Chapter 73
Viewers 9k

အပိုင်း(၇၃)


ကောင်မလေးက ချည်သားထူထူ ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားခဲ့ကာ သူမခေါင်းပေါ်မှာ သားမွေးဦးထုပ်တစ်လုံး ဆောင်းထားခဲ့တယ်။ သူမနှာခေါင်းလေးက အေးမြတဲ့ရာသီဥတုကြောင့် နီရဲနေလေတယ်။ သူမမျက်လုံးလေးတွေ အလွန်ပဲတောက်ပနေလေတယ်။ အဝေးမှာရှိတဲ့မြင့်မားစွာတည်ရှိနေတဲ့ နှင်းဖုံးလွှမ်းနေတဲ့ တောင်တန်းတွေကလည်း အရိပ်ထင်ရှိနေခဲ့ပါတယ်။


"အဲဒါက....." ကျီရှောင်အုံး သူမလက်ကို နောက်ကို ထားလိုက်ပြီး သူမ အချိန်အကြာကြီး တွန့်ဆုတ်နေလိုက်ပြီးနောက် သူမ ဖြည်းဖြည်းချင်း ပြောထွက်လာလေတယ်။ "ရမ်...ငါ နင်နဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်" 


ရမ် သူ့မျက်ခုံးရိုးတွေကို ပင့်လိုက်ကာ ပြောလာ၏။ "ပြော"


ကျီရှောင်အုံး သူမပုခုံးတွေ ကျုံ့ဝင်သွားလိုက်ပြီး သူမအသံကို နှိမ့်ကာ ပြောလိုက်တယ်။ "ငါ ရက်နည်းနည်းလောက် ထွက်သွားလို့ရမလား..."


ရမ်က မျက်မှောင်ကြုတ်သွားလိုက်ကာ "ဘယ်ကို သွားမလို့လဲ"


ကျီရှောင်အုံး အပြစ်ရှိသလို ခံစားသွားရလိုက်တယ်။ "ငါ့ မဖြေရှင်းရသေးတဲ့ အရေးကြီးတဲ့အရာတွေရှိလို့။ မနက်ဖြန် ငါ့မျိုးနွယ်စုကို ပြန်သွားဖို့လိုတယ်..."


. . .


သူမပတ်ဝန်းကျင်က လေထုဖိအားကား ထိုးကျ သွားလိုက်တော့၏။


ကျီရှောင်အုံး တုံ့ပြန်မှုမရရှိခဲ့ဘဲ သူ့မျက်နှာကို မြင်ရဖို့ သူမမျက်လုံးတွေကို တည်တည်ငြိမ်ငြိမ် မော့ကြည့်လိုက်တော့ သူ့မျက်နှာက ခံစားမှုကင်းမဲ့စွာနဲ့ သူ့မျက်လုံးတွေက နက်ရှိုင်းနေခဲ့ကာ တိတ်ဆိတ်စွာဖြင့် တစ်ခွန်းမျှမဟဘဲ သူမအား စိုက်ကြည့်နေခဲ့တယ်။


သူမနှလုံးသားက လန့်ကာ ထခုန်သွားလိုက်ပြီး အလောသုံးဆယ် ရှင်းပြလိုက်တယ်။ "ငါ အကြာကြီး မသွားပါဘူး. ငါ တစ်ခါတည်းနဲ့ အပြီးဖြေရှင်းလာခဲ့ပြီး ပြန်လာခဲ့လိုက်မယ်..... အများဆုံး နှစ်လလောက်ပါပဲ"


စာသင်နှစ်ဒုတိယနှစ် သင်ခန်းစာတွေက အတော်လေး များပေမဲ့ သူမက အရင်ကြိုပြီး သင်ခန်းစာတစ်ချို့ကို လုပ်ထားတော့ သူမ တော်တော်ကလေး စိတ်ချနေခဲ့တာပင်။


တကယ်လို့ သူမ သူမရဲ့ဓာတ်ခွဲခန်းသင်ခန်းစာတွေအကုန်လုံး အရင်ကြိုပြီးထားလိုက်မယ်ဆို သူမ စောစောပြန်လာလို့ ရနိုင်မှာပဲ။


ရမ်၏မျက်နှာအမူအရာကတော့ မပြောင်းလဲသွားခဲ့ပဲ သူ့လက်သည်းတွေက သူမမေးစေ့လေးကို လှမ်းကိုင်လိုက်ခဲ့တယ်။ သူ ရှေ့ကို ကိုင်းညွတ်လိုက်ပြီး သူ့သွားတွေကို ထုတ်ဖော်လိုက်ကာ လေသံတိုးတိုးနဲ့ မေးလိုက်တယ်။ "ကိုယ့် အိမ်ထောင်ဖက် ဖြစ်လာတုန်းက မင်း ဘာကတိပေးခဲ့လဲ" 


ကျီရှောင်အုံး အံ့အားသင့်သွားပြီး အဲဒီနောက် သူမ ဝီနော်တောင်ကြားမှာတုန်းက ပြောခဲ့တဲ့အတိုင်း ပြန်တုံ့ပြန်လိုက်ခဲ့တယ်။


သူမ ပြောလိုက်၏ "ငါ နင့်အိမ်ထောင်ဖက် ဖြစ်ဖို့ ကတိပေးပြီးထဲက ငါ နင့်ကို မထားခဲ့ပါဘူး"


သူမ သူ့ကို ချော့မြူဖို့ပဲ တွေးတောလိုက်တုန်းက သူမ ဒီအတိုင်း ပြောလိုက်ခဲ့တာပင်။


ပြီးတော့လည်း သူမ သူ့ကို နောက်ထပ် ထားပစ်ခဲ့ဖို့မှ မရည်ရွယ်တာပဲ။ သူမ အိမ်ကို ရက်နည်းနည်းလောက် ပြန်သွားပြီးတော့ အဲဒီရက်လောက်ဆို ပိုများဝေးနေမလား။


ကျီရှောင်အုံး လက်ညိုးတစ်ချောင်းထောင်လိုက်ပြီး သူမစိတ်ကို ပြောင်းလဲလိုက်တယ်။ "တစ်လလောက်ဆိုရင်ရော။ ခဏလေးနဲ့အချိန်ကုန်သွားမှာပါ....."


ရမ် သူ့မျက်နှာပေါ်မှာ ဒေါသနည်းနည်းထွက်ပေါ်သွားလိုက်ကာ သူမအား တည့်တည့်ကြည့်လိုက်ပြီး အဆွေးနွေးပင် မခံပေ။ "တစ်ရက်လေးတောင် မရဘူး"


ကျီရှောင်အုံး: " ..."


သူမ အရမ်း စိုးရိမ်ကြောင့်ကြနေတာကိုလည်း အပြစ်တင်လို့ မရနိုင်ပေ။


သက်ဘက်ခါက သူမ ကျောင်းစတက်ရမဲ့နေ့ပဲ။ တကယ်လို့ သူမ အချိန်မီ မသွားလိုက်မိရင် ကျောင်းက သူမကို အလိုအလျောက် ထုတ်ပစ်လိုက်တော့မှာ။


သူမမိဘတွေနဲ့ တစ်လကြာတဲ့အထိ အဆက်အသွယ်မလုပ်ဘဲ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုမှာ စာသင်ကြားဖို့ သွားလိုက်တယ်ဆိုရင်တောင်မှ "ပျောက်ဆုံး"နေတဲ့ အချိန်ကာလက အရမ်းကြာမြင့်နေတာပင်။


သူမ ပြန်သွားလိုက်ရင် သူမရင်ဆိုင်ရမဲ့ ပြဿနာတွေကိုတော့ သူမစဉ်းစားလို့တောင် မရနိုင်ချေ။


ကျီရှောင်အုံး ကူကယ်ရာမဲ့ဖြစ်သွားလိုက်ပြီး ရမ့်ကို စိတ်ပျက်စွာဖြင့် စိုက်ကြည့်လိုက်ခဲ့တယ်။ သူမခေါင်းက ရှုပ်ပွနေပြီး တစ်ခုခုကို တွေးမိလိုက်သလိုမျိုး ရုတ်တရက် ဖြတ်ခနဲစဉ်းစားမိလိုက်ကာ သူမရဲ့ မျက်လုံးလေးတွေက ရုတ်ခြည်းပင် လင်းလက်သွားလိုက်ခဲ့တယ်။


သူမ ရမ့်လက်ချောင်းတွေဆီ သူမလက်ကို ဆန့်ထုတ်လိုက်ခဲ့ပြီး သူမမျက်နှာသေးသေးလေးနဲ့ မော့ကြည့်ကာ "ရမ်.. နင်..... ငါ့မျိုးနွယ်စုကို ပြန်ဖို့ ငါနဲ့တူတူလိုက်ခဲ့မလား"


*


အမဲလိုက်ပွဲကြီး ပြီးသွားပြီးနောက်မှာ မျိုးနွယ်စုတွင် ကြီးကြီးမားမား လှုပ်ရှားမှုတွေ မရှိပေ။


စားနပ်ရိက္ခာတွေက မျိုးနွယ်စုတစ်ခုလုံး ဆောင်းရာသီမှာ နေထိုင်ဖို့ လုံလောက်တာထက်တောင် ပိုနေတာပဲ။


တိရစ္ဆာန်အများစုက ဆောင်းရာသီတွင် ဆောင်းခိုကြပြီး ဆောင်းရာသီအတွင်း မျိုးနွယ်စုနှစ်ခုက တစ်ဦးနဲ့ တစ်ဦး တိုက်ပွဲဖြစ်ဖို့ ရွေးချယ်မည်မဟုတ်ပေ။


ဒီလိုဆိုရင်.... ရမ် သူမနဲ့အတူတူ အိမ်ကိုပြန်လိုက်ပြီး တစ်လကြာမှ ပြန်လာလို့လည်း ရနိုင်တယ်မလား။


ရမ်က ကျီရှောင်အုံး၏ စိတ်ကူးယဉ်အိမ်မက်အား တည်ငြိမ်စွာ ကြားဖြတ်လိုက်တယ်။ "အမဲလိုက်တာအပြင်ကို ကမူဒါတောင်ကြားမှာ မတော်တဆမှုတွေ အများကြီးရှိတယ်"


'သွယ်ဝိုက်ပြောလိုက်တာက သူ ထွက်သွားလို့မရဘူးပေါ့။'


ကျီရှောင်အုံးက အရှုံးမပေးဘဲ ရမ့်လက်မောင်းကို လက်တစ်ဖက်နဲ့ တွဲချိတ်လိုက်ပြီး "ဝင်းတားနဲ့ရော အဲဒါတွေကို လက်မလွှဲနိုင်ဘူးလား။ ဒါမှမဟုတ် ဒိုး တို့ ခေါရီ တို့ဆိုရင်ရော. . ... သူတို့တွေလည်း နင့်ကို သစ္စာရှိကြပါတယ်"


ရမ် သူမမျက်နှာလေးကို ဆုပ်ကိုင်လိုက်ပြီး အကြင်နာမဲ့စွာ သတိပေးလိုက်တယ်။ "ကျားသစ်တွေမှာ 'သစ္စာစောင့်သိတယ်' ဆိုတာမျိုး မရှိဘူး။ သန်မာတာနဲ့ အားနည်းတယ်ဆိုတဲ့ အကြွင်းမဲ့အမှန်တရားပဲ ရှိတယ်"



ကျီရှောင်အုံး သူမမျက်လုံးထဲတွင် လမ်းပျောက်သွားလိုက်ပြီး သူမ မချင့်မရဲဖြစ်သွားတဲ့ ကြောင်ဖြူလေးတစ်ကောင်လို လုံးလုံးလျားလျား စိတ်ထိခိုက်သွားတော့တယ်။


"ဒါပေမယ့်" ရမ့်ရဲ့မျက်လုံးပြာပြာ အကြည့်က သူမဆီ ကျဆင်းသွားလိုက်ပြီး သူ ဖြည်းဖြည်းချင်း ပြောလာ၏။ "တကယ်လို့ ဆယ်ရက်လောက် တိုနိုင်မယ်ဆိုရင်တော့ ကမောက်ကမတွေ ဖြစ်နိုင်မှာမဟုတ်ဘူး" 


ကျီရှောင်အုံး၏ မျက်လုံးလေးတွေက ညကောင်းကင်ယံက မီးရှူးမီးပန်းများပေါက်ကွဲသွားလိုက်သလို တစ်ဖန် ပြန်လင်းလက်သွားလိုက်ပြီး သူမ သူ့ကို အပြေးလေး ပွေ့ဖက်ကာ ကတိပေးလိုက်တယ်။ "ငါ မြန်မြန်ပြီးနိုင်အောင် လုပ်ပါ့မယ်" 


. . .


. . .


နောက်တစ်နေ့တွင်တော့ ရမ်တစ်ယောက် မျိုးနွယ်စု၏ အရေးကိစ္စများကို စီစဉ်ခဲ့လိုက်ပြီး အရေးကြီးကိစ္စများအား ဝင်းတားနဲ့ အကြီးအကဲဘာဆန်းထံ လွှဲထားလိုက်ပြီးနောက် သူမတို့တွေ မျိုးနွယ်စုမှ တိတ်တဆိတ် ထွက်ခွာလိုက်ခဲ့တော့၏။


ရမ်က သူတို့ကို သူတို့တတွေ လှိုက်ဂူကို ပြန်သွားပြီး ကျီရှောင်အုံးနဲ့ ဆယ်ရက်ကြာ အတူနေမယ်လို့ ပြောထားလိုက်ခဲ့တယ်။ ဘယ်သူမှ သူတို့ကို လာနှောင်ယှက်ခွင့်မပြုစေခဲ့လိုက်ပေ။


တကယ်လို့ အရေးကြီးကိစ္စတစ်ခုခု ရှိလာရင် သူပြန်လာတဲ့အထိ စောင့်ခိုင်းထားလိုက်၏။


ဝင်းတားက အနောက်ကနေ မတ်တပ်ရပ်နေပြီး သူတို့အား စိုက်ကြည့်လိုက်ခဲ့ကာ သူတို့ခေါင်းဆောင်ရဲ့ 'ကိုယ်ကာယကြံ့ခိုင်မှုက တကယ်ကို သန်မာတာပဲ'လို့ တွေးတောနေလိုက်တယ်။


'ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါးရက် ဒီတစ်ခေါက်ကျ ဆယ်ရက်တဲ့လား။'


ဒီအတိုင်းသာဆို မကြာခင်မှာပဲ သူတို့တွေ ခေါင်းဆောင်ငယ်လေးတစ်ယောက် ရှိလာတော့မယ်နဲ့ တူပါတယ်။


အခုကတော့ ကျီရှောင်အုံးက ရမ့်ကျောပေါ်မှာ ကုန်းပိုးစီးလိုက်ခဲ့ပြီး လက်နှစ်ဖက်က သူ့လည်တိုင်မှာ ညင်သာစွာ ရစ်ပတ်ထားလိုက်ကာ သူမမျက်နှာလေးအား သူ့သားမွေးထူထူပေါ် နီးနီးကပ်ကပ် ဖိဝင်နေလိုက်ရင်းနဲ့ သူတို့တွေ တောအုပ်အား ဖြတ်သန်းသွားလာလိုက်တော့၏။


ကျားသစ်တွေရဲ့အရှိန်နှုန်းက မြန်ဆန်တာကြောင့် ကျီရှောင်အုံး နှစ်နာရီ သုံးနာရီကြာအောင် လျှောက်ရမဲ့ လမ်းက ရမ် ဆယ်မိနစ်တည်းနဲ့ ပြေးသွားလိုက်ခဲ့ပါတယ်။


ကျီရှောင်အုံး ရမ့်ကျောကုန်းပေါ်မှ လျှောဆင်းလိုက်ပြီး သစ်ရွက်တွေ ဝေဆာနေတဲ့ သစ်ပင်တစ်ပင်ဆီ လျှောက်သွားလိုက်ခဲ့တယ်။ ရမ်က သူ၏လူ့ပုံစံသို့ အသွင်ပြောင်းလဲလိုက်ပြီးနောက် သူမရဲ့လက်သေးသေးလေးအားက သူ့အားဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ကာ "1002" လို့ နံပါတ် ရေးထွင်းထားတဲ့ သစ်ပင် ပင်စည်လုံးအား ဖိကိုင်လိုက်ကာ သူမမျက်လုံးတွေကို မှိတ်ချလိုက်ခဲ့တယ်။


သစ်ပင်ပင်စည်လုံးက သံလိုက်စက်ကွင်းကြီးတစ်ခုလို ဖြစ်သွားလိုက်ကာ မကြာမီမှာပဲ သူတို့ပတ်ပတ်လည်တွင် ဖုံးလွှမ်းသွားလိုက်ကာ သူတို့ခန္တာကိုယ်တွေအား အခြားနေရာလွတ်သို့ ဆွဲခေါ်သွားလိုက်ခဲ့တော့တယ်။


နောက်ထပ် အခိုက်အတန့်မှာတော့ လူတစ်ယောက်နဲ့ ကျားသစ်တစ်ကောင်တို့ အစစ်မှန်ကမ္ဘာရှိ ချောက်ကမ်းပါးတစ်ခုအောက်တွင် အတူတကွ ပေါ်လာခဲ့လိုက်တော့တယ်။


ရမ် သူ၏နက်မှောင်တဲ့ မျက်လုံးတွေကို ဖွင့်လှစ်လိုက်ပြီး သူ့ရှေ့တည့်တည့်ရှိ မိုးထိမြင့်မားတဲ့ ချောက်ကမ်းပါးရှိနေတဲ့ တောင်တန်းအား မျှော်ကြည့်လိုက်ခဲ့တယ်။


ဒီတောင်တန်းက လူသားတွေ၏ ခြေရာများဖြင့် ပြည့်နှက်နေတာပင်။ သစ်ပင်တွေက အရိပ်များများရပြီး အကိုင်းအခက် အရွက်အလက်များက သပ်သပ်ခတ်ခတ် ရှိနေခဲ့တယ်။ အခြားကမ္ဘာရှိ သစ်တောတွေနှင့် နှိုင်းယှဉ်လိုက်ရင် အရောင်အသွေးနဲ့ သဘာဝဆန်မှု နည်းပါးပေ၏။


ရမ်က သူ့သွားတွေကို လျှာနဲ့သပ်လိုက်ပြီး သူမအား သူမျက်လုံးထောင့်စွန်းကနေ တွေးတွေးဆဆနဲ့ ကြည့်ရှုလိုက်တယ်။


"ဒါနဲ့ မင်း ပြန်လာလိုက်ခဲ့တာလား" သူ့ရဲ့အောရှတဲ့လေသံက မေးခွန်းတစ်ခု မဟုတ်ဘဲ ကျိန်းသေမှုတစ်ခုဖြင့် ဖြည်းဖြည်းချင်း အသံထွက်လာလိုက်၏။


ကျီရှောင်အုံး တအောင့်လောက် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်ခဲ့တယ်။


"ပက်ကို ရှာရမယ်လို့ မင်း ဘာလို့ ကိုယ့်ကို လိမ်ပြောခဲ့တာလဲ"


ကျီရှောင်အုံး သူ သူမကို အထင်လွဲနေမယ်ဆိုတာ ပြောနိုင်လိုက်ပြီး အလျင်စလို ပြောလိုက်တယ်။ "ငါ နင့်ကို လိမ်တာမဟုတ်ပါဘူး... ပက်ကို ရှာမှ ငါ အိမ်ပြန်နိုင်မယ်လို့ ငါ အမြဲထင်နေခဲ့တာ။ နောက်တော့ ငါ ဒါကို မတော်တဆ ရှာတွေ့သွားလိုက်တာ"


ရမ်က စကားရှည်ရှည် ပြောမနေတော့ဘဲ ဧရာမသစ်ပင်ကြီးကို ပြန်ကြည့်လိုက်တယ်။ သစ်ပင်ပေါ်က နံပါတ်များက နေရောင်အောက်မှာ အတော်ကလေး စွဲမက်ဖွယ်ကောင်းစွာနဲ့ ထင်းထွက်နေခဲ့တယ်။


ရမ် သူ့မျက်လုံးတွေကို ကျဉ်းမြောင်းသွားလိုက်ပြီး သူ့အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းဖို့ အချိန်ခဏမျှ ယူလိုက်ရတယ်။


. . .


ကားက ပြန့်ပြူးတဲ့လမ်းအတိုင်း မောင်းနှင်လာလိုက်ပြီး လမ်းဘေးဝဲယာဆီမှ ရှုမျှော်ခင်းတွေက ဆီဆေးပန်းချီကားချပ် စာမျက်နှာတစ်ခုပြီးတစ်ခု ပြောင်းလဲနေသလိုမျိုး နောက်သို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့တယ်။ 


ကျီရှောင်အုံးက ကားကို သူမနေရာလွတ်ကနေ ထုတ်ယူလိုက်ပြီးနောက် ကားက ဆီကုန်တော့မှာကို တွေ့ရှိသွားလိုက်တာမို့ သူမ ခွမ်ခွမ့်ကို ပြန်သွားခေါ်လို့မရတော့ပေ။ သူမ ရမ်နဲ့ပဲ အိမ်ကို တန်းပြန်လိုက်ရတော့တယ်။


ကားက မြေအောက် ကားဂိုဒေါင်ထဲ တန်းမောင်းဝင်သွားလိုက်ခဲ့တယ်။ ညက အမှောင်ကျနေပြီး အနီးအနားမှာ တစ်ယောက်မှ ရှိမနေခဲ့ချေ။


ကျီရှောင်အုံး ရမ်၏ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး သူ့ဘေးက ကားတံခါးကိုပါ ဖွင့်လိုက်ခဲ့တယ်။ သူမ သူ့ကို ဓာတ်လှေကားထဲ ခေါ်သွားလိုက်ပြီး သူမ နေတဲ့အထပ်ပေါ်ကို ဖိလိုက်ခဲ့တယ်။


သူမတို့ ထွက်လာနိုင်တော့မှပဲ သူမ နောက်ဆုံး သက်သာရာရတဲ့ သက်ပြင်းရှည်တစ်ချက် ရှုရှိုက်လိုက်ရတယ်။


ဒီအထပ်မှာက အိမ်ငှားတစ်ဦးတည်းသာ ရှိပြီး တိုက်ခန်းမှာ နေထိုင်တဲ့သူတွေကို ကာကွယ်ဖို့ လှေကားထစ်တွေမှာ စောင့်ကြည့်ကင်မရာမရှိတာမို့ ရှာတွေ့သွားမှာကို သူမတို့တတွေ စိုးရိမ်နေဖို့မလိုပေ။


ကျီရှောင်အုံး သူမ၏သော့ကို ထုတ်ပြီး တံခါးကို ဖွင့်လိုက်ခဲ့တယ်။


အခုချိန်က သူမအမေနဲ့ အဖေက နိုင်ငံခြားမှာပဲ ရှိနေသေးပြီး ပြန်ရောက်မလာကြသေးပေ။


သူမ တိုက်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး သူမ လက်နှစ်ဖက်ကို ဖွင့်လှစ်လိုက်ကာ ကြိုဆိုတဲ့ အမူအရာတစ်ခု လုပ်လိုက်ခဲ့တယ်။ သူမမျက်လုံးတွေကို လှည့်ကြည့်လိုက်တော့ ရမ်က တံခါးအပြင်ဘက်မှာပဲ မတ်တပ်ရပ်နေသေးတာကို တွေ့လိုက်ရပြီး သူမ လေးလေးနက်နက်ဖြင့် ပြောလိုက်တယ် "ငါ့ရဲ့ကမ္ဘာလော ကနေ ကြိုဆိုပါတယ် ရမ်" 


ရမ် သူ့မျက်ခုံးကို ပင့်ကာ အတွင်းဘက်သို့ ဟန်မပျက် လှမ်းကြည့်လိုက်ခဲ့၏။


ဝင်ပေါက်ဝတွင် မရင်းနှီးသော အိမ်ထောင်ပရိဘောဂများ ရှိနေပြီး လေထုကား ထူးဆန်းနေလေ၏။


ဧည့်ခန်းအလယ်မှာရှိတဲ့ မဟော်ဂနီအသားဖြင့် ပြုလုပ်ထားတဲ့ စားပွဲခုံတစ်ခုတည်းကသာ သူနဲ့ရင်းနှီးနေလေတယ်။


တစ်အိမ်လုံးကို ပြောမပြနိုင်လောက်တဲ့ ဖိနှိပ်မှုနှင့်အတူ စတုရန်းပုံသဏ္ဍာန် ဖွဲ့စည်းပုံတစ်ခုဖြင့် လှောင်ပိတ်ထားခဲ့တယ်။


သူ ရောက်လာတုန်းကလိုပဲ သူမြင်ခဲ့ရတဲ့ အဆောက်အဦးတွေ အားလုံးက လူတွေလုပ်ထားတဲ့ စတုရန်းပုံစံတော်တော်များဖြင့် ပိုင်းခြားထားခဲ့တယ်။


လူသားတွေက ဒီလိုနေရာမျိုးမှာ နေတာ ကြိုက်တာလား။


"ရမ် ဒီဖိနပ်ကို စမ်းစီကြည့်ပါဦး" ကျီရှောင်အုံး သူမအဖေရဲ့ အိမ်စီးဖိနပ်တစ်စုံအား ဗီရိုထဲမှ ထုတ်ကာ ရမ့်ခြေထောက်နဲ့ တိုင်းကြည့်လိုက်ခဲ့တယ်။


ဖိနပ်က ရမ်၏ခြေထောက်ထက် တော်တော်လေးကို သေးတာပဲ။


"ထားလိုက်ပါတော့ နင် ဒီအတိုင်းသာ ဝင်လာလိုက်ပါတော့" ကျီရှောင်အုံး ရမ်ရဲ့လက်တစ်ဖက်ကိုဆွဲပြီး သူမအိမ်ထဲကို ဆွဲခေါ်သွားလိုက်တော့တယ်။


ကျီရှောင်အုံးက သူ့အား စိတ်အားထက်သန်စွာနဲ့ အိမ်အား လှည့်လည်ခေါ်သွားလိုက်ကာ သူ့ဘေးကနေ လျှောက်ကာ ပြသပေးလိုက်ခဲ့တယ်။ "ဒါက မီးဖိုချောင်၊ ဧည့်ခန်း ပြီးတော့ ဒါက ငါ့အဖေရဲ့ စာကြည့်ခန်း၊ ဒါက ငါ့အမေရဲ့ စာကြည့်ခန်း..."


မကြာမီမှာပဲ ကျီရှောင်အုံး နောက်ဆုံးသော တံခါးပေါက်ကို တွန်းဖွင့်လိုက်ပြီး "ဒါကတော့ ငါ့အခန်းပဲ"


နောက်ဆုံးတွင်မှ ရမ်၏မျက်လုံးတွေက ပွင့်သွားတော့၏။


အတွင်းတွင်တော့ အခန်းက ထူးထူးခြားခြား မိန်းမသားဆန်နေလေတယ်။ လိုက်ကာတွေက ဥရောပပုံစံရှိပြီး ဘေးတွင်တော့ ပျော့ပျောင်းသော အိပ်ရာတစ်ခုရှိတယ်။ ကြမ်းပြင်ပေါ်တွင် နူးညံ့တဲ့ ကောဇောခင်းတစ်ခုရှိပြီး အခြားတစ်ဖက်တွင် 


သားသားနားနား စားပွဲခုံတစ်လုံးရှိတယ်။ စားပွဲဘေးတွင်တော့ စာအုပ်တွေ ပြည့်ကျပ်နေတဲ့ စာအုပ်စင်တစ်ခုရှိနေခဲ့တယ်။


ကျီရှောင်အုံး ရမ်နဲ့အတူ အခန်းထဲသို့ ဝင်လာပြီး ဖင်ထိုင်ခုံတစ်လုံး ဆွဲထုတ်ကာ သူ့နောက်တွင် ထားပေးလိုက်ပြီး "ရမ် နင် ဒီမှာ အရင်ထိုင်လိုက်ဦး။ ငါ ရေတစ်ခွက် သွားခပ်လိုက်ဦးမယ်..."


မနက်မိုးလင်းကတည်းကနေ အခုအချိန်အထိကို သူမမှာ ရေသောက်ဖို့ အချိန်မရှိလိုက်တော့ သူမ ရေအရမ်းကို ဆာနေခဲ့တယ်။


သူမ မီးဖိုချောင်သို့ အပြေးလေးသွားလိုက်ခဲ့တယ်။ အိမ်မှာက အကြာကြီး ဘယ်သူမှမနေခဲ့တာကြောင့် ရေနွေးအိုးနှင့် ခွက်တွေကို ထပ်ဆေးဖို့ လိုနေတာပဲဖြစ်တယ်။


ကျီရှောင်အုံး ခွက်တွေကို ဆေးကြောပြီးသွားတော့ ရေနွေးတွေအား သူမ ခွက်နှစ်ခွက်ထဲကို လောင်းထည့်လိုက်ပြီး အခန်းထဲကို သယ်သွားလိုက်ခဲ့တယ်။ သူမကို ကျောပေးထားတဲ့ ရမ့်ကို သူမ မြင်လိုက်ရပြီး သူက စာအုပ်စင်ရှေ့မှာ မတ်တပ်ရပ်နေခဲ့တယ်။


သားရဲလူ၏ခန္ဓာကိုယ်က သန်မာအားကောင်းမှုတွေ ပြည့်နှက်နေပြီး သူ့ပခုံးတွေက ကျယ်ပြန့်ပြီး သူ့နောက်ကျောက သန်မာလေတယ်။ သူက နွေးထွေး နူးညံ့တဲ့အခန်းနဲ့က လုံးလုံး လိုက်ဖက်ညီနေလေတယ်။


ကျီရှောင်အုံးက ခွက်ကို စားပွဲခုံပေါ်တင်ပြီး လှမ်းကြည့်ကာ "ရမ် နင် ဘာတွေကြည့်နေတာလဲ"


သူမ စကားဆုံးသွားလိုက်ရုံရှိသေးပေမဲ့ ရမ့်ရဲ့ လက်ထဲက အရာကို မြင်လိုက်ရပြီး သူမမျက်လုံးတွေက အံ့အားသင့်စွာနဲ့ ပြူးကျယ်သွားလိုက်ကာ "ဟေး နင် ဘယ်လိုလုပ် တွေ့သွားလိုက်တာလဲ"


ရမ့်လက်ထဲတွင်က ကျီရှောင်အုံး၏ ငယ်ဘဝဓာတ်ပုံတွေ အားလုံးပါနေတဲ့ ဓာတ်ပုံအယ်လ်ဘမ် အထူကြီးတစ်ခု ရှိနေခဲ့တယ်။ သူမရဲ့ ရက်တစ်ရာပြည့် မွေးနေ့ကနေ သက်တမ်းတစ်လျှောက်လုံးက ဆုရတဲ့ဓာတ်ပုံတွေ အကုန်လုံးထိပင်။


ဒါက အလွန်အဖိုးတန်တာကြောင့် ကျီရှောင်အုံး အယ်လ်ဘမ်အား စာအုပ်စင်အပေါ်ဆုံးထိပ်တွင် ဝှက်ထားခဲ့ပြီး လူအများစုက ဒီဟာကို မတွေ့နိုင်ဘူးပဲ။


သူမ အဲဒါကို အောက်ကိုယူတဲ့အချိန်တိုင်း ကုလားထိုင်ပေါ်ကနေ တက်ပြီးတော့တောင် မတ်တပ်ရပ်ရတာပဲဖြစ်တယ်။


သို့ပေမဲ့လည်း ရမ်က အရပ်အလွန်ရှည်တာကို သူမ မေ့သွားတာပဲ၊ သူမ လက်လှမ်းမမီသော အယ်လ်ဘမ်က သူကတော့ အသာလေး လှမ်းယူလိုက်နိုင်တာပဲ။


ရမ်က သူမ ငါးနှစ်အရွယ်တုန်းက ဓာတ်ပုံကို ကြည့်နေခဲ့တာဖြစ်တယ်။ သူ သူ့လက်သည်းကို ဆန့်ထုတ်ပြီး နောက်တစ်ပုံကို ထိုးညွှန်လိုက်ကာ "မင်းက ဘာလို့ ငိုနေတာလဲ"


ကျီရှောင်အုံး သူ့ဆီ သွားလိုက်တော့ အယ်လ်ဘမ်ထဲတွင်တော့ ကောင်မလေးက ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားတဲ့ ဘက်ခြမ်းတွင် မတ်တပ်ရပ်နေခဲ့ပြီး သူမလက်သေးသေးလေးတွေက သူမမျက်လုံးကို ကိုင်နေကာ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့တာကို မြင်လိုက်ရတယ်။


လမ်းသွားလမ်းလာ လူအများအပြား၏ အကြည့်တွေကိုလည်း ဆွဲဆောင်နေခဲ့၏။


ကျီရှောင်အုံးက အနည်းငယ် ရှက်ရွံ့စွာဖြင့် သူမပါးစပ်လေးကို စုဝိုင်းလိုက်ပြီး "လမ်းပေါ်မှာ ရောင်းတဲ့ ဒင်းဆမ်းကို ငါက စားချင်နေတာလေ ငါ့အမေက ငါ့ကို စားခွင့်မပေးလို့။ တခြားကလေးတွေမှာကျ အဲဒါ ရှိနေတာကို ငါ မြင်တော့ ငါလည်း မငိုပဲ မနေနိုင်တော့တာ..."


ရမ်၏ မျက်ခုံးရိုးတွေက အကြည့်လွှဲပြောင်းလိုက်ပြီး သူ နောက်ထပ် တစ်ပုံအား ညွှန်ပြလိုက်ကာ "ဒါကရော"


"အဲဒါက ငါ့ရဲ့ မူလတန်းကျောင်း ပထမဆုံးတက်တဲ့နေ့က.. ငါ့အမေက ပြောတာတော့ အဲဒီနေ့က ငါ အရမ်းစိတ်လှုပ်ရှားပြီး ချော်လဲသွားတာ။ ကြည့် ငါ့နှာခေါင်း ကွဲသွားတယ်" ကျီရှောင်အုံး ကလေးမလေး၏ နှာခေါင်းနှင့် အရေပြားပေါက်ပြဲသွားတဲ့နေရာကို ညွှန်ပြလိုက်တယ်။


ရမ့် မျက်လုံးတွေက သူ့ဘေးရှိ ကောင်မလေးကို ကြည့်လိုက်ခဲ့တယ်။ သူမနှာတံက ဖြောင့်စင်းပြီး သေးသေးလေးပဲ။ ဟုတ်ပါပြီလေ ကြည့်ရတာ ပြဿနာရှိတဲ့ပုံ မပေါ်ပါဘူး။


"ဒါကရော" သူ့လက်သည့်က အောက်ကို ဆင်းသွားပြန်တယ်။


"ငါ့ရဲ့ပထမဆုံးအကြိမ် အပန်းဖြေ ဥယျာဉ်ကို သွားတာလေ။ ငါ ချားရဟတ်အိမ်ပေါ်မှာ မြင်လား . . ."


"ပြီးတော့ ဒီကရော"


"ဒါကကျတော့..."


. . .


ရမ် ထိုးညွှန်တဲ့နေရာကို ကျီရှောင်အုံးက ရှင်းပြပေးလိုက်တယ်။


အဲဒါကိုပြောပြီး ရမ် နောက်ဆုံးတွင် သူမကို ကောက်ပွေ့လိုက်ပြီး ကော်ဇောပေါ်မှာ ထိုင်ချလိုက်ကာ သူ့ခြေထောက်ရှည်တွေကို ကွေးလိုက်ပြီး သူ့ပေါင်ပေါ်မှာ သူမကို တင်လိုက်ခဲ့တယ်။


အယ်လ်ဘမ်က နုနယ်တဲ့ ကလေးပေါက်စလေးအရွယ်မှ သွယ်လျတဲ့ကောင်မလေးတစ်ယောက်အဖြစ်သို့ သူတို့ရှေ့တွင် တစ်ပုံပြီး တစ်ပုံ ကူးပြောင်းသွားလိုက်ခဲ့တယ်။


ရမ်၏ လက်ချောင်းထိပ်တွေက အသက်ဆယ့်ခြောက်နှစ်အရွယ်တွင် ရပ်တန့်သွားလိုက်တယ်။ ဓာတ်ပုံတွေက သူမ အခြားကမ္ဘာမှ ပြန်လာပြီးတော့ သူမမိဘတွေနဲ့ အတူတူရိုက်ထားတဲ့ ပုံတွေပဲဖြစ်တယ်။


ကျီရှောင်အုံး အိပ်ချင်မူးတူးဖြစ်နေပြီး ရမ်၏ ရင်ဘတ်တွင် မှီကာ မျက်လုံးမှိတ်ထားလိုက်ရင်း ပွစိပွစိ လုပ်လိုက်ခဲ့တော့တယ် "ရမ် ငါ အိပ်ချင်နေပြီ... ငါတို့ မနက်ဖြန်မှ ဒါကို ဆက်ပြောရအောင်" 


သိသာစွာပင် သူမ ပထမဆုံးပြန်ရောက်လာတည်းက သူမမှာ လုပ်စရာတွေ အများကြီးရှိပေမယ့် သူမ သူ့လက်မောင်းထဲမှာ တစ်ညလုံး ကုန်ဆုံးခဲ့တော့တယ်။



ရမ်က အကြောင်းမပြန်သလို သူမကလည်း မလှုပ်တော့ပေ။ သူ့လက်မောင်းတွေက သူမကို ပွေ့ဖက်လျက်သားနဲ့ နောက်ထပ် သုံးနှစ်တာရဲ့ စာမျက်နှာတွေကို တစ်ရွက်ပြီး တစ်ရွက် သူ လှန်လိုက်ခဲ့တယ်။


နောက်ဆုံးတွင်တော့ သူ အယ်လ်ဘမ်ကို ပိတ်ချလိုက်ခဲ့ပြီး သူ့လက်မောင်းထဲက ကလေးလေးကို ပွေ့ချီကာ အိစက်ပျော့ပြောင်းတဲ့ ကုတင်ဆီကို သယ်ဆောင်သွားလိုက်ပြီး သူမကိုယ်ပေါ်အား ခြုံစောင် ဆွဲခြုံပေးလိုက်ခဲတယ်။


ရမ် သူ၏တိရစ္ဆာန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်ပြီး ကုတင်ပေးက ကောဇောပေါ်တွင် လဲလျောင်းလိုက်ပြီး လူသားကမ္ဘာက သူ့ရဲ့ပထမဆုံးတစ်ညတာအား ကုန်ဆုံးစေလိုက်ခဲ့၏။


*


နောက်တစ်နေ့ကတော့ ကျီရှောင်အုံးရဲ့ ပထမဆုံး ကျောင်းတက်တဲ့နေ့ပါပဲ။ စောစောပြန်လာနိုင်ဖို့အတွက် သူမ အစောကြီးထလိုက်ခဲ့တယ်။


သူမ ထွက်သွားလိုက်ချိန် ရမ်က တံခါးဘောင်ကိုမှီကာ သူ၏အမြီးရှည်ရှည်က သူ့နောက်တွင် အကွေးပုံစံဖြင့် လွှဲရမ်းနေရင်းနဲ့ သူ့မျက်လုံးတွေက သူမနောက်သို့ လိုက်ပါနေခဲ့တယ်။


ကျီရှောင်အုံး ခြေလှမ်းနှစ်လှမ်းလောက် သွားလိုက်ပြီးနောက်မှ မနေနိုင်တော့ပဲ သူ့ကို ပြန်ပွေ့ဖက်လိုက်ခဲ့တယ်။ သူမ သူ့မျက်နှာကို မော့ကြည့်လိုက်ကာ "ငါ့ကို ကတိပေး၊ ငါ အပြင်ထွက်ပြီး ပြန်လာတဲ့အချိန်ထိ စောင့်ပေးမယ်လို့"


ရမ်က သူ့လျှာကို ထုတ်၍ သူမပါးပြင်ကို လျက်လိုက်ခဲ့ကာ "ကိုးရက် ကျန်သေးတယ်"


ကျီရှောင်အုံး၏ နွေးထွေးမှုက သူ့ရဲ့ အေးစက်တဲ့ သတိပေးမှုကြောင့် ကျိုးပျက်သွားလိုက်ကာ သူမ သူမပါးစပ်ကို ပြန့်ပြူးစွာစေ့လိုက်ပြီး သူမမျက်နှာက သားရေတွေကို သုတ်လိုက်ရင်း ဓာတ်လှေကားထဲကို ဝင်သွားလိုက်ခဲ့တော့တယ်။


အဲဒီနေ့က လုပ်စရာတွေတော့ များများစားစား ရှိမနေခဲ့ချေ။


ကျီရှောင်အုံး ကျောင်းသို့သွား၍ စာရင်းပေးသွင်းလိုက်ပြီး ငွေချေပြီးတဲ့နောက် သူမရဲ့ပါမောက္ခနဲ့ သွားတွေ့လိုက်ခဲ့ကာ ကျောင်းမှထွက်လာလိုက်ခဲ့တယ်။


ပါမောက္ခဆရာမနဲ့ ကျီရှောင်အုံး၏ဖခင်နဲ့က အတန်းဖော်သူငယ်ချင်းဟောင်းတွေ ဖြစ်တာမို့ သူတို့တွေ ကျီရှောင်အုံးကို အလွန်ဂရုစိုက်ပေးကြပါတယ်။ ဓါတ်ခွဲခန်းသင်ခန်းစာတွေအား သူမဘာသာသူမ လေ့လာချင်တယ်လို့ အမျိုးသမီးက ကြားသိလိုက်ချိန် သူမ တအောင့်လောက် တွေးတောလိုက်ပြီးနောက် သူမတောင်းဆိုချက်ကို သဘောတူလိုက်ခဲ့ပါတယ်။


သို့ပေမဲ့ည်း အခြေအနေ နှစ်ခုရှိခဲ့၏။ စာသင်နှစ်အဆုံးတွင် သူမက ဖိုင်နယ်စာမေးပွဲအား မဖြစ်မနေ ဖြေဆိုရမည်ဖြစ်ပြီး သူမ၏လေ့လာမှုတွေက ရလဒ်ကောင်းရရှိဖို့ လိုအပ်တာပင်။


ကျီရှောင်အုံး ချက်ချင်းပဲ ကျေးဇူးအထူးတင်ရှိလိုက်ကာ သဘောတူလိုက်ခဲ့ပါတယ်။


အိမ်အပြန်လမ်းတွင်တော့ကားတွေ ပိတ်ဆို့နေခဲ့ပြီး ကျီရှောင်အုံး အမြန်အမှီလိုက်ခဲ့တာတောင် သူမပြန်ရောက်ချိန်တွင်တော့ ညနေ ငါးနာရီပင် ရှိနေပြီဖြစ်တယ်။


ဓာတ်လှေကားကို စောင့်နေတုန်း အမျိုးသမီး နှစ်ဦးက အနီးမှာ လာရပ်နေခဲ့ပြီး ဒီနေ့ရဲ့သတင်းထူးတွေအား စိတ်အားထက်သန်စွာ ပြောဆိုနေခဲ့ကြသည်။


တက်သင်း ဆွယ်တာအင်္ကျီဝတ်ဆင်ထားတဲ့ အမျိုးသမီးက ရင်ဘတ်ကို တင်းတင်းဖိထားလိုက်၍ သူမမျက်နှာပေါ်တွင် ကြောက်ရွံ့မှုတစ်ခု စွဲကျန်ရှိနေဆဲဖြစ်ပြီး "ကံကောင်းလို့ပဲ အဲဒါနဲ့ တိုးမိတော့မလို့..."


နောက်တစ်ယောက်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ် အဲဒါက လူဘယ်နှစ်ယောက်လောက်ကို ကိုက်မိလဲ ငါ မသိဘူး"


ကျီရှောင်အုံး နည်းနည်းလန့်သွားလိုက်ကာ လှည့်ကြည့်လိုက်ခဲ့၏။


သိုးမွေးထိုးဆွယ်တာအင်္ကျီ ဝတ်ဆင်ထားတဲ့အမျိုးသမီးက ဓာတ်လှေကားကို မော့ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တယ်။ "လူတွေက အဲဒါကို ဘယ်လိုထိန်းချုပ်နေလဲတော့ ငါလည်း မသိဘူး။ ဒီလိုအန္တရာယ်ရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကို ဘယ်လိုလုပ် လျှောက်ပြေးခွင့်ပြုနိုင်ရတာလဲ။ ကံကောင်းလို့ပေါ့ အဲဒါက ဘာမှ မထိခိုက်စေလိုက်လို့။ တကယ်လို့ ကျားသစ်တွေ ထပ်ရှိလာရင် ငါတော့ အပြင်တောင် ထွက်ရဲမှာ မဟုတ်တော့ဘူး"


. . .


နောက်ထပ်မိန်းမက ဘာတွေ ပြောနေတာလဲ။ ကျီရှောင်အုံး နားထောင်ဖို့ စိတ်မဝင်စားလိုက်တော့။


ဓာတ်လှေကား ရောက်လာတဲ့အထိ သူမ မစောင့်နိုင်တော့ဘဲ သူမ နောက်လှည့်ကာ လှေကားထစ်ဆီ အပြေးလေးသွားလိုက်ပြီး လှေကားထစ်တွေကို လျင်မြန်စွာ ပြေးတက်သွားလိုက်တော့တယ်။


ကျီရှောင်အုံး၏အိမ်က ကိုးလွှာတွင်ရှိပြီး သူမအသက်တစ်ခါ ရှူချိန်လေးအတွင်းမှာပဲ အသည်းအသန် ပြေးတက်လိုက်ခဲ့တယ်။ သူမ တံခါးကိုဖွင့်ဖို့ သော့ကို အမြန်ထုတ်လိုက်ခဲ့တော့တယ်။


"ရမ်!"


အခန်းထဲတွင် တုံ့ပြန်တဲ့သူ ဘယ်သူမှ မရှိတာမို့ သူမ၏ နှလုံးက ပြင်းထန်စွာ ခုန်ပေါက်သွားတော့တယ်။ ဖိနပ်ပင် မလဲတော့ဘဲ သူမ သူမအခန်းကို သွားလိုက်ခဲ့တယ်။


ပြတင်းပေါက်နားမှာ လဲလျောင်းနေပြီး ကျောပြင်မှာ အညိုအမည်းစက်တွေရှိတဲ့ ကျားသစ်တစ်ကောင်ကို သူမမြင်ရမချင်း သူ့မျက်လုံးပြာပြာတွေက သူမဘက်ကို လှည့်ကြည့်လိုက်တော့ သူမရဲ့ မျက်လုံးထဲက ကြောက်လန့်မှုက ဖြည်းညှင်းစွာဖြင့် ပြန်လည်တည်ငြိမ်သွားလိုက်ပါတယ်။


ရမ် လူသားအသွင် ပြောင်းလဲလိုက်ပြီး သူ၏ရှည်လျားတဲ့ ခြေထောက်တွေက ကြမ်းပြင်ပေါ်ကို ကျဆင်းလိုက်ခဲ့တယ်။ သူမ သူမပါးစပ်ကို ဖွင့်လှစ်လိုက်ခဲ့ပြီး သူ့လက်မောင်းတွေက သူမအား နီးကပ်စွာ ပွေ့ဖက်လိုက်ခဲ့တယ်။


သူမမှာက ချိုမြိန် နူးညံ့တဲ့ မွှေးရနံ့တစ်ခု ရှိနေခဲ့ပြီး သူမကိုယ်က အနည်းငယ်လေး တုန်ရီနေခဲ့၏။


The End...