Chapter(92)
Viewers 10k

"မင်းတို့၊ မင်း---"


လင်ကျန့်ကော်မယုံကြည်နိုင်ဖြစ်စွာကြည့်ကာ သူတို့နှစ်ယောက်ကိုတုန်ရီနေသောလက်ချောင်းများဖြင့်လက်ညိုးထိုးလိုက်မိသည်။


ကုလူအိုကြီးမှာလည်းအံ့သြသွားပုံရပြီးမှ ကုစစ်ကိုမျက်ဝန်းထဲ၌အမုန်းတရားဖြင့် အပြစ်တင်ဟန်ကြည့်လိုက်သည်။


ဒီအသုံးမကျတဲ့ကောင်စုတ်လေးကတော့၊ ဘာလို့ကိုယ့်အခန်းကိုယ်ပြန်ပြီးသွားမနမ်းကြပြန်တာတုန်း? ညီလေးလင်ကဒီကလေးအတွက်အရိုးစွပ်ပြုတ်လုပ်ခဲ့ပေးတာရှက်စရာပဲ၊ သူမရှက်ဘူးလား။ သူ့အဖိုးဖြစ်ရတာတအားရှက်မိတယ်။


လင်ခုံးလုနှင့်ကုစစ်မှာလှုပ်ရှားမှုကိုကြားလိုက်ရချိန် ချက်ချင်းလူခွဲကာ သူတို့ဟာလည်းသူတို့ကိုရှက်ရွံ့စွာကြည့်လိုက်မိလေသည်။


"ပါး။" လင်ခုံးလုကျည်ဆံကိုက်ကာ အရင်စကားပြောလိုက်သည်။


သူကအပြင်မှာလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့သူဌေးဖြစ်ပေမဲ့ လောင်လင်ရှေ့မှာတော့မဟုတ်ပေ၊ ရံဖန်ရံခါနားရွက်ဆွဲကာဆူငေါက်ခံရလေ့ရှိသည်။


ဒါပေမဲ့ဗီရိုတံခါးပွင့်သွားပြီမို့ ကြည့်ရတာတော့ဖုံးကွယ်ဖို့လွယ်ကူတော့မဲ့ပုံမပေါ်ပေရာ ဗီရိုထဲကထွက်လာဖို့အချိန်ကျလေပြီ။


ထို့အပြင် သူဟာလည်းလက်ထပ်ရန်တိုက်တွန်းခံရမည့်အသက်အရွယ်ရောက်နေလေပြီ။ လွန်ခဲ့သောရက်အနည်းငယ်က လောင်လင်ကသူ့ကိုနှစ်ကုန်ကျရင်ဇနီးတစ်ယောက်ခေါ်လာဖို့ပြောခဲ့သည်ပင်....


ဒီတော့ သူကုစစ်လက်ကိုလှမ်းကိုင်ကာ လက်ချောင်းချင်းယှက်ပြီး လင်ကျန့်ကော်ကိုကြည့်ကာ တမင်ရည်ရွယ်သောလေသံဖြင့်ပြောလိုက်သည်။"

"ကျွန်တော်ပါးကိုပြဖို့တစ်ယောက်ယောက်ခေါ်လာသင့်တယ်လို့ ပါးပဲလွန်ခဲ့တဲ့ရက်အနည်းငယ်ကပြောခဲ့တာမဟုတ်ဘူးလား။ တကယ်တော့....ကျွန်တော်ခေါ်လာခဲ့တာကြာပါပြီ။"


သူပြောကာ ကုစစ်ကိုလှည့်ကြည့်လိုက်သည်။


ကုစစ်ကလည်းအလွန်ပူးပေါင်းဆောင်ရွက်ကာဖြင့် သူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ သူ့ကိုနူးညံ့စွာကြည့်လာသည်။


လင်ခုံးလုအလွန်ကျေနပ်သွားကာ လင်ကျန့်ကော်ကိုခေါင်းလှည့်ကြည့်ပြီး ထပ်ပြောလိုက်သည်။

"သူကကျွန်တော့်ချစ်သူပဲ။"


လင်ကျန့်ကော်၏မျက်လုံးများမှာတစ်အောင့်ကြာပြူးကျယ်သွားပြီး သိသိသာသာကိုဒေါသထွက်သွားကာ ရုတ်တရက်စားစရာဗူးကိုဘုန်းခနဲပစ်ချပြီး နီးစပ်ရာသစ်ပင်ကြီးတစ်ပင်မှသစ်ကိုင်းတစ်ကိုင်းဆွဲယူကာ လင်ခုံးလုဆီလျှောက်လာပြီး ခက်ထန်သောမျက်နှာဖြင့်ပြောလိုက်သည်။

"ကောင်စုတ်လေး၊ ထပ်ပြောလိုက်စမ်း? ငါမင်းကိုယောကျ်ားလေးဇနီးရှာခဲ့ခိုင်းလို့လားကွ?"


"ပါး၊ ပါးလို့!" လင်ခုံးလုကကုစစ်နောက်မှာအလျင်စလိုပုန်းပြီး ရှင်းပြလိုက်သည်။

"စိတ်မပူပါနဲ့၊ အခုဆိုယောက်ျားနဲ့မိန်းမကတန်းတူညီမျှဖြစ်နေပြီ၊ ယောကျ်ားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကိစ္စမရှိဘူး။"


သူမတုံးအပေ၊ ကုစစ်ကအပြင်လူဖြစ်နေတဲ့အပြင် ကုဖိုးဖိုးကသူ့ဘေးမှာရှိနေတာမို့ လောင်လင်ကသူ့ကိုသင်ခန်းစာမပေးနိုင်သဖြင့် သူ့ကိုဆုံးမရုံသာတတ်နိုင်သည်။


ဒါကိုကြားသော်လင်ကျန့်ကော်ပို၍ပင်ဒေါသထွက်လာကာ ကုစစ်ကိုဖြတ်၍သူ့ကိုတုတ်ချောင်းဖြင့်ရွယ်ကာ ပြောလိုက်သည်။

"ဘယ်လိုအတွေးမှားကြီးလဲ၊ စကားကိုအဲ့လိုရှင်းပြတယ်လား။ ပြီးတော့ ငါ့ရှေ့ထွက်လာခဲ့စမ်း!"


သူ့ကိုတကယ်ရိုက်လိုက်မည်ကိုကုစစ်စိုးရိမ်မိသဖြင့် သူ့ကိုအလျင်စလိုတားကာ ရိုးသားစစ်မှန်စွာပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ အန်ကယ်၊ ကျွန်တော့်အမှားပါ၊ ကျွန်တော်ကအရင်...."


သူပြောလို့မပြီးသေးခင် ကုလူအိုကြီးကရုတ်တရက်မြေကြီးကိုသူ့တုတ်ကောက်ဖြင့်ခပ်ပြင်းပြင်းရိုက်ချကာ နာကျင်စွာအော်ပြောလိုက်သည်။

"အယုတ်တမာလေး!"


ပြောရင်း သူလည်းအနီးကပ်တိုက်ပွဲမှာဝင်ပါရန်ရှေ့တိုးလာပြီး သူ့တုတ်ကောင်ကိုနှုတ်ဆက်ရန်အလားဝေ့ယမ်းလျက် ဝမ်းနည်းစွာပြောလိုက်သည်။

"မင်းကယောကျ်ားတွေကိုကြိုက်တယ်ပေါ့? ပြီးတော့မင်းကရှောင်လုကိုဒီလမ်းကိုရောက်အောင်လုပ်ခဲ့တယ်ပေါ့လေ? သူကမင်းရဲ့ကျေးဇူးရှင်ကွ၊ လောင်လင်ကလည်းမင်းကိုကောင်းကောင်းဆက်ဆံတဲ့ဟာကို၊ မင်း အသဲနှလုံးမရှိတဲ့ကောင်၊ ငါဒီနေ့မင်းကိုသေအောင်ရိုက်သတ်ပစ်မယ်...."


လူအိုကြီးမှာပုံမှန်ဆိုကျန်းမာရေးကောင်းမွန်လှပေမဲ့ ဒီအခိုက်အတန့်မှာ သူတကယ်ဒေါသထွက်နေသည့်ပမာ သူ့လက်များမှာတုန်ခါလျက်ရှိသည်။


လင်ကျန့်ကော်ဒါကိုမြင်လိုက်ရချိန် လင်ခုံးလုကိုသင်ခန်းစာပေးဖို့ဂရုစိုက်နိုင်မယ်တဲ့လား။ တုတ်ချောင်းကိုအမြန်ပစ်ချကာ ကုလူအိုကြီးနှင့်ကုစစ်ကြားမှာဝင်ရပ်ပြီး စည်းရုံးလိုက်သည်။

"အစ်ကိုကြီးစိတ်အေးအေးထားပါ၊ မလိမ်မာတဲ့ကလေးတွေကိုသင်ပြလို့ရပေမဲ့ အစ်ကိုကြီးဒေါသထွက်နေရင် အစ်ကိုကြီးရဲ့ကျန်းမာရေးဘယ်ကောင်းတော့မလဲ။"


ကုစစ်လည်းတိတ်ကျသွားရသည်၊..... သရုပ်ဆောင်စကေးကတော်တော်လေးကောင်းတာပဲ၊ တကယ်တော်တယ်။


ကုလူအိုကြီးကအနည်းငယ်ပိုကောင်းစွာလုပ်ဆောင်သွားလေသည်။ သူကရပ်လိုက်ပေမဲ့လည်း ကုစစ်ကိုတုတ်ကောက်ဖြင့်ရိုက်ရန်ကြိုးစားကာ သူ့ကိုဆူငေါက်လိုက်သည်။

"ဒီကိုလာခဲ့စမ်းပါ၊ ဒီနေ့မင်းငါ့ကိုစိတ်တိုအောင်လုပ်နေတာမလား။"


ကုစစ်ကလုကျန့်ကော်အနောက်မှာပိတ်ကွယ်ခံထားရပြီး သူ၏ကျေးဇူးတင်မှုကိုပြသရန် အဖိုးအိုကိုလက်သီးနှစ်ဖက်စုပြလိုက်သည်။


အဖိုးအိုကသူ့မုတ်ဆိတ်ကိုချက်ချင်းမှုတ်ကာစိုက်ကြည့်လိုက်ပြီးမှ သူ့နှလုံးသားကိုဖုံးအုပ်ကာ အလွန်ဒေါသထွက်နေဟန်ဆောင်လိုက်သည်။


လင်ကျန့်ကော်မှာလင်ခုံးလုကိုသင်ခန်းစာပေးရန်လုံးဝမေ့သွားပြီး အဖိုးအိုကိုအရင်ပြန်သွားနားဖို့ အလျင်စလိုနားချလိုက်သည်။


လင်ခုံးလုကြက်သေသေသွားကာ ကုစစ်ကိုမေးလိုက်မိသည်။

"အဖိုး၊ သူ...မင်းသွားမတွေ့ဘူးလား။"


"အဟမ်း။" ကုစစ်သူ့နားထဲမှာတိုးတိုးလေးပြောလိုက်သည်။

"သရုပ်ဆောင်နေတာလေ။" 


လင်ခုံးလု: "......" လူအိုကြီးကလည်းသရုပ်ဆောင်တစ်ယောက်ဖြစ်နေမည်ဟုသူမထင်ထားခဲ့မိပေ။


နောက်တစ်နေ့မှာ လင်ကျန့်ကော်ဒေါသအရမ်းမထွက်လောက်တော့ဟု လင်ခုံးလုတွက်ဆကာ သူ့ကိုစကားစပြောလိုက်သည်။ သူပြောလိုက်သည်။

"ပါး၊ ကျွန်တော်မွေးထဲကဒီလိုဖြစ်နေခဲ့တာ၊ ကျွန်တော်မတတ်နိုင်ဘူးလေ။ ကျွန်တော်သာမိန်းကလေးတစ်ယောက်ရှာခဲ့မယ်ဆိုရင် လှည့်စားသလိုမဖြစ်သွားဘူးလား။"


လင်ကျန့်ကော်ကသူ့ကိုစိုက်ကြည့်ကာဆိုသည်။

"ငါမင်းကိုဘယ်တုန်းကလှည့်စားခိုင်းလို့လဲ။"


သူသူ့သားကိုဘယ်သူနှင့်မှမမိတ်ပေးခဲ့ပေ၊ အများဆုံးသူလက်ထပ်ဖို့တိုက်တွန်းရုံသာဖြစ်ပြီး ထို့အပြင်သူအရင်ကမသိခဲ့ပေ။


လင်ခုံးလုမနေနိုင်ဘဲရယ်မောကာဆက်ပြောလိုက်သည်။

"ပြီးတော့ ပါးပဲသူ့ကိုချီးကျူးခဲ့တာမဟုတ်ဘူးလား၊ အဲ့လူငယ်လေးကရုပ်ချောပြီးတော့သွက်လက်တက်ကြွတယ်ဆိုပြီးတော့လေ? ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝမှာကိုယ်ရှင်သန်နေတာကို ဘာလို့ကိုယ်သဘောကျတဲ့တစ်စုံတစ်ယောက်ကိုမရှာရမှာလဲ။ ဘာလို့အများကြီးဂရုစိုက်နေရမှာလဲ။"


လင်ကျန့်ကော်: "....." မှန်ပါတယ်။ ဒါပေမဲ့ငါ့သားရှာလာတဲ့တစ်ယောက်ကငါ့သားထက်အရပ်ပိုရှည်တဲ့ယောကျ်ားကြီးတစ်ယောက်လေ။ ဘာလို့အရမ်းထူးဆန်းပုံပေါ်နေရတာတုန်း?


ထိုညမှာ လင်ကျန့်ကော်ကကုလူအိုကြီးကိုသွားရှာကာ သူနှင့်အတူထိုင်ပြီး အကြာကြီးသက်ပြင်းချပြီးမှ ကလေး၏မိတ်ဖက်ရှာသည့်အကြောင်းအတိုချုံးစပြောလိုက်သည်။


လူအိုကြီးကု: "အိုး၊ ဘာလို့ယောကျ်ားတွေကိုကြိုက်တာလဲ။"


လင်ကျန့်ကော်မျက်မှောင်ကြုတ်မိသည်။

"မကြိုက်ဘူးလို့ဘယ်သူပြောလဲ။"


ကုလူအိုကြီး: "ငါတို့မိသားစုကမျိုးဆက်သုံးဆက်ဆင်းသက်လာခဲ့တာ၊ ဒီရှောင်လု...."


လင်ကျန့်ကော်: "?" 

ဘာလို့ရှောင်လုကိုအထင်သေးနေသေးတာတုန်း? သူတောင်ရှောင်ကုကိုယောကျ်ားတစ်ယောက်အနေနဲ့သဘောမကျပေ။


"ကျွန်တော်တို့မိသားစုကလဲမျိုးဆက်သုံးဆက်ဖြတ်သန်းလာခဲ့တာ။" လင်ကျန့်ကော်ခပ်တည်တည်မျက်နှာပေးဖြင့်ပြောလိုက်သည်။


ကုလူအိုကြီး: "ကံကောင်းချင်တော့ ငါတို့မိသားစုမှာဆက်ခံစရာထီးနန်းမရှိဘူးလေ။"


လင်ကျန့်ကော်: "တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျွန်တော်တို့မိသားစုမှာလည်းမ..."


ကုလူအိုကြီး: "မရှိဘူးဟုတ်?"


လင်ကျန့်ကော်ချက်ချင်းစကားပြောရပ်လိုက်မိပေမဲ့ သေချာတွေးကြည့်ပြီးနောက်မှာတော့ မနက်ကလင်ခုံးလုပြောတာမှန်သည်ဟုခံစားလိုက်ရသည်။ ထို့အပြင် သားနဲ့မြေးမှာသူတို့ကိုယ်ပိုင်ကောင်းချီးတွေရှိကြတာမို့ သူတို့ကိုလွှတ်ထားပေးလိုက်မယ်၊ ကလေးနှစ်ယောက်ကောင်းကောင်းမွန်မွန်ရှိနေသရွေ့ပေါ့။


ဒီတော့ ထိုအစား သူလူအိုကြီးကုကိုစတင်နားချလိုက်သည်။


ကုလူအိုကြီးချက်ချင်းရှက်ရွံ့သွားရကာ ခပ်မြန်မြန်ဟန်ဆောင်ရပ်ပြီး အမှန်အတိုင်းပြောပြလိုက်သည်။


ကံကောင်းစွာဖြင့် သူကကလေးအတွက်စဥ်းစားပေးနေခြင်းဖြစ်သည်ဟုလင်ကျန့်ကော်ခံစားလိုက်ရတာမို့ စိတ်ထဲသိပ်မထားဘဲ လိပ်စာကိစ္စအကြောင်းအနည်းငယ်ရှက်သွားရသည်။


ကုလူအိုကြီးကနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်သည်။

"ငါတို့ကလူကြီးတွေပဲကို၊ လူငယ်မျိုးဆက်နဲ့ ဘာလို့ငြင်းခုံနေကြမှာလဲ။ ငါတို့ကညီအစ်ကိုတွေဖြစ်နေတုန်းပဲလေ။ သူတို့နှစ်ယောက်ကိုတော့ လွှတ်ထားပေးလိုက်ကြတာပေါ့။"


နောက်တစ်နေ့တွင် ကုစစ်တစ်ယောက်လင်ခုံးလုနှင့်အတူ အခြေအနေသွားကြည့်ချိန်မှာ ကုလူအိုကြီးကစနောက်ပြောလာသည်။

"အားစစ်၊ မင်းရဲ့ဦးငယ်လေးကိုအနိုင်မကျင့်နဲ့နော်။"


ကုစစ်တစ်ခဏဆွံ့အသွားရသည်။


သို့သော်လည်း ဆက်ဆံရေးကိုခွင့်ပြုလိုက်ပြီးနောက် ကုစစ်ကလက်ထပ်ဖို့အကြောင်းစတွေးမိပြန်သည်။


တရားဝင်လိင်တူလက်ထပ်ခွင့်မရှိသော်ငြား လက်ထပ်ပွဲကျင်းပရန်ပြဿနာမရှိပေ။


လက်ထပ်ပွဲကျင်းပမည့်နေရာကတော့ ယင်းရှပင်လယ်အော်ကနေရာကောင်းဖြစ်သည်ဟုကုစစ်တွေးမိသည်၊ ဒီနေရာကသူနှင့်လင်ခုံးလုစတွေ့ခဲ့တဲ့နေရာဖြစ်သည့်အပြင် သူတို့ပြန်တွေ့သည့်နေရာလည်းဖြစ်ပေသည်။


ထို့အပြင် ဒီနေရာရှိရှုခင်းမှာလှပပြီး လေထုကားကောင်းမွန်ပေသည်။ အထူးသဖြင့် ပင်လယ်ကမ်းခြေမြို့သစ်ပရောဂျက်ကိုဆောက်လုပ်ပြီးသွားပြီးနောက်ပိုင်းကျရင် ၎င်းမှာကောင်းမွန်သောခရီးသွားဆွဲဆောင်မှုနှင့်အပန်းဖြေစခန်းဖြစ်လာလိမ့်မည်ပင်။


ဒါကိုတွေးမိရင်း ကုစစ်မနေနိုင်ဘဲပင်လယ်ကမ်းခြေမြို့သစ်ပရောဂျက်ကိုအာရုံပိုစိုက်မိသည်။


သူကပြိုင်ဆိုင်မှုကိုဦးဆောင်ပြီး ကုအုပ်စုနှင့်ပူးပေါင်းခဲ့သောကြောင့် လင်ခုံးလုကပျော်ပျော်ကြီးအလွယ်လေးလက်ခံကာ အလုပ်အများစုကိုသူ့ဆီအပ်ထားလိုက်သည်။


ဒါပေမဲ့ဘယ်သူသိမှာလဲ၊ ကုစစ်၏ကိုယ်စားလှယ်နှင့်ဆက်သွယ်တော့ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သတ်ပြီးပြဿနာအနည်းငယ်ရှိလာသည်။


ကုမိသားစုမှာကြီးမားသောစီးပွားရေးရှိပြီး သူတို့တို့အကုန်လုံးကိုအတွင်းကျကျစကားမပြောတတ်ကြပေ။ သူတို့Cမြို့တော်ကိုရောက်လာတုန်းက သူတို့ဟာကုစစ်၏လက်အောက်ငယ်သားများအမြဲဖြစ်ကြပြီး ဥက္ကဌယွိကတစ်စုံတစ်ယောက်ကိုကိုယ်တိုင်ခန့်အပ်ထားခဲ့သည်။


ဒါပေမဲ့လွန်ခဲ့သောအချိန်တချို့က ကုလူအိုကြီးAမြို့တော်ကထွက်သွားပြီး ကုစစ်က"ပျောက်"နေကာ သတင်းလုံးဝမကြားရပေ။ သူ့ကိုလုပ်ကြံခဲ့ကြသည့်ကုမိသားစုကိုင်းခွဲအများအပြားမှာ ဟိုဟိုဒီဒီစတင်လှုပ်ရှားကာ ကုမ္ပဏီ၏အရေးကိစ္စများတွင်ဝင်စွက်ဖက်ချင်လာကြသည်။


ဒီတစ်ခေါက်ဖေးလုအုပ်စုကိုလာဆက်သွယ်သည့်တစ်ယောက်မှာ ကုစစ်၏ဝမ်းကွဲဖြစ်သည်။ သူ့သဘောထားမှာအလွန်မောက်မာသည်ဟုပြောကြသည်။ Cမြို့တော်ကိုရောက်လာပြီးနောက် သူကလင်ခုံးလု၏ကုမ္ပဏီကိုမဆက်သွယ်သကဲ့သို့ လင်ခုံးလုစီစဥ်အေးထားသည့်နေရာကိုလည်းလက်မခံခဲ့ပေ။ လင်ခုံးလုလွှတ်လိုက်သည့်ဒုဥက္ကဌနှင့်လက်ထောက်ဆိုရင်ပြောမနေနဲ့တော့။ သူကဒီတိုင်းဖုန်းခေါ်ကာပြောလာသည်။

"ဥက္ကဌလင်ကိုယ်တိုင် ကျုပ်ကိုဟိုတယ်မှာတိုက်ရိုက်လာတွေ့။"


ဂရုထဲမှာဒီအကြောင်းဝန်ထမ်းများကွန်ပလိန်းတက်နေကြတာကိုကုစစ်မြင်လိုက်ရသော် သူ့နှဖူးမသိမသာတွန့်သွားကာ တိုက်ရိုက်ပြန်ဖြေလိုက်သည်: ငါ့ကိုယင်းရှပင်လယ်အော်မှာလာတွေ့ဖို့သူ့ကိုပြောလိုက်။


သူတန့်သွားပြီးမှ ပြန်ဖျက်ကာ အောက်ပါအတိုင်းပြန်ပြင်လိုက်သည်: ဥက္ကဌလင်ကိုတွေ့ဖို့။


သူ၏ရုပ်ဆိုးသောမျက်နှာကိုမြင်လိုက်ရသော် လင်ခုံးလုမနေနိုင်ဘဲအနားတိုးကပ်ကာမေးမိသည်။ "ဘာဖြစ်လို့လဲ။"


ကုစစ်ကသူ့ဖုန်းကိုအလိုလိုသိမ်းကာ ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။"


"အော်?" လင်ခုံးလုမှာသံသယပွားလျက်။


ကုစစ်: "....."


သူတစ်အောင့်ကြာတွေးကြည့်မိတော့ ဒီဂရုကကုမ္ပဏီ၏အထွေထွေဂရုဖြစ်တာမို့ လင်ခုံးလုအနှေးနှင့်အမြန်မြင်သွားလိမ့်မည်ဟုသူခံစားလိုက်ရသဖြင့် သူစာအိတ်နီတစ်အိတ်၊ နောက်တစ်အိတ်၊ နောက်တစ်အိတ်စသဖြင့်ပို့လိုက်သည်... 


ခဏကြာသော် ဂရုထဲမှာစကားပြောမှတ်တမ်းမှာစာအိတ်နီမိုးနှင့် "ကျေးဇူးပါသူဌေး"နှင့်"သူဌေးကရက်ရောလိုက်တာ"ကဲ့သို့သောအီမိုဂျီများဖြင့်လွှမ်းမိုးခံလိုက်ရတော့သည်။


ကုစစ်သက်မချမိကာထိုအကြောင်းတွေးကြည့်လိုက်ပြီး စာအိတ်နီဒါဇင်ကျော်ပို့ပေးလိုက်သည်။


တမဟုတ်ချင်းပင်၊ နောက်ထပ်အီမိုဂျီများပေါ်လာချေသည်။


နောက်ဆုံးမှာ တစ်ယောက်ကမနေနိုင်ဘဲမေးလာသည်: အတွင်းရေးမှူးယန်းဒီနေ့ဘာဖြစ်သွားတာလဲ။ ဒီလောက်ရက်ရောနေပါလားဟ?


ကုစစ်တစ်ခဏမျှတွေးကာပြန်ဖြေလိုက်သည်: ကျွန်တော်လက်ထပ်တော့မှာမို့။


[ ဝေါင်း၊ ကွန်ဂရက်ကျူလေးရှင်း! ]


[ ဘယ်တော့လဲ။ ငါတို့ကိုဖိတ်ဖို့သတိရနော်! ]


[ ယောက်မလေးကအရမ်းလှမှာပဲ! ]


အတွင်းရေးမှူးယန်း: ကျေးဇူး၊ သေချာတာပေါ့၊ တကယ်လှတာ။


ဂရုမှာကွန်ဂရက်ကျူလေးရှင်းဖြင့်ပြည့်သွားပြီး လက်ထောက်စုန့်တစ်ယောက်သာစိတ်ပူနေလျက် သူ့ကိုတိတ်တခိုးသွားမေးမိသည်: မင်းလက်ထပ်တော့မှာကိုဥက္ကဌလင်သိရဲ့လား။


အတွင်းရေးမှူးယန်း: အင်း။


လက်ထောက်စုန့်: အော် အော်။


ဥက္ကဌလင်ကသိပ်သနားစရာကောင်းတာပဲ။ သူကဦးထုပ်စိမ်းဆောင်းထားပြီးတော့ အတွင်းရေးမှူးယန်းကိုဒီလောက်အများကြီးယုံကြည်ခဲ့ပေမဲ့ အဆုံးမှာတော့သူမှားအမ်းခဲ့မိတာပဲ။


နောက်တစ်နေ့မှာ ကုအုပ်စု၏ကိုယ်စားလှယ်ဝူကျန်းဟိုင်က အဆုံးမှာလက်ထောက်စုန့်နှင့်အတူ ယင်းရှပင်လယ်အော်ကိုရောက်လာသည်။


ဝူကျန်းဟိုင်လုံးဝမလာချင်ပေ၊ သူကဦးလေးကုစီထန်ဘက်တော်သားမို့ အစကတည်းကလင်ခုံးလု၏ကုမ္ပဏီကိုအရှက်ရအောင်လုပ်ဖို့ Cမြို့တော်ကိုလာခဲ့ခြင်းဖြစ်ပြီး သူဒီပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သတ်ပြီးတကယ်စကားမပြောချင်ခဲ့ပေ။


ဒါပေမဲ့ကုစစ်ကယွိဟုန်ကိုသတိပေးလိုက်တော့ ယွိဟုန်ကမနေ့ကသူ့ကိုကိုယ်တိုင်ဖုန်းခေါ်ကာ သူ့ကိုသွားရန်အမိန့်ပေးခဲ့သည်။


သို့ဖြစ်၍ လူရောက်လာပေမဲ့လည်း ရင်ထဲမှာတော့အလွန်မပျော်မရွှင်ဖြစ်လျက်ရှိသည်။


တံငါသည်စားသောက်ဆိုင်ကိုရောက်တော့ လက်ထောက်စုန့်ကသီးသန့်အခန်းမစီစဥ်ပေးထားတာကိုမြင်လိုက်ရသော် ဝူကျန်းဟိုင်ချက်ချင်းစိတ်ပျက်သွားကာမေးမိသည်။

"ဒါကဥက္ကဌလင်လူတွေကိုဧည့်ခံတဲ့ပုံစံလား။ သီးသန့်အခန်းတောင်ဘိုကင်မတင်နိုင်ဘူးပေါ့လေ?"


မထင်မှတ်ထားစွာဖြင့် သူပြောပြီးရုံသာရှိသေး၊ ကုစစ်ကအနောက်မှထွက်လာကာ မီနူးကဒ်ကိုယူလာပြီးစားပွဲပေါ်တင်ကာ စားပွဲပေါ်တတောက်တောက်ခေါက်ပြီး ဗလာသက်သက်မေးလိုက်သည်။

"ဘာမှာမှာလဲ။"


ဝူကျန်းဟိုင်မော့ကြည့်မိတော့သူဖြစ်နေမှန်းမြင်လိုက်ရရာ အလန့်တကြားဖြင့်ထိုင်ခုံပေါ်ကပြုတ်ကျလုနီးပါးဖြစ်သွားရသည်။


"ဥ ဥက္ကဌကု?" သူထစ်ထစ်အအဖြင့်-

"ဘာ ဘာလို့ဒီရောက်နေတာလဲဟင်?"


ပြီးတော့ စားပွဲထိုးတောင်လုပ်နေသေးတယ်လား။


ထိုစဥ် လူအိုကြီးကုကဘာလီရေနွေးကြမ်းအိုးဖြင့်ရှေ့တိုးလာကာ ဖော်ဖော်ရွေရွေဆိုလာသည်။

"ရေအရင်သောက်လိုက်ပါအုံးကွယ်။"


ဝူကျန်းဟိုင်ခေါင်းလှည့်ကြည့်မိတော့ ဒီတစ်ခေါက်သူအလွန်ကြောက်လန့်သွားကာထိုင်ခုံပေါ်ကတကယ်ပြုတ်ကျသွားပြီး နှဖူးပေါ်မှာချွေးစေးပြန်လျက် အလန့်တကြားပြောမိသည်။

"ဥ ဥက္ကဌဟောင်း?"


လက်ထောက်စုန့်: "?"


ဒီမနက်မတိုင်ခင်အထိ ကုအုပ်စုကိုယ်စားလှယ်ကသူနှင့်ပရောဂျက်ကိစ္စဆွေးနွေးရန် ယင်းရှပင်လယ်အော်ကိုရောက်လာမှန်းလင်ခုံးလုမသိခဲ့ပေ။ ဒီတစ်ခေါက်ကိုယ်စားလှယ်ကအလွန်ခက်ခဲပြီး သဘောထားကအလွန်ဆိုးဝါးကာ ပြောဆိုဆက်ဆံရခက်သည်ဟု သူလက်ထောက်စုန့်ထံမှကြားသိခဲ့ရသည်။


လင်ခုံးလုမှာကြမ်းတမ်းသောတိုက်ပွဲအတွက်အသင့်ပြင်ထားခဲ့ပေမဲ့ သူမြင်ကွင်းကိုရောက်သွားချိန်မှာတော့ လက်ထောက်စုန့်ကတစ်ဖက်လူအတွက်သီးသန့်အခန်းပင်ဘိုကင်မတင်ထားပေးကြောင်းသိလိုက်ရသည်။


ထိုတင်မကသေး၊ ကုစစ်နှင့်ကုလူအိုကြီးပါထိုနေရာတွင်ရှိနေပြီး သနားစရာကိုယ်စားလှယ်မှာတော့ချွေးစေးပြန်လျက် ဆူးနှင့်အပ်များပေါ်မှာထိုင်နေရသကဲ့သို့ခံစားနေရလေသည်။


သူပေါ်လာတာကိုမြင်လိုက်ရတော့ တစ်ဖက်လူမှာကယ်တင်ရှင်ကိုမြင်လိုက်ရသည့်ပမာ ချက်ချင်းထရပ်ကာ စိုးရိမ်တကြီးဆိုလာသည်။

"ဥက္ကဌလင်ရောက်လာပြီပဲ၊ ဥက္ကဌလင်ထိုင်ပါအုံးဗျ။"


ထို့နောက် သူတို့ပရောဂျက်ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သတ်၍စတင်ပြောဆိုခဲ့ကြပြီး လင်ခုံးလုဘာပြောပြော တစ်ဖက်လူကအဆက်မပြတ်ခေါင်းငြိမ့်ပြလာလျက်။


နောက်ဆုံးအောင်အောင်မြင်မြင်စာချုပ်လက်မှတ်ထိုးပြီးနောက် ဝူကျန်းဟိုင်ပင်သက်မချကာ ကုစစ်ကိုသတိရှိရှိကြည့်ပြီး သတိထားကာမေးလိုက်သည်။

"ဥက္ကဌကု၊ ဒါကိုကြည့်ပါအုံး...အဆင်ပြေတယ်မလားဟင်?"


ကုစစ်ကစာချုပ်ကိုဖတ်ပြီးပြီဖြစ်ကာ သူ့ကိုတစ်ချက်ကြည့်ပြီး မျက်နှာသေဖြင့်ပြောလိုက်သည်။

"ပြန်တော့။"


ဝူကျန်းဟိုင်ကြည့်ရတာလွတ်ငြိမ်းချမ်းသာခွင့်ရသွားပုံရကာ စိတ်အားငယ်စွာလှစ်ခနဲထွက်သွားတော့သည်။


လင်ခုံးလု: "ဒါသိပ်မရိုးဘူး၊ မင်းဘာလို့သူ့ကိုစကားပြောမှဖြစ်မှာလဲ။"


_______________________________