Chapter(88)
Viewers 10k

လက်ကောက်ကဘယ်လိုပုံစံရှိလဲဆိုတာ လူအိုကြီးကုဘယ်လိုလုပ်မှတ်မိမှာတုန်း၊ ခရုခွံလက်ကောက်ဆိုပိုဆိုးသေး၊ အကုန်လုံးကဆင်တူကြတယ်မဟုတ်လား။


ဒါပေမဲ့ကုစစ်၏မျက်နှာထားသိပ်မကောင်းမှန်းမြင်လိုက်ရတော့ သူသေချာဂရုတစိုက်ပြန်တွေးကြည့်မိရာ ထင်မြင်ချက်တချို့ကိုတကယ်မှတ်မိသွားပြီး အလျင်စလိုပြောလိုက်သည်။

"အိုး၊ ငါမှတ်မိပြီ၊ ဆိုဒ်တူတဲ့အဖြူရောင်ခရုခွံလေးတွေစီထားပြီးတော့ ယပ်တောင်ပုံစံရှိတယ်၊ ခရုခွံပေါ်မှာကြယ်ပုံစံလေးတွေထွင်းထားပြီးတော့ အနီရောင်ဆေးသုတ်ထားတာ...."


ဒါကိုကြားသော် ကုစစ်၏မျက်နှာထားမှာသိပ်မတိုးတက်လာဘဲ ပိုဆိုးသွားလေသည်။


ဆိုဒ်တူပြီးပုံစံထွင်းထားတယ်ဆိုတော့ ရှောင်ပါ့ကိုယ်တိုင်လိုက်ကောက်ပြီးထွင်းထားတာဖြစ်ရမည်။ ဒါပေမဲ့သူကတော့မေ့သွားရုံတင်မကဘဲ ပျောက်ပါပျောက်သွားသေးတယ်....


ကုစစ်စိတ်မကောင်းဖြစ်သွားရပြီး နေ့လယ်ခင်းမှာကမ်းခြေကိုသွားပြီးခရုခွံလိုက်ကောက်ကာ ၎င်းတို့ကိုခြံဝန်းထဲမှာရေသန့်ဖြင့်တစ်ခုချင်းစီသေချာဆေးကြောပြီး လင်ခုံးလုအတွက်လည်းခရုခွံလက်ကောက်လုပ်ဖို့ကြံရွယ်ထားလိုက်သည်။


ဒါပေမဲ့လင်ခုံးလုအောက်ထပ်ဆင်းလာတော့ဒါကိုမြင်သွားကာ အလိုလိုမေးမိသည်။

"မင်းဘာလို့ခရုခွံလိုက်ကောက်နေတာတုန်း? မင်းဘာလို့ကမ်းခြေမှာမဆေးခဲ့တာလဲဟ? ရေဖိုးကအလကားမို့လို့လား။"


ကုလူအိုကြီးကခြံဝန်းထဲမှာထိုင်လျက်ရေနွေးကြမ်းသောက်နေရင်း သဘောတူဟန်ခေါင်းငြိမ့်ကာဆိုလာသည်။

"အမှန်ပဲ၊ ဒီကောင်လေးကငယ်ငယ်ထဲက ဘယ်လိုချွေတာရမယ်မှန်းမသိတာ။"


ကုစစ်: "...." ဒီနှစ်ယောက်ကရိုမန့်တစ်ဆန်တယ်ဆိုတာဘာမှန်းမသိဘူးပဲ။


လင်ခုံးလုနေ့လယ်မှာအဆင်ပြေသွားသည်။ သူခရုခွံဆေးနေတာကိုတစ်အောင့်ကြာဆောင့်ကြောင့်ထိုင်ကြည့်နေပြီးနောက် ပျင်းရိလာသဖြင့် ထရပ်ကာဟင်းပွဲလိုက်ကူပို့ရန် အနောက်မီးဖိုချောင်ကိုသွားလိုက်သည်။


အမှန်တော့အဖွဲ့ခရီးစဥ်မှာတစ်ရက်သာဖြစ်ပြီး ခရီးထွက်လာကြသည့်ဝန်ထမ်းအားလုံးမှာဒီမနက်ပြန်သွားကြပြီပင်။


ဒါပေမဲ့လင်ခုံးလုကပြန်လာခဲသဖြင့် သူ့ကိုယ်သူအတွက်အားလပ်ရက်ယူပြီး လောင်လင်နှင့်ရက်အနည်းငယ်အချိန်ဖြုန်းရန်ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူကသူဌေးမို့ သူ့မှာပြောခွင့်ရှိသည်ပင်။


ဒါပေါ့၊ အချိန်တစ်ခုစာမထွက်သွားရသည့်နောက်ထပ်အကြောင်းရင်းတစ်ခုရှိသည်ပင်။ အာကာသ-အချိန်စီမံခန့်ခွဲရေးဌာနကရွှေလက်ချောင်းကိုတိုးတက်အောင်ကူညီပြီးပြီဟု0687ကအခုပဲသူ့ကိုပြောလာတာမို့ ဒီနေ့အပိုင်းအစကိုပြန်ယူဖို့အခွင့်အရေးရှာဖို့စီစဥ်ထားသည်။


သူထွက်သွားပြီးနောက် ကုလူအိုကြီးကအကြာကြီးမထိုင်ဘဲ ထထွက်သွားသည်။


တစ်အောင့်ကြာသော် ယွီမင်ရှို့ကအပေါ်ထပ်မှဆင်းလာပြီး ကုစစ်တစ်ယောက်ခရုခွံဆေးနေတာကိုမြင်သွားတော့ ရုတ်တရက်တခစ်ခစ်ရယ်မောလိုက်ပြီး လှည့်ကာအပေါ်ထပ်ကိုပြန်တက်သွားလိုက်သည်။


ကုစစ်ကသတိထားမိပုံမပေါ်ပေ၊ ဒါပေမဲ့ခဏကြာသော် ယွီမင်ရှို့ကလက်ကောက်ဝတ်ထက်ခရုခွံလက်ကောက်ဖြင့် အောက်ထပ်ဆင်းလာပြန်သည်။


သူတမင်ရည်ရွယ်ချက်ရှိရှိကုစစ်ဆီလျှောက်သွားကာ အသစ်စက်စက်ဆေးထားသည့်ခရုခွံကိုကောက်ယူပြီး သူ့လက်ကောက်ဝတ်ပေါ်ကလက်ကောက်ကိုထုတ်ပြကာ ပြောလိုက်သည်။

"ဒီမှာဘာလုပ်နေတာလဲ။ ဥက္ကဌကုကကျောက်မျက်ရတနာစီးပွားရေးဘက်ပြောင်းဖို့စီစဥ်ထားတာလား။"


ကုစစ်ခရုခွံဆေးနေတာရပ်ကာ သူ့မျက်လုံးများကသူ့လက်ကောက်ဝတ်ပေါ်ရှိ အနည်းငယ်မှိန်နေသောခရုခွံလက်ကောက်ပေါ်ရောက်သွားသည်။


ခရုခွံများမှာအလွန်သေးငယ်လှပြီး လက်မအရွယ်သာရှိကာ သိပ်အများကြီးမရှိဘဲ လူရွယ်တစ်ယောက်၏လက်ကောက်ဝတ်ကိုပတ်ရန်မလုံလောက်ပေရာ အလယ်မှာအစိမ်းရောင်ကျောက်တုံးများရှိနေသည်။ ကျောက်တုံးမှာသလင်းကျောက်ပမာကြည်လင်ပေမဲ့ ထိုခရုခွံများကိုအနည်းငယ်....ဟောင်းနွမ်းသွားစေသည်။


ဒါပေမဲ့ဒါကအရေးမကြီးပေ၊ အရေးကြီးတဲ့အရာက.... ထိုခရုခွံများပေါ်မှာကြယ်ပုံစံထွင်းထားပြီး အနီရောင်ဆေးသုတ်ထားသည့်အရိပ်အယောင်ဖော်ပြလျက်။


ကုစစ်ထိုခရုခွံငယ်လေးများကိုစိုက်ကြည့်ကာ သူ့မျက်လုံးရုတ်ခြည်းအေးစက်သွားရသည်။


ယွီမင်ရှို့ကအခုမှသူ့အကြည့်ကိုသတိထားမိသွားပုံရကာ လက်ကောက်ဝတ်ကိုမြှောက်ပြပြီး ဆိုလာသည်။

"မင်းဒါကိုကြည့်နေတာလား။"


ကုစစ်ကစကားပြောမလာ။


"ရင်းနှီးနေတယ်မလား။"


ကုစစ်ကစကားပြောမလာဆဲ။


"ပြောရရင် ငါဆယ်နှစ်ပြည့်မွေးနေ့တုန်းကမင်းငါ့ကိုပေးခဲ့တာလေ။"


ကုစစ်ဒီတစ်ခေါက်တော့စကားပြောလာပြီး အေးစက်စက်အံကြိတ်သံဖြင့်-

"မဖြစ်နိုင်ဘူး။"


"အိုး။" ယွီမင်ရှို့ကမထူးခြားမခြားနားဟန်ဖြင့် အပိုင်းအစကြောင့်ဖြစ်လာသည့်ခေါင်းကိုက်မှုကိုလျစ်လျူရှုကာ ပြောလိုက်သည်။

"မင်းမယုံရင်လဲ ထားလိုက်ပါတော့လေ။"


ပြောပြီးနောက် သူအကြာကြီးမနေဘဲ ထထွက်သွားသည်။


ကုစစ်သူ့နောက်ကျောကိုစိုက်ကြည့်နေပြီးမှ သူ့အကြည့်ကိုပြန်လှည့်ကာ ခရုခွံဆက်ဆေးလိုက်သည်။


လက်ကောက်ကိုယွီမင်ရှို့ယူသွားတာပေါ့?


ကုစစ်၏မျက်နှာမည်းတူးသွားရကာ မျက်နှာထက်ဘာတုံ့ပြန်မှုမှမရှိပေမဲ့ နှလုံးသားမှာတော့ဖြင့် လက်ကောက်ကိုပြန်ယူရမလဲစဥ်းစားနေမိသည်။


ခရုခွံဆေးကြောပြီးနောက် အခြောက်စခံလိုက်သည်။ Cမြို့တော်၏မြို့ဆင်ခြေဖုံးမှာနေခဲ့သည့်ဘော်ဒီဂတ်များကရုတ်တရက်ဖုန်းခေါ်ကာ ယွီမင်ရှို့ဟာလူတို့ကိုစံအိမ်ကြီးထဲတွင်ဘာသာရေးစက်ဝန်းတည်ခိုင်းထားကြောင်းစံအိမ်ကြီးထဲခိုးဝင်သွားသူတို့ကရှာတွေ့ခဲ့သည်ဟုဆိုလာသည်။ စက်ဝန်းမှာပြီးခါနီးပြီဖြစ်ကာ မနေ့ညကကြေးစားစစ်သားများကစံအိမ်ကြီး၏အတွင်းနှင့်အပြင်မှာစောင့်ကြပ်နေကြသည်။


မြွေကိုခြောက်လွှတ်တာကအရမ်းများသဖြင့် ဘော်ဒီဂတ်များကအရင်တပ်ဆုတ်လာခဲ့ကြသည်။


ကုစစ်တစ်အောင့်ကြာတန့်သွားကာ ခရုခွံများကိုစီလိုက်ပြီးမှ မျက်နှာသေဖြင့်ပြောလိုက်သည်။

"မင်းတို့ခပ်လှမ်းလှမ်းကစောင့်ကြည့်နေကြ၊ ငါညကျရင်မြို့တော်ကိုလာခဲ့မယ်။"


ကုစစ်ဟာလည်းယွီမင်ရှို့၏အသစ်ဝယ်ထားသောစံအိမ်ကြီးကို လွန်ခဲ့သောရက်အနည်းငယ်ကစတင်စောင့်ကြည့်ခဲ့သည်။ တစ်ဖက်လူမှာထူးခြားသောစွမ်းရည်ရှိမှန်းသူသိထားသည်၊ ဒီကိစ္စကိုအပိုင်းအစကပြောသွားခဲ့ခြင်းပင်။


ယွီမင်ရှို့၏ပစ်မှတ်ကလင်ခုံးလုဖြစ်ကြောင်း သူ၏အလိုလိုသိစိတ်ကပြောခဲ့သည်။ အပိုင်းအစကလည်းယွီမင်ရှို့ကလင်ခုံးလုကိုထိခိုက်အောင်လုပ်လိမ့်မည်ပြောလာခဲ့သဖြငွ သူအရင်လှုပ်ရှားကာ စံအိမ်ကြီးထဲကအရာများကိုဖျက်ဆီးပစ်ရပေမည်။


ဒါပေမဲ့ရှောင်လုကဒီကိစ္စသိခွင့်မပေးနိုင်၊ သူတစ်ဖက်လူကိုသူနှင့်အတူစွန့်စားခွင့်မပေးနိုင်ပေ။ အရင်ဘဝတုန်းကရှောင်လုသေသွားသည်ဟုအပိုင်းအစကပြောခဲ့သည်....


ကုစစ်၏မျက်နှာရုတ်ခြည်းရုပ်ဆိုးသွားရကာ သူ့လက်ချောင်းများကြားကခရုခွံကိုချေမွမိလုနီးပါးပင်။


သူခရုခွံများကိုခပ်မြန်မြန်အခြောက်ခံပြီးမှ ကုဖိုးဖိုးနှင့်သွားဆွေးနွေးလိုက်သည်။


သူယင်ရှပင်လယ်အော်မှာလူအင်အားစုထားခဲ့ပေမဲ့ သူစိတ်ပူနေမိတုန်းပင်။ အဆုံးတွင် ယွီမင်ရှို့ကလည်းယင်းရှပင်လယ်အော်မှာမို့ သူကုဖိုးဖိုးကိုလင်ခုံးလုကိုကာကွယ်ရန်ကူညီခိုင်းခဲ့သည်။


အကုန်လုံးသေချာစီစဥ်ပြီးနောက် ကုစစ်ကလင်ခုံးလုကိုမပြောဘဲမြို့ဆင်ခြေဖုံးဧရိယာကိုတိတ်တဆိတ်ပြန်သွားခဲ့သည်။


အားလုံးသိကြတဲ့အတိုင်း၊ လင်ခုံးလုကလည်းဒီအခိုက်အတန့်မှာတွေးနေပေသည်: ကုစစ်၏စိတ်ဝိညာဥ်အပိုင်းအစကကွဲထွက်သွားပြီးပိတ်မိနေခဲ့တာ၊ အရင်ဘဝကယွီမင်ရှို့လုပ်ခဲ့တာဖြစ်နိုင်တယ်၊ ဒီတော့ဒီတစ်ခေါက်အပိုင်းအစပြန်ယူနေတုန်းမှာ ကုစစ်ကိုယွီမင်ရှို့ရှေ့ပေါ်လာခွင့်မပေးတာအကောင်းဆုံးပဲ။


ဒီတော့ကုစစ်ယင်းရှပင်လယ်အော်ကထွက်သွားချိန်မှာ လင်ခုံးလုကယွီမင်ရှို့ကိုကမ်းခြေကိုဖိတ်ခေါ်လိုက်သည်။ သူအပိုင်းအစကိုအရင်ပြန်ယူပြီးမှ တံငါသည်စားသောက်ဆိုင်ကိုပြန်သွားကာ ကုစစ်ကိုပေါင်းစည်းပေးဖို့စီစဥ်ထားသည်။


ဤအခိုက်အတန့်တွင် သူကနေကာထီးနှင့်ကမ်းခြေကုလားထိုင်ပေါ်မှာထိုင်လျက် ဖျော်ရည်နှစ်ခွက်မှာကာ တစ်ခွက်ကိုယွီမင်ရှို့ဆီတွန်းပို့ပေးကာ အရင်ဆုံးသာမန်ကာလျှံကာစကားပြောချင်ယောင်ဆောင်လိုက်သည်။


"ဥက္ကဌယွီ၊ ကျွန်တော်ခင်ဗျားကိုအရင်ထဲကမေးချင်နေတဲ့မေးခွန်းတစ်ခုရှိတယ်။ အခုတလော ခင်ဗျားလူတွေကကျွန်တော်တို့ဖေးလုအုပ်စုကိုတိတ်တိတ်လေးခဏခဏပစ်မှတ်ထားနေတယ်နော်။ ကျွန်တော်သူတို့ကိုအတိုက်အခံပြုမိလို့လား။"


"အိုး?" ယွီမင်ရှို့ဖျော်ရည်ခွက်နှင့်ကစားကာပြောလိုက်သည်။

"ကုမိသားစုကမဟုတ်ဘူးလား။"


"ကျွန်တော်ကြားတာကတော့ခင်ဗျားလူတွေဆိုပဲ။"

လင်ခုံးလုမထူးခြားမခြားနားပြောလိုက်သည်။


"ကုစစ်မင်းကိုပြောတာမလား။" ယွီမင်ရှို့ကပြုံးကာဆိုသည်။

"ထင်ထားတဲ့အတိုင်းပဲ၊ မင်းသူ့ရဲ့တကယ့်သရုပ်မှန်ကိုသိပြီးပြီကိုး။"


လင်ခုံးလုမျက်ခုံးအသာပင့်လိုက်သည်။


"ဒါပေမဲ့မင်းလုံးဝဂရုမစိုက်ဘူးလား၊ သူမင်းကိုဘယ်လောက်လှည့်စားပါစေလေ?"

ယွီမင်ရှို့ကဆက်ပြောသည်။

"ဒီအချိန်မှာတောင် မင်းကကုစစ်ကြောင့်ကိုယ့်ကိုလာတွေ့နေတာပဲ။"


လင်ခုံးလုမဖြေဘဲပြောလိုက်သည်။

"ဥက္ကဌယွီ၊ ခင်ဗျားနည်းနည်းစိတ်လှုပ်ရှားနေပြီပဲ၊ အပူလျော့အောင်သစ်သီးဖျော်ရည်သောက်လိုက်လေ။"


ယွီမင်ရှို့ကသူ့ကိုတစ်အောင့်ကြာကြည့်နေပြီးမှ ရုတ်ခြည်းအသာပြုံးကာဆိုလာသည်။

"ရှောင်လု၊ ကိုယ်ကတူညီတဲ့နည်းလမ်းနဲ့နှစ်ခါအရူးလုပ်ခံမယ်ထင်နေတာလား။"


လင်ခုံးလုတမဟုတ်ချင်းသတိချပ်သွားကာ အလိုလိုအနောက်ဆုတ်လိုက်မိသည်။


ဒါပေမဲ့ယွီမင်ရှို့ကအလွန်အမင်းမြန်ဆန်ကာ ရုတ်တရက်စပရေးဘူးလေးထုတ်ပြီး သူ့ကိုဖြန်းလာသည်။ လင်ခုံးလုခပ်မြန်မြန်တုံ့ပြန်ကာအသက်အောင့်လိုက်ပေမဲ့ တချို့ကိုမတော်တဆရှူမိသွားဆဲဖြစ်ကာ သူ့အမြင်အာရုံမှာဝေဝါးစပြုလာသည်။


လင်ခုံးလု: ဖာ့ခ်!


အဆင်အခြင်မဲ့လိုက်တာ၊ ဖြေဆေးမရှိဘူး၊ ပင်မကမ္ဘာကဆေးပဲ။


ယွီမင်ရှို့ကစပရေးဘူးလေးကိုတည်ငြိမ်စွာသိမ်းလိုက်ပြီးမှ သူ့လက်ကိုမြှောက်ကာသူကုလားထိုင်ပေါ်ကျသွားချိန်မှာသူ့ကိုဖမ်းကိုင်ပြီး ခပ်တိုးတိုးဆက်ပြောလာသည်။

"ပြီးတော့ ကိုယ်ကအရင်ကနဲ့မတူတော့ဘူး။"


ဒါကိုပြောပြီးနောက် သူ့မျက်နှာရုတ်ခြည်းဖြူဖျော့သွားကာ ခေါင်းကိုက်လာသည်။


အပိုင်းအစ: "ငါမင်းကိုရပ်လိုက်ဖို့အကြံပေးတယ်။"


"ဟက်။" ယွီမင်ရှို့လှောင်ပြုံးပြုံးကာ ခေါင်းကိုက်မှုကိုသည်းခံပြီးပြောလိုက်သည်။

"ဖြစ်နိုင်မယ်ထင်လို့လား။"


သူပြောရင်း သတိမရှိသောလင်ခုံးလုကိုကောက်ချီကာ တန့်သွားသည်။


သူအသိစိတ်ကိုယ်ထည်ကိုတိုက်ခိုက်လျက်သူ့ကိုခေါင်းအပြင်းအထန်ကိုက်အောင်လုပ်နေသည့်ထိုအပိုင်းအစကိုပြောလိုက်သည်။

"ဘာလို့နှောင့်ယှက်နေတာလဲ။ ဒီဟာကမင်းရဲ့ခွန်အားကိုစားသုံးပြီးတော့ မင်းအသိစိတ်လုံးဝပျောက်သွားတဲ့အထိမင်းကိုအားနည်းသထက်အားနည်းသွားစေမှာနော်။"


အပိုင်းအစကဒေါသကိုဖိနှိပ်ကာ အေးစက်စက်ဆိုလာသည်။

"သူ့ကိုအောက်ချလိုက်။"


ယွီမင်ရှို့ကစကားမပြောတော့ဘဲ လင်ခုံးလုကိုကားထဲတွန့်ဆုတ်စွာဆက်သယ်သွားလိုက်သည်။


ထိုစဥ် လူတချို့ကရှေ့တိုးကာဘာဖြစ်တာလဲဟုမေးလာပေမဲ့ သူတို့ကို"အပူရှပ်တာ"ဟုပြောလိုက်သည်။ သူတို့အတူရောက်လာပြီး ခုနကဆိုလင်ခုံးလုကသူ့အတွက်ဖျော်ရည်မှာပေးခဲ့သောကြောင့် ဘယ်သူမှသိပ်မတွေးလိုက်ကြပေ။


လင်ခုံးလုတစ်ဖန်နိုးလာတော့ သူဟာခမ်းနားကြီးကျယ်စွာအလှဆင်ထားသည့်ဗီလာ၏ဟောခန်းမထဲမှာရှိနေမှန်းသိလိုက်ရသည်။


ဟောခန်းမကားဥရောပစတိုင်နန်းတော်၏အသေးစားဗားရှင်းပမာ၊ ဘာသာရေးပစ္စည်းများဖြင့်အလှဆင်ထားပြီး သူဟာတော့ဖြင့်နောက်မြင့်ထိုင်ခုံမှာထိုင်နေခြင်းဖြစ်သည်။ သူ့လက်နှင့်ခြေထောက်များကိုမချည်ထားသော်ငြား သူ့မှာခွန်အားရှိမနေသဖြင့် ထိုင်ခုံကျောကိုမှီထားရုံသာတတ်နိုင်သည်။


အဆိုးဆုံးကတော့----


သူအောက်ငုံ့ကြည့်လိုက်တော့ သူဟာဝတ်ရုံနီနှင့်ခြေကျင်းဝတ်အထိရှည်လျားသည့်အဖြူရောင်ဆံပင်တုတပ်ထားတာကိုမြင်လိုက်ရသည်။


ဒါဘာလုပ်တာလဲ။ cosplay?


လင်ခုံးလုမျက်မှောင်ကြုတ်မိသည်၊ သူ့အဝတ်ကိုဘယ်သူလဲလိုက်တာလဲ။ ယွီမင်ရှို့လား။


"မလဲဘူး။" 0687ကရုတ်ခြည်းဆိုလာသည်။

"သူခုနကပဲမင်းအဝတ်ပေါ်မှာဝတ်ရုံနီထပ်ဝတ်ပေးခဲ့တာ။"


လင်ခုံးလု: "အိုး၊ ကောင်းသား။"


ထိုဟောခန်းမပုံစံက ပင်မကမ္ဘာရှိထိုဘာသာရေးအဖွဲ့အစည်းနှင့်တကယ်ကြီးဆင်တူနေမှန်း 0687မပြောရဲပေ။ ဖွဲ့စည်းပုံကအတော်တူသည်၊ အတိအကျပြောရရင် ဘုရားကျောင်း၏ကျုံ့ထားသောဗားရှင်းနှင့်တူသည်။ လင်ခုံးလုထိုင်နေသည့်နေရာကတော့နတ်ဘုရား၏ရာဇပလ္လင်နှင့်ညီမျှသည်။


ဘုရားကျောင်းရှိလူတို့ကမကောင်းမှုများစွာလုပ်ခဲ့ပြီး နတ်ဘုရားများကိုသွေးနှင့်ယစ်ပူဇော်ရန် သက်ရှိယဇ်ကောင်များကိုမကြာခဏစုဆောင်းလေ့ရှိသည်ဟုဆိုသည်။ နတ်ဘုရားကားဝတ်ရုံနီနှင့်ဆံဖြူရှိသည်။ နောက်ပိုင်း သူတို့၏အင်ပါယာအရှင်ဧကရာဇ်ကတပ်ဖွဲ့ကိုဦးဆောင်ကာဘုရားကျောင်းကိုသိမ်းပိုက်ခဲ့ပြီး ပြောကြတာကတော့...နတ်ဘုရားကပလ္လင်ပေါ်မှာအသတ်ခံခဲ့ရသည်ဟုပင်။


0687မှာနိမိတ်မကောင်းသောအလိုလိုသိစိတ်ရှိနေပြီး လင်ခုံးလုကိုအသိပေးရန်စကားလုံးများစဥ်းစားနေပေမဲ့ ထိုစဥ် ရင်းနှီးသောအသံကလှေကားအောက်မှထွက်လာသည်---


"နောက်ဆုံးတော့နိုးလာပြီပေါ့?"


လင်ခုံးလုအလိုလိုသိစိတ်နောက်လိုက်ကြည့်မိတော့ ယွီမင်ရှို့ကလှေကားအမြင့်ကြီးပေါ်လှမ်းကာ သူရှိရာဆီတစ်လှမ်းပြီးတစ်လှမ်းလှမ်းလာတာကိုမြင်လိုက်ရသည်။


"မင်းဘာလုပ်မလို့လဲ။" လင်ခုံးလုသတိရှိရှိမေးလိုက်သည်။


ယွီမင်ရှို့ကမဖြေ။ နီးကပ်လာပြီးနောက် သူကသူ့ဝတ်ရုံပေါ်ရှိဆံဖြူတစ်မျှင်ကိုလှမ်းယူကာ သူ့နှာဖျားပေါ်တင်ပြီးရှုရှိုက်လိုက်သည်။


လင်ခုံးလု: "...." ဆံပင်တုကဘာအနံ့ရလို့လဲဟ?


ယွီမင်ရှို့ကသူ့ဆံဖြူကိုအမြန်လွှတ်ချကာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ကိုမော့ကြည့်ကာ ခပ်တိုးတိုးဆိုလာသည်။

"အရမ်းတူတာပဲ။"


လင်ခုံးလု: "?"


"မင်းကအရမ်းအသက်ဝင်ပြီးလှပနေတုန်းပဲ။"


လင်ခုံးလု: "??"


သူဟောခန်းမထဲကဘာသာရေးအပြင်အဆင်များကိုတစ်ချက်ကြည့်ကာ 0687ပြောခဲ့သည့်ဘုရားကျောင်းကိုပြန်တွေးလိုက်မိပြီး ယွီမင်ရှို့မှာပင်မကမ္ဘာကဆေးရှိနေတာပါပေါင်းလိုက်တော့ သူရုတ်တရက်ခန့်မှန်းမိသွားသည်။

"မင်းက...ဘုရားကျောင်းကလား။"


ဤအချိန်မှာ သူနှင့်ယွီမင်ရှို့သာရှိနေပြီး ယွီမင်ရှို့၏မျက်နှာထားမှာပုံမှန်ဖြစ်ကာ အပိုင်းအစမှာလည်းစွမ်းအားအများအပြားဆုံးရှုံးသွားတာကြောင့် အိပ်ပျော်သွားလောက်ပြီမို့ သူပြောလာချိန်မှာသူတစ်ခုခုထုတ်ဖော်ပြောမိသွားမှာမစိုးရိမ်ပေ။


ယွီမင်ရှို့ပြုံးလိုက်သည်။ "မင်းတကယ်ဉာဏ်ကောင်းတာပဲ။"


0687ကလည်းဆိုသည်။

"Hostကတကယ့်အမေးဇင်းပဲ၊ ငါမပြောခင်မင်းကခန့်မှန်းပြီးသွားပြီ။"


လင်ခုံးလု: "....." အရူးတောင်ခန့်မှန်းနိုင်တယ်။


ဒါပေမဲ့အချိန်ဆွဲပြီး သူ့ခွန်အားပြန်ရလာရန်အလို့ငှာ သူဖြည်းညှင်းစွာပြောလိုက်ဆဲပင်။

"မင်းငါ့သရုပ်မှန်ကိုသိတာကြာပြီပေါ့? မင်းကအရင်ဘဝကယွီမင်ရှို့လား။"


"မဟုတ်ဘူး။" ယွီမင်ရှို့ခေါင်းခါလိုက်ပေမဲ့ခေါင်းငြိမ့်ပြန်ကာပြောလိုက်သည်။

"အရင်ဘဝကကိုယ်ပါပဲ၊ ဒါပေမဲ့ကိုယ်အစကမင်းရဲ့သရုပ်မှန်ကိုမသိခဲ့ဘူး။"


လင်ခုံးလုမျက်မှောင်ကြုတ်မိသည်၊ သူအရင်ဘဝကဒီလောက်ကြီးတဲ့bugကိုသတိမထားခဲ့မိဘူးပဲ၊ ယွီမင်ရှို့ကလည်းထူးချွန်ပြောင်မြောက်တဲ့သရုပ်ဆောင်စကေးရှိတဲ့ဝါရင့်တစ်ယောက်များလား။


ဒါပေမဲ့ဒီဘဝမှာကျ သူတစ်ခုခုမှားနေတာကိုဘာဖြစ်လို့အစောကြီးရှာတွေ့တာလဲ။


"တကယ်မင်းကိုဘာမှမပြောလို့မရဘူးပဲ။" ယွီမင်ရှို့ရုတ်ခြည်းသက်ပြင်းချလိုက်သည်။

"အစကကကိုယ်ဒီကမ္ဘာကိုရောက်လာတာကကုစစ်ရဲ့စွမ်းအားကိုခိုးဖို့သက်သက်ပဲ။"


"ကမ္ဘာငယ်လေးထဲမှာကူးပြောင်းဝင်ရောက်လာတဲ့အချိန်-အာကာသစီမံခန့်ခွဲရေးဌာနကလူတွေရှိမှန်းကိုယ်သိတယ်၊ မင်းတို့လိုဝါရင့်အများစုကကိုယ်တို့အခွံကိုသတိထားမိနိုင်တာမို့ မင်းတို့သတိထားမိတာကိုရှောင်ဖို့ဆို ကိုယ့်ကိုယ်ကိုအရင်လိမ်ရတယ်။"


"ဒီတော့ကိုယ်ဒီကမ္ဘာကိုမလာခင် ပင်မကမ္ဘာမှာကိုယ့်မှတ်ဉာဏ်ကိုယာယီချိပ်ပိတ်ခဲ့ပြီးတော့ အသိစိတ်အနက်ရှိုင်းဆုံးမှာမစ်ရှင်ပန်းတိုင်ကိုတံဆိပ်ခတ်ထားခဲ့တယ်။ ဒီလိုနည်းနဲ့ ကိုယ်မွေးလာထဲကဒီမှာနေထိုင်ခဲ့တယ်၊ ကိုယ်သာမှတ်ဉာဏ်ပြန်မရလာခဲ့ရင် ဒီကမ္ဘာကလူတစ်ယောက်လို့တောင်ယုံကြည်နေမိမှာပဲ။"


လင်ခုံးလု: "...." သူကဝံပုလွေတစ်ကောင်ကိုး။ အရင်ဘဝတုန်းကသူဟာဒီကလူမဟုတ်မှန်း သူလုံးဝသတိမထားမိတာမဆန်းဘူး။


0687: "သေချာတာပေါ့၊ အဆင့်မြင့်မုဆိုးတွေကမကြာခဏဆိုသလိုသားကောင်အဖြစ်ပေါ်လာတတ်တယ်။"


"အရင်ဘဝက ကိုယ်စီစဥ်ထားသလိုကုစစ်ရဲ့စွမ်းအားကိုယူခဲ့ပေမဲ့ အလယ်မှာတစ်ခုခုဖြစ်သွားခဲ့တယ်။" ယွီမင်ရှို့ကဆက်လက်တွေးကြည့်သည်။

"အမှန်တော့ အဲ့တုန်းကမင်းကသူဖြစ်နေမှန်းသာကိုယ်သတိထားမိခဲ့ရင် ကိုယ်အဲ့လူကိုမျက်နှာသာပေးခဲ့မိမှာပဲ။"


လင်ခုံးလုနားမလည်နိုင်ဖြစ်မိပေမဲ့ သူ့မျက်လုံးများကတိုက်တွန်းမှုအပြည့်ပင်။ များများပြောလေ အချိန်များများဆွဲနိုင်လေလေ ပိုကောင်းလေလေပဲ၊ ဗီလိန်ကစကားများလွန်းလို့သေတာ။


"ဗီလိန်ကစကားများလွန်းလို့သေတာဆိုပြီးတော့မင်းပြောဖို့ကြိုးစားနေတာလား။" ယွီမင်ရှို့ကသူတွေးနေတာကိုမြင်နိုင်သည့်အလား အပြုံးလေးဖြင့်ခန့်မှန်းလာသည်။


လင်ခုံးလုတစ်စက္ကန့်မျှရှက်သွားရကာ ခေါင်းခါလိုက်သည်။

"မင်းအတွေးလွန်နေပြီ။"


"ဒါပေမဲ့စကားမပြောရင်လဲ အခြားလုပ်စရာမရှိဘူးလေ။" ယွီမင်ရှို့ကသူ့ကိုစကားဆက်ပြောလာသည်။ သူနတ်ဘုရားကိုချက်ချင်းခေါ်ထုတ်သွားလို့မရတာမို့ အရင်စောင့်ရပေမည်။


0687: "....." ဘယ်လောက်ဖြူစင်လိုက်တဲ့ဗီလိန်လဲ၊ ဒါကိုသာဇာတ်လိုက်ကိုပေးလိုက်ရင် လုပ်စရာအများကြီးရှိမှာပဲရော်။


သူဒီလိုမျိုးတစ်ချိန်လုံးနေရဖို့လင်ခုံးလုမျှော်လင့်မိသဖြင့် အချိန်ဆွဲကာပြောလိုက်သည်။

"မင်းငါ့သရုပ်မှန်ကိုဘယ်တုန်းကသိသွားတာလဲ။"


သူကားကူးပြောင်းဝင်ရောက်သူသရုပ်မှန်အကြောင်းပြောနေခြင်းဖြစ်ပေမဲ့ ယွီမင်ရှို့ကတော့သိသိသာသာကိုနားမလည်ပေ။


"မင်းကုစစ်ရဲ့အပိုင်းအစကိုယူဖို့ပထမဆုံးအကြိမ်ကြိုးစားတုန်းက။"

ယွီမင်ရှို့ကပြုံးသည်။


လင်ခုံးလု: "....."


"မင်းမယုံလောက်ပေမဲ့ သူ့စွမ်းအားရဲ့တစ်စိတ်တစ်ပိုင်းကမင်းပေးခဲ့တာပဲ။" 

ယွီမင်ရှို့အနည်းငယ်မလိုလားစွာ သက်ပြင်းချမိသည်။


ပင်မကမ္ဘာရှိအင်ပါယာနှင့်ဘုရားကျောင်းကြားကတိုက်ပွဲတွင် ဘုရားကျောင်းကဆိုးဝါးစွာရှုံးနိမ့်သွားခဲ့ပေမဲ့ ပြန်ပြေလည်အောင်မလုပ်ဘဲ ရန်သူကိုတွင်းနက်ထဲဆွဲဆောင်ပြီး နတ်ဘုရား၏ရာဇပလ္လင်အောက်မှာအင်ပါယာ၏အာဏာရှင်ကိုသတ်ပစ်ရန် စီစဥ်ထားခဲ့သည်။


ဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားတာက 

အာဏာရှင်ကရာဇပလ္လင်ဆီလျှောက်လာချိန်မှာ ဖန်ပေါင်းထဲတွင်"ထောက်ပံ့"ခံထားရသည့်နတ်ဘုရားကပလ္လင်ပေါ်မှာခဏတာဖျတ်ခနဲပေါ်လာပြီး အာဏာရှင်အတွက်သေစေနိုင်သည့်တိုက်ကွက်ကိုပိတ်ဆို့ကာ မသေမျိုးစိတ်ဝိညာဥ်ကိုထိန်းသိမ်းရန် သူ့ကိုစွမ်းအားပေးခဲ့လိမ့်မည်ဟုပင်။


ကံဆိုးချင်တော့ အာဏာရှင်ကဒဏ်ရာအပြင်းအထန်ရသွားပြီး သူ့စိတ်ဝိညာဥ်ကအဆုံးမှာတစစီပျံ့ကြဲသွားကာ သူဟာနတ်ဘုရား၏စွမ်းအားနှင့်အတူ ကမ္ဘာငယ်လေးထဲဆွဲသွင်းခံလိုက်သည်။ ဘုရားကျောင်း၏ကျန်ရစ်သူများသိသွားပြီးနောက် ဒီစွမ်းအားကိုလုံးဝလက်မလျှော့ဘဲ ကမ္ဘာငယ်လေးထဲခိုးဝင်ရန်လူလွှတ်ခဲ့သည်။


ဒီဟာကလည်းယွီမင်ရှို့၏ကမ္ဘာငယ်လေးကိုရောက်လာရသည့်မူလရည်ရွယ်ချက်ဖြစ်ပေသည်။


သူအရင်ဘဝမှာကုစစ်၏စွမ်းအားကိုယူဖို့ကြိုးစားခဲ့ပေမဲ့ သူမထင်မှတ်ဘဲရှုံးနိမ့်သွားပြီး သူ့အသိစိတ်ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသည်။ ဒါပေါ့၊ ကုစစ်ကပိုမကောင်းဘဲ သူ့စိတ်ဝိညာဥ်အပိုင်းအစများမှာသူ့ကြောင့်ကွဲထွက်သွားပြီး သူ့စိတ်ဝိညာဥ်ပင်လယ်ထဲမှာပိတ်မိနေခဲ့သည်။


ဒါကအမှန်တော့သူ့အတွက်အနည်းငယ်ဆိုးဝါးသည်၊ ပြန်မွေးဖွားလာပြီးနောက်ပိုင်းကုစစ်မှာမှတ်ဉာဏ်များရှိနေပေမဲ့ သူ့မှာတော့ရှိမနေ။ 


ဒါပေမဲ့ကမ္ဘာငယ်လေး၏တိုးတက်မှုမှာအလွန်ဆန်းကြယ်လှသည်ပင်။ နောက်ပိုင်း လင်ခုံးလုကအပိုင်းအစကိုယူရန် ထိုစွမ်းအားကိုသုံးလိုက်တော့ ၎င်းကနတ်ဘုရားပိုင်ဆိုင်သည့်စွမ်းအားတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သူ့ကိုသဘောပေါက်သွားစေသည်။


သူမှတ်ဉာဏ်ပြန်ရရန်သူ့ကိုယ်သူအတွက်ဖန်တီးခဲ့သည့်အခွင့်အရေးကနတ်ဘုရား၏အရိပ်အယောင်ကိုရှာတွေ့သွားခဲ့သည်။ ထိုထူးခြားဆန်းကြယ်သောစွမ်းအားကအသိစိတ်ပင်လယ်ထဲဝင်ရောက်သွားချိန်မှာ သူ့မသိစိတ်ကဒါဟာနတ်ဘုရားဖြစ်သည်ဟုသူ့ကိုပြောနေခဲ့သည်။


ဒါပေါ၊ ယွီမင်ရှို့ကအကုန်လုံးကိုချက်ချင်းမမှတ်မိပေမဲ့ နည်းနည်းချင်းစီပြန်ရလာကာ ဒီရက်ပိုင်းမှသာအပြည့်အဝမှတ်မိလာခဲ့သည်။


သူနောင်တရသွားမိသည်၊ သူသာလင်ခုံးလု၏သရုပ်မှန်ကိုစောစောရှာတွေ့ခဲ့ပြီး သူ့အရင်ဘဝကမှတ်ဉာဏ်ပါပြန်ရလာခဲ့ရင်၊ မဟုတ်ဘူး၊ သူသာသူ့မှတ်ဉာဏ်ကိုယာယီမချိပ်ပိတ်ခဲ့ရင် ကုစစ်ဘာလုပ်လိမ့်မလဲ။


လင်ခုံးလုသူဘာတွေးနေမှန်းမသိပေမဲ့ သူ့လက်များကိုလှုပ်လို့ရလာသယောင်ခံစားလိုက်ရသည်။ သူ့ဝတ်ရုံလက်ကျယ်အောက်မှာတိတ်တိတ်လေးလှုပ်ရှားကာ ယွီမင်ရှို့နားကပ်ဖို့ကြိုးစားလိုက်သည်။


ဒါပေမဲ့မျက်နှာထက်မှာတော့ သူတည်ငြိမ်အေးဆေးလျက်သား အချိန်ဆက်ဆွဲလိုက်သည်။

"မင်းငါ့ကိုပြန်ပေးဆွဲပြီးဘာလုပ်မလို့လဲ။ မင်းကြည့်ရတာငါ့ကိုသတ်ချင်ပုံမရဘူး၊ မင်းဘာလို့မင်းလိုချင်တာကိုမပြောရတာလဲ။" 


ထိုစကားကိုကြားသော်ယွီမင်ရှို့ခေါင်းခါလိုက်ပြီး သူ့မျက်လုံးများကအနည်းငယ်ရှုပ်ထွေးလျက် သက်ပြင်းချလိုက်သည်။

"ကိုယ်ပြောရရင် ကိုယ်ကဒီအတိုင်းမင်းကိုခေါ်သွားပြီးတော့ မင်းကို...."


သူပြီးအောင်မပြောနိုင်ခင် လင်ခုံးလုရုတ်တရက်ဘေးကိုလက်ဆန့်ကာ သူ့နှဖူးပေါ်မှာလျှပ်စစ်ဖလင်ကဲ့သို့သောတစ်စုံတစ်ခုကိုဖိကပ်လိုက်သည်။


ဒါကသိပ်မကြာသေးခင်ကဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကစနစ်နေရာလွတ်ကိုပို့လိုက်သည့်အသေးစားအာရုံခံကိရိယာဖြစ်သည်။ အပိုင်းအစရယူရန်အထူးပြုလုပ်ထားခြင်းပင်။ ယွီမင်ရှို့အိပ်ပျော်သွားချိန်မှာသုံးဖို့လုပ်ထားပေမဲ့ အခုတော့အခွင့်အရေးမရှိမှန်းသိသာနေပြီမို့ လင်ခုံးလုတိုက်ခိုက်ရုံသာတတ်နိုင်သည်။


"မင်း---" သူဒီလောက်မြန်မြန်ခွန်အားပြန်ရလာမည်ဟုယွီမင်ရှို့မင်မထင်ထားမိဘဲ သူ့လက်ကောက်ဝတ်ကိုချက်ချင်းလှမ်းကိုင်ကာဆွဲခွာလိုက်သည်။


ဒါပေမဲ့လင်ခုံးလုကခပ်တင်းတင်းဆုပ်ကိုင်ထားသဖြင့် ထိုင်ခုံပေါ်သို့ယွီမင်ရှို့ထံမှမူးဝေစွာမတော်တဆတွန်းချခံလိုက်ရသည်။ ဆိုးဝါးသောအရာမှာသူ့ခွန်အားအပြည့်အဝပြန်မရလာသေးသဖြင့် ကြိုးစားတောင့်ခံပြီးတစ်အောင့်အကြာမှာပင့်သက်ရှိုက်လိုက်မိတော့သည်။


ပြီးတော့အပိုင်းအစပြန်ရမရဆိုတာသူအကဲမဖြတ်နိုင်သဖြင့် သူစနစ်ကိုမေးကြည့်ရုံသာတတ်နိုင်သည်။

"အသင့်ဖြစ်ပြီလား။"


0687: "စက္ကန့်နည်းနည်းလောက်တောင့်ထားအုံး၊ ရတော့မယ်။"


ထိုစဥ် တံခါးကရုတ်တရက်"ဘန်း"ခနဲပွင့်သွားသည်။


ကုစစ်ကအရင်ဆုံးဝင်လာသည်။ သူ့ပုံရိပ်ကအလင်းကွယ်နေသဖြင့် သူ့မျက်နှာထားကိုသေချာမမြင်ရပေ။


သူခေါင်းမော့လိုက်သည်နှင့် လင်ခုံးလုကထိုင်ခုံပေါ်မှာအဖိခံထားရတာကိုမြင်လိုက်ရပေရာ သူ့လက်သီးတင်းတင်းဆုပ်လိုက်မိပြီး သူ့လေသံမှာအေးစက်လျက်: 

"သူ့ကိုလွှတ်လိုက်။"


__________________________