Chapter(81)
Viewers 10k

နှစ်ယောက်သားတိုက်ခိုက်တော့မည်မှန်းမြင်လိုက်ရတော့ လင်ခုံးလုခေါင်းကိုက်လာကာ သူ့ကိုစည်းရုံးဖို့ကြိုးစားလိုက်သည်။

"စား၊ အရင်စားအုံး။"


သူပြောရင်း ကုစစ်လှီးထားသည့်ငန်းအသည်းကိုသူ့ပန်းကန်ထဲထည့်ကာ အချက်ပြလိုက်သည်: ဒါဆိုရပြီမလား။


ကုစစ်ကစကားမပြောဘဲ ယွီမင်ရှို့ကိုမျက်ဝန်းထဲ၌သတိပေးသောအကြည့်ဖြင့်တစ်ချက်အသာကြည့်လိုက်သည်။ အကြည့်ပြန်ရုတ်ပြီးနောက် သူဓားနှင့်ခက်ရင်းကိုပြန်ကိုင်ကာ ယွီမင်ရှို့လှီးထည့်သွားသည့်ငန်းအသည်းပိုင်းကိုခက်ရင်းဖြင့်ထိုးစားလိုက်သည်။


ယွီမင်ရှို့: .....ဒီကြောက်မက်ဖွယ်ဆက်ဆံရေးကတော့။


သူကသူ့ကိုယ်သူအတွက်ငန်းအသည်းလှီးစားလိုက်ပြီး အခြားဟင်းပွဲများကိုလက်လှမ်းလိုက်သည်။ ဒါပေမဲ့သူစားနေစဥ် သူလတ်လတ်ဆတ်ဆတ်လှီးထားသောအသားကိုလင်ခုံးလုဆီထိန်းချုပ်မရစွာလှမ်းပေးမိသည်။


လင်ခုံးလုတန့်သွားပြီး ကုစစ်ကခေါင်းမော့လာကာ သူ့မျက်လုံးများမှာဓားများသဖွယ် ဆန့်ကျင်ဘက်အခြမ်းကိုအေးစက်စက်ပစ်လွှတ်လိုက်သည်။


ယွီမင်ရှို့: "....."


အပိုင်းအစ: "စိတ်မကောင်းပါဘူး၊ မသိလိုက်မသိဘာသာဖြစ်သွားတာရယ်။" အမှန်တော့ ဘာမှစိတ်မကောင်းစရာအကြောင်းမရှိဘူး။


"ဥက္ကဌယွီ။"

ကုစစ်ကမည်းမှောင်သောမျက်နှာထားဖြင့်ပြောလာသည်။


ယွီမင်ရှို့အလျင်စလိုပြောမိသည်။

"နေပါအုံး၊ ငါရှင်းပြလို့ရတယ်၊ တကယ်ငါ့လက်တွေကိုထိန်းချုပ်လို့မရတာ..."


ကုစစ်ကသူ့ဓားကိုသူ့ရှေ့မှာတည့်တိုးစိုက်လိုက်ပြီး "ဒေါက်"ခနဲအသံနှင့်အတူ ပန်းကန်ပြားတစစီကွဲသွားကာ ပန်းကန်ပြားပေါ်ကကြက်ကောင်လုံး၏အတောင်ပံများပြတ်သွားသည်။


ကုစစ်ဗလာမျက်နှာထားဖြင့်ပြောလိုက်သည်။

"မင်းလက်တွေကမနာခံရင် ဖြတ်ပစ်လိုက်လို့ရတယ်။"


ယွီမင်ရှို့: "......"


လင်.ဘဝမှာအချစ်မရှိတဲ့.လု: "......"

ဒီစားစရာကိုမစားနိုင်တော့ဘူး၊ အဓိကအချက်က ပန်းကန်ပြားတွေကပိုက်ဆံမကုန်ဘူးလား။ လုပ်အားခနှုတ်ပြီပဲ။


ကုစစ်ကကြက်တောင်ပံများဖြတ်ပြီးနောက် ထရပ်ကာဓားပြန်ယူလိုက်သည်။ ဒါပေမဲ့သူဓားလက်ကိုင်ကိုကိုင်လိုက်ချိန်မှာ ဓားဖျားကယွီမင်ရှို့ကိုရွယ်လိုက်သည်။


ယွီမင်ရှို့၏မျက်တောင်များတွန့်သွားရပြီး နောက်စက္ကန့်မှာသူ့လက်မောင်းကိုလာထိုးမှာစိုးလို့ အလျင်စလိုဆက်ရှင်းပြလိုက်ရသည်။

"ငါတကယ်ပြောနေတာ၊ အဲ့တစ္ဆေပါဆို၊ ငါမင်းကိုသေချာမပြောပြခဲ့မိတာဖြစ်မယ်။ သူကနှာဘူးပဲ၊ သူကဥက္ကဌလင်ကိုသဘောကျတယ်လို့ပြောတယ်။ အဲ့ဒါကြောင့်မို့သူကငါ့ကိုဒီကိုအတင်းလာခိုင်းတာ၊ ခုနကသူကငါ့လက်ကိုထိန်းချုပ်လိုက်တဲ့တစ်ယောက်ပဲ...."


နှာဘူး?


ဒါကိုကြားသော်လင်ခုံးလု၏နှုတ်ခမ်းမသိမသာတွန့်သွားရပြီး ကုစစ်ကိုမော့ကြည့်ကာ သူ့ဘာသာသူတွေးမိသည်၊ အဲ့လိုဖော်ပြတဲ့နေရာမှာအမှားမရှိဘူးပဲ။


အပိုင်းအစ: ရှောင်လုရှေ့မှာငါ့မကောင်းကြောင်းမပြောနဲ့။


ယွီမင်ရှို့: ငါပြောတာမမှန်လို့လား။


ကုစစ်တိတ်တဆိတ်ဓားပြန်ရုတ်လိုက်သည်၊ သူ့စိတ်ဝိညာဥ်အပိုင်းအစ၏ဆွဲသွင်းမှုကြောင့်နေမယ်၊ သူလည်းထိုကဲ့သို့ရှက်ရွံ့မှုမျိုးကိုခံစားနေရသည်။


ယွီမင်ရှို့: "?" ငါကတစ္ဆေအကြောင်းပြောနေတာကို ကုမျိုးရိုးကောင်ကဘာလို့မသက်မသာဖြစ်သွားတာတုန်း?


ညစာကားထူးဆန်းသောလေထုဖြင့်အဆုံးသတ်သွားသည်။ စားပြီးနောက် ယွီမင်ရှို့ကသတိထားသောလေသံဖြင့်ဆိုလာသည်။

"မစ္စတာတစ္ဆေကခုနကပြောတယ်၊ သူဒီမှာနေချင်တယ်တဲ့၊ ဒီတော့....ငါဒီညဒီမှာနေလို့ရမလား။"


လင်ခုံးလုမငြင်းဆန်ဘဲ ခေါင်းငြိမ့်ကာပြောလိုက်သည်။

"ပထမထပ်မှာဧည့်သည်ခန်းရှိတယ်။"


အံ့သြစရာကောင်းစွာပင် ကုစစ်ကမကန့်ကွက်ဘဲ သူ့ကိုဒီအတိုင်းအမိန့်ပေးပြောဆိုလာသည်။

"ထမင်းစားပွဲကိုသန့်ရှင်းရေးလုပ်ပြီးပန်းကန်ဆေးလိုက်။"


ယွီမင်ရှို့အနည်းငယ်အံ့သြသွားရသည်၊ ခုနကကုစစ်ကရှာလကာရည်အိုးကြီးလိုပဲ။ အခုကျတော့ဘာလို့ရုတ်တရက်သဘောထားကြီးသွားတာလဲ။ အဲ့တစ္ဆေကြောင့်များလား။


စဥ်းစားနေစဥ် ယွီမင်ရှို့စိတ်ဗလာဖြင့်ပြောမိသည်။

"ငါကဧည့်သည်လေ၊ မင်း..." မင်းကငါ့ကိုပန်းကန်ဆေးခိုင်းတာလား။


ဒါပေမဲ့သူပြောလို့မပြီးသေးခင် အပိုင်းအစကသန့်ရှင်းရေးလုပ်ရန် သူ့ညာလက်နှင့်ညာခြေထောက်ကိုခဲရာခဲဆစ်ထိန်းချုပ်ပြီး မီးဖိုချောင်ထဲရွေ့သွားသည်။


ယွီမင်ရှို့: ...အေးပါ၊ အေးပါ၊ ငါလုပ်လို့မရဘူးလား။


လင်ခုံးလုနှင့်ကုစစ်အကြည့်ချင်းဖလှယ်ကာ ဘေးမှာရပ်ပြီး ကြီးကြပ်ရေးမှူးပမာ သူအလုပ်လုပ်တာကိုစောင့်ကြည့်နေလိုက်သည်။


တစ်အောင့်ကြာသော် လင်ခုံးလုအတွေးထဲနစ်သွားရသည်။


ယွီမင်ရှို့ကထမင်းစားပွဲကိုခပ်မြန်မြန်သန့်ရှင်းရေးလုပ်ကာ ပန်းကန်၊ တူ၊ ဓားနှင့်ခက်ရင်းများကိုဆေးကြောရန်အတွက်ပန်းကန်ရေးစက်ထဲထည့်လိုက်သည်။


ထိုစဥ် လင်ခုံးလုကဘယ်ကမှန်းမသိဝိုင်နီတစ်ခွက်ယူလာကာ ပြုံးပြီးသူ့ကိုကမ်းပေးကာဆိုလာသည်။

"ခင်ဗျားရဲ့အလုပ်ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်၊ ဥက္ကဌယွီဗျ။"


ယွီမင်ရှို့ဖော်ပြမရအောင်ဝမ်းသာသွားရသည်။ သူကုစစ်ကိုတစ်ဖန်မော့ကြည့်မိတော့ သေချာတာပေါ့၊ တစ်ဖက်လူ၏မျက်လုံးများကရေခဲချွန်များပမာ သူ့ကိုထိုးဖောက်လျက်ရှိတာကိုမြင်လိုက်ရသည်။


သူမနေနိုင်ဘဲနှုတ်ခမ်းထောင့်များကော့ကာ ဝိုင်နီခွက်ကိုတမင်လှမ်းယူပြီး တစ်ကြိုက်တည်းသောက်ပစ်ကာ ကုစစ်ကိုရန်စဟန်တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ လင်ခုံးလုကိုအပြုံးလေးဖြင့်ပြောလိုက်သည်။

"ကျေးဇူးပါ၊ ဥက္ကဌလင်။"


"ရပါတယ်ဗျာ။"

လင်ခုံးလုပြုံးလိုက်သည်။


ယွီမင်ရှို့သူ့အပြုံးကိုကြည့်ပြီး တောင့်တင်းသွားရကာ အကြောင်းတချို့ကြောင့် သူဖော်ပြမရအောင်သူ့အနားကပ်သွားချင်မိသည်။


ဒီဟာကထိုတစ္ဆေထံမှထိန်းချုပ်ခံထားရသည့်ခံစားချက်နှင့်မတူပေ။ သူအလိုလိုရှေ့တစ်လှမ်းတိုးကာ တုံ့ဆိုင်းစွာပြောမိသည်။

"လင်...ခုံးလု၊ ကျွန်တော်မင်းကိုအဲ့လိုခေါ်လို့မလား။ အမှန်တော့ ကျွန်...."


သူပြောလို့မပြီးသေးခင် သူ့ခေါင်းရုတ်ခြည်းမူးဝေလာကာ သူ့ခန္ဓာကိုယ်လှုပ်ခါလာပြီး သူ့မျက်စိရှေ့မှာပုံရိပ်နှစ်ထပ်ပေါ်လာသည်။


"မင်း..." သူခေါင်းအပြင်းအထန်ခါကာ သူ့ကိုယ်သူနိုးနေဖို့ကြိုးစားလိုက်ပေမဲ့ သူ့ခန္ဓာကိုယ်ယိမ်းထိုးသွားကာ ဆိုဖာပေါ်တည့်တည့်ကျသွားသည်။


"ဥက္ကဌယွီ? ဥက္ကဌယွီ? ဟေ့၊ ခင်ဗျားအနားမယူတာအရမ်းကြာပြီလား၊ ဘာလို့ဒီအတိုင်းအိပ်ပျော်သွားတာလဲဗျ?"

သူသတိလွတ်နေတုန်း လင်ခုံးလု၏အသံကိုကြားလိုက်ရပေမဲ့ သိပ်မကြာခင်အမှောင်ထုထဲကျရောက်သွားတော့သည်။


သူလုံးဝသတိလစ်သွားပြီကိုမြင်လိုက်ရတော့ လင်ခုံးလုသက်မချမိကာ ခါးကိုင်းပြီးသူ့မျက်နှာကိုထပ်ပုတ်ဖို့ကြိုးစားလိုက်သည်။


ကုစစ်ကလည်းအကြောင်းတချို့ကြောင့်ရောက်လာကာ သူ့လက်ကိုပိတ်ကာပြီးဆိုလာသည်။

"ကျွန်တော်လုပ်လိုက်မယ်။"


ပြောပြီးနောက် ယွီမင်ရှို့ပါးပေါ်ကသူထိုးထားသည့်နေရာကိုအကြင်နာတရားကင်းမဲ့စွာနှစ်ကြိမ်ဖိကြည့်လိုက်ပြီး တစ်ဖက်လူမတုံ့ပြန်တာကိုမြင်လိုက်ရတော့ သူပြောလိုက်သည်။

"ဟန်ဆောင်တာမဟုတ်ဘူး။"


လင်ခုံးလု: "......"


"ခင်ဗျားသူ့ကိုသောက်ဖို့ပေးလိုက်တာကဘာကြီးလဲ။" ကုစစ်အထူးတဆန်းမေးမိပြန်သည်။


"အဟမ်း။" လင်ခုံးလုသူ့လက်သီးကိုနှုတ်ခမ်းနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"သူ့ကိုမြန်မြန်အိပ်ပျော်သွားစေပြီး အလွယ်လေးနိုးမလာစေနိုင်တဲ့တစ်ခုခုပေါ့။"


ထိုဝိုင်သောက်တုန်းကယွီမင်ရှို့၏ရန်စသောမျက်လုံးများကိုကုစစ်ပြန်တွေးကြည့်ကာ သူ့နှုတ်ခမ်းထောင့်များအသာကော့တက်သွားရပြီး ပျော်ရွှင်စွာပြောမိသည်။

"နောက်တစ်ခါကျဒီလိုအရာမျိုးကိုကျွန်တော်လုပ်မယ်။"


လင်ခုံးလုတွေးမိသည်၊ မင်းလုပ်လို့မရဘူး။


၎င်းမှာလူတို့၏အသိစိတ်ကိုယ်ထည်၊ စိတ်ဝိညာဥ်ဟုခေါ်သောအရာကို နက်ရှိုင်းစွာအိပ်မောကျသွားအောင်လုပ်နိုင်သည်။ သူစနစ်အာကာသထဲကဝယ်လာတာဖြစ်သည်။ ၎င်းကအန္တရာယ်ကင်းကာထိခိုက်မှုမရှိပေ၊ ဒီကမ္ဘာမှာအဲ့လိုအရာမျိုးမရှိ။


အပိုင်းအစကယွီမင်ရှို့ကြောင့်ပိတ်မိနေတာဖြစ်လောက်မည်ဟုသူသံသယဝင်မိတာမို့ ဒီနည်းလမ်းကိုယာယီသုံးကာ ထပ်မံကြိုးစားကြည့်ချင်တာဖြစ်သည်။


ဒါပေမဲ့နှစ်မိနစ်ကြာပြီးနောက် ကြိုးစားအားထုတ်မှုရလဒ်မှာကျရှုံးမှုဖြစ်နေတုန်းပင်။ ထိုအစား သူ့စိတ်ဝိညာဥ်များကြားရှိတင်းမာမှုကြောင့် ကုစစ်၏မျက်နှာမှာဖြူဖျော့လာတော့သည်။


လင်ခုံးလုသူ့ကိုအလျင်စလိုကူတွဲကာ စိုးရိမ်တကြီးမေးမိသည်။

"အဆင်ပြေလား။"


ကုစစ်ခေါင်းခါပြလိုက်ပြီး သူမော့ကြည့်လိုက်တော့ ယွီမင်ရှို့ကလက်နှစ်ဖက်ခါပြနေပေမဲ့ တစ်ဖက်လူကသိသိသာသာကိုဆိုဖာပေါ်မှာလှဲနေတုန်းဖြစ်ပြီး သူ့လက်များမှအပ သူ့ခန္ဓာကိုယ်မှာမလှုပ်ရှား၊ သူ့မျက်လုံးမှာမပွင့်လာတာကိုမြင်လိုက်ရသည်။


အိပ်ချင်ယောင်ဆောင်နေတာလား။


ကုစစ်မျက်မှောင်ကြုတ်မိသည်။


အပိုင်းအစ: မင်းကိုထပ်မကြိုးစားတော့ဖို့ပြောနေတာဟ။


လင်ခုံးလုမှာဒီထူးဆန်းသောမြင်ကွင်းကိုသတိထားမိသွားပေမဲ့ ထို"တစ္ဆေ"ကသူ့လက်များကိုထိန်းချုပ်နိုင်ကြောင်းယွီမင်ရှို့ပြောတာကိုရုတ်ခြည်းတွေးမိသွားလေရာ မနေနိုင်ဘဲမေးလိုက်မိသည်။

"အားစစ်?"


"ဟင်?" ကုစစ်ခေါင်းအလိုလိုလှည့်ကြည့်လိုက်ပေမဲ့ လင်ခုံးလုကသူ့ကိုလုံးဝမကြည့်မနေမှန်းမြင်လိုက်ရသည်။


ကုစစ်: "....." သူ့ကိုခေါ်တာမဟုတ်ဘူးလား။


သူလင်ခုံးလု၏အကြည့်နောက်လိုက်ကာ ယွီမင်ရှို့ကိုကြည့်မိပြန်တော့ တစ်ဖက်လူကလက်ခါပြရာမှာလက်ယပ်ပြခြင်းသို့ပြောင်းသွားတာကိုမြင်လိုက်ရသည်၊ ဖြစ်နိုင်တာက...ခေါင်းငြိမ့်နေတာလား။ သူအနည်းငယ်ထူးဆန်းစွာတွေးမိသည်။


လင်ခုံးလုလည်းထိုသို့တွေးမိကာ ထိုလက်ကိုအလိုလိုကိုင်ကြည့်လိုက်တော့ အပိုင်းအစ၏အရှိန်အဝါကအရင်ကထက်အတော်လေးပိုမိုအားနည်းသွားမှန်းတွေ့လိုက်ရသည်။


သူအံ့သြသွားရကာ အကြောင်းရင်းကိုအမြန်ခန့်မှန်းမိလိုက်သဖြင့် သူ့ကိုအလျင်စလိုပြောလိုက်မိသည်။

"နောက်ကျရင် သူ့လက်နဲ့ခြေထောက်တွေကိုမထိန်းချုပ်နဲ့၊ ပြီးတော့သူ့ကိုခေါင်းကိုက်အောင်မလှုံ့ဆော်နဲ့တော့။"


ဒီနည်းလမ်းများကသိသိသာသာကိုအပိုင်းအစများ၏စွမ်းအားကိုကုန်ဆုံးစေသည်ပင်။


သူ့လက်များတစ်အောင့်ကြာအေးခဲသွားရပြီးမှ သူလက်ခါပြကာသူအဆင်ပြေကြောင်းဖော်ပြလိုက်ပြီးနောက် သူခေါင်းငြိမ့်ကာနားလည်ကြောင်းဖော်ပြရန် လက်ဝေ့ယမ်းပြလိုက်ပြန်သည်။


ဒီမြင်ကွင်းကိုကြည့်နေရင်း ကုစစ်အလွန်အမင်းထူးထူးဆန်းဆန်းခံစားလိုက်ရပုံမှာ ဒီအခိုက်အတန့်မှာသူကလင်ခုံးလုရှေ့တည့်တည့်မှာရှိနေပြီး သူကခေါင်းငြိမ့်၊ ခေါင်းခါပြနေသည့်တစ်ယောက်အလား၊ ဒါပေမဲ့သူကရှင်းရှင်းလင်းလင်းကိုလင်ခုံးလုနောက်မှာရပ်နေသည်ပင်။


နောက်တစ်နေ့ ယွီမင်ရှို့နိုးလာတော့ သူဟာဆိုဖာပေါ်မှာလှဲလျက်သားရှိနေပုံကိုတွေ့လိုက်ရသဖြင့် တစ်အောင့်ကြာမိန်းမောသွားမိသည်။


ဒါပေမဲ့သူ့အတွေးများခပ်မြန်မြန်ပြန်ရောက်လာသည်၊ သူမော့ကြည့်လိုက်တော့ လင်ခုံးလုနှင့်ကုစစ်တို့လှေကားမှအတူဆင်းလာကြသည်ကိုမြင်လိုက်ရသဖြင့် ဝိုင်နီခွက်ကိုတမဟုတ်ချင်းအမှတ်ရသွားကာ အလိုလိုသတိရှိရှိမေးလိုက်မိသည်။

"ဥက္ကဌလုမနေ့ညကကျွန်တော့်ကိုသောက်ဖို့ပေးတဲ့ဟာကဘာလဲ။"


"ဝိုင်နီလေ။" လင်ခုံးလုကပုံမှန်ပင်။


ယွီမင်ရှို့မျက်ခုံးပင့်လိုက်ပုံမှာ "မင်းသရဲကိုလိမ်တယ်"ဟုပြောနေသည့်အလား။


"ဒါပေမဲ့ဥက္ကဌယွီမနေ့ကတော်တော်လေးအိပ်မောကျသွားခဲ့တာ။" လင်ခုံးလုစိုးရိမ်ချင်ယောင်ဆောင်လိုက်ပြန်သည်။

"ခင်ဗျားဒီရက်ပိုင်းကောင်းကောင်းအနားမယူခဲ့ရဘူးလား။"


ယွီမင်ရှို့သူ၏"စိုးရိမ်သော"မျက်လုံးများနှင့်ဆုံသွားကာ အလိုလိုမျက်လွှာချလိုက်မိသည်။


တစ္ဆေနှင်ရန်အလို့ငှာ သူနေ့နေ့ညညမအိပ်ခဲ့ရတာအမှန်ဖြစ်သည်။


ကုစစ်ရုတ်ခြည်းလက်မြှောက်ကာလင်ခုံးလု၏မျက်လုံးများကိုအုပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ယွီမင်ရှို့ကိုပြောလိုက်သည်။

"အာရုဏ်တက်ချိန်ရောက်နေပြီကို ဥက္ကဌယွီကမပြန်သေးဘူးလား။ ခင်ဗျားအလုပ်မသွားရဘူးလား။"


"မင်းပြောသလိုပဲ။" ယွီမင်ရှို့ချက်ချင်းပင့်လိုက်ပြန်ကာ-

"ငါမနက်စာမစားရသေးဘူးလေ၊ ငါ့မှာဘာအလုပ်ရှိမှာလဲ။"


ထို့အပြင် သူကCမြို့တော်ကိုအလုပ်ခရီးအဖြစ်လာခဲ့တာဖြစ်သည်။


ကုစစ်ကပုံမှန်ဆိုရိုးရှင်းသောမနက်စာလုပ်တတ်ပေမဲ့ ဒီနေ့မှာတော့...သူဗလာမျက်နှာထားဖြင့်ပြောလိုက်သည်။

"ဥက္ကဌလင်နဲ့ကျွန်တော်က ကုမ္ပဏီကကန်တင်းမှာသွားစားမှာ။"


ယွီမင်ရှို့: "?"


"အတွင်းရေးမှူးဖြစ်ပြီးတော့ မင်းကသူဌေးအတွက်မနက်စာမပြင်ပေးဘူးလား။"


ကုစစ်: "အဲ့ဒါခင်ဗျားနဲ့ဘာဆိုင်လဲ။"


ယွီမင်ရှို့နင်သွားကာ လင်ခုံးလုကိုကြည့်ပြီး ရိုးသားစစ်မှန်စွာအကြုံပြုလိုက်သည်။

"ဥက္ကဌလင်၊ အတွင်းရေးမှူးနောက်တစ်ယောက်ပြောင်းလိုက်တော့။ ကျွန်တော့်လက်အောက်မှာကြည့်ကောင်းတဲ့လူအနည်းငယ်ရှိတယ်၊ ကျွန်တော်သူတို့ကိုအကြံပေး...."


ကုစစ်ကရုတ်ခြည်းကြားဖြတ်ပြောလာသည်။

"ဥက္ကဌယွီ၊ အပြင်ထွက်ပြီးစကားပြောရအောင်။"


လင်ခုံးလုသူ့နှဖူးသူအုပ်လိုက်မိသည်၊ ကောင်းမွန်တဲ့နေ့တစ်နေ့ကအချင်းများမှုနဲ့စပြီပဲ။


ဗီလာကထွက်လာပြီးနောက် လင်ခုံးလုနှင့်ကုစစ်တို့ကကုမ္ပဏီသွားကြပြီး ယွီမင်ရှို့ကတော့သူနေနေသည့်ဟိုတယ်ကိုပြန်သွားကာ နှစ်ဖက်သားလမ်းခွဲလိုက်ကြသည်။


ကားထဲဝင်ပြီးနောက် ကုစစ်ဖုန်းထုတ်ကာယွိဟုန်ကိုမက်ဆေ့ချ်ပို့ပြီး တောက်ဓမ္မဘုန်းတော်ကြီးနှင့်တကယ့်အစွမ်းရှိသည့်ဆရာများကိုကူရှာပေးရန်ပြောလိုက်သည်။


ယွိဟုန်: "?" ဥက္ကဌကုဘယ်တုန်းကအယူသည်းသွားတာတုန်း?


ဘယ်သူမှငြင်းခုံမနေကြသဖြင့် လင်ခုံးလုနောက်ဆုံးမှာနားအေးသွားရပေမဲ့ မွန်းတည့်ချိန်အပြီးမှာယွီမင်ရှို့ကပေါ်လာပြန်သည်။


ဒီတစ်ခေါက်သူကယွီဟုန်နည်းပညာကုမ္ပဏီကိုတာဝန်ယူသူတစ်ယောက်အနေဖြင့်လာလည်ခြင်းဖြစ်ပြီး သူအစည်းအဝေးခန်းထဲဝင်လာချိန်မှာ အစည်းအဝေးခန်းကိုတာဝန်ယူထားသည့်ကုစစ်ကိုပြောလိုက်သည်။

"အတွင်းရေးမှူးယန်း၊ ကော်ဖီတစ်ခွက်လောက်ယူလာပေးနော်၊ အနံ့သင်းသင်း၊ သကြားတစ်ဝက်၊ နွေးနွေးလေးနော်၊ ကျေးဇူး။"


ကုစစ်: "......"


သူတည့်တိုးအနောက်လှည့်ကာ လက်ထောက်စုန့်ကိုပြောလိုက်သည်။

"ဥက္ကဌယွီအတွက်ကော်ဖီသွားဖျော်လိုက်အုံး။"


"နေပါအုံး။" ယွီမင်ရှို့ကသူတို့ကိုအမြန်တားကာပြောလာသည်။

"ငါကဥက္ကဌလင်နဲ့အရေးကြီးတဲ့ကိစ္စဆွေးနွေးဖို့ရှိလို့ဒီရောက်နေတာလေ၊ ငါကအတွင်းရေးမှူးယန်းကိုကော်ဖီဖျော်ခိုင်းဖို့မတတ်နိုင်ဘူးလား။"


ကုစစ်: "ဒါတွေကြားမှာမလွဲမသွေလုပ်ပေးရမဲ့ဆက်ဆံရေးရှိလို့လား။"


အပိုင်းအစ: "မင်းခေါင်းကထပ်မကိုက်တော့ဘူးလား။"


ယွီမင်ရှို့: "...." ထားလိုက်တော့၊ မင်းတို့မှစ်ယောက်၊ ဧကရီနဲ့သူရဲကောင်းမနဲ့ တော်တော်လေးလိုက်ဖက်ညီပါတယ်။


လက်ထောက်စုန့်မှာဒီမြင်ကွင်းကိုထူးဆန်းသောမျက်လုံးများဖြင့်ကြည့်ကာ တွေးလိုက်မိသည်၊ ဒီအခြေအနေက.... အနှစ်သက်ခံကိုယ်လုပ်တော်ကပင်မနန်းဆောင်ရှေ့မှာသူမပါဝါကိုကြွားဝါးနေသလိုပဲ။


ထိုစဥ် လင်ခုံးလုကတံခါးတွန်းဖွင့်ကာဝင်လာတော့ အခန်းထဲရှိထူးဆန်းသောလေထုကိုသတိထားမိသွားကာ အလိုလိုမေးမိသည်။

"မင်းတို့ဘာလုပ်နေတာလဲ။"


ကုစစ်ကစကားမပြောပေမဲ့ ယွီမင်ရှို့ကချက်ချင်းထရပ်ကာ ရင်းနှီးသောလေသံဖြင့်ဆိုလာသည်။

"ရှောင်လုရောက်လာပြီပဲ၊ မြန်မြန်ထိုင်လေ။"


ရှောင်လု?


ကုစစ်ဖောင်တိန်ကိုမျက်နှာသေဖြင့်ချိုးပစ်လိုက်မိတော့ လက်ထောက်စုန့်မှာစိုးရိမ်ကြောက်လန့်သွားကာ သူ့ကိုနောက်တစ်ချောင်းပေးလိုက်သည်။


အပိုင်းအစကယွီမင်ရှို့ကိုတည့်တိုးခေါင်းကိုက်မှုပေးစွမ်းကာ မည်းမှောင်စွာပြောလာသည်။

"မင်းကသူ့ကိုရှောင်လုလို့ခေါ်တယ်ပေါ့?"


လင်ခုံးလု၏ပါးစပ်ထောင့်မသိမသာတွန့်သွားကာ တွေးမိသည်၊ မသိတဲ့လူတွေကယွီမင်ရှို့ရဲ့ကုမ္ပဏီလို့ထင်သွားတော့မှာပဲ။


ယွီမင်ရှို့မှာအချိန်နှင့်အမျှခေါင်းကိုက်ခြင်းနှင့်နေသားကျလာပြီး လင်ခုံးလုနှင့်အတူထိုင်ပြီးနောက် စီးပွားရေးအကြောင်းစတင်ပြောဆိုလေသည်။

"ကျွန်တော်ဒီမှာအစိုးရပရောဂျက်နဲ့ပတ်သတ်ပြီး ဥက္ကဌလင်နဲ့လာဆွေးနွေးတာပါ။"


လင်ခုံးလု: "အိုး?"


ယွီမင်ရှို့: "ဥက္ကဌလင်မသိသေးဘူးပဲ။ ဒီရက်ပိုင်းမှာ အထက်ကအစီအစဥ်ပြောင်းလိုက်ပြီ။ ပရောဂျက်အရွယ်အစားကသုံးဆဖြစ်သွားပြီမို့ မင်းရဲ့ကုမ္ပဏီကကိုင်တွယ်နိုင်စွမ်းရှိမှာမဟုတ်လောက်ဘူး။"


ကုစစ်၏မျက်ခုံးမသိမသာတွန့်သွားကာ ရုတ်တရက်မကောင်းသောခံစားချက်ရလာသည်။


သေချာတာပေါ့၊ ယွီမင်ရှို့ကခပ်မြန်မြန်ပြောလာပြန်သည်။

"ဒါပေမဲ့ဥက္ကဌလုမစိုးရိမ်ပါနဲ့၊ ကျွန်တော့်အထင် ကျွန်တော်တို့ကုမ္ပဏီနှစ်ခုအတူပေါင်းပြီးလုပ်လို့ရတယ်။"


လင်ခုံးလု၏မျက်နှာထားမှာရုတ်တရက်အနည်းငယ်နက်နဲလာကာ တွေးလိုကလမိသည်: မင်းနဲ့ပူးပေါင်းတာက "ကြွက်ကားကကြောင်အတွက်သတို့သမီးဖြစ်ပြီး ပိုက်ဆံရှာရင်းသေဆုံးသွားသည်"လိုဖြစ်သွားမှာမဟုတ်ဘူးလား။ အရင်ဘဝက ငါမင်းကြောင့်ဒေဝါလီခံခဲ့ရတာလေ။


ဒါကိုတွေးမိရင်း သူတစ်အောင့်ကြာတွေးကြည့်ကာပြောလိုက်သည်။

"ကျွန်တော်စဥ်းစားကြည့်လိုက်ပါ့မယ်။"


ကုစစ်မှာဘယ်တုန်းကမှန်းမသိအစည်းအဝေးခန်းထဲကထွက်သွားပြီး ယွိဟုန်ကိုဖုန်းခေါ်ကာရှင်းပြလိုက်သည်။

"Cမြို့တော်ကပင်လယ်ကမ်းခြေမြို့သစ်ရဲ့ပရောဂျက်ကို တစ်ယောက်ယောက်ကိုစုံစမ်းပြီး အမြန်ဆုံးရအောင်ယူခိုင်းလိုက်။ ယွီမိသားစုမရစေနဲ့။"


ပြောပြီးနောက် သူဖုန်းချလိုက်ပြီး သူ့မျက်လုံးမှာနက်မှောင်သွားရသည်။


အရင်ဘဝက ယွီမင်ရှို့ဒီပရောဂျက်ကိုလုံးဝမလုယူခဲ့ပေ၊ ဒါပင်မဲ့ တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကဘာကြီးပဲဖြစ်နေပါစေ သူတစ်ဖက်လူကိုရှောင်လုကိုထပ်ပြီးထိခိုက်အောင်လုပ်ခွင့်မပေးနိုင်ဘူး။


သူစဥ်းစားပြီးသည်နှင့် အနောက်လှည့်လိုက်တော့ သိပ်မဝေးသောနေရာမှာကော်ဖီခွက်ကိုင်ထားသည့်လက်ထောက်စုန့်ကိုမြင်လိုက်ရသည်။


လက်ထောက်စုန့်: ကောင်းရော၊ ပင်မနန်းဆောင်ကလက်စသတ်တော့နောက်တိုင်းပြည်တစ်ခုကလွှတ်လိုက်တဲ့သူလျိုဖြစ်နေတာလား။


________________________________