Chapter 53
ကျောင်းသားကောင်စီ၏ ပထမဆုံးအစည်းအဝေး
ဒေါက်...ဒေါက်...ဒေါက်...
ယောင်စစ် တစ်ယောက်ယောက်ကသူမ၏ခေါင်းကိုလာထိမိအား စိုးရိမ်ပူပန်နေစဉ်မှာပင် ထွက်ပေါ်လာသောတံခါးခေါက်သံက အရူးအမူးဖန်များ၏အပြုအမူများကို ဟန့်တားလိုက်လေသည်။
" ဥက္ကဋ္ဌယောင်..."
ရွှေရောင်ဆံပင်နှင့် ကောင်လေးတစ်ယောက်က တံခါးကိုမှီ၍ရပ်နေရင်း အခန်းတွင်းသို့စိတ်မရှည်စွာဖြင့် ဝေ့ဝဲကြည့်လိုက်သည်။သူ့ လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး ယောင်စစ်ကိုပေါ့ပေါ့ပါးပါးပဲကြည့်နေလေသည်။
"ပိုင်ရိ..."
"ဟမ့်..."
ထိုကောင်လေးက မကျေမနပ်ဖြင့်အတည်ပြုပေးလိုက်သည်။
"မင်းကဘယ်လိုလုပ်ပြီးတော့ ပထမဆုံးအပတ်ရဲ့ အစည်းဝေးပွဲကို နောက်ကျနေရတာလည်း..."
အပတ်စဉ်အစည်းအဝေး... အဲ့တာဘာကြီးလဲ...
ယောင်စစ် မနေ့က အစောကြီးပြန်သွားခဲ့သောကြောင့်ဘာမှမသိပေ။
"ဒါပေမယ့်..."
ယောင်စစ်၏မျက်ဝန်းများက ကြမ်းပြင်ပေါ်လဲကျနေသော ချူကျင်းဆီသို့ရောက်သွားလေသည်။သူမကို အရင်ဆုံးကျောင်းဆေးခန်းသို့ပို့သင့်တယ်မဟုတ်ဘူးလား...
"သူက ဟီးဘမျိုးနွယ်က..."
ထိုကောင်လေးက ယောင်စစ်၏တွန့်ဆုတ်နေမှု့ကို ကြားဖြတ်လိုက်ပြန်သည်။
"သူတို့တွေက ဘယ်ချိန်မဆိုစိတ်လှုပ်ရှားတာနဲ့ သေချင်ယောင်ဆောင်တဲ့ အခြေနေကိုရောက်သွားတယ်...သူတို့ကတစ်နေ့ကိုဆယ်ကြိမ်လောက်မေ့လဲနေကြတာ...မထူးဆန်းဘူး..."
ဘာကြီး...သေချင်ယောင်ဆောင်တဲ့အခြေအနေ... အဲ့တာတစ်ကယ်ရောအဆင်ပြေကြရဲ့လား... ဒါဘယ်လိုကမ္ဘာကြီးလဲ...ထားလိုက်တော့... ထားလိုက်တော့...
"မြန်မြန်လေးလုပ် အားလုံးက နင့်ကိုစောင့်နေကြတာ..."
ထိုသူကပြောပြောဆိုဆိုဖြင့် ယောင်စစ်လက်မောင်းကိုဆွဲကိုင်လိုက်ပြီး အခန်းထဲမှဆွဲထုတ်လာလိုက်သည်။
"ဟမ့်...ရှုချန်းက မင်းကို ဥက္ကဌအဖြစ်ရွေးလိုက်တယ်ဆိုကတည်းက အကြောင်းတစ်ခုခုတော့ရှိရမယ်...."
သူကသွားနေရင်းဖြင့် ယောင်စစ်ကိုအပြစ်သားလိုစူးစမ်းလေ့လာနေသည်။
"မင်းအံ့အားသင့်စရာတစ်ခုခုကိုလုပ်ခဲ့မိလို့ပဲဖြစ်ရမယ်... စကြာဝဠာ ကျောင်းတော်ကြီးစတင်တည်ထောင်လာကတည်းက ကျောင်းသားဥက္ကဌနေရာက အမြဲတမ်းသွေးစုပ်ဖုတ်ကောင်တွေကြီးပဲ... ရှုချန်းကသေချာမတွေးဘူး ကြုံရာလူတစ်ယောက်ကကျောင်းသားဥက္ကဌဖြစ်နိုင်လို့လား အခြားတစ်ဖက်ကနေပြောမယ်ဆိုရင်လည်း ဒီကျောင်းတော်ကြီးမှာငါတို့သွေးစုပ်ဖုတ်ကာင်တွေအများကြီးပဲ..."
"အဲ့သွေးစုပ်ဖုတ်ကောင်တွေက သူတို့ရဲ့ မျိုးဆက်သုံးဆယ်အကွာက အကြီးအကဲသာမဟုတ်ရင် စကားနားထောင်မယ်လို့ထင်လား...အပြင်လူတစ်ယောက်ကသူတို့ကိုဘယ်လိုမျိုးအုပ်ချုပ်မလဲ တစ်ခြားမျိုးနွယ်တွေကလည်း အကုန်လုံးဆူညံပွက်လောရိုက်ကုန်လိမ့်မယ်...ဒါပင်မယ့်လည်း နင်က တအားကိုပဲ သောက်မြင်ကပ်စရာကောင်းလောက်အောင်ကို ကံကောင်းလွန်းနေတယ်..."
"အရှင်သခင်က ပထမဦးဆုံး အကြိမ်ကျောင်းတော်ကိုလာလည်လိုက်တဲ့အတွက် အားလုံးက စကားတစ်ခွန်း နဲ့တင်အဆင်ပြေသွားတယ်....မင်းရဲ့ဘဝကဒီလိုနဲ့ပဲအဆင့်မြှင့်တင်ပြီးသားဖြစ်သွားတယ် ငါသာအရှင်သခင်နဲ့ ပထမဦးဆုံး တွေ့ခဲ့ရမယ်ဆိုရင်... "
ယောင်စစ် ဆွံ့အစွာဖြင့် တိတ်တဆိတ်သာလျှောက်လာမိသည်။
ဒီကောင်က အရမ်းကိုသောက်စကားများတာပဲ...
"ဟင်...နေပါဦး မင်းကဘာလို့ဘာမှပြန်မပြောတာလဲ..."
ထိုသူက ပြောနေရင်းဖြင့်ရပ်ကာ ယောင်စစ်ဘက်သို့လှည့်ကြည့်လိုက်လေသည်။
" ငါနားလည်ပြီ... ငါနားလည်ပြီ နင်ကအခု စိတ်တင်းကြပ်နေတာပဲဖြစ်ရမယ် ဟုတ်တယ် မို့လား..."
သူမ ပြန်မပြောနိုင်ခင်မှာပင် ထိုကောင်လေးကသူ့ဘာသာသူ ဆက်ပြောလေသည်။
"လာ...ငါခန့်မှန်းကြည့်ရအောင် ဘယ်ချောင်ကနေမှန်းမသိထွက်လာပြီးတော့ ရုတ်တရက်ကြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်လာတယ်... အဲ့တော့ ဖြစ်သမျှအရာအားလုံးကိုအိမ်မက်လို့ပဲခံစားနေရမှာပေါ့ ဒီလိုမျိုးလေ... 'ဟယ် ...သွေးစုပ်ဖုတ်ကောင်မျိုးနွယ်မဟုတ်တဲ့ငါလေးက ဘယ်လိုလုပ်ပြီးတော့ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့အရှင်သခင်နဲ့ စကားပြောလိုက်မိတာလဲ ဆိုပြီးတော့ပေါ့...' "
"ဒါပေမယ့် နင်အများကြီးစိုးရိမ်စရာမလိုပါဘူး သွေးစုတ်ဖုတ်ကောင်မျိုးနွယ်က ဆက်ဆံရေးကောင်းမွန်ကြတယ် ဘယ်လိုပဲဖြစ်ဖြစ် ရှုချန်းက နင့်ကိုရွေးလိုက်ပြီဆိုထဲကဘယ်သူ့မှနင့်ကိုခက်ခဲအောင်လုပ်မှာမဟုတ်ဘူး..."
"တစ်ကယ်တော့လေ ငါက..."
"ကျောင်းသားကောင်စီဆိုတာကနော် တစ်ကယ်က ဘာမှလုပ်စရာအများကြီးမရှိဘူး အထူးသဖြင့်ဥက္ကဌအတွက်ပေါ့...အဲ့ဒီမှာအဖွဲ့ဝင်အနည်းငယ်နဲ့ အကြီးအကဲအနည်းငယ်ပဲရှိတယ် ဘယ်လိုပြသနာပဲဖြစ်ဖြစ် ငါ့တို့ဖြေရှင်းဆုံးဖြတ်နိုင်တယ်..."
"အခု ရှုချန်းက ဥက္ကဌအဟောင်းဖြစ်သွားပြီဆိုတဲ့အတွက်မင်းမရင်းနှီးသေးတဲ့အရာတွေအားလုံးကို သူ ကူညီလုပ်ဆောင်ပေးလိမ့်မယ်... အဲ့ဒီဟာကတော့မင်းကိုတာဝန်တွေအများကြီးလွှဲပေးလိုက်တာပဲ သူက မနေ့ကတည်းက မင်းကို ဒီနေ့တွေ့ဆုံရအောင်လို့ခေါ်လာခဲ့မယ်လို့ပြောခဲ့တယ်လေ...ဒါပေမယ့် ငါကအရမ်းသိချင်နေတယ် အဲ့တာကြောင့်မို့ငါကိုယ်တိုင်လာခေါ်ဖို့ဆုံးဖြတ်လိုက်တာ..."
"ဟုတ်သားပဲ...နင်တို့နှစ်ယောက်က ဘယ်လိုပတ်သတ်တာလဲ..."
"အဲ့တာက...အဲ့တာက ဘာကြောင့်လဲဆိုတော့..."
"ထားလိုက်တော့...ထားလိုက်တော့ ဘာပဲဖြစ်ဖြစ်အရေးမကြီးဘူး...သူနဲ့ နေ့တစ်ဝက်လောက်နေလိုက်တာနဲ့နော် သူဘယ်လောက် ပျင်းဖို့ ကောင်းတယ် ဆိုတာသိသွားလိမ့်မယ်...ငါဆိုရင်အခုထိ သူနဲ့အရာအားလုံးပြောလို့မရသေးဘူး သူကလေအရမ်းကိုပဲ လေးနက်သမာဓိရှိတဲ့ လူကြီးလုပ်နေတာလေ သိတယ်မို့လား... သူကအခုမှဝင်ရောက်လာတဲ့ မျိုးဆက်သစ်တွေဆိုရင်လည်းစိတ်မဝင်စားဘူး ငါနင့်ကိုပြောပြဦးမယ်...ဘလာ... ဘလာ...ဘလာ..."
ယောင်စစ်စကားဝင်ပြောဖို့အခွင့်အရေးမရပေ။
ထားလိုက်ပါတော့ နင်ပျော်ရင်ပြီးတာပဲ...
သူပြောသည့် စကားများကလည်းမှန်နေသည်။သူမကျောင်းသားကောင်စီတွင်လုပ်စရာများများမရှိပေ။ သို့မဟုတ် သူမအတွက်လုပ်စရာမရှိဘူးလို့ပြောလျှင်ပိုမှန်ပေမည်။ ကျောင်းသားကောင်စီတွင်အဖွဲ့ဝင်တစ်ရာမျှရှိသည်။
မနေ့က မူရွှမ် ရုတ်တရက်ရောက်လာခဲ့မှု့ကြောင့် အဖွဲ့ဝင်များအတွင်းတွင်လည်း ပြန်လည်ရွေးကောက်မှုများဖြစ်သွား၏။
နေရာအနည်းငယ်မျှသာပြောင်းလဲသွားခြင်းဖြစ်သောကြောင့် သူတို့၏ တာဝန်များကို ရင်နှီးကျွမ်းဝင်နေကြပေသည်။
ယခု သူမ ရုံးခန်းထဲတွင်နာရီအနည်းငယ်ထိုင်၍ လက်မှတ်ထိုးခြင်း၊တံဆိပ်တုံးထုခြင်း၊စကားလုံးအနည်းငယ်ရေးခြင်းတို့ကိုပြုလုပ်နေရသည်။အဖွဲ့ဝင်များကလည်း သူမရောက်လာသည်ကို ဝေဖန်သုံးသပ်ခြင်းမရှိဘဲ ဒီတိုင်းလက်ခံလိုက်လေသည်။
ထိုသူများကအလုပ်လုပ်နေသောယောင်စစ်ကိုစကားပြောရန်ကြိုးစားနေသည်အား သူမခံစားမိနေလေသည်။သို့သော်လည်း ကုရှုချန်းက သူတို့ကို တားဆီးထားလေသည်။
ကမ္ဘာဂြိုလ်ပေါ်ရှိကျောင်းများနှင့် လက်ရှိနဂါးငွေ့တန်းကျောင်းများကြားထဲ၌ ကျောင်းသားကောင်စီ၏ အလုပ်လုပ်ပုံက ကွဲပြားမှုရှိပေသည်။တစ်ကယ်တမ်းတွင် စကြာဝဠာ ကျောင်းတော်ကြီး၏စည်းမျဉ်းများကို ကျောင်းသားကောင်စီကသာ ဦးစီးခန့်ခွဲနေရခြင်းဟုသာဆိုရပေမည်။သူတို့၌ ကျောင်းတော်ကြီး၏စည်းမျဉ်းများ၊ ဆရာမများ၏အတန်းချိန်များနှင့်တစ်ခြားသေးသေးဖွဲဖွဲကိစ္စလေးများ၏အသေးစိတ်အချက်လက်များအကုန်ရှိပေသည်။ကျောင်းသားကောင်စီကသာ အခွင့်အာဏာအားလုံးကိုကိုင်ဆောင်ထားပေသည်။နေ့တစ်ဝက်မျှအလုပ်လုပ်ပြီးသည့်အချိန်၌ယောင်စစ်ပင်ပန်းနွမ်းနွယ်သွားလေသည်။
"ဒီမှာပဲရပ်ကြရအောင်..."
ကူရှုချန်းက အချိန်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးပြောလိုက်သည်။
ယောင်စစ်သက်ပြင်းတစ်ချက်ချလိုက်ပြီး မတ်တပ်ထရပ်ကာ ထွက်သွားရန်ပြင်လိုက်သည်။
"ဒီမှာအရေးကြီးကိစ္စတစ်ခုရှိနေပါသေးတယ်...ကျိုးဖုန် ကျောင်းတော်ကချစ်ကြည်ရေးပြိုင်ပွဲလေးတစ်ခုလုပ်ဖို့တောင်းဆိုထားပါတယ် ကျွန်တော်ထင်တာက..."
"ငါတို့အဲ့ဒီအကြောင်းကိုမနက်ဖြန်မှထပ်ပြီးဆွေးနွေးကြတာပေါ့..."
ကုရှုချန်းက ထိုသူကိုတစ်ချက်မျှကြည့်လိုက်ပြီးနောက်ကြားဖြတ်ပြောလိုက်သည်။
"အခုကနေ့လည်စာအချိန်ရောက်နေလေပြီ အားလုံးပဲဆာနေလိမ့်မယ်..."
သူ ပြောပြီးသည်နှင့်ယောင်စစ်ဘက်သို့လှည့်လိုက်သည်။
"သခင်... ဥက္ကဋ္ဌ... အခုနေ့လည်စာ စားချိန်ရောက်နေပါပြီ ကျွန်တော်ပြန်ပို့ပေးပါ့မယ်..."
"အာ... မလိုပါဘူး ...ငါ့ဘာသာငါသွားလိုက်ပါ့မယ်..."
ကုရှုချန်း ၏မျက်နှာကဖြူဖျော့သွားပြီးအပြင်းအထန်ခေါင်းခါလိုက်သည်။
"မရဘူး...မရဘူး...ဒါကကျွန်တော်ရဲ့တာဝန်ပါ..တစ်ကယ်လို့ ဥက္ကဌသာနည်းနည်းလောက်နောက်ကျသွားမယ်ဆိုတာနဲ့ အကြီးကဲကောင်စီကကျွန်တော့်ကိုသတ်လိမ့်မယ်...ဒါကြောင့်မို့ ဥက္ကဋ္ဌ ကိုသေချာစောင့်ကြည့်နေဖို့လိုပါတယ်..."
ယောင်စစ် မယုံကြည်နိုင်ဖြစ်သွားသော်လည်း သူဆန္ဒရှိတဲ့အတိုင်းလုပ်ဖို့ခွင့်ပေးလိုက်တယ်။သို့သော်လည်းထိုအချိန်၌ 'စကားများပိုင်လေး'က ကြားဖြတ်၍ဝင်ပြောလာသည်။
"အစ်ကို ငါတို့ဘာလို့အော်ဒါပဲမမှာစားလိုက်တာလဲ ငါကြားထားတာတော့ အဲ့ဒီမှာ စားဖိုမှူး အသစ်လည်းရောက်နေတဲ့အပြင် ဘဲသွေးခဲအသစ်လည်းရှိတယ်တဲ့...ဥက္ကဌလည်းဒါကိုမြည်းစမ်းကြည့်သင့်တယ်လို့ ထင်တယ်နော် ဘာ့ကြောင့်..."
"မရဘူး..."
သူ့စကားမဆုံးခင်မှာပင်ကုရှုချန်း က အော်ပြောလိုက်တယ်။
အကြီးအကဲကောင်စီက သူ့ကို တင်းတင်းကြပ်ကြပ်အမိန့်ပေးထားသောကြောင့် မပြီးမြောက်ပါက သူတန်ဖိုးပေးဆပ်ရပေလိမ့်မယ်။
"ဥက္ကဌကနေ့လည်စာအတွက် အိမ်ကိုပြန်ရမယ်..."
သူစကားတစ်လုံးချင်းဖိပြောလိုက်သည်။စားဖိုမှူးအသစ်ဆိုတာကသူတို့ရဲ့အရှင်မင်းကြီးနဲ့ဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာလဲ...
ပိုင်ရိ သူ့ကိုသင်္ကာမကင်းဟန်ဖြင့်တစ်ချက်ကြည့်လိုက်သည်။
"ဘာလို့အဲ့လောက်ထိ တင်းမာနေရတာလဲ...ကန်တင်းကအစားအစာတွေကရောဘာဖြစ်နေလို့ လည်း မင်း..."
သူတစ်စုံတစ်ခုကို တွေးမိသွားသလိုမျိုး တောင့်ခဲသွားပြီးမျက်ဝန်းများကျွတ်ထွက်မတတ်ပြူးကျယ်လာလေသည်။
"ရှူချန်း...မင်း...သူ့...ဥက္ကဋ္ဌ ကိုကြိုက်နှစ်သက်သွားတယ်လို့မပြောနဲ့နော် အခုသူ့ကိုအပြင်ခေါ်ပြီးဒိတ်လုပ်ချင်နေတာမှတ်လား..."
"ဘာတွေပြောနေတာလဲ..."
ကုရှုချန်း၏မျက်နှာ မဲမှောင်သွားလေသည်။
"မင်းကို စကားကိုသတိထားပြီးပြောပါလို့ အကြိမ်ကြိမ်ပြောခဲ့ပြီးပြီနော်... ထားလိုက်တော့... ထားလိုက်တော့... နေ့လည်စာသွားစားကြတော့..."
သူတစ်ခြားသူများကိုဂရုမစိုက်တော့ဘဲ အချိန်ကိုသာ တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး ယောင်စစ် ကိုခေါ်ထုတ်သွားလိုက်သည်။နောက်ဆုံးသူတို့နှစ်ယောက်ထဲရှိချိန်ကြမှစကားထပ်ဆိုလာခဲ့သည်။
"သခင်မလေး အဲ့ဒီ ပိုင်ရိရဲ့စကားတွေကိုစိတ်ထဲမထားဖို့မျှော်လင့်ပါတယ်...သူကငယ်ရွယ်ပြီးမသိတတ်ဘူး..."
"ရပါတယ် ဒါကလည်း ပေါက်တတ်ကရပြောတာလေးပဲမဟုတ်ဘူးလား..."
"သခင်မလေးစိတ်ချပါ သခင်မလေး ရဲ့လျှိုဝှက်ချက်တွေ...သခင်မလေးရဲ့အထောက်အထားတွေကို ဘယ်သူ့မှမသိအောင်ကျွန်တော်သေချာလျှို့ဝှက်ထားပါတယ်..."
ယောင်စစ် ငြိမ်သက်သွား၏
" ငါ့ရဲ့အထောက်အထားတွေကိုလျှို့ဝှက်ထားချင်တယ်လို့ နင့်ကိုဘယ်သူကပြောလို့လဲ..."
"သခင်မလေးက ကြီးကျယ်မြင့်မြတ်တဲ့သူဆိုတော့ ဒါကိုကျွန်တော်နားလည်...အမ်...အထောက်အထား တွေကိုလျှိုဝှက်ထားဖို့မလိုဘူးလား..."
"အေးလေ..."
သူမကိုသွေးစုပ်ဖုတ်ကောင်မျိုးနွယ်အဖြစ်လူတိုင်းသိသွားခြင်းကလည်းမကောင်းသည့်ကိစ္စမဟုတ်ပေ။
"ဒါဆိုဘာလို့အထက်တန်းကိုတန်းမတက်ဘဲ မူလတန်းကနေပြီးတော့စတက်တာလဲ အဲ့တာကဘဝအတွေ့အကြုံတွေလိုချင်လို့မဟုတ်ဘူးလား..."
သူမ အံအားတသင့်ဖြစ်သွားပြီးချောင်းဟန့်လိုက်သည်။
"ထားလိုက်တော့...ငါ့ရဲ့အထောက်ထားတွေကိုလျှိုဝှက်ထားရအောင်..."
သူမစာမေးပွဲဝင်ခွင့်ကျဆုံးခဲ့သည်ကို ဘယ်တော့မှ သောက်ရှက်ကွဲခံပြီး ဝန်ခံလိုက်မည်မဟုတ်ပေ။
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ သခင်မလေး..."