အပိုင်း၄၄
Viewers 26k

Chapter 44

October 10, 2023


ချီရှင်းချန် သူ၏Buickကားထဲမှ ထွက်လာသည်နှင့် သူ့ဘေးတွင် ကားရပ်ထားသည့် Mercedes-Benz ကိုတွေ့လိုက်ရသည်။ တံခါးပွင့်လာပြီး သက်တော်စောင့်ဝတ်စုံဝတ်ထားသည့် လူနှစ်ယောက် ခုန်ထွက်လာခဲ့၏။ တစ်ယောက်က နေကာထီးကိုဖွင့်ပြီး ကျန်တစ်ယောက်က သူဗိုက်ရှေ့မှာ လက်တွေကို ကန့်လန်ဖြတ်ထားလိုက်သည့။ သူတို့က အလွန်ကိုကောင်းမွန်စွာပြုမှုခဲ့ကြသည်။




"ဒါက ဘယ်စူပါစတားလဲ" 


အန်းရန်က ချီရှင်းချန်းနားသို့ ကပ်လာသည်။ 


"ဖုန့်ချင်းယွမ်လား"




ဖုန့်ချင်းယွမ်က လုပ်ငန်းနယ်ပယ်တွင် နာမည်ကောင်းရှိသည်။ သူသည် အနုပညာနယ်ပယ်တွင် ဆယ်နှစ်ကျော်ကြာ လုပ်ကိုင်လာခဲ့ပြီး မည်သည့်အရှုပ်အရှင်းများနှင့်မျှ မပတ်သက်ခဲ့ပေ။သူက ရှားရှားပါးပါး ဘွဲ့ရပညာတတ် သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သည်။ချီရှင်းချန် ခေါင်းယမ်းလိုက်သည်။ 




"အဲလို ဟုတ်ပုံမရဘူး...သူ့ကို စောင့်ပြီး အတူတူ တက်ကြရအောင်"




သူတို့က တစ်လလောက် အလုပ်အတူတူလုပ်တော့မှာဖြစ်သဖြင့် သူ့ကို မနှုတ်ဆက်ပါက ရိုင်းရာကျလိမ့်မည်။




အန်းရန်က ချီရှင်းချန်၏နောက်တွင် နာခံမှုရှိရှိဖြင့် ရပ်လိုက်သည်။ တစ်မိနစ်အကြာတွင် သူမ စူပါစတားကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။




စူပါစတားသည် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ဝတ်ဆင်ထားပြီး ခြေကျင်းဝတ်များကိုဖော်ထားသည်။သူက ပြောင်လက်နေသော Valentino သားရေဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။




သူ၏ဆံပင်သည် နာမည်ကြီး ကိုရီးယားစတိုင်ရှေ့ချပုံစံဖြစ်ပြီး နှာတံမြင့်မြင့်နှင့် မေးစေ့ချွန်ချွန်တို့ရှိသည်။ နေကာမျက်မှန်က သူ့မျက်နှာအများစုကို ဖုံးအုပ်ထားသည်။




အန်းရန်က "အဲဒါသူပဲ" ဟု တိုးတိုးလေးပြောသည်။




"ဘယ်သူလဲ"




"ရှုရှန် ...ဒီနှစ်မှာ အသက်၂၆ နှစ်...သူက ကျောက်မီးသွေး သူဌေးရဲ့သား...သူ့အဖေက သတ္တုတွင်းတစ်ခု ပိုင်တာကြောင့် သူက သူ့အဖေကို ဝဘ်ဒရာမာတချို့မှာ ရင်းနှီးမြှုပ်နှံဖို့ တောင်းဆိုခဲ့တယ်...အခု သူက ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို ရောက်နေပြီ"




အန်းရန်က ခဏရပ်လိုက်ကာဆိုသည်။


"ရှင်းရှင်း ...အနာဂတ်မှာ သူနဲ့ သိပ်ပြီး နီးနီးကပ်ကပ်မနေနဲ့"




ချီရှင်းချန်က မေးလိုက်သည်။


 "ဘာဖြစ်လို့လဲ"




"အရင်တုန်းက ဝဘ်ဒရာမာကားတွေရိုက်တုန်းက အရမ်းမာနကြီးပြီး အလုပ်သမားတွေကို နှိမ့်ချတယ်...သူက သူ့ကိုယ်သူ 'အလုပ်သမား' လို့ခေါ်တဲ့သူပဲ...သူ့မျက်လုံးထဲမှာ နောက်ခံမရှိတဲ့ အသစ်လေးတွေက ရိုက်ကူးရေးပစ္စည်းရွှေ့တဲ့ စဇာတ်စင်လက်ထောက်တွေနဲ့ အတူတူပဲ...သူတို့အားလုံးက အလုပ်သမားတွေပဲ...အခု သူက ဝဘ်ဒရာမာတစ်ခုမှာ ပါပြီး မိုးပေါ်ရောက်နေတာလေ"




အန်းရန်က မျောက်တစ်ကောင်၏ အသံကို တုပကာ ဆိုခဲ့သည်။ချီရှင်းချန် သူမကြောင့်သဘောကျပြီးရယ်မိသွားသည်။




ရှုရှန့် သူတို့ကို မြင်သွားသည်။ချီရှင်းချန် အပြုံးကတစ်ခုဖြင့် ရှေ့သို့ လှမ်းကာ သူ့လက်ကို ဆန့်လိုက်သည်။


"ရှန့်ကော တိုက်ဆိုင်လိုက်တာ"




ရှုရှန့်က သူ့လက်ကို မလှုပ်သလို နေကာမျက်မှန်ကို လည်း မချွတ်ပေ။ထိုအစား သူ့ကို စိုက်ကြည့်ကာဆိုသည်။ 


"ငါ​မင်းကိုသိလို့လား"




ချီရှင်းချန်​က ကုမ္ပဏီထဲမှာ ဂယက်ရိုက်သွားစေခဲ့သည်။ဝန်ထမ်းအားလုံးက သူ့ကို သိကြသည်။ရှုရှန့်က သူ့ကို မည်သို့ မသိဘဲနေမည်နည်း။




ထိုအခြေအနေမျိုးတွင် သူက သူ့ကို "လုပ်အားခရရှိသူများ" အမျိုးအစားတွင် ထည့်ထားရုံမျှသာဖြစ်သည်။




ချီရှင်းချန်​က သူ့လက်ကို တည်ငြိမ်စွာ ပြန်ရုတ်လိုက်သည်။ 


"ရှန့်ကောက အဖွဲ့ထဲမ၀င်ခင် သူ့အိမ်စာတွေ မလုပ်ဖြစ်ပုံရတယ်...ကျွန်တော်က လင်းရှောင်နေရာမှာသရုပ်ဆောင်တဲ့ မင်းသား ချီရှင်းချန်ပါ"




"… အာ" 




ရှုရှန့်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ ပတ်၀န်းကျင်မှာ ပါပါရာဇီတွေ ရှိနေမှာကို ကြောက်သဖြင့် သူကတွန့်ဆုတ်စွာ ပြောလိုက်သည်။ 




"လွန်ခဲ့တဲ့ ရက်နည်းနည်းက ဖတ်လိုက်ရတယ်... မေ့သွားတယ်"




ထိုသို့ဖြင့် သူက ဟိုတယ်ဘက်ကို လျှောက်သွား၏။ချီရှင်းချန်က သူဘယ်လိုလူလဲဆိုသည်ကို သိသည်။ သူနှင့် စကားမပြောချင်ဘဲ သူ့နောက်ကို လိုက်သွားခဲ့၏။




check in လုပ်ပြီးသည်နှင့် ဓါတ်လှေကားထဲကို အတူတူဝင်ခဲ့ကြသည်။ သက်တော်စောင့်က ရှုရှန့်အတွက် ၃၄ ထပ်ကို နှိပ်လိုက်သည်။




ဤဟိုတယ်မှာ အထပ်မြင့်လေ အခန်းက ပိုဈေးကြီးလေဖြစ်သည်။ရှန်ယွီလျန်က ဒုတိယထပ်၊ ၃၂ ထပ်၊ ၃၄ ထပ်နှင့် အပေါ်ဆုံးထပ်တို့ကို ကြိုတင်စာရင်းသွင်းထားသည်။




ဒုတိယထပ်က ရိုက်ကူးရေးဝန်ထမ်းများ၊ ၃၂ ထပ်က ဇာတ်ပို့သရုပ်ဆောင်များ၊ ၃၄ ထပ်က အဓိကသရုပ်ဆောင်များ အတွက်ဖြစ်ပြီး အပေါ်ဆုံးထပ်တွင် ဒါရိုက်တာရှန့် နှင့် ထုတ်လုပ်သူခေါင်းဆောင်အတွက် ရေကူးကန်ပါ ၃ ခန်းရှိသည်။




ရှုရှန့်က ၃၄ထပ်ကို ပိုက်ဆံပေးပြီးသွားနိုင်ခဲ့သည်။ မူလက အပေါ်ဆုံးထပ်ရှိ ကျန်ရှိသော ပင်လယ်ရှုခင်းအခန်းကို ကြိုတင်မှာယူချင်သော်လည်း ဟိုတယ်၏ရှယ်ယာရှင်များအတွက် သီးသန့်ထားသည်ဟု အရှေ့ကောင်တာမှ ပြောကြားခဲ့သည်။ ဒေါသထွက်လွန်း၍ ကောင်တာမှာ ရန်ဖြစ်လုနီးပါးပင်။




အိမ်စာမလုပ်၍ ကဲ့ရဲ့လှောင်ပြောင်ခံရပုံကို တွေးရင်း ရှုရှန့် ဒေါသထွက်လာသည်။ သူ့ရှေ့ရှိ သက်တော်စောင့်ကို ကြိမ်းမောင်းလိုက်၏။ 




"မင်းက ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်း ရတာလဲ...ဘာလို့ ချီရှင်းချန်ဝင်လာတုန်းက သူ့အတွက် ခလုတ်မနှိပ်တာလဲ"




သက်တော်စောင့်က "မစ္စတာချီ... မင်းဘယ်ထပ်သွားမှာလဲ" ဟုအလောတကြီးမေး၏။




ရှုရှန့်က သူ၏နည်းလမ်းမှာ အလွန်ထက်မြက်သည်ဟု ထင်ခဲ့သည်။ သရုပ်ဆောင်တစ်ယောက်အနေဖြင့် ဇာတ်ပို့တွေက ၃၂ထပ်ကိုသွားမည်ဆိုသည်ကို သူသေချာပေါက်သိသည့်အတွက် တိုက်ရိုက်မပြောခဲ့ပါချေ။ထိုအစား သက်တော်စောင့်ကို ခလုတ်နှိပ်ခိုင်းခဲ့၏။




သက်တော်စောင့်က ဘာဖြစ်နေမှန်းမသိပေ။ချီရှင်းချန်ကိုမေးပြီးနောက် ချီရှင်းချန်က "၃၂" ဟုပြောလိမ့်မည်ဟု ထင်ထားသည်။သူ၏ "၃၄" နှင့် နှိုင်းယှဉ်ပါက ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက်မှာ ချက်ချင်းသိသာထင်ရှားလေသည်။




ရှုရှန့် အလွန်ဂုဏ်ယူစွာဖြင့် ချီရှင်းချန်"မိမိကိုယ်ကို အရှက်ရစေသည်" ကို စောင့်မျှော်ရင်း ခြေထောက်များကို လှုပ်ယမ်းလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင်ပဲ ချီရှင်းချန်ကဆိုလိုက်သည်။




"မလိုပါဘူး...ပြီးသွားပါပြီ ...ကျေးဇူးတင်ပါတယ်"




ပြီးသွားပြီလား ၃၄ထပ်လား...




ရှုခင်းသာနေရာများအနီးရှိ ဟိုတယ်စျေးနှုန်းများသည် အခြားနေရာများနှင့် မတူပါချေ။ ပိုစျေးကြီး၏။ အထူးသဖြင့် ဤဟိုတယ်သည် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် အပန်းဖြေဟိုတယ်ဖြစ်သောကြောင့်ဖြစ်သည်။ ၃၄ ထပ်ရှိ အခန်းသည် တစ်ရက်လျှင် ယွမ် ၄၅၀၀ ကျသင့်ပြီး တစ်လလျှင် ယွမ် ၁၃၅၀၀၀ ကျသည်။




အပေါ်ဆုံးထပ်ရှိ ပင်လယ်ကို ရှုစားနိုင်သော အခန်းသည် ပို၍စျေးကြီးသည်။ တစ်ရက်လျှင် ယွမ် ၇၀၀၀ ကုန်ကျပြီး တစ်လလျှင် ယွမ် ၂၀၀၀၀၀ ကျော်ကျသည်။




ဤလူက အတော်လေး ရိုးရိုးရှင်းရှင်း ဝတ်ထားသည်ကို ကြည့်ရလျှင် သူ့အိတ်ကပ်ထဲကနေ ထုတ်၍ အခန်းတစ်ခန်းအတွက် ပေးချေနိုင်ပုံမပေါ်ပေ။ရှုရှန့် မျက်လုံးလှန်လိုက်သည်။ 




"ထောင်ထောင်ကို သွားရှာမှာလား"




"ဟုတ်​တယ်​... မကြာခင်​ပြန်​ဆုံမယ်​​နော်​ ...ကျွန်တော်ကသူ့ကိုသွားတွေ့မှာ​..."


ချီရှင်းချန် က ထိုသို့လုပ်ရန် တကယ်ကိုစီစဉ်ခဲ့​​ခြင်းဖြစ်သည်။




ရှုရှန့်က ဘာမှ မပြောပေ။ဤတစ်ကြိမ်မှာ ရှုရှန့် သူ့မျက်နှာကို ဖြတ်မရိုက်နိုင်ခဲ့ပေမဲ့ အနာဂတ်မှာ အခွင့်အလမ်းတွေ အများကြီးရှိလိမ့်မည်ဟု သူထင်ခဲ့၏။




"ဒင်~" 


ဓာတ်လှေကားက ၃၄ ထပ်မှာ ရပ်သွားသည်။ချီရှင်းချန်မှာ ပစ္စည်းအများကြီးမပါပေ၊ ခရီးဆောင်အိတ်တစ်ခုသာပါပြီး သူအရင်အပြင်ထွက်ရန် လက်ဟန်ပြလိုက်သည်။




သူ ဓါတ်လှေကားမှ ထွက်လာသောအခါ၊ ထောင်ထောင်က လမ်းလျှောက်လာရင်း လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် စကားပြောကာ ရယ်မောနေလေသည်။ချီရှင်းချန်ကနှုတ်ဆက်လိုက်သည်။




"အစ်မထောင်ထောင်"




"အိုး ရှင်းရှင်း" 




ထောင်ထောင့်၏မျက်လုံးများသည် လခြမ်းကွေးများအဖြစ်သို့ပြောင်းသွားကာ သူမပြုံးပြလိုက်သည်။ 




"မင်းက အစောကြီးပဲ...လာ မိတ်ဆက်ပေးမယ်"




ချီရှင်းချန် လျှောက်သွားလိုက်သည်။ထောင်ထောင်က လူလတ်ပိုင်းအရွယ်အမျိုးသားကို ညွှန်ပြသည်။ 




"ဒါက ဖုန့်ချင်းယွမ်လောင်ရှီး ...အဓိကအမျိုးသားဇာတ်ဆောင် ...ငါ့ပါတနာ"




ချီရှင်းချန်က နှုတ်ဆက်လိုက်သည်။


"မင်္ဂလာပါ ဖုန့်လောင်ရှီး"




"ဒါက ချီရှင်းချန်"




"အိုး...လင်းရှောင်ပဲ" 




ဖုန့်ချင်းယွမ်က ချီရှင်းချန် နှင့် လက်ဆွဲနှုတ်ဆက်ရန် အစပြုခဲ့သည်။ 


"ဒီလူငယ်လေးက တော်တော် ရုပ်ချောတယ်... သူက ဇာတ်ရုပ်နဲ့ အရမ်းလိုက်ဖက်တယ်"




"ဖုန့်လောင်ရှီးက ကျွန်တော့်ကို မြှောက်နေပါပြီ"


ချီရှင်းချန်က ဦးညွှတ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။




ထိုအချိန်တွင် ချီရှန်းချန်နောက်မှ ဓာတ်လှေကားမှ ထွက်လာသော ရှုရှန့်တစ်ယောက် လူမှုဆက်ဆံရေးက စတင်နေပြီကို တွေ့လိုက်ရသည်။နောက်ကျန်မနေခဲ့ချင်၍ နှုတ်ဆက်ရန် အလျင်အမြန် တိုးဝင်လိုက်သည်။




ဖုန့်ချင်းယွမ်က ရှုရှန့်နှင့် စကားအနည်းငယ်ပြောပြီး ယခင်အကြောင်းအရာကို ဆက်ပြောသည်။




 "ရှောင်ချီ ငါပြောတာအမှန်ပဲ... ဆိုရိုးစကားအတိုင်း အလှတရားက အရေပြားတစ်ထော​က်တင်မဟုတ်ဘဲ အရိုးမှာပဲ ရှိတယ်...ထောာင်ထောင်လိုပဲ မင်းရဲ့ အရိုးတည်ဆောက်ပုံက အရမ်းကောင်းတယ်...မင်းက သဘာဝအလှတရားပဲ"




မူရင်းစာသားတွင်၊ ဤဝါကျ၏အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးဇာတ်ဆောင်က အလွန်လှပပြီး အမျိုးသားဇာတ်ဆောင်မှ အမျိုးသမီးဇာတ်ဆောင်ကို သဘောကျကြောင်း ပြသရန်ဖြစ်သည်။ချီရှင်းချန်လည်း ချီးကျူးခံရပြီး စိတ်ထဲမထားဘဲ ကျေးဇူးတင်ကြောင်း လေးလေးနက်နက် ပြောလိုက်သည်။




ဖုန့်ချင်းယွမ်​က ချီရှင်းချန်ကို ချီးကျူးနေသော်လည်း ရှုရှန့်က မပျော်မရွှင်ဖြင့် မျက်မှောင်ကြုတ်ကာ နေကာမျက်မှန်ကို ချွတ်လိုက်သည်။




ကံမကောင်းစွာပဲ၊ ဤအကြောင်းအရာက ပြီးသွားခဲ့ပြီး ဖုန့်ချင်းယွမ်က ထပ်ပြီး မပြောတော့ပါချေ။




သူတို့လေးယောက် မတ်တပ်ရပ်ပြီး မိနစ်အနည်းငယ်ကြာ စကားစမြည်ပြောခဲ့ကြသည်။ထောင်ထောင်က အချိန်ကိုကြည့်ပြီးပြော၏။




"ရှင်းရှင်းနဲ့ ရှောင်ရှန့်...ယွမ်ကောနဲ့အစ်မ သွားရတော့မယ်... ဒါရိုက်တာရှန့်က ငါတို့နဲ့ စကားပြောချင်နေတယ်"




ချီရှင်းချန်ကပြောလိုက်သည်။


"ကောင်းပြီ ဂရုစိုက်ပါဗျ... မနက်ဖြန် မနက်မှ တွေ့မယ်"




"စကားမစပ် ရှင်းရှင်း" 


ထောင်ထောင်ကပြော၏။




"မင်းဘယ်အခန်းမှာနေလဲ...အားရင် မင်းဆီလာလည်လို့ရအောင်"




"ကျွန်တော်–"




"ရှောင်ချီက ငါနဲ့ တစ်ခန်းတည်းနေသင့်တယ်" 


ချီရှင်းချန် ပြောမပြီးခင်မှာ ရှုရှန့်ကဖြတ်ပြောလိုက်သည်။




"အမှန်ကကျွန်တော်တို့နှစ်ယောက်လုံးက ၃၂ထပ်မှာနေရတာ...ဒါပေမဲ့ ကျွန်​တော်က ဒီအထပ်မှာ suiteခန်းတစ်ခန်း ယူထားတယ်...ရှင်းရှင်း မင်းဘယ်အခန်းမှာနေလဲ...ငါလည်း မင်းဆီလာလည်ချင်တယ်"




ဤအရာအားလုံးကို တစ်ချိုးတည်းပြောပြီးနောက် ရှုရှန့်က ချီရှင်းချန်ကို သူ့မျက်နှာထက်မှာ ဘဝင်ခိုက်နေသောပုံစံဖြင့်  ကြည့်လိုက်သည်။




ချီရှင်းချန်က သူ့ကို လျစ်လျူရှုပြီး အခန်းကတ်ကို ဝှေ့ယမ်းလိုက်သည်။ 




"ကျွန်တော်က အပေါ်ဆုံးထပ်က အခန်းတစ်ခန်းမှာ နေတယ်...အစ်မ အချိန်မရွေး လာလည်လို့ရတယ်...ကျွန်တော့်မှာ ဇာတ်ကွက်တွေ အများကြီး မရှိဘူး... ဒါကြောင့် အစ်မနဲ့စကားပြောဖို့ အချိန်အများကြီးရတယ်"




အပေါ်ထပ်က အခန်း...




ရှယ်ယာရှင်တွေအတွက် သီးသန့်ထားထားတဲ့ အခန်းက တကယ်တော့ သူနေဖို့ပဲ...




"ခရက်-"




ရှုရှန့်၏ လက်ထဲက ပလတ်စတစ်အခန်းကတ်က သူ့ကြောင့် အက်ကွဲသွားသည်။




ချီရှင်းချန်အနေဖြင့် ရှုရှန့်နှင့် လုံးဝ စကားမပြောချင်ပါချေ။အကြောင်းအရင်းမှာ ည၏မက်မွန်ထဲရှိ ရှုရှန့်၏ဇာတ်ကောင်က အမျိုးသမီးဇာတ်ဆောင်ကို သဘောကျသောဖော်လံဖားသမားဖြစ်ပြီး အဆုံးမှာ ဘာမှမဟုတ်ဘဲအဆုံးသတ်သွားခဲ့သည့်အတွက်ပါပင်။




သမုဒ္ဒရာနှလုံးသားဇာတ်ကားရိုက်ကူးမှုအပြီးတွင်  ရှုရှန့်သည့် အမျိုးစမီးဇာတ်လိုက်ကို ချစ်မြတ်နိုးခဲ့ပြီး လမ်းလွဲသွားခဲ့သည်။ရိုက်ကူးရေးအဖွဲ့သားများစုဝေးပြီးနောက် ရှုရှန့်က အရက်မူးနေသော အမျိုးသမီးဇာတ်လိုက်ကို သူမကိုလိုက်ပို့သည်ဟုအမည်ခံ၍ သူ့အခန်းသို့ ခေါ်သွားခဲ့သည်။




စိတ်ပျက်အားငယ်စွာဖြင့် အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ကိုဖုန်းခေါ်လိုက်သည်။ ထိုအချိန်တွင် အမျိုးသားဇာတ်လိုက်သည် အမျိုးသမီးဇာတ်ဆောင်နှင့် မရင်းနှီးသော်လည်း ဒုက္ခရောက်နေသည့် မိန်းကလေးကို ကယ်တင်ရန် ချက်ချင်းပြေးလာခဲ့သည်။ သူက ရှုရှန့်ကို လက်သီးနှစ်ချက်ဖြင့် အနိုင်ယူပြီး အခန်းထဲတွင် အမျိုးသမီးဇာတ်လိုက်နှင့်အတူ တစ်ညတာ ကုန်ဆုံးခဲ့သည်။




ထိုညတွင် သူတို့နှစ်ဦးကြားတွင် သိမ်မွေ့ညံ့သက်သော ဓာတုတုံ့ပြန်မှုတစ်ခု ပေါ်ပေါက်ခဲ့သည်- အမျိုးသားဇာတ်လိုက်က ထင်ရသလောက် အေးစက်ခြင်းမရှိကြောင်း အမျိုးသမီး ဇာတ်လိုက်က သဘောပေါက်သွားခဲ့သည်။အမျိုးသားခေါင်းလိုက်ကလည်း အမျိုးသမီးဇာတ်လိုက်က မည်မျှ ကြင်နာပြီး သန်မာသည်ဖြစ်စေ အကာအကွယ်လိုအပ်သော မိန်းကလေးတစ်ဦးမျှသာဖြစ်ကြောင်း နားလည်သွားခဲ့သည်။




ရှုရှန့်က အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး ဇာတ်လိုက်ကြား ဆက်ဆံရေး တိုးတက်မှုအတွက် အထောက်အကူပစ္စည်းဖြစ်သည်။




မိုက်မဲပြီး ရက်စက်တဲ့အကူပစ္စည်းရာ ရပ်လိုက်စမ်းပါ...




ချီရှင်းချန်က သူ့လက်ထဲက သော့ကတ်ကို တစ်ချက်ကြည့်လိုက်သည်။ 




"ရှေ့ကောင်တာကိုသွားပြီး တစ်ခုပြောင်းပါ...မဟုတ်ရင် ခင်ဗျားဝင်လို့မရဘူး"




ရှုရှန့် ပြောစရာစကားမဲ့သွားရသည်။




မင်းမေကြီး... စောင့်နေစမ်းပါ...




ချီရှင်းချန် ခရီးဆောင်အိတ်ကို အပေါ်ထပ်ရှိ အခန်း ၁သို့ ဆွဲယူသွားခဲ့သည်။ တစ်ရက်ကို ၇၀၀၀ ကုန်ကျသည်က အံ့သြစရာမရှိပါချေ။ ၎င်း၏အရွယ်အစား၊ အပြင်အဆင်နှင့် အသုံးအဆောင်ပစ္စည်းများသည် အလွန်ကောင်းမွန်လေသည်။




ရေကူးကန်ကို မျက်နှာမူထားသော LCD မှန်နံရံတစ်ခုလုံးသည် အလွန်နည်းပညာမြင့်သည်။ ၎င်းကို အကြည်(transparent)၊အလင်းဖောက်(translucent)၊နှင့် အပိတ်(closed)မုဒ်သုံးမျိုး ခွဲခြားထားသည်။




အပြင်ဘက် ရှုခင်းတွေကို ကြည့်ချင်ပါက အကြည်မုဒ်ကို ပြောင်းနိုင်ပြီး LCD မှန်က ပုံမှန် ဖောက်ထွင်းမြင်ရသညွ မှန် ဖြစ်သွားပါလိမ့်မည်။ အိပ်ရာပေါ်မှာ အိပ်ပြီး အခန်းထဲက မထွက်ဘဲ ပင်လယ်ရှုခင်းကို ခံစားနိုင်၏။




၎င်းတို့သည် ကိုယ်ရေးကိုယ်တာအနှောက်အယှက်ဖြစ်မည်ကို ကြောက်ရွံ့ပါက၊ အပိတ်မုဒ်သို့ ပြောင်းနိုင်ပြီး မှန်နံရံသည် အပြာရောင်သမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ယင်းက တကယ် လှ၏။




အံ့သြစရာအကောင်းဆုံးမှာ အခန်းအတွင်းရှိ လျှပ်စစ်ပစ္စည်းများအားလုံးကို ဉာဏ်ရည်တု(AI)ဖြင့် ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။ လက်ခုပ် နှစ်ချက်ဖြင့်-




​ဖြောင်းဖြောင်း...


ချီရှင်းချန်က လက်ခုပ်တီးလိုက်သည်။ 


"ဖန်နံရံ အကြည်မုဒ်"




AIကဆိုသည်။


"အကြည်မုဒ်ဖွင့်လိုက်ပါပြီ" 




ရေကူးကန်မှာ ရေကူးဘောင်းဘီဝတ်ထားသည့် ဒါရိုက်တာ၏ မြင်ကွင်းက သူ့ရှေ့မှာ ပေါ်လာ၏။




"..." 


ချီရှင်းချန်က လက်ခုပ်တီးထပ်တီးလိုက်သည်။ "ဖန်နံရံအပိတ်မုဒ်"




ဘာလို့ နေ့လယ်ခေါင်ကြီးမှာ ရေကူးနေတာလဲ...




အဝတ်အစားများနှင့် ရေချိုးခန်းသုံးပစ္စည်းများကို နေရာချပြီးနောက် ဒါရိုက်တာကြောင့်အဆိပ်သင့်သွားသော သူ့မျက်နှာနှင့် မျက်လုံးများကို ဆေးကြောရန် ရေချိုးခန်းသို့ သွားခဲ့သည်။




သူ ရေစက်တွေကို မသုတ်ရသေးခင်မှာ ချီယွီကျီး  ဖုန်းခေါ်လာသည်။သူ ဖုန်းကို ပခုံးအောက်မှာ ထားလိုက်၏။




"ရှင်းရှင်း... မင်း ရိုက်ကွင်းရောက်ပြီးပြီလား"




"ကျွန်တော်တို့ရောက်ပြီ"




"အခန်းနဲ့ပတ်သတ်လို့ ကျေနပ်လား"




"ဟုတ်ကဲ့ဒါပေမဲ့....." 




ချီရှင်းချန် သူ့အစ်မ၏ခံစားချက်ကို မထိခိုက်စေချင်သောကြောင့် ဂရုစိုက်ပြီးပြောလိုက်သည်။


"ဒါပေမယ့် အဖွဲ့သားတွေက ကျွန်တော်ရဲ့အထောက်အထားကို သံသယဖြစ်နေပြီ" 




"အဆင်ပြေပါတယ်... မင်းအတွက် ဆင်ခြေပေးဖို့ ငါစဉ်းစားပြီးပြီ ..အားလပ်ရက်မှာ သုံးဖို့ မင်းသူငယ်ချင်းက ဒီအခန်းကို တစ်နှစ်ပတ်လုံး ငှားနေတယ်... သူက အခုတလောဒိမှာမရှိတာကြောင့် ဒီနေရာမှာနေဖို့ သူ့အကူအညီငှားသုံးတယ်လို့ပြောလိုက်"




ချီရှင်းချန် ခဏတာ စကားမပြောနိုင်​ဖြစ်သွားရသည်။ သူ့မှာ ဒီလိုသူငယ်ချင်းမျိုး ဘယ်တုန်းကရှိလိုက်တာလဲ...




သို့ပေမဲ့တွေးကြည့်ပြီးသည့်အခါ ယင်းက အသင့်လျော်ဆုံး ရှင်းပြချက်ဖြစ်ပုံရလေသည်။ထို့ကြောင့် ဇာတ်ညွှန်းဖတ်သည့်အချိန်အတွင်း၊ အခန်း၏ဇစ်မြစ်အကြောင်း ထောင်ထောင်က သူ့ကိုမေးသောအခါ ချီယွီကျီး၏ ညွှန်ကြားချက်ကို လိုက်နာပြီး ထောင်ထောင်ကိုပြောပြလိုက်သည်။




"ဟုတ်လား" 




ထောင်ထောင်က သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ 




"မင်းဘက်ဂျက်အစီအစဥ်မှာရှိတုန်းက ကြီးကြီးကျယ်ကျယ် လုပ်ရတာကို မကြိုက်ဘူးလေ..မင်းရုတ်တရက် ပြောင်းလဲသွားပြီး မင်းကိုယ်ပိုင်ပိုက်ဆံနဲ့ ဇိမ်ကျကျ အခန်းကို ငှားခဲ့တာ ဘာကြောင့်လဲဆိုတာ ငါသိချင်ခဲ့တာ"