အပိုင်း ၇၀၀
Viewers 53k

အခန်း ၇၀၀

အင်အားကြီးရန်သူ...


"မဟာအကြီးအကဲ ခင်ဗျားအဆင်ပြေရဲ့လား..."


ဆဋ္ဌမမြောက် အကြီးအကဲက အပျက်အစီးပုံများကြားထဲမှ ထွက်လာခဲ့သည်။သူ့၏ မျက်နာက အလွန်ပင် မကျေမချမ်းဖြစ်နေ၏။ချူချန်းရှန်၏ ရင်ဘတ်မှ အပေါက်ကို မြင်လိုက်ရချိန်၌ သတိအပြည့်ဖြင့် စိုးရိမ်ပူပန်သွားသည်။


"နွေဦးကောင်းကင်ဘုံက အဖိုးကြီးက အရမ်းကိုသန်မာပာလား...သူက ချူချန်းရှန်ကိုတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် လုပ်နိုင်တယ်လား...)


"ငါအဆင်ပြေပါတယ် ဟိုအဖိုးကြီးက ငါ့ထက် အခြေအနေဆိုးတယ်..."


ချူချန်းရှန်က မထီမဲ့မြင်ဟန်ဖြင့်ပြောလိုက်သည်။ထို့နောက် သူ့၏ လက်မှ အလင်းရောင်များတောက်ပလာပြီးနောက် ရင်ဘတ်မှ ဒဏ်ရာကို လက်ဖဝါးဖြင့် ဖိလိုက်သည်။


အစစ်အမှန်စွမ်းအင်များ စီးဆင်းထွက်ပေါ်လာပြီး တရှဲရှဲမြည်သံများကိုပင်အားလုံးကြားနိုင်ပေသည်။ခဏအတွင်းမှာပင် ဒဏ်ရာက တဖြေးဖြေးအသားပြန်ဖြည့်လာပြီး ပြန်ပိတ်သွားလေသည်။


သူလက်လွှတ်လိုက်သည့်အချိန်၌ သူ့၏ရင်ဘတ်ပေါ်တွင် အလွန်ပင် ကြောက်စရာကောင်းလှသော အမာရွတ်တစ်ခု တည်ရှိနေလေသည်။


"ဆဋ္ဌမအကြီးအကဲ နောက်ရက်အနည်းငယ်လောက်ကျရင် ငါ အစားကြူးတောင်ကြားကနေ အချိန်ခဏလောက်ထွက်သွားရဦးမယ်...ဒီတော့ မင်းကပဲ အစားကြူးနတ်ဘုရားစားသောက်ပွဲကို တာဝန်ယူပြီး ကျင်းပပေးရလိမ့်မယ်..."


ချူချန်းရှန်က အစားကြူးတောင်ကြား၏ အပြင်ဘက်တစ်နေရာဆီသို့ ငေးမောကြည့်ရင်းပြောလိုက်သည်။ဆဋ္ဌမအကြီးအကဲ အံ့အားသင့်သွားသည်။


(ဘာ သူက စားသောက်ပွဲရဲ့ တာဝန်ရှိသူဖြစ်လာမယ်လား...)


သူ့တွင်လည်း လုပ်ကိုင်နိုင်စွမ်းရှိသည်ဆိုသော်လည်း ချူချန်းရှန်နှင့် ယှဉ်လိုက်လျှင်တော့ အားနည်းပေသည်။ချူချန်းရှန် အနေဖြင့် သန့်စင်နယ်မြေများကို အနည်းငယ်ခြိမ်းခြောက်နိုင်စွမ်းရှိသော်လည်း သူသာဆိုလျှင် ခြိမ်းခြောက်နိုင်စွမ်းက အများကြီး လျော့နည်းသွားပေလိမ့်မည်။


သူ့၏ အဆင့်အတန်းက အကြီးအကဲတစ်ယောက်ဆိုသော်လည်း ချူချန်းရှန်နှင့်တော့ အများကြီး ဝေးကွာနေပေသည်။


"တခြားအရာတွေကို စိုးရိမ်မနေနဲ့...စားသောက်ပွဲအတွက် ကြီးကြပ်ရုံပဲ...မင်းကိုယ်မင်း ယုံကြည်ရမယ်...ပြီးတော့ဘာမှ ဆိုးရွားတာတွေ ဖြစ်လာစရာအကြောင်းလည်းမရှိဘူး ..."


ချူချန်းရှန်က ဝတ်ရုံကြီးတစ်ခုကို ခြုံလွှမ်းလိုက်ပြီးနောက် ဆဋ္ဌမအကြီးအကဲနားသို့လျှောက်လာကာ ညှင်သာစွာပုတ်လိုက်ပြီး အားပေးလိုက်သည်။


ဆဋ္ဌမအကြီးအကဲ၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားသည်။ချူချန်းရှန်ပြောတာ မှန်ပေသည်။ယခုအခြေအနေပင် မငြိမ်မသက်ဖြစ်နေလေရာ ဒီထက် ပိုဆိုးလာစရာအကြောင်းလည်းမရှိတော့ပေ။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ဟိုးအရင်ကတည်းကပင် ထိုအဖိုးကြီးများကို လွှတ်၍ သူတို့၏ အစားကြူးတောင်ကြားကို ပစ်မှတ်ထားထားခဲ့သည်။ယခုအချိန်မှာတော့ သူတ်ို့ နောက်ပြန်ဆုတ်သွားစရာအကြောင်းလည်းမရှိတော့ပေ။


သူတို့က အဖြူရောင်ထောင်တျဲရှိနေသည့်နေရာကိုလည်း သိရှိပြီးပြီးဖြစ်ပြီး လတ်တလော မတိုက်ခိုက်သေးခြင်းသာရှိသည်။သူတို့က အစားကြူးတောင်ကြား၏ အမွေခံကို စောင့်နေခြင်းဖြစ်ပေမည်။


အမွေအနှစ်၏ တည်နေရာကို သိရှိသွားသည်နှင့် တစ်ပြိုင်နက်အစားကြူးတောင်ကြား၏ တန်ဖိုးကလည်း ကျဆင်းသွားပြီး သူတို့ ချက်ချင်းတ်ိုက်ခိုက်လာပေလိမ့်မည်။


ချူချန်းရှန် သက်ပြင်းအသာချလိုက်သည်။သူက ဘယ်လိုလုပ်ပြီး ဒီအခြေအနေကို နားမလည်ပဲ နေပါမည်နည်း။သို့သော်လည်း သူကိုယ်တိုင်တောင်မှ အကူအညီမဲ့မှုကို ခံစားနေရသည်။ယခုအချိန်တွင် သူလုပ်န်ိုင်သည်က အမွေအနှစ်များက်ို ဆက်ခံမည့် အမွေခံကို ရှာရန်ပင်ဖြစ်သည်။ထို့အပြင် သူ့အနေဖြင့် ပြောရပါက အမွေခံအဖြစ် အသင့်တော်ဆုံးသူမှာ ထိုမိန်းကလေးရှောင်ယသာဖြစ်သည်။


(အစားကြူးတောင်ကြားရဲ့ ခေါင်းဆောင်သမီးဖြစ်တဲ့ ရှောင်ယက အမွေခံ အဖြစ် ရွေးချယ်ဖို့ အသင့်တော်ဆုံးပဲ...ဒီလိုမှမဟုတ်ရင်ငါက အနက်ရောင်ထောင်တျဲရဲ့ ဝိညာဉ်ကို သူမခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ထားခဲ့မှာမဟုတ်ဘူး...)


ချူချန်းရှန်က မြို့တံတိုင်းပေါ်တွင်ရပ်လိုက်ပြီး သက်ပြင်းအသာချလိုက်သည်။သူ့၏ ဝတ်ရုံစက တဖျတ်ဖျတ်လွင့်ခါနေသည်။


"ဆဋ္ဌမအကြီးအကဲ အခု အားလုံးကို မင်းလက်ထဲ လွှဲခဲ့ရတော့မယ်..."


ချူချန်းရှန်က ပြောပြီးသည်နှင့် အစားကြူးနတ်ဘုရားမြို့ထဲသို့ ပြန်လည် ခြေချလိုက်သည်။သူ လမ်းလျှောက်သွားပုံက မြေအလွှာကို ကျုံ့လိုက်သလိုမျိုးပင် မျက်တောင်တစ်ခတ်အတွင်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။


ဆဋ္ဌမအကြီးအကဲ ကြောင်အနေမိသည်။


မဟာအကြီးအကဲ ချူချန်းရှန်၏ စကားများကို သူနားလည်သော်လည်း ပွဲတစ်ခု၏ တာဝန်ရှိသူအဖြစ် လုပ်ဆောင်ရခြင်းက အကောင်းဆုံးရွေးချယ်မှုဟုတ်မဟုတ် သူမသိတော့ပေ။သူ သူ့၏ မုတ်ဆိတ်မွှေးကားကားများကို ပွတ်သပ်ရင်းတွေးတောနေမိသည်။


.....


ယခု ရက်ပိုင်းအနည်းငယ်အတွင်း၌ တိမ်ခိုးစားသောက်ဆိုင်သည် အလွန်ပင် ကျော်ကြားနေလေ၏။ဆေးနန်းတော်မှ ကျင့်ကြံသူပညာရှင်အများအပြားပင် လာရောက်လည်ပတ်ကြ၏။မည်သို့ပင်ဆိုစေ တိမ်ခိုးစားသောက်ဆိူင်၏ ဂုဏ်သတင်းက မြူကောင်းကင်မြို့ထဲတွင် တစ်စတစ်စ ကြီးမြင့်လာပေသည်။ယခုလက်ရှ်ိအခ်ျိန်တွင် မြူကောင်းကင်မြို့က ဆေးနန်းတော်၏ အဓိကမြို့ကြီးဖြစ်နေပြီဖြစ်သောကြောင့် ကျွမ်းကျင်ပညာရှင်အများအပြားနှင့် အဂ္ဂိရတ်ပညာရှင်များအားလုံး မြို့ထဲတွင် စုရုံးနေကြသည်။


ဒီမတိုင်ခင်က ဆေးနန်းတော်၏ လမ်းလွှဲမှားမှုကြောင့် မြူကောင်းကင်မြို့ထဲတွင်စားသောက်ဆိုင်များမရှိခဲ့ပေ။သို့သော်လည်း တိမ်ခိုးစားသောက်ဆိုင် ပေါ်ပေါက်လာပြီးနောက် အမည်မရှိ စားသောက်ဆိုင်များက မှိုပွင့်များလို နေရာအနှံ့ ပေါက်ပွားလာလေသည်။


မြောက်များလှစွာသော ကျင့်ကြံသူများနှင့် အဂ္ဂိရတ်ပညာရှင်များကလည်း စားသောက်ဆိုင်များကြောင့် ကြောင်အထိတ်လန့်မနေတော့ပဲ မကြာခဏ အလည်အပတ်သွားကြလေသည်။


သဘာဝကျစွာပင် ကြုံရာစားသောက်ဆိုင်များ၏ ဟင်းပွဲအရသာက တိမ်ခိုးစားသောက်ဆိုင်နှင့် မယှဉ်နိုင်ပေ။ပိုင်ရှင်ပုသာလျှင် ဒဏ္ဍာရီလာ ဖျက်မြင်းတစ်ကောင်ဖြစ်နေသောကြောင့် ဒီနေရာတွင် သူကသာ အကြီးအကဲ ဖြစ်ပေသည်။ပိုင်ရှင်ပု၏ ဟင်းချက်ပြုတ်စွမ်းရည်က ထိပ်တန်းအရည်အသွေးဖြစ်ကြောင်း အားလုံးသိကြပေသည်။သူ့၏ ဟင်းပွဲကို စားသုံးလိုက်သည့်သူတိုင်း မည်သူမှ ခုခံလိုက်နိုင်မည်မဟုတ်ပေ။


....


မြူကောင်းကင်မြို့ ကြယ်မျှော်စင်...


မျှော်စင်၏ ထိပ်ဖျားတွင် အလင်းရောင်များအဆက်မပြတ်ထွန်းလင်းတောက်ပနေသည်။ရုတ်တရက် မျှော်စင်ထိပ်ဖျားမှ အလင်းတန်းတစ်ခုက ကောင်းကင်ယံဆီသို့ ထိုးတက်သွားသောကြောင့် ကြည့်ရှုနေသူများ ထိတ်လန့်အံ့သြသွားကြသည်။


နောက်ခဏအတွင်းမှာပင် မြူကောင်းကင်မြို့အပြင်မှ ရထားလုံးတစ်ခု ဝင်ရောက်လာသည်ကို မြင်လိုက်ကြရသည်။ထိုရထားလုံးက ဆေးနန်းတော်၏ အရှင်သခင် လော့တန်ချင်းပိုင်ဆိုင်သော အရာဖြစ်သည်။သူ့ကို သိကြသည့် သူများပင်လျှင် စိတ်ထဲ၌ သင်္ကာမကင်းဖြစ်သွားကြသည်။အခြေအနေကို သိထားသည့်သူများက ပို၍ပင် အံ့သြထိတ်လန့်သွားကြပေသည်။


"ဆေးနန်းတော်သခင်က အစားကြူးတောင်ကြားရဲ့ အစားကြူးနတ်ဘုရားစားသောက်ပွဲမှာ ရှိနေရတာမဟုတ်ဘူးလား...ဘယ်လ်ိုဖြစ်လို့ ပြန်လာရတာလဲ ...သူက အလျင်စလို ပြန်လာတာဆိုတော့ တစ်ခုခုများဖြစ်လို့လား..."


လော့တန်ချင်း၏ ရထားလုံးက ဆေးမျှော်စင်ထဲသို့ ဝင်ရောက်လာသည်။ခဏအကြာ၌ မျှော်စင်၌ အလင်းရောင်များကလည်း ပျောက်ကွယ်သွားလေသည်။လော့တန်ချင်းက မျှော်စင်မှ ထွက်လိုက်ပြီး လေထဲတွင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်လိုက်သည်။သူ့၏ အကြည့်များက တိမ်ခိုးစားသောက်ဆိုင်ရှိရာဘက်ဆီသို့ စူးစိုက်ကြည့်နေသည်။


သူ့၏ မျက်ဝန်းထဲတွင်လည်း ထူးဆန်းသည့်အလင်းရောင်များ ရှိနေသည်။သူကအစားကြူးနတ်ဘုရားစားသောက်ပွဲတွင်ရှိနေသောကြောင့် ပိုင်ရှင်ပု ပြဿနာရှာခဲ့ပုံများကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရပေသည်။ထို့ကြောင့်ပင် သူ့ကိုယ်သူပင် မထိန်းနိုင်ပဲ အံ့အားသင့်မှုတွန့်ဆုတ်မှု တွေဝေမှုတို့ကို ခံစားနေရလေသည်။


အစားကြူးနတ်ဘုရားစားသောက်ပွဲမှာ ပိုင်ရှင်ပု ဘာတွေလုပ်ခဲ့တာလဲ ..သူက ကောင်းကင်နွေဦးသူတော်စင်သားတော်ကို ရန်စခဲ့ရုံမျှမက အနက်ရောင်ထောင်တျဲကိုလည်း ဒေါသတိုးစေပြီး ကောင်းကင်နွေဦးသူတော်စင်သားတော်ကျရှုံးအောင်လုပ်ခဲ့သည်။


နောက်ဆုံးတွင် သူက အဖြူရောင်ထောင်တျဲကိုပင် တ်ိုက်ခိုက်ခဲ့ပြီး ထောင်တျဲဝိညာဉ်နှင့်အတူ ထွက်ပြေးသွားခဲ့သည်။သူက သန့်စင်နယ်မြေများကို လုံးဝ မထီမဲ့မြင် ပြုခဲ့လေသည်။ထိုသန့်စင်နယ်မြေများက သူတို့၏ ဂုဏ်သတင်းကို အလွန်ပင် ဂရုစိုက်ကြသောကြောင့် ပိုင်ရှင်ပုကို ဒီတိုင်းလွတ်မထားမည်မှာသေချာလှသည်။


မကြာမီ အချိန်အတွင်း စားသောက်ဆိုင်ဆီသို့ ကျရောက်လာမည့် အင်အားများကို သူ ခန့်မှန်းကြည့်နိုင်သည်။ထိုအင်အားစုများကလည်း လုံးဝ အားနည်းလိမ့်မည်မဟုတ်ပေ။လော့တန်ချင်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ ကူကယ်ရာမဲ့မှုကို ခံစားနေရပေသည်။


သူ့တွင် ပုဖန်ကို ကယ်တင်ရန် အခွင့်အာဏာ မရှ်ိပေ။သို့သော်လည်း ထိုလူများထံသို့ ပုဖန် အညံ့ခံအရှုံးပေးရမည်ကိုလည်း မလိုချင်ပေ။ဆေးနန်းတော် အန္တရာယ်ထဲ ကျရောက်နေစဉ်က ပိုင်ရှင်ပုက သူတို့ဘက်တွင်ရပ်တည်၍ အားလုံးကို ကယ်တင်ခဲ့သည်။ယခု သူတို့ အန္တရာယ်နှင့် ကြုံလာခဲ့စဉ်၌ သူကိုယ်တိုင် ပိုင်ရှင်ပုကို ခေါ်ဆောင်၍ ရန်သူများလက်ထဲသို့အပ်လိုက်ခြင်းမပြုလုပ်နိုင်ပေ။


သို့သော် ပိုင်ရှင်ပုသာအညံ့မခံလျှင်လည်း ဆေးနန်းတော် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုနှင့် ကြုံတွေ့ရပေလိမ့်မည်။သူတို့၏ ရန်သူက ရှေးဟောင်းရှုရမြို့တော်တစ်ခုထဲတွင်မဟုတ်တော့ပဲ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးတစ်ခုလုံးဖြစ်သွားပေလိမ့်မည်။


သူဘာလုပ်သင့်သနည်း။လော့တန်ချင်း၏ အမူအရာက အပြင်းအထန် ရုန်းကန်နေရပုံပေါ်လေသည်။


.....


တိမ်ခိုးစားသောက်ဆိုင်က ကြက်ပျံမကျ စည်ကားနေသည်။ဆိုင်၏ အပြင်ဘက်တွင် လူတန်းရှည်ကြီး ရှိနေ၏။လော့တန်ချင်းရောက်လာသည့်အခါ၌ လူများစွာက သူ့ကို သတိထားမိလိုက်ကြသည်။


အံ့အားတကြီးရေရွတ်သံများနှင့် စားသုံးသူများ၏ သူတို့ ခုံနေရာကို သူ့အတွက်ပေးနိုင်ရန် တိုက်ခိုက်နေကြသံများကိုပါ ကြားရသည်။


ထိုအကြောင်းကြောင့် လော့တန်ချင်းအနည်းငယ်ပင် ရှက်ရွံ့သွားသလို ခံစားမိလိုက်သည်။ပုံမှန်ဆိုလျှင် သူတို့၏ နေရာများကို ပေးလာပါက လော့တန်ချင်းက ငြင်းပယ်လိုက်မည်ဖြစ်သည်။


သို့သော်လည်း ယနေ့တွင်တော့ သူက ပိုင်ရှင်ပုကို တွေ့ရန် လိုအပ်ပေသည်။ထို့ကြောင့် သူလက်ခံလိုက်ပြီးဆိုင်ထဲသို့ ချက်ချင်းဝင်သွားလိုက်သည်။သူ ပိုင်ရှင်ပုအစား ခုံပေါ်တွင် အေးအေးသာသာထိုင်နေသောနယ်သာရီကိုသာ တွေ့လိုက်ရသည်။


နယ်သာရီက သိမြင်မှုသစ်သီးပင်အောက်တွင်ထိုင်၍ အေးဆေးသက်သာစွာ အနားယူလေသည်။အစားကြူးနတ်ဘုရားစားသောက်ပွဲတွင် ကောင်းကင်နွေဦးသူတော်စင်သားတော်ကို တစ်လုတ်တည်းဖြင့် မျိုချခဲ့သော ကလေးမလေးကိုလည်း တွေ့လိုက်ရသည်။


ကလေးမလေးက ပန်းပွင့်လေးများပါဝင်သော ဂါဝန်ရှည်တစ်ထည်ကိုဝတ်ဆင်ထားသည်။သူမက စည်ကားသိုက်မြိုက်နေသော စားသောက်ဆိုင်ထဲတွင် တက်ကြွရွှင်လန်းစွာဖြင့် စားသုံးသူများထံမှ အော်ဒာများကောက်ခံနေလေသည်။


သူတော်စင်သားတော်ကို မျိုချခဲ့သည့် မြူခိုးပုံရိပ်က ထိုချစ်ဖို့ကောင်းသောကလေးမလေး ဖြစ်နေသည်မှာမယုံနိုင်စရာပင် ကောင်းလှသည်။လော့တန်ချင်းက ရှောင်ယကို ကြည့်လိုက်ပြီးနောက် သူထိုင်ခုံနေရာရှာလိုက်သည်။


ရှောင်ယက လော့တန်ချင်းကို မှတ်မိပုံမပေါ်ပေ။အစားကြူးနတ်ဘုရားစားသောက်ပွဲတွင် သူမက အလောတကြီး စားသောက်နေသောကြောင့် တခြားသူများကို သတိမပြုမိခဲ့ပေ။


"ဆရာ ဘာများမှာချင်ပါလဲ ..မီနူးကတော့ ဆရာရဲ့နောက်မှာပါ..."


ရှောင်ယက အပြုံးချိုချိုလေးဖြင့် ပြောလိုက်သည်။လော့တန်ချင်းက သူမကို သေချာစွာကြည့်လိုက်ပြီးနောက် မေးလိုက်သည်။


"ပိုင်ရှင်ပု အထဲမှာများရှိလားဆိုတာ သိပါရစေ..."


"ပိုင်ရှင်ပုက မီးဖိုခန်းထဲမှာ ရှိပါတယ်...လူကြီးမင်းက သူကို ရှာနေတာပါလားအရင်ဆုံးအော်ဒါမှာပေးပါ ဒါကဆိုင်ရဲ့ စည်းမျဉ်းပါပဲ..."


ရှောင်ယက ပြန်တုံ့ပြန်လိုက်သည်။စားသောက်ဆိုင်တွင် ရက်အနည်းငယ်အလုပ်လုပ်ပြီးနောက် ဆိုင်၏ စည်းကမ်းများကို နားလည်နေပေပြီ။


"အင်း..ဒါဆိုလည်း ငါ့ကို အသားရတနာသိုက် တစ်ပွဲပေး..."


လော့တန်ချင်းက မီနူးအပေါ်ဆုံးတွင်ရှိနေသော ဟင်းတစ်ပွဲကို မှာယူလိုက်သည်။


"ပြီးတော့ ဆေးနန်းတော်ရဲ့ အရှင်သခင် လော့တန်ချင်းက ပြောစရာရှိလို့ ရောက်နေတယ်လို့ ပိုင်ရှင်ပုကို ပြောပေးပါ..."


လော့တန်ချင်းက တစ်ဆက်တည်းပြောလိုက်သည်။


ရှောင်ယက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ပြတင်းပေါက်နားဆီသို့ သွားလိုက်ကာ ပုဖန်ကို ပြန်ပြောလိုက်၏။ပုဖန်ခဏမျှ အံ့သြသွားပြီးနောက် ပြန်ပြောလိုက်သည်။


"ကောင်းပြီလေ ဒါဆိုရင် ဒီဟင်းပွဲကို အရင်ဆုံးသယ်သွားလိုက်...ဆေးနန်းတော်သခင်ကို ခဏလောက်စောင့်ပါလို့ ပြောထားလိုက်..."


ရှောင်ယဆီက အော်ဒါများကို လက်ခံလိုက်ပြီးနောက် ပုဖန်၏ လက်များက ဇယ်ဆက်သလ်ို လှုပ်ရှားသွားလေသည်။မီးဖိုခန်းထဲတွင် ပါဝင်ပစ္စည်းများကလည်း ပလူပျံနေသည်။


လော့တန်ချင်းတံတွေးတစ်လုတ်မျိုချလိုက်သည်။သူပိုင်ရှင်ပု၏ စားသောက်ဆိုင်ကို ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်၏။ဒီဆိုင်သည် မည်သို့ ဆန်းကြယ်ကာ အံ့သြစရာကောင်းကြောင်း စားသောက်စရာများက မည်မျှအရသာရှိကြောင်း သူများပြောသည်ကို ကြားခဲ့ဖူးသည်။


ယခုသူကိုယ်တိုင် ပထမဦးဆုံးကြုံတွေ့သည့်အခါ၌ စားသောက်ဆိုင်ထဲရှ်ိလေထုက အမှန်တကယ်ပင် ခြားနားနေကြောင်း ခံစားမိလေသည်။အစားကြူးတောင်ကြားအတွင်းရှိ နာမည်ကျော်ကြားသော စားသောက်ဆိုင်များအတွင်းသို့ သူသွားရောက်ခဲ့ဖူးသည်။သို့သော်ယခုတိမ်ခိုးစားသောက်ဆိုင်က တကယ်ကို ထူးခြားလှပေသည်။


သူ့၏အကြည့်များက အေးအေးသာသာထိုင်နေသောနယ်သာရီဆီသို့ ကျရောက်သွားပြန်သည်။ထိုအမျိုးသမီးသည် ငရဲကမ္ဘာမှ ကြောက်စရာကောင်းသောတည်ရှိမှုဖြစ်ကြောင်း တွေးကြည့်လို့ပင်မရပေ။သူမက မဟာနယ်ပယ်အဆင့်ဖြစ်နိုင်ပေသည်။


ကျင့်ကြံဆင့် သတ်မှတ်ချက်များအရ မဟာနယ်ပယ်အဆင့်ဆိုသည်မှာ မသေမျိုးဝိညာဉ်လှေကား ၈ဆင့် ၉ဆင့်နှင့် ညီမျှပေသည်။အစားကြူးတောင်ကြား၏ မဟာအကြီးအကဲ ချူချန်းရှန်ပင်လျှင် စိတ်ဝိညာဉ်လှေကား ၇ဆင့်မျှသာရှိသေးသည်။


ထို့အပြင် ဝဝတုတ် ခွေးဖက်တီး ဘလက်ကီကလည်း ထိုငရဲကမ္ဘာအမျိုးသမီးထက် အားနည်းလိမ့်မည်မဟုတ်ပေ။ဤစားသောက်ဆိုင်သည် ငရဲကမ္ဘာနှင့် ပုံမှန်မဟုတ်သော ဆက်နွယ်မှုမျိုးရှိပုံပေါ်သည်။


ထိုအချက်ကြောင့် လော့တန်ချင်းပို၍ ခေါင်းကိုက်လာသလိုပင်ခံစားလိုက်ရသည်။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးနှင့် ငရဲကမ္ဘာကြားတွင် တင်းမာခက်ထန်သောဆက်ဆံရေးမျိုးရှိသည်။


.....


နတ်ဖောင်ငယ်တစ်စင်းက တဖြေးဖြေးချင်းမျောလွင့်လာသည်။၎င်းက လေဟာနယ်ကို ဖြတ်သန်းသွားချိန်၌ လှိုင်းဂယက်များထသွားစေသည်။ခဏအကြာတွင် ထိုနတ်ဖောင်ငယ်က ကောင်းကင်ပေါ်မှ ကြယ်တစ်စင်းကြွေကျလာသလိုမျိုးမည်သူမှ ခန့်မှန်းမရသောနေရာဆီသို့ ဦးတည်သွားလေသည်။ရုတ်တရက်နတ်ဖောင်ငယ်က လေဟာနယ်တွင် ရပ်တန့်သွားပြီးရွှေသံချပ်ကာဝတ်လူတစ်ယောက်ထွက်ပေါ်လာလေသည်။


"ဆေးနန်းတော်ရဲ့ တောက်ပကောင်းကင်မြို့တော်နဲ့ ကောင်းကင်ဆေးမြို့တော်တို့က သန့်စင်နယ်မြေတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ...ဒီမြူကောင်းကင်မြို့ တစ်မြို့တည်းပဲ ကျန်တော့တယ်...ပထမတုန်းကတော့ ကျောက်ခရမ်းအကြီးအကဲက မင်းတို့ကို လွှတ်ပေးလိုက်တော့မလို့ပဲ ဒါပေမယ့်အခု သူတော်စင်သားတော်ရဲ့ ကိစ္စဖြစ်သွားတယ်ဆိုတော့ မင်းတို့ ဘယ်သူကိုမှအပြစ်တင်လို့မရတော့ဘူး...ဒီတော့ ငါတို့က မြူကောင်းကင်မြို့ကိုလည်း သိမ်းယူရတော့မှာပဲ...ကျောက်ခရမ်းအကြီးအကဲက ကြယ်မျှော်စင်ကို လိုချင်နေခဲ့တာကြာပြီ..."


ရွှေသံချပ်ကာဝတ်လူက ခပ်တိုးတိုးရေရွတ်နေသည်။ထိုလူ၏ မျက်ဝန်းများက နီရဲလာသည်။ထို့နောက် နတ်လှေငယ်က လျင်မြန်လှသော အရှိန်ဖြင့် ရွေ့လျားသွားလေသည်။


"အဲ့ဒီကလေးနဲ့ ရင်ဆိုင်ပြီးသွားတဲ့အခါကျရင် ငါတို့ မြူကောင်းကင်မြို့ကိုလည်းသိမ်းမယ် ...မင်းတို့ အပြစ်တင်ချင်တယ်ဆိုရင်တော့ ကိုယ့်နေရာကို မသိခဲ့တဲ့ အဲ့ဒီကလေးကိုပဲ အပြစ်တင်လိုက်တော့..."