အပိုင်း၄၇
Viewers 26k

Chapter 47

October 11, 2023


ဤမြင်ကွင်းက ရင်းနှီးနေသည်။ အရင်က ဖြစ်ခဲ့ဖူးသလိုပင်။ပိုင်ရဲ့ ဖန်ပေါက်စလေး၏ စိတ်ရှုပ်ထွေးသောအမူအရာကို စိတ်ကူးကြည့်နိုင်သည်။ သူက သူ့ကို မထိန်းနိုင်ဘဲ ကျီစယ်လိုက်မိ၏။ [အချစ်စာရေးနေတာလား]




ဖုန်းက တုန်ခါသွားသည်။ချီရှင်းချန် လန့်သွားပြီး ပြုတ်ကျလုနီးပါးဖြစ်သွား၏။ မနက်သုံးနာရီထိုးနေပြီ...ပိုင်ရဲ့က နိုးနေသေးတာလား...




နောက်ပြီး အချစ်စာဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ...




အလွန်အကျူး ဝမ်းနည်းပြီးသည့်နောက်မှာ သူ့ဦးနှောက်က အလုပ်မလုပ်နိုင်တော့ပေ။သူ ခဏလောက်ကြောင်အနေပြီးနောက် သူ


ပိုင်ရဲ့ကို လိုက်ပိုးနေမှန်း သတိရသွားသည်။




ဒါပေမဲ့ အချစ်စာတစ်စောင်က…ချီရှင်းချန် ရှက်သွားသည်။


[ကျွန်တော် တစ်ခုမှ မရေးခဲ့ဘူး]




ရှင်းရှင်း: [ဘာလို့ မအိပ်သေးတာလဲ]




ပိုင့ : [ငါ အလုပ်ရှိတယ်]




ရှင်းရှင်း: [အိုး အခု အလုပ်တွေပြီးပြီလား]




ပိုင်: [ပြီးတော့မှာ... အရင်အိပ်နှင့်]




ပိုင်ရဲ့၏အလုပ်တွေကို နှောင့်နှေးအောင်မလုပ်မိစေရန်အတွက်  ချီရှင်းချန်က သူ့ကို မြန်မြန်ပြီးအောင်လုပ်ပြီး အိပ်ရာဝင်ရန် ပြောခဲ့သည်။ချီရှင်းချန် ပိုင်ရဲ့ကို ကောင်းသောညပါဟု ပြောပြီး ဖန်သားပြင်ကို ကမန်းကတန်း လော့ခ်ချလိုက်၏။




ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသဖြင့် ဖုန်းကို လော့ခ်ဖွင့်ကာ "ဘက်ဂျက်ခရီးသွားမယ်" အဖွဲ့ထဲတွင် အားလွင်းကိုရှာပြီး သူငယ်ချင်းအပ်လိုက်သည်။




........




ဖျံ၏ အရိပ်သည် သူ့စိတ်ထဲတွင် ယိမ်းထိုးကာ လွှမ်းမိုးနေသည်။ သူထိုနောက်ကို တစ်ညလုံး လိုက်ပြီးအိပ်မပျော်နိုင်ခဲ့။




နံနက်ငါးနာရီခွဲတွင် သူ အန်းရန်၏တံခါးကို ခေါက်ရန်ကြိုးစားလိုက်သည်။




အန်းရန်က ချက်ချင်း တံခါးဖွင့်လိုက်၏။ သူမက သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး ဆိုလေသည်။ "ရှင်းရှင်း နိုးပြီလား... မဟုတ်ဘူး၊ ဘာလို့ မျက်ကွင်းတွေ အရမ်းညိုနေတာလဲ... အိပ်ရေးပျက်ထားတာလား"




"ဟုတ်တယ်... မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူး"




"ဒါဆို ပြန်အိပ်လိုက်ဦး...မနက်စာ ချက်ဖို့ ပြင်နေတာ...ပြီးရင် ဖုန်းဆက်လိုက်မယ်"




အန်းရန်က သူ့အတွက် မနက်စာ ချက်ရန် အမြဲ စောစောထတတ်ကြောင်းပေါ်လာသည်။ချီရှင်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 


"မနက်စာမချက်နဲ့၊ အပြင်ထွက်ရအောင်...ပုဇွန်ဆန်ပြုတ် စားချင်တယ်"




ထို့နောက် သူက အန်းရန်ကိုဆွဲထုတ်ကာ  လောင်ချင်ကို ဇိမ်ခံပုဇွန်ဆန်ပြုတ် အတူတူစားရန်ဖိတ်လိုက်သည်။ထိုနောက် သူတစ်ခါတည်း ပါဆယ် တစ်ဒါဇင်လောက်လည်း ထုပ်လာလိုက်သည်။




ငါးပြတိုက်မှာ တခြားသရုပ်ဆောင်တွေ မရောက်သေးပေ။ မိတ်ကပ်ပညာရှင်နှင့် ဇာတ်အဖွဲ့သာ ရှိခဲ့သည်။ သူက အန်းရန်ကို ဆန်ပြုတ် ဝေခိုင်းလိုက်ပြီး အဝတ်လဲခန်းထဲသို့ တစ်ထုပ်ယူသွားသည်။ 




"မင်္ဂလာနံနက်ခင်းပါ အစ်မ...ကျွန်တော် ဆန်ပြုတ် ယူလာတယ်"




ထောင်ထောင် နှင့် ဖုန့်ကျင်းယွမ်တို့တွင် ၎င်းတို့၏ ကိုယ်ပိုင်စတိုင်လစ်အဖွဲ့ ရှိပြီး ရိုက်ကူးရေအဖွဲ့၏စတိုင်လစ်က အဓိကအားဖြင့် ဇာတ်ပို့များကိုပြင်ပေးသည်။




မိတ်ကပ်ပညာရှင်က သူ၏ အသံကျယ်ကျယ်ကိုကြားသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်သည်။




 "ဘာလို့ဒီနေ့အစောကြီးရောက်နေတာလဲ"




ချီရှင်းချန်ကပြောလိုက်သည်။ 


"ကျွန်တော်ကစားပြီးပြီ...အစ်မဆန်ပြုတ်အရင်စားပြီးမှ မိတ်ကပ်လိမ်းပေးပါလား"




"မဟုတ်​ဘူး... ငါမင်းကိုမိတ်​ကပ်​အရင်​ပြင်ပေးမယ်​" 


မိတ်ကပ်ပညာရှင်က သူ့ကို ကုလားထိုင်ပေါ် ဖိလိုက်သည်။ 




"မင်းမျက်နှာက သေးသေးလေး... မင်းရဲ့မျက်နှာသွင်ပြင်က အရမ်းကိုရှင်းလင်းနေတာ...ဆွဲရတာ အရမ်းလွယ်တယ်...ငါ မိနစ်နှစ်ဆယ်နဲ့ ပြီးအောင် လုပ်နိုင်တယ်...ဒါနဲ့ ဒီနေ့ မင်းရဲ့မျက်ကွင်းတွေက နည်းနည်းပိုညိုနေတယ်..."




မိတ်ကပ်လိမ်းပြီး အဝတ်အစားပြင်ဆင်ပြီးနောက် ချီရှင်းချန် သူ၏အဓိကနေရာဖြစ်သည့်ဖျံလေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်ခဲ့သည်။




သူ့အစ်ကိုရှန်းရှန်းက ထပြီး လေ့ကျင့်ရေးဆရာနှင့်ဆန့်ကျင်ဘက် လေ့ကျင့်ခန်း လုပ်နေ၏။




ချီရှင်းချန်က ဖျံများဖြင့် ခံစားချက်များ မွေးမြူရန် အကြံပြုချက်အချို့ကို မေးမြန်းခဲ့ပြီး ၎င်း၏ မိုဘိုင်းလ်ဖုန်းပေါ်တွင် ရေးမှတ်ကာ ​လေ့ကျင့်ရေးဆရာအား ဆန်ပြုတ်စားရန် စင်နောက်သို့ သွားရန် ဖိတ်ခဲ့သည်။




ထို့နောက် လေ့ကျင့်ရေးကွင်း၌ နေခဲ့ပြီး လေ့ကျင့်ရေးကွင်း၏ ဤဘက်ခြမ်းမှ တစ်ဆယ့်သုံးလှမ်း လျှောက်ကာ သတ္ထုခြံစည်းရိုးကို ကျော်တက်၍ အပူထိန်းရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။၎င်းနေုက့ နောက်ထပ် ခြေလှမ်း တစ်ဆယ့်ခုနစ်လှမ်း လှမ်းကာ ထိုနေရာတွင် ရပ်လိုက်သည်။




ဤနည်းဖြင့် သူ အပြန်ပြန်အလှန်လှန် သွားခဲ့၏။




တစ်နေ့တာ၏ပထမဆုံးဇာတ်ဝင်ခန်းကို 8:30 တွင်စတင်ခဲ့သည်။ရှန့်ယွီလျန် 8:00 တွင်ရိုက်ကွင်းကိုရောက်ရှိလာပြီးနောက် ချီရှန်းချန် ဟိုဟိုသည်သည် လမ်းလျှောက်နေသည်ကိုတွေ့လိုက်ရသည်။ သူက လေ့ကျင့်ရေးပြီးသွားသည့် ရှန်းရှန်းကိုဆွဲကိုင်လိုက်ပြီး မေးလိုက်သည်။




"သူဘယ်အချိန်ရောက်လာတာလဲ"




"ခုနစ်နာရီဝန်းကျင်လောက်...သေချာတော့မသိဘူး... သူက လေ့ကျင့်ရေးကွင်းကို  ၇း၃၀ မှာ ဝင်လာတာ"




"ဒါဆို သူဒီလိုလမ်းလျှောက်တာ ဘယ်နှစ်ခါရှိပြီလဲ"




"ကျွန်တော် စဉ်းစားပါရစေဦး" 


လေ့ကျင့်ရေးဆရာက မှတ်မိနိုင်အောင် ကြိုးစား၏။ 


"အကြိမ်နှစ်ဆယ်သုံးဆယ်လောက်တော့ ရှိမယ်"




ရှန့်ယွီလျန်က "ကျေးဇူးတင်ပါတယ်"ဟု ပြောပြီး လေ့ကျင့်ရေးဆရာကို ထွက်သွားခွင့်ပေးလိုက်သည်။




လေ့ကျင့်ရေးဆရာက ချီရှင်းချန် ဘာတွေလုပ်နေမှန်း မသိဘဲ သည်အတိုင်း လှည့်ပတ်လျှောက်သွားနေသည်ဟုပဲ ထင်ခဲ့၏။ သို့သော် ချီရှင်းချန်က သူ့ဇာတ်ရုပ်ကို လေ့ကျင့်နေကြောင်း ရှန့်ယွီလျန်က သိသည်။




လူနေအိမ်များကဲ့သို့ သေးငယ်သော ဇာတ်ဝင်ခန်းများတွင် အခန်းအရွယ်အစား ကန့်သတ်ထားသည်။ မီးများကိုတပ်ဆင်ပြီးနောက်၊ လုံလောက်သောအလင်းရောင်ရှိသောဇာတ်ဝင်ခန်း ကိုမည်သည့်အနေအထားမှမဆိုရရှိနိုင်သည်။




ငါးပြတိုက်သည် ကြီးမားသောဇာတ်ဝင်ခန်းတစ်ခုဖြစ်ပြီး ဒေသခံလူများ—ပင်လယ်နေသတ္တဝါများ—ကြောင့် ရိုက်ကူးရေးအဖွဲ့က ငါးပြတိုက်တစ်လျှောက် မီးများမတပ်ဆင်ခဲ့ကြပေ။ သူတို့သည် မီးလုံးငယ်များနှင့် အလင်းပြန်ကိရိယာများဖြင့် မှိန်မှိန််လင်းခြင်း၏ မူလနည်းလမ်းကို အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် အကောင်းဆုံးကြည့်ရှုနိုင်သည့် အတိုင်းအတာမှာ အကန့်အသတ်ရှိပြီး သရုပ်ဆောင်များသည် တိကျစွာ လမ်းလျှောက်ရန်နှင့် ရပ်တည်ရန် လိုအပ်လေသည်။




အထူးသဖြင့် ယနေ့နံနက်တွင် ချီရှင်းချန်၏ဇာတ်ဝင်ခန်းသည် ပင်လယ်ဖျံလေ့ကျင့်ရေးကွင်းမှ ဘယ်လူဂါအပူထိန်းကိရိယာရေကန်ဆီသို့သွား၍ ကျိယန်ကိုရှာဖွေရန် လိုအပ်သည်။ အတိုင်းအတာက ကြီးမားပြီး အဆင့်များစွာရှိသည်။ခြေလှမ်းတစ်လှမ်း မှားယွင်းသွားပါက နောက်ပြန်ဆုတ်ပြီး ပြန်ရိုက်ရမည်ပင်။




ထို့ကြောင့် ချီရှင်းချန် စောစောရောက်လာခဲ့ခြင်းဖြစ်သည်။




ရှန့်ယွီလျန်က ခြံစည်းရိုးကို ကျော်တက်နေသော သူ့ကိုကြည့်ကာ ပြုံးပြီး သူ့ထိုင်ခုံနေရာသို့ ပြန်သွားလိုက်သည်။




.




မနေ့ညနှင့် ယနေ့နံနက်ရှိ ချီရှင်းချန်၏ အရူးအမူးလေ့ကျင့်မှုအောက်တွင်  ကျိယန်နှင့် လင်းရှောင် တို့၏ ပထမဆုံးမြင်ဇာတ်ဝင်ခန်းသည် အလွန်ချောမွေ့ခဲ့ပြီး တစ်ကြိမ်တည်း ပြီးဆုံးသွားခဲ့သည်။




အုပ်စုB က ယနေ့ အပြင်မထွက်ပေ။ဖုန့်ချင်းယွမ် နှင့် ရှန့်ယွီလျန်တို့က ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးရှိသည်။ သူက ရှန့်ယွီလျန်၏နောက်မှာ ရပ်လိုက်ပြီး ဆို၏။




"ဒီလူငယ်လေးက ရုပ်ရည်ကြည့်ကောင်းရုံတင်မကဘူး... သရုပ်ဆောင်လည်း တော်တယ်" 




"စလာပြီ" 


ရှန့်ယွီလျန်က မျက်လုံးလန်လိုက်သည်။ 


"မနေ့ က မင်းသူ့ကိုမတွေ့လို့...သူက သစ်သားတုံးကြီးလိုပဲ"




"မဖြစ်နိုင်ဘူး" 


ဖုန့်ချင်းယွမ်က မယုံပေ။ 




"ကြားထဲမှာ တစ်ညရှိခြားတာ...ကွာခြားချက်က ဘယ်လိုလုပ် ဒီလောက်ကြီးနိုင်မှာလဲ"




"ညဥ့်နက်တဲ့အထိလေ့ကျင့်ထားတာလေ...သူ့မျက်လုံးအောက်က အမဲကွင်းတွေကို ကြည့်လိုက်" 




ရှန့်ယွီလျန်က မော်နီတာပေါ်ရှိပုံအား ညွှန်ပြသည်။




ဖုန့်ချင်းယွမ်ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ဟုတ်သည်၊ချီရှင်းချန်၏ မျက်ကွင်းတွေ ပြာနေပြီး ယင်းကို concealerက မဖုံးနိုင်ပေ။သို့သော်လည်း ၎င်းက ရုပ်ထွက်ကိုမထိခိုက်သေးပါချေ။




ဖုန့်ချင်းယွမ်က ခဏလောက် စဉ်းစားနေသည်။ "ဒီကလေးက အနာဂတ်မှာ လမ်းမှားမလျှောက်ဘဲ ဒီလမ်းကြောင်းအတိုင်း ဖွံ့ဖြိုးလာရင် သေချာပေါက် သူ အောင်မြင်လာလိမ့်မယ်.."




"ဘာလို့ဒီလိုပြောတာလဲ"




"အ​ဖြေသိပြီးသားကိုမေးတာ ဘာ​ကိစ္စလဲ" 




ဖုန့်ချင်းယွမ်က ရှန့်ယွီလျန်ကို စလိုက်သည်။ 


"တစ်ညတည်းမှာ သစ်သားတုံးလိုလူတစ်ယောက်ကနေ သူရဲ့လက်ရှိအဆင့်ကို ရောက်သွားခဲ့တယ် ...အဲဒါက အလုပ်ကြိုးစားရုံနဲ့ လုပ်လို့ရတဲ့အရာလား...သူက ပါရမီပါပြီး ထက်မြက်တယ်"




"ဒီလောက်လည်း​သေချာမနေပါနဲ့" 


ရှန့်ယွီလျန်က ဖုန့်ချင်းယွမ်ကို ငြင်းဆန်နေပုံရသော်လည်း သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။




ထိုအချိန်တွင်၊ ချီရှင်းချန်က ဝေလငါးဖြူကပက်လိုက်ထားသော ရေကိုသုတ်ရန် ဆင်းသွားခဲ့သည်။ ထို့နောက် ရှုရှန့်တက်လာသည်။




ရှန့်ယွီလျန်က နှုတ်ခမ်းကိုအသံမြည်အောင်စုပ်သပ်လိုက်သည်။ [ကျွတ်စ်..]




"ရှောင်ရှုနဲ့ရှောင်ချီက လုံးဝဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ပဲ... သရုပ်ဆောင်တဲ့အခါ အိုဗာလုပ်ရတာက လွယ်တယ်"




ဖုန့်ချင်းယွမ်က အကောင်းမြင်တတ်သော လူကောင်းတစ်ယောက်ဖြစ်လေသည်။ 


"ရှောင်ရှုက လိမ္မာတဲ့ကလေးတစ်ယောက်ပါ... မနေ့ကရိုက်ချက်မှာ ကျင့်သားမရတာကြောင့်နေမှာပါ... ဒီနေ့အဆင်ပြေလောက်တယ်"




ရှန့်ယွီလျန်က ခေါင်းညိတ်လိုက်သည်။ ဇာတ်ညွှန်းဒါရိုက်တာက ဘုတ်ပြာကို ရိုက်လိုက်သည်နှင့် ရှုရှန့်က ကုတ်အင်္ကျီကို ဝတ်ပြီး ကျိယန်၏ နာမည်ကို ခေါ်ကာ ငါးပြတိုက်ထဲကို ၀င်သွား၏။




ကျိယန်က အမြန်​ထွက်​လာသည်​။ 


"ဘာဖြစ်လို့လဲ"




ရှုရှန့်ဆီက စကားတစ်ခွန်းမှထွက်မလာပေ။




ရှန့်ယွီလျန်ကဆိုလိုက်သည်။


"ကဒ်...ရှောင်ရှု မင်းလိုင်းတွေက ဘယ်မှာလဲ... အဲဒီမှာရပ်ပဲရပ်ပြီး ဘာမှမပြောဘဲမနေနဲ့လေ... မနေ့ညက မအိပ်ဘူးလား..."




သို့သော် ချီရှင်းချန်းက ရှုရှန့်၏သရုပ်ဆောင်ပုံက မည်သို့မည်ပုံဖြစ်သည်ကို မသိခဲ့ပေ။ စိုစွတ်နေသောအဝတ်အစားများကိုလဲပြီးနောက် နောက်ရိုက်ကွင်းမစမီ အချိန်အနည်းငယ်ရှိသေးသည်ကို သူတွေ့လိုက်ရသည်။ထို့ကြောင့် သူ့သူငယ်ချင်းအပ်သည်ကို လက်ခံထားသည့် အားလွင်ဆီကို စာအိတ်နီတစ်ခု ပို့လိုက်၏။




ရှင်းရှင်း: [အားလွင် စာအိတ်နီကို လက်ခံပါ...ခင်ဗျားရဲ့အားလပ်ချိန်မှာ ခင်ဗျားရဲ့သူဌေးအတွက် ဗီတာမင်တစ်ပုလင်းဝယ်ပေးလိုက်]




အားလွင်: [အိုကေ]




အားလွင်: [စာအိတ်နီ မလိုပါဘူး...ငါက ငါ့သူဌေးအတွက် အာဟာရဖြည့်စွက်စာ အမျိုးမျိုးကို ပြင်ဆင်နေတာပါနော်]




ရှင်းရှင်း: [ကောင်းပြီ...အဲဒါတွေကို သောက်ဖို့ သူ့ကို သတိပေးဖို့ သတိရပါ...ဗီတာမင်တွေက ပင်ပန်းနွမ်းနယ်မှုကို ဆန့်ကျင်ပေးတယ်... မနေ့ညက အလုပ်လုပ်တာအရမ်းနောက်ကျတဲ့အတွက် ဖြည့်စွက်စာတွေသောက်ရမယ်]




အားလွင်: [သိပြီ]




ထို့နောက် တစ်စုံတစ်ခု မှားနေပြီဟု အားလွင် ခံစားလိုက်ရသည်။ 


[ရှင်းရှင်း မင်း'အရမ်းနောက်ကျတယ်' လို့ပြောလိုက်တုန်းက... ဘယ်လောက်နောက်ကျတာကိုရည်ရွယ်တာလဲ]




ချီရှင်းချန်က အမှန်အတိုင်းပြောခဲ့သည်။


[မနက်သုံးနာရီကျော်နေပြီ...အတိအကျပြောရမယ်ဆိုရင် မနက် ၃ နာရီကျော်နေပြီကို သူကမပြီးသေးဘူး]




[သေချာလား] 


အားလွင်က မေးလိုက်သည်။


"ငါ့သူဌေးက အလုပ်ပြီးပြီး မနေ့ည ၁၁ နာရီမှာ ဟိုတယ်ကို ပြန်ရောက်တယ်...မင်း မှတ်မိသေးလား]




ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။


[အဲဒါ မဖြစ်နိုင်ဘူး...ကျွန်တော့် မနေ့ည 3 နာရီမှာ သူ့ကို့ WeChat မက်ဆေ့ခ်ျပို့လိုက်တယ်... မယုံရင် ကြည့်ကြည့်]




ချီရှင်းချန် ပိုင်ရဲ့နှင့် သူ၏ စကားပြောခန်း နောက်ဆုံးစာမျက်နှာကို စခရင်ရှော့ ရိုက်ယူပြီး အားလွင်ဆီသို့ ပို့လိုက်သည်။ ၎င်းသည် "အချစ်စာ" ကိုရှောင်ရှားခဲ့ပြီးရှင်းလင်းသောစကားပြောခန်းတစ်ခုရှိသည်။




ဖတ်ပြီးသည်နှင့် အားလွင် မရယ်ဘဲမနေနိုင်ပေ။ [အေး...ငါ့သူဌေးက မင်းကို လိမ်နေတာ... သေချာတာကတော့ မနေ့ညက စောစောပြန်လာတယ်...သူ မင်းကို ဒီလောက်နောက်ကျမှစကားလာပြောနေတာကြည့်ရရင် မင်းရဲ့ အဖြေကို စောင့်နေတာ ဖြစ်နိုင်တယ်]




ထိုစကားကိုပြောပြီးနောက် အားလွင်က သူ့ဖုန်းကိုချလိုက်ပြီး ထွက်သွားလေသည်။




ချီရှင်းချန်က ကြောင်တက်တက်ဖြင့် တစ်ယောက်တည်း ကျန်ခဲ့သည်။




ဒါဆို သူက တကယ်ပဲ… မနက်သုံးနာရီအထိ ငါ့အဖြေကို စောင့်နေတာလား...




ဘာလို့ ငါ ဒီည ပြန်သွားပြီး သူ့ကို သွယ်ဝိုက်မမေးရမှာလဲ... 


ချီရှင်းချန် သူ့ကိုယ်သူ တွေးနေမိသည်။ အမှန်​သာဆိုရင်​ ငါ သူ့ကို ​တောင်းပန်​ပြီး ဝယ်​​ပေး...




"ရှင်းရှင်းးရေ...ရှင်းရှင်း"




ချီရှင်းချန် ပိုင်ရဲ့အတွက် ဘာဝယ်ရမလဲ စဉ်းစားနေစဉ် အန်းရန်​က ရုတ်တရက် ပြေးဝင်လာခဲ့သည်။




သူမ သူမအရွယ် မိန်းကလေးများထက် ပိုတည်ငြိမ်ပြီး ဤမျှစိတ်လှုပ်ရှားခဲလေသည်။ချီရှင်းချန် ဆိုးရွားသည့်ခံစားချက်ဖြက့် မတ်တပ်ထရပ်လိုက်သည်။ 


"ဘာဖြစ်တာလဲ... ဖြေးဖြေးလုပ်ပါ"




"ဘာမှမဟုတ်ပါဘူး...အဆင်ပြေပါတယ် အန်းရန်က အသက်ပြင်းပြင်းရှူပြီး ဖုန်းကို ချီရှင်းချန်ကို ပေးလိုက်၏။ 




"ရှင်းရှင်း...နင်ကောလဟာလအဖွခံထားရတယ်"




အန်းရန်က Big V ဘလော့ဂါထံမှ အကြောင်းပြန်ချက်ကို ချီရှင်းချန်ကို ပြသခဲ့သည်။




ဤ Big V ဘလော့ဂါတွင် ပရိသတ် လေးသန်းကျော်ရှိသည်။ အင်တာနက်အသုံးပြုသူအချို့က ၎င်း၏chatတွင် မှတ်ချက်ပေးခဲ့​ကြသည်။


(T/N–Big Vဆိုတာက Weiboမှာfollowerအနည်းဆုံးသန်းဝက်ရှိပြီးပလက်ဖောင်းက အတည်ပြုပေးထားတဲ့အသုံးပြုသူပါ)




"ငါ အခုတလော ဘက်ဂျက်ခရီးသွားမယ်ကို ကြည့်နေတာ... အစ်ကိုရှင်းရှင်းကို အရမ်းစိတ်ဝင်စားတယ်...သူက အရမ်းချစ်စရာကောင်းတယ်..."




ဘလော့ဂါက "အချိန်အကြာကြီး ကစားပြီးရင် သူက ချစ်စရာမကောင်းတော့ဘူး" ဟုပြန်ဖြေထားသည်။




အဓိပ္ပါယ်မှာ ရှင်းနေသည် — "အစ်ကိုရှင်းရှင်း" သည် သူဌေး၏ကစားစရာလေးဖြစ်ပြီး သူ့နောက်တွင် ရှူးဂါးဒယ်ဒီတစ်ယောက်ရှိသည်။




ဤဘလော့ဂါက သတင်းပေါက်ကြားမှုကြောင့် ကျော်ကြားခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်တွင် လျှို့ဝှက်ချက်များစွာနှင့် စိတ်ဝင်စားဖွယ်အရာများကို သိရှိခဲ့သည်။ သူပြောခဲ့သည့်သတင်း၏ ကိုးဆယ်ရာခိုင်နှုန်းက မှန်ပြီး တစ်ဆယ်ရာခိုင်နှုန်းလောက်သာ မှားသည်။ အင်တာနက်သုံးစွဲသူတွေက သူ့ကို အလွန် ယုံကြည်ကြ၏။




သူတို့မသိခဲ့သည်က သတင်းမှားအများစုဟာ ငွေပေးပြီးသွားပုတ်လေလွင့်တင်ခိုင်းသည့်အရာတွေ ဖြစ်သည်။ အမှန်နှင့် အမှားကို ပိုင်းခြားရန် ခက်ခဲလှသည်။




အသရေဖျက်ခံရသူက နောက်ပိုင်းတွင် ရှင်းရန်အခွင့်အရေးရခဲ့လျှင်ပင် ထိုသတင်းသည် ပျံ့နှံ့နေပြီဖြစ်သည်။ မင်းကို ယုံချင်သည့် ဖန်တွေကလွဲ၍ "ပွဲကြည့်သူများ"ဟုခေါ်သည့်သူတွေက "အိုး XX မှာ XX အရှုပ်တော်ပုံတွေ ရှိတယ်" ဆိုသည်ကိုသာ မှတ်မိကြမှာဖြစ်၏။




ထိုအခါ သတင်းက တစ်ဆင့်ပြီးတစ်ဆင့် ပျံ့နှံ့သွားကာ သတင်းမှားများသည် အမှန်ဖြစ်လာမည်ဖြစ်သည်။




အန်းရန်က သူမ၏ အသံကို လျှော့လိုက်ပြီးဆိုသည်။


" Weibo ကို ကြည့်တုန်းက မတော်တဆ တွေ့ခဲ့တာ... မပျံ့သေးဘူး...နင့်မှာက အေးဂျင့် မရှိဘူး... ကုမ္ပဏီကိုအရင်ပြောပြပြီး PRဌာနကိုအစီအစဥ် ကြိုတင်ပြင်ဆင်ထားခိုင်းလိုက်... ဒါ့အပြင် ဘယ်သူလုပ်ခဲ့လဲ ဆိုတာကိုလည်း ရှာ"




ဤသည်မှာ ယခု တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရသည်။ချီရှင်းချန် ထောင့်တစ်နေရာသို့ လျှောက်သွားပြီး ချန်နော်ရာကို ဖုန်းခေါ်လိုက်သည်။




ဝယ်ယူမှုလုပ်ငန်းစဉ်က မပြီးမြောက်ခဲ့ပေ။ အပေါ်ယံတွင် ချန်နော်ရာက နော်ရာအင်တာတိန်းမန့်၏တရားဝင်ပုဂ္ဂိုလ်အဖြစ်ရှိနေဆဲဖြစ်သည်။




သူက ချီရှင်းချန်၏ဖုန်းနံပါတ်ကို သီးသန့်ဖုန်းမြည်သံအဖြစ် သတ်မှတ်ထားဖွယ်ရှိသည်။ဖုန်းဝင်သံကြားပြီးနောက် ချန်နော်ရာက ချက်ချင်းကိုင်လိုက်ပြီးစိတ်ထက်သန်စွာ ပြောသည်။ "ဥက္ကဌချီ...မင်းအတွက် ငါဘာလုပ်ပေးရမလဲ" 




"....."




နော်ရာက သူ့ကို ဘာလို့ဒီလိုခေါ်တာလဲ...


ချီရှင်းချန် အနည်းငယ် အဆင်မပြေသလို ခံစားခဲ့ရပြီး Weibo မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်သည်။




ချန်နော်ရာက ခဏလောက် စဉ်းစားပြီးဆိုလိုက်သည်။


"မင်းကို အသရေဖျက်ခဲ့တဲ့ ဘလော့ဂါက ဖန့်တိမီဒီယာက... ပို့စ်ကို ဖျက်ခိုင်းဖို့ နည်းနည်းခက်တယ်...အရင်မတုံ့ပြန်ပါနဲ့... ငါ ညှိနှိုင်းဖို့ကြိုးစားပြီး ပြည်သူ့ဆက်ဆံရေးဌာနကို PAအစီအစဉ်ကို ပြင်ဆင်ခိုင်းလိုက်မယ်"




"ကောင်းပြီ" 


ချီရှင်းချန်က ဖုန်းကို ချလိုက်သည်။




ဖန့်တီမီဒီယာက ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကုမ္ပဏီကြီးများသည် ယုံကြည်မှုကို တန်ဖိုးထားကြသည်။ သူတို့၏ ဖောက်သည်တွေဆီကနေ ငွေလက်ခံရရှိပြီးဖြစ်သဖြင့် ၎င်းကို စနစ်တကျလုပ်ရ​ပေမည်။ ထို့ကြောင့် ချီရှင်းချန် ၎င်းတို့၏ ပို့စ်များကို ဖျက်ရန် ၎င်းတို့အား တောင်းဆိုရန် တစ်ခါမျှ မတွေးခဲ့ပေ။




သတင်းမပြန့်ပွားအောင် တားဆီးနိုင်ရုံနှင့် လုံလောက်သည်။ သူက နာမည်ကြီးမဟုတ်သဖြင့် လူတော်တော်များများက သူ့ကို ဂရုမစိုက်ပါချေ။ အချိန်ကြာလာသည်နှင့်အမျှ သူ လွှတ်ချနိုင်လိမ့်မည်။




နောက်ပြီး သူ့ကိုအသရေဖျက်တဲ့သူက ဘယ်သူဖြစ်နိုင်မလဲ... 


ချီရှင်းချန် ခဏလောက်စဉ်းစားပြီး ရှုရှန့်ကိုကြည့်လိုက်၏။




.




ချီရှင်းချန်က နေ့လည်ခင်းတွင် ဇာတ်ဝင်ခန်းတစ်ခုသာရှိသည်။ ဇာတ်ဝင်ခန်းနှစ်ခုပြီးနောက်၊ သူသည် သူ၏အစ်ကိုရှန်းရှန်း နှင့် သူ၏ဆက်ဆံရေးကို ပြုစုပျိုးထောင်ရန် စင်နောက်သို့သွားခဲ့သည်။




ဤအချိန်မှာ ရှန်းရှန်းကနိုးလာ၏။ ချီရှင်းချန်က သူ့ကို ငါးနှင့် နောက်ပြောင်လိုက်သည်။ "လက်ခုပ်တီး"




ရှန်းရှန်းက သူ့ဗိုက်ကို ပုတ်လိုက်သည်။ 


"ပါ့"




ချီရှင်းချန်က ပလတ်စတစ်ကွင်းကို ကိုင်လိုက်ပြီး ရှန်းရှန်းအား အမူအရာတိုင်းလိုက်လိုက်သည်။ 


"ဒါကိုဖမ်း... ဖမ်းမိရင် ငါးစားရမယ်"




ရှန်းရှန်း သူ့ဗိုက်ကို ပုတ်လိုက်သည်။ 


"ပါ့"




ရှန်းရှန်း၏ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းကိုကြည့်ရင်း၊ ချီရှင်းချန် ငါးလေ့ကျင့်ရေးဆရာဖြစ်ရန် မည်မျှခက်ခဲသည်ကို သိသည်။ သူက ကြမ်းပြင်ပေါ် ရှန်းရှန်း၏ဘေးတွင်ထိုင်ကာ ငါးများကိုကျွေးပြီး ရှန်းရှန်း၏ခေါင်းကိုထိလိုက်သည်။ သူဘာဖြစ်နေလဲဆိုသည်ကိုကြည့်ရန် Weibo ကိုဖွင့်လိုက်၏။




"ရှောင်ချီ မင်းဒီမှာကိုး" 


ရှုရှန့်က သူနောက်က လိုက်လာခြင်းဖြစ်သည်။




သူ့လက်ကို အိတ်ကပ်ထဲထည့်ကာ ကင်းလှည့်နေသကဲ့သို့ ချီရှင်းချန် နှင့် ရှန်းရှန်း အနီးတဝိုက်တွင် လျှောက်သွားသည်။ နောက်ဆုံး၌ သူ့မျက်လုံးများက ချီရှင်းချန်းလက်ထဲက ဇာတ်ညွှန်းဆီကို  ရောက်သွား၏။