အပိုင်း ၇၀၃
Viewers 53k

အခန်း ၇၀၃

ဒယ်အိုးနက်...


"ဒါက ကြယ်မျှော်စင်လား..."


ရွှေဓားမြှောင်က သူ့ရှေ့မှ အလင်းရောင်များတောက်ပနေသော အဆောက်အဦးကိုကြည့်ရင်း ခပ်ဟဟရယ်မောလိုက်သည်။သူ့၏ မျက်လုံးထဲတွင်လည်း အံ့သြမှုများပြည့်နှက်နေသည်။ထိုကြယ်မျှော်စင်က သူတို့၏ ကျောက်ခရမ်းအကြီးအကဲ လိုချင်နေသော အရသာဖြစ်သည်။


သန့်စင်နယ်မြေမှ အဂ္ဂိရတ်ပညာရှင်များအတွက် ထိုကြယ်မျှော်စင်က အလွန်အရေးကြီးသည်။ထိုအချိန်အတောအတွင်း၌ လော့တန်ချင်းက ကြယ်မျှော်စင်ကို ပြန်ရောက်လာပြီး သွေးချောင်းတစ်ချက်ဆိုးလိုက်သည်။သူ့၏ စွမ်းအင်များက ရှုပ်ထွေးနေပြီး သူ့၏ မျက်နာက စက္ကူတစ်ရွက်မျှ ဖြူဖျော့နေသည်။


ကာကွယ်သူတစ်ဦးပေးသော ဖိအားက သူ့ကို အသက်ရှုရပ်မတက်ပင်ဖြစ်စေသည်။ပြန်လည် ဆန့်ကျင်တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း အသုံးမဝင်ဖြစ်ခဲ့ရ၏။


ထိုကာကွယ်သူ၏ အဆင့်နှင့်ဆိုလျှင် အစားကြူးတောင်ကြား၏ မဟာအကြီးအကဲ စီနီယာချူချန်းရှန်တစ်ယောက်တည်းသာရင်ဆိုင်နိုင်ပေလိမ့်မည်။တခြားတစ်ဖက်က သူ့၏ လက်နက်ကိုပင် အသုံးမပြုရသေးခင်မှာပင် သူ အားအပြည့်တိုက်ခိုက်လိုက်သော တိုက်ခိုက်မှုက ပြိုကွဲသွားခဲ့ရသည်။ထိုကဲ့သို့သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် မျှော်လင့်ချက်မရှိဖြစ်ရလေသည်။


"ငါက မင်းရဲ့ တံခါးရှေ့ကို ရောက်နေပြီ အိမ်ထဲ ဝင်ထိုင်ဖို့ မဖိတ်ခေါ်တော့ဘူးလား..."


တင်းတင်းကြပ်ကြပ်စေ့ပိတ်ထားသော အဆောက်အဦး၏ တံခါးကို ကြည့်လိုက်ရင်း ရွှေဓားမြှောင်က ခေါင်းမော့ကာ ပြောလိုက်သည်။သူ့၏ အသံက မကျယ်သော်လည်း ကြယ်အဆောက်အဦးအတွင်းသို့ ဝင်ရောက်ပြန့်နှံ့သွားပြီး ကျင့်ကြံနေသူများ၏ မျက်ဝန်းများပွင့်သွားစေသည်။


ထိုအသံ၏ ကြီးမားလှသော ဖိအားအောက်တွင် သွေးလည်ပတ်မှုများက မငြိမ်မသက်ဖြစ်သွားပြီး ထခုန်လုနီးပါးပင်ဖြစ်သွားကြသည်။အလွန်ပင် မသက်မသာခံစားကြရလေ၏။


"ဘာတွေဖြစ်နေတာလဲ..."


လူတိုင်း၏ မျက်နာက ထိတ်လန့်မှုက အထင်းသားပေါ်လွင်နေသည်။


"အဲ့ဒါက ဘယ်သူလဲ သူတို့က ကြယ်မျှော်စင်အတွင်းမှာလေ ..အဲ့ဒီတော့ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်ဖြစ်လာတာလဲ..."


လူများစွာက ပြတင်းတံခါးများကို ဖွင့်၍ ခေါင်းပြူကာ စူးစမ်းလိုက်သည်။ထိုအခိုက်အတန့်၌ ရွှေသံချပ်ကာဝတ်အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။ကြောက်ရွံ့ထိတ်လန့်ဖွယ်စွမ်းအင်များကြောင့် သူတို့ ထိတ်လန့်တုန်ယင်မှုကို ခံစားလိုက်ရသည်။


"ဘယ်လိုလူမျိုးတွေလဲ ဒါက ကြယ်မျှော်စင်ဆ်ိုတာကို မသိကြဘူးလား...မင်းတို့ရဲ့ အသံက ဆေးလုံးသန့်စင်ခြင်းကို အနှောက်အယှက်ပေးနေတယ်..."


အဂ္ဂိရတ်ပညာရှင်တစ်ယောက်က ပြင်းပြင်းထန်ထန် ဒေါသထွက်နေသည်။သူ့၏ ဆေးလုံးသန့်စင်မှုက နောက်ဆုံးအစိတ်အပိုင်းသို့ ရောက်နေပြီ ဖြစ်သော်လည်း ကြားဖြတ် နှောက်ယှက်မှုကြောင့် ဆေးမီးဖိုပေါက်ကွဲသွားခဲ့ရသည်။


၎င်းက သူ့ကို အလွန်အမင်းဒေါသထွက်သွားစေပြီး ပြတင်းတံခါးမှ ခေါင်းထုတ်၍ ကြိမ်းဝါးလိုက်သည်။သို့သော်လည်း သူ့၏ အော်သံ မဆုံးခင်မှာပဲ ရပ်တန့်သွားလေသည်။


ရွှေသံချပ်ကာဝတ် လူတစ်ယောက်က ထိုအသံကြားရာဆီသို့ မော့ကြည့်လိုက်သည်။သူ့၏ အသံက သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေသည်။ချက်ချင်းဆိုသလိုပင် သူ့နောက်ကျောမှ ဆေဘာဓားကထွက်ပေါ်လာပြီး အလင်းတစ်ချက်လက်သွားသည်။


သွေးများလွင့်စင်သွားပြီးနောက် ထိုအဂ္ဂိရတ်ပညာရှင်၏ ခေါင်းက ပြတင်းတံခါးမှ လိမ့်ကျလာကာ မြေပြင်ပေါ် ကျယ်လောင်စွာ ပြုတ်ကျသွားသည်။ထိုအချင်းအရာကိုမြင်လိုက်ကြသူများအားလုံး ထိတ်လန့်စွာ အံ့သြနေကြသည်။


"ဒါ ဒီလူတွေက ဘယ်သူတွေလဲ သူတို့က ကြယ်မျှော်စင်ရှေ့မှာတောင် ရိုင်းရိုင်းစိုင်းစိုင်းပြုမူရဲတယ် သူတို့ကလကြယ်မျှော်စင်ကို မျက်စိထဲမထည့်ဘူးလား ...လော့တန်ချင်းကိုတောင်မှ မျက်စိထဲ မထည့်တော့ဘူးလား...ဆေးနန်းတော်က အကြီးအကဲတွေ အပြစ်ပေးမှာကို သူတို့ မကြောက်ကြဘူးလား..."


"ဆေးနန်းတော်သခင်လော့ ခင်ဗျား တံခါးမဖွင့်ဘူးဆိုရင် ကျုပ်တို့ ဝင်လာခဲ့ရမလား..."


ရွှေဓားမြှောင်က ခေါင်းဖြတ်ခံလိုက်ရသော လူကြီးကို ဂရုမစိုက်ပေ။သူက စေ့စေ့ပိတ်ထားဆဲဖြစ်သော တံခါးကိုသာ ကြည့်၍ ထပ်ပြောလိုက်သည်။သို့သော်လည်း ထိုကြီးမားသော ဂိတ်တံခါးက တုတ်တုတ်မလှုပ်ပေ။ရွှေဓားမြှောင်က ဓားကိုင်ယမ်းရင်း လှောင်ပြောင်ရယ်မောလိုက်သည်။


ထိုခဏမှာပင် သူ့နောက်ကျောမှ ဆေဘာဓားရှည်က ကောင်းကင်ယံဆီသို့ ပျံတက်သွားသည်။ထောင်ပေါင်းများစွာသော ဓားအလင်းများက ဖြစ်ပေါ်လာပြီး ဟိန်းဟောက်နေသော နဂါးတစ်ကောင်ပုံမျိုးဖွဲ့တည်လာသလိုမျိုးထင်ရသည်။


ကောင်းကင်ယံမှ ဓားအလင်းတန်းက ကြယ်မျှော်စင်ဆီသို့ တိုးဝင်သွားပြီးနောက် စူးစမ်းနေကြသော ကျင့်ကြံသူများ၏ ခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။


သူတို့၏ ခေါင်းများ ပြုတ်ကျသွားပြီး သွေးများနေရာအနှံ့လွင့်စင်သွားကာ ကြယ်မျှော်စင်တွင် သွေးနီရောင်စွန်းနေသလို ဖြစ်သွားလေသည်။ အာကာသ ထဲမှ တောက်ပလှသော ကြယ်တစ်လုံးရှိနေသည့် ကြယ်မျှော်စင်က လတ်ဆတ်လှသော သွေးရောင်များ ဖုံးလွှမ်းသွားပုံမှာ ကြောက်စရာကောင်းလှပေသည်။ထိုမြင်ကွင်းက အဂ္ဂိရတ်ပညာရှင်များစွာ၏ စိတ်ကို ဗလာကျင်းသွားစေသည်။ 


"ဘာ ဘာတွေဖြစ်နေတာလဲ အဲ့ဒီရွှေသံချပ်ကာဝတ်လူတွေက ဘာလို့ အဲ့ဒီလောက်ထိ အကျိုးအကြောင်းမဆီလျော်လှအောင် ရိုင်းစိုင်းနေရတာလဲ..."


ကြယ်မျှော်စင်အတွင်းမှ အချိန်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ထို့နောက် တစ်စုံတစ်ယောက်က ကူရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။


တကျွီကျွီ မြည်သံနှင့်အတူ ဂိတ်တံခါးက ဖြေးညှင်းစွာ ပွင့်လာလေသည်။ပုဖန် စားသောက်ဆိုင်တံခါးကို ပိတ်လိုက်ပြီး လည်ပင်းကြောလျှော့လိုက်သည်။ထို့နောက်ခတိတ်ဆိတ်ငြိမ်သက်နေသော မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်။


ပုဖန်က သူ့၏ ဟင်းချက်စွမ်းရည်ကို လေ့ကျင့်လိုက်သည်။သူ့တွင် အားလပ်ချိန်ရှိသည့်အခါတိုင်း ဟင်းပွဲအသစ်များကို အမြဲတမ်းစမ်းသပ်လေ့ကျင့်နေပေသည်။


ဤကဲ့သို့ လေ့ကျင့်ခြင်းက သူ့၏ အချက်အပြုတ်စွမ်းရည်ကို သိသိသာသာသက်ရောက်မှုမရှိသော်လည်း အနည်းဆုံးတော့သူ့၏ စိတ်ထဲတွင် ရှင်းလင်းသော မှတ်ဉာဏ်တစ်ခုကို ချန်ထားရစ်ခဲ့နိုင်ပေမည်။


ညကောင်းကင်ယံတွင် ကြယ်မျှော်စင်က တဖြေးဖြေးမြင်တက်လာပြီး ပြိုးပြိုးပျက်ပျက်အလင်းရောင်များ ထုတ်လွင့်နေလေသည်။ပုဖန်က လေ့ကျင့်မှုများပြီးသည်နှင့် သူ့၏ အခန်းထဲသို့ ပြန်သွားလိုက်သည်။တိမ်ခိုးစားသောက်ဆိုင် တစ်ခုလုံးက ငြိမ်သက်တိတ်ဆိတ်နေပြီး အသံဟူ၍ ဘေစင်ထဲသို့ ရေတစ်စက်စက်ကျသံသာ ကြားရသည်။


ထိုအချ်ိန်တွင် တိမ်ခိုးစားသောက်ဆိုင်နှင့် ဆန့်ကျင်ဘက်တွင်ရှိနေသော ကြယ်မျှော်စင်က ငြိမ်ချမ်းခြင်းဆိုသည့် စကားနှင့် အလွန်ပင်အလှမ်းကွာဝေးနေသည်။မူလက တိတ်ဆိတ်ငြိမ်သက်နေသော ကြယ်မျှော်စင်သည် ယခုအခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ရာများကို တွေ့ကြုံခဲ့စားရလေသည်။


လမင်းပျောက်ကွယ်သွားပြီး နေမင်း၏ အချိန်ရောက်လာပေပြီ။ညတစ်ညက လျင်မြန်စွာ ကုန်ဆုံးသွား၏ တင်းတင်းကြပ်ကြပ်ပိတ်ထားသော ဂိတ်တံခါးမှ သွေးများစီးဆင်းလာသည်။ဂိတ်တံခါးပွင့်သွားပြီးနောက် ပုံရိပ်များ လျှောက်ထွက်လာလေ၏။


ရွှေဓားမြှောင်က ရှေ့မှ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် သူ့၏ နောက်တွင် ရွှေသံချပ်ကာအဖွဲ့ ငါးယောက်ဆယ်က ညီညာစွာ လိုက်လာလေသည်။သူတို့၏ အော်ရာများက ကြောက်မက်ဖွယ်ရာကောင်းလှသည်။စူးရှလှသော အကြည့်ဖြင့် ကြည့်ခံလိုက်ရသူများက ကျောရိုးတစ်လျှောက်စိမ့်တက်သွားမှုကို ခံစားလိုက်ရသည်။


ထိုတပ်ဖွဲ့၏ နောက်တွင် ကြောက်ရွံ့ထိတ်လန့်နေသော အဂ္ဂိရတ်ပညာရှင်များလိုက်ပါလာသည်။သူတို့၏ မျက်နာများက သရဲတစ္ဆေကို မြင်ရသကဲ့သို့ ဖြူဖျော့နေသည်။သူတို့၏ ခန္ဓာကိုယ်များကလည်း တုန်ယင်နေကာ အနိုင်နိုင်လမ်းလျှောက်နေရသည်။


ထိုလူများသည် တကယ့်ကို ယုတ်မာလှသော နတ်ဆိုးများသာ ဖြစ်လေသည်။လေးစားဖွယ်ကောင်းသော အဂ္ဂိရတ်ပညာရှင်များကို ဒီလိုနည်းလမ်းများဖြင့် မည်ကဲ့သို့ ဆက်ဆံနိုင်ကြသနည်း။သို့သော်လည်း အဂ္ဂိရတ်ပညာရှင်များက သူတို့၏ ဒေါသများကို ထုတ်မပြဝံ့ပေ။တစ်ချို့သူများ၏ မျက်နာတွင် ဝမ်းနည်းမှုသာ အထင်းသားထင်ဟပ်နေလေသည်။ရွှေသံချပ်ကာဝတ် အလယ်တွင် သွေးများဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုသူက ဆေးနန်းတော်၏ အရှင်သခင် လော့တန်ချင်းပင်ဖြစ်သည်။


မသေမျိုးစိတ်ဝိညာဥ် အဆင့်ရှိသော လော့တန်ချင်းပင်လျှင် ထ်ိုကဲ့သို့ အခြေအနေမျိုးဖြင့် အဆုံးသတ်ခဲ့ရသည်။၎င်းက အဂ္ဂိရတ်ပညာရှင်များ၏ စိတ်အခြေအနေကို ပြိုကွဲသွားစေသည်။သူတို့ရှေ့မှ ရှိနေသော ရွှေသံချပ်ကာဝတ်အဖွဲ့ကို မည်သူမှ အနှောက်အယှက်မပြုရဲကြတော့ပေ။


"မင်း အရှေ့က လမ်းပြ ကောင်းကောင်းလမ်းပြ ဒီလ်ိုမှမဟုတ်ဘူးဆိုရင်တော့ ဘာဖြစ်လာမယ်ဆိုတာ မင်းသိပါတယ်..."


ရွှေဓားမြှောင်က အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ထိုသူ၏ ခန္ဓာကိုယ်က ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားသည်။ထ်ိုရွှေဓားမြှောင်၏ စကားကို သူ မငြင်းပယ်နိုင်ပေ။


ထိုအဂ္ဂိရတ်ပညာရှင်များကြားထဲတွင် အန်းရှန့်လည်းပါဝင်နေ၏။သူမ၏ နှလုံးသားက ပြင်းပြင်းထန်ထန်ခုန်လှုပ်နေပြီး မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများပေါ်လွင်နေသည်။


"ဒီလူတွေက ပိုင်ရှင်ပုကို ပြဿနာရှာချင်ကြတာလား...သူတို့ ပိုင်ရှင်ပုဆီက ဘာလိုချင်လို့လဲ...ဘာလ်ို့ ဒီနေရာမှာပြဿနာလာရှာကြတာလဲ...ဒီလူတွေက ဆေးနန်းတော်သခင်ကိုတောင် ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်လုပ်နိုင်တယ်ပေါ့...ဒါဆိုရင် ပိုင်ရှင်ပုကို အားထုတ်စရာတောင်မလိုပဲ သတ်နိုင်တယ် ဟုတ်တယ်မဟုတ်လား..."


ပိုင်ရှင်ပု၏ အလုပ်သင်တစ်ယောက်ဖြစ်သော အန်းရှန့်က ထိုကဲ့သို့ ကိစ္စမျိုးဖြစ်လာမည်ကို ခွင့်မပြုနိုင်ပေ။သူမ လွတ်မြောက်နိုင်ရန် အခွင့်အရေး ရှာရပေမည်။ပိုင်ရှင်ပု ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးန်ိုင်ရန် သူမ အမြန်ဆုံး သတင်းပို့ရပေမည်။


ရွှေဓားမြှောင်၏ ဖိအားများအောက်တွင် အဂ္ဂိရတ်ပညာရှင်များက သူ့စကားကို မနာခံပဲမနေရဲကြပေ။သူတို့ကို တိမ်ခိုးစားသောက်ဆိုင်ရှိရာဆီသို့ ခေါ်ဆောင်သွားလိုက်ကြသည်။ဒဏ်ရာပြင်းထန်စွာ ရရှိထားသော လော့တန်ချင်းက အနည်းငယ်ခေါင်းထောင်ကြည့်လိုက်သည်။


သူ့၏ နဖူးမှ သွေးများအဆက်မပြတ်စီးကျနေသောကြောင့်သူ မျက်လုံးပင်မဖွင့်နိုင်ပေ။သူ သက်ပြင်းသာအသာချလိုက်သည်။အဆုံးသတ်ကို ရှောင်လွဲ၍ မရနိုင်တော့ပေ။ပုဖန်၏ စားသောက်ဆိုင်သည် မြူကောင်းကင်မြို့ထဲတွင် နာမည်ကျော်ကြားလှသည်။ထို့ကြောင့် ရှာရသည်မှာ မခတ်ပေ။အဂ္ဂိရတ်ပညာရှင်များစွာကလည်း သူဆိုင်ကို ရောက်ဖူးကြသည်။ထိုလမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိနေပေသည်။


မနက်ခင်းနေမင်းက တဖြေးဖြေးမြင့်တက်လာပြီးနောက် သူ့၏ အလင်းရောင်များကို စွမ်းအားအပြည့် ဖြန့်ကျက်ကာ စိတ်ရှုပ်ထွေးစေလေသည်။မြူကောင်းကင်မြို့၏ လမ်းမပေါ်တွင် လူအုပ်တစ်စုက တိမ်ခ်ိုးစားသောက်ဆိုင်ဆီသို့ ဦးတည် လျှောက်လှမ်းနေကြသည်။


လမ်းပေါ်တွင်ရှိနေကြသောလူများစွာက ထ်ိုလူစုကို တွေ့လိုက်သည်နှင့် ကြောက်ရွံ့ထိတ်လန့်မှုဖြင့် နောက်ပြန်ဆုတ်သွားကြသည်။သူတို့က ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားသော အဂ္ဂိရတ်ပညာရှင်များကိုလည်း သတ်ိပြုမိကြ၏။


"ဒါက ကြယ်မျှော်စင်က အဂ္ဂိရတ်ပညာရှင်တွေ မဟုတ်ဘူးလား...ဘာလို့ အဂ္ဂိရတ်ပညာရှင်တွေက လမ်းလျှောက်ပွဲကျင်းပချင်နေရတာလဲ ပြီးတော့ သူတို့ရဲ့ အမူအရာကဘာလဲ..."


လူများစွာက အခြေအနေကို နားမလည်နိုင်ပေ။သို့သော်လည်း ဉာဏ်ကောင်းသော လူတစ်ချို့က ထူးဆန်းမှုကို ချက်ချင်းသတ်ိပြုမိသွားပြီး ကြောက်ရွံ့ထိတ်လန့်မှုများပြည့်နှက်သွားကြသည်။


"အဂ္ဂိရတ်ပညာရှင် တစ်စုကို ရွှေသံချပ်ကာဝတ်လူတွေက ပြန်ပေးဆွဲသွားတာလား...ပြီးတော့ သူတို့ ဦးတည်နေတဲ့ နေရာက အဲ့ဒါတိမ်ခိုးစားသောက်ဆိုင်မဟုတ်ဘူးလား...ဒီလူတွေက ပိုင်ရှင်ပုရဲ့ စားသောက်ဆိုင်မှာ သွားစားချင်လို့လား..."


ထိုလူအုပ်ထဲတွင် နန်ကုန်းဝူချယ်ရှိနေလေသည်။ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် သူ့၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားသည်။လူအုပ်ထဲမှ သွေးများဖုံးလွှမ်းနေသောလော့တန်ချင်းနှင့် မျက်နာဖြူဖျော့နေသော အန်းရှန့်တို့ကိုလည်း တွေ့လိုက်၏။သူ မယုံကြည်နိုင်ဖြစ်နေမိသည်။


"ဘာတွေများဖြစ်သွားရတာလဲ...တစ်ညတည်းနဲ့ ဘယ်လိုကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်သွားရတာလဲ..."


ထိုလူအုပ်ကိုကြည့်နေရင်းနန်ကုန်းဝူချယ်၏အမူအရာက ပို၍ တည်ငြိမ်လာသည်။သူဦးတည်ရာကို ကြည့်လိုက်သည်။


"ပိုင်ရှင်ပုဆိုင်ကို သွားနေကြတာလား...ဒီလူစုက ပိုင်ရှင်ပုကို ရှာချင်တာလား...ဝိုး ပိုင်ရှင်ပုရဲ့ အဆက်အသွယ်ကတော့ တကယ့်ကို ကျယ်ပြန့်တာပဲ...ဒီလ်ိုလူတွေကတောင် ပိုင်ရှင်ပုကို လာရှာရတယ်..."


ရုတ်တရက် ထိုအဖွဲ့ထဲမှ ပုံရိပ်တစ်ခုပြေးထွက်လာကာ ကျဥ်းမြောင်းသော လမ်းသွယ်လေးတစ်ခုဆီသို့ ဦးတည်လိုက်သည်။နောက်ဆုံး၌ အန်းရှန့်က အခွင့်အရေးတစ်ခုရသွားပေပြီ။ကြည့်ရှုသူအများအပြားရှိနေသည်ကို အခွင့်ကောင်းယူ၍ ထိုလူအုပ်ထဲ ရောနှောပုန်းကွယ်ရန် ကြိုးပမ်းလိုက်သည်။


"သေချင်နေတာပဲ..."


ရွှေသံချပ်ကာဝတ်အစောင့်၏ မျက်ဝန်းများက သတ်ဖြတ်ခြင်းအငွေ့အသက်များပြည့်နှက်သွားသည်။သူက အန်းရှန့်ထွက်ပြေးသည့်နေရာဆီသို့ ဓားချက်တစ်ချက်ပစ်လွှတ်လိုက်သည်။ကြောက်မက်ဖွယ်ရာအားကောင်းလှသော ဓားစွမ်းအင်က ပေါက်ကွဲထွက်ပေါ်လာသည်။


စူးစမ်းနေကြသောသူများက အသက်တစ်ချက်ရှိုက်လိုက်ကြသည်။တစ်ချို့ဆိုလျှင် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်ငိုကြွေးကြလေသည်။ထိုဓားစွမ်းအင်တစ်ချက်က အရှေ့တွင်ရှိနေကြသော လူတစ်ချို့ကို တိုက်ရိုက်သတ်ဖြတ်ပစ်လိုက်လေသည်။


 လတ်ဆတ်လှသောသွေးများက မြေပြင်ပေါ် စွန်းထင်းသွားသည်။အန်းရှန့်က ထ်ိုဓားချက်ကို ရှောင်ရှားလိုက်နိုင်ပြီး အလင်းတန်းသဖွယ်ထွက်ပြေးလွတ်မြောက်သွားလေသည်။သူမက ခပ်ဝေးဝေးဆီသို့ တမဟုတ်ချင်းပြေးထွက်သွားလေသည်။


"ရပ်လိုက် ...သူမကို သွားခွင့်ပေးလိုက်...သူက စားဖိုမှူးလေးဆီကို သတင်းသွားပို့ဖို့ထင်တယ်...ကြည့်ရတာတော့ သူတို့နှစ်ယောက်ကြားမှာဆက်ဆံရေးကောင်းကောင်းရှိပုံပဲ...အဲ့ဒီတော့လည်း စားဖိုမှူးလေးရှေ့ကျရင် အဲ့ဒီအမျိုးသမီးကို သတ်လိုက်ကြတာပေါ့..."


ရွှေဓားမြှောင်က သူ့၏ လက်အောက်ငယ်သားကို ဟန့်တားလိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။


"မင်းရှေ့ကနေ မြန်မြန်လျှောက် ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ သေရမယ်..."


ရွှေဓားမြှောင်က ခြေထောက်များတုန်ယင်နေသော အဂ္ဂိရတ်ပညာရှင်ကို ပြုံး၍ ကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်ကို မြှောက်လိုက်သည်နှင့် ဓားစွမ်းအင်တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။အဂ္ဂိရတ်ပညာရှင်၏ မျက်ဝန်းများ ကြောက်ရွံ့မှုဖြင့် ကျုံ့သွားပြီး သူ့၏ အရှိန်က ချက်ချင်းပေါက်ကွဲသွားသလို မြန်သွားလေသည်။


ရွှေသံချပ်ကာဝတ်တပ်ဖွဲ့က သူနောက်မှ လိုက်လာခဲ့ကြသည်။မကြာခင်မှာပင် သူတို့ တိမ်ခိုးစားသောက်ဆိုင်ရှေ့သို့ ရောက်လာကြ၏။စားသောက်ဆိုင်လေးက အလွန်ခမ်းနားမှုမရှိပေ။အစားကြူးတောင်ကြားထဲမှ ရွှေရောင်တဝင်းဝင်းတောက်ပနေသောစားသောက်ဆိုင်များနှင့် ယှဥ်လိုက်လျှင် စုတ်တိစုတ်ပျက်နိုင်သည်ဟုပင် ပြောနိုင်ပေသည်။


သို့သော်လည်း ရွှေဓားမြှောင်က ထိုအချက်များကို ဂရုမစိုက်ပေ။စားသောက်ဆိုင်၏ ရှေ့တွင် လူတန်းရှည်တစ်ခု ရှိနေလေသည်။သွေးချောင်းတဟွတ်ဟွတ်ဆိုးနေသော အမျ်ိုးသမီးတစ်ယောက်က သူမ၏ ခန္ဓာကိုယ်ကို အန်ိုင်နိုင်သယ်ရင်း စားသောက်ဆိုင်ရှ်ိရာဆီသို့ ဦးတည်လာသည်။တန်းဆီနေကြသော လူများက ထိတ်လန့်အံ့အားသင့်သွားကြ၏။


"အားလုံးထွက်သွားမလား သေမလား..."


ရွှေဓားမြှောင်က မြေပြင်ကို ခြေတစ်ချက်စောင့်နင်းလိုက်သည်။မြေပြင်က အက်ကွဲသံများနှင့်အတူ သူ့၏ နားကွဲလောက်ဖွယ်အသံက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။


စားသုံးသူများက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသော အန်းရှန့်ကို ကြည့်၍ သူတို့၏ မျက်နာတွင် ကြောက်ရွံ့ထိတ်လန့်မှုများပေါ်လာသည်။


"ပြေးချင်တယ်လား...မင်းဘယ်ကို ပြေးနိုင်မလဲဆိုတာကိုကြည့်ကြတာပေါ့ ..."


ရွှေဓားမြှောင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။သူ့၏ လက်ကို လှုပ်လိုက်သည်နှင့် နောက်ကျောမှ ဆေဘာဓားက သူ့လက်ထဲ ရောက်လာသည်။ထို့နောက် အန်းရှန့်ဆီသို့ ဓားချက်တစ်ချက်လွှဲလိုက်သည်။

 

ထိုဓားချက် ထိလိုက်သည်နှင့် အန်းရှန့်၏ ခန္ဓာကိုယ်က သေချာပေါက် အစိတ်စိတ်အမွှာမွှာဖြစ်သွားပေလိမ့်မည်။ရွှေသံချပ်ကာဝတ်တပ်ဖွဲ့မှ သူများက စိတ်လှုပ်ရှားနေကြသည်။သတ်ဖြတ်မှုများက သူတို့ကို စိတ်လှုပ်ရှားတက်ကြွစေ၏။


လှပသော အမျိုးသမီးတစ်ယောက်က သူတို့၏ ဓားချက်အောက် ကျရောက်သွားသည်ကို ကြည့်ရသည်မှာ သူတို့၏ အကြောင်းပြချက်မရှိ စိတ်လှုပ်ရှားတက်ကြွစေသည်။


"သေပေတော့..."


 တစ်ချို့ ရွှေသံချပ်ကာဝတ်သူများက ခပ်တိုးတိုးပင်ကြုံးဝါးလိုက်ကြသည်။သူမ၏ နောက်ကျောဆီမှ ဓားစွမ်းအင်ကို ခံစားမိလေသည်။ယခုအချိန်တွင် သူမတွင် ပြေးစရာမြေနေရာမရှိတော့ပေ။ထို့ကြောင့် သေရတော့မည်ဖြစ်ကြောင်း မေးခွန်းထုတ်စရာမလိုတော့ပေ။


သူမတွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပြီဖြစ်သောကြောင့် ရှောင်နိုင်သည့်ခွန်အားလည်းမရှိတော့ပေ။ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ထိုဓားစွမ်းအင်ကို မျက်နာချင်းဆိုင်လိုက်သည်။ထိုအခိုက်အတန့်မှာပင် ဓားစွမ်းအင်က သူမအပေါ်သို့ကျရောက်လာသည်။


ဘုန်း...


သို့သော်လည်း ထိုအခိုက်အတန့်လေးမှာပင် အနက်ရောင်အရိပ်တစ်ခု သူ့ရှေ့သို့ ပျံသန်းလာလေသည်။ဓားစွမ်းအင်က ဒယ်အိုးနက်ကြီး၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။