အပိုင်း ၇၀၉
Viewers 52k

အခန်း ၇၀၉

ဝံပုလွေငတုံးကဘယ်ကရောက်လာတာလဲ...


ခရက်ရှ် ခရက်ရှ် ခရက်ရှ်...


ကျိုးပဲ့သွားသော နတ်ဘုရားသတ်ဆေဘာ အပိုင်းအစများကို ဝှိုက်တီက တဖြေးဖြေးချင်း အစာချေနေသကဲ့သို့ အသံများထွက်ပေါ်လာသည်။ဝှိုက်တီ မည်သို့ စားသောက်နေသည်ကို ကြည့်နေရင်း ရွှေဓားမြှောင်ပါးစပ်အဟောင်းသားဖြစ်နေမိသည်။


ပတ်ဝန်းကျင်တွင်ရှိနေသော သူများအားလုံးလည်း ကြောင်အမှင်သက်နေကြ၏။


သေလုနီးပါးဖြစ်နေသော လော့တန်ချင်းပင်လျှင် သရဲတစ္ဆေကို မြင်လိုက်ရသလို မျက်လုံးအပြူးသားဖြစ်နေသည်။


"ဒါက နတ်ဘုရားသတ်ဆေဘာလေ တော်ဝင်ဥယျာဉ် သန့်စင်နယ်မြေရဲ့ နတ်ဘုရားသတ်စေဘာ..."


၎င်း၏ ထက်မြမှုနှင့် မာကြောခိုင်ခံ့မှုကိုနှိုင်းယှဉ်၍ မရပေ။၎င်းဓားက ကျောက်တုံးများကိုပင် တစ်ချက်တည်းဖြင့် တိခနဲ ဖြတ်တောက်နိုင်ပေသည်။သူ့၏ ခြိမ်းခြောက်နိုင်စွမ်းက ကြီးမားလွန်းလှသည်။သို့သော်လည်း ယခုအချိန်တွင်ပင် နတ်ဘုရားသတ်လက်နက်က သံရုပ်သေး၏ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။


"သောက်ကျိုးနဲ အဲ့ဒါက ဘာကြီးတုန်း..."


ထိုရုပ်သေးကောင်ကို ပထမဦးဆုံးမြင်သည့်အချိန်တွင် ကြောက်ရွံ့မှုကို မခံစားရပေ။ထိုသံရုပ်သေးက ကောင်းကင်ကို ဆန့်ကျင်နေသည်ဟုပင် သုထင်မြင်မိသည်။သို့သော်လည်း ယခုတွင်မူ ရွှေဓားမြှောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းများထောင်ထနေလေသည်။


"ငါရဲ့ ဆေဘာလေး ငါရဲ့ နတ်ဘုရားသတ်ဆေဘာလေး အစားခံလိုက်ရပြီ...ငါ ပြန်သွားရင် ဘယ်လိုများ ရှင်းပြရမလဲ..."


အရင်ကလည်း နတ်ဘုရားသတ်လက်နက်တစ်ခု ဆုံးရှုံးခဲ့ဖူးသည်။၎င်းက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးအတွက် ကြီးမားလှသော ဆုံးရှုံးမှုပင် ဖြစ်သည်။ယခုအချိန်၌ ကျော်ကြားလှသောနတ်ဘုရားသတ်ဆေဘာလည်း ဆုံးရှုံးသွားပေပြီ။ဒီနေ့က ကောင်းကင်နွေဦး သန့်စင်နယ်မြေ၏ ကြီးမားလှသောဆုံးရှုံးမှုကြီးပင် ဖြစ်လေသည်။


မှန်သည်။အကယ်၍သူသာ မဟာနယ်ပယ်အဆင့် ငရဲကမ္ဘာသက်ရှိနှင့် ထောင်တျဲ၏ ဝိညာဉ်ကိုသာ ပြန်လည် ယူဆောင်သွားနိုင်လျှင် သူ့၏ ဆုံးရှုံးမှုကို ကာမ်ိသွားပေလိမ့်မည်။ရွှေဓားမြှောင်၏ မျက်ဝန်းများ ရဲရဲနီလာသည်။သူ့ခန္ဓာကိုယ်တွင်ကျန်ရှိနေသောချပ်ဝတ်တန်ဆာအပိုင်းအစကို လွှတ်ပစ်လိုက်ပြီး မြေပြင်ပေါ်တွင် ကုန်း၍ အော်လိုက်သည်။


သူ့၏ ချပ်ဝတ်တန်ဆာကြောင့် မြေပြင်ပေါ်တွင် တွင်းတစ်ခု ဖြစ်ပေါ်သွားသည်။ချပ်ဝတ်တန်ဆာ၏ အလေးချိန်က မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်လှသည်။ထ်ိုမြင်ကွင်းကို မြင်လိုက်ရသော သူများအားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။


"မင်းက ငါ့ကို ဒီလ်ိုလုပ်ဖို့ ဖိအားပေးတာပဲ ငါရဲ့ လျှို့ဝှက်နည်းလမ်းက မပြည့်စုံသေးဘူး ဒါပေမယ့် ဒီအချိန်မှာတော့ မင်းက ငါ့က်ို အသုံးပြုဖို့ ဖိအားပေးန်ိုင်ခဲ့ပြီ ...မင်းက ပြဿနာရှာမှတော့ ငါကလည်း မင်းခန္ဓာကိုယ်ပေါ်က အရိုးတွေကို အပိုင်းပိုင်း ချိုးဖျက်ပစ်မယ်..."


ရွှေဓားမြှောင်၏ အော်ဟစ်သံက လေထဲလွင့်ပျံလာသည်။သူ့၏ ချပ်ဝတ်တန်ဆာပျောက်ကွယ်သွားပြီးနောက် သူ့၏ အော်ရာများကလည်းပြောင်းလဲသွားသည်။သူ့ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲသွားပြီး တဖြေးဖြေးချင်း ကြီးမားလာသည်။


ဝံပုလွေ ဦးခေါင်းက ပို၍ ကြောက်စရာကောင်းလာသည်။နဖူးပေါ်တွင်လည်း လိုင်းကြောင်းများကိုပင် ထင်ရှားစွာ မြင်နေရ၏။သူထုတ်လွင့်လိုက်သော ဖိအားက ကြည့်ရှုနေသူများအားလုံးကို တုန်လှုပ်ခြောက်ခြားစေသည်။


သူ့၏ လက်သည်းများကို တဖြေးဖြေးချင်း ဆန့်ထုတ်လိုက်သည်။ထို့နောက် သူ့နောက်ကျောဘက်က အမွှေးများကြားထဲသို့ လက်ကို ထိုးထည့်လိုက်၏။


ထူးဆန်းသည့် ဆူညံသံများထွက်ပေါ်လာပြီးနောက် သူ့၏ နောက်ကျောဘက်မှ အရိုးတစ်ချောင်းထွက်ပေါ်လာ၏ ထိုဖြူဖွေးလှသော အရိုးက အေးစက်မှုကို ခံစားရစေသည်။


ထိုပျော့ပြောင်းသောအရိုးက အဆက်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည် ။၎င်းကို ကြည့်ရသည်မှာ ရွှေဓားမြှောင်၏ ကျောရိုးဖြစ်ပေါ်ပုံလေသည်။သူ ထိုအရိုးကွေးကို အရှေ့သို့ ကြမ်းတမ်းစွာ လွှဲရိုက်လိုက်သည်နှင့် ထိခတ်မိသော မြေပြင်က ကွဲအက်သွားပြီးဖုန်မှုန့်များ တလုံးလုံးထသွားသည်။


ထိုအခိုက်အတန့်အတွင်းတွင် ရွှေဓားမြှောင်က မီတာအနည်းငယ်ခန့် မြင့်မားသည်။သူ့၏ ကြွက်သားများကလည်းတကယ်ကို ကြီးမားပြန့်ကားလာ၏။သူ့၏ ခန္ဓာကိုယ်က ဝံပုလွေ ခန္ဓာကိုယ်ဖြစ်နေသော်လည်း လူသားတစ်ယောက်ကဲ့သို့ မားမားမတ်မတ်ရပ်နေလေသည်။ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကလည်း တဖြေးဖြေးချင်း ပြန့်ကားလာသည်။


ခရက်ရှ် ခရက်ရှ် ခရက်ရှ် ...


ဝှိုက်တီက ရွှေဓားမြှောင်၏ ခြိမ်းခြောက်မှုကို နားမထောင်ပေ။


"ဗိုက်ဝသွားပြီလား..."


ရွှေဓားမြှောင်၏ အေးစက်လှသော မျက်ဝန်းများက ဝှိုက်တီကို ကြည့်ရှုနေ၏။သူ့၏ အသံကလည်း မသိမသာ တုန်ခါနေလေသည်။ဝှိုက်တီက သူ့၏။ဝမ်းဗိုက်ပူပူကို အသာအယာ ပုတ်လိုက်ပြီးနောက် ရွှေဓားမြှောင်ကို မော့ကြည့်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။


"ငါထင်တာတော့ သူ ဗိုက်မပြည့်သေးဘူး...မင်းမှာ နောက်ထပ် နတ်ဘုရားသတ် ပစ္စည်းတစ်ခုခု အပိုရှိသေးတယ်ဆိုရင် သူ့ကို ပေးလိုက်လေ..."


တံခါးဘောင်ကို မှီနေသော ပုဖန်က ရွှေဓားမြှောင်ကိုကြည့်၍ ဝင်ပြောလိုက်သည်။အားလုံး အံ့အားသင့်သွားကြ၏။


ရွှေဓားမြှောင် မျက်ဝန်းများကို မှေးစင်းလိုက်ပြီး ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။သူ့၏ ကြောက်မက်ဖွယ်ရာအော်ရာများဖြင့် ပုဖန်ကို ဖိနှိပ်လိုက်၏။


ချပ်ဝတ်တန်ဆာဖယ်လိုက်ပြီးနောက် ရွှေဓားမြှောင်၏ အရှိန်အဝါက ပို၍ ခြိမ်းခြောက်နိုင်စွမ်းရှိလာသည်။သူ့၏ အရှိန်အဝါက အဖြူရောင်ထောင်တျဲထက် အားမနည်းပေ။


"ငါက မင်းကို မေးနေလို့လား ငါ ဒီသံလုံးကောင်ကို သတ်ပစ်မယ်... ငါ ငရဲကမ္ဘာသက်ရှိကို သတ်ပစ်မယ်...ပြီးရင်တော့ မင်းလို သေးကွေးတဲ့ ပုရွတ်ဆိတ်ကောင်ကို သေတဲ့အထိ ဖိညှစ်ပစ်မယ်..."


ရွှေဓားမြှောင်က နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေး၍ သူ့၏ ချွှန်မြလှသော အစွယ်များကို လှစ်ဟပြရင်း အေးစက်စွာ ပြောလိုက်သည်။လူအားလုံး ကြောက်ရွံ့တုန်ရီနေကြသည်။


"ဒီမွန်းစတားကောင်က ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်လာပြီ..."


ဝှိုက်တီဆီမှ ဗိုက်ပြည့်သွားဟန်ဖြင့် လေတက်သံတစ်ချက်ထွက်ပေါ်လာသည်။ထို့နောက် သူ့၏ အတောင်ပံများကို ဖြန့်ကားလိုက်ရာပြင်းထန်သည့် လေပြင်းတစ်ချက်ဝှေ့တ်ိုက်သွားသည်။


ဘုန်း...


ရွှေဓားမြှောင် မြေပြင်ကို ခြေတစ်ချက်ဆောင့်နင်းလိုက်လေရာ ကျောက်တုံးနှင့် ဖုန်မှုန့်များလေထဲ ပျံတက်သွားသည်။ထို့နောက် သူ နေရာမှ ပျောက်သွားပြီး လျှပ်စီးကဲ့သို့ အလျင်နှုန်းဖြင့် ဝှိုက်တီ၏ ရှေ့တွင် ပြန်လည်ပေါ်လာသည်။


ဖန်း...ဘုန်း...


ဝှိုက်တီ၏ မျက်ဝန်းများ အလင်းရောင်လက်သွားသည်။သူ့၏ လက်နှစ်ဖက်ကို အလိုလို မြောက်တင်လိုက်၏။သို့သော်လည်း သူ့လက်များက လွင့်တက်လာသော ကျောက်တုံးများကို ထိမှန်သွားပြီး မြေပြင်ပေါ်သို့ ပြန်လည် ရိုတ်ခတ်သွားစေသည်။


ရွှေဓားမြှောင်က ပြုံးလိုက်ပြီး သူ့၏ ထက်မြေ့လှသော သွားများကို လှစ်ဟလိုက်သည်။သူ လေထဲသို့ ပျံဝဲတက်လိုက်သည်။သူ့၏ နောက်ကျောက နေ့အလင်းရောင်ကို ဖုံးကာထားလေသည်။သူ့လက်ထဲမှ အရိုးဓားကလည်း တဆတ်ဆတ်တုန်ခါနေသည်။


သူ့လက်ထဲမှ အရိုးပျော့က စူးရှသော တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီးနောက် တောင့်တင်းသွားကာထက်မြေ့လှသော လှံတစ်လက်ဖြစ်လာလေသည်။


၎င်းက ကောင်းကင်ယံထက်၌ တဖြေးဖြေးကြီးမားလာပြီးနောက် ရုတ်တရက် အောက်သို့ လွှဲချလာသည်။


ဘုန်း...


ဝှိုက်တီ ရပ်နေခဲ့သောနေရာကို ထိမှန်သွားပြီး ပျက်စီးမှုများဖြစ်ပေါ်သွားသည်။ပြင်းထန်လှသော စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ရိုက်ခတ်သွားပြီး ကျောက်တုံးကျောက်စများ ပလူပျံသွားသည်။


သို့သော် တိမ်ခိုးစားသောက်ဆိုင်က မမြင်နိုင်သော အကာအကွယ်တစ်ခု ရှိနေပုံပေါ်လေသည်။အလင်းရောင်တစ်ချက်လက်သွားပြီးနောက် ပြန့်လွင့်လာသော ဖုန်များ ကျောက်ခဲများက လေထဲတွင် ရပ်တန့်သွားသည်။ခေါင်းတစ်လုံး အရွယ်အစားခန့်ရှိသော ကျောက်တုံးက အကာအကွယ်ဖြင့် ထိမှန်သွားပြီးနောက် နန်ကုန်းဝူချယ်၏ ခြေထောက်ကြားထဲသို့ ပြုတ်ကျသွားသည်။


ထိုမြင်ကွင်းကိုကြည့်၍ နန်ကုန်းဝူချယ်၏ နဖူးတွင် ချွေးစီးများထွက်လာလေသည်။


"အမှိုက်ကောင် ထ တိုက်စမ်း ငါရဲ့ ဆေဘာကို စားရဲတယ်ဟုတ်လား...ငါမင်းကို အားလုံး ပြန်အန်ထွက်အောင်လုပ်ပစ်မယ်..."


ရွှေဓားမြှောင်၏ စူးရှသောအသံက ကောင်းကင်ယံမှနေ၍ ဟိန်း၍ ထွက်ပေါ်လာသည်။သူ့လက်ထဲမှ အရိုးသွားက မြေပြင်ပေါ်သို့ ထပ်ဖန်တလဲလဲ ကျရောက်လာပြီး ကျင်းများဖြစ်ပေါ်သွားစေသည်။


ထိုမြင်ကွင်းကိုမြင်တွေ့နေရသောလူများကလည်းကြောက်ရွံ့မှုဖြင့် တုန်ရီနေပြီး အသံတစ်စက်ပင် မထွက်နိင်တော့ပေ။မြေပြင်ပေါ်၌ အဆက်မပြတ် ပေါက်ကွဲမှုများဖြစ်ပေါ်နေပြီး တိမ်ခိုးစားသောက်ဆိုင် ပတ်လည်တွင် အပျက်အစီးများ ဖြစ်နေပေသည်။


ရုတ်တရက် ရွှေဓားမြှောင်၏ လှုပ်ရှားမှုများက ရပ်တန့်သွားသည်။သူ့၏ လက်ထဲမှ အရိုးသွားကို ပြင်းထန်လှသော အားတစ်ခုက ဖမ်းဆုပ်ခံလိုက်ရသည်ကို ခံစားမိလိုက်ပြီး သူ့၏ မျက်နာက တောင့်တင်းသွားသည်။


ဘန်း...


အရိုးသွားကို ဖမ်းဆုပ်ထားသော ပုံရိပ်က ကောင်းကင်ယံဆီသို့ လွင့်တက်သွားသည်။ဝှ်ိုက်တီက သူ့၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေဓားမြှောင်ကို ပုတ်လိုက်၏။


ရွှေဓားမြှောင်က နှုတ်ခမ်းတွန့်ရုံမဲ့လိုက်ပြီး သူ့၏ လက်ကို မြှောက်၍ ပြန်လည် ခုခံ တိုက်ခိုက်လိုက်သည်။ထိပ်တိုက်တွေ့ဆုံမှုမှနေ၍ ဧရိယာတစ်ခွင်လုံး တုန်ခါသွားသည်။ဝှိုက်တီ မြေပြင်ပေါ်သို့ ထပ်မံ ပြုတ်ကျသွားပြန်သည်။


"အားနည်းတဲ့ ကြက်ပေါက်လေး..."


ရွှေဓားမြှောင်က ကျယ်လောင်စွာရယ်မောလိုက်သည်။ထိုအခိုက်အတန့်၌ သူ့၏ အမူအရာက ရိုင်းစိုင်းကြမ်းတမ်းသော သားရဲကြီးတစ်ကောင် မောက်မာနေဟန်ပုံဖြစ်သည်။ထိုအချိန်၌ အပျက်အစီးပုံများကြားထဲမှသန့်စင်လှသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။


ထိုအလင်းစွမ်းအင်က ရွှေဓားမြှောင်ကိုတိုက်ရိုက်ထိမှန်သွားသည်။ရွှေဓားမြှောင် တုန်ရီစွာဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။သူ့၏ အမွှေးများ လောင်ကျွမ်းသွားပြီး ဒဏ်ရာတစ်ချို့ ရသွားလေသည်။


သူ့၏ဒဏ်ရာများက လျင်မြန်စွာပြန်လည်ကောင်းမွန်လာသော်လည်း ထိုရုပ်ဆိုးလှသော အခြေအနေက သူ့၏ မျက်ဝန်းများကို နီရဲသွားစေသည်။ဝှ်ိုက်တီက အပျက်အစီးပုံများကြားထဲမှ ပြန်လည်ထလာသည်။သူ့၏ ဝမ်းဗိုက်ရှေ့တွင် အမြောက်ဆန်အစီအရင်တစ်ခု လည်ပတ်နေလေသည်။


ဝှိုက်တီက သူ့၏ စွမ်းအင်အစစ်အမှန်ကို ရွှေဓားမြှောင်ဆီသို့ ချိန်ရွယ်လိုက်သည်။ထိုစွမ်းအင်၏ အရှိန်က အလွန်ပင် လျင်မြန်လှသည်။လေထုကို ထိုးခွင်းသွားသည့်အချိန်၌ လေဟာနယ်ပင်လျှင် ပေါက်ကွဲသွားလေသည်။


ရွှစ်...


ပုဖန်နှင့် တခြားသူများက ထ်ိုတိုက်ပွဲကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။ရုတ်တရက် စားသောက်ဆိုင်ဘက်မှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ပုဖန်အံ့အားသင့်သွားသည်။


"ပုစွန်ပိစိ မဟုတ်လား..."


ဝှိုက်တီ အဆင့်မြင့်တင်နေသည့်အချိန်၌ ပုစွန်ပိစ်ိကလည်း လုံးဝ အိပ်ပျော်နေခဲ့သည်။နောက်ဆုံး၌ ၎င်းက နှိုးထလာခဲ့လေပြီ။ပုစွန်ပိစိက ရွှေရောင်အလင်းတန်းတစ်ခုပြောင်းလဲသွားသလိုမျိုး ဝှိုက်တီနှင့် အကွာအဝေးကို ချုံ့ပစ်လိုက်ပြီး အချိန်တိုအတွင်း ရောက်သွားသည်။


ဝီ...


ပုစွန်ပိစိ၏ ခန္ဓာကိုယ်က ချက်ချင်းပင် ဖောင်းပွလာပြီး ကြီးမားလှသောမွန်းစတားကောင်ကြီး ရွှေရောင်ပုစွန်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့၏ ရွှေရောင်ပုစွန်ခွံက နှိုင်းယှဉ်စရာမရှ်ိလောက်အောင်ကို တောက်ပလင်းလက်နေလေသည်။


နေရောင်အောက်၌ အလင်းပြန်ဟပ်နေပုံမှာအလင်းတန်းများကို ပို၍ ချဲ့လိုက်သလိုပင် ထင်ရသည်။ဝှိုက်တီက သူ့၏အတောင်ပံများကို ဖြန့်ကား၍ လေထဲတက်လိုက်ပြီး ပုစွန်ပိစိပေါ်တွင် ဆင်းသက်လိုက်သည်။စစ်သူရဲကောင်း ပုစွန်ပိစိ၏ တိုက်ခိုက်မှုစလေပြီ။ရွှေဓားမြှောင်က သူ့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီးနောက် ပုစွန်ပိစိအား အထင်အမြင်သေးဟန်နှင့် အကဲခတ်လိုက်သည်။


"ဟမ်း သုံးစားမရတဲ့ ငတုံးကောင်တွေ မင်းတို့က ပုရွတ်ဆိတ်ကောင်တွေလိုပဲ..."


ရွှေဓားမြှောင်က သူ့၏ အရိုးသွားကို ဝှေ့ယမ်းလိုက်သည်နှင့် ဆေဘာစွမ်းအင်များ ကောင်းကင်တစ်ခွင် ကျသွားသည်။ပြင်းထန်လှသောစွမ်းအင်များက အလွန်လျင်မြန်လှသော အရှိန်ဖြင့် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။


၎င်းက ဝှိုက်တီနှင့် ပုစွန်ပိစိတို့ကို ထက်ခြမ်းခြမ်းပစ်လိုက်တော့မည်ဟု ထင်ရသည်။သို့သော်လည်းထိုခဏအတွင်းမှာပင် ၎င်းတို့က ရွှေရောင် အစက်လေးများအဖြစ် ပျောက်ကွယ်သွားလေသည်။


အကွာအဝေးတစ်ခုမှနေ၍ ပုစွန်ပိစိ၏ ခြေလှမ်းများက ရွှေရောင်အလင်းတန်းကို လျှောစီးလာသလိုမျိုး လျင်မြန်စွာချဉ်းကပ်လာလေသည်။အဘက်ဘက်မှ ပြန့်လွင့်လာသော ရွှေရောင်အလင်းတန်းများက ရွှေဓားမြှောင်ကို ထိမှန်လေသည်။ရွှေဓားမြှောင် သူ့လက်ထဲမှ အရိုးသွားကို ဝှေ့ယမ်းလိုက်ပြီးထ်ိုစွမ်းအင်အမြောက်ဆန်များကိုကာကွယ်လိုက်သည်။


သူ ပို၍ ဒေါသထွက်လာလေသည်။ထိုပုစွန်ကောင်၏ လှုပ်ရှားမှုများက မြန်သထက် မြန်လာသည်ဟု ထင်မိ၏။သူ မျက်လုံးများ လှည့်လိုက်ပြီး ပြန်လည် ဆင်းသက်လိုက်သည်။


ဘုန်း...


မြေပြင်တစ်ခုလုံးက တုန်ခါသွားသည်။တကယ်တမ်းတွင် သူ့၏ အရှိန်နှုန်းက မြေပြင်ပေါ်၌ ပို၍ မြန်လေသည်။


ဘုန်း...


ကျောက်တုံးကျောက်ခဲများ လွင့်စင်ထွက်သွားပြန်သည်။မြေပြင်ပေါ်တွင်လည်းအပေါက်များ ထပ်မံ ဖြစ်ပေါ်လာ၏။ဖုန်လုံးများ ကြားမှာပင် ရွှေဓားမြှောင်၏ သန်မာလှသောခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။သူပြနလည် ထွက်ပေါ်လာသည့်အချိန်၌ ဝှိုက်တီနှင့် ပုစွန်ပိစိတို့ အရှေ့သို့ ရောက်နေပေပြီ။


ရွှေဓားမြှောင်က ပုစွန်ကောင်က်ို ကြည့်လ်ိုက်ပြီးနောက် သူ့၏ လက်သည်းများဖြင့် လွှဲယမ်းလိုက်သည်။ပုစွန်ပိစိက ရှောင်တိမ်းချိန်မရတော့ပဲ မြေပြင်နှင့် ထိမှန်ရိုက်ခတ်သွားလေသည်။


ဝှိုက်တီ၏ မျက်ဝန်းများ တဖျတ်ဖျတ် လက်သွားသည်။သူ့၏ အတောင်ပံနှစ်ခုကို လွှဲယမ်းလိုက်ပြီး ဓားမြှောင်များအဖြစ်သို့ ပြောင်းလဲကာ ရွှေဓားမြှောင်ကို ထိုးစိုက်လိုက်သည်။


ဘုန်း.. ဘုန်...


သွေးများ နေရာအနှံ့ ပြန့်ကျဲသွား၏။ဝှိုက်တီ၏ အညှာအတာ မဲ့လှသော လက်သီးချက်များဖြင့် ရွှေဓားမြှောင် မြေပြင်ပေါ်သ်ို့ တွန်းထုတ်ခံလိုက်ရသည်။


သို့သော်လည်း ရွှေဓားမြှောင်က ကြမ်းတမ်းခက်ထန်နေတုန်းပင်ဖြစ်သည်။သူ့၏ ဝံပုလွေပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟလာ၏။ချက်ချင်းပင် စွမ်းအင်လုံးတစ်လုံးထွက်ပေါ်လာပြီး ဝှိုက်တီကိုထိမှန်ကာအဝေးသို့ လွင့်ထွက်သွားစေသည်။


ဝှိုက်တီ လေထဲတွင် လှိမ့်လိုက်ပြီးနောက် သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်အောင်ထိန်းလိုက်သည်။ပုစွန်ပိစ်ိက အပျက်အစီးပုံများကြားထဲမှထလာပြီးသူ့ခေါင်းကို လွှဲယမ်းလိုက်သည်။ထို့နောက် ရွှေဓားမြှောင်ကိုရန်လိုမှုအပြည့်ဖြင့် စူးစိုက်ကြည့်လိုက်၏။


ရွှေဓားမြှောင်ကလည်း မြေပြင်ပေါ်၌ မြဲမြဲမြံမြံပြန်လည်ရပ်တည်လ်ိုက်သည်။သူ့ခန္ဓာကိုယ်ပေါ်ရှ်ိဒဏ်ရာများက သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အရှိန်နှုန်းဖြင့် ပြန်လည်ကုစားနေသည်။


"မသေမျိုး ဝိညာဉ်အဆင့် စိတ်ဝိညာဉ် သားရဲတစ်ကောင်က ငါရှေ့မှာ လာပြီးလှုပ်ရှားရဲနေတယ်ပေါ့ မင်းကိုမင်းအကင်အဖြစ် ပြောင်းဖို့ ပြင်ဆင်ထားပြီးပြီလား ..."


ရွှေဓားမြှောင်၏ အော်ရာများက ပို၍ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလှသည်။ထို့နောက် သူ့ခေါင်းပေါ်၌ တောက်ပသော ကြယ်တစ်လုံးနှင့်အတူ ဝိညာဉ် လှေကားပေါ်လာလေသည်။


ရွှေဓားမြှောင်က သူ့၏ အရိုးသွားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး မြေပြင်ပေါ်တွင် ဝံပုလွေ တစ်ကောင်ကဲ့သို့ လေးဘက်ထောက်လိုက်သည်။ထို့နောက် ခေါင်းကို မော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။၎င်းကို ကြည့်ရပုံမှာသူ့၏ ခေါင်းအထက်မှ ကြယ်ပွင့်ကို ပြောဆိုလိုက်ပုံနှင့်ပင် ဆင်တူနေသည်။


ဝီ...


ထိုအချိန်မှာပင် ကြယ်ပွင့်ဆီမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုပုံရိပ်၏ လက်ချောင်းမှ စွမ်းအင်စီးချောင်းတစ်ခုက ရွှေဓားမြှောင်ဆီသို့ စီးဆင်းဝင်ရောက်လာသည်။


စားသောက်ဆိုင်အတွင်း၌ အစာစားပြီး၍ လဲလျောင်းနေသော ဘလက်ကီ၏ မျက်ဝန်းများရုတ်တရက် ဖွင့်လိုက်သည်။သူ့၏ မျက်နာပြင်ပေါ်ရှိ အဆီများ တုန်ခါသွားပြီး ထက်မြေ့လှသောအစွယ်နှစ်ချောင်းကို လှစ်ဟမာန်ဖီလိုက်လေသည်။


ရွှေဓားမြှောင်၏ အော်ရာများက ပို၍ပင် ခြိမ်းခြောက်န်ိုင်စွမ်းမြင့်မားလှသည်။သူ့၏ ခေါင်းပေါ်ရှိလည်း စိတ်ဝိညာဉ် လှေကား ၈ဆင့်က တောက်ပစွာလင်းလက်နေသည်။သူ့၏ စွမ်းအားများက အရှိန်အဟုန်ဖြင့် မြင့်တက်လာလေသည်။


ဝေါင်း...


သူမတ်တပ်ရပ်၍ လက်သီးဖြင့် သူ့ရင်ဘတ်သူပုတ်လိုက်သည်။သူဟိန်းဟောက်လိုက်သော အသံက အားလုံး၏ နားထဲသို့ စူးရှစွာထိုးဖောက်ဝင်ရောက်သွားသည်။သို့သော်လည်း သူဟိန်းဟောက်၍ မပြီးဆုံးသေးခင်မှာပင် စားသောက်ဆိုင်ဘက်ဆီမှ အမျိုးသားတစ်ယောက်၏ ပျင်းရိနေသော အသံထွက်ပေါ်လာသည်။


"မိုက်မဲလှတဲ့ ဝံပုလွေ ငတုံးက ဘယ်ကရောက်လာတာလဲ မင်းရဲ့ သခင်ခွေး အိပ်နေတာကို လာနှောက်ယှက်တာလား..."