ကုစစ်မျက်လုံးအောက်နိမ့်ကာ မုန့်ဖန်းတုံကိုကြည့်ပြီး ပြောလိုက်သည်။
"မင်းအရက်မူးလွန်နေပြီ၊ ငါဘယ်တုန်းကမင်းကိုပိုက်ဆံပေးခဲ့လို့လဲ။"
မုန့်ဖန်းတုံလန့်သွားသည်။ ကုစစ်ကသူ့ကိုဘာပိုက်ဆံမှမပေးခဲ့ပေမဲ့ တစ်ယောက်ယောက်ကယန်းရှောင်လျန်ကိုပိုက်ဆံလွှဲပေးခဲ့ပြီး ပိုက်ဆံပမာဏမှာတော်တော်လေးများသည်။
ဒါပေါ့၊ ထိုပိုက်ဆံမှာသူအမြန်ဖြုန်းပစ်လိုက်ပြီဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သူကုစစ်၏စိတ်ကိုထပ်ကြိုးစားကာ ဒီ"မွေးစားညီ"ကိုသူတို့ကိုပိုက်ဆံတချို့ပိုပေးရန်ချော့မြူဖို့ကြိုးစားနေတာဖြစ်သည်။
ဒါပေမဲ့နောက်ဆုံးတစ်ခေါက်ကုစစ်ကသူ့လူများကိုပိုက်ဆံလွှဲခိုင်းတုန်းက သူ့သဘောထားကသူတို့နှင့်လုံးဝပြတ်ဆဲသွားပုံရကာ သူပင်အရိုက်ခံခဲ့ရသည်။ သူဒါကိုတွေးမိတော့ထိတ်လန့်သွားကာ သူ့ကိုတစ်အောင့်ကြာအောင်လိုက်မရှာရဲခဲ့ပေ၊ နောက်တော့ယွီမင်ရှို့၏လူများကသူ့ကိုချဥ်းကပ်လာခဲ့သည်...
ကုစစ်ကသူပြောတာကိုမစောင့်ဘဲမေးလိုက်သည်။
"မစ္စယန်းဆေးရုံတင်ထားရတာလား။ ခွဲစိတ်ခကဘယ်လောက်လဲ။"
သူဒါကိုပြောလိုက်ချိန် သူ့မျက်နှာထက်ဘာအမူအရာမှမရှိပေမဲ့ သူ့လေသံကတော့ဖြင့်သူပိုက်ဆံပေးမည်ဟုညွှန်ပြနေသယောင်။
မုန့်ဖန်းတုံချက်ချင်းတွေးလိုက်မိသည်၊ သူဌေးယွီကအကျိုးခံစားခွင့်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့ ဒီစျေးပေါတဲ့"မွေးစားညီ"ကတကယ်ပိုက်ဆံပေးလာတာပဲ။
ဒါကိုတွေးမိရင်း သူ့နှလုံးသားမှာလောဘဖြင့်ပြည့်နှက်သွားကာ သူယွီမင်ရှို့၏ရှင်းပြချက်ကိုချက်ချင်းမေ့သွားပြီး အလျင်စလိုပြောလိုက်မိသည်။
"သူမကအိမ်မှာလေ၊ ခွဲစိတ်ခကဘယ်လောက်ကျ..."
"ငါသူမကိုသွားတွေ့လိုက်မယ်။"
ကုစစ်ရုတ်ခြည်းဖြတ်ပြောလိုက်ပြီး သူမုန့်ဖန်းတုံကိုပိုက်ဆံမကြောင်းပြောခွင့်မပေးနိုင်ဘဲ ဒီလူ့ကိုဘယ်လိုမြန်မြန်ရှင်းထုတ်ရန်နည်းလမ်းပင်ရှာနေမိသည်။
ဒါကိုမြင်သော်ယွီမင်ရှို့ကြိတ်ရယ်မောလိုက်ပေမဲ့ အပြုံးကသူ့မျက်လုံးထိမရောက်ဘဲ သူ့အကြည့်ကိုမုန့်ဖန်းတုံ၏ကျောပြင်မှခပ်မြန်မြန်ပြန်ရုတ်လိုက်သည်။
လင်ခုံးလုသူ့ကိုတစ်ချက်လှမ်းကြည့်ပြီးမှ ကုစစ်ကိုကြည့်မိပြန်သည်။
ထိုစဥ် ကုစစ်ကထရပ်ကာသူ့ကိုပြောလာသည်။
"အားနာပါတယ်၊ ကျွန်တော်ခဏသွားလိုက်အုံးမယ်နော်။"
ယန်းရှောင်လျန်ကငွေကမ်းခြေမှာမနေပေမဲ့ ငွေကမ်းခြေနှင့်သိပ်မဝေးပေ၊ ကားနှင့်ဆို အသွားအပြန်မိနစ်လေးဆယ်သာကြာမြင့်သည်။ ပိုက်ဆံကိစ္စကတော့ သူအခုလက်ဦးမှုရယူပြီးရှင်းပြလိုက်ရင် ပိုက်ဆံထပ်ပေးစရာမလိုတော့ဘူးမလား။
သူတကယ်အတိတ်မမေ့မှန်းလင်ခုံးလုသိတာကြာပြီမို့ ဘာမှမမေးလိုက်ပေ။ ပိုက်ဆံကတော့ နောက်နှစ်မှသာသူဒီလူ့လစာထဲကနှုတ်ဖို့ဆုံးဖြတ်ထားသည်၊ မဟုတ်သေးဘူး၊ နောက်တစ်နှစ်ပြီးမှနှုတ်လိုက်တော့မယ်။
လင်ခုံးလုမတုံ့ပြန်တာကိုမြင်လိုက်ရတော့ ကုစစ်အနည်းငယ်မသက်မသာဖြစ်သွားကာ သူခဏထွက်သွားချင်သည်ဟုပြောလိုက်ပေမဲ့ သူ့မျက်လုံးကတော့မလှုပ်ရှားဘဲသူ့အပေါ်မှာသာရှိနေလျက်။
သူဒီကိစ္စကိုတိတ်တဆိတ်ဖြေရှင်းချင်ပြီး သူ့ကိုမသိစေချင်မှန်းလင်ခုံးလုသိပေမဲ့ မေးလိုက်သည်။
"မင်းငါ့ကိုမင်းနဲ့အတူလိုက်စေချင်လား။"
ကုစစ်ကတကယ်ရှက်ရွံ့လျက်ခေါင်းခါပြလာတာကိုမြင်လိုက်ရတော့ သူသက်ပြင်းချချင်ယောင်ဆောင်လိုက်ပြန်သည်။
"ဒါဖြင့်ရင်ကောင်းပြီလေ၊ ငါတို့ခဏနေစားလို့ပြီးတော့မှာဆိုတော့ နောက်မှတံငါသည်အိမ်မှာပြန်တွေ့တာပေါ့။"
သူထိုသို့ဆိုတော့ ကုစစ်ကသက်မချကာခေါင်းငြိမ့်ပြီးဆိုလာသည်။
"ဟုတ်ကဲ့။"
ထိုစဥ်ယွီမင်ရှို့ကသူ့လက်ထဲကတူကိုဆက်တိုက်စိုက်ကြည့်နေပြီး ဒါကိုကြားတော့သူကအသာပြုံးလိုက်သည်။
ကုစစ်သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ရုတ်တရက်လင်ခုံးလု၏နားနားကပ်ကာ တီးတိုးပြောလိုက်သည်။
"ဂရုစိုက်နော်။"
ဘယ်သူ့ကိုဂရုစိုက်ရမလဲဆိုတာကိုတော့ပြောမသွားပေ။
လင်ခုံးလုစကားမပြောဘဲ သူ့ကိုပြုံးပြလိုက်ပြီးမှ အကြည့်လွှဲကာမီနူးကိုဆက်ကြည့်လိုက်သည်။
ယွီမင်ရှို့နှုတ်ဆိတ်နေမှာမဟုတ်မှန်းသူသိသည်။
သေချာတာပေါ့၊ ကုစစ်ထွက်သွားပြီးသိပ်မကြာခင်၊ ယွီမင်ရှို့ကချောင်းအသာဟမ့်ကာမေးလာသည်။
"အတွင်းရေးမှူးယန်းဘယ်ကနေဒီလောက်ပိုက်ဆံအများကြီးရလာလဲဆိုတာဥက္ကဌလင်မသိချင်ဘူးလား။ ကျွန်တော်ကြားတာကတော့သူ့မိသားစုကဆင်းရဲပြီးတော့...."
လင်ခုံးလုမီနူးကဒ်ကိုအောက်ချကာပြောလိုက်သည်။
"ခုနကအဲ့လူကအရက်မူးပြီးပေါက်ကရစကားတွေပြောသွားတာမဟုတ်ဘူးလား။"
"အော်။" ယွီမင်ရှို့ကရယ်မောကာဆိုသည်။
"မင်းတကယ်ယုံတယ်လား။"
ပြောပြီးနောက်သူသက်ပြင်းချလိုက်သည်။
"ဒါပေမဲ့အံ့သြစရာမရှိပါဘူးလေ။"
လင်ခုံးလုမဖြေဘဲ မီနူးကဒ်ကိုတိုက်ရိုက်လှမ်းပေးကာပြောလိုက်သည်။
"ခင်ဗျားနဲ့ရှောင်စုန့်ကောမှာမှာလား။"
အမှန်တော့ ယွီမင်ရှို့၏မသန့်စင်သောအတွေးနှင့်ဖုံးကွယ်ထားသည့်လုပ်ရပ်များကို သူနှင့်ကုစစ်အနည်းနှင့်အများသတိထားမိပေမဲ့ သူတို့ကအပိုင်းအစကစိတ်ပူတာမို့ တစ်ဖက်လူကိုတစ်ခုခုလုပ်ဖို့မလွယ်သဖြင့် သူတို့ရှေ့မှာအချိန်တစ်ခုစာစောင့်ကြည့်ရုံသာတတ်နိုင်သည်။
ဒါပေမဲ့ခုနကဖျော်ဖြေသွားသည့်ပြဇာတ်ကြောင့် လင်ခုံးလုပဟေဠိဖြစ်သွားမိသည်။
မုန့်ဖန်းတုံကသိသိသာသာကိုယွီမင်ရှို့စီစဥ်ထားတာဖြစ်ပေမဲ့ ယွီမင်ရှို့ဘာလုပ်ချင်မှန်းသူသေချာမသိပေ။
ကုစစ်အတွက် မုန့်ဖန်းတုံကရှင်းရခက်သည့်လူတစ်ယောက်တကယ်မဟုတ်ပေ။ သူ့ပုံစံကကုစစ်ကိုအဆင်မပြေဖြစ်အောင်လုပ်ရုံတင်သာမက ကုစစ်အတိတ်မေ့ချင်ယောင်ဆောင်ထားသည့်အချက်ကိုပါထုတ်ပြောလာသည်။
ထို့အပြင် ဒီရက်ပိုင်းမှာယွီမင်ရှို့ကသူ့ကုမ္ပဏီကိုတိတ်တခိုးတိုက်ခိုက်ကာ ကုစစ်ကိုအပြစ်ပုံချဖို့ကြံရွယ်ထားသည်။ ဒီလူကသူနှင့်ကုစစ်ကြားကဆက်ဆံရေးကိုသွေးထိုးလှုံ့ဆော်ချင်တာမှန်း လင်ခုံးလုခန့်မှန်းစရာမလိုဘဲသိနေသည်။
ဒါပေမဲ့သွေးထိုးလှုံ့ဆော်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။
လင်ခုံးလုရင်ထဲမှာတစ်ခုခုစဥ်းစားနေတာမို့ သူအသားကင်စားနေစဥ်မှာအနည်းငယ်စိတ်ဗလာကျင်းနေသဖြင့် သူအရသာမခံဘဲစားလိုက်သည်။
အခြားတစ်ဖက်၌ ကုစစ်ကကိုယ်တိုင်ကားမောင်းကာယန်းရှောင်လျန်ကိုသွားတွေ့ပြီး ဒီကိစ္စကိုအပြတ်ဖြတ်ဖို့ကြံရွယ်ထားသည်။
မုန့်ဖန်းတုံကလည်းကားထဲမှာရှိနေသည်။ သူကားပေါ်တက်ပြီးနောက် သူအရှေ့နှင့်အနောက်ကိုစမ်းသပ်လိုက်ပြီးမှ ကပျာကယာပြုံးကာပြောလိုက်သည်။
"ညီလေး၊ တကယ်တိုးတက်လာတာပဲနော်? မင်းရဲ့သူဌေးကမင်းကိုဒီလိုကားအကောင်းစားကြီးမောင်းခိုင်းတယ်ပေါ့?"
တကယ်တော့ ဒီကားမှာလက်ထောက်စုန့်ကိုကုမ္ပဏီကပေးထားတာဖြစ်သည်။ ကုစစ်မျက်လုံးထဲမှာ ထိပ်တန်းဇိမ်ခံကားဟုမယူဆသကဲ့သို့ လင်ခုံးလု၏သီးသန့်လည်းမဟုတ်ပေ။
ဒါပေမဲ့သူပြန်ရင်လင်ခုံးလုကဒီကားစီးလောက်မည်ဟုတွေးမိရင်း သူအမြန်အေးစက်စွာအပြစ်တင်လိုက်သည်။
"မင်းလက်ကိုအောက်ချထား။"
မုန့်ဖန်းတုံတောင့်တင်းသွားရကာ မျက်ဝန်းထဲ၌စိတ်မပျော်ရွှင်မှုတစ်ချက်လက်သွားလျက် သူ့လက်ကိုဒေါသတကြီးပြန်ရုတ်လိုက်ရသည်။
ဒါပေမဲ့ ကုစစ်ကခဏနေပိုက်ဆံပေးတော့မည်မှန်းတွေးကြည့်မိတော့ သူစိတ်လှုပ်ရှားလာရပြန်ကာ သူ့လက်နှစ်ဖက်ကိုပွတ်ပြီးပြောမိသည်။
"တကယ်တော့ မင်းဒီခရီးကိုလိုက်စရာမလိုပါဘူး၊ ငါ့ကိုပိုက်ဆံပဲပေးလိုက်လေ၊ ငါအမေ့ကိုဆေးရုံလိုက်ပို့ပေးလိုက်မယ်။"
ထိုစဥ် အနက်ရောင်ကားနှစ်စီးကသူတို့အနောက်မှာဘယ်တုန်းကမှန်းမသိပေါ်လာကာ သူတို့နောက်ကနီးနီးကပ်ကပ်လိုက်လာတာကိုသူသတိမထားမိလိုက်ပေ။
ကုစစ်ကမုန့်မျိုးရိုးကိုလျစ်လျူရှုကာ ယန်းရှောင်လျန်နေထိုင်သည့်ယိုယွင်းပျက်စီးနေသည့်တဲအိမ်ဆီတည့်တည့်မတ်မတ်မောင်းသွားလိုက်သည်။
ကားထဲကထွက်ကာတဲအိမ်ထဲဝင်သွားတော့ သူမြင်လိုက်ရတာက ယန်းရှောင်လျန်ကတကယ်နေမကောင်းဖြစ်၊ မဟုတ်ဘူး၊ အတိအကျပြောရရင် သူမဒဏ်ရာရထားတာဖြစ်သည်။ သူမ၏ဦးခေါင်းမှာထိခိုက်မိထားပြီး သူမကဟောင်းနွမ်းနေသည့်အိပ်ရာပေါ်မှာလဲနေကာ အလွန်ပိန်ပါးလျက်ရှိသည်။
မုန့်ဖန်းတုံကသူ့နောက်ကလျှောက်ဝင်လာကာဆိုသည်။
"ကြည့်လေ၊ ငါမင်းကိုမလိမ်ပါဘူး၊ သူမသေမတတ်နေမကောင်းဖြစ်နေတာပါဆို။"
ကုစစ်လှောင်ပြုံးပြုံးကာ သူ့ခြေဖဝါးကိုမြှောက်ကာ အတော်အသင့်သန့်ရှင်းသောထိုင်ခုံကိုလှမ်းဆွဲပြီး ထိုင်ချကာခေါင်းစောင်းမော့ပြီး ခြေချိတ်ကာမျက်နှာသေဖြင့်ပြောလိုက်သည်။
"ကြည့်ရတာတော့မင်းနဲ့မင်းအမေက အရင်တစ်ခေါက်ငါပိုက်ဆံပေးတုန်းကပြောခဲ့တဲ့စကားကိုအရေးမစိုက်ကြတဲ့ပုံပဲ။"
ထိုစကားများထွက်ကျသွားသည်နှင့် အနက်ရောင်ဝတ်စုံနှင့်ဘော်ဒီဂတ်အများအပြားကတံခါးထဲဖောက်ဝင်လာကာ လက်မြှောက်ပြီး မုန့်ဖန်းတုံကိုကြမ်းပြင်ပေါ်ဖိချကာ သူ့ထံမှကဒ်ကိုရှာလိုက်သည်။
သူတို့ဟာအနောက်ကကားနှစ်စီးထဲရှိလူများဖြစ်ပြီး မနက်ကကုစစ်ခေါ်ထားသည့်ဘော်ဒီဂတ်များဖြစ်သည်။
မုန့်ဖန်းတုံတစ်အောင့်ကြာထိတ်လန့်သွားကာ အလန့်တကြားပြောမိသည်။
"မင်းဘာလုပ်တာလဲ။ ငါမင်းကိုပြောလိုက်မယ်၊ အိမ်ထဲအခွင့်မရှိဘဲကျူးကျော်ဝင်လာတာကဥပဒေကိုချိုးဖောက်တာပဲ။"
"ဥပဒေချိုးဖောက်တယ်?" ကုစစ်မျက်ဝန်းနက်ထဲ၌အေးစိမ့်မှုဖြင့် ခါးကိုင်းချလိုက်သည်။
"မင်းကပြစ်မှုတွေအများကြီးမကျူးလွန်ခဲ့လို့လား။ ငါအရင်တစ်ခေါက်ကပြောခဲ့တယ်မလား၊ ပိုက်ဆံယူပြီးရင်ငါ့ရှေ့မပေါ်လာနဲ့တော့လို့လေ?"
"ဒါ ဒါပေမဲ့ မင်းငါ့ကိုပိုက်ဆံမပေးခဲ့...."
ကုစစ်သူ့ကိုထပ်မပြောချင်တော့ဘဲ ဘော်ဒီဂတ်များကိုတန်းပြောလိုက်သည်။
"သူ့ကိုရဲစခန်းပို့လိုက်။"
မုန့်မျိုးရိုးကဒီနှစ်တွေမှာခိုးဆိုးလုယက်ကာလိမ်လည်လှည့်ဖြားပြီးတော့ တရားမဝင်ကိစ္စများစွာလုပ်ခဲ့တာမို့ သူဂျေးအောင်းပြီးဆောင့်ကြောင့်ထိုင်နေခဲ့သင့်တာကြာပြီဖြစ်သည်။
သူဘားထဲကိုဆွဲခေါ်ခဲ့တုန်းကတောင် ၎င်းကတစ်ဖက်လူလုပ်ကြံခဲ့သည့်ကစားပွဲတစ်ခုဖြစ်နေသည်။ ယန်းရှောင်လျန်ကသူ့ကိုကယ်ခဲ့ပြီး နွေဦးဆေးကလည်းသူနှင့်လင်ခုံးလုကိုမတော်တဆအတူရှိအောင်လုပ်ပေးခဲ့သည်ဟုသူတွေးခဲ့တာမို့ သူအရေးသိပ်မစိုက်ဘဲ ရိုက်နှက်ဆုံးမရုံသာလုပ်ခဲ့သည်။
ဒါပေမဲ့အခုကြည့်ရတာတော့ရိုက်နှက်ဆုံးမမှုကသိသိသာသာကိုမလုံလောက်တာမို့ အကျဥ်းထောင်ကိုသူ့ကိုကူဆုံးမခိုင်းရပေမည်။ ယန်းရှောင်လျန်ကတော့....
ကုစစ်ခေါင်းလှည့်ကာ နိုးနေပေမဲ့စကားတစ်ခွန်းမဆိုဘဲ သူ့ကိုအပြစ်ရှိစိတ်နှင့်ကြည့်နေသည့်ပိန်ချုံးနေသည့်အမျိုးသမီးကိုကြည့်လိုက်သည်။
ခန့်မှန်းစရာမလို၊ သူမကနောက်ဆုံးမှာအသုံးမကျတဲ့သားမုန့်ဖုန်းတုံကိုလက်လျှော့အရှုံးပေးလိုက်ပြီမှန်းသူသိသည်။
အသက်ကယ်ကျေးဇူးကိုပြန်ဆပ်ရန်အလို့ငှာ ကုစစ်ကသူမကိုမုန့်ဖန်းတုံ၏အကြွေးကိုဆပ်ရန်နှင့် တည်ငြိမ်သောဘဝမှာနေထိုင်ဖို့Cမြို့တော်၏မြို့ဆင်ခြေဖုံးမှာအိမ်လေးတစ်လုံးဝယ်ရန်ပိုက်ဆံလုံလုံလောက်လောက်ပေးခဲ့သည်။
ဒါပေမဲ့သူမကဒီလိုမျိုးနေနေတုန်းပင်။ မုန့်ဖန်းတုံကလောင်းကစားလုပ်ခြင်းကိုနှစ်ခြိုက်ပြီး ပိုက်ဆံနှင့်လောင်းကစားလုပ်ချင်သဖြင့် သူမ၏ဘဏ်ကဒ်ကိုလုယူချိန်မှာ သူမကိုပြုတ်ကျတဲ့အထိတွန်းပစ်ခဲ့သည်။
အသက်ကယ်ကျေးဇူးကိုဝယ်တာကအနည်းငယ်အလေးအနက်မထားရာရောက်သော်ငြား ယန်းရှောင်လျန်အတွက် ကုစစ်အခုဆိုဂရုမစိုက်ချင်လေတော့။
သူယန်းရှောင်လျန်ကိုရွေးချယ်စရာနှစ်ခုပေးခဲ့သည်၊ တစ်ခုကမုန့်ဖန်တုံကိုအောက်ခြေမဲ့တွင်းကိုဖြည့်ဖို့ကူညီပြီး ကျေးဇူးကိုပိုက်ဆံနှင့်ဝယ်ရန်ဖြစ်ကာ အခြားတစ်ခုကတော့ ယန်းရှောင်လျန်ကမုန့်ဖန်းတုံအကြောင်းအရေးမစိုက်ဘဲနေ၊ သူကပိုက်ဆံလည်းပေးမည်ဖြစ်ကာ တစ်စုံတစ်ယောက်ကိုသက်ကြီးရွယ်အိုမျအတွက် ကုမိသားစုဦးစီးသည့်ဘိုးဘွားရိပ်သာကိုသူမကိုခေါ်သွားရန်ဖြစ်သည်။
သိသိသာသာကိုပင်၊ တစ်ဖက်လူကပထမတစ်ခုကိုရွေးချယ်သွားခဲ့သည်။
ကုစစ်သူမကိုတစ်အောင့်ကြာအသံတိတ်စိုက်ကြည့်လိုက်ပြီးမှ ရုတ်ခြည်းထရပ်ကာ အနောက်မှာကျန်ခဲ့သည့်ဘော်ဒီဂတ်များကိုပြောလိုက်သည်။
"သူမကိုဆေးရုံခေါ်သွားပေးလိုက်။"
ပြောပြီးနောက် သူတဲအိမ်ကထွက်လာကာ ကားထဲမှာဝင်ထိုင်ပြီး ခပ်လှမ်းလှမ်းကပင်လယ်ပြင်ကိုတိတ်တိတ်လေးကြည့်လိုက်မိသည်။
သူမကအသက်ကယ်ကျေးဇူးကိုပိုက်ဆံနှင့်ဝယ်ခဲ့တာမို့ သူထိုအကြောင်းအရေးမစိုက်တော့မည်မဟုတ်ဟုပြောခဲ့ပေမဲ့လည်း အဆုံးမှာသူဂရုစိုက်မိပြန်သည်။ သူ့အမေအရင်းကဒီလိုဝမ်းနည်းစရာလူတစ်ယောက်ဖြစ်နေတာကြောင့် ဒါမှမဟုတ် သူ့ကိုကယ်တုန်းကယန်းရှောင်လျန်သူ့ကိုရေထဲကပြန်ဆယ်လာသည့် မြင်ကွင်းကရင်းနှီးနေတာကြောင့်ဖြစ်နိုင်သည်....
တဝိုတဝါးမှတ်ဉာဏ်ထဲမှာ တစ်စုံတစ်ယောက်ကသူ့ကိုအဲ့လိုမျိုးကယ်ခဲ့ပုံရပြီး ထိုလူကအလွန်ပိန်ပါးကာ ပင်လယ်ပြင်ပမာနူးညံ့သောသီချင်းများကိုညည်းတတ်သည်၊ ဒါပေမဲ့.... အဲ့ဒါဘယ်သူလဲ။
ကုစစ်ခပ်လှမ်းလှမ်းပင်လယ်ပြင်ကိုကြည့်ကာ အတွေးထဲနစ်သွားရသည်။
ဘယ်လောက်ကြာသွားလဲမသိ၊ လက်အောက်ငယ်သားများကတင်ပြလာသည်။
"ဥက္ကဌကု၊ သူမကိုနီးစပ်ရာဆေးရုံကိုပို့လိုက်ပါပြီ။ ခေါင်းဒဏ်ရာနဲ့လက်မောင်းတစ်ဖက်ကျိုးသွားတာကလွဲရင် သူမအဆင်ပြေပါတယ်။"
ကုစစ်ခေါင်းအသာငြိမ့်ကာ ဘဏ်ကဒ်လှမ်းပေးပြီးပြောလိုက်သည်။
"သူမကိုကဒ်ပြန်ပေးလိုက်၊ ရှေ့လျှောက်ဂရုစိုက်စရာမလိုတော့ဘူး။"
ကဒ်ကားခုနကဘော်ဒီဂတ်များမုန့်ဖန်းတုံဆီကရှာတွေ့ခဲ့သည့်တစ်ခုဖြစ်သည်။ ၎င်းကိုလုယူသွားတာသိပ်မကြာသေးသဖြင့် ကတ်ထဲကပိုက်ဆံမှာမဖြုန်းရသေးပေရာ ယန်းရှောင်လျန်တစ်ခဏတာနေထိုင်ဖို့လုံလောက်သည်။
ဒါတွေအားလုံးကိုဖြေရှင်းပြီးနောက် ကုစစ်နောက်မေးခွန်းတစ်ခုမေးလိုက်သည်---
"ယွီမင်ရှို့ကိုစောင့်ကြည့်နေတာကကောဘယ်လိုရှိလဲ။"
"ဥက္ကဌလင်ရဲ့ကုမ္ပဏီကိုတိတ်တခိုးတိုက်ခိုက်နေတာကလွဲရင် ဥက္ကဌယွီကကုမ္ပဏီကိစ္စတွေကိုဂရုစိုက်ခဲပါတယ်။ မကြာသေးခင်ကသူစံအိမ်ကြီးတစ်လုံးဝယ်ပြီးတော့အထဲမှာရုပ်လွန်ပညာရပ်တွေလေ့ကျင့်နေတယ်။ အဲ့ဒါကတော်တော်လေးထူးဆန်းပြီးတော့အယူသည်းပါတယ်။"
ဘော်ဒီဂတ်ကချက်ချင်းဆိုလာသည်။
ကုစစ်"အော်"ဟုခပ်ဖွဖွဆိုကာ ကားစတီယာရင်ကိုသူ့လက်ချောင်းထိပ်များဖြင့်တတောက်တောက်ခေါက်ပြီးပြောလိုက်သည်။
"ဆက်ပြီးစောင့်ကြည့်နေ။"
လင်ခုံးလုနှင့်အခြားလူသုံးယောက်မှာအသားကင်စားပြီးနောက်ပြန်လာခဲ့ကြသည်။ မှောင်နေပြီမို့ ယွီမင်ရှို့နှင့်ရှောင်စုန့်ကအခန်းကိုတည့်တည့်မတ်မတ်ပြန်သွားကြစဥ် သူကအနောက်မီးဖိုချောင်မှာလင်ကျန့်ကော်ကိုသွားရှာလိုက်သည်။
သူထွက်လာတော့ ယွီမင်ရှို့ကသူ့ကျောပြင်ကို အဓိပ္ပါယ်ရှိသောမျက်နှာထားဖြင့်ပြုံးကာစိုက်ကြည့်နေခဲ့သည်။
အခုချိန်မှာတံငါသည်စားသောက်ဆိုင်ကအလုပ်များနေပြီး လင်ခုံးလုအနောက်မီးဖိုချောင်ကိုရောက်သွားချိန်မှာ လင်ကျန့်ကော်ကသူ့ကိုဖမ်းဆွဲပြီး ဟင်းပွဲများကူပို့ခိုင်းလာသည်။
ဖေးလုအုပ်စု၏ဝန်ထမ်းများမှာအခုပဲပြန်လာကာညစာစားနေကြသည်။ သူစားစရာလိုက်ပို့နေတာကိုသူတို့မြင်သော် သူတို့ကချက်ချင်းပြုံးကာပြောလာကြသည်။
"ယို့၊ ဥက္ကဌလင်၊ ဥက္ကဌကိုယ်တိုင်လိုက်ပို့နေတာလား။"
"ငါဒီကိုမလာခင်တုန်းက ငါကုမ္ပဏီကစီနီယာတွေဆီကကြားခဲ့တာကတော့ ယင်းရှပင်လယ်အော်မှာအဖွဲ့ကဥက္ကဌလင်ကိုယ်တိုင်စားစရာလိုက်ပို့တဲ့စူပါဗီအိုင်ပီပြုစုမှုကိုခံစားလို့ရတယ်တဲ့။ အဲ့ဒါအမှန်ဖြစ်မယ်မထင်ထားခဲ့မိဘူးကွာ။"
"စားတာကမင်းတို့ပါးစပ်ကိုမပိတ်နိုင်ဘူးပဲ။" လင်ခုံးလုမျက်နှာသေဖြင့်ပြောလိုက်သည်။
ပြောပြီးနောက် သူဟင်းပွဲများကိုချကာ သီးသန့်အခန်းထဲကထွက်သွားလိုက်သည်။
ဟောခန်းမဘေးကဖြတ်သွားချိန် လူနှစ်ယောက်ကဆိုင်ထဲဝင်လာပြီး တစ်ယောက်ကမသိမသာဖြူနေသည့်မီးခိုးရောင်ဆံပင်နှင့်အဖိုးအိုဖြစ်ပြီး တုတ်ကောက်ကိုင်ထားပေမဲ့ သူ့ခန္ဓာကိုယ်မှာအတော်လေးသန်မာပုံပင်။ သူ့ဘေးမှာတော့ရိုသေလေးစားသောမျက်နှာထားဖြင့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ကာ အဖိုးအို၏လက်အောက်ငယ်သားဖြစ်ပုံရသည်။
ဆိုင်ကအရမ်းအလုပ်ရှုပ်နေတာမို့ သူတို့ကိုကြိုဆိုမည့်စားပွဲထိုးတစ်ယောက်မှမရှိတာကို လင်ခုံးလုမြင်လိုက်ရတော့ ရှေ့တိုးကာပြောလိုက်သည်။
"မဂ်လာပါဗျ၊ လူကြီးမင်းတို့က?"
အဖိုးအိုကခေါင်းမော့ကာသူ့ရုပ်ရည်ကိုသေချာမြင်သွားပြီး သူ့မျက်ဝန်းထဲမှာအံ့အားသင့်မှုတစ်ချက်လက်သွားပြီးနောက် သက်လတ်ပိုင်းလူကြီးကိုလှည့်ကြည့်လိုက်သည်။
သက်လတ်ပိုင်းလူကြီးကသူ့နားထဲမှာတီးတိုးပြောလိုက်တော့ အဖိုးအိုကခေါင်းငြိမ့်ပြလိုက်ပြီး ဖြစ်စဥ်တစ်ခုလုံးမှာသူ့ကိုသေချာကြည့်ဖို့မမေ့ပေ။
လင်ခုံးလုပဟေဠိဖြစ်သွားရသည်။
"ကျွန်တော့်ကိုသိလို့လားဗျ?"
သက်လတ်ပိုင်းလူကြီးကသူ့ကိုပြုံးပြလာပြီး ခေါင်းမခါပြသကဲ့သို့ခေါင်းလဲမငြိမ့်ပြလာပေ။
အခြားတစ်ဖက်မှာ အဖိုးအို၏မျက်လုံးများကတစ်အောင့်ကြာကျေနပ်သွားပြီးနောက်...အနည်းငယ်ထူးဆန်းသွားကာ နောက်ဆုံးချောင်းအသာဟမ့်ပြီး ပြောလာသည်။
"မင်းကကြည့်ကောင်းပြီးတော့ အရမ်းချောသားပဲ။"
လင်ခုံးလု: "?"
"အဟမ်း၊ ဒီအဖိုးကြီးရဲ့ခြေထောက်တွေအကြာကြီးရပ်နေရလို့ပင်ပန်းနေတာမင်းမမြင်ဘူးလားကွယ့်?"
အဖိုးအိုကရုတ်တရက်သူ့မျက်နှာကိုတည်တင်းလိုက်ပြန်သည်။
လင်ခုံးလု: "...လူကြီးမင်းတို့ဘိုကင်တင်ထားလားဗျ?"
"အင်း။" သက်လတ်ပိုင်းလူကြီးကသူ့ဖုန်းကိုအမြန်ထုတ်ကာပြောလာသည်။
"ကြည့်၊ ဒါကဘိုကင်နံပါတ်ပါ။"
လင်ခုံးလုသိပ်အများကြီးမတွေးဘဲ ဘိုကင်နံပါတ်ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
"ကျွန်တော့်နောက်လိုက်ခဲ့ပါ။"
ထိုနှစ်ယောက်အတွက်စားပွဲမှာတံခါးနှင့်သိပ်မဝေးပေ။ အဖိုးအိုကအနည်းငယ်မပျော်မရွှင်ဖြစ်သွားကာပြောမိသည်။
"ဘာလို့သီးသန့်အခန်းမရှိတာလဲ။"
သက်လတ်ပိုင်းလူကြီးကပြောလာသည်။
"စီးပွားရေးကအရမ်းကောင်းလွန်းလို့ ကျွန်တော်သီးသန့်အခန်းမှာလို့မရခဲ့ဘူး။"
"ရပါတယ်။" အဖိုးအိုတွန့်ဆုတ်စွာလက်ခံလိုက်ပြီး ထိုင်ပြီးနောက်စားစရာမမှာဘဲ လင်ခုံးလုကိုတည့်တိုးပြောလိုက်သည်။
"လူငယ်လေး၊ မင်းလဲထိုင်ပါအုံး။"
လင်ခုံးလုဇဝေဇဝါဖြစ်သွားရပေမဲ့ ထိုင်လိုက်သည်။
သူထိုင်တာကိုမြင်လိုက်ရတော့ အဖိုးအိုကချောင်းအသာဟမ့်ကာ ရုတ်တရက်လေးနက်သောမျက်နှာဆင်မြန်းကာ အဓိကအချက်ကိုတည့်တိုးပြောလိုက်သည်။
"ငါကြားတာကတော့ မင်းမှာယန်းစစ်လို့ခေါ်တဲ့ကောင်လေးရှိပြီးတော့ သူကမှတ်ဉာဏ်ပျောက်နေတာဆို၊ ဟုတ်တယ်မလား။"
လင်ခုံးလု: "...." ဒီအဖိုးအိုကဘယ်သူလဲဆိုတာသူခန့်မှန်းမိသွားပြီ။
"ငါဒီနေရာကိုရှာတွေ့သွားပြီဆိုမှတော့ မင်းငါ့ကိုဖုံးကွယ်ထားစရာမလိုတော့ဘူး။ ဟုတ်တယ်၊ သူကငါ့မြေးအရင်းခေါက်ခေါက်ပဲ။ သူ့နာမည်အစစ်ကယန်းစစ်မဟုတ်တဲ့ကုစစ်ပဲ။ သူကတကယ်တော့Cမြို့တော်ကကုအုပ်စုရဲ့ခေါင်းဆောင်ဆိုတာမင်းမသိလောက်ဘူး၊ မင်းနဲ့သူ...."
အဖိုးအိုကသူ့ကိုမရည်ရွယ်ဘဲကြည့်ကာ ခေါင်းခါပြီးပြောလာသည်။
"မင်းတို့ကြားကကွာဟချက်ကသိပ်ကြီးလွန်းတယ်။"
လင်ခုံးလုခေါင်းငုံ့ကာ သူ့ကိုယ်သူတိတ်တခိုးစစ်ဆေးလိုက်သည်: suitနဲ့ တီရှပ်နဲ့ဘောင်းဘီကြားကကွာဟချက်လား?
"ဒါကတစ်သန်းပဲ။" အဖိုးအိုကရုတ်တရက်ကဒ်တစ်ကဒ်ဆွဲထုတ်ကာ မောက်မာစွာပြောလာသည်။
"ငါ့မြေးအနားကထွက်သွား။"
လင်ခုံးလု၏နှုတ်ခမ်းထောင့်မသိမသာတွန့်သွားရသည်: "....."
ဒါကိုမြင်သော်သူ့ဘေးကသက်လတ်ပိုင်းလူကြီးမှာအနည်းငယ်စိုးရိမ်သွားကာ အဖိုးအိုကိုအနားကပ်လာဖို့လက်ဟန်ပြပြီး နားထဲမှာတီးတိုးပြောလိုက်သည်။
"ဘာလို့သူ့ကိုပိုက်ဆံပေးပြီးမောင်းထုတ်တာလဲခင်ဗျ?"
"ငါအားစစ်အတွက်သူ့ကောင်လေးကိုစမ်းသပ်ချင်လို့မရဘူးလား။"
အဖိုးအိုကလည်းအသံတိုးလိုက်သည်။
"ဒါဆို တစ်သန်းပေးတာကအရမ်းနည်းတယ်လေ။"
"မင်းဘာတွေပြောနေတာလဲ။ ငါသန်းတစ်ရာပေးလိုက်လို့ သူစမ်းသပ်ချက်ကိုတောင့်မခံနိုင်ဘဲ ငါ့မြေးအစားပိုက်ဆံကိုတကယ်ရွေးသွားရင်ဘယ်နှယ့်လုပ်မတုန်း?"
"အဖိုးကိုမပြောခဲ့ဘူးလား၊ ဒီလင်လူကြီးမင်းကငယ်ငယ်လေးနဲ့ကိုယ်ပိုင်စီးပွားရေးစလုပ်ခဲ့...."
"ဟေ့၊ ငါသိတယ်၊ စီးပွားရေးကျရှုံးသွားတယ်မလား။ မင်းဒါကိုဘာလို့အရေးစိုက်နေတာလဲ။ ကိစ္စမရှိပါဘူး၊ ငါအဲ့ဟာတွေကိုဂရုမစိုက်ဘူး၊ အားစစ်သဘောကျသရွေ့ပေါ့။"
သက်လတ်ပိုင်းလူကြီး: "မဟုတ်...."
"အေးပါ၊ လေရှည်မနေနဲ့တော့။" အဖိုးအိုသူ့ကိုတန်းဖြတ်ပြောလိုက်ပြီးမှ ပြန်ထိုင်ပြီး တည်တင်းသောမျက်နှာဖြင့် ဆက်စမ်းလိုက်သည်။
"ဘယ်လိုလဲ၊ လူငယ်လေး၊ မင်းသဘောတူလား။"
သူသေချာပေါက်သဘောတူမှာမဟုတ်ဘူး၊ တစ်သန်းကCမြို့တော်မှာအိမ်ကောင်းကောင်းဝယ်ရန်မလုံလောက်ပေ။ မျက်စိကောင်းတဲ့ဘယ်သူမဆို သူကသူ၏မထိုက်တန်သောမြေးကိုရွေးသင့်မှန်းသိလိမ့်မည်။
သို့သော်လည်း လင်ခုံးလုကကဒ်ကိုရုတ်ခြည်းကောက်ကိုင်ကာ လန်းဆန်းသောမျက်နှာထားဖြင့်တစ်အောင့်ကြာကြည့်လိုက်ပြီးမှ ရိုးသားစစ်မှန်စွာမေးလိုက်သည်။
"passwordက?"
အဖိုးအို: "?"
လင်ခုံးလု: "ပွင့်ပွင့်လင်းလင်းပြောရရင် တစ်သန်းကမလုံလောက်ဘူးရယ်။"
အဖိုးအိုသက်မချလိုက်မိသည်၊ သူကဒီအတိုင်းပြောလိုက်ရုံပဲကိုး၊ သူသူ့မြေးကိုရွေးမှာပါ။
"အဖိုးရဲ့မြေးကကျွန်တော့်ကိုတစ်သန်းကျော်ကုန်အောင်လုပ်သွားတာဗျ။"
လင်ခုံးလုရိုးသားစွာပြောလိုက်သည်။
အဖိုးအို: "??"
"ကျွန်တော်ကုန်ကျစရိတ်တွက်ပြရင်ကောဘယ်လိုလဲ။" လင်ခုံးလုပြောလိုက်သည်။
"သူကျွန်တော်နဲ့အတူရှိတဲ့ပထမဆုံးနေ့မှာ ကျွန်တော်သူ့ကိုယွမ်တစ်သိန်းတန်ကဒ်နဲ့ယွမ်သုံးသိန်းတန်ကဒ်ပေးခဲ့တယ်၊ ပြီးတော့အဲ့နေ့ညမှာသူကယွမ်တစ်သိန်းကျော်တန်စားစရာမှာခဲ့သေးတယ်၊ ပြီးတော့ အဝတ်အစားဖိုး၊ ဖုန်းဖိုး၊ နာရီဖိုး၊ ထီငယ်...အဟွတ်၊ ခြုံပြောရရင် ပေါင်းလိုက်တော့စုစုပေါင်းကတစ်သန်းကျော်နေပြီလေ။"
အဖိုးအို: "???"
သူခေါင်းလှည့်ကာ သက်လတ်ပိုင်းလူကြီးကိုကြည့်မိတော့ ထိုသူကသက်ပြင်းချကာဆိုလာသည်။
"အဖိုးခုနကကျွန်တော့်စကားမှနားမထောင်တာ၊ လင်လူကြီးမင်းရဲ့စီးပွားရေးကတော်တော်လေးအောင်မြင်နေတာဗျ။"
အဖိုးအို: "....."
သူလင်ခုံးလုဆီကတိတ်တိတ်လေးကဒ်ပြန်ယူကာ စကားပြောင်းပြောလိုက်သည်။
"တစ်သန်းမပေးတော့ဘူး၊ ဒီတော့ ငါ့မြေးကိုလက်ထပ်ဖို့မကြိုးစားနဲ့တော့။"
လင်ခုံးလု: "?"
ဆိုင်ထဲဝင်လာသည်နှင့် သူ့အဖိုး၏အသံကိုကြားလိုက်ရတဲ့ကုစစ်: "?"
အဖိုးအိုကပြောပြီးနောက်ဆက်ပြောလာသည်။
"ဒါနဲ့စကားမစပ် လူငယ်လေး၊ မင်းရဲ့မိသားစုမှာအဖိုးရှိသေးလား။"
သူယွမ်တစ်သိန်းတန်စားစရာတစ်ခါမှမစားခဲ့ဖူးဘူး၊ ဒီသောက်ကောင်လေးကုစစ်ကတော့!
________________________