လင်ခုံးလုမှာရှက်ရွံ့သောမျက်နှာထားရှိနေလျက် သူ့မှာအဖိုးမကင်းမဲ့ကြောင်းဖော်ပြရန်ခေါင်းအမြန်ခါပြလိုက်မိသည်၊ အဓိကအကြောင်းရင်းကတော့ သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်မှာအဖေအပိုရှိလာမှာကိုလောင်လင်သေချာပေါက်လက်ခံမှာမဟုတ်သောကြောင့်ပင်။
ဒါပေမဲ့---
သူဘဏ်ကတ်ကိုတင်းကြပ်စွာဆုပ်ကိုင်ကာ ရိုးသားစစ်မှန်စွာအကြုံပြုလိုက်သည်။
"အဖိုးထပ်မစဥ်းစားတော့ဘူးလား။ နောက်တစ်သန်းထပ်ထည့်လိုက်ရင်ကောဘယ်လိုလဲ၊ ကျွန်တော်ပိုက်ဆံယူပြီးရင်အဖိုးမြေးနားကထွက်သွားမယ်လို့ကတိပေးပါတယ်။"
ဒါပေမဲ့သူကကျွန်တော့်နားကမထွက်သွားနိုင်ဘူးလေ၊ အဲ့ဒါကနောက်တစ်ကဏ္ဍပေါ့။
"ကျွန်တော်တို့အားလုံးကစီးပွားရေးသမားတွေပဲကို၊ ဒီတော့ပြန်ပေးရမယ်မလား။"
လင်ခုံးလု၏လေသံမှာပုံမှန်မဟုတ်စွာရိုးသားစစ်မှန်လျက်။
ဒါကိုကြားသော် ကုဖိုးဖိုးအူမြူးသွားကာ "ဟေး"ဟုဆို၍
"မင်းတို့တွေအပေးအယူလုပ်တဲ့နေရာမှာတယ်တော်သကိုး၊ ဒါပေမဲ့အခွင့်အရေးကမရှိတော့ဘူးကွဲ့၊ မင်းသိရဲ့လား။ ငါခုနကမင်းကိုတစ်သန်းပေးပေမဲ့ ကံဆိုးချင်တော့မင်းမယူခဲ့ဘူးလေ။ အခုတော့မင်းသူနဲ့အတူရှိဖို့ဆို တစ်သန်းပေးရမယ်။"
"ကျွန်တော်ကပြန်ပေးရအုံးမှာပေါ့?" လင်ခုံးလုတမင်ရည်ရွယ်ချက်ရှိရှိခါးသက်သောမျက်နှာဖြင့်ပြောလိုက်သည်။
"လူငယ်လေး၊ ဒီလောက်ကြမ်းကြမ်းတမ်းတမ်းမပြောရဘူးလေကွယ်။"
ကုဖိုးဖိုးကစိတ်အားထက်သန်စွာတိုက်တွန်းလာသည်။
"လူနှစ်ယောက်ကဘယ်လိုလုပ်ပိုက်ဆံအတူဖြုန်းလို့ရမှာလဲ။ မင်းသတို့သား၊ သတို့သမီးခန်းဝင်ပစ္စည်းမလိုအပ်ဘူးလား။ ငါ့ကိုယုံ၊ တစ်သန်းကသိပ်မများတာမို့ မင်းမခံစားရပါဘူးကွာ။"
"ဒါပေမဲ့ကျွန်တော်ကတော့တော်တော်လေးစျေးကြီးတယ်လို့ထင်တာပဲ။"
လင်ခုံးလုလေးနက်နေပုံရကာ ကုဖိုးဖိုးကိုင်ထားသည့်ဘဏ်ကတ်ကိုဆောင့်ဆွဲပြီး အကြုံပြုလိုက်သည်။
"အဖိုးကျွန်တော့်ကိုဘာလို့ကတ်မပေးလိုက်တာလဲဗျ?"
ပိုက်ဆံနည်းနည်းယူရုံပဲလေ၊ ဘာပဲဖြစ်ဖြစ် ကုစစ်ကတကယ်ထွက်သွားမှာမှမဟုတ်တာ။
ကုစစ်နားမထောင်နိုင်တော့ဘဲ မည်းမှောင်သောမျက်နှာဖြင့်ရှေ့ကိုလျှောက်သွားကာမေးလိုက်သည်။
"ဘာကတ်လဲ။"
သူရုတ်တရက်ပေါ်လာတာကိုမြင်လိုက်ရတော့ လင်ခုံးလုနှင့်ကုဖိုးဖိုးတို့ပြိုင်တူအံ့အားသင့်သွားမိပြီးမှ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောစရာမလိုဘဲသူတို့လက်ကိုစားပွဲပေါ်တင်ပြီး ဘဏ်ကတ်ကိုအုပ်ကာပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။"
ကုစစ်: "......" ဟက်။
သူလင်ခုံးလုဘက်လျှောက်သွားကာ ရပ်မြဲရပ်လျက် သူ့လက်ကိုတစ်ဖက်လူ၏ပုခုံးပေါ်တင်ကာ သူ့လက်ချောင်းထိပ်ဖြင့်သူ့ဂုတ်ပိုးကိုအလိုလိုကုတ်ခြစ်ပြီးမေးလိုက်သည်။
"ခင်ဗျားဘာလို့ဧည့်သည်နဲ့စကားထိုင်ပြောနေတာလဲ။"
လင်ခုံးလုမှာအကုတ်ခံရမှုကြောင့် ယားစိစိဖြစ်လာပြီး သူ့လည်ပင်းကိုကျုံ့ကာ ရှင်းပြလိုက်မိသည်။
"ဒီလူကြီးမင်းကမင်းရဲ့အဖိုးလို့ပြောတယ်။"
သူကုစစ်ကိုပထမဆုံးမြင်လိုက်ရတုန်းက အဖိုးအိုနောက်ကသက်လတ်ပိုင်းလူကြီးမှာသိသိသာသာကိုအနည်းငယ်စိတ်လှုပ်ရှားသွားခဲ့သည်။
သူကားကုမိသားစု၏အိမ်တော်ထိန်းဖြစ်ပြီး ကုစစ်ကြီးပျင်းလာတာကိုမြင်ခဲ့ရသည်။ ဒီအခိုက်အတန့်မှာ သူ့မျက်လုံးများကအနည်းငယ်စိုစွတ်သွားကာ သူ့အသံမှာမသိမသာတုန်ယင်နေလျက်။
"သခင်လေး၊ သခင်လေးအဆင်ပြေတာတကယ်ကောင်းတယ်။"
ကုသခင်ကြီးမှာမူပျော်ရွှင်ပေမဲ့ ထိန်းချုပ်နိုင်သေးသည်။ ဘာလို့လဲဆိုတော့ကုစစ်ပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာသူ့ကိုဖုန်းခေါ်ခဲ့သဖြင့် သူစိတ်လှုပ်ရှားခဲ့ရတာကြာပြီဖြစ်သည်။
ဒါပေမဲ့သူ့အန္တရာယ်ကင်းကြောင်းသူ့ကိုဖုန်းခေါ်ပြောတုန်းကဒီကလေးဘာပြောခဲ့လဲ။ ကုမိသားစုမှာအတွင်းသူလျိုရှိနေတာမို့ သူပြန်မလာဘဲ တစ်ခုခုဖြစ်သွားချင်ယောင်ဆောင်နေပေမဲ့ အမှန်တော့အမှောင်ထဲမှာပုန်းခိုကာ မကောင်းသောရည်ရွယ်ချက်ရှိသူတို့ကိုဖြည်းညှင်းစွာဖြေရှင်းနေခြင်းဖြစ်သည်ဟုပြောသွားခဲ့သည်။
အဆုံးမှာတော့ ဒီကလေးကCမြို့တော်မှာဒိတ်လာလုပ်နေတာဖြစ်သည်ပင်။ သတင်းထုတ်ပြောလာသည့်ယွီမိသားစုကြောင့်ကောင်လေးကြောင့်မဟုတ်ရင် သူအခုထိထိုသို့ထင်မှတ်နေအုံးမည်ပင်။
ကုလူအိုကြီးမှာသူ့ပျော်ရွှင်မှုကိုဖိနှိပ်ကာ နှာမှုတ်လျက် မသာမယာပြောလိုက်သည်။
"မင်းကအခုအတောင်စုံသွားပြီဆိုတော့ ဘယ်သူမှမင်းကိုမထိန်းချုပ်နိုင်တော့ဘပဲ။ ဒီလူအိုကြီးကိုမြင်တဲ့အချိန်မှာမမြင်ချင်ယောင်ဆောင်ပြီးတော့ နှုတ်တောင်မဆက်ဘူးလေ။"
ကုစစ်ခေါင်းကိုက်လာရသည်၊ သူခုနကမုန့်ဖန်းတုံကိစ္စကိုကြုံတွေ့ခဲ့ရသဖြင့် ရှောင်ပါ့သူ့အပေါ်သံသယဝင်နေလားဆိုတာသူမသိပေ။ အခုချိန်သူသာမှတ်ဉာဏ်ရုတ်တရက်"ပြန်ရ"လာလိုက်ရင် တမင်လုပ်မှန်းအရမ်းသိသာသွားလိမ့်မယ်။
ဒါကိုတွေးမိရင်း သူသူ့အဖိုးကိုမျက်စိတစ်ဖက်အမြန်မှိတ်ပြကာ တည်ငြိမ်စွာပြောလိုက်သည်။
"စိတ်မရှိပါနဲ့၊ ကျွန်တော်လွန်ခဲ့တဲ့လအနည်းငယ်တုန်းကပင်လယ်ထဲကျသွားပြီးမှတ်ဉာဏ်ပျောက်သွားတာမို့ ကျွန်တော်တကယ်မမှတ်မိတာ၊ လူကြီးမင်းကတကယ်ပဲကျွန်တော့်အဖိုးလား။"
ကံဆိုးချင်တော့ ကုဖိုးဖိုးကသူ၏ဦးနှောက်လှိုင်းကိုမရသွားဘဲ တုတ်ကောက်နှင့်ချက်ချင်းထရပ်ကာ စူးစိုက်ကြည့်ပြီးဆိုလာသည်။
"ဘာပြောတယ်? ထပ်ပြောလိုက်စမ်း၊ မင်းဘာလုပ်ဖို့ကြိုးစားနေလဲငါမသိဘူးထင်နေလားကွ? မြေးစုတ်လေးရဲ့!"
မင်းလွန်ခဲ့တဲ့ရက်အနည်းငယ်ကဖုန်းခေါ်တုန်းကကောင်းနေပြီမဟုတ်ဘူးလား။
အိမ်တော်ထိန်းကသူ့ကိုအမြန်တားကာစည်းရုံးလိုက်သည်။
"စိတ်အေးအေးထားပါ၊ သခင်ကြီးရယ်၊ သခင်လေးကသေချာပေါက်တမင်လုပ်တာမဟုတ်ပါဘူး။"
ကုစစ်မျက်မှောင်ကြုတ်ကာပြောလိုက်မိသည်။
"အဲ့လိုမပြောနဲ့၊ လူကြီးမင်း၊ ကျွန်တော်ဂရုမစိုက်ဘူး၊ ဒါပေမဲ့လူကြီးမင်းဘာဖြစ်လာပြီလဲသိရဲ့လား။"
ဘာဖြစ်လာလဲ။ လိပ်မြေးလေးရဲ့အဖိုးက....ဒါပေါ့ အရူးတစ်ယောက်ပဲဖြစ်မှာပေါ့။
ကုဖိုးဖိုးကသူပြောတာကိုနားလည်သွားကာ ဒေါသထွက်လွန်းလို့ သူ့ကိုတုတ်ကောက်ဖြင့်ရိုက်ဖို့ကြိုးစားလာသည်။
လင်ခုံးလုကြက်သေသေသွားရသည်။ ဒီတစ်ခေါက်ကုစစ်မဖုံးကွယ်တော့တာကိုမြင်လိုက်ရရင်း သူရှေ့တိုးကာသူ့ကိုတားပြီး ပြောလိုက်သည်။
"နေပါအုံး၊ အဖိုး၊ ဒါကစားသောက်ဆိုင်ပါ။ အဖိုးကျွန်တော်တို့ဆိုင်မှာလူရိုက်တာက....စီးပွားရေးကိုထိခိုက်စေလိမ့်မယ်ဗျ။"
ကုစစ်၏နှလုံးသားနွေးထွေးသွားရပေမဲ့ အဖိုးကသူ့ကိုတကယ်ရိုက်မှာမဟုတ်မှန်းသူသိတာမို့ သူ့ကိုအနောက်ကအမြန်လှမ်းဆွဲကာပြောလိုက်သည်။
"ရပါတယ်၊ သူကအကြီးပဲ၊ သူရိုက်ပါစေ။"
ဒါပေမဲ့သူပြောပြီးရုံသာရှိသေး၊ သူ့ခေါင်းမှာတုတ်ကောက်ဖြင့်ဒေါက်ခနဲအရိုက်ခံလိုက်ရသည်။
ကုစစ်: "....."
လင်ခုံးလု: "...." ကောင်းရော။
"များများခေါက်ပေးမယ်၊ မင်းမှတ်ဉာဏ်ပြန်ရရင်ရသွားမှာပေါ့။"
ကုလူအိုကြီးဒေါသတကြီးပြောလိုက်သည်။
အနီးနားရှိစားပွဲထိုးနှင့်ကန်စတမ်မာများမှာလှုပ်ရှားမှုကိုသတိထားမိသွားသည်။ စားပွဲထိုးကအပြေးအလွှားရောက်လာကာ စိုးရိမ်တကြီးမေးလာသည်။
"ဘာဖြစ်တာလဲဗျ?"
အိမ်တော်ထိန်းကရှက်သွားပုံရကာ အလျင်စလိုရှင်းပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ သခင်ကြီးကသူ့မြေးကိုသွန်သင်ဆုံးမနေတာရယ်။"
ကုသခင်ကြီးချက်ချင်းရှက်သွားကာ တောင်းပန်လိုက်သည်။
"ကျုပ်တကယ်အားနာပါတယ်ဗျာ။ ကျုပ်မြေးကိုပထမဆုံးမြင်လိုက်ရတော့ နည်းနည်းစိတ်လှူပ်ရှားသွားလို့ပါကွယ်။"
ပြောပြီးနောက် သူအိမ်တော်ထိန်းကိုပြောလိုက်သည်။ "အခုချက်ချင်းသီးသန့်အခန်းမှာလိုက်တော့။"
ကြည့်လေ၊ ကိုယ့်မြေးကိုယ်ရိုက်ရတာဘယ်လောက်အဆင်မပြေဖြစ်လိုက်လဲ။
စားပွဲထိုးကပဟေဠိဖြစ်သွားပုံရပြီး လင်ခုံးလုသက်ပြင်းချကာသူ့ကိုပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး၊ မင်းသွားလို့ရပြီ။"
ပြောပြီးနောက် လင်ကျန့်ကော်ကအခုပဲသူ့ကိုရှာရန်အနောက်မီးဖိုချောင်ကထွက်လာသည်။
တစ်ဖက်လူကသူ့ကိုမြင်သွားသည်နှင့် သူ့ထံခြေလှမ်းကျဲဖြင့်လျှောက်လာကာ ဒေါသတကြီးဆိုတော့သည်။
"ငါမင်းကိုဟင်းပွဲလိုက်ပို့ခိုင်းကာ မိနစ်နှစ်ဆယ်ကြာတယ်။ မင်းကလိပ်လား?"
လင်ခုံးလုကူကယ်ရာမဲ့သွားကာ ဘာလို့ဒီအပျော်တမ်းကစားပွဲမှာလာဂျွိုင်းတာလဲဟုတွေးလိုက်မိသည်။
"မဟုတ်ပါဘူး၊ ကျွန်တော်အသိမိတ်ဆွေအနည်းငယ်နဲ့ဆုံလို့။"
သူအလျင်စလိုရှင်းပြလိုက်သည်။
ဒါပေမဲ့လင်ကျန့်ကော်ကဆိုသည်။
"ဘာအသိမိတ်ဆွေလဲ။ ငါကျအသိမိတ်ဆွေနဲ့တစ်ခါမှမဆုံဖူးပါလား။ ငါ့အထင်မင်းက...."
"ညီလေးလင်?" သူပြောလို့မပြီးသေးခင် ကုဖိုးဖိုး၏အံ့အားသင့်သောအသံကအနောက်မှထွက်လာသည်။
လင်ကျန့်ကော်လှည့်ကြည့်လိုက်တော့ ကုဖိုးဖိုးကိုမြင်လိုက်ရသဖြင့် သူအံ့သြသွားကာပြောမိသည်။
"အစ်ကိုကြီးကု?"
"အိုက်ယား ယား၊ ဒါကညီလေးလင်ရဲ့တံငါသည်စားသောက်ဆိုင်လား။" ကုသခင်ကြီးမှာစိတ်လှုပ်ရှားလွန်းလို့ တုတ်ကောက်ကိုပစ်ချပြီး ရှေ့တိုးကာ လင်ကျန့်ကော်၏ပုခုံးကိုပုတ်လိုက်ပြီးနောက်အိမ်တော်ထိန်းဘက်လှည့်ကာပြောလိုက်သည်။
"ဒီဆိုင်စီးပွားရေးကောင်းတာအံ့သြစရာမရှိပါဘူး။ ညီလေးလင်ရဲ့အချက်အပြုတ်စကေးကအရမ်းကောင်းတာငါမှတ်မိတယ်။"
ချက်ချင်းပင် လင်ကျန့်ကော်ရိုကျိုးနိမ့်ချကာ အလျင်စလိုပြောလိုက်သည်။
"အစ်ကိုကြီးရဲ့လမ်းညွှန်မှုကိုကျေးဇူးတင်ရမယ်၊ အစ်ကိုကြီးကြောင့် ကျွန်တော်ဒီတံငါသည်စားသောက်ဆိုင်ကိုဖွင့်နိုင်ခဲ့တာ။"
ကုဖိုးဖိုးခပ်မြန်မြန်လက်ခါပြကာ ပြောလိုက်သည်။
"အိမ်း၊ မင်းကကောင်းမွန်တဲ့စားဖိုမှူးတစ်ယောက်မို့ စီးပွားရေးကအနှေးနဲ့အမြန်ရောင်းကောင်းလာတာပါကွာ။ ပြောရရင် ငါတို့မတွေ့ရတာတော်တော်ကြာပြီပဲ။"
"ဟုတ်တယ်၊ ကျွန်တော်တို့နောက်ဆုံးတစ်ခေါက်တွေ့တာကလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကလေ၊ ကျွန်တော်Aမြို့တော်မှာကျွန်တော့်သားကိုလာကြိုတော့ အစ်ကိုကြီးနဲ့မတော်တဆတွေ့ခဲ့တာ။"
"အင်း၊ ငါ့မိသားစုမှာအဲ့နှစ်တွေတုန်းကကိစ္စတွေအများကြီးဖြစ်ခဲ့တာမို့လို့ ငါတကယ်အလုပ်ရှုပ်နေခဲ့တာ။ ဒါပေမဲ့မင်းကောပဲနော်၊ ညီလေး၊ မင်းAမြို့တော်မှာမင်းရဲ့သားကိုကျောင်းလာထားတာဘာလို့ငါ့ကိုမပြောခဲ့တာလဲကွ? ငါသိလိုက်တော့ ကလေးကဘွဲ့တောင်ရသွားပြီ။"
"အိမ်း၊ အစ်ကိုကြီးမိသားစုမှာတစ်ခုခုဖြစ်သွားတယ်ကြားလို့ ကျွန်တော်အစ်ကိုကြီးကိုလာမနှောင့်ယှက်ချင်ခဲ့တာပါဗျာ။"
"အပြင်မှာတွေ့လို့ရတာပဲကို?"
"အာ..."
လင်ခုံးလု: "?"
ကုစစ်: "?"
နှစ်ယောက်သားမှာပဟေဠိဖြစ်သောမျက်နှာထားဖြင့်အပြန်အလှန်ကြည့်မိကြသည်။
လင်ကျန့်ကော်ကကုဖိုးဖိုးကိုတွေ့ဖူးမှန်းလင်ခုံးလုသိသည်။ သူကမ်းခြေမှာဒဏ်ရာရထားသည့်ကုစစ်ကိုခေါ်လာတုန်းက ကုမိသားစုမှကုဖိုးဖိုးကသူ့ကိုလာခေါ်သွားခဲ့တာဖြစ်သည်။
ဒါပေမဲ့လင်ကျန့်ကော်ကကုဖိုးဖိုးနှင့်အစ်ကိုကြီး၊ ညီလေးဟုခေါ်မှန်းသူမသိခဲ့ပေ၊ ကြည့်ရတာတော့နောက်ပိုင်းမှရင်းနှီးသွားကြတဲ့ပုံပဲ?
ထိုအကြောင်းတွေးနေတုန်း သူတို့နှစ်ယောက်ကသူ့အကြောင်းပြောနေကြပြီဖြစ်သည်။
"ဟေ့၊ ညီလေး၊ မင်းသားဘယ်မှာလဲ။"
လူအိုကြီးကုကမေးလာသည်။
လင်ကျန့်ကော်ကလင်ခုံးလုကိုဖြန်းခနဲတစ်ချက်ချကာ သူ့ပုခုံးကိုခပ်ပြင်းပြင်းပုတ်ပြီး သူ့ကိုလှုပ်ခါလျက် အပြုံးတစ်ပွင့်ဖြင့်ဆိုလိုက်သည်။
"ဟုတ်၊ သူလေ။"
ကုဖိုးဖိုးထိတ်လန့်အံ့သြသွားရသည်။
"ဒီတော့သူကရှောင်လုပေါ့? အံ့သြစရာပဲ၊ ဘယ်လောက်....တိုက်ဆိုင်လိုက်လဲ၊ ငါအခုပဲနာမည်ကရင်းနှီးသလိုပဲလို့ပြောနေတာ။"
အိမ်တော်ထိန်းကလည်းအလွန်အံ့အားသင့်သွားကာ အမြန်ချီးကျူးလိုက်သည်။
"ဒီတော့လင်လူကြီးမင်းကသူငယ်ချင်းလေးရှောင်လုပေါ့? တကယ့်ကို၁၈နှစ်တာပြောင်းလဲမှုရှိတဲ့ယောကျ်ားတစ်ယောက်ပေကိုး၊ အရွယ်ရောက်လာလေ ပိုကြည့်ကောင်းလာလေလေပဲ။"
"ကြည့်ကောင်းရုံမကဘူး၊ ဉာဏ်လဲကောင်းတယ်။ ငါကြားတာကတော့သူခြစ်ကုပ်စုဆောင်းပြီးတော့စီးပွားရေးစလုပ်ခဲ့တာ ကုမ္ပဏီသူဌေးတစ်ယောက်ဖြစ်နေပြီဆို? အင်း၊ ငါ့မိသားစုကလူအိုကြီးတွေကိုပဲစားဖို့တတ်နိုင်တဲ့တစ်ယောက်နဲ့လုံးဝမတူဘူးပဲ။"
ကုဖိုးဖိုးကကုစစ်ကိုရွံရှာစက်ဆုပ်သောအကြည့်တစ်ချက်တမင်ပေးလိုက်သည်။
ကုစစ်: လူအိုကိုစားတယ်?
"အမှန်ပဲ။" အိမ်တော်ထိန်းကဆက်မြှောက်သည်။
"ရှောင်လုလူကြီးမင်းကငယ်ငယ်ထဲကဉာဏ်ကောင်းတာ၊ မဟုတ်ရင်အဲ့လိုအသက်ငယ်ငယ်လေးမှာသခင်လေးကိုကယ်နိုင်ခဲ့မှာတဲ့လား။"
ကုစစ်: "...ခဏနေပါအုံး။"
အခုဘာတွေဖြစ်ကုန်လဲဆိုတာသူ့ကိုဘယ်သူရှင်းပြနိုင်မလဲ?
သို့သော်ငြား တစ်ယောက်မှသူ့ကိုအဖက်မလုပ်ကြ။ လင်ကျန့်ကော်အမြန်ပြောလိုက်သည်။
"အိမ်း၊ သူ့ကိုမချီးကျူးနဲ့၊ ဒီကလေးကသူ့ကိုချီးကျူးတာမကြိုက်ဘူးရယ်။ သွားရအောင်၊ အစ်ကိုကြီးဒီကိုလာတာရှားတယ်။ ဒီနေ့ကျွန်တော်ကိုယ်တိုင်ချက်ပြီးတော့ စားပွဲတစ်ခုလုံးကိုဂရုစိုက်ပေးမယ်ဗျာ။ သီးသန့်အခန်းရသေးလားကြည့်တာပေါ့။"
"ကောင်းသားပဲ။" ကုဖိုးဖိုးမှာစိတ်လှုပ်ရှားကာသူ့ပေါင်ကိုဖြန်းခနဲရိုက်ပြီး အလျင်စလိုပြောလိုက်သည်။
"သွားစို့၊ လောင်ကျောင်း၊ ဒီနေ့မင်းငါမျက်နှာသာပေးတာခံလိုက်ရပြီ၊ မင်းကံကောင်းတယ်ကွ။ ညီလေးလင်ရဲ့အချက်အပြုတ်စကေးကအရမ်းမိုက်တာ။"
လောင်ကျောင်းကားသူနှင့်အတူလာသည့်အိမ်တော်ထိန်းဖြစ်ပြီး သူကအပြုံးလေးဖြင့်ခေါင်းငြိမ့်ကာပြောလိုက်သည်။
"ဟုတ်ကဲ့။"
ထို့နောက် သုံးယောက်သားစကားပြောကာရယ်မောလျက်အတူထွက်သွားကြပြီး လူအိုကြီးကုမှာသူ့တုတ်ကောက်ကိုပင်မယူသွားဘဲ လှစ်ခနဲလမ်းလျှောက်သွားလေသည်။
လင်ခုံးလုနှင့်ကုစစ်တို့တစ်ယောက်ကိုတစ်ယောက်ကြည့်မိပြန်သည်။
ကံကောင်းစွာဖြင့် ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ကုဖိုးဖိုးကရုတ်တရက်ခေါင်းလှည့်လာသည်။
ကုစစ်ချက်ချင်းလေးနက်သွားကာ သူ့မှာသူ့ကိုပြောစရာရှိသည်ဟုတွေးလိုက်ပေမဲ့ ဘယ်သူသိမှာလဲ--
"ရှောင်လုလဲလာလေကွာ၊ ဘာလို့အဲ့မှာရပ်နေတာတုန်း?"
ကုလူအိုကြီးကတိုက်တွန်းလာသည်။
လင်ခုံးလု: "အာ၊ လာပါပြီဗျ။"
ပြောပြီးနောက် သူကုစစ်ကိုတစ်ချက်ကြည့်ကာ နောက်ကအမြန်လိုက်သွားသည်။
ကုစစ်: "....."
သူ့ကိုဘယ်သူမှမခေါ်ပေမဲ့လည်း သူလက်ဦးမှုရယူကာလိုက်သွားလိုက်သည်။
သီးသန့်အခန်းထဲရောက်သွားပြီးနောက် လင်ခုံးလုကဟင်းပွဲသွားယူစဥ် သူကုဖိုးဖိုးကိုခပ်တိုးတိုးမေးလိုက်သည်။
"အဖိုး၊ ရှောင်လုကျွန်တော့်ကိုကယ်ခဲ့တယ်ဆိုတာကဘာကိုပြောတာလဲ။"
ကုဖိုးဖိုးကသူ့ကိုတစ်ချက်ကြည့်ကာနှာမှုတ်လိုက်သည်။
"မင်းမှတ်ဉာဏ်ပျောက်နေတာမဟုတ်ဘူးလား။"
ကုစစ်: "...." ကျွန်တော်ကျွန်တော့်ဇနီးလေးနောက်လိုက်ဖို့ ဟန်ဆောင်နေတာလေဗျာ။
ဒါပေမဲ့ဒီလိုရှက်စရာကောင်းတဲ့ကိစ္စကိုပြောလိုက်လို့ရှိရင် လူအိုကြီးကသူ့ကိုနှစ်ပေါင်းများစွာကြာအောင်လှောင်ရယ်နေမှာမလား။
ဒါကိုတွေးမိရင်း သူအိမ်တော်ထိန်းကိုကြည့်လိုက်ပြန်ကာပြောလိုက်သည်။
"ဦးလေးကျောင်း...."
ကုဖိုးဖိုးကအိမ်တော်ထိန်းကိုအကြည့်တစ်ချက်ချက်ချင်းပေးလိုက်တော့ အိမ်တော်ထိန်းကရှက်ရွံ့စွာပြောလိုက်သည်။
"သခင်လေး၊ ကျွန်တော့်ကိုမမေးပါနဲ့ဗျာ။"
ကုစစ်အံကြိတ်လိုက်ရပြီး ရွေးချယ်စရာမရှိတဲ့အဆုံး ကုဖိုးဖိုးကိုထပ်ကြည့်လိုက်မိသည်။
ကုဖိုးဖိုးကသက်ပြင်းချလာသည်။
"အိမ်း၊ ငါကအသက်ကြီးလာပြီ၊ အိုနေပြီဆိုတော့မှတ်ဉာဏ်သိပ်မကောင်းတော့ဘူးပဲ။"
ကုစစ်: "....."
ကံကောင်းစွာဖြင့် ကုဖိုးဖိုးကတစ်ခဏသ.အရှက်ရစေပြီး ခပ်မြန်မြန်ပြောလိုက်သည်။
"ထားလိုက်တော့၊ ငါမင်းကိုပြောပြမယ်။ ဘာမှတော့မဟုတ်ဘူး။ မင်းငယ်ငယ်တုန်းကဒီကမ်းခြေမှာတစ်ခုခုဖြစ်သွားတာ၊ ဖြစ်ချင်တော့ ရှောင်လုကမင်းကိုမတော်တဆတွေ့ပြီး အဲ့တုန်းကမင်းကိုချီအိမ်ခေါ်သွားခဲ့တာလေ၊ မင်းအသက်၇နှစ်၈နှစ်ပဲရှိအုံးမှာ..."
ချီခေါ်တယ်? ကုစစ်မသိမသာလန့်သွားရပြီး ထိုတဝိုးတဝါးမှတ်ဉာဏ်ကသူ့စိိတ်ထဲမှာအလိုလိုပြန်ပေါ်လာသည်။
ဒါပေမဲ့ကုဖိုးဖိုးကဒါကိုပြောပြီးရပ်လိုက်ကာ အသေးစိတ်မပြောပြပေ။
အဆုံးတွင် ကုစစ်ငယ်ငယ်တုန်းကကမ်းခြေပေါ်မှာသူ့မိဘနှစ်ပါးဆီကတမင်အပစ်ခံခဲ့ရကာ မတော်တဆဖြစ်လုနီးပါးဖြစ်သွားခဲ့သည်။ သူထိုအကြောင်းအသေးစိတ်ပြောပြလိုက်ရင် မကောင်းသောမှတ်ဉာဏ်များကိုယူဆောင်လာလိမ့်မည်ပင်။
ပြီးတော့ထိုနောက်ပိုင်းနှစ်နှစ်အတွင်းမှာ ကုစစ်တစ်ယောက်သူ့အမေထံမှတွန်းချခံရကာဒဏ်ရာရသွားပြီး ထို့နောက်သူ့အမေကရူးသွားကာစိတ်ကျန်းမာရေးဆေးရုံကိုအပို့ခံလိုက်ရပြီးနောက် နောက်နှစ်အနည်းငယ်အကြာမှာ သူ့အဖေကမထင်မှတ်ဘဲသေဆုံးသွားခဲ့သည်။
ထိုနှစ်အနည်းငယ်မှာကုမိသားစုအတွက်အခက်ခဲဆုံးအချိန်ကာလများဖြစ်ခဲ့ပြီး လူအိုကြီးကိုယ်၌ပင်ပြန်မတွေးကြည့်ချင်။
ကုစစ်မေးခွန်းထပ်မေးချင်သေးပေမဲ့ လင်ခုံးလုနှင့်လင်ကျန့်ကော်တို့ဟင်းပွဲများကိုင်လျက်ရောက်လာတာကိုမြင်လိုက်ရသော် သူအလျင်စလိုမတ်မတ်ထိုင်မိပြန်သည်။
ထိုစဥ်ကုဖိုးဖိုးလည်းအသိပြန်ဝင်လာကာ ကုစစ်ကိုအမြန်စူးစိုက်ကြည့်လိုက်သည်။
"မင်းစားစရာဘယ်လိုသွားယူရမလဲဆိုတာမသိဘူးလား။"
ကုစစ်: "....."
ဒီဟာကြောင့်ကြားဖြတ်ခံလိုက်ရတော့ သူတို့နှစ်ယောက်လုံးဒီကိစ္စကိုပြောရန်မေ့သွားကြပြန်သည်။
လင်ကျန့်ကော်ကားပင်လယ်စာချက်ပြုတ်ရာတွင်တကယ်ထူးချွန်ပေသည်။ စားပြီးနောက် ကုဖိုးဖိုးကအလွန်ကျေနပ်သွားပေမဲ့ ကုစစ်ကတော့မျက်မှောင်ခဏခဏကြုတ်လျက်။
လင်ခုံးလုအပြင်ထပ်ထွက်သွားတော့ သူလူအိုကြီးကိုမနေနိုင်ဘဲအသိပေးမိသည်။
"အဖိုးမှာသွေးတိုးရှိတယ်၊ လျှော့စားလေ။"
လူအိုကြီးကု: "မင်းမှတ်ဉာဏ်ပျောက်နေတာမဟုတ်လား။"
ကုစစ်: "....." သူဘာမှမပြောဘူးလို့ထားလိုက်တော့။
အခြားတစ်ဖက်၌ လင်ခုံးလုမှာလည်းလင်ကျန့်ကော်နှင့်ကုဖိုးဖိုးအကြောင်းအလွန်သိချင်နေမိသည်။ စားပြီးနောက်ပန်းကန်ကူဆေးပေးချိန်မှာ သူမနေနိုင်ဘဲမေးမိသည်။
"ပါး၊ ပါးဘာလို့ကုလူကြီးမင်းကိုအစ်ကိုကြီးလို့ခေါ်တာလဲဟင်?"
"ငါကသူ့ရဲ့မြေးအကြီးဆုံးကိုကယ်ခဲ့တာလေ၊ ပြီးတော့သူကအစားသမား၊ ငါကဟင်းချက်ကောင်းတယ်၊ ငါတို့နှစ်ယောက်လုံးကငါးမျှားရတာကြိုက်တယ်၊ ငါတို့နှစ်ယောက်လုံးမှာကလေးရှိတယ်၊ ဒီတော့ငါတို့စကားစမြည်ပြောရင်းပြောရင်းနဲ့ မိတ်ဆွေတွေဖြစ်လာကြတာပဲ။"
လင်ခုံးလု: "....."
"ဒီနှစ်တွေမှာပါးတို့အဆက်အသွယ်ရှိခဲ့လား။" သူသိချင်စိတ်ဖြစ်စွာမေးမိပြန်သည်။
"မရှိဘူး။" လင်ကျန့်ကော်ပြောလိုက်သည်။
"အစပိုင်းနှစ်နှစ်တုန်းက ငါတို့ခဏခဏဆက်သွယ်ဖြစ်ကြတယ်၊ ဒါပေမဲ့နောက်တော့ကုမိသားစုမှာကိစ္စတွေအများကြီးဖြစ်သွားခဲ့တာမို့ ခဏခဏနှောင့်ယှက်တာကသူတို့ကိုပြဿနာဖြစ်စေမှာစိုးလို့ ငါတို့တဖြည်းဖြည်းနဲ့အဆက်အသွယ်ပြတ်သွားခဲ့တာပဲ။"
"ပါးဘာလို့ကျွန်တော့်ကိုမပြောပြခဲ့တာလဲ။"
"ငါကဘာလို့မင်းကိုပြောရမှာလဲ။ မင်းကကလေးပဲရှိသေးတာကို။"
လင်ကျန့်ကော်ကအတည်မယူပေ။
လင်ခုံးလုဆွံ့အသွားရသည်၊ သူကCမြို့တော်မှာအချမ်းသာဆုံးလူတစ်ယောက်ဖြစ်နေပြီကို သူကကလေးပဲရှိသေးတယ်တဲ့လား။
ထို့အပြင် သူ့ပါးပါးနှင့်ကုဖိုးဖိုးကတစ်ယောက်ကိုတစ်ယောက်အစ်ကိုကြီးနှင့်ညီလေးလို့ခေါ်တယ်ဆိုတော့ သူကကုစစ်အဖေနှင့်မျိုးဆက်တူတူပဲဖြစ်မသွားဘူးလား။ ဖြစ်နိုင်တာက၊ ကုစစ်ကသူ့ကို...ရှုရှု(ဦးလေး)လို့ခေါ်သင့်တာလားလို့?
_________________________________