အခန်း၁၂၉
Viewers 12k

Chapter 129

(SSS-အတန်းစား ဇာ့ခ်ဘုရင်မ)


လင်းယောင်ယောင် သည် SSS-အတန်းစား ဇာ့ခ် ဘုရင်မ၏ တည်နေရာကိုရှာဖွေရန် မခက်ခဲပေ။ သို့သော်လည်း အခက်အခဲမှာ ဇာ့ခ် ဘုရင်မတည်ရှိရာ စိမ်းလဲ့နေသော တောင်တန်းပြင်တွင် တပ်စွဲထားသည့် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ ညသိမ်းငှက်အဖွဲ့ ဖြစ်သည်။ သူတို့သည် အဝေးကတည်းမှ သတိပေးချက် ထုတ်ပြီး သူမကို လုံးဝဝင်ခွင့်မပေးပေ။လေထဲတွင် လွင့်မျောနေသော သတိပေးဆိုင်းဘုတ်ကိုလည်း တပ်ဆင်ထားသည်။  


"ဒါက SS အဆင့် အန္တရာယ်ရှိတဲ့ ဧရိယာပါ…အရပ်သားတွေကို ဝင်ခွင့်မပြုပါဘူး"


 ဤအရာသည် သာမန်လူများ၏ လုံခြုံရေးအတွက် ဖြစ်ကြောင်း သူမ သိသည်။ အမှန်တစ်ကယ်လည်း၊ Z-အဆင့် နှင့် SS-အဆင့် ဇာ့ခ် များသည် ဇာ့ခ်ဘုရင်မ နန်းတော်အပြင်ဘက်တွင် ထူထပ်စွာ ရှိနေကြ၏။ တိုက်ခိုက်ရေးစွမ်းရည်ကောင်းမွန်သော တိုက်ခိုက်ရေးသမားများသည် ခပ်ဝေးဝေးမှာ နိုင်သလောက် တိုက်နေကြ၏။ သို့သော်၊ သူတို့သည် ကာရံထားသော ပိုက်အတွင်းသို့ ဖြတ်လာသည့် S-အဆင့် နှင့် SS-အဆင့် ဇာ့ခ်များကိုသာ သတ်နိုင်ကြသည်။  ဤအဆင့်မြင့် ဇာ့ခ်အားလုံး၏ အခြေစိုက်စခန်းအတွင်းသို့ ပြေးဝင်ခြင်းသည် သေခြင်းတရားကို ရှာဖွေနေခြင်းပင် ဖြစ်ပေတော့သည်။


လင်းယောင်ယောင် သည် ကွာရန်တင်း ဧရိယာကို ခဏတာ စောင့်ကြည့်ခဲ့ရသည်။ S-အဆင့် နှင့် SS-အဆင့် ဇာ့ခ်အားလုံးသည် အသစ်မွေးဖွားလာသောကြောင့် သူမ ထင်ထားသလောက် အန္တရာယ်မများကြောင်း သိလိုက်ရသည်။ အရွယ်ရောက်ပြီး အကောင်များနှင့် ယှဉ်လျှင် ယခုအကောင်များ၏ ခွန်အားသည် အနည်းငယ် လျော့ပါးနေရသည်။ ဤစိမ်းလန်းသောတောင်တန်းများအနီးတွင် စွမ်းအင်ပြန်လည်ဖြည့်ရန် ဘာမျှမရှိပေ။ ထို့ကြောင့် ဇာ့ခ် သားပေါက်များသည် မြက်များနှင့် ကျောက်တုံးများကိုပင် ကိုက်စားခဲ့ကြသည်။သို့သော်၊ဤ ဇာ့ခ်များသည် အားနည်းသည့် ကြက်များမဟုတ်။  ၎င်းတို့သည် ဇာ့ခ်ဘုရင်မ၏ စိတ်စွမ်းအားထိန်းချုပ်မှုလှိုင်းမှ ပြင်းထန်စွာ လွှမ်းမိုးခြင်း ခံထားရသည်။ သူတို့၏ မေးရိုးများမှာ အလွန်ကောင်းမွန်ပြီး မက်ခါတွေကိုတောင် ဝါးစားနိုင်ပေသည်။


လင်းရွှမ် သည် ယခုအခါ SSS အဆင့် ဇာ့ခ်ဘုရင်မနှင့် ရင်ဆိုင်နေရသည်။ လောလောဆယ်တွင် ဇာ့ခ်ဘုရင်မသည် ဂြိုလ်တစ်ဝက်၏ ဇာ့ခ်ကို ထိန်းချုပ်ရန် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများစွာကို မထုတ်‌ပေးနိုင်သော်လည်း ဤစိမ်းလန်းသောတောင်တန်း၏ အစွန်အဖျားမှာရှိနေကြသော အဆင့်မြင့်ဇာ့ခ်များအား ထိန်းချုပ်နိုင်သေးသည်။


လင်းရွှမ် သည် ဇာ့ခ်ဘုရင်မကို ယခုထိ ဘာမှ ရေရေရာရာမတိုက်နိုင်သေးပေ။ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရ၏။ ထို့ကြောင့်လည်း ဇာ့ခ် ဘုရင်မသည် လက်အောက်ငယ်သားများကို ပံ့ပိုးနေနိုင်ခြင်းပင်။


လင်းယောင်ယောင် သည် ရောက်လာပြီးဖြစ်၍ သတိပေးဆိုင်းဘုတ်လေးက သူမကို မတားဆီးနိုင်တော့ပေ။ထို့ကြောင့် သူမ မမြင်ချင်ယောင်ဆောင်ကာ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။ လင်းပို ၏ ကောင်းမွန်သော စွမ်းဆောင်ရည်၊ လျင်မြန်သော အမြန်နှုန်း၊ အမျိုးမျိုးသော လှုပ်ရှားသွားလာမှုများနှင့် စွမ်းရည်ကိုသုံး၍ ကွာရန်တင်း ဧရိယာအတွင်းကို ဝင်မည်ဟုတွေးလိုက်သည်။


ညသိမ်းငှက်အဖွဲ့ နှစ်ယောက်သည် ပြင်းထန်သော တိုက်ပွဲဧရိယာသို့ ပြေးဝင်ပြီး သေချင်နေသူကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ စစ်သည်များသည် လင်းပို ကို ကြည့်လိုက်ကြသည်။ လင်းပိုသည် သူတို့‌၏ ဘော့စ်ဖြစ်သူ လင်းယွင် ၏  အမျိုးသမီးပုံစံ မက်ခါဆိုသည်မှာ ထင်ရှားပေသည်။ လင်းယောင်ယောင်မှန်း သူတို့မသိကြသော်လည်း၊ သူမသည် လင်းရွှမ် နှင့် ဆက်ဆံရေးတစ်ခုခုရှိနိုင်သည်ဟု ခန့်မှန်းထားသည်။  ထို့ကြောင့် သူမ တက်လာပြီးသည်နှင့် အင်အားသုံးဖို့ မဝံ့ရဲကြပေ။ထိုအနီးအနားက တာဝန်ရှိသူသည် ခဏမျှ တုံ့ဆိုင်းသွားသောအခါ၊ လင်းယောင်ယောင် သည် ရှေ့ကို ရောက်နှင့်သွားပြီဖြစ်၏။


စစ်သည်များသည် ဤပုံမှန်မဟုတ်သောဖြစ်စဉ်ကို သတင်းပို့ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ နောက်ဆုံးတွင် သူတို့သည် ညသိမ်းငှက်အဖွဲ့ တာဝန်ခံအဖြစ် လင်းရွှမ် နေရာမှာ ယာယီအစားထိုးထားသည့် ချန်ပင်း အား  သတင်းပို့ခဲ့သည်။


 ခဏအကြာတွင် သူမကို S-အဆင့် မက်ခါများနှင့် တိုက်လေယာဉ်အုပ်စုတစ်စုမှ ပိတ်ဆို့ခဲ့သည်။ သူမကို ချက်ချင်းပြန်ဆုတ်ဖို့ သူတို့ ပြောနေကြပြီး ပြန်မဆုတ်ပါက၊သူမကို စစ်ဥပဒေနှင့် အရေးယူရမည်ဖြစ်ကြောင်း ပြောနေကြလေသည်။ လင်းရွှမ် သည် ယခုအချိန်တွင် ထိုနေရာတွင် ရှိနေကြောင်း သူမ သိထားသည်။ ထို့ကြောင့် သူမလည်း မူလပိုင်ရှင်အမျိုးသမီး၏ မောက်မာသော ကိုယ်ဟန်အနေအထားကို တစ်ဖန် ထုတ်သုံးလိုက်၏။


 "စစ်ဥပဒေဟုတ်လား...ကျွန်မက စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာ မဟုတ်ဘူး... ပြီးတော့ SSS အဆင့် ဇာ့ခ်ဘုရင်မက ရှင်တို့ ပိုင်တာမဟုတ်ဘူး..ကျွန်မလည်း သတ်ခွင့်ရှိတယ်..."


 သို့သော် ဤအထူးစစ်သားများက သူမကို အကြောင်းပြချက် မပေးလာဘဲ သူတို့၏ မက်ခါများနှင့် တိုက်လေယာဉ်များ အားလုံးကို လင်းပိုထံသို့ တိုက်ရိုက်ရည်ရွယ်ပြီး နံပါတ်စဉ် ရေတွက်လိုက်ကြသည်။


လင်းယောင်ယောင် စိတ်ထဲအမျက်ထွက်သွားရသည်။ အကယ်၍ ဤလူများက သူမကို တိုက်ခိုက်နိုင်စွမ်းရှိလျှင် ဇာ့ခ်တွေကိုသာ အနိုင်တိုက်လိုက်သင့်သည်။ သူမ၏ လင်းပို သည် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ သူတို့ကို အနိုင်ယူနိုင်မှာမဟုတ်ပေ။ထို့ကြောင့် သူမသည် ပြင်ပဆက်သွယ်ရေးမုဒ်ကိုဖွင့်ပြီး


"ချန်ပင်း ရှိသလား၊ ဒါက လင်းယောင်ယောင် ပါ...လင်းရွှမ် ကို သွားရှာချင်ပါတယ်"


သူမသည် ချန်ပင်း ကိုကောင်းစွာသိကြောင်း ပြောပြီး သူမရှာဖွေနေသူမှာ လင်းရွှမ် ဆိုသည့်ကိစ္စကိုလည်း သေချာပြောလိုက်သည်။ ထိုအခါ သူမသည် အတားအဆီးမရှိ ကျော်ဖြတ်နိုင်တော့မှာ သေချာသည်။ သို့သော် သူမကို တားထားသည့် စစ်သည်များ၏ တပ်စုများထဲမှ အဆင့်အမြင့်ဆုံး ဗိုလ်မှူးက အေးစက်စွာပြောလာသည်။


 " မင်းဘာသာမင်း လင်းယောင်ယောင် မကလို့ ယောင်ယောင်လင်း ဖြစ်ဖြစ် ဂရုမစိုက်ဘူး…ဗိုလ်ကြီး ချန် မကလို့ ဧကရာဇ်မင်းမြတ်ကို သိရင်တောင် ငါဂရုမစိုက်ဘူး...အရေးကြီးတဲ့ တိုက်ပွဲဇုန်ကို ဘယ်သူမှ ၀င်ခွင့်မပေးဘူး... ဗိုလ်ချုပ် လင်း က မင်းတွေ့ချင်တိုင်း တွေ့ခွင့်ရမယ့်သူမဟုတ်ဘူး"


သူမ ဒေါသထွက်သွားရ၏။


  "ကောင်းလိုက်တာ...ရှင်ကတော့ ကျွန်မကို ကောင်းကောင်းဆွဲဆောင်နိုင်တာပဲ...ရှင့်နာမည် ပြောပြ


 ဗိုလ်မှူး- "...တိုက်ပွဲမှာ ကလူသလိုလို၊မြှူသလိုလို လာမပြောနဲ့ … လက်မခံဘူး"


သူမ ရှက်သွားသည်။  'တိုက်ပွဲမဟုတ်တဲ့အချိန်မှာဆိုရင်တော့ လက်ခံတယ်ဆိုတဲ့သဘောလား'


သူမလည်း စစ်သားအစ်ကိုများနှင့် ပရောပရီလုပ်ဖို့ ဤနေရာကိုလာခြင်း မဟုတ်ပေ။


လင်းယောင်ယောင် ကို နယ်မြေကနေ နှင်ထုတ်ဖို့ အမိန့်ပေးလိုက်သည်နှင့်ချန်ပင်း သည် နောက်ဆုံး သူမ၏ မက်ခါ ဆီကို ရောက်လာခဲ့သည်။


 "ခဏနေဦး..သူမကို မောင်းထုတ်လို့မရဘူး"


 "ဗိုလ်ကြီး ချန်က ဘက်လိုက်ဖို့  ကြိုးစားနေတာလား...စစ်စည်းကမ်းတွေကို ဖောက်ဖျက်နေတာလား"


ချန်ပင်းသည် မက်ခါအတွင်းမှ နေ၍ သူ့မျက်နှာမှ ချွေးစေးများကို သုတ်လိုက်သည်။  


"...သူမက ဗိုလ်ချုပ်လင်း ရဲ့ညီမ!"


 ဗိုလ်မှူး- "ဗိုလ်ချုပ်လင်းရဲ့အမေက ဒီမှာရှိနေရင်တောင်မှ တိုက်ခိုက်ရေးသမား မဟုတ်သူတွေကို အရေးကြီးတဲ့တိုက်ပွဲနယ်မြေထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး"


ချန်ပင်း က ကျန်စကားတစ်ဝက်ကို ပြီးအောင်ပြောလိုက်၏။


 "...သူမက လင်းရွှမ် နဲ့ 90% ကျော် စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်ညီမှုရှိတဲ့အပြင် ဗိုင်ချုပ်လင်း စေ့စပ်ထားတဲ့သူဆိုလည်း ဟုတ်တယ်… သူမက SS အဆင့် အရန်ကုထုံးပညာရှင်ဖြစ်ပြီး တိုက်ခိုက်ရေးသမားလည်း ဟုတ်တယ်"


 ယေဘူယျအားဖြင့်ပြောရလျှင် တိုက်ခိုက်ရေးသမား မဟုတ်သူများသည် အရေးကြီးသော တိုက်ပွဲနယ်မြေအတွင်းသို့ ဘယ်သောအခါမှ ဝင်ခွင့်မပြုနိုင်ပေ။ သို့ရာတွင်၊ တိုက်ခိုက်ရေးသမား၏ သဘောတူညီချက်ဖြင့်ဆိုပါက သီးသန့်အရန်ကုထုံးပညာရှင်တစ်ဦးသည် အထူးကိစ္စရပ်တစ်ခု အနေဖြင့် ဝင်ရောက်နိုင်သည်။ စိတ်စွမ်းအင်လှိုင်းများဖြင့် တိုက်ခိုက်ခံရနိုင်ခြေ နည်းပါးစေရန်၊ စိတ်ကြွရူးသွပ်မှု၊ အကြမ်းဖက်မှု၊ ပရမ်းပတာဖြစ်နေခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြိုကွဲနိုင်ခြေကို လျှော့ချရန် တိုက်ခိုက်ရေးသမားများသည် အရန်ကုထုံးပညာရှင်ကို ခေါ်ယူခွင့်ရပေသည်။ ထို့အပြင်၊အရန်ကုထုံးပညာရှင်သည် SS အဆင့်တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်နေသောအခါ၊ အနည်းဆုံး မိမိကိုယ်ကို ကာကွယ်နိုင်သည်။ ဤအခြေအနေသည် လုံးဝ မကြုံစဖူး အခြေအနေတစ်ခု ဖြစ်၏။


ချန်ပင်း သည် လင်းရွှမ် ၏ လက်ထောက်သာမက သူငယ်ချင်းကောင်းလည်းဖြစ်သည်။ သူမကို ဝင်ခွင့်ပေးနိုင်ကြောင်းလည်း သိထားပေသည်။ သို့မဟုတ်ပါက၊သူလည်း လင်းယောင်ယောင် ကို ဝင်ခွင့်မပြုရဲပေ။ ဂူထဲက လင်းရွှမ် ၏အခြေအနေက သိပ်မကောင်းမှန်း သူ သိသည်။ 


လင်းရွှမ်သည် အားပျော့သွားကာ ဇာ့ခ် ဘုရင်မ၏ ခန္ဓာကိုယ်ကို လုံးဝမထိခိုက်နိုင်သေးဟုပင် ဆိုနိုင်သည်။ သူသည် ဇာ့ခ်ဘုရင်မ၏ စိတ်စွမ်းအင်လှိုင်းများဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပြီး အနည်းငယ် စိတ်က ပရမ်းပတာဖြစ်လာသည်။


လင်းရွှမ် နှင့် ဂူထဲကို ဝင်လာသည့် လူငါးယောက်ထဲက သုံးယောက်မှာ အလွန်ရှားပါးသော အဆင့်-6 ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးကို သောက်သုံးခြင်းဖြင့် SS အဆင့်သို့ ခေတ္တ တိုးမြှင့်လာခဲ့ကြသည်။သို့သော် ထိုဆေးမှာ နာရီဝက်ခန့်သာ ထိန်းထားနိုင်သည်။ နာရီဝက်ကြာသောအခါ သူတို့သုံးယောက်သည် စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပျော့ညံ့လာပြီး ပြန်ဆုတ်သွားရတော့သည်။ သူတို့ထဲမှ တစ်ယောက်သည် ရူးသွပ်မတတ်ပင် ဖြစ်သွားခဲ့၏။ 


 ကျန် SS အဆင့် နှစ်ဦးသည်လည်း စိတ်ပိုင်ဆိုင်ရာနယ်ပယ်က ရူးသွပ်ချင်သလို ဖြစ်လာလေသည်။ သူတို့ ဂူထဲမှာသာ ရှိနေသော်လည်း လင်းရွှမ် ကို သိပ်ပြီး မကူညီနိုင်ကြပေ။ထို့ကြောင့်၊ သူတို့သည် ဇာ့ခ်ဘုရင်မအတွက် ရိက္ခာသာဖြစ်နေ၍ နှစ်ယောက်လုံးကို လင်းရွှမ် နှင်ထုတ်ခဲ့သည်။


သို့သော်လည်း၊ လင်းယောင်ယောင် ရောက်လာလျှင် အခြေအနေက မတူနိုင်တော့။ တခြားဘာမှ မလုပ်နိုင်ဘူးဆိုလျှင်တောင် လင်းရွှမ် ၏စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာ ပြိုကွဲသွားမည်မဟုတ်ကြောင်း အနည်းဆုံး အာမခံနိုင်သည်။မှန်ပေသည်၊ချန်ပင်း ကလည်း လူအချို့အား လင်းယောင်ယောင် နှင့် ပူးပေါင်းရန် ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးများသောက်ဖို့ စီစဉ်ပေးခဲ့သည်။  သူမ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရသည်။ တစ်ခုခု မှားသွားလျှင် ချက်ချင်း ပြန်ဆုတ်ဖို့ စီစဉ်ထားရပေသည်။


 ချန်ပင်းသည် ဗိုလ်မှူး က စကားမပြောတော့သဖြင့် ဆက်ပြီးကြိုးစားလိုက်သည်။


"ဗိုလ်ချုပ်လင်းမှာ တစ်ခုခုဖြစ်နေပြီဆိုရင် မင်း တတ်နိုင်သလား...သူ ငါတို့ကို အပြစ်တင်ရင် ငါတို့ပဲ ခံရမှာ"


ထိုအခါ ဗိုလ်မှူး က လင်းယောင်ယောင်ကို လွှတ်ခိုင်းလိုက်သည်။ သို့သော် သူမနောက်မှနေ၍ လိုက်ကြည့်နေသေးသည်။သူမသည် သူ၏ ဧရိယာမှ သီးသန့်ဇုန်သို့ ဖြတ်သွားသောကြောင့် သူမ အသက်ဘေးကင်းရေးအတွက် တာဝန်ယူထားရသည်။  သူမသည် ဗိုလ်ချုပ်လင်း၏ ညီမ၊ စေ့စပ်ထားသူလား၊ သာမန်လူလားဆိုသည်ကို သူ ဂရုမစိုက်ပေ။


ချန်ပင်း ပိုမိုစိတ်ချစေရန်အတွက် လင်းယောင်ယောင် သည် မက်ခါ တံခါးကိုဖွင့်ပြီး 


"ညီမ လက်ထဲမှာ စိတ်စွမ်းအားကို မြှင့်တင်ပေးတဲ့ ဆေးဟင်းရည် ဆယ်ခုရှိတယ်... S-အဆင့် အောက်က လူတွေဆို သူတို့ရဲ့ အဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးနိုင်တယ်...  ဘေးထွက်ဆိုးကျိုးလည်း မရှိဘဲ ဆယ်မိနစ်ပဲ ကြာမှာ…တစ်နာရီကြာရင် ထပ်ပြီးသောက်သုံးနိုင်တယ်…SS အဆင့်အတွက်ဆိုရင်၊ အဆင့်ငယ်နှစ်ခု တိုးနိုင်တယ်… SSS အဆင့်အတွက်ဆိုရင် အဆင့်ငယ်တစ်ခုပဲ တိုးနိုင်တယ်"


 သူမနှင့် စုချင်းဟယ် တို့သည် Star Network တွင် ယခင်က တီထွင်ခဲ့သော ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးဟင်းချိုကို အခြေခံ၍ ဤဆေးဖက်ဝင်ဟင်းချိုကို သူမ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အပျော့ဆုံး ဆေးဖက်ဝင်ပစ္စည်းများကိုသာ အသုံးပြုကြပြီး အဓိကအားဖြင့် အစားအစာကုထုံးအဖြစ် ချက်ပြုတ်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိပေ။ အချိန်ကန့်သတ်ချက်ကို နှစ်ဆတိုးရန်လည်း တွေးထားသော်လည်း သူမ ယခုအချိန်တွင် မလုပ်ဆောင်နိုင်ပေ။


သို့သော်၊ အကျိုးသက်ရောက်မှုက အတော်ကောင်းသည်။  အဆင့်-6ရှိသော စိတ်စွမ်းအားမြှင့်တင်ပေးသည့်ဆေးသည် နာရီဝက်ကြာကြာခံသော်လည်း ဘေးထွက်ဆိုးကျိုးမှာ သုံးစွဲသူ၏ စိတ်စွမ်းအားသည် တစ်နေ့တာလုံး အားနည်းသွားခြင်းပင်ဖြစ်သည်။


ချန်ပင်း သည်လင်းယောင်ယောင် ၏ စွမ်းရည်ကို အံ့အားသင့်နေသော်လည်း 


"ကောင်းလိုက်တာ…ဒီဆေးဟင်းရည်ပါယူလာ… ဗိုလ်မှူး လင်း နဲ့အတူ မင်းကို ခေါ်သွားမယ်"


ချန်ပင်း နှင့် ဗိုလ်မှူးလီ တို့၏ စိတ်စွမ်းအားများသည် S+ဖြစ်သည်၊ ၎င်းသည် ဤဆေးရည်ကို သုံးပါက SS+ ဖြစ်လာမည်ဖြစ်သည်။  ပို၍အရေးကြီးသည်မှာ ဘေးထွက်ဆိုးကျိုးမရှိပေ။ ယင်းနောက် စစ်မြေပြင်ကို ဆက်လက်ကွပ်ကဲရန်လည်း အဆင်ပြေစေမည်ဖြစ်သည်။ 


သူမ ခဏလောက်စဉ်းစားပြီး


 "ရှင်တို့နှစ်ယောက်ထဲက တစ်ယောက်က ကျွန်မကို လိုက်ပို့ရင် အဆင်ပြေပါတယ်… လင်းရွှမ် အတွက် ဒီဆေးဖက်ဝင်ဟင်းချိုကို များများချန်ထားခဲ့တာက ပိုကောင်းတာပေါ့၊ SSS+အဆင့်ကို အဆင့်မြှင့်လိုက်တာက ဇာ့ခ်ဘုရင်မနဲ့ တိုက်တဲ့အခါ သူ့အတွက်  ပိုလွယ်လိမ့်မယ်…"


 ဗိုလ်မှုးလီသည် လင်းယောင်ယောင်၏လက်ထဲမှ ထိုစိတ်စွမ်းအားမြှင့်တင်ပေးသည့် ဆေးဟင်းချိုကို အမှန်တစ်ကယ် ကောင်းသလားဟု သံသယရှိခဲ့သော်လည်း၊ သူ ဇွဲမလျှော့ဘဲ ဆက်၍ သူမနှင့်အတူ လိုက်ပါချင်မိသည်။


ချန်ပင်း သည် ညသိမ်းငှက်အဖွဲ့တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲရန်နှင့် စေလွှတ်ရာတွင်လည်း တာဝန်ရှိသည်။ ထို့ကြောင့် ဗိုလ်မှူး လီ သည် လင်းယောင်ယောင် နှင့် လိုက်ရသည်က ပို၍ သင့်တော်သည်။


 ထို့ကြောင့် လင်းယောင်ယောင် သည် အေးစက်သော ဗိုလ်မှူး လီ၏ ကာကွယ်စောင့်ကြည့်ခြင်းအောက်တွင် လှိုဏ်ဂူ၏ အဝင်ဝသို့ ရောက်ရှိခဲ့သည်။သူမသည် မက်ခါထုတ်လွှင့်သော လမ်းကြောင်းမှတစ်ဆင့် ဂူထဲသို့ ဝင်ရောက်ခဲ့ပြီး ဦးနှောက်ကို မြှင့်တင်ပေးသည့် ဆေးဟင်းချိုကို ဗိုလ်မှူးလီအား ပေးခဲ့သည်။ထို့နောက် နှစ်ယောက်သား ဆေးဟင်းချိုတစ်ထုပ်စီ သောက်ပြီးနောက် မက်ခါများကို အမြန်ဆုံးအရှိန်မြှင့်၍ ဂူထဲသို့ ဝင်သွားကြသည်။ဤဆေးဖက်ဝင်ဟင်းချို၏ကြာချိန်သည် ဆယ်မိနစ်မျှသာဖြစ်သည်။သူမ၏ ကိုယ်ပိုင်ဉာဏ်စွမ်းအားသည် မူလ SS အဆင့်ဖြစ်သည်။ ကုသရေးအာနိသင် ပျောက်ကွယ်သွားပြီးနောက် သူမသည် အချိန်အတော်ကြာအောင် ရုန်းကန်နေရမည်ဖြစ်သည်။ သို့သော် ဗိုလ်မှူးလီသည် တူညီမည်မဟုတ်ပေ။


လင်းယောင်ယောင် သည် သူမတွင် လမ်းပြတစ်ဦးရှိသောကြောင့် အမှောင်ထဲသို့ ပြေးသွားရန်မကြောက်မိပေ။သို့ရာတွင်၊လမ်းမှာတွေ့ရသော အရွယ်မရောက်သေးသည့် SS-အဆင့် နှင့် S-အဆင့် ဇာ့ခ်များကို မသတ်နိုင်ခဲ့သည်က နှမြောစရာကောင်းလှ၏။


 ဤဘီလူးများသည် အရွယ်ရောက်ချိန်တွင် ဆယ်မီတာ သို့မဟုတ် ဒါဇင်နှင့်ချီသော မီတာများအထိ ကြီးထွားနိုင်သည်။ သူတို့အားလုံးသည် တစ်မီတာခွဲ ၊ အများဆုံး တစ်မီတာ၊ နှစ်မီတာခန့်သာ ရှိသဖြင့် ချစ်စရာကောင်းလှသည်။သို့သော်၊ သူတို့အားလုံးမှာ အားနည်းပြီး ဆာလောင်နေကြသည်။  


လင်းယောင်ယောင် သည် အချိန်မတန်ဘဲ ဆေးဟင်းရည်များကို အနည်းငယ် စုပ်လိုက်သည်။ ဤအရွယ်မရောက်သေးသော ဇာ့ခ်၏အသားသည် အလွန်နူးညံ့သင့်သည်ဟု သူမ ထင်မိသည်။သို့သော်၊မစားနိုင်၍ သနားစရာပင်။ ထို့နောက် သူမ စိတ်ကူးယဉ်မိသည်။  ဒဏ္ဍာရီလာ SSS အဆင့် ဇာ့ခ်ဘုရင်သည် လူသားများအနေဖြင့်ဆိုပါက မွေးခါစနို့စို့အရွယ်တွင် ရှိသေးသည်။ထို့ကြောင့် အလွန်အမင်း အရသာမရှိနိုင်ပေ။


ဤမျှကြီးမားသော မျှော်လင့်ချက်ဖြင့် လင်းယောင်ယောင်သည် ဗိုလ်မှူးလီ၏နောက်သို့လိုက်ကာ ဇာ့ခ်ဘုရင်မ၏ ပိုင်နက်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။ လှိုဏ်ဂူအတွင်း ရှိ အဆင့်မြင့်ဇာ့ခ်များကို ရှာဖွေရန် စကင်နာကို မကြာခဏအသုံးပြုလေ့ရှိ၏။


သူမသည် မကြာခဏလည်း ခုန်ဆွခုန်ဆွ နှင့် ချောင်ကြားထဲမှ အကောင်များကို လိုက်ကြည့်နေသဖြင့် ဗိုလ်မှူးလီ စိတ်ထဲမှာ သူမ ကြောင်နေသည်ဟု ထင်မြင်သွားရသည်။



xxxxxx