညာဉ်သားရဲ မဟုတ်လား...ဘယ်လိုဖြစ်လို့ အဲ့ဒီလောက် နူးညံ့ပျော့ပျောင်းနေရတာလဲ..."


ယန်မိန်ကျီ တအံ့တသြ ရေရွတ်လိုက်သည်။အသားတစ်လွှာကို စားလိုက်ရုံဖြင့် သူမ နစ်မြှုပ်သွားသလို ခံစားလိုက်ရသည်။သူမ၏ ဘဝတွင် ပထမဦးဆုံး အကြိမ်အဖြစ် ထိုမျှကောင်းမွန်သည့် အသားကို စားဖူးခြင်းဖြစ်သည်။


စိတ်ဝိညာဉ်သားရဲအသားကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြင်ဆင်ထားလေသည်။အသားက ညှီနံ့လုံးဝမရှိပဲ သူ့၏ ဆန်းကြယ်သည့် 

မွှေးရနံ့သင်းသင်းသာရှိနေသည်။ယန်မိန်ကျီက ထိုအသား၏ အရသာသော ရနံ့ပါ ကြိုက်နှစ်သက်လှလေသည်။


"ဒါက အရမ်းအရသာရှိတယ် ...",


အန်းရှန့်က အသားတစ်ဖက်လုံးကို ပါးစပ်ထဲ သွပ်သွင်း၍ ဝါးလိုက်သည်။သူမ၏ မျက်နာက စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် နီရဲနေသည်။စားပြီးသည်နှင့် သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။သူမ၏ ခန္ဓာကိုယ်က တက်ကြွရွှင်လန်းနေပြီး နှင်းဆီပန်းလေးကဲ့သို့ နီမြန်းနေလေသည်။


ရှောင်ယ နယ်သာရီနှင့် ဘလက်ကီတို့က အသားကို စားကြည့်ပြီးနောက် အလွန်ပင် ဆန္ဒစောစွာ စောင့်မျှော်နေကြလေသည်။အသားရတနာသိုက်က အရသာရှိလွန်းလှသောကြောင့် အသားတစ်ဖက်က သူတို့အတွက် မလုံလောက်ပေ။


သူတို့၏ တူများက ရတနာသိုက် ဟင်းပွဲဆီသို့ ပျံသန်းလာပြီးနောက် အသားများကို ဖဲ့ယူကာ လျင်မြန်စွာ စားသောက်ကြလေသည်။အသားများကုန်သွားသည်နှင့် ထိုလူစုက နို့နှစ်ရောင်စွပ်ပြုတ်ရည်ကို ခတ်ယူ၍ သောက်သုံးကြပေသည်။


စွပ်ပြုတ်ရည်က လတ်ဆတ်မွှေးကြိုင်ပြီး အရသာပြည့်စုံသည့် အသားဖြင့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်၏ အရသာပါ ပေါင်းစပ်ထားလေသည်။စားပြီးကြသူများက ဒီဟင်းပွဲနှင့် ပတ်သတ်၍ ချီးကျူးမှု တစ်ခုတည်းသာလျှင် မှတ်ချက် ပြုနိုင်ကြလေသည်။


ပုဖန် စိတ်ကျေနပ်သွားသည်။သူ့၏ ဟင်းပွဲက အောင်မြင်သွားပြီဖြစ်သောကြောင့် မနက်ဖြန် မီနူးတွင် ပါလာပေလိမ့်မည်။သူ နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။စိတ်ထဲတွင်လည်း ပျော်ရွှင်မှုဖြင့် ပြည့်နေသည်။သူ့၏ စားသောက်ဆိုင်တွင် ဟင်းပွဲသစ်တစ်ပွဲ တိုးလာပေမည်။စားသောက်ဆိုင်၏ မီနူးမပြောင်းလဲသည်မှာ အချိန်အတော်ကြာခဲ့ပေပြီ။


စားသောက်ပြီးစီးပြီးနောက် သူတို့အားလုံး လူစု ခွဲလိုက်ကြသည်။အန်းရှန့်က ဆေးနန်းတော်ရှိရာဆီသို့ ပြန်သွားသလို ယန်မိန်ကျီကလည်း သူမ၏ အခန်းဆီသို့ ပြန်တက်သွားလေသည်။


အန်းရှန့်က နေ့ပိုင်းတွင် စားသောက်ဆ်ိုင်၌ အချက်အပြုတ် လေ့ကျင့်ခန်းများလာလုပ်ပြီး ညဘက်တွင် ဆေးနန်းတော်၌ အဂ္ဂိရတ်ပညာရပ်များကိုလည်း လေ့ကျင့်ပေသည်။


သို့သော်လည်း အန်းရှန့်က အချက်အပြုတ်ပညာရပ်များကို ပို၍ စိတ်ဝင်စားလာသောကြောင့် သူမ၏ ဆေးလုံးသန့်စင်ခြင်း ကျွမ်းကျင်မှုက လျော့ကျလာခဲ့သည်။သူမက ချက်ပြုတ်ရသည့် ခံစားချက်ကို နှစ်ခြိုက်နေမိပေပြီ။


ပုဖန်စားသောက်ပြီးနောက် ပန်းကန်ပြားကို ရှင်းလင်းလိုက်သည်။ယခုအချိန်က ဝှိုက်တီ ဆောင်းခိုသည့် အချိန်မျိုးဖြစ်နေသောကြောင့် တာဝန်အများစုကို သူ့ဘာသာသူ လုပ်ဆောင်ရပေသည်။ဝှိုက်တီ ရှိခဲ့သော နေ့ရက်များကို လွမ်းဆွတ်နေမိပေပြီ။


အားလုံးပြီးစီးသွားသည့်အချိန်၌ လ၏ အလင်းရောင်ပင် စတင်တောက်ပလာပေပြီ။ထိုအချိန်မှ ပုဖန် ရှောင်ယအနားယူဖို့အတွက် စဉ်းစားမိလေသည်။သူ ခဏမျှ စဉ်းစားပြီးနောက် ယန်မိန်ကျီဆီသွားရန်သာ ဆုံးဖြတ်လိုက်သည်။


ရှောင်ယကို ယန်မိန်ကျီနှင့် အိပ်ခိုင်းရန်အတွက် အခန်းတံခါးခေါက်လိုက်သည်။ယန်မိန်ကျီ အနည်းငယ်ကြမ်းတမ်းသည်ဆိုသော်လည်း သူမ၏ အခန်းကမူ သိမ်မွေ့ နွေးထွေးလှသည်။အခန်းထဲတွင် စိတ်ဝ်ိညာဉ်ပန်းများ၏ ရနံ့များပင် လွင့်ပျံနေလသည်။


ပုဖန်၏ တောင်းဆိုမှုကို ကြားပြီးနောက် ယန်မိန်ကျီက ချက်ချင်းပင် သဘောတူညီလိုက်သည်။ထိုတောင်းဆိုချက်က မခက်ခဲသလို အကျိုးအကြောင်း မညီညွှတ်တာမျိုးလည်းမဟုတ်ပေ။


ပုဖန် စိတ်သက်သာရာရစွာ သက်ပြင်းချလ်ိုက်သည်။ရှောင်ယတွက် စီစဉ်ပြီးသည်နှင့် သူ့၏ အခန်းသွားလိုက်သည်။အခန်းတံခါးပိတ်ပြီးနောက် ရေမိုးချိုးလိုက်ပြီး အဝတ်သစ်တစ်စုံ လဲလှယ်လိုက်သည်။ပြီးနောက် ပြတင်းပေါက်နားတွင်ရပ်၍ ညကောင်းကင်ယံကို ကြည့်နေမိသည်။


......


အစားကြူးတောင်ကြားတွင် စစ်သင်္ဘောတစ်စင်းရွက်လွှင့်လာလေသည်။ထိုစစ်သင်္ဘောက နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေမှ ဖြစ်သည်။သင်္ဘောဝမ်းထဲတွင် လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသည်။သူ့၏ ဆံပင်များကလည်း လေအရှိန်ဖြင့် လွင့်ခါနေလေသည်။


သူ့ကိုကြည့်ရသည်မှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။သူ့၏ အသားအရောင်က ဝါနေပြီး မျက်နာပေါ်တွင်လည်း တောက်ပြောင်နေသော မထင်မရှားပုံစံလေးရှိနေသည်။အစားကြူးတောင်ကြားက တိုက်ခိုက်ခံခဲ့ရသောကြောင့် တိုက်ပွဲဖြစ်သွားသောကြောင့် အစားကြူးစားသောက်ပွဲကို သုံးရက်ခန့် နောက်ဆုတ်ထားခဲ့ပြီး စတင်ခြင်း မရှိသေးပေ။


အစားကြူးနတ်ဘုရားစားသောက်ပွဲကို ပြင်ဆင်ရခြင်းမှာ များစွာ ကထိကထ များလှသည်ဆိုသော်လည်း စားသောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ကြေညာလိုက်ချိန်၌ လူများက စိတ်ဓာတ်တက်ကြွနေတုန်းပင်ဖြစ်သည်။ခြုံ၍ ပြောရမည်ဆိုလျှင် အစားကြူးနတ်ဘုရားစားသောက်ပွဲကအစားကြူးတောင်ကြားမှ စီစဉ်သော အကြီးမားဆုံးပွဲကြီးတစ်ခုဖြစ်နေပေသည်။


ထပ်လောင်း၍ ပြောရလျှင် အစားကြူးနတ်ဘုရားစားသောက်ပွဲကို မြောက်များလှစွာသော အကြီးအကဲများလည်း တက်ရောက်ကြပေသည်။အစားကြူးရင်ပြင်ကို ပြင်ဆင်နေကြဆဲဖြစ်သည်။စစ်သင်္ဘောက မြို့၏ အပြင်ဘက်တွင် ရပ်တန့်လိုက်သည့်အချိန်၌ သဘာဝ ကျကျပင် အားလုံး၏ အာရုံကို ဆွဲဆောင်သွားစေသည်။


သူတို့က ထိုစစ်သင်္ဘောရောက်လာသည့် ရည်ရွယ်ချက်ကို စတင်၍ ခန့်မှန်းသုံးသပ်နေကြသည်။ရုတ်တရက် စစ်သင်္ဘောက အစားကြူးနတ်ဘုရားမြို့တော်တည့်တည့်တွင် ရပ်တန့်လာသည်။


ဝှစ်...


အစားကြူးနတ်ဘုရားမြို့ထဲမှ ပုံရိပ်တစ်ခုက အလွန်လျင်မြန်စွာ ပျံသန်းထွက်ပေါ်လာလေသည်။.


။နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေ ...


ဆဋ္ဌမမြောက် အကြီးအကဲက ထိုစစ်သင်္ဘောကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။


သန့်စင်နယ်မြေမှ သူများက တစ်နေ့ပြီးတစ်နေ့ ပို၍ တရားမဲ့ လုပ်ရပ်များ လုပ်လာပေသည်။


သင်္ဘောပေါ်ရှိ အကြီးအကဲကလည်း ဆဋ္ဌမမြောက် အကြီးအကဲကို တွေ့မြင်လိုက်သည်။သူက စစ်သင်္ဘော၏ အောက်ရှ်ိမြို့က ညွှန်ပြလိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် အားကောင်းလှသော ကြောက်မက်ဖွယ်အော်ရာများက မြို့ဆီသို့ သက်ဆင်းကျလာလေသည်။


ဆဋ္ဌမမြောက် အကြီးအကဲ၏ မျက်နာက မဲမှောင်သွားသည်။ သူ့၏ အော်ရာများကို ထုတ်ဖော်လိုက်ပြီး ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။


သို့သော်လည်း လက်ညှိုးတစ်ချောင်း၏ တိုက်ခိုက်မှုက သူကို အဝေးသို့ လွင့်ထွက်သွားစေသည်။


"ငါ့ကို လာထွက်တွေ့လှည့်လို့ ချူချန်းရှန်ကို ပြောလိုက် ..."


စစ်သင်္ဘောပေါ်မှအကြီးအကဲက ဆက်လက်၍ တည်ငြိမ်စွာပြောလိုက်သည်။


"ဒီအချိန်ကအစားကြူးတောင်ကြားရဲ့ အကြီးအကဲက ရှိမနေဘူးဆ်ိုတော့ အကြီးအကဲတွေထဲမှာ စီနီယာအကျဆုံးသူ့အနေနဲ့ သန့်စင်နယ်မြေကို အကြောင်းပြချက် ကောင်းကောင်းပေးရမယ်...ဒါက ငါတ်ို့ လက်ခံနိုင်တဲ့ အကြောင်းဖြစ်ရင်ကောင်းမယ်...ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ငါကိုယ်တိုင် အစားကြူးတောင်ကြားရဲ့ အဆင့်ကို သတ်မှတ်ပေးရလိမ့်မယ်..."


ထိုအခိုက်အတန့်မှာပင် အစားကြူးနတ်ဘုရားမြို့ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ချူချန်းရှန်က သင်္ဘောပေါ်တွင် ရပ်နေသော အကြီးအကဲကို အထင်အမြင်သေးစွာဖြင့် စူးစိုက်ကြည့်လိုက်သည်။ချူချန်းရှန်၏ အကြည့်က ထိုအကြီးအကဲ၏ အတွင်းစိတ်ကို တုန်လှုပ်သွားစေသည်။


"မင်းက ဖြေရှင်းချက်လိုချင်တယ်လား...နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေက ဘယ်လို ဖြေရှင်းချက်ကိုများ လိုချင်ရတာလဲ...မင်းတို့ရဲ့ သူတော်စင်သားတော်က အရင်ဆုံးငါ့ကို စော်ကားခဲ့တာ ငါသူ့ကို မသတ်လိုက်တာကိုကပဲ ညှာတာလွန်းရာ ကျနေပြီ..."


ချူချန်းရှန်၏ စကားက စစ်သင်္ဘောပေါ်မှ အကြီးအကဲ၏ မျက်ဝန်းများကို ကျဉ်းမြောင်းသွားစေသည်။သူမဲ့ပြုံးတစ်ချက်ပြုံး၍ စကားဆိုလိုက်သည်။


"ချူချန်းရှန်မင်းက တကယ်ကို သတ္တိရှိတာပဲ ...မင်းက သူတော်စင်သားတော်ကို မြေပြင်ပေါ် ဖိနှိပ်ထားခဲ့တယ်လို့ ငါကြားခဲ့တယ်...မင်းက သန့်စင်နယ်မြေကို လုံးဝလျစ်လျူရှုထားလိုက်တာပဲ..."


ထိုအကြီးအကဲက ပြောပြီးသည်နှင့် ပြင်းထန်လှသော အော်ရာများကို စတင်ထုတ်လွင့်လိုက်သည်။ထိုသူက ထိပ်သီး ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် သူ့၏ စွမ်းရည်များကလည်း သာမန်မဟုတ်ပေ။


အကွာအဝေးတစ်ခုတွင်ရှိနေသော သန့်စင်နယ်မြေများမှ အကြီးအကဲများကလည်း မည်သည့် ကိစ္စရပ်များ ဆက်ဖြစ်လာမည်ကို စောင့်ကြည့်နေကြသည်။သူတို့က တူညီသော သန့်စင်နယ်မြေများမှမဟုတ်ကြပေ။ယခု နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေက အအစားကြူးတောင်ကြားအား ပထမဆုံးရန်စလာသည်ကို မြင်ရသောအခါ၌ စိတ်လှုပ်ရှားတက်ကြွနေကြသည်။


"မင်းက တိုက်ခိုက်ချင်တယ်ဆိုတော့လည်း တိုက်ကြတာပေါ့..."


ချူချန်းရှန်က သူ့၏ ကြွက်သားများကို ညှစ်လိုက်သည်နှင့် ဝတ်စုံက ဆုတ်ပြဲသွားပြီး အားကောင်းလှသော အပေါ်ပိုင်းခန္ဓာကိုယ်လှစ်ဟပြလာလေသည်။


အနည်းငယ်မျှပင် တုံ့ဆိုင်းမနေပဲ ချူချန်းရှန်က အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ရုတ်ချည်းပင် သူ့လက်ထဲသို့ ရွှေရောင်ပန်းကန်လုံးရောက်ရှိလာလေသည်။သူအားပြင်းပြင်းဖြင့် အရှေ့သို့ လွှဲပစ်ချလိုက်သည်။


ဝှစ်...


ဝှစ်ခနဲ အသံနှင့်အတူ ရွှေရောင်ပန်းကန်လုံးက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သန့်စင်နယ်မြေမှ အကြီးအကဲဆီ တိုးဝင်ပျောက်ကွယ်သွားသည်။ထိုကျင့်ကြံသူ၏ အနောက်ဘက်တွင် ရောင်စုံကျားတစ်ကောင်ပေါ်လာသည်။၎င်း၏ မျက်ဝန်းများက တောက်ပလင်းလက်လာပြီး စိတ်ဝိညာဉ် လှေကားအဆင့် ခြောက်ဆင့်ရှိနေပေသည်။


ချက်ချင်းဆိုသလိုပင် ချူချန်းရှန်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေသည်။


ဘုန်း...


မီတာအနည်းငယ်မျှရှည်လျားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မြေပြင်တွင် အပျက်အစီးများ တမဟုတ်ချင်းဖြစ်ပေါ်လာသည်။


ထိုတွင်းပေါက်ကြီး၏ အလယ်တွင် သွေးများပြန့်ကျဲနေ၏။ချူချန်းရှန်က ပြင်းထန်လှသော အပူငွေ့များကို ထုတ်လွင့်လိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်ပေါ်မှ ပုံစံများက တဖြေးဖြေးပျောက်ကွယ်သွားသည်။


သူ ကောင်းကင်ယံထက်မှ နွေဦးကောင်းကင်ဘုံ၏ စစ်သင်္ဘောကိုကြည့်လိုက်ပြီး အဖြူရောင်စွမ်းအင်လုံးတစ်လုံးကိုထွေးထုတ်လိုက်သည်။


"သေလိုက်တော့...ငါစောင့်နေလို့မရတော့ဘူး ...အဲ့ဒီကလေးမလေးကို ပြန်ခေါ်လာရမယ်...အမွေဆက်ခံသူရှိဖို့လိုတယ်...ဒီလိုမှမဟုတ်ဘူးဆိုရင် အဲ့ဒီငတုံးတွေက အစားကြူးတောင်ကြားကို အရှင်လတ်လတ်ဝါးမျိုသွားလိုက်မယ်..."


ချူချန်းရှန်၏ အော်ရာများက မှိန်ဖျော့သွားသည်။သူ့၏ ရင်ဘတ်တွင်လည်း သွေးများစီးကျနေသည့် ကြီးမားလှသော အပေါက်တစ်ခုရှိနေသည်။ချူချန်းရှန်က စစ်သင်္ဘောကြီးကို စူးစိုက်ကြည့်ရင်း အတွေးနက်နေလေသည်။