Chapter(82)
Viewers 10k

ကုစစ်မှာလက်ထောက်စုန့်ကိုမြင်သွားသည့်အခိုက် ကုစစ်မျက်လုံးအသာမှေးစင်းလိုက်ပြီး သူ့မျက်ဝန်းထဲမှာအေးစိမ့်မှုတစ်ချက်လက်သွားသည်။


လက်ထောက်စုန့်ချက်ချင်းထိတ်လန့်သွားရပုံမှာ တစ်ဖက်လူကစိတ်ထဲမှာသူ့ကိုသတ်ဖို့နည်းလမ်းတစ်ရာရှာဖွေထားပြီးသည့်နှယ်။ ဒါပေမဲ့ နန်းတော်တိုက်ပွဲဒရာမာ၏ဝါရင့်ဒရာမာဖန်နှင့် XXအစီအစဥ်နှင့် XXနတ်ဆိုး၏အဆင့်၁၀သုတေသနစကော်လာတစ်ယောက်အနေဖြင့် သူကဘယ်လိုလုပ်အမြှောက်စာဇာတ်ကောင်တစ်ကောင်အလွယ်လေးဖြစ်နိုင်ပါ့မလဲ။


အားတင်းထား၊ ဒီဂိမ်းကိုအနိုင်ရနိုင်တယ်။


အဆုံးတွင် သူကမြင်ကွင်းတချို့မြင်ခဲ့ရသည့်ဥက္ကဌ၏လက်ထောက်တစ်ယောက်ဖြစ်သည်ပင်။ ဖိအားကိုတောင့်ခံနိုင်သည့် ရဲဘော်ရှောင်စုန့်၏စိတ်ပိုင်းဆိုင်ရာစွမ်းရည်မှာသိပ်မဆိုးလှ။ သူ့လက်ဖဝါးများမှာတင်းမာမှုကြောင့်ချွေးပြန်နေပြီဖြစ်သော်ငြား သူ့မျက်နှာထက်​ခြောက်ကပ်ကပ်အပြုံးတစ်ပွင့်ရှိလျက် နားမလည်ချင်ယောင်ဆောင်လိုက်သည်။

"အတွင်းရေးမှူးယန်းကပင်လယ်ကမ်း​​​ခြေမြို့သစ်ပရောဂျက်အကြောင်း အောက်ကပရောဂျက်ကိုrunတဲ့လူတွေကိုရှင်းပြနေတုန်းပဲလား။"


ကုစစ်တဝိုးတဝါးအပြုံးဖော်ပြကာ ပူးပေါင်းဆောင်ရွက်လိုက်သည်။

"ဟုတ်တယ်၊ ပရောဂျက်ကိုဥက္ကဌယွီနဲ့အခြားသူတွေလုယူသွားမှာစိုးလို့ရယ်။"


"အိုး၊ အလုပ်ကြိုးစားနေတာပဲ။" လက်ထောက်စုန့်ကသူ့ကိုကော်ဖီတစ်ခွက်ကမ်းပေးကာဆိုလာသည်။

"သိပ်ပြီးတော့လည်းမကြိုးစားနဲ့အုံး။ တကယ်တော့ ငါ့အထင်ငါတို့တွေယွီဂရုနဲ့ပူးပေါင်းရင်ပိုကောင်းမလားလို့။ ဒါပေမဲ့ငါတို့ပြောတဲ့စကားကအသုံးမဝင်ပါဘူး။ ဥက္ကဌလင်အပေါ်မူတည်တယ်လေ၊ ဟဟ။"


"အမ်း။" ကုစစ်ကခေါင်းငြိမ့်သည်၊ ဝတ်ကျေတမ်းကျေမှန်းသိသာလှပေသည်။


လက်ထောက်စုန့်တစ်အောင့်ကြာအောင်ခြောက်ကပ်ကပ်ရယ်လိုက်ပြီး တဖြည်းဖြည်းချင်းနှင့်တောင့်မခံနိုင်တော့ပေ။ သူခပ်မြန်မြန်ဆင်ခြေပေးကာပြောလိုက်သည်။

"အတွင်းရေးမှူးယန်း၊ မင်းသွားနှင့်လေ၊ ငါသန့်စင်ခန်းသွားလိုက်အုံးမယ်။"


ပြောပြီးနောက် သူသန့်စင်ခန်းထဲလစ်သွားကာ သူ့ကော်ဖီကိုပင်ချပေးဖို့မေ့သွားလေသည်။


ကုစစ်သူထွက်သွားသည့်အရပ်ကိုကြည့်ကာ သူ့မျက်လုံးများအရောင်မှိန်သွားပြီး ခပ်ဖွဖွရယ်မောလိုက်မိသည်။


လက်ထောက်စုန့်မှာသန့်စင်ခန်းတံခါးဆီလျှောက်သွားပြီး ဟိုဟိုဒီဒီဝေ့ဝဲကြည့်ကာ ကုစစ်မလိုက်လာမှန်းမြင်လိုက်ရတော့မှ ချက်ချင်းစိတ်သက်သာရာရသွားပြီး လှေကား၏အခြားတစ်ဖက်မှနေ၍အောက်ထပ်ဆင်းသွားပြီးမှ ထိပ်ဆုံးအထပ်ဆီဓာတ်လှေကားပြန်စီးကာ CEO၏ရုံးခန်းထဲခိုးကြောင်ခိုးဝှက်ဝင်သွားလိုက်သည်။


လင်ခုံးလုမှာအခုပဲယွီမင်ရှို့ကိုလိုက်ပို့ပြီး ဆိုဖာပေါ်မှာထိုင်ကာ တင်ပြချက်ကိုဖတ်နေတာဖြစ်သည်။ သူမော့ကြည့်မိတော့သူခိုး​ကြောင်ခိုးဝှက်အထဲဝင်လာတာကိုမြင်လိုက်ရသဖြင့် မေးလိုက်မိသည်။

"မင်းဘာလုပ်နေတာလဲ။ သူခိုးကျနေတာပဲ။" 


"အဟမ်း။" လက်ထောက်စုန့်အလျင်စလိုတံခါးပိတ်လိုက်ပြီးမှ စာကြည့်စားပွဲဆီအမြန်လျှောက်သွားကာ သူ့ပါးစပ်ကိုလက်နှင့်တစ်ဝက်အုပ်လျက် ခပ်တိုးတိုးပြောလိုက်သည်။

"ဥက္ကဌလင်၊ တစ်ခုခု...ကျွန်တော်ဥက္ကဌကိုပြောပြဖို့လိုအပ်တယ်ထင်တယ်။"


"အိုး?" လင်ခုံးလုမော့ကြည့်ကာ နားမလည်ချင်​ယောင်ဆောင်လိုက်သည်။


"ဒီလိုပါ။ ကျွန်တော်ခုနကစတိုခန်းဆီသွားတော့ အရှေ့ဘက်ကလှေကားကိုဖြတ်လာတုန်းက အတွင်းရေးမှူးယန်းကတစ်ယောက်ယောက်နဲ့ဖုန်းပြောနေတာကိုကျွန်တော်ကြားလိုက်ရတယ်၊ 'ပင်လယ်ကမ်း​ခြေမြို့သစ်ပရောဂျက်ကို တစ်​​ယောက်​ယောက်ကိုစုံစမ်းပြီး အမြန်ဆုံးယူခိုင်းလိုက်၊ ယွီမိသားစုလက်မဦးသွားစေနဲ့'လို့ပြောနေတာ။"

လက်ထောက်စုန့်ထူးခြားဆန်းကြယ်စွာပြောလိုက်သည်။


သူ၏ထက်ရှသောအလုပ်နေရာအလိုလိုသိစိတ်ကိုအခြေခံရရင် အတွင်းရေးမှူးယန်းဟာအခြားကုမ္ပဏီကလူတွေကိုသတင်းပေးပို့နေမှန်း သူတစ်ရာရာခိုင်နှုန်းနီးပါးသေချာသည်။ မထင်မှတ်ထားစွာဖြင့် ဒီလူချောလေးကလတ်စသတ်တော့သစ္စာ​ဖောက်ကောင်ဖြစ်နေတာပဲ။


လက်ထောက်စုန့်ကြေကွဲသွားရကာ အရင်ကသူသူ့ကိုယုံကြည်အားကိုးခဲ့မိသည့်အချက်ကိုကျေးဇူးတင်မိသည်။ သို့သော်လည်း သူ့မိသားစုကအစောပိုင်းနှစ်များမှာပြောင်းလဲမှုကြုံတွေ့ခဲ့ရသဖြင့် ဥက္ကဌလင်ကသူ့ကိုကောလိပ်ပြီးအောင်တက်ဖို့ထောက်ပံ့ပေးခဲ့သည်။ ဥက္ကဌလင်ကသူ့အပေါ်သဘောကောင်းတာမို့ သူထိုသစ္စာဖောက်အတွက်လုံးဝဖုံးကွယ်ပေးမှာမဟုတ်။


ဒါပေမဲ့ပြောရရင် အတွင်းရေးမှူးယန်းကဥက္ကဌလင်၏အိပ်ရာဖော်ဖြစ်နေသေးတာမို့ သူအရမ်းဗြောင်ကျကျပြောမရပေမဲ့ သူအဓိပ္ပါယ်ကိုအယောင်ပြလိုက်ဆဲပင်။


"ဒီတော့ဥက္ကဌလင်၊ သူ့ကိုပိုသတိထားတာကောင်းမယ်နော်။"

လက်ထောက်စုန့်ခပ်တိုးတိုးအသိပေးလိုက်သည်။


မထင်မှတ်ထားစွာဖြင့် ပြောပြီးရုံသာရှိသေး သြရှရှအသံကရုံးခန်းထဲမှာထွက်လာသည်။

"အိုး? ဘယ်သူ့ကိုသတိထားရမှာတုန်း?"


လက်ထောက်စုန့်အေးခဲသွားရကာ မော့ကြည့်မိတော့ ဘယ်တုန်းကဖွင့်ထားမှန်းမသိသည့်လင်ခုံးလုအနောက်ကနားနေခန်းတံခါးကိုမြင်လိုက်ရသည်။ တံခါးဝမှရပ်လျက် သူ့ကိုမျက်ဝန်းထဲ၌မသိမသာအေးစက်သောမျက်ဝန်းများဖြင့်ကြည့်နေလေသည်။


လက်ထောက်စုန့်: "....." နတ်ဘုရားတော့ငါ့ကိုသတ်တော့မှာပဲ!


နားနေခန်းနှင့်ဥက္ကဌရုံးခန်းမှာတစ်ခုတည်းအဖြစ်ဆက်ထားပြီး ရုံးခန်းတွဲဖြစ်ပေသည်။ ပြောရရင် သူမဝင်လာမီ အတွင်းရေးမှူးယန်းကဥက္ကဌလင်ကိုအရင်လာပြောပြီးပြီပင်။


ဒီလိုရက်စက်တဲ့နည်းလမ်းကတော့ ပင်မနန်းဆောင်ဆိုတဲ့အတိုင်း သူ့ရှေ့မှာကွန်ပလိန်းအပုံလိုက်တက်ပြီးသွားပြီကို၊ ခေါင်းအုံးလေတိုက်တာသွားတာနေမယ်....မဟုတ်သေးဘူး၊ သူအောက်ထပ်ဆင်းပြီးအပေါ်ထပ်ပြန်တက်လာတာနှစ်မိနစ်ပဲကြာတာကို ဥက္ကဌလင်အဲ့လောက်မမြန်သင့်ဘူးနော်။


လက်ထောက်စုန့်အရိုင်းဆန်စွာစဥ်းစားနေပေမဲ့ သူ့မျက်နှာကတော့စိုးရိမ်လွန်းလို့ချွေးစေးများပြန်လာရပြီး သူတုံ့ဆိုင်းသွားကာပြောမိသည်။

"ဥ ဥက္ကဌလင်၊ ကျွန်တော်...."


လင်ခုံးလုအနည်းငယ်ရယ်ချင်နေတာမို့ ကူကယ်ရာမဲ့စွာဖြတ်ပြောလိုက်သည်။

"အေးပါ၊ ဒီကိစ္စကိုငါသိပါတယ်၊ ငါသူ့ကိုအမိန့်ပေးခဲ့တာမို့ စိတ်မပူနဲ့၊ အလုပ်သွားလုပ်တော့။"


လက်ထောက်စုန့်သက်မချကာ လင်ခုံးလုနှင့်ကုစစ်ကိုတစ်ချက်ခိုးကြည့်လိုက်မိသည်။ ကုစစ်၏မျက်နှာကလေးနက်နေပေမဲ့ လင်ခုံးလုကမတုံ့ပြန်ကြောင်းမြင်လိုက်ရတော့ ရုတ်တရက် သူစိတ်ပူသွားရပြန်သည်။


ဥက္ကဌလင်ကသိသိသာသာကိုအတွင်းရေးမှူးယန်းချော့တာခံလိုက်ရတာပဲ။ သူကအလေးအနက်မယူဆရုံတင်မကဘဲ တစ်ဖက်လူအတွက်တောင်ဖုံးကွယ်ပေးလိုက်သေးတာ။


ဒါပေမဲ့အတွင်းရေးမှူးယန်းရဲ့မျက်လုံးတွေကိုကြည့်မိတော့ သူ့မှာရည်မှန်းချက်နှင့်အစီအစဥ်တွေရှိနေတာပဲ။ မိစ္ဆာဧကရီကနောက်ဆုံးမှာထီးနန်းကိုသိမ်းပိုက်လိုက်ပြီး နောက်ကျတိုင်းပြည်ပျက်စီးသွားမှာစိုးတယ်။ သူ၊ ကုန်းကုန်းအကြီးအကဲ၊ အာမဟုတ်သေးဘူး၊ သူ၊ ဥက္ကဌရဲ့လက်ထောက်ကတော့ ဥက္ကဌလင်နှင့်အတူလမ်းပေါ်မှာအနောက်မြောက်လေသွားရှုရလောက်မယ်။


လက်ထောက်စုန့်မှာတစ်ခုခုထပ်ပြောချင်ပေမဲ့ အတွင်းရေးမှူးယန်းလည်းရှိနေသည့်အပြင် ဥက္ကဌလင်ကအရေးသိပ်မစိုက်မှန်းမြင်လိုက်ရတော့ အဆုံးမှာသူရွေးချယ်စရာမရှိဘဲ ခေါင်းမလှည့်ဘဲထွက်သွားရလေတော့သည်။


ကုစစ်ကသူထွက်သွားတာကိုမျက်နှာသေဖြင့်ရပ်ကြည့်နေပြီး ရုံးခန်းတံခါးပိတ်သွားပြီးနောက်မှသာ သူအကြည့်လွှဲကာ လင်ခုံးလုဆီလည်ပင်းအနှိပ်စက်ကိုင်လျက်လျှောက်သွားကာ သူ့ကိုကမ်းပေးလိုက်သည်။


လင်ခုံးလုအမြန်လှမ်းယူကာ "ကျေးဇူး"ဟုပြောလိုက်ပြီးမှ သူ့လည်ပင်းပေါ်တပ်ပြီး modeကိုချိန်ညှိကာ ထိုင်ခုံပေါ်မှာသက်တောင့်သက်တာထိုင်လိုက်သည်။


သူဘာမှမပြောမှန်းမြင်လိုက်ရတော့ ကုစစ်မျက်လွှာချကာခပ်တိုးတိုးမေးလိုက်မိသည်။

"ဥက္ကဌလုဘာမှမမေးတော့ဘူးလား။"


လက်ထောက်စုန့်ကသူကြားတာကိုလင်ခုံးလုဆီပြောပြမယ်ဆိုတာကုစစ်သိသည်။ သူကကျပ်သိပ်မပြည့်ပေမဲ့ အရေးတကြီးအခိုက်အတန့်မှာတော့ မထင်မှတ်ထားစွာဖြင့်လင်ခုံးလုအပေါ်သစ္စာရှိပေသည်။


သူကလက်ထောက်စုန့်မရောက်လာခင် ထိုကိစ္စကိုရှင်းပြရန်ရုံးခန်းဆီလာခဲ့ပြီး သူ့စကားကိုပင်စဥ်းစားထားပြီးပြီဆိုပေမဲ့ လင်ခုံးလုသူ့ကိုနားနေခန်းမှာလည်ပင်းအနှိပ်စက်သွားယူခိုင်းလာသည်၊ နှစ်မိနစ်တောင်မရှိသေးခင် ရှောင်စုန့်ကလက်ဦးသွားမယ်လို့ဘယ်သူသိမှာလဲ။


လင်ခုံးလုရင်ထဲမှာတိတ်တိတ်လေးသက်ပြင်းချကာတွေးမိသည်၊ မင်းတို့တွေစိုးရိမ်နေတာကို ငါဘယ်လိုလုပ်မသိဘဲနေမှာလဲ။


ဒါပေမဲ့သူ့မျက်နှာထက်မဖော်ပြဘဲ ဒီအတိုင်းပူးပေါင်းပေးလိုက်သည်။

"ဘာကိုမေးရမှာ?"


ကုစစ်၏မျက်လုံးများမှောင်မိုက်သွားကာပြောလိုက်သည်။

"ခုနကလက်ထောက်စုန့်ပြောသွားတဲ့ဟာလေ။"


"အော်?" လင်ခုံးလုခပ်မြန်မြန်ပူးပေါင်းကာမေးလိုက်သည်။

"ဒါဖြင့်ရင်မင်းဘယ်သူ့ကိုဖုန်းခေါ်ခဲ့တာလဲ။"


ကုစစ်နှုတ်ခမ်းစေ့ကာပြောလိုက်သည်။

"ကုမိသားစုကဥက္ကဌယွိ။"


လင်ခုံးလုမသိမသာအံ့သြသွားကာတွေးလိုက်မိသည်: သိပ်မကြာခင်ဗိုလ်လုပွဲရောက်တော့မှာလားဟ?


ဒါပေမဲ့ဘယ်သူသိမှာလဲ၊ ကုစစ်ကခပ်မြန်​မြန်အမှန်တစ်ဝက်လုပ်လာသည်။

"သူသိပ်မကြာသေးခင်ကကျွန်တော့်ကိုဆက်သွယ်လာပြီးတော့ ကျွန်တော်ကကုအုပ်စုခေါင်းဆောင်ဆိုပြီးတော့ပြောလာတာ။ ကုမ္ပဏီကအဲ့ပရောဂျက်ကိုမနိုင်နိုင်တာမို့ ကျွန်တော်ထင်တာက...ကျွန်တော်ဥက္ကဌယွိကိုကူညီခိုင်းရင်ကောင်းမလားလို့လေ...."


လင်ခုံးလု: "....." အဲ့လိုပေါ့။


"ဒါဆို မင်းကကုအုပ်စုခေါင်းဆောင်ဆိုတာတကယ်လား။" သူလည်းသရုပ်ဆောင်ကာပူးပေါင်းပေးလိုက်သည်။


"ဟုတ်မယ်ထင်တယ်။" ကုစစ်တုံ့ဆိုင်းသွားမိပေမဲ့ အရင်ဘဝကလိုမျိုးသူ့သရုပ်မှန်ကိုသိပြီးနောက်ပိုင်းမှာလင်ခုံးလုလမ်းခွဲသွားမှာစိုးလို့ ခပ်​မြန်မြန်ထပ်ပေါင်းပြောလိုက်သည်။

"ဒါပေမဲ့ကျွန်တော်လုံးဝမမှတ်မိဘူး၊ ကျွန်တော်ပြန်မသွားချင်ဘူး။ ကျွန်တော်ရှောင်လုကိုသဘောကျတယ်။ ကျွန်တော်ရှောင်လုနဲ့ပဲအတူရှိချင်တာ။"


လင်ခုံးလုမသိမသာချွေးပြန်သွားရကာ သူကဒီအခိုက်အတန့်တွင်စွန့်ပစ်ခံရမှာစိုးရိမ်နေသည့်ခွေးကြီးနှင့်တူသည်ဟု တစ်မျိုးတစ်ဖုံခံစားလိုက်ရသည်။


သူစကားမပြောတာကိုမြင်လိုက်ရတော့ ကုစစ်တစ်ခဏကြာတန့်သွားပြီးမှ စိုးရိမ်တကြီးပြောလိုက်မိသည်။

"ခင်ဗျား...ကျွန်တော်လက်ဦးမှုရယူပြီးတော့ဒီကိစ္စကိုသူတို့ကိုပြောလိုက်တဲ့အတွက်ခင်ဗျားကျွန်တော့်ကိုအပြစ်တင်နေလားဟင်?"


သူမျက်လွှာချကာ လင်ခုံးလုပြန်​ဖြေတာကိုမစောင့်ဘဲခပ်တိုးတိုးပြောလိုက်သည်။

"ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်ဒီကိစ္စနဲ့ပတ်သတ်ပြီးသေချာမတွေးခဲ့မိတာမှန်ပေမဲ့ ကျွန်တော်ကဒီအတိုင်းခင်ဗျားကိုပြဿနာကူဖြေရှင်းပေးချင်ရုံပါ။ ခင်ဗျားဒေါသထွက်လားဟင်?"


လာပြန်ပြီ၊ လက်ဖက်ရည်ထပ်ဖျော်တော့မယ်။


လင်ခုံးလုမျက်နှာကျက်ကိုဆွံ့အစွာကြည့်ကာ သက်ပြင်းနင့်နင့်နဲနဲချမိသည်: ဥက္ကဌကု၊ ဥက္ကဌကု၊ ဘယ်မှာလဲ မင်းရဲ့ပုံရိပ်?


ကုစစ်၏ပုံရိပ်မှာသူစားတာခံလိုက်ရပြီးဖြစ်သည်။ ဒီအခိုက်အတန့်မှာ သူကတစ်ဝက်ဆောင့်ကြောင့်ထိုင်ကာ လင်ခုံးလုကိုနင့်နဲသောမျက်လုံးများဖြင့်မော့ကြည့်လျက်ရှိသည်။

"ကျွန်တော်အမှားတစ်ခုခုလုပ်မိလို့လားဟင်? ဒေါသမထွက်ပါနဲ့နော်၊ နောက်တစ်ခါကျကျွန်တော်ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်မချတော့ဘူးလေနော်...."


သူဒီစကားများကိုပြောနေစဥ် ဘယ်တုန်းကမှန်းမသိ သူ့လက်ကိုဆိုဖာထိုင်ခုံ၏လက်တန်းပေါ်တင်ထားပြီး သူ့လက်ချောင်းထိပ်များကလင်ခုံးလု၏လက်ဖမိုးပေါ်တိတ်တိတ်လေးတွားသွားတက်လာကာ ချောမွေ့သောအရေပြားကိုခပ်ဖွဖွကုတ်ခြစ်ပြီး ယားယံကာထုံထိုင်းအောင်ပြုလုပ်လျက်ရှိသည်။


လင်ခုံးလု၏နားရွက်များအနည်းငယ်နီစွေးသွားရသည်။ အောက်ငုံ့ကြည့်လိုက်တော့ ကုစစ်၏လက်များမှာလှပကြောင်းတွေ့လိုက်ရသည်။ လက်တစ်ချောင်းချင်းစီမှာသွယ်လျကာအချိုးကျပြီး စန္ဒယားတီးနေသည့်ပမာ သူ့အရေပြားပေါ်အသာအယာတို့ထိလျက်။


လင်ခုံးလု: ကောင်းချက်၊ လတ်စသတ်တော့လှည့်ကွက်လှလှလေးသုံးနေတာကိုး။


"အမ်း။" သူအလျင်စလိုအကြည့်ရုတ်ကာ သူ့ကိုယ်သူတည်ငြိမ်အောင်တွန်းအားပေးပြီး ပြောလိုက်သည်။

"ဒီလိုလုပ်၊ မင်းကကုအုပ်စုခေါင်းဆောင်တကယ်ဖြစ်နေမှတော့..."


"အဲ့ဒါသာအမှန်ဆိုရင် ကျွန်တော်တို့ကုမ္ပဏီအတွက် ကုအုပ်စုကနေပိုက်ဆံပိုများများရှာလို့ရပြီလေ။"

ကုစစ်သူ့ကိုကြည့်လျက်ပြောလိုက်သည်။


ဒီတော့ကပ်စီးကုပ်လေးကသူ့ကိုခပ်မြန်မြန်ချစ်မိသွားပြီး သူ့ကောင်းကွက်(ပိုက်ဆံ)ကိုသိသွားမှာပဲ။


လင်ခုံးလု၏နှုတ်ခမ်းထောင့်များမသိမသာတွန့်သွားကာတွေးလိုက်မိသည်: မင်းအဖိုးနဲ့ကုအုပ်စုရဲ့ရှယ်ယာရှင်တွေကမင်းပြောတာကိုသိကြရဲ့လား။


ဒီအခိုက်အတန့်မှာကုအုပ်စု၏ရှယ်ယာရှင်များကထိုအကြောင်းမသိပေမဲ့ ကုစစ်၏အဖိုးကတော့မကြာခင်သိသွားလိမ့်မည်ဟု သူမထင်ထားမိပေ။


သို့သော်လည်း ကုစစ်၏သရုပ်မှန်ကိုကြည့်ရင် သူနှင့်ကုစစ်တို့နှစ်ယောက်လုံးဒီအခိုက်အတန့်မှာပြောစရာမလိုဘဲခေါင်းငြိမ့်သဘောတူလိုက်ကြသည်။


အလုပ်ဆင်းချိန်မှာ လင်ခုံးလုကကုစစ်ကိုထပ်မေးလိုက်သည်။

"မင်းAမြို့တော်ကိုပြန်သွားဖို့တကယ်မတွေးထားဘူးလား။ နေ့ခင်းတုန်းကမင်းပြောပုံအရဆို မင်းဝေဝေဝါးဝါးမှတ်ဉာဏ်တချို့ပြန်ရလာသင့်ပြီမလား။"


"နည်းနည်းလောက်ပဲ။"

ကုစစ်မျက်မှောင်ကြုတ်ကာရှင်းပြလိုက်သည်။

"ဒါပေမဲ့ပြောရရင် ကျွန်တော်ဘာမှမသိဘူး။ ကျွန်တော်ဘာမှနားမလည်မှတော့ ကျွန်တော်ပြန်သွားလဲအသုံးမဝင်ဘူးလေ၊ ပြီးတော့ကျွန်တော်ပြန်မသွားချင်ဘူး...."


သူပြောရင်းလင်ခုံးလုအတွက်ကားတံခါးဖွင့်ပေးလိုက်သည်။ လင်ခုံးလုအထဲဝင်ထိုင်လိုက်ပြီးနောက် သူဘယ်တုန်းကကားထဲထည့်ထားမှန်းမသိသည့်ထီးငယ်လေးကိုမြင်လိုက်ရသဖြင့် သူ့နှုတ်ခမ်းထောင့်တွန့်သွားကာတွေးလိုက်မိသည်: မင်းဘာလို့ဘာမှနားမလည်ရမှာလဲ။ မင်းအများကြီးသိနေပြီပဲကို။


ဒါပေမဲ့ကုစစ်Aမြို့တော်ကိုပြန်မသွားတာကောင်းတယ်၊ သူအခုတလောအပိုင်းအစပြန်ရဖို့နည်းလမ်းရှာနေတာမို့ ကုစစ်အနားမှာမရှိရင်မလွယ်ဘူး။


ဒါကိုတွေးမိရင်း သူ0687ကိုတိုက်တွန်းလိုက်သည်။

"ငါမင်းကိုလျှောက်ခိုင်းထားတဲ့ရွှေလက်ချောင်းဘယ်မှာလဲ။"


0687: "ဖွံ့ဖြိုးတိုးတက်ရေးလက်အောက်မှာ၊ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဆီမှာ!"


လင်ခုံးလု: "...." ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့လုပ်နေတုန်း နေ့လီလီပန်းမအေးစက်သွားလောက်ပါဘူးနော်?


ထိုညမှာ ယွီမင်ရှို့ကဗီလာကိုလာပြီးစားသောက်ပြန်ကာ သူ့မျက်နှာထားမှာမနေ့ညကနှင့်အတူတူပင်။


လင်ခုံးလုနှင့်ကုစစ်မှာအပိုင်းအစနှင့်ပတ်သတ်ပြီးစိတ်ပူနေပေမဲ့ ဘာမှမပြောမိကြပေ။


ဒါပေမဲ့နောက်တစ်နေ့တွင် ကုစစ်မှာယွိဟုန်ထံမှမက်ဆေ့ချ်တစ်စောင်လက်ခံရရှိခဲ့သဖြင့် ယွီမိသားစုမှာCမြို့တော်ပင်လယ်ကမ်းခြေမြို့သစ်ပရောဂျက်အတွက်ပြိုင်ဆိုင်ရန်ရည်ရွယ်ချက်မရှိကြောင်းသိလိုက်ရသည်။ တစ်နည်းဆိုရသော် မနေ့ကယွီမင်ရှို့လင်ခုံးလုကိုပူးပေါင်းဖို့ပြောခဲ့သည့်စကားမှာ ဒီအတိုင်း...သူ့ကြောင့်ဖြစ်လောက်မည်။


ထိုသတင်းကိုဖတ်ပြီးနောက် ကုစစ်မနေနိုင်ဘဲနှုတ်ခမ်းကော့ကာရယ်မောလိုက်မိပေမဲ့ အပြုံးမှာအနည်းငယ်အေးစက်လျက်။


ယွီမင်ရှို့ကားတွက်ချက်ရာမှာထူးချွန်ပေမဲ့ တစ်ဖက်လူ၏ရည်ရွယ်ချက်ကမသန့်စင်မှန်းသူသိရင်တောင် သူစက်ဝန်းထဲခုန်ဆင်းရုံသာတတ်နိုင်သည်၊ သူလင်ခုံးလု၏ကုမ္ပဏီကိုလျစ်လျူမရှုနိုင်သရွေ့ပေါ့။


နှစ်ပတ်ကြာပြီးနောက် ပြိုင်ဆိုင်သည့်ညီလာခံတရားဝင်စတင်ပြီး လင်ခုံးလုနှင့်ကုစစ်ကပရောဂျက်ကိုအောင်အောင်မြင်မြင်ရယူနိုင်ခဲ့သည်။


ဒီဖြစ်ရပ်ကိုဂုဏ်ပြုရန်အလို့ငှာ လင်.ကပ်စီးကုပ်.လုကဝန်ထမ်းအားလုံးကိုအကျိုးခံစားခွင့်ပေးရန် အဖွဲ့ဖွဲ့ကာ တနလ်ာနေ့မှာလူတိုင်းကိုခရီးတစ်ခုပို့ပေးရန်ဆုံးဖြတ်ခဲ့သည်။


ကုမ္ပဏီ၏အထွေထွေအုပ်စုမှာချက်ချင်းပေါက်ကွဲသွားပြီး "ကျေးဇူးပါသူဌေး"ဟုအီမိုဂျီပက်ကေ့ချ်တစ်ခုပြီးတစ်ခုပို့လာတော့သည်။


စီမံခန့်ခွဲရေးဌာနကရှောင်ဝူ: တကယ့်သူဌေးကောင်းအစစ်ကဥက္ကဌလင်နော်၊ ဝန်ထမ်းတွေကဘယ်တော့မှပိတ်ရက်မယူဘူး။


ဒီဇိုင်းဌာနကရှောင်ဝမ်: ဒါပေမဲ့ငါတို့ဘယ်သွားကြမှာလဲဟင်?


လက်ထောက်စုန့်: အင်း၊ ပင်လယ်ကမ်းခြေမြို့သစ်မှာယင်းရှပင်လယ်အော်လို့ခေါ်တဲ့ရှုခင်းကောင်းတဲ့နေရာတစ်ခုရှိတယ်။ အဲ့မှာပင်လယ်စာကောင်းကောင်းလုပ်နိုင်တဲ့တံငါသည်တွေရဲ့စားသောက်ဆိုင်အများကြီးရှိတယ်။ မင်းတို့သွားကြည့်လို့ရတယ်နော်။ လမ်းမှာပရောဂျက်ဆိုက်ကိုတစ်ချက်သွားကြည့်ကြတာပေါ့။


အထွေထွေအုပ်စုမှာတစ်အောင့်ကြာတိတ်ကျသွားရပြီး ဘယ်သူမှဘာမှမပြောတော့ပေ။ အချိန်ကြာပြီးနောက် ကုစစ်တစ်ယောက်သာမက်ဆေ့ချ်ပို့လိုက်သည်။

"ကျေးဇူးပါသူဌေး၊ သူဌေးရဲ့ကြိုးစားပေးမှုအတွက်ပါ။"


ပို့ပြီးနောက် သူဖုန်းချတော့မည့်အချိန်မှာဂရုငယ်လေးထဲဆွဲသွင်းခံလိုက်ရသည်။


သူ့ကိုဆွဲသွင်းလိုက်သူမှာကုမ္ပဏီ၏အရှေ့စားပွဲကမိန်းကလေးဖြစ်ပြီး တစ်ဖက်လူကသူ့ကိုတိတ်တိတ်လေးပြောလာသည်: အတွင်းရေးမှူးယန်းကဒီမှာလူသစ်ဆိုတော့ ကုမ္ပဏီမှာဂရုငယ်လေးရှိတာကိုမသိသေးဘူးမလား။ တချို့ကိစ္စတွေကဂရုကြီးထဲမှာပြောဖို့အဆင်မပြေတာမို့ ဂရုငယ်လေးထဲမှာဆွေးနွေးလို့ရတယ်လေ။


ပြောပြီးနောက် သူမကသူ့ကိုကြင်နာစွာပြောလာသည်: စိတ်မပူနဲ့၊ ဂရုငယ်လေးထဲမှာဥက္ကဌလင်မရှိဘူးရယ်။


ကုစစ်: "....."


ဒီလူတွေဂရုငယ်လေးထဲမှာရှောင်လုအ​ကြောင်း ဘာမကောင်းတာပြောနေကြတာလဲဆိုတာသူမြင်ချင်မိတယ်။


သူဂရုကိုကြည့်လိုက်တော့ ဂရုနာမည်မှာ"လင်ကပ်စေးကုပ်စပို့တင်းကလပ်"ဖြစ်ကြောင်းမြင်လိုက်ရသည်။ အထွေထွေအုပ်စုမှာတိတ်ဆိတ်နေပေမဲ့ ဒီဘက်မှာတော့ စက္ကန့်အနည်းငယ်အတွင်းမှာမက်ဆေ့ချ်တစ်စောင်နှုန်းဖြင့် ပွက်ပွက်ညံလျက်ရှိသည်။


စီမံခန့်ခွဲရေးဌာနကရှောင်ဝူ: ဘုရားရေ၊ ဒီအဖွဲ့ကလင်ကပ်စေးကုပ်ရဲ့မွေးရပ်မြေ၊ ယင်းရှပင်လယ်အော်ကိုထပ်သွားရမှာတဲ့(အကျယ်ကြီးအော်ဟစ်)


ဒီဇိုင်းဌာနကရှောင်ဝမ်: လင်ကပ်စေးကုပ်အဖေဖွင့်ထားတဲ့အရသာသိပ်သိပ်ရှိတဲ့တံငါသည်စားသောက်ဆိုင်လည်းရှိသေးတယ်!


ပရိုဂရမ်ဌာနကရှောင်လျို: သေစမ်း၊ ယင်းရှပင်လယ်အော်ကိုသွားတာကကန်တင်းမှာစားလိုက်လို့ဆိုလိုတာမဟုတ်ဘူးလား။


ဒီဇိုင်းဌာနကမစ္စစ်ကျန်း: အဲ့ဒါတင်မကဘူးနော်၊ ငါတို့ကပရောဂျက်ဆိုက်ကိုကြည့်ဖို့လမ်းမှာခဏရပ်ဖို့လိုသေးတယ်။


ရှေ့စားပွဲကရှောင်ဝမ်: ဒီတော့ဒီအဖွဲ့ရဲ့ကုန်ကျစရိတ်ကဘယ်လောက်နိမ့်လဲဆိုတာလူတိုင်းသိပြီလား။ အပြုံး.jpg


ရှေ့စားပွဲကရှောင်ဝမ်: ဒါပေမဲ့u1s1၊ ငါ့ယောက္ခထီးချက်တဲ့ပင်လယ်စာကတကယ်အရသာရှိတာ။ ငါယင်းရှပင်လယ်အော်ကိုအဖွဲ့နဲ့၇ခေါက်သွားခဲ့ပေမဲ့လည်း ငါတွေးကြည့်တိုင်းမနေနိုင်ဘဲစားချင်နေတုန်းပဲ။


ကုစစ်: "....."


ယောက္ခထီး? အရမ်းကောင်းတယ်၊ သူဒီရှေ့စားပွဲကိုမှတ်ထားလိုက်ပြီ။


ထို့အပြင် အဖွဲ့ကရှောင်ပါ့ရဲ့မွေးရပ်မြေကိုသွားကြမဲ့ပုံပဲ?


ကုစစ်မပြုံးဘဲမနေနိုင်ပေ၊ သူဂရုနာမည်ကိုကြည့်မိချိန်မှာ အလိုလိုခေါင်းငြိမ့်သဘောတူလိုက်မိသည်၊ သူကတကယ့်ကပ်စေးကုပ်လေးပဲ။


_____________________________