အပိုင်း၄၅
Viewers 28k

Chapter 45

October 10, 2023


ချီရှင်းချန်လည်း သမ်းဝေလိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် အချည်းနှီးပါပဲ...ဒီမှာမနေရင်လည်း အလဟသဖြစ်သွားမှာ"




သူအချိန်ကိုကြည့်လိုက်သည်။


"5:50...ဒါရိုက်တာရှန့် မကြာခင် ဒီကိုရောက်လာလောက်တယ်"




"နီးပါးပဲ... ဟေး နတ်ဆိုးအကြောင်းပြောတော့နတ်ဆိုးရောက်လာတယ်... ဒါရိုက်တာရှန့် ရောက်လာပြီ" 


ထောင်ထောင်ကဇာတ်ညွှန်းကို ကောက်ကိုင်လိုက်သည်။ 


"ငါ ရှေ့ကို သွားလိုက်မယ်... နောက်မှ မင်းနဲ့ စကားပြောမယ်"




ဇာတ်ညွှန်းဖတ်ခြင်းသည် ရိုက်ကူးရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းက အဓိကအားဖြင့် သရုပ်ဆောင်များကို သူတို့၏ အတွေးအမြင်တွေကို စုစည်းနိုင်အောင် ကူညီပေးရန်ပါပင်။ အရေးကြီးသည့် ဇာတ်ကွက်တွေရှိ၍ သရုပ်ဆောင်တွေက ဘယ်လိုသရုပ်ဆောင်ရမှန်းမသိပါက အတူတူဖတ်ပြီး ကိုယ်ပိုင်ထင်မြင်ချက်ပေးနိုင်၏။ အများစုမှာ နားလည်နိုင်ကြသည်။




ယနေ့ သူတို့သည် လွန်ခဲ့သော ခုနှစ်ရက်က အခန်းများကို ဖတ်သွားကြသည်။ချီရှင်းချန်မှာ အများကြီးရှိပေမဲ သိပ်ကြီးမများပါချေ။ထောင်ထောင် နှင့် ဖုန့်ချင်းယွမ်တို့မှာ အများဆုံးဖြစ်သည်။သူတို့ ပြီးသွားသောအခါ နှစ်နာရီကုန်သွား၏။




"တစ်နာရီကျန်ပါသေးတယ်...နာရီဝက် စောပြီး ထွက်ရမယ်" 


ရှန့်ယွီလျန်က ဝိုင်းဖွဲ့ထိုင်နေသော သရုပ်ဆောင်များကို ကြည့်လိုက်သည်။ 




"ရှောင်ရှု မင်းအရင်ဖတ်"




ရှုရှန့်က သူ့အခန်းများကို နာခံစွာဖတ်သည်။ ဝဘ်ဒရာမာအများအပြားရှိ သူ၏အတွေ့အကြုံ၏ပံ့ပိုးမှုဖြင့်၊ ၎င်းသည် ကောင်းသည်လည်းမဟုတ်ဆိုးသည်လည်မဟုတ်ပေ။ပျမ်းမျှသာမန်မျှသာဖြစ်သည်။




ထိုနောက် ဒုတိယ အမျိုးသမီးဇာတ်ဆောင်ဖတ်၏။ရှန့်ယွီလျန်ကဆိုသည်။




"ချီရှင်းချန် အသင့်ပြင်ထား"




ပထမဦးဆုံးအကြိမ် ဇာတ်ညွှန်းဖတ်ရသည့် ရှင်းရှင်းတစ်ယောက် တံတွေး မျိုချလိုက်သည်။




ဒုတိယအမျိုးသမီးဇာတ်ဆောင်က မိနစ်နှစ်ဆယ်အတွင်း ပြီးသွားသည်။ချီရှင်းချန် တံတွေး မျိုချလိုက်သည်။




အမှန်တွင် ရှန့်ယွီလျန် သူ့ကို အစိုးရိမ်ဆုံးဖြစ်သည်။ သူ၏ကိုယ်ရေးအကျဉ်းမှာ သရုပ်ဆောင်ပိုင်းနှင့် ပတ်သက်ပြီး အရံဇာတ်ကောင်ငယ်လေးနေရာ အနည်းငယ်ပဲ ရှိသည်။




ထိုဇာတ်ကောင်​တွေက မည်မျှသေးငယ်လဲဆိုလျှင် စာကြောင်း ဆယ်ကြောင်းထက်မပိုသည်မျိုးဖြစ်သည်။




ရှန့်ယွီလျန် သူ့ကို ရှူတည်တည်ဖြင့်ကြည့်နေလိုက်သည်။ ချီရှင်းချန်မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ခေါင်းငုံ့ရန် မေ့သွားကာ ရှန့်ယွီလျန်ကို တိုက်ရိုက်ပြန်ကြည့်လိုက်သည်။ စာအုပ်များမှ သင်ယူခဲ့သော စကားအမြန်နှုန်းကို အသုံးပြု၍ တစ်ဒါဇင်ခန့်စာကြောင်းများကို အစမှအဆုံး အလွတ်ရွတ်ဆိုခဲ့သည်။




ရှစ်မိနစ်ကြာအောင် သူ့ကိုကြည့်နေသော ရှန့်ယွီလျန်တစ်ယောက် ပြောစရာစကားမဲ့သွား၏။




ရှန့်ယွီလျန် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ "မင်း စာကြောင်းတွေ အားလုံးကို မှတ်မိနေပြီလား"




"ဟုတ်ကဲ့"




"မင်း အဲဒါတွေကို အလွတ်ကျက်တာ ဘယ်လောက်ကြာခဲ့လဲ"




"တော်တော်ကြာတယ်"




"....."




ရှန့်ယွီလျန် အတန်ကြာအောင် စကားမပြော​တော့သည်ကိုမြင်သောအခါ ချီရှင်းချန်က ချီတုံချတုံဖြင့်ပြောလိုက်သည်။




"ကျွန်တော်ကဘာဖြစ်လို့လဲ... ရပါတယ်ပြောပါ ... ကျွန်တော်က အရေထူတယ်"




ရှုရှန့်က နှာခေါင်းရှုံ့လိုက်သည်။


"မင်းက တော်တော်အရေထူတယ်...ဒီလိုငယ်ငယ်ရွယ်ရွာ်နဲ့စပွန်ဆာရှာတတ်နေပြီ"


(ရှုးဂါးဒက်ဒီဟုသုံးထား)




ရှုရှန့် ၏ အသံက ကျယ်လောင်ခြင်းမရှိသော်လည်း ချီရှင်းချန် သူ့ကို ကြားနေရသည်။ချီရှင်းချန်က မသိမသာ မျက်မှောင်ကြုတ်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။




အမှန်တွင်၊ သူကုမ္ပဏီကိုအနိုင်ရပြီးနောက်၊ ပူးပေါင်းကြံစည်မှုသီအိုရီများစွာက သူ့နောက်မှာ စပွန်ဆာရှိနေသည်ဟု စွပ်စွဲခဲ့၏။ သူ့နောက်မှာ စပွန်ဆာတစ်ယောက်ရှိနေသည်။ မဟုတ်ပါက ထိပ်တိုက် တိုက်ခိုက်ရဲသည့်သတ္တိရှိမှာမဟုတ်ဘူးဟုလည်း သူတို့စွပ်စွဲကြသည်။




စပွန်ဆာအတွက် ဖြစ်နိုင်ခြေအရှိဆုံး ကိုယ်စားလှယ်လောင်းမှာ ဆန်ကုန်မြေလေးကောင်၏ အစိမ်းရောင်ဝတ်စုံကို ဆုတ်ဖြဲပစ်လိုက်သည့် မိန်းကလေးဖြစ်သည်။ သူမ ဆန်ကုန်မြေလေးကောင်ကို ပေးခဲ့သည့် ပစ္စည်းတွေကို ကြည့်ပြီး သူမက သာမန်လူမှုရေးသမား မဟုတ်မှန်း သေချာပေါက်ပြောနိုင်၏။




ချီရှင်းချန် ဤမှတ်ချက်များကို ရယ်မောကာ ပယ်ချခဲ့သည်။ သူ့အစ်မက သူ့ စပွန်ဆာလား...




… ဖြစ်နိုင်ပုံရတယ်...




မည်သို့ပင်ဖြစ်စေ ဤညစ်ပတ်သည့် စကားလုံးတွေကို သူ့စိတ်ထဲ ထည့်မထားပေ။ သူ ရှုရှန့်၏စကားကို လျစ်လျူရှုပြီး ဒါရိုက်တာရှန့်ကို ဆက်လက်ကြည့်နေခဲ့သည်။




ရှန့်ယွီလျန်က ပြုံးလိုက်သည်။ 


"မဟုတ်ပါဘူး...တော်တော်ကောင်းပါတယ်... လူငယ်လေး ကောင်းသောအလုပ်ကို ဆက်လုပ်ပါ"




ဇာတ်ညွှန်းကို လေ့လာနေချိန်တွင် ဖွင့်ပွဲကျင်းပမည့်နေရာက အကုန်လုံး စီစဉ်ပြီးသွားသည်။




ငါးပြတိုက်အပြင်ဘက်ရှိ ဟင်းလင်းပွင့်နေသောနေရာ၌ ပူဇော်စားပွဲကို ကတ္တီပါအနီဖြင့် ဖုံးအုပ်ထားသည်။ ပူဇော်စာပွဲ၏ အလယ်တွင် ကွမ်ဧကရာဇ် ရုပ်တုရှိသည်။ နှစ်ဖက်စလုံးတွင် ဝက်ကင်များနှင့် သစ်သီးမျိုးစုံရှိသည်။




မင်္ဂလာအချိန် 9:30 ရောက်လာသောအခါ၊ ရှန့်ယွီလျန်က ဦးဆောင်ပြီး ပူဇော်စားပွဲရှေ့တွင် ရပ်လိုက်သည်။ထောင်ထောင် နှင့် ဖုန့်ချင်းယွမ်တို့က တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ ၎င်းတို့နောက်တွင် ရိုက်ကူးရေးအဖွဲ့၏ အဓိကဖန်တီးသူများဖြစ်သည်။




လူတိုင်းသည် ဧကရာဇ်ကွမ်၏ ရုပ်တုအား အကြိမ်အနည်းငယ် ဦးညွှတ်ကြသည်။ရှန့်ယွီလျန်က ကင်မရာပေါ်က အဝတ်နီကို ကိုယ်တိုင်ကိုယ်ကျ ပင့်မ၍ယနေ့မှစတင်၍ "သမုဒ္ဒရာနှလုံးသား"က ထုတ်လုပ်မှုတွင်တရားဝင်ဝင်ရောက်ခဲ့ကြောင်းကြေညာခဲ့သည်။




အင်တာဗျူးရန် စောင့်မျှော်နေသည့် ပတ်ဝန်းကျင်က မီဒီယာတွေက ချီးကျူးဂုဏ်ပြုခဲ့ကြ၏။ရှန့်ယွီလျန်က ဇာတ်ဆောင် နှစ်ယောက်ကို ခေါ်ကာ မီဒီယာများကို စီးကရက်တွေ ပေးသည်။ တစ်သက်လုံး ​ဒါရိုက်တာလုပ်ပြီးနောက် ရှန့်ယွီလျန်မှာ အဆက်အသွယ်များစွာ ရရှိခဲ့သည်။ မြင်ကွင်းက အလွန်ကို အသက်ဝင်နေသည်။




ထိုအချိန်တွင် ကိုယ်ပျောက်လူသားလေးချီရှင်းချန်မှာ  မည်သည့်အခန်းကဏ္ဍတွင်မှ မပါဝင်နိုင်ခဲ့ပေ။ သူသည် နောက်သို့ တိတ်တဆိတ် ဆုတ်သွားပြီး ပယ်လယ်ဖျံရုပ်ထု၏ ခြေသည်းများနှင့် ကစားနေသည်။




"ဥက္ကဌချီ"




သူအကြိမ် 30 ထက်မနည်းကို ထိပြီးနေချိန်တွင် စူးစမ်းလိုစိတ်နှင့် ကြောက်လန့်စိတ်တို့ပြည့်နေသောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ 




"ဘယ်... ဘယ်တုန်းက ရောက်နေတာလဲ"




ချီရှင်းချန် လန့်သွားပြီး အမြန်လှည့်လိုက်သည်။ "ခင်ဗျားကို သူများတွေရှေ့မှာ ကျွန်တော့်ကို မသိသလို ဟန်ဆောင်ဖို့ ပြောခဲ့တယ် မဟုတ်လား"




မန်နေဂျာကတွေးလိုက်သည်။သူက ဤနေရာကို လာစစ်ဆေးရန်ရောက်လာခြင်းဖြစ်၏။ယနေ့ ရုပ်ထုကို မသန့်ရှင်းရသေးကြောင်း သတိရသဖြင့် သူ့ရာထူးကအန္တရာယ်ရှိနေသည်ဟု ခံစားလိုက်ရသည်။




ရလဒ်အနေဖြင့် ခေါင်းဆောင်၏ ညွှန်ကြားချက်ကို မေ့သွားပြီး အမှားလုပ်မိခဲ့၏။ သူသည် ခေါင်းဆောင်၏စိတ်ထဲရှိ သူ၏ပုံရိပ်ကို ကယ်တင်ရန်မျှော်လင့်ရင်း သူ့ပါးစပ်ကို အမြန်အုပ်လိုက်သည်။




ပတ်ပတ်လည်ကိုကြည့်လိုက်သောအခါ မီဒီယာတွေ၏အာရုံစိုက်မှုက ဇာတ်ဆောင်တွေအပေါ်မှာရှိနေသည်ကို တွေ့လိုက်ရ၏။ သူ့ကို ဘယ်သူမှ ဂရုစိုက်မနေပေ။ သူ အသက်ပြင်းပြင်းရှူလိုက်သည်။




မန်နေဂျာက ကြောက်နေသည်ကို မြင်​သောအခါ သူက အလေးအနက်ထားဟန်ဆောင်ပြီး ပြောလိုက်၏။




"ခင်ဗျားပါးစပ်ကို ဘာလို့ အုပ်ထားတာလဲ... လက်ကို ဖယ်လိုက်"




"အိုး"




"ကျွန်တော် အခု ဒီအဖွဲ့မှာ ရိုက်ကူးနေတယ်...လူတွေသာ ကျွန်တော်က ပိုင်ရှာဆိပ်ကမ်း ရဲ့ သူဌေးဖြစ်ကြောင်း သိရင် အကျိုးဆက်က ဘယ်လောက် ပြင်းထန်မယ်ဆိုတာ သိလား"




"....."




"ကံကောင်းစွာနဲ့...ဘယ်သူမှ မတွေ့လိုက်ဘူး" 




ချီရှင်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ 


"ဒီတစ်ခါတော့ ခင်ဗျားကို ခွင့်လွှတ်ပေမဲ့ နောက်တစ်ခါမဖြစ်စေနဲ့... ပြန်သွားပြီး တခြားဝန်ထမ်းတွေကို တွေ့ရင် မနှုတ်ဆက်ဖို့ ပြောချေ... အဲဒါကို ခင်ဗျားလုပ်နိုင်လား"




မန်နေဂျာက ဝမ်းသာသွား၏။ 


"ဟုတ်ကဲ့...ကျွန်တော့်ဆီဓာတ်ပုံတစ်ပုံ ပို့ပေးလိုက်ပါ... အဖွဲ့ဆီ လမ်းညွှန်ချက် ပို့ပေးလိုက်ပါ့မယ်"




ချီရှင်းချန်က သိပ်စဉ်းစားမနေဘဲ မန်နေဂျာဆီ ဓာတ်ပုံတစ်ပုံကို ချက်ချင်း ပို့လိုက်သည်။ သူက အဖွဲ့ထံသို့ ကြေညာချက်တစ်စောင် ပေးပို့ခဲ့သည်။


[@ လူတိုင်း...ဒီလူက ငါတို့ရဲ့ဥက္ကဌငယ်လေးချီပဲ... သေသေချာချာကြည့်...အနာဂတ်မှာ သူ့ကိုတွေ့ရင် သူ့ကို မသိသလို ဟန်ဆောင်ရမယ်...]




ဓာတ်ပုံလက်ခံရရှိသော ဝန်ထမ်း:ဝိုး... ချောလိုက်တာ...အရင်က သူ့ကို မသိခဲ့ပေမဲ့ အခုတော့ သူ့ကို သိသွားပြီ...




လုပ်ဆောင်ချက်တစ်သီကြီးဆက်တိုက်လုပ်ဆောင်ပြီးနောက် ချီရှင်းချန်က မန်နေဂျာကို အလျင်အမြန်ခေါ်ခဲ့သည်။ 




"ကောင်းပြီ ခင်ဗျားအရင်သွားလို့ရပြီ… ဟုတ်တယ်...ကျွန်တော် ဖျံရဲ့ခြေသည်းကို အခုပဲထိလိုက်တာ...သန့်ရှင်းရေးလုပ်ရုံမကဘူး ပိုးသတ်ဖို့လည်း လိုတယ်... မဟုတ်ရင် ကလေးတွေက အဲဒါကို ထိရင် တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိဘဲနေမယ်"




မန်နေဂျာက သူ့ကိုယ်သူ တွေးလိုက်သည်။ဘယ်ကလေးတွေက အဲဒါကို ဘယ်လိုထိလို့လဲ...မင်းတစ်ယောက်တည်းထိတာ...




"ဟုတ်ကဲ့...ကောင်းပါပြီ... " 


သူက ခေါင်းညိတ်ပြီး ထွက်သွားသည်။




ရှန့်ယွီလျန်က မပြီးသေး။ချီရှင်းချန် ဖျံကို ဆက်၍ထိနေလိုက်သည်။ အကြိမ်တစ်ရာလောက်ထိပြီးနောက် ထိုနေ့က သူ ဦးထုပ်မချွတ်ခဲ့ဘူးဆိုသည်ကို ရုတ်တရက် သတိရသွား၏။




ပိုင်ရဲ့က အခုအချိန်အထိ သူ့ဆံပင်ပုံစံကို မှတ်ချက်မပေးဘူး...




ယနေ့ ရုပ်ရှင်ရိုက်မှာဖြစ်သဖြင့် သူ မိတ်ကပ်နှင့်ဆံပင်ကို ပြင်ရန်အစောကြီးနိုးနေခဲ့သည်။ သူ့အသွင်အပြင်က မဆိုးပေ။သူ အရှေ့ကင်မရာကိုဖွင့်ပြီး ပိုင်ရဲ့ဆီ ပို့ပေးရန် ဆယ်လ်ဖီဆွဲရန် ပြင်ဆင်နေ၏။




သူ ဖုန်းကို မျက်နှာပေါ်ရှေ့မြောက်ပြီးသည်နှင့် ဖုန်းကိုပြန်ချလိုက်သည်။




မဟုတ်ဘူး၊ ဒီလိုမလုပ်ဘူး...တမင်တကာကြီး ဖြစ်လွန်းနေလိမ့်မယ်...တစ်ချက်ကြည့်လိုက်တာနဲ့ သူ့အတွက် အထူးတလည်းရိုက်ထားမှန်း သိသွားလိမ့်မယ်...




ချီရှင်းချန် ခဏလောက် စဉ်းစားပြီး မြေပြင်ပေါ်တွင် ငုတ်တုတ်တစ်ဝက်(half squat)ထိုင်နေလိုက်သည်။၎င်းနောက် သူက ဖျံ၏လည်ပင်းကို ပွေ့ဖက်ပြီး ကင်မရာခလုတ်ကို နှိပ်လိုက်၏။




ပိုင်ရဲ့၏Wechatကိုသွားပြီး သူ့ဆီ ပို့လိုက်သည်။




ရှင်းရှင်း: [ချစ်စရာကောင်းတယ်မဟုတ်လား]




ပိုင်ရဲ့က ငါးမိနစ်အကြာတွင် ပြန်ပြောသည်။ [ချစ်စရာကောင်းတယ်]




ရှင်းရှင်းက ဆက်ပြောသည်။


[ကျွန်တော်က ဖျံကို ပြောနေတာ]




ပိုင်: [ဟုတ်တယ်လေ... ဖျံက ချစ်စရာကောင်းတယ်]




ချီရှင်းချန်: "…"




သူ ခေါင်းငုံ့ပြီး ခြေချောင်းတွေကို မြေကြီးပေါ်မှာ နှစ်ကြိမ်တိတိပွတ်လိုက်သည်။ဖျံ၏ခြေသည်းများက အရောင်ဖျော့သွားသည်အထိ အထိခံထားရသည်။ဘယ်လိုလုပ် ချစ်စရာကောင်းတာလဲ...




ထို့နောက် သူ့ဖုန်းတွင် နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။ 


ပိုင်: [မင်းလည်းချစ်စရာကောင်းတယ်]




ချီရှင်းချန်: "အို..."




အဲဒါက ပိုဖြစ်နိုင်တယ်...




သို့သော် ချီးကျူးမှုကို ရရှိပြီးနောက် ချီရှင်းချန်တစ်ယောက် ဓာတ်ပုံပေးပို့ရသည့် အကြောင်းရင်းကို မမေ့ခဲ့ပေ။ သူက စာရိုက်ရင်း နေအတောက်ပဆုံးဖြစ်နေသောနေရာကိုရှာပြီး  နေရောင်အောက်မှာ နေပူဆာလှုံလိုက်သည်။


[ကျွန်တော့်ဆီက အပြောင်းအလဲကို သတိထားမိလား]




ပိုင်: [ဆံပင်ပုံစံ?]




မျှော်လင့်ထားသည့်အတိုင်း သူသည် အဖွဲ့အတွင်းရှိ ဓာတ်ပုံကို မတွေ့ခဲ့ပေ။ချီရှင်းချန် ဒေါသထွက်သွားသည်။


[ဟုတ်တယ်၊ ဆံပင်ပုံစံအသစ်...အရင်ကနဲ့ ယှဉ်ရင် ဘယ်လိုလဲ]




ဓာတ်ပုံကို ပေးပို့ပြီးနောက် တစ်ဖက်သား၏ အဖြေကို သူ့စိတ်ထဲတွင် မှန်းဆခဲ့သည်။




သူ့idol ၏လက်တစ်တစ်စိတ်ကြောင့် သူပြန်ရမည်မှာ အများဆုံး[မဆိုးပါဘူး]ဖြစ်လောက်သည်။၎င်းသည် "ည၏မက်မွန်" က သူ့idol ၏ စရိုက်ကို လုံးလုံးလျားလျား ကူးယူထားသည့် အခြေအနေအောက်တွင် ရှိနေသည်။




"ည၏မက်မွန်" ၏ အမျိုးသားဇာတ်ဆောင်သးက ပြောင်းလဲသွားသည်ဟု ယခု သူခံစားမိသည်။ သူ့idolက တခြားသူတွေနှင့် အမြဲဝေး​ကွာနေခဲ့သည်။ ရှင်းရှင်းကို သူ့လက်ဖဝါးပေါ်ဆွဲတင်ထားသော ပိုင်ရဲ့ကဲ့သို့ဖြစ်ရန် မဖြစ်နိုင်ပေ။




သုံးမိနစ်လောက်တွေးပြီးနောက် နောက်ဆုံးမှာ အကြောင်းပြန်စာ တစ်ခုရောက်လာသည်။ချီရှင်းချန်သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး အောက်ကိုငုံ့ကြည့်လိုက်၏။




အင်တာဖေ့စ်မှာ စကားလုံးသုံးလုံးရှိနေသည်။




[အတော်လေးကောင်းတယ်]




ချီရှင်းချန်: "…"




ခင်ဗျားရော Abo ဝတ္ထုတွေအကြောင်း သိတာလား...




....


"သမုဒ္ဒရာနှလုံသား" ဇာတ်ကားကို A နှင့် B ဟူ၍ အုပ်စုနှစ်စုခွဲထားသည်။ အုပ်စု A ၏ အဓိကတည်နေရာမှာ ငါးပြတိုက်ဖြစ်ပြီး ရှန့်ယွီလျန် ဦးဆောင်သည်။




အုပ်စုB သည် အဏ္ဏဝါဇီဝဗေဒဓာတ်ခွဲခန်းဖြစ်ပြီး အမျိုးသားဇာတ်ဆောင်၏အလုပ်တည်နေရာဖြစ်သည်။ရိုက်ကူးရေးအဖွဲ့သည် ပိုင်ရှာဆိပ်ကမ်းအပြင်ဘက်ရှိ ရုံးခန်းအဆောက်အအုံကို ငှားရမ်းပြီး  ဓာတ်ခွဲခန်းအဖြစ်ပြင်ဆင်ကာ လက်ထောက်ဒါရိုက်တာ ဦးဆောင်သည်။




နံနက်ခင်းတွင် စိတ်လှုပ်ရှားပြီးနောက် လူတိုင်းသည် အာရုံစူးစိုက်ပြီး အပြင်းအထန်ရိုက်ကူးရေးတွင် နှစ်မြုပ်ခဲ့ကြသည်။ လက်ထောက်ဒါရိုက်တာက Group B နှင့် စတင်ခဲ့ပြီး Group A သည်လည်း ပထမဆုံးရိုက်ကွင်းကို စတင်ခဲ့သည်။




"သမုဒ္ဒရာနှလုံးသား...scene one ...take one...action..."


(T/N–scene 1 take 1ဆိုတာက ပထမဆုံးဇာတ်ကွက်ကိုမှ ပထမဆုံးအကြိမ်ရိုက်တာကိုပြောတာပါ...ပထမဆုံးဇာတ်ကွက်ကိုမှ အဆင်မပြေလို့ဘာလို့ညာလို့ ဒုတိယတစ်ခေါက်ပြန်ရိုက်ရတဲ့အခါဆို​ရင်တော့ scene 1 take 2...)




ဇာတ်ညွှန်းအရ ထောင်ထောင်က တင်းကျပ်သော ပလပ်စတစ်အ၀တ်များကို ကျွမ်းကျင်စွာ ပြောင်းလဲဝတ်ကာ ငါးပုံးတစ်ပုံးကို ထမ်း၍ အပူထိန်းကန်၏ အစွန်းတွင် ထိုင်နေခဲ့သည်။




ဝေလငါးဖြူက ထောင်ထောင်၏ခြေထောက်ဆီသို့ ကူးခတ်လာပြီး ထောင်ထောင်က ၎င်း၏ခေါင်းကို ပုတ်ကာ ငါးတစ်ကောင်ကို ပစ်ကျွေးလိုက်သည်။




ဤသည်က ဝေလငါးဖြူ လေ့ကျင့်ရေးဆရာ နေ့စဉ်လုပ်ဆောင်ရမည့်အရာဖြစ်သည်– ဝေလငါးဖြူကို အစာကျွေးပါ၊ ခံစားချက်များ မွေးမြူပါ၊ ၎င်းနှင့် ကစားပါ၊ ထို့နောက် လေ့ကျင့်ပါ။




"ကဒ်"




ရှန့်ယွီလျန်က ဝေါ်ကီတော်ကီကို ကောက်ယူလိုက်သည်။ 


"ထောင်ထောင် မကြောက်နဲ့...ထရိန်နာ... ဘယ်လူဂါဝေလငါးကို ပြန်ခေါ်ပြီး နောက်တစ်ကြိမ်ရိုက်ဖို့ အနှောင့်အယှက်ပေးလို့ ရမလား"




ချီရှင်းချန် ရိုက်ကူး​ရေးအဖွဲ့ထဲ၀င်မ၀င်မီ ထောင်ထောင်က တစ်ပတ်စော၍ ရိုက်ကူးရေအဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ဝေလငါးဖြူနှင့် ရင်းနှီးအောင်လုပ်ခဲ့ပြီးသားဖြစ်သည်။ အချိန်သိပ်မကြာသေး၍ဖြစ်မည်၊ဝေလငါးဖြူကိုတွေ့လိုက်ရသည့်အခါ အနည်းငယ် မဝံ့မရဲဖြစ်နေသေးသည်။




ယခုလို ရေနေသတ္တဝါကြီးမျိုးကို မိန်းကလေးတွေက အပြင်ကနေ ကြည့်နိုင်ပေမဲ့ တကယ်ထိတွေ့ရသည့်အခါ ကြောက်မိသည်က မလွဲမသွေပါပင်။




ထို့ကြောင့် ရှန့်ယွီလျန်က အခြားဘာမှ မပြောဘဲ ထောင်ထောင်ကို နောက်တစ်ကြိမ်ရိုက်ခိုင်းလိုက်သည်။ သို့သော် သူက ပထမဆုံးအကြိမ်ရိုက်ရာတွင် အရိုးရှင်းဆုံး တစ်ကိုယ်တော်ပြကွက်ကို တမင်တကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထောင်ထောင်၏ စွမ်းဆောင်မှုမှာ လုံလောက်မှု မရှိကြောင်း မြင်နေရသဖြင့် ယင်းက သူ့ကို အတော်လေး မကျေမနပ်ဖြစ်စေသည်။




ချီရှင်းချန်က  ထိုင်ခုံငယ်လေးပေါ်တွင် ထိုင်ပြီး ထောင်ထောင်၏ လှုပ်ရှားမှုများကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာသည်။ အကြောက်တရားကို ဖယ်ရှားပြီးနောက် ထောင်ထောင်က  မင်းသမီးကောင်းတစ်ဦးဖြစ်သည်။ ကင်မရာကို မျက်နှာမူသည့် ထောင့်နှင့် သူမ၏လှုပ်ရှားမှု အကွာအဝေးက အလွန်စံထားလောက်သောကြောင့် လေ့လာရကျိုးနပ်လေသည်။




ထိုအချိန်တွင် တစ်စုံတစ်ယောက်က ၎င်းတို့နောက်တွင် ရုတ်တရက် "ကျစ်"ခနဲပြုသည်။ချီရှင်းချန်က နောက်ပြန်ကြည့်ချင်ပေမဲ့ အန်းရန်က သူ့ကို တားလိုက်၏။ 




"စိတ်မပူပါနဲ့ ...အဲဒါရှုရှန့်"




ပြင်ဆင်ရန်နှင့် အနားယူရ အဆင်ပြေစေရန်အတွက် ရိုက်ကူးရေးအဖွဲ့က ဒါရိုက်တာနှင့်အမျိုးသားဇာတ်ဆောင်၊ အမျိုးသမီးဇာတ်ဆောင်တို့အတွက်နားနေခန်းတစ်ခုပြင်ပေးထားသည်။ရှုရှန့် နှင့် ချီရှင်းချန်တို့ကမူ ထိုသို့ မရပေ။ သူတို့ အနားယူချင်ပါ သူတို့၏နာနီကားဆီကို ပြန်သွားနိုင်၏။




ရှုရှန့်က အနားယူပြီးပြီဖြစ်သည်။သူက ခွေးခြေလေးကို ရွှေ့လိုက်ပြီး ချီရှင်းချန် နောက်မှာ ထိုင်လိုက်၏။ 




"မင်းရဲ့သရုပ်ဆောင်မှုက မလုံလောက်ရင် မင်းရဲ့စပွန်ဆာကို ရိုက်ကူးရေးအဖွဲ့ကိုပိုက်ဆံပိုပေးခိုင်းလိုက်ပါလား...ဘာလို့ အလေးအနက်ထားသလို ဟန်ဆောင်နေတာလဲ"




ချီရှင်းချန် ဆွံ့အသွားသည်။




ဒီကောင်က သူလည်း ထုတ်လုပ်ရေးအဖွဲ့ထဲကို ပိုက်ဆံနဲ့ ဝင်လာတာကို...သူက ဘယ်မျက်နှာနဲ့ တခြားသူတွေကို ဝေဖန်ရတာလဲ...




ချီရှင်းချန်က ရိုက်ကူးရေးအဖွဲ့သားများအကြား သဘောထားကွဲလွဲမှု ကောလာဟလများဖြစ်ပြီး တိုးတက်မှုကို ထိခိုက်စေရန် မလိုလားသောကြောင့် သူဘာမှ မကြားသလို ဟန်ဆောင်ခဲ့သည်။




NG သုံးခုပြီးနောက် ရှန့်ယွီလျန် ပြန်လည်ပြသမှုကို ကြည့်ရှုခဲ့ပြီး နောက်ဆုံးတွင် ကျေနပ်သွားခဲ့သည်။ သူက "နောက်တစ်ကျော့အတွက် ပြင်ဆင်ပါ" ဟု အော်သည်။




အလင်းပြန်ကိရိယာက ၎င်း၏ထောင့်ကို ချိန်ညှိပြီး ကင်မရာအဖွဲ့သားများက နေရာများကို ပြောင်းလဲခဲ့သည်။ချီရှင်းချန် သူ၏အင်္ကျီကို ချွတ်ကာ ဘယ်လူဂါဝေလငါး၏ အပူထိန်းရေကန်ဘေးရှိ ဖျံမွေးမြူရေးခြံဆီသို့ လျှောက်သွားခဲ့သည်။




ကွင်းနှစ်ခုကို သတ္တုခြံစည်းရိုးဖြင့် ခြားထားသည်။ ထို့အတွက်ကြောင့် ဖျံများကို အစာကျွေးရန် ရောက်ရှိလာသော လင်းရှောင်တစ်ယောက် ထောင်ထောင်သရုပ်ဆောင်သည့် ကျိယန်ရေထဲတွင် ဘယ်လူဂါဝေလငါးနှင့်အတူ ကနေသည်ကို မြင်သောအခါတွင် သူမဆီကဆွဲဆောင်ခံလိုက်ရပြီး သဘောကျသွားသည်။




"သမုဒ္ဒရာနှလုံးသား...scene 1...take 4...action"