အပိုင်း၄၆
Viewers 26k

Chapter 46

October 11, 2023



အကျီနှင့် ဘွတ်ဖိနပ်များ ဝတ်ဆင်ထားသည့် လင်းရှောင်က ဖျံများ၏မျက်နှာများကို သတိလက်လွတ်ဖြင့် သုတ်နေသည်။ 




"ကော..အစ်မကျိက ဘယ်လိုကောင်လေးမျိုးကို သဘောကျတယ်လို့ ထင်လဲ"




"ပါ့ ပါ့"




"ရင့်ကျက်တဲ့သူလား ...ဒါမှမဟုတ် ငါလိုမျိုး ငယ်ငယ်ရွယ်ရွယ်ကောင်လေးကိုလား"




"ပါ့"




"ဟေ့ မင်းဗိုက်ကိုပဲ ပုတ်ပြမနေနဲ့" 


လင်းရှောင် မပျော်မရွှင်ဖြစ်နေသည်။သူက တံမြက်စည်းကို ထောင့်စွန်းသို့ ပစ်ချလိုက်ပြီး "ပါ့ ပါ့" အသံ ထွက်ပေါ်လာသည့် နေရာ၊ပက်လက်လန်လဲလျောင်းနေသည့် ဖျံ၏ဘေးကို လျှောက်သွားသည်။


 


"ငါ့ ကိုဖြေလေ"




ဖျံ: "ပါ့ ပါ့"




"ကောင်းပြီ" 


လင်းရှောင်က သူ့ဘေးနားရှိ သတ္တုပုံးထဲမှ ငါးသေးသေးလေးနှစ်ကောင်ကို ကောက်ယူပြီး ကျွေးလိုက်သည်။ 


"စားပြီးရင်တော့ မင်းဖြေကို..."




စာ​သားမပြီးခင်မှာ ရှန့်ယွီလျန်က လော်စပီကာကိုမြှောက်ကာ အော်လိုက်၏။ 


"ကဒ်"




ထိုစကားကိုကြားသောအခါ ချီရှင်းချန်၏ ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းသွားခဲ့သည်။ရှန့်ယွီလျန်က ဆိုသည်။ 


"ရှောင်ချီ... မင်းအသံက မှားနေတယ်...ဒီအခန်းမှာ လင်းရှောင်က ကျိယန်ကို ချစ်မိနေပြီမို့ မင်းစကားပြောတဲ့အခါ မင်းသူ့ကို ကြိုက်နေသလိုမျိုး ခံစားရမှာ... 'ကြိုက်တယ်'ဆိုတာကို ဘယ်လိုမျိုး မင်းထင်လဲ"




"စိတ်လှုပ်ရှားတာ...ရင်တွေတဒုတ်ဒုတ်ခုန်တာ" 


ချီရှင်းချန်က ဦးနှောက်ခြောက်အောင် စဥ်းစားနေသည်။ 


"ချိုမြိန်တာ... ရှက်တာ..."




ရှန့်ယွီလျန် သူ့ကိုကြည့်ရင်း အံ့ဩသွားကာ စကားအနည်းငယ်ကို နှုတ်ကထွက်မိသွား၏။ "မင်း တစ်ခါမှ မချစ်ဖူးဘူးလား"




"…မချစ်ဖူးဘူး"




"ဒါဆိုရင် မင်းတစ်ယောက်ယောက်တော့ကိုသဘောကျဖူးမှာပါ"




"…ဟင့်အင်"




"ဒီလောက်ထိ ဖြူစင်ရသလားဟ" 




ရှန့်ယွီလျန် အကူအညီမဲ့သွားသည်။ 


"ရှောင်ချီ... 'ကြိုက်တယ်' ဆိုတာက ကမ္ဘာပေါ်တွင် စိတ်လှုပ်ရှားမှုအရှိဆုံးစိတ်ခံစားချက်ပဲ... မင်းပြောခဲ့တဲ့စကားတွေအပြင် မင်းရဲ့စိတ်ခံစားချက်တွေကလည်း သူ့ဆီကနေ အမြဲလွှမ်းမိုးခံနေရသင့်တယ်"




"လင်းရှောင်အတွက် 'ကျိယန်'ဆိုတဲ့ စကားလုံးနှစ်လုံးက အလှတရားနဲ့ ထပ်တူထပ်မျှ တူညီနေတယ်... သူ့ကို အစ်မကျိလို့ခေါ်တဲ့အခါက မင်းအသံထဲမှာ အပြုံးရိပ်စွက်နေရမယ်...အိုကေ"




"နားလည်ပါပြီ" 




ချီရှင် ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။




ဇာတ်ညွှန်းစာရေးက ဘုတ်ပြားကို ထပ်ရိုက်လိုက်သည်။ချီရှင်းချန်က ငါးသေးသေးလေးနှစ်ကောင်ကို ဖမ်းယူပြီး ဖျံကိုကျွေးသည်။




"cut... အရင်ကထက် ပိုကောင်းလာတယ်...နောက်ထပ်ပိုပြီး"




"အစ်ကို မင်းပြောတော့ အစ်မကျိ—"




"cut... ပိုကောင်းလာတယ်...ဒါပေမဲ့ ပျင်းဖို့ကောင်းတယ်"




ငါးလေးကောင်ပဲကျန်တော့သည့်အချိန်မှာ နောက်ဆုံးတွင် ပြီးသွားသည်။ရှုရှန့်က ချီရှင်းချန်၏ NG ကိုမြင် အတော် ပျော်သွား၏။ 




"ရှောင်ချီ... မင်း ငါးဘယ်နှစ်ကောင် ဖြုန်းတီပစ်သလဲ ကြည့်စမ်း...ဒီငါးပြတိုက်ကို မင်းမိသားစုက ပိုင်တာမဟုတ်ဘူး...နောက်တစ်ခါဆို ခြွေတာစမ်းပါ"




သူ၏လေသံက နောက်ပြောင်ဟန်ပေါက်နေသော်လည်း ချီရှင်းချန် နှင့် ရိုက်ကူး​ရေး နေရာရှိလူတိုင်း သူ့စကားထဲကသေနတ်နှင့်တုတ်ကိုကြားခဲ့ကြသည်။ လူတိုင်းသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားကြသည်။




ချီရှင်းချန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မိတ်ကပ်ပြင်ဆင်ရန် မိတ်ကပ်ပညာရှင်ဆီ သွားလိုက်၏။




နောက်အခန်းက ရှုရှန့်၏အခန်းဖြစ်သည်။ဤဒရာမာမှာ ဒုတိယအမျိုးသားဇာတ်ဆောင်အနေဖြင့် သူ၏ဇာတ်ကောင်ကို လွှမ်းမိုးချုပ်ခြယ်တတ်သော ဥက္ကဌတစ်ဦးအဖြစ် ပြင်ဆင်ထားသည်။




ထိုကဲ့သို့သောဒရာမာတွင် နူးညံ့သိမ်မွေ့သောဦးလေး၊ လွှမ်းမိုးချုပ်ကိုင်တတ်သောဥက္ကဌနှင့် ဝံပုလွေခွေးလေးဟူ၍ ဇာတ်ကောင်သုံးမျိုးပါရှိပြီး ပရိသတ်အတွက် နှစ်မြှုပ်မှုအမျိုးမျိုးကို ပေးစွမ်းနိုင်သည်။




ရှုရှန့်၏အခန်းက ထောင်ထောင်နှင့်အတူတူရိုက်ရမှာဖြစ်သည်။




အလုပ်များသည့်နေ့တစ်နေအပြီးနောက် ရှုရှန့်က ကျိယန်ကို လာကြိုခဲ့သည်။




ကျိယန်က သူမ၏ ပစ္စည်းများကို စနစ်တကျ သပ်ရပ်အောင် ပြုလုပ်နေသည်ကို သူ ကြည့်နေခဲ့သည်၊ ကော်ဖီပူပူတစ်ခွက် ပေးကာ သူမ မျက်နှာပေါ် စင်သွား​သော ရေစက်များကို သုတ်ပေးသည်။




သူ့၏ ဇာတ်ရုပ်နှင့် ယှဉ်လိုက်ပါက သူ၏သရုပ်ဆောင်စွမ်းရည်က မဆိုးပါချေ။




သူက ကော်ဖီခွက်ကိုချပေးပြီး သူ့လက်ကို မြှောက်ကာသူမပါးကို ညင်သာစွာထိလိုက်သည်။ သူ့မျက်လုံးတွေကို ဖမ်းယူရန်အတွက် ဒုတိယကင်မရာက  သူ့မျက်နှာကို အနီးကပ်ရိုက်ပေးသည်...




- မဟုတ်ဘူး၊ အဲဒီအမူအရာက ဘာကြီးလဲ...




သာမန်လူချီရှင်းချန်ပင် ရှုရှန့် သူ့မျက်နှာကြွက်သားတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်သည်ကို တွေ့လိုက်ရ၏။ရှန့်ယွီလျန် "cut" ဟူသော စကားလုံးကို ထပ်မံအော်လိုက်သည်။




"ရှောင်ရှု" 




ရှန့်ယွီလျန်က မျက်မှောင်ကြုတ်လိုက်သည်။ "ကျန်တာအားလုံးအဆင်ပြေပါတယ်...မင်းနည်းနည်း အိုဗာဖြစ်နေတယ်... ဇာတ်ခုံမှူး ရှောင်ရှုအတွက် ကော်ဖီတစ်ခွက် ယူပေးလိုက်ပါ"




မော်နီတာမှကြည့်လျှင် ရှုရှန့်၏မျက်လုံးများသည် ချစ်ခင်တွယ်တာမှုအပြည့်ရှိနေသည်ကိုတွေ့မြင်နိုင်သော်လည်း သူ့မျက်လုံးများနှင့် ပါးစပ်ထောင့်များသည် အကြောင်းတစ်ခုခုကြောင့် အထက်သို့ပျံတက်သွားကာ အလွန်အဆီပြန်နေပုံရသည်။




ကြည်လင်ပြတ်သားသောကင်မရာသည် ဤအသေးစိတ်အချက်များကို အဆုံးစွန်အထိချဲ့ပေးသည်။ရှုရှန့် အံကြိတ်ကာ နောက်ထပ်ရိုက်ချက်အနည်းငယ်ရိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။




ရှုရှန်းကို ကော်ဖီ အဖန်ဖန် ပေးရသော ဇာတ်ခုံကြီးကြပ်ရေးမှူးသည် ချွေးများတတီးတီးကျလျက် ရှိသည်။ သူ့နဖူးကို သုတ်လိုက်ပြီး သူ့ဘေးနားကလူကို ညည်းညူလိုက်သည်။




"သူကလည်းပိုသာမနေတဲ့ဟာကိုများ... ဘာလို့ ရှင်းရှင်းကို လှောင်ပြောင်နေတာလဲ"




"အိုက်ရား... မနေ့က ရှင်းရှင်းရဲ့ နေ့ခင်းလက်ဖက်ရည်သောက်ပြီး မင်းအဝယ်ခံလိုက်ရပြီလား(သူ့ဘက်တော်သားဖြစ်သွားပြီလား)... သူ့မျက်နှာက တစ်ခုခုမှားနေတယ်ထင်တယ်...ရှူး မင်းအသံကို လျှော့လိုက်...သူ့လက်ထောက် မကြားစေနဲ့…"




ရှုရှန့်က နေ့လည်ခင်းတွင် ရိုက်ရမည်အခန်း သုံးခုရှိသည်။ပြီးသွားပြိးနောက် ချီရှင်းချန်လိုမျိုး NGတွေရှိရသည်က ရှက်စရာဟု သူခံစားရပြီး နေကာမျက်မှန်တပ်ကာ ဟိုတယ်ကို ပြန်သွားခဲ့၏။




ချီရှင်းချန်၏ အခန်းနှစ်ခုပြီးနောက်၊ ရှန့်ယွီလျန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 


"ဇာတ်ညွှန်းကို ပြန်သွားဖတ်ပြီး သဘောကျတယ်ဆိုတာဘာကိုဆိုလိုသလဲဆိုတာကို စဉ်းစားပါ... မဟုတ်ဘူး... သဘောကျရုံနဲ့ မလုံလောက်ဘူး... မင်းက ကျိယန်နောက်ကို အရူးလိုပဲ လိုက်ပိုးတော့မှာဆိုတော့ လိုက်ပိုးတယ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ နားလည်ရမယ်"




"ကောင်းပါပြီ" 


ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။ 


"ဒါပေမဲ့ ကျွန်တော်ပြန်မသွားတော့ဘူး ဒါရိုက်တာရှန့်...ကျွန်တော့်'အစ်ကို'နဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ယူဖို့ ရိုက်ကွင်းမှာနေချင်တယ်"




သူရည်ညွှန်းသော 'အစ်ကို'သည် ဖျံကို ဖြစ်သည်။ နောက်မှာ အခန်းတွေ၏60% မှာ ဖျံတွေပါမှာဖြစ်သဖြင့် သူ ကြိုတင်ပြင်ဆင်ထားရပေမည်။




"ဒါဆိုလည်းနေကွာ" 




ရှန့်ယွီလျန်မှာ သူ့ကို ဂရုစိုက်ရန် အချိန်မရှိပေ။




"မင်း လူတစ်ယောက်ကို ဘယ်လိုကြိုက်ရမလဲဆိုတာ စဉ်းစားရမယ်...မင်းဘယ်လိုလုပ်ရမလဲဆိုတာ မသိရင်၊ လေ့ကျင့်ဖို့တစ်ယောက်ယောက်ကို ရှာ ဒါမှမဟုတ်မင်းရဲ့အစ်မထောင်ထောင်နဲ့လေ့ကျင့်... မင်းနဲ့ရှောင်ရှုသာ အချင်းချင်းချေဖျက်ပေးမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ... တစ်ယောက်က ဘယ်လိုထုတ်ပြရမှန်း မသိသဘူး...နောက်တစ်ယောက်က ဘယ်လိုလက်ခံရမှန်းမသိဘူး…"




ရှန့်ယွီလျန်ဆိုလိုသည်က ချီရှင်းချန်က သူ့ခံစားချက်တွေကို မဖော်ပြနိုင်ဖြစ်နေပြီး ရှုရှန့်၏သရုပ်ဆောင်မှုက ပိုလွန်းနေသည်ဟူ၍ပင်။ပွင့်ပွင့်လင်းလင်းပြောရလျှင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကိုက်နေကြသော တက်သစ်စလေးတွေလိုပင်။




ချီရှင်းချန် သူက ရှုရှန့်အဆင့်တူနေပြီဟု ကြားသောအခါ သူ့စိတ်ထဲတွင် ချက်ခြင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။ လင်းရှောင်ကို ကောင်းကောင်းသရုပ်ဆောင်ရန် သူ တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်သည်။




သူ ရိုက်ကွင်းထဲမှာဇာတ်ကွက်အချို့ကို ကြည့်ပြီးနောက် သင်ယူစရာမရှိတော့ကြောင့်တွေ့လိုက်ရသည်။ သူ့အစ်ကိုကိုရှာရန် စင်နောက်သွားလိုက်၏။




သူ့အစ်ကိုက အိပ်ပျော်နေပြီး အသိစိတ်ရှိမနေ။ထိုကြောင့် သူက အန်းရန်ကိုခေါ်သည်။


"အစ်မအန်းရန် ဒီကိုလာ"




"ဘာဖြစ်နေတာလဲ... ဘာဖြစ်လို့လဲ" 


အန်းရန်က ချီရှင်းချန်ဆီသို့ ပြေးသွားပြီး ထိုင်ချလိုက်သည်။




"မလှုပ်နဲ့နော်




ချီရှင်းချန်က သူမ၏အင်္ကျီလက်ကို ဆွဲပြီး ရှေ့ကို ကိုင်းလိုက်သည်။ 


"အစ်မ...ကျွန်တော် အစ်မကို သဘောကျတယ်... ကျွန်တော်နဲ့အတူရှိနေပေးလို့ရမလား"




"ဖူး—" 


အန်းရန် ပထမတုန်းက မျက်နှာနီသွားသော်လည်း ၎င်းနောက် သူမက ထရယ်သည်။




ချီးရှင်းချန်က စင်နောက်ကိုစလာကတည်းကဤအကြောင်းကို တွေးနေခဲ့ခြင်းဖြစ်သည်။




သူကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့သည်ဟု ခံစားရသည့်အတွက်မေးလိုက်၏။


 "အစ်မ အန်းရန်... ဘာကွာခြားလို့လဲ" 




"အပေါ်ယံဆန်လွန်းတယ်" 


အန်းရန်က တိကျစွာပြောသည်။ 


"နင်က အတွေ့အကြုံမရှိတဲ့မိန်းကလေးကို လှည့်စားနိုင်ပေမဲ့ နင်ငါ့ကိုလှည့်စားလို့မရဘူး"




"ဒါဆို ကျွန်တော်ဘာလုပ်ရမလဲ...ကျွန်တော်ဘယ်လိုသရုပ်ဆောင်ရမလဲ ပြောပါ" 




ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။




"တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့အခါ နင်တို့ယောကျာ်းလေးတွေ ဘယ်လိုခံစားရလဲ ငါဘယ်လိုသိမှာလဲ" 




အန်းရန်က မတတ်နိုင်းဘူးဆိုသည့်ပုံစံနှင့် သူမ၏လက်များကို ဖြန့်လိုက်သည်။ 


"ယောက်ျားနဲ့ မိန်းမက မတူဘူး...လိင်တူတဲ့သူကို မေးချေကောင်လေး"




ထို့နောက် သူမက အလုပ် ပြန်သွားလုပ်ခဲ့သည်။




ချီရှင်းချန်မှာ ရွေးချယ်စရာမရှိပေ။ သူသည် သူ၏ WeChat အဆက်အသွယ်စာရင်းကိုဖွင့်ကာ ၎င်းကိုစဉ်းစားပြီး အိပ်နေသောဖျံကို ဓာတ်ပုံရိုက်လိုက်သည်။




ရှင်းရှင်း: [မနေ့က ဖျံအတု... ဒီနေ့ အစစ်ကို ပြမယ်]




သူအကူအညီတောင်းမည့်သူက မိတ်ကပ်လိမ်းနေပြီး WeChat ကိုဖွင့်လိုက်သည်။




ပိုင်: [ချစ်စရာကောင်းတယ်]




ပိုင်: [ဘာကိစ္စရှိလို့လဲ]




ချီရှင်းချန် သိချင်သွားသည်။


[ဘယ်လိုသိတာလဲ]




ပိုင်: [ဖျံနဲ့ ဓာတ်ပုံတွဲမရိုက်ထားလို့]




ချီရှင်းချန် တွေးမိသွားသည်။ ဒါက ဘယ်လိုယုတ္တိမျိုးလဲ...




သူက လိုရင်းကိုတည့်တည့်ပြောလိုက်သည်။


 [အခု ကျွန်တော်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်က အမျိုးသမီးဇာတ်ဆောင်ကို သဘောကျနေတာ...ဒါပေမဲ့ ဒါရိုက်တာက ကျွန်တော့်ကို သူများကိုလိုက်ပိုးတဲ့အခါ ပွင့်လင်းမှုမရှိဘူးလို့ ပြောတယ်...ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို သဘောကျတဲ့အခါ ဘယ်လိုပြုမူတယ်ဆိုတာ ခင်ဗျားသိလား]




တစ်စုံတစ်ယောက်ကို သဘောကျတဲ့အခါ သူဘယ်လိုပြုမူမလဲ...




ဤမေးခွန်းက ပိုင်ရဲ့ကို တကယ်ကို အခက်တွေ့သွားစေသည်။




သူ့အသက် 16 နှစ်မှာ ပွဲဦးထွက်ကတည်းက သူ့ဝါသနာ၊ ဂီတနှင့်အကတွေကို အာရုံစိုက်ခဲ့၏။ချိန်းတွေ့ရန် ဘယ်တုန်းကမှ မတွေးခဲ့မိပေ။




ထို့အပြင် သူ့တွင် အလုပ်တစ်ခုပြီးတစ်ခု ဆက်တိုက် ရှိနေသည်။ သူအလုပ်များနေချိန်များတွင် သုံးရက်မှ ငါးနာရီသာ အိပ်ရသည်။ သူ့မှာ ချိန်းတွေ့ရန် အချိန်မရှိပေ။




သူအမှန်အတိုင်းပြောခဲ့သည်။


[ဆောရီး... ငါမကူညီနိုင်ဘူး]




ရှင်းရှင်း: [?]




ရှင်းရှင်း: [ခင်ဗျားဆိုလိုတာက... ခင်ဗျားအရင်က ဘယ်ကောင်မလေးကိုမှ မကြိုက်ဖူးဘူးလား]




ပိုင်ရဲ့: [ဟုတ်တယ်]




ဤစာကို ပို့ပြီးနောက် ရှောင်မန်က ဆံပင်အခြောက်ခံရန် သူ့ခေါင်းကို မော့ခိုင်းသည်။ပိုင်ရဲ့က ပူးပေါင်းပြီး မေးစေ့ကိုမော့ပေးလိုက်၏။




ငါးမိနစ်လောက်ကြာသောအခါ သူက အင်တာဖေ့စ်ကိုကြည့်လိုက်သည်။ တစ်ဖက်က မက်ဆေ့ချ် ရှိမနေပေ။




သူ့စိတ်ထဲတွင်် ဖန်ပေါက်စလေး၏ မျက်နှာပေါ်ရှိ ရှက်ရွံ့သောဟန်ပန်ကို တွေးမကြည့်မိဘဲမနေနိုင်လိုက်ပေ။ သူ့ဖန်လေးက ထိုအချိန်ဆိုလျှင် ခေါင်းငုံ့ထားပြီး စကားမပြောဘဲ အောက်နှုတ်ခမ်းအစုံကို ကိုက်ထားလောက်သည်။ပိုင်ရဲ့ သက်ပြင်းချပြီး မတတ်နိုင်စွာ စာရိုက်ထည့်လိုက်သည်။


 [ဒီလိုဆိုရင်ရော... မင်းငါ့ကို လေ့ကျင့်ဖို့ ပစ်မှတ်အဖြစ် သဘောထားနိုင်တယ်...ရက်နည်းနည်းကြာရင် ပိုင်ရှာဆိပ်ကမ်းကို ရုပ်ရှင်ရိုက်ဖို့ သွားမှာ...အဲဒါကို မျက်နှာချင်းဆိုင် ဆွေးနွေးလို့ရတယ် ...အိုကေလား]




အလွန်ကြည့်ကောင်းသောပိုင်ရဲ့က မိန်းကလေးတစ်ယောက်ကို မကြိုက်ဖူး သို့မဟုတ် ပေါင်းသင်းဆက်ဆံဖူးခြင်းမရှိကြောင်း သိလိုက်ရသောအခါ ချီရှင်းချန် မယုံနိုင်ဖြစ်သွားခဲ့သည်။ ခေါင်းငုံ့ပြီး စကားမပြောဘဲ အောက်နှုတ်ခမ်းအစုံကို ကိုက်လိုက်သည်။ သူ ငါးမိနစ်လောက် မှင်တက်နေခဲ့၏။




ထို့နောက် ခေါင်းယမ်းကာ အီမိုဂျီတစ်ခု ပို့ပေးခဲ့သည်။ 


[Crying cat.jpg]


(ငိုနေသောကြောင်လေးပုံ)




ရှင်းရှင်း: [ဟုတ်ကဲ့!!!]




"လေ့ကျင့်သည်" ဟူသော စကားလုံးက လွယ်ကူသည်ဟု ထင်ရသော်လည်း လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်။ပိုင်ရဲ့နှင့် ဘာအကြောင်းမဆို သူပြောနိုင်ပေမဲ့ အခုချိန်မှာ သူက "တစ်စုံတစ်ယောက်ကို လိုက်ပိုးနေ" ကြောင်းကို ဘယ်လိုပြောရမှန်းမသိ ဖြစ်နေ၏။




ချီရှင်းချန် အဖွဲ့သားများနှင့်အတူ ဟိုတယ်သို့ပြန်လာပြီး ပုဇွန်တစ်ကောင်ကဲ့သို့ ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့သည်။ အွန်လိုင်းမှာတွေ့သည့် ဟာသတွေကို တွေးပြီး "ငါတော့သွားပြီ"ဟု ပြောလိုက်မိသည်။




…ထိုနောက် သူ့ဖုန်း ပျက်သွားသလိုမျိုး ဘာမှမဖြစ်မလာပေ။




ကောင်းပြီး၊ သူ့၏အချစ်ဦး အတွေ့အကြုံက မအောင်မြင်ခဲ့ပေ။ချီရှင်းချန် ဒေါသတကြီးဖြင့် သူ့ဖုန်းကို ခေါင်းအုံးအောက်တွင် ထည့်ကာ ဇာတ်ညွှန်းကို ထုတ်ယူလိုက်သည်။




ထို့ကြောင့် သနားစရာအန်းရန်တစ်ယောက် ပိုင်ရဲ့၏ အချောင်ဝင်ခံရသူလေး ဖြစ်လာခဲ့သည်။




ဆယ်နာရီထိုးသောအခါ အန်းရန် သမ်းဝေလာ၏။ 


"ရှင်းရှင်း... နင်ရပြီလား"




"ကျွန်တော့်အမူအရာကိုကြည့်...ကျွန်တော်က ဝံပုလွေခွေးပေါက်စလေးနဲ့ ပိုတူလာလား"




"... အရင်အကြိမ်တွေထက် ပိုကောင်းတယ်... ဒါပေမယ့် တိုးတက်နိုင်သေးတယ်"




"ဒါဆို ကျွန်တော်နဲ့ ခဏနေဦး"




ဆယ့်တစ်နာရီထိုးသောအခါ အန်ရန်၏ စိတ်တွေ ရှုပ်ထွေးကာကြောင်စီစီဖြစ်နေသည်။ 


"ရှင်းရှင်း နင်ရပြီလား"




"ကျွန်တော် စာသားတွေကို ဖတ်တာက မြန်လွန်းနေသလားဟင်... ဝံပုလွေခွေးလေးက ဒီလောက် ရှင်းရှင်းလင်းလင်း မပြောလောက်ဘူး"




"အင်း"




"ဒါဆို…" 


ချီရှင်းချန် ဗလာကြီး စိုက်ကြည့်နေသော အန်းရန်ကို ကြည့်လိုက်သည်။ 




"ပြန်အိပ်တော့လေ... ကျေးဇူးပဲအစ်မအန်းရန်"




အန်းရန်က ရွှင်မြူးစွာ တုံ့ပြန်သည်။ 


"နင်ကရော?"




"ခဏ​လေ့ကျင့်​လိုက်ဦးမယ်​"




"မနက်ဖြန် မနက် ခုနစ်နာရီမှာ နင့်ကိုဖုန်းဆက်လိုက်မယ်...အိပ်ရာထနောက်မကျစေနဲ့နော်"




"မကျစေရပါဘူး" 


ချီးချင်ချန်က သူမကို တွန်းထုတ်လိုက်သည်။ "သွားအိပ်တော့"




အန်းရန်က သူမအခန်းသို့ တုံ့ဆိုင်းစွာ ပြန်သွားသည်။ ချီရှင်းချန် တံခါးကို သော့ခတ်ပြီး မှန်ဆီသို့ လျှောက်သွားသည်။




သူအရင်က တစ်ခါမှ သရုပ်မဆောင်ဖူးပေ။မူရင်းပိုင်ရှင်၏အတွေ့အကြုံကလည်း မပြောပလောက်လုနီးပါးပါပင်။ အဖွဲ့ထဲမ၀င်ခင် သူလေ့လာခဲ့သောသီအိုရီဆိုင်ရာ အသိပညာက လုံလောက်သည်ဟု သူထင်ခဲ့ပေမဲ့ ယနေ့ ဇာတ်ကွက်နှစ်ခု အပြီးမှာ သူက နုံအလွန်းခဲ့ကြောင်း သူသဘောပေါက်ခဲ့သည်။




သူ လက်တွေ့လေ့ကျင့်မှုလိုသည်။လေ့ကျင့်မှုတွေ အများကြီးလို၏။သူ့ကိုယ်သူ နားလည်ပြီး သူ့မျက်နှာအမူအရာနှင့် အသံနေအသံထားကို ထိန်းချုပ်ရာမှာလည်း ဆရာကျရန် လိုသည်။




သူက ဇာတ်ညွှန်းထဲက အရေးကြီးသည့် ဇာတ်ဝင်ခန်းတချို့ကို ရွေးထုတ်ခဲ့ပြီး တချို့က သူ့အတွက်ဖြစ်ပြီး တချို့က တခြားသရုပ်ဆောင်တွေအတွက်ဖြစ်သည်။ထို့နောက် မှန်ကိုကြည့်ကာ စာသားများကို ထပ်ခါထပ်ခါ ထပ်ခါတလဲလဲ ပြောနေခဲ့သည်။အမူအရာများကိုလည်း ပြုလုပ်ခဲ့ပြီး သူ၏ ခံစားချက်များကို ထည့်သွင်းရန် ကြိုးစားခဲ့သည်။




လင်းရှောင်၏ဖျံ ဖျားနာသေဆုံးသွားသည့် ဇာတ်ဝင်ခန်းကို လေ့ကျင့်ပြီးနောက် အချိန်အတော်ကြာအောင် စိတ်မငြိမ်သက်နိုင်ခဲ့ပေ။သူ ကုတင်ပေါ်ပြန်တက်ပြီး နံရံပေါ်က နာရီကို လှမ်းကြည့်လိုက်၏။




မနက်သုံးနာရီထိုးနေပြီဖြစ်သည်။ အိပ်ရာထချိန်နီးနေလေပြီ။




မီးတွေပိတ်ပြီး အိပ်ချင်ပေမဲ့ မျက်လုံးမှိတ်လိုက်သည့်အခိုက်ဝယ် ဖျံသေဆုံးသွားသည့်မြင်ကွင်းကို မြင်လိုက်ရပြီး သူ့နှလုံးသားကို နာကျင်စေခဲ့သည်။




သူ လူးလိုက်လိမ့်လိုက်ဖြင့် အိပ်မပျော်ပေ။ပိုင်ရဲ့က သူ့မက်ဆေ့ချ်ကို ပြန်မဖြေခဲ့သည်ကို ရုတ်တရက် သတိရသွား၏။ ခေါင်းအုံးအောက်မှ ဖုန်းကို ထုတ်လိုက်သည်။




[သင် WeChat မက်ဆေ့ဂျ်တစ်စောင်ကို လက်ခံရရှိထားသည်။]




ပိုင်ရဲ့ ပြန်ရောက်ပြီလား...


သူချက်ချင်းဖွင့်လိုက်၏။




ပိုင် : [ဆောရီး... ငါ အခုမှ မြို့ပြင်ထွက်နေတာ... ငါ့ဖုန်းက အားလွင်ဆီမှာဆိုတော့ မတွေ့လိုက်ဘူး]




ဤစာကို သူလက်ခံရရှိချိန်မှာ လွန်ခဲ့တဲ့ သုံးနာရီကျော်က သူ့ လေ့ကျင့်ရေးမှာ စိတ်ပါဝင်စားဆုံးဖြစ်နေချိန်ထက်ပိုနေခဲ့သည်။




ယခင်ကလည်း သူ့မက်ဆေ့ချ်များကို မဖြေကြားခဲ့ခြင်းအတွက် တစ်ဖက်သားကို အပြစ်တင်ခဲ့ဖူးသည်။ ယခုဆိုလျှင် သုံးနာရီကျော်ကြာသည့်တိုင်ပြန်မဖြေသည်က သူ့အလှည့်ရောက်လာသည်။ချီရှင်းချန်၏နှလုံးသားသည် သူတတ်နိုင်သမျှအဆုံးထိ အားနည်းသွားရသည်။




ဖန်သားပြင်ပေါ်တွင် လက်ညှိုးကိုတင်ကာ ရှင်းပြရန် စကားလုံးများစွာကို ရိုက်ထည့်လိုက်သည်။ စာရိုက်ပြီးသည်နှင့် ပြန်စဉ်းစား၏။ တစ်ဖက်က သူအိပ်နေတဲ့အချိန်မှာ ဖုန်းမပိတ်ထားရင် ဘယ်လိုလုပ်မလဲ...သူနိုးလာမှာမဟုတ်ဘူးလား...




ဒါပေမဲ့ သူရှင်းမပြဘူးဆိုရင် မနက်ဖြန်မနက် အိပ်ရာက နိုးလာတဲ့အခါ သူဒေါသထွက်နေတယ်လို့ ပိုင်ရဲ့ နားလည်မှုလွဲသွားရင် ဘယ်လိုလုပ်မလဲ... တစ်ဖက်က သူနဲ့ လေ့ကျင့်ပေးရအောင်ထိ ကြင်နာခဲ့တာ...သူ အဲဒီလို မလုပ်နိုင်ဘူး...




သူ ဖျက်တယ်၊ ဖျက်တယ်၊ ဖျက်တယ်၊ ဖျက်တယ်၊ ဖျက်တယ်...


သူ ထပ်ခါတလဲလဲဖျက်လိုက်ရေးလိုက်လုပ်နေခဲ့သည်။




ရလဒ်အနေဖြင့် ပိုင်ရဲ့တစ်ယောက် သံစဥ်တစ်ခုညည်းပြီးနောက်၊  ယနေ့ညတွင် တတိယအကြိမ်မြောက်အဖြစ် ဖုန်းကို  လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည်ကား...




[တစ်ဖက်လူက စာရိုက်နေသည်…]