ကုစစ်စကားလုံးအနည်းငယ်ပိုပြောချင်ပေမဲ့ ပြောပြီးနောက် စကားလုံးများမှာပေါ့ဆလွန်းသယောင်ခံစားလိုက်ရသည်။
သူ့မှာဘယ်လိုလုပ်အကြောင်းပြချက်ရှိနိုင်မှာလဲ။ ငယ်ငယ်တုန်းကထိုဖြစ်ရပ်အပေါ်သူ့အမြင်မှာ ပိန်ပါးပါးကလေးငယ်တစ်ယောက်ကသူ့ကိုကျောပေါ်ချီသယ်သွားခြင်းသာဖြစ်ပြီး ယွီမင်ရှို့လက်ထဲလက်ကောက်ဘယ်လိုရောက်သွားလဲဆိုတာသူသိပင်မသိပေ။
ဒါကိုတွေးမိရင်း သူ့မျက်နှာထားမှာပိုမိုအပြစ်ရှိစိတ်ရှိသထက်ရှိလာပြီး မသက်မသာဖြစ်သွားရကာ လင်ခုံးလုနှင့်ချိတ်ထားသောလက်များမှာမနေနိုင်ဘဲအားအနည်းငယ်တိုးလိုက်မိသည်။
သူ့မျက်နှာထားကိုမြင်သော် လင်ခုံးလုကူကယ်ရာမဲ့သွားကာရယ်ချင်လာသည်။
လူမှားဝန်ခံတာကအတိတ်ဘဝတုန်းကကိစ္စဖြစ်ပြီး ဇာတ်ညွှန်းကစီစဥ်ထားခြင်းဖြစ်ကာ သူကဇာတ်ကြောင်းအတိုင်းလိုက်လုပ်ရုံသက်သက်သာဖြစ်သည်။ ထို့အပြင် ထိုအချိန်တုန်းကကုစစ်မှာကလေးသာဖြစ်နေသေးပြီး သူ့မိခင်ထံမှတွန်းချခံခဲ့ရသောကြောင့် ခေါင်းထိကာအတိတ်မေ့သွားခဲ့သည်။ ထိုရုပ်ဆိုးသောလက်ကောက်ဘယ်ကရောက်လာမှန်းသူသေချာပေါက်မမှတ်မိတာမို့ သူများကိုသာမန်ကာလျှံကာပေးပစ်တာကပုံမှန်ဖြစ်သည်။
အခုဆိုလင်ခုံးလုဒီကိစ္စကိုစိတ်မခုပေမဲ့--
သူကုစစ်၏မေးစေ့နှင့်နှုတ်ခမ်းထောင့်များကပွန်းပဲ့ရာများ၊ သူ့လက်ဖမိုးနှစ်ဖက်ပေါ်မှာစည်းထားသည့်ပတ်တီးနှင့်....သူ၏ယောင်ရမ်းနေသောခြေကျင်းဝတ်ကိုကြည့်ကာ သူသက်ပြင်းနင့်နင်နဲနဲချမိလျက် ပြောလိုက်သည်။
"ငါယင်းရှမှာရှိနေသေးတုန်းက မင်းတိတ်တိတ်လေးထွက်သွားပြီးတော့မြို့တော်ကိုပြန်သွားတယ်လို့ ယွီမင်ရှို့ကပြောတယ်၊ အဲ့ဒါဘာကိုဆိုလိုတာလဲ။"
ကုစစ်မသိမသာတောင့်တင်းသွားရကာ သူခေါင်းစဥ်ပြောင်းပြီး ရုတ်တရက်ထိုအကြောင်းမေ့လာလိမ့်မည်ဟုမထင်ထားမိပေ။
လင်ခုံးလုသူ့အဖြေကိုမစောင့်ဘဲ စိုးရိမ်တကြီးမေးမိသည်။
"ဒီတော့ယွီမင်ရှို့ကဗီလာထဲမှာအဲ့ကိစ္စတွေကိုလုပ်နေမှန်းမင်းသိရက်သားနဲ့ ငါ့ကိုမပြောဘဲ မင်းဘာသာမင်းဖြေရှင်းဖို့စီစဥ်ထားတာပေါ့?"
ကုစစ်ကစကားမပြောပေမဲ့ သူ့မျက်နှာထားကတော့ဝန်ခံလျက်ရှိသည်။
ယွီမင်ရှို့ဒီကိစ္စကိုပြောတုန်းက လင်ခုံးလုအကြောင်းရင်းကိုခန့်မှန်းမိပြီးသားဖြစ်ပေမဲ့ သူမနေနိုင်ဘဲဒေါသအနည်းငယ်ထွက်မိသေးကာပြောလိုက်သည်။
"မင်းဘာလို့ငါ့ကိုမပြောဘဲနေနိုင်ရတာလဲ။ မင်းသူ့ရဲ့ထူးခြားတဲ့စွမ်းရည်နဲ့အန္တရာယ်ကိုမသိတာလည်းမဟုတ်ပဲနဲ့။"
ကုစစ်ဗီလာကိုလာရာလမ်းမှာ ယွီမင်ရှို့ကထူးခြားတဲ့စွမ်းရည်မသုံးဘဲ သူ့ကိုနှောင့်ယှက်ဖို့ သာမန်လူများသာပို့ခဲ့တာကံကောင်းပေသည်။ မဟုတ်ရင် သူအခုအန္တရာယ်ကင်းပါ့မလားလင်ခုံးလုမသေချာ။
အရေးကြီးဆုံးအရာမှာ ထိုအချိန်တုန်းကသူဟာယင်းရှပင်လယ်အော်မှာအပိုင်းအစကိုယူဖို့ပြင်ဆင်ထားခဲ့ပြီး အပိုင်းအစများကအာရုံခံကိရိယာထဲမှာအကြာကြီးမနေနိုင်ပေ။
အခုတော့သူပြန်ပေးဆွဲခံရတာကို လင်ခုံးလုအနည်းငယ်ကျေးဇူးတင်သွားမိသည်။ မဟုတ်ရင် သူယင်းရှပင်လယ်အော်မှာအပိုင်းအစကိုယူခဲ့ပေမဲ့ ကုစစ်ကအဲ့မှာမရှိတော့ ကိုယ့်ဆူးကိုယ်နင်းမိသွားမှာမဟုတ်ဘူးလား။
ဘယ်သူသိမှာလဲ၊ ကုစစ်ကသူဒေါသထွက်နေမှန်းမြင်လိုက်ရတော့ သူမထိတ်လန့်သွားဘဲ ပြုံးကာမေးလိုက်မိသည်။
"မင်းကကော၊ မင်းဘာလို့ပြန်ပေးဆွဲခံလိုက်ရတာလဲ။"
ကုစစ်တခစ်ခစ်ရယ်မောကာ သူ့ကိုနူးညံ့စွာကြည့်ပြီး ပြောလိုက်သည်။
"ကိုယ်အန္တရာယ်ဖြစ်မှာစိုးလို့ မင်းယွီမင်ရှို့ကိုတစ်ယောက်ထဲသွားတွေ့ပြီး ကိုယ်အဝေးရောက်နေတုန်းမှာ အပိုင်းအစကိုယူပေးချင်ခဲ့တာပဲ။"
လင်ခုံးလုမလုံမလဲစဖြစ်လာသည်။
"အမှန်တော့ မင်းလဲကိုယ့်လိုပဲ၊ တစ်ယောက်အန္တရာယ်ဖြစ်မှာကိုစိုးရိမ်နေကြတာ။" ကုစစ်ကဆိုသည်။
"ငါတို့ကမတူဘူး။" လင်ခုံးလုအားနည်းစွာခုခံပြောဆိုလိုက်သည်။
သူ့မှာကိုယ့်ကိုယ်ကိုအသက်ရှင်အောင်ကြိုးစားတတ်တဲ့စွမ်းရည်အနည်းငယ်ရှိနေတုန်းပဲမလား။ ဒါပေမဲ့ကုစစ်ကတော့အဲ့လိုမရှိလောက်။ အရင်ဘဝမှာ အပိုင်းအစတစ်ခုကွဲထွက်သွားပေမဲ့ ယခုပစ္စုပ္ပန်ဘဝမှာတော့.... ကံကောင်းစွာဖြင့် ဘာမှမဖြစ်သွားခဲ့ပေ။ မဟုတ်လို့ကတော့ ဒီလိုဆက်ကွဲနေလို့ရှိရင် ပေါင်မုန့်စများအဖြစ်အပိုင်းပိုင်းကွဲထွက်သွားလောက်သည်။
"ဒါပေမဲ့ငါတို့ရှေ့လျှောက်ဒီလိုထပ်မလုပ်ရတော့ဘူးနော်။" လင်ခုံးလုအလေးအနက်ပြောလိုက်သည်။ ပြောဆိုဆက်ဆံမှုနှင့်ယုံကြည်မှုကဘယ်လောက်အရေးကြီးလိုက်လဲ။
ကုစစ်ခေါင်းငြိမ့်လိုက်ပေမဲ့ ရုတ်ခြည်းကိုယ်ကိုင်းကာ သူ့ကိုပွေ့ဖက်ပြီး သူ့နားထဲမှာတီးတိုးပြောလိုက်သည်။
"ရှောင်လု၊ ကိုယ်အခုအရမ်းပျော်တာပဲ။"
သူခရုခွံလက်ကောက်ပျောက်သွားခဲ့ပေမဲ့ ရှောင်ပါ့ကသူ့ကိုအပြစ်မတင်တဲ့အပြင် သူ့အတွက်စိတ်ပူပြီးဒေါသထွက်ပေးနေခဲ့တာ။
ဒါကအရင်ဘဝကနှင့်မတူပေ။ ကုစစ်၏စိတ်အခြေအနေမှာ တိမ်မည်းများရှင်းလင်းသွားပြီးနောက်ကောင်းကင်ပြာပမာ ကြည်လင်ရှင်းသန့်လျက်ရှိပြီး ရှောင်ပါ့ဒေါသထွက်နေပုံလေးကအရမ်းလှတယ်ဟုတောင်ထင်မိသည်။
သို့သော်လည်း သူလင်ခုံးလု၏ဝတ်ရုံနီနှင့်ဆံပင်တုကိုမြင်လိုက်ရသော် သူအနည်းငယ်စိတ်ရှုပ်သွားရသည်။ သိသာစွာပင် ယွီမင်ရှို့ကတစ်ဖက်လူကိုဒါတွေဝတ်ပေးခဲ့ပြီး ဝတ်ရုံနီ၊ ဆံဖြူနှင့်နန်းတော်ထဲကထိုင်ခုံမြင့်ဟာ သူ့ကိုဆိုးဝါးသောကိစ္စများအမှတ်ရသွားစေသည်။
ဒီတော့ဆေးရုံရောက်ပြီးနောက်မှာ ကုစစ်ကဆေးရုံဝတ်စုံကိုထော့နဲ့ထော့နဲ့သွားယူပြီး လင်ခုံးလုကိုခေါင်းမာမာနှင့်အရင်ဝတ်ခိုင်းလေသည်။
လင်ခုံးလုသူ့နှဖူးသူအုပ်ကာ တိုက်တွန်းလိုက်သည်။
"အွန်းပါ၊ ချက်ချင်းလဲလိုက်မယ်၊ မင်းမြန်မြန်ဓာတ်မှန်သွားရိုက်တော့လေ။"
သူတကယ်ဘာမှမဖြစ်ပေမဲ့ ဆေးရုံကားထဲမှာတစ်အောင့်ကြာမူးဝေနေခဲ့သည်။ ဆရာဝန်ကစိတ်ပူနေပြီး သူ့ကိုစစ်ဆေးမှုပြုလုပ်ခိုင်းခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကုစစ်ကဟိုဟိုဒီဒီထော့နဲ့ထော့နဲ့လျှောက်သွားနေပြီး သူအရိုးထိသွားပုံရသည်။
ကုစစ်ခေါင်းငြိမ့်လိုက်ပေမဲ့ ခြေလှမ်းနှစ်လှမ်းလှမ်းပြီးရုံသာရှိသေး သူရုတ်ခြည်းအနောက်ပြန်လှည့်ကာပြောလိုက်သည်။
"မင်းကိုအဝတ်နဲ့ဆံပင်တုအရင်ချွတ်ပေးမယ်။"
တကယ်မျက်စိစပါးမွှေးစူးစရာကောင်းလှသည်။
လင်ခုံးလု: "?"
ပင်မကမ္ဘာ၊ ဘုရားကျောင်းရှိအစွန်းရောင်အုပ်စုအကြွင်းအကျန်တို့၏အခြေစိုက်စခန်း။
"အရှင်လုဝေရှီး၊ အဆင်ပြေပါရဲ့လား။"
ယွီမင်ရှို့မျက်စိဖွင့်လိုက်ပြီး သူအသက်ရှင်နေအုံးမည်ဟုမထင်ထားမိပေရာ သူ့မျက်နှာထားမှာအနည်းငယ်မိန်းမောလျက်။ နတ်ဘုရားကနောက်ဆုံးမှာ.....ရပ်တန့်လိုက်တာလား။
"အရှင့်ရဲ့အသိစိတ်ကိုယ်ထည်ကကမ္ဘာငယ်လေးမှာအပြင်းအထန်တိုက်ခိုက်ခံခဲ့ရတယ်။ ကျွန်တော်တို့တွေနတ်ဘုရားရဲ့စွမ်းအားကိုရှာတွေ့ခဲ့တယ်။"
"ဟုတ်လား?"
"ဒီတစ်ခေါက်ရှာတွေ့တဲ့စွမ်းအားကအရမ်းသန်မာတယ်၊ အဲ့နတ်ဘုရားအသက်ရှင်နေသေးတယ်လို့ ကျွန်တော်တို့သံသယ..."
"မဟုတ်ဘူး။" ယွီမင်ရှို့၊ ဒါမှမဟုတ်လုဝေရှီးဟုပြောရမည်၊ သူကတစ်ဖက်လူကိုရုတ်ခြည်းဖြတ်ပြောကာ ခပ်တိုးတိုးပြောလိုက်သည်။
"ငါနတ်ဘုရားရဲ့ဘာအရိပ်အယောင်ကိုမှရှာမတွေ့ခဲ့ဘူး။ မင်းရှာတွေ့ခဲ့တာကနတ်ဘုရားရဲ့စွမ်းအားကိုသုံးနေတဲ့အာဏာရှင်ပဲ။"
"....."
ဘေးရှိအဆောင်ခန်း၌ ဘုရားကျောင်း၏ဂိုဏ်းချုပ်ကစောင့်ကြည့်ကင်မရာမျက်နှာပြင်ကိုပိတ်ချလိုက်ပြီး သူ့ဘေးရှိဘုန်းတော်ကြီးကရေရွတ်ပြောဆိုလာသည်။
"လုဝေရှီးကလည်းမဟုတ်ဘူးလို့ပြောတယ်ဆိုတော့ အမှန်ဖြစ်နေမလား။"
ဂိုဏ်းချုပ်: "...လုဝေရှီးကနတ်ဘုရားကိုသဘောကျနေတာ။ သူ့စကားတွေကယုံကြည်ရပေမဲ့ အကုန်လုံးတော့မဟုတ်ဘူး။"
ဆေးရုံထဲတွင် လင်ခုံးလုကသူ့ခန္ဓာကိုယ်ကိုစစ်ဆေးပြီးနောက် ဘာမှဖြစ်မနေပေမဲ့ ကုစစ်ကတော့သူ့ခြေကျင်းဝတ်မသိမသာကျိုးသွားကြောင်းရှာတွေ့ခဲ့သည်။
လင်ခုံးလုသူ့ကိုကူတွဲကာ ဒေါသတကြီးပြောမိသည်။
"အရိုးထိသွားတာဖြစ်ရမယ်လို့ငါပြောတာကို မင်းကလျှောက်ပတ်သွားနေသေးတယ်။"
ကုစစ်ခပ်တိုးတိုးတုံ့ပြန်လိုက်ပြီး သူ့မျက်လုံးမှာအပြုံးတို့ပြည့်လျက်။
လူအိုကြီးကုနှင့်လင်ကျန့်ကော်မှာသူတို့တစ်ခုခုဖြစ်သွားမှန်းသိသွားကာ ဆေးရုံကိုအပြေးအလွှားရောက်လာကြသည်။
ကုလူအိုကြီးမှာဒီကိုလာရာလမ်းတစ်လျှောက်လုံးစိတ်ပူနေခဲ့ပေမဲ့ ကုစစ်ကိုမြင်လိုက်ရပြီးနောက်မှာတော့ သူဆွံ့အသွားရလေသည်။
"ဒဏ်ရာရတာကိုပျော်နေတာလားကွ?" လူအိုကြီးကဒေါသတကြီးဆိုသည်။
ကုစစ်ပြုံးလိုက်ကာဘာမှမပြောမိပေ။ ဟုတ်တာပေါ့၊ ဒဏ်ရာရတာကပျော်ရမဲ့ကိစ္စမဟုတ်ပေမဲ့ ဒဏ်ရာရပြီးနောက်မှာသူ့ဇနီးလေးဆီကဂရုစိုက်ခံရတာက သာမန်လူတွေစိတ်မကူးနိုင်လောက်အောင်ပဲ။
ကုလူအိုကြီးကသူဘာစဥ်းစားနေမှန်းသိနိုင်မယ်တဲ့လား။ သူ့ခန္ဓာကိုယ်တစ်ပိုင်းကလင်ခုံးလုပေါ်မှီနေတာကိုမြင်လိုက်ရတော့ သူမနေနိုင်ဘဲစူးစိုက်ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ရှောင်လုကိုအနိုင်မကျင့်နဲ့တော့။"
သူညီလေးလင်ကိုလက်ထပ်ဖို့အကြောင်းဘယ်လိုပြောရမလဲမသိတော့ဘူး။
လင်ကျန့်ကော်မှာသူတို့နှစ်ယောက်ကြားကပရိယာယ်ကိုလုံးဝသတိမထားမိဘဲ ကုစစ်ကလင်ခုံးလုကိုသွားကယ်ရာမှာဒဏ်ရာရသွားခဲ့မှန်းသိနေသဖြင့် သူ့ကိုပြောလိုက်သည်။
"ရှောင်လု၊ ငါ့ကိုကူညီစမ်းပါ၊ နောက်ကျရင်မြို့ထဲကမင်းရဲ့ဗီလာကိုပြန်မသွားနဲ့တော့။ အခုငါ့အိမ်ကိုပြန်သွားကြမယ်၊ ငါမင်းအတွက်အရသာရှိတဲ့အစားအသောက်လုပ်ပေးမယ်။"
ထိုစကားကိုကြားသော်လင်ခုံးလုဇဝေဇဝါဖြစ်သွားရသည်။ သူယင်းရှပင်လယ်အော်မှာနေရင် လောင်လင်ရဲ့အရသာရှိိတဲ့အစားအသောက်တွေကိုနေ့တိုင်းစားလို့ရမယ်ဆိုပေမဲ့ ဆိုးကျိုးတွေကလည်းသိသာတယ်။ ကမ်းခြေကနေမြို့တော်မှာအလုပ်သွားလုပ်ရင် မောင်းရတာလေးနာရီနီးပါးကြာတယ်၊ ပြီးတော့ဂတ်စ်ကတအားစျေးကြီးတယ်လေ...
အယ်၊ မဟုတ်ဘူးလေ၊ ယွီမင်ရှို့မရှိရင် သူဒေဝါလီမခံရတော့ဘူးပေါ့?
မင်းပိုက်ဆံချွေတာပြီးဘာလုပ်မလို့တုန်း?
သူထိုသို့ပြောမိပေမဲ့ သူအကျင့်ပါနေပြီပင်။ သူတကယ်ဒီအလေ့အကျင့်ကောင်းကိုတစ်အောင့်ကြာမဖယ်ရှားနိုင်ဘဲ နောက်ဆုံးမှာအိမ်မှအလုပ်လုပ်ရန်ဆုံးဖြတ်ခဲ့ပြီး ပုံမှန်ဆိုဗီဒီယိုအစည်းအဝေးလုပ်ကာ တစ်ခါတရံကျရင်ကုမ္ပဏီကိုတစ်ပတ်ကိုအကြိမ်ပေါင်းများစွာသွားလေသည်။
0687: "...." အဓိကကပျင်းလို့မဟုတ်ဘူးလား။
"တင်ပြလို့ပြီးပြီလား။" ၎င်းပေါ်လာမှန်းလင်ခုံးလုသတိထားမိသွားကာ အလျင်စလိုဖမ်းမေးလိုက်သည်။
"ပြီးပြီ။" 0687ကတုံ့ဆိုင်းလျက်။
လင်ခုံးလု: "အိုး၊ အထက်ကဘာပြောလဲ။"
0687: "ခေါင်းဆောင်ကပြောတယ်၊ လျော်ကြေးရမယ်ဆိုပေမဲ့ အချက်အလက်တွေကိုသေချာလေ့လာဖို့လိုအပ်မယ်တဲ့။ ပြီးတော့ ဘုရားကျောင်းရဲ့လက်ကျန်အုပ်စုကကမ္ဘာငယ်လေးမှာပြဿနာရှာနေတာကို အထက်ကသိပြီးသားဆိုပေမဲ့ အရှင်မင်းကြီးကကိုမာဝင်နေတုန်းမို့ ညွှန်ကြားချက်ပေးဖို့အဆင်မပြေဘူး၊ ဒီတော့စစ်တပ်ဌာနနဲ့အရင်ပူးပေါင်းပြီးတော့ သူတို့ကိုအလုပ်ကြိုးစားခိုင်းပြီးတော့ ဘုရားကျောင်းရဲ့လက်ကျန်အုပ်စုကိုဝိုင်းဖိနှိပ်ပါတဲ့။"
"အော်။" လင်ခုံးလုသူ့ဘေးကကုစစ်ကိုတစ်ချက်ကြည့်ကာ တွေးနေမိသည်။ ကိုမာဝင်နေတာဆိုတော့ နိုးလာဖို့ကထူးဆန်းတယ်။
လင်ကျန့်ကော်ကသူတို့နှစ်ယောက်ကိုယင်းရှပင်လယ်အော်သို့တန်းပြန်ခိုင်းခဲ့ပေမဲ့ သူတို့ကရဲဌာနစုံစမ်းစစ်ဆေးမှုနှင့်ပူးပေါင်းဆောင်ရွက်ရမှာမို့ မပြန်ခင်မြို့ဆင်ခြေဖုံးဧရိယာမှာအပိုတစ်ညနေလိုက်ရသည်။
နောက်တစ်နေ့ ရဲဌာနကစုံစမ်းစစ်ဆေးမှုရလဒ်ကိုကြေငြာပြီး ဖြစ်ရပ်ကိုစီးပွားရေးပြိုင်ဆိုင်မှုကြောင့်ဖြစ်ပျက်ခဲ့သည့်ရက်စက်သောပြန်ပေးဆွဲမှုအဖြစ်ကောက်ချက်ချခဲ့သည်။ အဆုံးတွင် ထိုထူးခြားဆန်းကြယ်သောအရာများကလူသိရှင်ကြားကြေငြာဖို့တကယ်မလွယ်ပေ။
အစိုးရပြန်တမ်းကိုဖတ်ပြီးနောက် ကုလူအိုကြီးမှာရှုပ်ထွေးသောမျက်နှာထားဖြင့်သက်ပြင်းချမိသည်။
လင်ခုံးလုထိုနေ့ကဖြစ်ခဲ့တာကိုအတွေးလွန်သောမျက်နှာထားဖြင့်ပြန်မြင်ယောင်ကြည့်မိသည်။ ယွီမင်ရှို့သူ့နာမည်အစစ်ကိုပြောသွားတုန်းက သူ့မှာတကယ်ကြီးရင်းနှီးသောခံစားချက်တစ်စွန်းတစပေါ်ထွက်လာကာ သူ့စွမ်းအားကိုအလိုလိုရုပ်သိမ်းလိုက်မိသည်။
တစ်ဖက်လူသေလားရှင်လားဆိုတာကတော့ သူတကယ်မသိပေ။ အဆုံးတွင် ထိုမတိုင်ခင် သူ့စွမ်းအားကိုပြန်ရုပ်သိမ်းလို့ရနိုင်မှန်းသူမသိခဲ့ပေ။
အခြားတစ်ဖက်၌ ရဲများကစုံစမ်းစစ်ဆေးမှုကိုပိတ်သိမ်းပြီးနောက် ကုစစ်ကယွီမင်ရှို့၏နေထိုင်ရာကိုသွားခဲ့ပြီး နောက်ဆုံးမှာခရုခွံလက်ကောက်ကိုရှာတွေ့ခဲ့သည်။
တံငါသည်စားသောက်ဆိုင်ကိုပြန်သွားပြီး လက်ကောက်ပေါ်မှာနောက်မှထည့်ထားမှန်းသိသာသည့်ကျောက်စိမ်းတုံးကိုဖယ်ကာ ခရုခွံငယ်လေးများကိုရေထဲထည့်လိုက်သည်။
ဒီတော့ လင်ခုံးလုအနောက်မီးဖိုချောင်ကပြန်လာချိန်မှာ သူကရေကန်ဘေးမှာလေးနက်သောမျက်နှာထားနှင့်ဂရုတစိုက်လှုပ်ရှားမှုတို့ဖြင့်တစ်ခုခုဆေးနေတာကိုမြင်လိုက်ရသည်။
လင်ခုံးလုအလိုလိုအနားကပ်သွားမိတော့ သူငယ်ငယ်တုန်းကသူ့ကိုပေးခဲ့သည့်ခရုခွံလက်ကောက်မှန်း အကြည့်တစ်ချက်တည်းဖြင့်မှတ်မိသွားကာ သူ့နှုတ်ခမ်းများပြုံးသွားခဲ့သည်။
ကုစစ်ရှာတွေ့ခဲ့မည်ဟုသူမထင်ထားခဲ့ပေ။ ဒါပေမဲ့ ဒီခရုခွံငယ်လေးများမှာအလွန်အိုဟောင်းပြီးကြည့်မကောင်းတော့ပေ။ ဒီတော့လက်ကောက်လုပ်ဖို့ ဘယ်နေရာကသင့်တော်လို့လဲ။
လင်ခုံးလုတစ်အောင့်ကြာတွေးလိုက်ပြီး ကမ်းခြေကိုသွားကာ ပိုကြည့်ကောင်းသည့်ခရုခွံကိုသွားကောက်ပြီး ဒီစိတ်သဘောထားကျဥ်းမြောင်းတဲ့လူအတွက်နောက်တစ်ခုလုပ်ပေးရန်ဆုံးဖြတ်လိုက်သည်။
တိုက်ဆိုင်စွာဖြင့် ကုစစ်ကဒီခရုခွံငယ်လေးများကိုဆေးကြောပြီး ရေဖြင့်တစ်ခုချင်းစီသုတ်ကာ သေချာဂရုတစိုက်သိမ်းလိုက်ပြီးနောက် သူအရင်ကဆေးကြောပြီးအရောင်တင်ထားခဲ့သည့်ခရုခွံများကိုထုတ်ကာ ကိုးရို့ကားယားဖြင့်လက်ကောက်တစ်ခုဖြစ်အောင်စီလိုက်သည်။
နေဝင်ချိန်နောက်ဆုံးအလင်းတန်းပျောက်ကွယ်သွားပြီးနောက် လင်ခုံးလုကအမည်မသိသံစဥ်တစ်ခုညည်းလျက် ခြံဝန်းထဲလျှောက်ဝင်လာသည်။
ကုစစ်မှာသံစဥ်ကိုကြားလိုက်ရချိန် မဖော်ပြနိုင်လောက်သောရင်းနှီးမှုတစ်စွန်းတစခံစားလိုက်ရကာ အလိုလိုပြောမိသည်။ "ကိုယ်တစ်နေရာရာမှာကြားဖူးသလိုပဲ။"
"တကယ်လား။" လင်ခုံးလုအာရုံသိပ်မစိုက်ပေ။
သူ့စိတ်ထဲမှာပိုအရေးကြီးသည့်အရာများရှိနေသဖြင့် သူကုစစ်ဆီကိုလက်နောက်ပစ်လျက်လျှောက်သွားကာ ထူးခြားဆန်းကြယ်စွာပြောလိုက်သည်။
"မျက်စိမှိတ်လိုက်။"
ကုစစ်မသိမသာအံ့သြသွားပေမဲ့ သူ့အကြံပေးမှုနောက်လိုက်လုပ်လိုက်သည်။
ခဏကြာသော် မသိမသာအေးစက်သောလက်ကောက်တစ်ခုကသူ့လက်ကောက်ဝတ်မှာအဝတ်ခံလိုက်ရပြီး ထို့နောက်လူငယ်လေးကမသိမသာပျော်ရွှင်သောလေသံဖြင့်မျှော်လင့်တကြီးပြောလာတာကိုသူကြားလိုက်ရသည်။
"မင်းမျက်လုံးဖွင့်ကြည့်လို့ရပြီ၊ ကြိုက်လား။"
ကုစစ်စိတ်ထဲမှာခန့်မှန်းချက်များရှိပြီးသားဖြစ်ပေမဲ့ သူငုံ့ကြည့်မိတော့ လှပသောအဖြူရောင်ခရုခွံလက်ကောက်ကိုမြင်လိုက်ရသော် သူ့နှလုံးသားမှာမသိမသာတုန်ရီသွားဆဲသာ။
"မင်းလဲမျက်စိမှိတ်။" သူပြောလိုက်ပြီး သူ့အသံမှာအက်ရှလျက်။
လင်ခုံးလုပဟေဠိဖြစ်သွားမိပေမဲ့ တစ်ခုခုကိုအမြန်ခန့်မှန်းမိသွားကာ ခပ်မြန်မြန်မျက်စိမှိတ်ပြီး သူ့မျက်နှာကိုမသိမသာမော့ပေးထားလိုက်သည်။
ကုစစ်: "...."
သူတကယ်တော့...အဲ့ဒါကိိုဆိုလိုတာမဟုတ်ပေမဲ့ ကိစ္စမရှိပါဘူးလေ။
"အဟမ်း။" ကုစစ်ခါးကိုင်းကာ ပုစဥ်းပမာ လင်ခုံးလု၏နှုတ်ခမ်းပေါ်အနမ်းတစ်ပွင့်ပေးလိုက်ပြီးမှ သူ့လုပ်ထားသည့်ခရုခွံလက်ကောက်ကိုသူ့လက်ကောက်ဝတ်ပေါ်မှာလက်တစ်ဖက်ဖြင့်ဝတ်ပေးကာ သူ့နားထဲမှာတီးတိုးပြောလိုက်သည်။
"ဒါကသော့ခတ်လိုက်တာပဲ။"
လင်ခုံးလုမျက်လုံးဖွင့်ကြည့်လိုက်ပြီး သူ့လက်ကောက်ဝတ်ပေါ်ကခရုခွံလက်ကောက်ကိုမြင်သော် သိသိသာသာကိုအံ့အားသင့်သွားမိသည်။
ကုစစ်လည်းလက်ကောက်လုပ်တတ်တာလား။ အဓိကက ဒီလက်ကောက်ကတိုက်တိုက်ဆိုင်ဆိုင်ပဲ သူခုနကပေးလိုက်တဲ့တစ်ခုနဲ့တူညီတဲ့ခရုခွံအမျိုးအစားကိုသုံးထားတာ၊ စုံတွဲပုံစံကျနေတာပဲ။
ကုစစ်၏မျက်ဝန်းထဲမှာအပြုံးတစ်ပွင့်ဖြင့် မေးလာသည်။
"ကြိုက်ရဲ့လား။"
လင်ခုံးလုလက်ကောက်ဝတ်ကိုမြှောက်ကာ ထူးဆန်းစွာကြည့်ပြီးရင်းကြည့်နေပေမဲ့ ထိုစကားကိုကြားသော်ရုတ်ခြည်းလက်အောက်ချကာ သီးသန့်ဆန်သောအသံဖြင့်ပြောလိုက်သည်။
"အင်း...ကောင်းပါတယ်။"
သူဟန်ဆောင်နေမှန်း ကုစစ်တစ်ချက်ကြည့်ရုံနှင့်မြင်နိုင်သဖြင့် မနေနိုင်ဘဲတခစ်ခစ်ရယ်မောကာ သူ့ကိုရင်ခွင်ထဲဆွဲသွင်းပြီး နမ်းရှိုက်လိုက်မိပြန်သည်။
ဒီတစ်ခေါက်သူကအများကြီးပိုလေးနက်ကာနက်ရှိုင်းလှသဖြင့် လင်ခုံးလုတဖြည်းဖြည်းချင်းမတည်မငြိမ်ဖြစ်လာကာ အလိုလိုလက်မြှောက်ပြီးသူ့လည်တိုင်ကိုလှမ်းချိတ်လိုက်မိသည်။
လက်ကောက်ဝတ်ကခရုခွံများမှာတစ်ခုနှင့်တစ်ခုတိုက်မိသွားပြီး တချွင်ချွင်မြည်သံထွက်ပေါ်လာသည်။
ထိုစဥ်ကုလူအိုကြီးနှင့်လင်ကျန့်ကော်တို့စကားတပြောပြောနှင့်ရယ်မောလျက် ခြံဝန်းထဲလျှောက်ဝင်လာကြသည်။ လင်ကျန့်ကော်လက်ထဲမှာစားစရာဗူးကိုင်ထားလျက် ရိုးရှင်းကာရိုးသားပွင့်လင်းသောအသံဖြင့်ပြောလိုက်သည်။
"ကျွန်တော်ဒီညအရိုးစွပ်ပြုတ်လုပ်လာခဲ့တယ်၊ ကျွန်တော်ရှောင်ကုအတွက်လုပ်လာတာလေ။ ကျွန်တော့်ကလေးကညစာမစားရသေးဘူး၊ ဒီတော့သူတို့ကိုအတူစားခိုင်း...."
သူပြောလို့မပြီးသေးခင် သူမော့ကြည့်လိုက်တော့ လူနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြတာကိုမြင်လိုက်ရသဖြင့် စားစရာဗူးလွတ်ကျလုမတတ်ဖြစ်သွားတော့သည်။
_______________________________