Chapter 128
ယဲ့ရှီ ဒဏ်ရာရပြီးနောက်၊ ချောင်းမင်ယောင် သည် တိုက်ပွဲကို ဆက်မတိုက်ချင်တော့ဘဲ သူမ လွတ်မြောက်ရန်သာ ကြိုးစားခဲ့သည်။ ကံကောင်းစွာပင်၊ ဧရာမတောင်ပံဇာ့ခ်သည် တောင်ပံတစ်ခု မရှိတော့ပေ။ တောင်ပံ အသစ်ပေါက်နိုင်သော်လည်း အသုံးမဝင်သလောက်ပင်။ ၎င်း၏ စွမ်းအားသည်လည်း အလွန်လျော့ကျသွားပြီးဖြစ်၍ သူတို့နောက်ကို လိုက်မမီနိုင်ခဲ့ပေ။
ချောင်းမင်ယောင် က "သူ့တောင်ပံကို ငါပြန်ယူလာခဲ့တာ… အရှည်က 7မီတာကျော်ကျော်လောက် ရှည်တယ်… ညီမလေး ယောင်ယောင်… ယဲ့ရှီအတွက် ဒီအတောင်ပံအကြီးကြီးကို ချက်ပေးနိုင်မလား"
ဤအတောင်ပံ၏ ကုသရေးအာနိသင်က လင်းယောင်ယောင် လက်ထဲက SS-အဆင့် ဧရာမဇာ့ခ် ထက် ပိုကောင်းနိုင်၍ ယဲ့ရှီ အတွက် ကောင်းပေသည်။
ဝေ့ယွမ် က သံသယစိတ်နှင့်မေးလိုက်သည်။
" မင်းတို့ကို မြန်မြန်သွားဖို့ ပြောလိုက်တာလေ…ဘယ်လိုလုပ်ပြီး ဇာ့ခ်ကြီးကို သွားစလိုက်တာလဲ…မင်း စားချင်လို့လား"
"... ငါတို့က အဖွားနဲ့ ယဲ့ရှီ အမေ တို့နှစ်ယောက်လုံးအတွက် SS အဆင့်ဆိုရင် ပိုကောင်းမလားလို့လေ... တစ်ကောင်လေးတောင် မသတ်နိုင်ရင်လည်းအသားကို လှီးသွားလည်း ရတယ်လို့ တွေးမိတာ... “
လင်းယောင်ယောင် သည် ယဲ့ရှီ နှင့် ပတ်သတ်၍ စိတ်ရှိနေကြောင်းကို ချောင်းမင်ယောင် အား မစနောက်ချင်တော့ပေ။ယခုဆို အားလုံးတောင် ရိပ်မိနေနိုင်သည်။ သူကလည်း ဝန်ခံချင်မှာမဟုတ်။ထို့နောက် သူမသည် ချောင်းမင်ယောင် လက်ထဲမှ SS-အဆင့် ဧရာမဇာ့ခ်အတောင်ပံကို အာကာသခလုတ်ထဲထည့်၍ ယဲ့ရှီ ၏ အိမ်ထဲသို့ သွားလိုက်သည်။
ရှားရှု နှင့် ယဲ့ဟွေ သည် ယဲ့ရှီ ဘေးနားမှာနေ၍ ဆေးကုသခန်းထဲတွင် စောင့်ပေးနေသည်။ ထို့နောက် သူမတို့ ရောက်လာသည်ကို ကြားပြီးနောက် ဧည့်ခံဖို့ အပြန်ထွက်လာသည်။
သာမာန်ဧည့်သည်သာဆိုလျှင် ရှားရှုသည် ဤအချိန်တွင် ဧည့်ခံမည်မဟုတ်သော်လည်း ဧည့်သည်များမှာ ယဲ့ရှီ ၏ သူငယ်ချင်းများဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေရန်အတွက် အထူး အရန်အစားအစာများ ဖန်တီးထားသည့် လင်းယောင်ယောင် ပင်လျှင် ရောက်လာသည်။ ယဲ့ရှီ ၏စကားအရ လင်းယောင်ယောင် ၏ ဖြည့်စွက်အစားအစာများသည် စိတ်ပိုင်းဆိုင်ရာနယ်ပယ် ချို့ယွင်းမှု၊ ပျက်စီးမှုနှင့် ပြိုလဲမှုအားလုံးကို ကုသပေးနိုင်သည်။ထို့ကြောင့် သူမ စိတ်လှုပ်ရှားနေမိသည်။
ယောက်ျားလေးအများစုထက် ပိုချောမောသော ယဲ့ရှီ ၏ ရုပ်ရည်နှင့်မတူဘဲ ရှားရှု သည် အလွန်နူးညံ့သော အလှရှိသည်။ ယဲ့ဟွေ က အမေတူခြင်းဖြစ်၍ ယဲ့ရှီ က အဖေဖြစ်သူနှင့် ပိုတူသည်။
လင်းယောင်ယောင် သည် ဖြည့်စွက်စာများ ချက်မည်ဆို၍ အနှောင့်အယှက်မပေးချင်သဖြင့် ရှားရှု သည် မီးဖိုချောင်ကို မသွားဘဲ ဝေ့ယွမ်နှင့် အခြားသူများကို တွေ့ဆုံပြီးနောက် ယဲ့ရှီထံ ခေါ်သွားခဲ့သည်။
မီးဖိုချောင်ထဲ၌...
ချောင်းမင်ယောင် ပေးခဲ့သည့် ဇာ့ခ်တောင်ပံမှာ အေမွှးမရှိသော်လည်း အသားက ငှက်များလို ဖြစ်နေလေသည်။ အချိန်အကြာကြီးပြုတ်ထားရန် လိုအပ်သော SS-အဆင့် ဇာ့ခ်များထက် ပြုလုပ်ရန် ပိုမိုလွယ်ကူပြီး ထိရောက်မှုရှိသည်။
လင်းယောင်ယောင် သည် အပိုင်းကြီးတစ်ခုကို ယူပြီး ခုတ်ထစ်လိုက်သည်။ ထွက်ကျလာသည့် သွေးများအားလုံးကိုလည်း သေချာခံထား၏။ သွေးများသည် 012 အတွက် ကောင်းမွန်သော လုပ်အားခများ ဖြစ်လာပေလိမ့်မည်။
သူမသည် ဇာ့ခ်တောင်ပံကြော်၊ ဇာ့ခ်တောင်ပံကင်၊ ဇာ့ခ်တောင်ပံပြုတ်စသည်ဖြင့် စားရအဆင်ပြေသော ဟင်းပွဲများစွာကို ပြုလုပ်ခဲ့သည်။ SS အဆင့် ဇာ့ခ်အသား၏ ထိရောက်မှုကို အမြင့်ဆုံးရရှိစေရန်အတွက် ဂျင်ဆင်းရိုင်းနှင့် ရှီးပတီးများကိုလည်း အတူတူ ပေါင်းထားလိုက်သည်။ထို့အပြင်၊ အဓိကပါဝင်ပစ္စည်းအဖြစ် ဇာ့ခ်အသားနှင့် ဆေးဖက်ဝင်ဟင်းချိုကိုလည်း ချက်ပြုတ်ထားသည်။
ထိုမျှမကသေး၊ ဇာ့ခ်သွေးတို့ဟူးနှင့် ကြာဇံဟင်းအိုးကြီးကိုလည်း ပြုလုပ်ခဲ့သည်။ ကြာဇံဟင်းမှာ ချက်ပြုတ်ရန် အချိန်ကြာနေမှာစိုး၍ သူမ၏ အိမ်ချက် ဟင်းရည်ကိုသာ ထည့်လိုက်သည်။ ဤဟင်းလျာမှာ အနည်ငယ်မျှသာ သူမ၏သူငယ်ချင်းများနှင့် ယဲ့မိသားစုအတွက်ဖြစ်သည်။ အများစုကို 012 အတွက် သီးသန့်ထားမည်ဖြစ်သည်။
ဆေးဖက်ဝင်ဟင်းချိုမှလွဲ၍ ကျန်အားလုံးသည် တစ်နာရီအတွင်း အဆင်သင့်ဖြစ်လိမ့်မည်။ထို့နောက် စက်ရုပ်များအား သူ့သူငယ်ချင်းတွေဆီ ပို့ပေးဖို့ တောင်းဆိုခဲ့သည်။ဟင်းလျာများကို ပိုချက်ထားသောကြောင့် ကျန်ဟင်းများကို ဟင်းဘူးထဲမှာ ထည့်ထားလိုက်သည်။
သူမကိုယ်တိုင်လည်း စားသောက်ဖို့ လိုအပ်သဖြင့် အလျင်လိုနေမိသည်။ ထို့နောက် သူမသည် ပေါင်းစပ်ကုထုံးအချိုရည်အများအပြားကို အလျင်အမြန်ပြင်ဆင်ခဲ့သည်။ အကျိုးသက်ရောက်မှုက သိပ်မကောင်းသော်လည်း မြန်ဆန်ပြီး အဆင်ပြေနိုင်၏။ ပြီးသွားသောအခါတွင် အချိုရည်များအား ပြွန်တစ်ခုစီထဲမှာ ထည့်ရန် စမတ်စက်ရုပ်အားမှာခဲ့သည်။
ဂျင်ဆင်းရိုင်း၊ရှီးပတီးတို့နှင့်အတူ ဇာ့ခ်တောင်ပံအသားများကို အနည်းဆုံး နှစ်နာရီကြာအောင် ကျိုပြီးနောက် လင်းယောင်ယောင် သည် ဇာ့ခ်သွေးကြာဇံဟင်းချိုအနည်းငယ်ကို နွေးနွေးကလေး ဖြစ်အောင်ထားပြီးနောက် 012 အား ဟင်းချိုပန်းကန် သေးသေးလေးဖြင့် ထည့်ပေးဖို့ စက်ရုပ်ကို ပြောလိုက်သည်။
အားလုံးပြီးသွားချိန်မှာ လင်းယောင်ယောင် မီးဖိုချောင်ထဲဝင်ပြီးသည်မှ သုံးနာရီကျော်နေပြီဖြစ်၏။သူမ၏ ဖြည့်စွက်စာများ စားသုံးပြီးနောက် ယဲ့ရှီ ၏ အခြေအနေမှာ များစွာ ကောင်းမွန်လာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ နယ်ပယ်မှာ ပိုဆိုးလာခြင်းမရှိပေ။
ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ကျောက်ချင်းယွင် တို့သည် ခဏတာ အနားယူပြီးနောက် သူတို့ သုံးယောက် အတူတူ ထွက်သွားကြသည်။ ယွင်ယိမြို့ တွင် ကျန်ရှိသော ဇာ့ခ်များကို လိုက်လံရှာဖွေဖို့ဟု ဆိုသည်။
လင်းယောင်ယောင် ကို အနားယူဖို့နှင့် သူတို့ဆီ လိုက်မလာဖို့အတွက် ရှားရှုအား တစ်ဆင့်မှာထားခဲ့သည်။
ယဲ့ဟွေ က တိုးတိုးလေးပြောပြီး
"သိသာပါတယ်၊ သူတို့ SS အတန်းစား ဧရာမတောင်ပံဇာ့ခ်ကို အမဲလိုက်ဖို့ တောထဲသွားနေကြတာ..."
ရှားရှု သည် ယဲ့ဟွေ ၏ ခေါင်းကို ပုတ်ကာ လူကြီးများကြားထဲတွင် လျှောက်မပြောရန် ပြောလိုက်သည်။
ယဲ့ဟွေ က "သူတို့ကို မပြောဖို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး...အစ်မ ယောင်ယောင် မှာ သိပိုင်ခွင့်ရှိတယ်…အစ်မ ယောင်ယောင်ကို အနားယူခွင့်ပေးလိုက်တာက သူတို့ရဲ့ စေတနာပေမယ့် ဖုံးကွယ်မထားသင့်ဘူးလေ"
ယဲ့ဟွေ ထိုသို့ပြောပြီးနောက် ရှားရှု မှ လင်းယောင်ယောင် အား နှစ်သိမ့်ပေးခဲ့ရသည်။
"မစ္စလင်း… စိတ်မပူပါနဲ့၊ ဒဏ်ရာရနေတဲ့ SS အဆင့် ဇာ့ခ်ကို ကိုင်တွယ်ဖို့ သူတို့နဲ့ အတူ Sအဆင့် တိုက်ခိုက်ရေးသမား လေးယောက်ကိုလည်း လွှတ်ခဲ့ပြီးပါပြီ...သူတို့မှာ အသေးစား စစ်အာကာသယာဉ်တစ်စီးလည်း ရှိပါတယ်… အန္တရာယ်မရှိပါဘူး"
လင်းယောင်ယောင် အချိန်အတော်ကြာအောင် စီစဉ်ခဲ့သည့် ကိစ္စတစ်ခုရှိသည်။သူမသည် ၎င်းကို လူတိုင်းထံမှ လျှို့ဝှက်ထားရန် စီစဉ်ထားသော်လည်း ယဲ့ဟွေ စကားကို နားထောင်ပြီးနောက် မဖုံးကွယ်တော့ရန် ဆုံးဖြတ်ခဲ့လိုက်သည်။
"အန္တရာယ်တွေ များမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မသွားဘူးဆိုရင်တော့ မဟုတ်သေးပါဘူး…ကျွန်မမှာလည်း အပြင်မှာ အရမ်းအရေးကြီးတဲ့ လူတစ်ယောက်ရှိတယ်... သူ အသက်အန္တရာယ်နဲ့ နီးကပ်နေတယ်ဆိုရင် ကျွန်မ သူ့ကိုကူညီရမယ်"
ရှားရှု သည် လွန်ခဲ့သည့် နှစ်များအတွင်း ခင်ပွန်းဖြစ်သူထံမှ ကောင်းစွာ အကာအကွယ် ပေးခံခဲ့ရပြီး ပြင်ပလူများနှင့် မကြာခဏ စကားပြောလေ့မရှိပေ။ သို့သော် မှောင်ခိုဈေးကွက် သူဌေးကြီး၏ ဇနီးအနေဖြင့် သူမ၏ တွေးခေါ်နိုင်စွမ်းမှာ မနှေးကွေးပေ။ လင်းယောင်ယောင် သည် လင်းမိသားစု၏ မွေးစားသမီးဖြစ်ကာ၊လင်းရွှမ် ၏ညီမနှင့်ချစ်သူမှန်း သူမ သိထားပြီးသားပင်။
"မစ္စလင်း…မဖြစ်နိုင်ပါဘူး…ဗိုလ်ချုပ်ကြီးလင်း ရှိတဲ့နေရာက SSS အဆင့် ဇာ့ခ်ဘုရင်မရဲ့ အသိုက်ထဲမှာပါ… အရမ်းအန္တရာယ်များတယ်..."
လင်းယောင်ယောင် က ခပ်ဖွဖွပြုံးပြီး
"ယဲ့ရှီ ဆီက အန်တီတို့အကြောင်းကို ကြားလိုက်ရလို့ ကံကောင်းလိုက်တာ… ယိလန်မှာ နျူကလီးယား တိုက်ခိုက်မှုစဖြစ်တော့ မစ္စတာယဲ့က အိမ်မပြန်နိုင်ဘဲ အကြာကြီး ဝမ်းနည်းခဲ့ရတယ်မလား...ကျွန်မ အဲ့ဒီလိုကိစ္စမျိုး မဖြစ်ချင်ဘူး…သူ မတော်တဆ တစ်ခုခုဖြစ်သွားရင် ကျွန်မ တစ်သက်လုံးနောင်တရနေမိမှာ…ကျွန်မက အစားအသောက်ကုထုံးပညာရှင်တစ်ဦးဖြစ်တဲ့အပြင်၊ SS အဆင့်တိုက်ခိုက်ရေးသမား တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်…ပြီးတော့ စိတ်စွမ်းအင်အဆင့်ကို ခဏတိုးမြှင့်ပေးနိုင်တဲ့ ဆေးဟင်းချိုလည်းရှိသေးပါတယ်....ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ်နိုင်မှာပါ"
ယခုလို ပြောရခြင်းမှာ သူမသည် စိတ်ပိုင်းဖြတ်ပြီးဖြစ်၍ မတားဆီးနိုင်ကြောင်းကို ပြောလိုက်ခြင်းပင်။
ရှားရှု သည် မတားနိုင်တော့သောကြောင့် ကိုယ်နှင့်မကွာ အမြဲဆောင်ထားသည့် SS အဆင့် စွမ်းအင်ကာကွယ်ရေးလက်စွပ်ကို လက်ခံဖို့ လင်းယောင်ယောင် အား ပြောရပေတော့မည်။ အများအားဖြင့်၊ စွမ်းအင်ကာကွယ်ရေးလက်စွပ်၏ အမြင့်ဆုံးအဆင့်သည် S အဆင့်သာဖြစ်သည်။ ဤ SS အဆင့် လက်စွပ်သည် အလွန်ရှားပါးသော်လည်း ယဲ့ရှောင်ချင်း သည် သူမအတွက် ပိုက်ဆံများစွာကုန်ကျခံကာ ဝယ်ယူပေးခဲ့သည်။
လင်းယောင်ယောင် သည် လက်မခံဖို့ ငြင်းဆိုသော်လည်း ရှားရှု အတင်းပေးနေ၏။ ကျန်းမာရေးအခြေအနေပိုကောင်းလာသည့် ယဲ့ရှီ မှာလည်း ဆေးကုသခန်းကထွက်လာပြီး လက်ခံပေးဖို့ တောင်းဆိုသည့်အတွက် သူမ ယူလိုက်ရတော့သည်။ထို့အပြင် ယဲ့မိသားစု၏ တပ်များတွေ့ရှိခဲ့သည့် ဇာ့ခ်ဘုရင်မ၏ သီးခြားတည်နေရာ အကြောင်းကိုလည်း ယဲ့ရှီမှ ပြောပြခဲ့သည်။ ထို့ကြောင့် သူမလည်း ရှာဖွေနေရင်း အချိန်ကုန်စရာမလိုတော့ချေ။
ဤပြင်ဆင်မှုအားလုံးကို ပြီးသွားသောအခါတွင်၊ သူမသည် 100% နီးပါး အလိုအလျှောက် ပြုပြင်ထားပြီးသော မက်ခါလင်းပို နှင့် 012 ကို ခေါ်၍ SSS အတန်းအစား ဇာ့ခ်ဘုရင်မဆီသို့ ဦးတည်သွားကြသည်။
လင်းရွှမ် သည် SSS အတန်းစား ဇာ့ခ်ဘုရင်မ၏ တွင်းနက်ကြီးထဲတွင် ဇာ့ခ်ဘုရင်မကို တိုက်ရိုက်ရင်ဆိုင်ခဲ့သည်။ ဒဏ္ဍာရီလာ SSS အဆင့်ဇာ့ခ်ဘုရင်မသည် ယခုအခါ ဂူကြီ၏ နက်နဲသောနေရာတွင်သာ ပိတ်မိနေပြီး မလှုပ်ရှားနိုင်သေးပေ။သူမ၏ ခန္ဓာကိုယ်မှာ မက်မွန်ရောင်ဖြစ်နေပြီး ဂူနံရံကိုအပြည့်လွှမ်းမိုးထားကာ 360ဒီဂရီ လှည့်နိုင်သော မျက်လုံး9လုံးပါရှိသည်။ ဂူကြီး၏ အောက်ခြေတွင် သွယ်လျသော အဖြူရောင် ဇာ့ခ်ပိုးမျှင်များစွာရှိသည်။
ကြီးမားသော မက်မွန်သီးရောင် ပိုးကောင်ကြီးသည် နူးညံ့ပုံရပြီး ပါးပြင်ဟု ထင်ရသည့် မျက်လုံးအောက်တွင် ပန်းရောင် စက်ဝန်းလေးများရှိသဖြင့် ထူးထူးခြားခြား ချစ်ဖို့ကောင်းနေလေသည်။
လင်းရွှမ် သည် လင်းယွင် ကို လှိုဏ်ဂူအတွင်းသို့ မောင်းဝင်ခဲ့ရာ ထောင်ပေါင်းများစွာသော ဇာ့ပိုးမျှင်များကြားထဲမှာ နစ်မြုပ်သွားခဲ့သည်။ နောက်ဆုံး၊ သူလွတ်မြောက်သွားပြီး ကြီးမားလှသည့် တောင်ကြီးလို ဖြစ်နေသော ဇာ့ခ်ကြီးအား ပစ်ခတ်လိုက်သော်လည်း ခံစစ်ကိုတောင် မချိုးဖျက်နိုင်ဘဲ မည်းမည်းအရာထင်ရုံမျှသာ ထင်သွားရသည်။
ထို့နောက် သူသည် ၎င်းအနားကို ကပ်ပြီး လေဆာဓားဖြင့် အသားတစ်လွှာကို ဖြတ်တောက်နိုင်သည်။ သို့သော် ကြောက်စရာကောင်းသည်မှာ ခုတ်ထားသောအသားကို မကြာမီ ၎င်း၏ ပိုးချည်မျှင်က ကောက်ယူပြီး ပါးစပ်ထဲသို့ ခွံ့လိုက်ခြင်းပင်ဖြစ်သည်။ ထိုအခါ ဒဏ်ရာက ချက်ချင်း ပျောက်သွားသည်။
လင်းရွှမ် သည် ဇာ့ခ်အသားကို ဖျက်ဆီးရန် ကြိုးစားသော်လည်း ဇာ့ခ်ဘုရင်မသည် ဇာ့ခ်ပိုးချည်မျှင်များကို အကန့်အသတ်မရှိ ထုတ်နိုင်သည်။ သူမသည် ပိုးမျှင်များဖြင့် SS-အတန်းအစား ဇာ့ခ် လက်အောက်ငယ်သားများကို ဆွဲယူ၍ စားခြင်း ဖြစ်သည်။
ပိုကြောက်စရာကောင်းသည်က SSS အတန်းစား ဇာ့ခ်ဘုရင်မသည်စိတ်စွမ်းအင်လှိုင်းကို အသုံးပြုပြီး လင်းရွှမ် အား အတွေးဖြင့် ပြောလိုက်သည်။
"ဟေး… နာလိုက်တာ...မင်းလို ပိုးကောင်ငယ်လေးက ဘယ်ဟာက ကောင်းလား၊ ဆိုးလား ဆိုတာမသိဘူးလား... ငါ ဘယ်တုန်းကမှ အမှားမလုပ်ဖူးဘူး....ငါက စားချင်ရုံလေးပါ...မင်း ငါ့ကို ဆက်နာကျင်အောင် လုပ်နေမယ်ဆိုရင် ငါမင်းကိုပါ စားပစ်လိုက်မယ်"
xcxxx