Chapter(83)
Viewers 12k

ကုစစ်ဂရုchatကိုခဏကြာအောင်ကြည့်နေမိပြီးမှ ရုတ်တရက်ပြဿနာကိုသဘောပေါက်သွားသည်။ အဖွဲ့ကလင်ခုံးလုရဲ့မွေးရပ်မြေကိုတကယ်သွားမှာဆိုရင် သူ့ယောက္ခထီးကိုကြိုတွေ့ရမှာမဟုတ်လား။


ဒါကိုတွေးမိရင်း သူအလိုလိုခေါင်းမော့ကာ ဆိုဖာပေါ်တွင်ဗလာမျက်ဝန်းများဖြင့်မှီထိုင်နေသည့်လင်ခုံးလုကိုမေးကြည့်လိုက်မိသည်။

"ဥက္ကဌလင်ရဲ့မွေးရပ်မြေကယင်းရှပင်လယ်အော်မှာလား။"


"အာ?" လင်ခုံးလုက0687၏တိုက်ရိုက်ထုတ်လွှင့်မှုအောက်မှာဝန်ထမ်းများကသူဘယ်လောက်ကပ်စေးနည်းတဲ့အကြောင်းစောဒကတက်နေကြတာကိုနားထောင်နေတာဖြစ်သည်။

ထိုစကားကိုကြားသော် သူအနည်းငယ်မလုံမလဲဖြစ်ကာရှက်ရွံ့သွားလျက်ပြောမိသည်။

"ဂရုငယ်လေးထဲမှာသူတို့ဘာတွေကွန်ပလိန်းတက်နေကြလဲဆိုတာမင်းမြင်ပြီးသွားပြီပေါ့?"


ကုစစ်အံ့သြသွားကာပြောလိုက်မိသည်။

"ဥက္ကဌလင်လည်းဂရုငယ်လေးထဲမှာရှိတာလား။"


ဒါပေါ့၊ လင်ခုံးလုထိုထဲမှာမရှိပေမဲ့ 0687ကသူ့ကိုတိုက်ရိုက်ထုတ်လွှင့်ပြသလိမ့်မည်ဖြစ်ကာ သူဌေးအကြောင်းတိတ်တခိုးကွန်ပလိန်းတက်နေကြသည့်ဝန်ထမ်းအုပ်စုငယ်​လေးရှိတာကိုသိထားသည်၊ ဒါဘယ်လောက်ပုံမှန်ဖြစ်လိုက်လဲ။


အတိတ်တုန်းက သူတို့ကူးပြောင်းဝင်ရောက်သူများမှာလည်းတိတ်တခိုးဂရုငယ်လေးတစ်ခုရှိခဲ့ပြီး လူတိုင်းကဇာတ်လိုက်၊ ဇာတ်အိမ်ဇာတ်ကွက်နှင့်ခေါင်းဆောင်အကြောင်းကွန်ပလိန်းတက်ခဲ့ကြသည်...ခြုံပြောရရင် ကွန်ပလိန်းမျိုးစုံရှိပေသည်။


နောက်ပိုင်း တစ်စုံတစ်ယောက်ကခေါင်းဆောင်အကြောင်းကွန်ပလိန်းတက်မိချိန် သူစိတ်လှုပ်ရှားလွန်သွားကာ တစ်အောင့်ကြာအောင်ဇာတ်အိမ်နောက်လိုက်လုပ်ဖို့မေ့သွားသဖြင့် လုပ်ဆောင်မှုကိုထိခိုက်သွားစေလေရာ ခေါင်းဆောင်ကရှာတွေ့သွားပြီး ဂရုငယ်လေးမှာအဘမ်းခံလိုက်ရသည်။


သနားစရာမှာ လင်ခုံးလုကဂရုထဲတွင်အခြားကူးပြောင်းဝင်ရောက်သူတို့၏ထူးဆန်းသောဇာတ်အိမ်များကိုကြည့်ရှုရတာကိုနှစ်ခြိုက်ခဲ့ဖူးသည်။ လူတိုင်းကပါရမီရှိကာစကားပြောရကောင်းမွန်လှပြီး အထူးသဖြင့်ခေါင်းဆောင်အ​ကြောင်းကွန်ပလိန်းတက်ရာတွင်ဖြစ်သည်။


ဒါကိုတွေးမိရင်း သူခေါင်းခါကာသက်ပြင်းချလိုက်မိပြီးမှ ခုနကကုစစ်၏မေးခွန်းကိုပြန်ဖြေလိုက်သည်။


"သူတို့ရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကိုနားထောင်မနေနဲ့။ သူတို့ကိုတစ်နှစ်တစ်ခါခရီးပို့ပေးတာ၊ နှစ်တိုင်းနိုင်ငံခြားခရီးစဥ်ကြီးပဲ။ တစ်​​ယောက်ယောက်သာ၇ကြိမ်ဆက်တိုက်သွားနိုင်ရင် သူတို့ကကုမ္ပဏီရဲ့ဝန်ထမ်းဟောင်းလို့ဆိုလိုတာပဲ။"

သူခပ်တည်တည်ရှင်းပြလိုက်သည်။


"ပြီးတော့ ငါ့နာမည်ကရေသောက်ပြီးအရင်းအမြစ်အကြောင်းစဥ်းစားပြီးတော့ ငါ့မွေးရပ်မြေကိုပြန်ပို့ပေးပြီး ယင်းရှပင်လယ်အော်ရဲ့ခရီးသွားလုပ်ငန်းကိုပရိုမုတ်လုပ်ပြီးတော့ ပြည်တွင်းgdpကြီးထွားမှုကိုလှုံ့ဆော်ပေးနေတာလေ။" ဘယ်လိုလုပ်ကပ်စေးနည်းတယ်လို့ခေါ်လို့ရမှာတုန်း?


"ပြီးတော့ ငါ့ပါးပါးဖွင့်ထားတဲ့တံငါသည်စားသောက်ဆိုင်ကကြီးပွားနေတာ။ ငါမရှိရင် ငါတို့ဘိုကင်တင်လို့ရမှာမဟုတ်လောက်ဘူး။" သူအဆုံးမှာထပ်ပေါင်းပြောလိုက်သည်။


"ကပ်စီးကုပ်လေး"ကအလွန်လန်းဆန်းစွာနှင့်ယဥ်ကျေးသိမ်မွေ့စွာရှင်းပြနေတာကိုမြင်လိုက်ရတော့ ကုစစ်ပြုံးကာပြောမိသည်။

"ဒီတော့ အဲ့အန်ကယ်ကချက်ပြုတ်တဲ့နေရာမှာအရမ်းတော်မှာပဲ။"


"ဒါပေါ့၊ မင်းငယ်...." သူလျှာချော်သွားကာ

"မင်းငယ်ငယ်တုန်းကငါ့ပါးပါးလုပ်ပေးတဲ့ပင်လယ်စာစားပြီးတော့ မင်းငိုယိုပြီးတော့ငါ့အိမ်မှာနေပြီး ငါ့ပါးပါးရဲ့သားဖြစ်ချင်တယ်လို့ပြောခဲ့သေးတယ်လေ"ဟုပြောမိမတတ်ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် သူအချိန်မီတုံ့ပြန်ကာခပ်မြန်​မြန်ရပ်တန့်လိုက်သည်။


ကုစစ်မသိမသာကြောင်အမ်းသွားကာ အလိုလိုမေးမိသည်။

"ကျွန်တော်ဘာဖြစ်လဲ။"


"ဘာမှမဟုတ်ပါဘူး။" လင်ခုံးလုသူ့မျက်နှာအမူအရာကိုချုပ်တည်းကာ သူ့ကိုကြည့်ပြီးပြောလိုက်သည်။ 

"ငါပြောချင်တာက မင်းဘာလို့အလုပ်ပြန်မသွားဘဲ ငါ့ရုံးခန်းထဲမှာဘာလုပ်နေတာလဲလို့လေ?"


ထိုစကားကိုကြားသော် ကုစစ်ကပြုံးကာဆိုသည်။

"ကျွန်တော်စဥ်းစားနေတာ...ဥက္ကဌလု၊ ခင်ဗျားနေရာကအရမ်းကျယ်တာပဲ။ ကျွန်တော်နောက်တစ်ပတ်ကျရင်ခင်ဗျားနေရာကိုစားပွဲရွှေ့လာလို့ရမလားဗျ?"


"မရဘူး။" လင်ခုံးလုချက်ချင်းတည်တင်းသောမျက်နှာဆင်​မြန်းကာ ဒေါသတကြီးပြောလိုက်သည်။

"ဘာလုပ်မလို့လဲ။"


သူမသိဘူးလို့မထင်၊ ကားထဲမှာထီးငယ်လေးထားပြီးနောက်ပိုင်းမှာ သူ့ဥက္ကဌနားနေခန်းမှာလည်းဘယ်တုန်းကမှန်းမသိထီးငယ်လေးရှိနေတာကို ကုစစ်သာဒီကိုတကယ်ရွှေ့လာရင် သူ့မှာရုံးခန်းရှိပါအုံးမလား။


သေချာတာပေါ့၊ အချစ်ကပိုက်ဆံရှာခြင်းရဲ့နံပါတ်တစ်ရန်သူပဲ၊ သေစမ်း!


နောက်တစ်နေ့ကစနေနေမို့ လင်ခုံးလုကောင်းကောင်းနားချင်ပေမဲ့ ကုစစ်ကသူ့ကိုမနက်အစောကြီးနှိိုးကာ သူရှော့ပင်းထွက်ချင်သည်ဟုပြောလာသည်။


လင်ခုံးလုပဟေဠိဖြစ်သွားရသည်၊ ဘယ်ရှော့ပင်းမောလ်ကို ယောကျ်ားကြီးနှစ်ယောက်ကသွားမှာလဲလို့?


ဟုတ်တာပေါ့၊ သူကစာအုပ်ကြီးမဟုတ်ပေ၊ ဒီအတိုင်းရှော့ပင်းထွက်တာဆိုပုံမှန်ဖြစ်ပေမဲ့ ကုစစ်ရဲ့ရှော့ပင်းကတော့...သိသိသာသာကိုအနည်းငယ်မူမမှန်၊ ကုစစ်ကအဲ့လိုလူမျိုးမှမဟုတ်တာ။


"မင်းဘာဝယ်ချင်လို့လဲ။" သူသတိရှိရှိမေးမိသည်။


"အန်ကယ့်အတွက်လက်ဆောင်တချို့ဝယ်မလို့ပါ။" ကုစစ်အလေးအနက်ပြောလိုက်သည်။


ဒါပေါ့၊ အရေးကြီးဆုံးအရာကကိုယ့်ကိုယ်ကိုအတွက်ကြည့်ကောင်းတဲ့ဝတ်စုံတချို့ဝယ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်ရန်သာ။ အဆုံးတွင် မင်းကမင်းရဲ့ယောက္ခမကိုသွားတွေ့ချင်ရင် မင်းရဲ့စိတ်ပိုင်းဆိုင်ရာသုံးသပ်ချက်အမြင်ကအလွန်အရေးကြီးပေသည်။


"မ မလိုဘူး။" သူစျေးကြီးသည့်ဝိုင်တစ်ပုလင်းသယ်လာတာကိုမြင်လိုက်ရတော့ လင်ခုံးလုရုတ်ခြည်းထစ်အသွားရသည်။

"သူ့မှာစားစရာသောက်စရာမပြတ်လပ်ဘူး၊ မင်းသူ့ကိုဘာမှပေးဖို့မလိုပါဘူး။ မင်းရဲ့နှလုံးသားကိုတကယ်ဖော်ပြချင်ရင် မင်းနောက်ကျသူ့ကိုပိုက်ဆံကူဆေးပေးလိုက်လို့ရတယ်။"


အဓိကအချက်က ကုစစ်ဒီလောက်အများကြီးယူရင် ဘယ်သူကပိုက်ဆံပေးမှာတုန်း?


ဒါပေါ့၊ ဘောစိကပိုက်ဆံပေးရအုံးမှာဖြစ်သည်။ အဆုံးတွင် ကုစစ်ကမှတ်ဉာဏ်"အပြည့်အဝ"မရသေးတာမို့ နဂိုပိုက်ဆံကိုသုံးဖို့မလွယ်ပေ။


လင်ခုံးလုကတ်ဖြတ်ချိန် သူ့မျက်နှာမှာစိမ်းဖန်သွားလျက်။


ဒါပေမဲ့ထိုတင်မပြီးသေး၊ ကုစစ်ကသူ့ကိုအဝတ်ဆိုင်ထဲခပ်မြန်မြန်ခေါ်သွားပြန်သည်။ သူအဝတ်ဆိုင်ထဲကထွက်လာချိန် လင်ခုံးလု၏မျက်နှာမှာရှုံ့တွနေပြီဖြစ်သည်။


"ငါပြောမယ်၊ ဒါတွေကအပိုအသုံးစရိတ်တွေလို့ယူဆတာမို့ မင်းရဲ့လစာထဲကနှုတ်မှာနော်။" သူမနေနိုင်ဘဲပြောမိသည်။


"ဟုတ်ကဲ့။" ကုစစ်သူ့ကိုအပြုံးလေးဖြင့်ကြည့်ကာ အလွန်ရိုးစင်းစွာသဘောတူလက်ခံလိုက်သည်။


သူမစောင့်နိုင်တော့ဘူး၊ ရှောင်ပါ့ပိုများများနှုတ်ပြီးတော့ သူ့ကိုသူ့တစ်ဘဝလုံးသူ့အတွက်အလုပ်လုပ်ခိုင်းရင်အကောင်းဆုံးပဲ၊ ဒါမှသူသူ့ကိုမဖယ်ထုတ်နိုင်မှာ။


တနလ်ာနေ့မနက်ခင်း၌ မထွက်ခွာမီ ကုစစ်ကအောက်ထပ်မဆင်းလာခင် အခန်းထဲမှာအကြာကြီးအချိန်ဖြုန်းနေခဲ့သည်။


လင်ခုံးလုသူ့ကိုစိတ်မရှည်စွာစောင့်နေခဲ့ပေမဲ့ သူနောက်ဆုံးလှေကားမှဆင်းလာချိန်တွင် သူတမဟုတ်ချင်းမိန်းမောသွားရသည်။


ကုစစ်ကအနက်ရောင်suit၊ ပုံဖော်ထားသည့်နက်ခ်တိုင်ဝတ်ဆင်ထားပြီး suitဘောင်းဘီများကိုချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားကာ သူ့ဆံပင်ကိုသပ်ရပ်စွာဖီးသင်ထားပြီး သူ၏လေးနက်မှုထဲမှာသီးသန့်ဆန်မှုအရိပ်အယောင်ရှိနေပေသည်။


လင်ခုံးလု: "...." မင်းမဂ်လာဆောင်သွားမလို့လား၊ ဒါမှမဟုတ် နိုင်ငံတကာညီလာခံတစ်ခုခုသွားတက်မလို့လားဟ?


ယူနီဖောင်းထိန်းအနေဖြင့် သူမနက်ပိုင်းမှာဆွဲဆောင်ခံလိုက်ရမှန်းဝန်ခံရပေမည်၊ ဒါပေမဲ့....ဒီလိုဆွဲဆောင်မှုရှိတဲ့ဝတ်စုံဝတ်ပြီးတော့ သူဘယ်သူ့ကိုဖြားယောင်းဖို့ကြိုးစားနေတာတုန်း? အဓိကအချက်ကဒီလူမမိုက်ဘူးလား။


လင်..လုမျက်မှောင်ကြုတ်ကာ ခပ်တည်တည်ပြောလိုက်သည်။

"တီရှပ်နဲ့ဘောင်းဘီအပွသွားလဲလိုက်။"


ကုစစ်: "......"


"တကယ်ပြောတာ၊ မဟုတ်ရင် မင်းလေအေးပေးစက်ယူသွားရလိမ့်မယ်။" လင်ခုံးလုရိုးသားစစ်မှန်စွာအကြုံပြုလိုက်သည်။


ထိုအခါမှသာ ကုစစ်ရာသီဥတုကိုတွေးမိသွားသည်။ သူဖုန်းထုတ်ကာတိတ်တိတ်လေးကြည့်လိုက်ပြီးမှ အပေါ်ထပ်ကိုသည်းခံစွာတက်သွားကာ တီရှပ်နှင့်ဘောင်းဘီသွားလဲလိုက်ရပြန်သည်။


လင်ခုံးလုသူ့ကိုတိတ်တခိုးတစ်ချက်ကြည့်လိုက်မိတော့၊ ကျစ်၊ တီရှပ်အဖြူ၊ ငါတကယ်ရွေးပေးချင်လာပြီနော်။


ကုစစ်လည်းသူ့ကိုတစ်ချက်ကြည့်လိုက်တော့ သူကတီရှပ်နှင့်ဘောင်းဘီဒူးတိုသာဝတ်ထားပြီး သူ၏ပိန်သွယ်သွယ်လက်မောင်းဖြူနှင့်ခြေသလုံးများလှစ်ဟပြထားတာကိုမြင်လိုက်ရသဖြင့် သူတန့်သွားကာ အကြုံပြုလိုက်သည်။

"ဘောင်းဘီရှည်သွားလဲလိုက်ပါလား။"


လင်ခုံးလု: "?" ဒီလောက်ပူနေတာကို၊ မင်းဘာဖြစ်နေတာတုန်း?


"အတိုဝတ်ပြီးအပြင်ထွက်တာက ဥက္ကဌလင်ရဲ့အာဏာရှင်ပုံရိပ်ကိုပျက်စီးသွားစေလိမ့်မယ်။" ကုစစ်ကသူ့အတွက်စဥ်းစားပေးနေသယောင်။


ဒါကိုကြားပြီးနောက် လင်ခုံးလုလက်များဝေ့ယမ်းကာ ပြောလိုက်သည်။

"မင်းဒါကိုနားမလည်ပါဘူး။ ပင်ကိုယ်စရိုက်ဆိုတာကတစ်ခုခုကိုဖောက်မြင်ရတဲ့အရာမဟုတ်ဘူး၊ အတွင်း...ထဲကိုကြည့်ရတာကွ။"


အဓိကအချက်ကပိုက်ဆံပဲ၊ သူကCမြို့တော်မှာအချမ်းသာဆုံးလူတစ်ယောက်လို့ဖော်ပြခံနေရသရွေ့ သူ့မှာဘောစိတစ်ယောက်ရဲ့ကိုယ်နှုတ်အမူအရာမရှိဘူးလို့ဘယ်သူပြောရဲမှာတုန်း? ပင်ကိုယ်စရိုက်ကိုတော့ သူသေတဲ့အထိထိန်းချုပ်နိုင်တယ်။


ပြောပြီးနောက် သူထရပ်ကာမေးပင့်ကာဖြင့် ဗီလာအပြင်ကိုလျှောက်ထွက်သွားတော့သည်။


ကုစစ်၏နှုတ်ခမ်းထောင့်မသိမသာတွန့်သွားရကာ လက်ဆောင်ဗူးကိုခပ်မြန်မြန်ကောက်ကိုင်ပြီးနောက်ကလိုက်သွားလိုက်သည်။


ဒီနှောင့်နှေးမှုကြောင့် နှစ်ယောက်သားမှာကုမ္ပဏီ၏စုပေါင်းဘတ်စ်ကားကိုလွတ်သွားပြီး ဖြစ်ချင်တော့မိသားစုကားမှာလည်းပြုပြင်ရန်အတွက်ပို့ထားသည်။


"ငါရှောင်စုန့်ကိုပဲမောင်းပို့ခိုင်းရတော့မှာပဲ။" လင်ခုံးလုမှာဂတ်စ်ဖိုးနှင့်ပတ်သတ်ပြီးအနည်းငယ်စိတ်ဖိစီးသွားရသည်၊ ၎င်းမှာအလွန်စျေးကြီးသောကြောင့်မဟုတ်ဘဲ-

"အဓိကအကြောင်းရင်းကဖြုန်းတီးတာမကောင်းဘူး။"


ကုစစ်: "....." အရင်ဘဝကိုပြန်ကြည့်လိုက်ပြီးနောက် သူဒီကပ်စီးကုပ်လေးအတွက်ကားတစ်စီးသေချာပေါက်ဝယ်ပေးရတော့မှာပဲ။


ရှောင်စုန့်ကအလွန်လျင်​မြန်စွာရောက်လာပြီး နာရီဝက်ကြာပြီးနောက်ဗီလာဂိတ်ဝမှာကားရပ်လာသည်။


ကုစစ်ကလက်ဆောင်ဗူးကိုကားနောက်ဖုံးထဲအရင်ထည့်လိုက်ပြီးမှ လင်ခုံးလုအတွက်ကားနောက်ခန်းတံခါးဖွင့်ပေးလိုက်ပေမဲ့ တံခါးဖွင့်ပြီးနောက်--


"ယို့၊ ဂွတ်မောနင်းပါအတွင်းရေးမှူးယန်း၊ ဂွတ်မောနင်းပါဥက္ကဌလင်။"

ယွီမင်ရှို့ကကားနောက်ခန်းမှာထိုင်လျက် သူတို့နှစ်​ယောက်ကိုပြုံးကာနှုတ်ဆက်လာသည်။


ကုစစ်: "...."


သူကားတံခါးကိုတန်းပိတ်ကာ လင်ခုံးလုကိုလှည့်ကြည့်လိုက်မိသည်။


လင်ခုံးလု: "အာ၊ ငါဥက္ကဌယွီကိုလာဖို့ဖိတ်ခဲ့တာဆိုပေမဲ့ သူဘတ်စ်ကားနဲ့မလိုက်သွားဘူးလို့မထင်ထားခဲ့ဘူးရယ်။"


ကောင်းရော၊ အစားထိုးခံတစ်ယောက်ကိုမွေးစားတာကအဖေတစ်ယောက်မွေးစားတာနဲ့ဘာလို့တူနေရတာလဲ?


သူအလုပ်ရှုပ်သွားပြီးနောက် သူအသံတိတ်ဖြင့်"အပိုင်းအစ"ဟုအသိပေးလိုက်သည်။


ကုစစ်တိတ်ကျသွားရသည်၊ အဲ့လိုပြောတာကမှန်ပေမဲ့ ယွီမျိုးရိုးရှိတဲ့တစ္ဆေကတော့ဒီရက်တွေမှာအမဲလိုက်ခံရတော့မယ်။


လင်ခုံးလုသူ့လက်သန်းလေးကိုတိတ်တခိုးလှမ်းချိတ်ကာ အသံတိတ်အရိပ်ပြလိုက်သည်: အားတင်းထား၊ မကြာခင်ပြီးသွားတော့မှာ။


ကုစစ်၏အသားအရောင်မှာနောက်ဆုံးတွင်တိုးတက်လာပြီး သူခပ်မြန်မြန်ကားတံခါးထပ်ဖွင့်ကာ ယွီမင်ရှို့ကိုပြောလိုက်သည်။

"အရှေ့မှာသွားထိုင်။"


ယွီမင်ရှို့ကမငြင်းဆန်ပေမဲ့ သူကားပေါ်ကဆင်းပြီးသူ့ဘေးကဖြတ်သွားချိန်မှာ မနေနိုင်ဘဲသက်ပြင်းချမိသည်။

"အတွင်းရေးမှူးယန်းကစိတ်ပိုကြီးလာသား၊ ဥက္ကဌလင်၊ ကျွန်တော်မင်းကိုအတွင်းရေးမှူးနောက်တစ်ယောက်ပြောင်းဖို့အကြုံပြုနေတုန်းပဲနော်။"


ပြောပြီးနောက် သူတန့်သွားကာဟာသလုပ်လိုက်ပြန်သည်။

"ဥပမာ ကျွန်တော်သာဥက္ကဌလင်ရဲ့အတွင်းရေးမှူးဖြစ်မယ်ဆို အတွင်းရေးယန်းလိုမျိုးဆရာကြီးလုပ်ပြီးမောက်မာနေမှာမဟုတ်...."


သူပြောလို့မပြီးသေးခင် သူ့ခေါင်းကစူးရှစွာနာကျင်သွားတော့သည်။


ယွီမင်ရှို့: ....ငါတကယ်မေးချင်တာ၊ မင်းကကုစစ်ကိုကြိုက်တာလား၊ လင်ခုံးလုကိုကြိုက်တာလား။ ငါကုစစ်ကိုထေ့ငေါ့ပြောတိုင်း မင်းငါ့ကိုဘာလို့နှိပ်စက်နေရတာလဲကွ?


အပိုင်းအစ: ဟမ့်။


လင်ခုံးလုကထုံးစံအတိုင်းကုစစ်ဘက်ကမို့ အတွင်းရေးမှူးပြောင်းသည့်အကြောင်းစကားလုံးများကိုလျစ်လျူရှုပြီး ဟာသလုပ်၍သာတုံ့ပြန်လိုက်သည်။

"ကျွန်တော်ဥက္ကဌယွီလိုအတွင်းရေးမှူးကိုအလုပ်ခန့်ဖို့မတတ်နိုင်ပါဘူးဗျာ။"


ယာဥ်မောင်းထိုင်ခုံမှာထိုင်နေတဲ့ရှောင်စုန့်: "....." 

တော်ဝင်နန်းဆောင်နှင့်အချစ်ခံကိုယ်လုပ်တော်ကြားကသွေးချင်းတိုက်ပွဲပဲ၊ သွေးထွက်သံယိုမပါတဲ့ဓားတိုက်ပွဲကိုး။


ဒါပေမဲ့လည်း ကိုယ်လုပ်တော်ယွီကနည်းနည်းရှုံးသွားတယ်၊ ဥက္ကဌလင်ကအတွင်းရေးမှူးဘက်ပါနေတုန်းပဲ။


ကားပေါ်တက်ပြီးနောက် ကုစစ်ကဆန္ဒပြည့်သွားကာ လင်ခုံးလုနှင့်အတူအနောက်ခန်းမှာထိုင်လိုက်ရစဥ် ယွီမင်ရှို့ကတော့ရှေ့ထိုင်ခုံမှာထိုင်ပြီး လင်ခုံးလုနှင့်အတူသာမန်ကာလျှံကာစကားစပြောလေတော့သည်။


ယွီမင်ရှို့: "ပြောရရင် ကျွန်တော်ဥက္ကဌလင်ကိုပင်လယ်ကမ်းခြေမြို့သစ်ပရောဂျက်ကိုအနိုင်ရသွားတဲ့အတွက်ဂုဏ်မပြုရသေးဘူးပဲ။ ဒီတစ်ခေါက် ကျွန်တော်တို့ကဆိုက်ကိုသွားစစ်ဆေးကြမှာလား။"


လင်ခုံးလု: "မတော်တဆကံကောင်းသွားရုံလေးပါဗျာ။ ကျွန်တော်လည်းဥက္ကဌယွီကိုလှုပ်ရှားမှုမလုပ်တဲ့အတွက်ကျေးဇူးတင်ရမှာပဲ။ ဒီတစ်​ခေါက် ကျွန်တော်ကကျွန်တော့်ဝန်ထမ်းတွေကိုခရီးလိုက်ပို့ပေးတာရယ်။"


"အိုး၊ ကျွန်တော်ကြားတာကတော့ မင်းကုအုပ်စုနဲ့ပူးပေါင်းလုပ်တော့မှာဆို?"

ယွီမင်ရှို့ကမေးလာပြန်သည်။


"တကယ်လား။ ကျွန်တော်ဘာလို့မကြားမိတာပါလိမ့်?" လင်ခုံးလုပြုံးလိုက်သည်။


ယွီမင်ရှို့ခြောက်ကပ်ပြုံးကာ:

"ဟဟ၊ ကျွန်တော်မှားသွားတာနေ--"


ကုစစ်ကရုတ်တရက်ရေတစ်ပုလင်းယူလိုက်ပြီး သူ့ပါးစပ်ပေါ်တန်းဖြတ်ရိုက်ချကာ မျက်နှာသေဖြင့်ပြောလာသည်။

"ဥက္ကဌယွီ၊ ရေသောက်ပါအုံး။"


ယွီမင်ရှို့: "...." 


ထားလိုက်တော့၊ သူတို့နှစ်ယောက်လုံးကသူ့ကိုစကားမပြောချင်ဘူးပဲ၊ သူကသူ့ကိုယ်သူရယ်စရာဖြစ်အောင်လုပ်တဲ့လူစားမျိုးမဟုတ်ဘူး။


မြို့တွင်းဧရိယာမှပင်လယ်ကမ်းခြေသို့မောင်းရန်နှစ်နာရီကြာသည်။ ယွီမင်ရှို့မှာဒီရက်ပိုင်းအလုပ်များနေခဲ့သဖြင့် ပါးစပ်ပိတ်ပြီးနောက်ခဏအကြာမှာအိပ်ပျော်သွားတောသည်။


သူအိပ်ပျော်သွားပြီးသိပ်မကြာခင်မှာ သူ့ညာလက်၏လက်ညှိုးကရုတ်တရက်ကား၏နံရံပေါ်သံစဥ်ညီညီတတောက်တောက်စခေါက်ကာ "တောက် တောက် တောက်...."အသံပြုလုပ်လေသည်။


ကုစစ်မှာမျက်စိမှိတ်လျက်အနားယူနေစဥ် ထိုအသံကိုကြားလိုက်ရတော့ရုတ်ခြည်းမျက်စိဖွင့်ကြည့်လိုက်မိသည်။ တစ်ခဏတာတုံ့ဆိုင်းသွားမိပြီးနောက် သူလည်းကားနံရံပေါ်တ"တောက်တောက်"စခေါက်လိုက်သည်။


ထိုကဲ့သို့၊ လူတစ်ယောက်နှင့်အပိုင်းအစတစ်ခုမှာသံစဥ်ညီညီခေါက်နေကြသည်....


တဖြည်းဖြည်းနှင့် ကုစစ်၏မျက်နှာလေးနက်လာသည်။


ကားမောင်း​နေတဲ့ရှောင်စုန့်: "?"


ဒါဘာလဲ။ စပိုင်တွေကျွမ်းကျင်ရမဲ့ဒဏ္ဍာရီလာမော့စ်ကုဒ်လား။ ဒါကအဆင့်မြင့်စီးပွားရေးတိုက်ပွဲဖြစ်နေတာကိုး။ ကိုယ်လုပ်တော်နှင့်ဧကရီကလျို့ဝှက်ပူးပေါင်းကြံစည်ထားတာကြာပြီ။ အပေါ်ယံမှာ သူတို့ကဥက္ကဌလင်ရှေ့မှာငြင်းခုံနေကြပေမဲ့ လက်တွေ့မှာတော့....ဟီးဟီး။


လင်ခုံးလုလည်းမျက်စိမှိတ်ကာအနားယူနေတာဖြစ်ပြီး ရုတ်တရက်မျက်စိဖွင့်ကာမေးလိုက်မိသည်။

"မင်းတို့ဘာခေါက်နေကြတာလဲ။"


ကုစစ်နှင့်အပိုင်းအစတို့ပြိုင်တူအေးခဲသွားရပြီးမှ ကုစစ်က"ဘာမှမဟုတ်ဘူး"ဟုဆိုကာ အပိုင်းအစကလည်းယွီမင်ရှို့၏လက်ချောင်းများကိုထိန်းချုပ်ကာလက်ခါပြလျက် တူညီသောအဓိပ္ပါယ်ကိုဖော်ပြလိုက်ပေမဲ့ လင်ခုံးလုမမြင်ရတာသနားစရာပင်။


လင်ခုံးလု"အော်"ဟုဆိုကာ မျက်စိမှိတ်ပြီးသူ့စိတ်ကိုဆက်အနားပေးလိုက်သည်။ တစ်အောင့်ကြာသော် ကုစစ်နှင့်အပိုင်းအစကတတောက်တောက်ခေါက်ကြပြန်သည်။


လင်ခုံးလု: "....." ဒီနှစ်ယောက်နဲ့တစ်ဝက်ကငါနားထိုင်းနေတယ်ထင်နေတာလား။


0687: "Hostနားမလည်ဘူးလား။ ငါဘာသာကူပြန်ပေးလို့ရတယ်နော်။"


လင်ခုံးလု: "မလိုဘူး။"


ဘယ်နေရာကဘာသာပြန်စရာရှိလဲသူတကယ်နားမလည်တာမဟုတ်။ ယွီမင်ရှို့ကသူကုမ္ပဏီကိုရှင်းပစ်ဖို့လုပ်နေပြီး အစီအစဥ်ဟောင်းအတိုင်းကုစစ်ပေါ်အပြစ်ပုံချချင်နေတာမှန်းသူသိသည်။


ကိုယ်ကျင့်သိက္ခာကြောင့်မဟုတ်ရင် သူဒီလူ့ကိုရှင်းပစ်လိုက်တာကြာပြီပင်။


"မင်းမှာငါ့ကိုဒီမှာဘာသာကူပြန်ပေးဖို့အချိန်ရှိရင် ဘာလို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကိုရွှေလက်ချောင်းကိုအမြန်တိုးတက်အောင်လုပ်ပေးဖို့ဘာလို့သွားမတိုက်တွန်းတာလဲ။"

သူတစ်အောင့်ကြာတွေးကာ 0687ကိုတိုက်တွန်းလိုက်သည်။


နှစ်နာရီကြာပြီးနောက် ကားကနောက်ဆုံးတွင်ယင်းရှပင်လယ်အောက်ရှိ....လင်ပါးပါး၏တံငါသည်စားသောက်ဆိုင်၏ဂိတ်ဝကိုဆိုက်ရောက်လာသည်။


ကုစစ်ကားထဲကအရင်ထွက်ကာ ကားနောက်ဖုံးထဲကလက်ဆောင်ဗူးကိုယူပြီး ရဲရဲတောက်အနီရောင်ဆိုင်းဘုတ်ကိုမော့ကြည့်ကာ ရုတ်တရက်အနည်းငယ်စိုးရိမ်ပူပင်သွားမိသည်။


ထိုစဥ်ယွီမင်ရှို့ကရောက်လာပြန်ကာ မျက်ခုံးမသိမသာပင့်လျက်ဆိုလာသည်။

"ခရီးထွက်လာတာကို ဘာလို့လက်ဆောင်ယူလာရသေးတာလဲ။"


ကုစစ်ကသူ့ကိုမသိမသာတစ်ချက်လှမ်းကြည့်လာပြီး သူ့မျက်လုံးများက"မင်းကတစ်ကိုယ်တော်ခွေးဆိုတော့ ဘာမှမသိပါဘူး"ဟုပြောနေသယောင်။


သူလှမ်းကြည့်ပြီးနောက် လင်ခုံးလုထံလက်ဆောင်ဗူးကိုင်လျက်လျှောက်သွားလိုက်သည်။ သူကယွီမင်ရှို့၏မျက်နှာတဖြည်းဖြည်းချင်းမည်းတူးသွားတာကိုသတိမထားမိပေ၊ ဒါပေမဲ့သူသတိထားမိရင်တောင် သူဂရုစိုက်မှာမဟုတ်လောက်။


လင်ခုံးလုလက်ဆောင်ဗူးကိုမြင်လိုက်ရသော်သက်ပြင်းချကာပြောမိသည်။

"မင်းဒါတွေကိုယူလာတာအသုံးမဝင်ပါဘူးဆိုနေမှ။" ပန်းကန်ကူဆေးပေးတာနှင့်မတူပေ။


ပြောပြီးနောက် သူဦးဆောင်ကာထူးခြားဆန်းကြယ်သောအပြင်အဆင်နှင့်မဟော်ဂနီတံခါးထဲလျှောက်ဝင်သွားလိုက်သည်။


လင်ပါးပါးဦးစီးသည့်တံငါသည်စားသောက်ဆိုင်မှာတည်းခိုခန်းပါရှိသည်။ အရင်ရောက်လာကြသည့်ဝန်ထမ်းများမှာစားသောက်ပြီးလို့ ဖျော်ဖြေမှုကိုခံစားပြီးနောက် ကမ်းခြေမှာသွားကစားကြသည်။


လင်ခုံးလုနှင့်အခြားသူများအခန်းထဲခရီးဆောင်အိတ်ထည့်ပြီးနောက် ဝန်ထမ်းအုပ်စု၏ပန်းကန်များကိုဆေးနေချိန်နှင့်ကြုံသည်။


"ကောင်စုတ်လေး၊ မင်းပိုက်ဆံကုန်သက်သာအောင်လို့ မင်းရဲ့ဝန်ထမ်းတွေကိုငါ့ဆီခေါ်လာတာမလား။" လင်ကျန့်ကော်ကိုသူ့သားကိုမြင်သွားသည်နှင့်ရှေ့တိုးကာနားရွက်ဆွဲလိမ်ပြီး ဒေါသတကြီးဆိုလာသည်။

"မင်းဘာလို့မင်းပါးပါးငါ့ကိုပဲမဖမ်းသွားလိုက်တာလဲကွ? မင်းမကြာခဏပြန်လာတာကိုငါမမြင်ရပေမဲ့ မင်းအဖွဲ့ရောက်လာနဲ့မင်းပြန်လာတော့တာပဲ!"


"မလုပ်ပါနဲ့။" လင်ခုံးလုသူ့နားရွက်များကိုအမြန်ကယ်ကာ တိုးတိုးပြောလိုက်ရသည်။

"ပါး၊ ကျွန်တော်ကအခုဆိုဘော့စ်ဖြစ်နေပြီလေ၊ ကျွန်တော့်ကိုမျက်နှာအဖတ်ဆယ်ပေးပါဗျာ။"


"ဘာပါးတွေမားတွေလုပ်နေတာလဲ၊ စည်းမျဥ်းဟောင်းပဲ၊ မင်းအလကားစားလို့ရတယ်၊ ဒါပေမဲ့မင်းပန်းကန်တော့ဆေးရမှာပဲ။"

လင်ကျန့်ကော်မှာအရပ်ရှည်ကာကျစ်လစ်ပြီး အသံအောင်လှသဖြင့် အကျယ်ကြီးပြောလိုက်ချိန်မှာလင်ခုံးလု၏ဦးနှောက်ကလေးတုန်လှုပ်သွားရပေသည်။


သူအလျင်စလိုနားအုပ်ကာ ခပ်တိုးတိုးပြောလိုက်မိသည်။

"ကျွန်တော်သိပါတယ်၊ ကျွန်တော့်မှာသူငယ်ချင်းအသစ်တွေပါတယ်။ ပါးစားစရာသွားလုပ်ပေးလေနော်။ ကျွန်တော်ဆာလွန်းလို့သေတော့မယ်။ ကျွန်တော်ဗိုက်ပြည့်မှပန်းကန်ဆေးပေးမယ်လေဗျာ။"


ထိုအခါမှသာ သူ့သားအနောက်မှာလူသုံးယောက်ပါလာတာကိုလင်ကျန့်ကော်သဘောပေါက်သွားပြီး သူနွေဦးလေညှင်းပမာချက်ချင်းပြုံးကာ ရှေ့တိုးပြီးနှုတ်ဆက်လိုက်သည်။

"ယို့၊ မင်းတို့ကလည်းရှောင်လုရဲ့ဝန်ထမ်းတွေလား၊ လာလေ၊ အထဲဝင်လာကြ..."


ကုစစ်နှင့်ယွီမင်ရှို့တို့တစ်အောင့်ကြာကြောင်အမ်းနေမိကာ ဘာပြောရမယ်မှန်းမသိလေတော့။ ချောမောလှပတဲ့မျက်နှာလေးနဲ့ရှောင်ပါ့မှာ...ဒီလိုသန်မာထွားကြိုင်းတဲ့အဖေရှိနေမယ်မထင်ထားမိဘူးရယ်။


ကုစစ်ဖော်ပြမရအောင်ပိုမိုစိုးရိမ်လာရသည်။ ဒီနေ့....သူနှင့်အတူဘော်ဒီဂတ်များမခေါ်လာခဲ့မိပေ။ သူသူ့သရုပ်မှန်ကိုအရင်ထုတ်ပြောပြီးမှ သူ့ယောက္ခထီးကိုလာတွေ့သင့်မှန်းသူသိလိုက်သည်။


သူလက်ဆောင်ဗူးကိုအလိုလိုကိုင်ကာပြောမိသည်။

"ပါး...." မဟုတ်သေးဘူး။


သူသူ့နှဖူးကိုအမြန်အုပ်ကာ ချောင်းအသာဟမ့်ပြီး ထပ်ပြောလိုက်သည်။

"နိဟောင်၊ အန်ကယ်၊ ဒါတွေက...ရှောင်လုအန်ကယ့်အတွက်ယူလာတဲ့လက်ဆောင်တွေပါဗျ။"


လင်ကျန့်ကော်လန့်သွားရသည်၊ သူဒီကိုလာတာကိုဘာလို့လက်ဆောင်ယူလာရတာလဲ။ အဓိကအချက်က ဒီလိုလူကောင်အကြီးကြီးကသူ့ကိုပါးလို့ခေါ်တာဘာသဘောတုန်း?


________________________________