Chapter 8
Viewers 12k

🎬 Chapter 8

နည်းနည်းသင်ခဲ့ဖူးတယ်



ဒါရိုက်တာအဖွဲ့က အရေးကြီးသော နေရာ၌ ရပ်သွားစဉ် ကျိုးဇီထုံက ပြောလာခဲ့သည်။ 

"ဒါရိုက်တာအဖွဲ့ရဲ့ ယုံကြည်မရတဲ့ပုံစံနဲ့ဆို သူတို့ ကျွန်တော်တို့ကို လူကိုလုပြေးခိုင်းမှာတော့ မဟုတ်ဘူးမလား... ကျွန်တော် သူ့ကို အခုထဲက လုပြေးသင့်လား ဒါမှမဟုတ် နောက်မှပဲလုပြေးသင့်လား...သူ့ကို ဒီတိုင်း ကျွန်တော့်ပခုံးပေါ်တင်ပြီး ချီပြေးလို့ရလား..."


ဝမ်ယွီက ကျိုးဇီထုံ သူ့အား အမှန်တကယ် ပုခုံးပေါ်တင်ပြေးမည်ကို စိုးရိမ်သကဲ့သို့ ကျိုးဇီထုံဘေးမှဝေးရာကို တိတ်တဆိတ်ရွေ့သွားခဲ့သည်။ အခြားသူများက သူတို့နှစ်ယောက်ကြောင့် ရယ်မောလိုက်ကြပြီး ရသစုံရှိုးအငွေ့အသက်ပြည့်နှက်နေသည်။


"ဂိမ်းတစ်ခုတည်းနဲ့ အနိုင်ရတဲ့အဖွဲ့ကို ဆုံးဖြတ်ပါမယ်...ဒါပြီးရင် မင်းတို့ ညစာသွားစားပြီးတော့ ကိုယ့်အခန်းကို စောစောပြန်အနားယူလို့ရပါပြီ...ကျန်တဲ့ မစ်ရှင်တွေကတော့ မနက်ဖြန်မှပါ..."


"ဒီနေ့ မစ်ရှင်တစ်ခုတည်းလား..."  

စုန့်ကျားကျား၏လေသံထဲ၌ မယုံကြည်မှုများပြည့်နေသည်။


"မစ်ရှင်တစ်ခုတည်းပါ...အရမ်းကိုရိုးရှင်းပါတယ်..."


ထို့နောက် ဒါရိုက်တာအဖွဲ့က သီချင်းဖွင့်လိုက်သည်။


လူတိုင်း : ????


သူတို့အားလုံး အချင်းချင်းစိုက်ကြည့်လိုက်သည်။ 

"ဘာလို့ သီချင်းဖွင့်နေပါလိမ့်..."


"ကျေးဇူးပြုပြီး တီဗီဖွင့်လိုက်ပါ..."  

ဒါရိုက်တာ ပြောပြီးသည်နှင့် လူအချို့က ချက်ချင်းဖြတ်မေးလိုက်ကြသည်။


"ရုပ်ရှင်ကြည့်ရမှာလား..."


"ရုပ်ရှင်ကြည့်ပြီး နာမည်ခန့်မှန်းရမှာတော့ မဟုတ်ဘူးမလား..."


"ငါ လုပ်နိုင်တယ်..."  

စုန့်ကျားကျားက သူမဘေးနားရှိ လီရှန်းမင်ကို တွန်းထုတ်ပြီး တက်ကြွစွာ လက်မြှောက်လိုက်သည်။ 

"ကျွန်မ စုန့်ကျားကျားက ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ကြည့်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ပဲ...ကျွန်မ မမှတ်မိတဲ့ ရုပ်ရှင်ဆိုတာမရှိဘူး..."


 "……"


လုဝမ်ရှင်း တီဗီဖွင့်လိုက်ရာ စင်ပေါ်တွင် ရပ်နေသောလူနှစ်ယောက်ကို မြင်လိုက်ရသည်။


နူးညံ့သောသီချင်းသံထည့်သွင်းထားပြီး လူနှစ်ဦးက သူတို့၏ခန္ဓာကိုယ်များကို စည်းချက်အလိုက် ယိမ်းနွဲ့နေကြသည်။ ထိုသံစဥ်ပြီးသွားချိန်တွင် ရုတ်တရက် ဂန္တဝင်ဂီတသံအဖြစ်သို့ ပြောင်းသွားကာ စန္ဒယားသံက တဖြေးဖြေးအရှိန်ပိုမြန်လာခဲ့သည်။


၎င်းက ပေါ့ပါးပြီး စိတ်လှုပ်ရှားဖွယ် ဂီတဖြစ်ပြီး အကကမူ house dance အမျိုးအစားဖြစ်သည်။

[T/N - house dance က street dance တွေထဲက freestyle ကကွက်တစ်မျိုးပါ] 


"ရှင်းရှင်း ဘာလို့ ဒါကိုကြည့်နေတာလဲ... ငါတို့ရုပ်ရှင်နာမည် ခန့်မှန်းရမှာမလား... ရုပ်ရှင်လိုင်းကို မြန်မြန်ပြောင်းလေ..." 

ကျိုးဇီထုံက လုဝမ်ရှင်းကို လိုင်းပြောင်းရန် လောလိုက်သည်။


ဖန်သားပြင်က သဘာဝလွန်ရုပ်ရှင်သို့ ပြောင်းသွားခဲ့သည်။ စုန့်ကျားကျားက ၎င်းကို စက္ကန့်သုံးဆယ်မျှကြည့်ပြီးနောက် အော်ပြောလိုက်သည်။

"ငါ သိပြီ 'တရုတ်သရဲပုံပြင်' ပဲ..."


စုန့်ကျားကျားက ဖြေပြီးနောက် ဒါရိုက်တာအဖွဲ့ကို ဂုဏ်ယူစွာကြည့်လိုက်သည်။ 

"ကျွန်မတို့ ဒီတိုင်း ဘာရုပ်ရှင်မဆိုကြည့်ပြီး ရုပ်ရှင်နာမည်ကိုခန့်မှန်းရမှာလား..."


ဒါရိုက်တာအဖွဲ့က အဖြေပြန်မပေးဘဲ သူမကို အဓိပ္ပါယ်ရှိရှိကြည့်ကာ ချီးမွမ်းပေးလိုက်သည်။  

"ကျားကျားက မြန်မြန်ခန့်မှန်းနိုင်တာပဲ..."


စုန့်ကျားကျားက ဂုဏ်ယူစွာဖြင့် လုဝမ်ရှင်း လက်ထဲမှ ရီမုဒ်ယူကာ လိုင်းများကို ကျပန်းပြောင်းလိုက်သည်။


"ငါ သိတယ်...အဲဒါ 'Final destination'..."


နောက်ဆယ်မိနစ်အကြာတွင် လူတိုင်းက အဖြေရှာလာခဲ့ကြသည်။


"စတင်ခြင်း..."


"တိုက်တန်းနစ်..."


 "Leon : The Professional..."


လေထုက ပူပြင်းပြီး အဖြေများအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေသည်။


လူတိုင်းက သူတို့မျက်လုံးများကို တီဗီဖန်သားပြင်ပေါ်ကပ်ထားပြီး နောက်လာမည့်ရုပ်ရှင်ကိုခန့်မှန်းရန် စိတ်အားထက်သန်နေကြသည်။


"ကောင်းပြီ၊ အချိန်ပြည့်ပြီ..."

ဒါရိုက်တာအဖွဲ့က သူတို့ကို ရပ်ရန် ပြောလာခဲ့သည်။


စုန့်ကျားကျားက ဝမ်ယွီဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။ 

"ငါက ရုပ်ရှင်ဆယ့်လေးကားမှန်အောင် ခန့်မှန်းခဲ့တာဆိုတော့ မင်းက အခု ငါတို့အဖွဲ့သားဖြစ်သွားပြီ..."


စုန့်ကျားကျား ပြောပြီးသည်နှင့် ဒါရိုက်တာက မရိုးဖြောင့်စွာပြုံးပြီး ပြောလိုက်သည်။ 

"ပြိုင်ပွဲစပြီ..."


စုန့်ကျားကျား : "????"


ကျန်တဲ့သူများ - "……"


"ပြိုင်ပွဲမပြီးသေးဘူးလား..."  

စုန့်ကျားကျား စိတ်ရှုပ်ထွေးသွားခဲ့သည်။


လုဝမ်ရှင်း၏စိတ်ထဲ အတွေးတစ်ခုရုတ်တရက်ပေါ်လာပြီး စုန့်ကျားကျားထံမှ ရီမုဒ်ကိုယူကာ ပထမဆုံးရှိ house dance ဗီဒီယိုကို ပြန်ပြောင်းလိုက်သည်။


"ရှင်းရှင်း ဘာလုပ်နေတာလဲ..."


လူတိုင်းက လုဝမ်ရှင်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။ သူက အဖြေပြန်မပေးဘဲ ဗီဒီယိုထဲရှိလူနှစ်ယောက်၏လှုပ်ရှားမှုကို လေးနက်စွာကြည့်နေပြီး သူ့လက်များဖြင့် အမူအရာများကို အကြိမ်အချို့လိုက်လုပ်ခဲ့သည်။ ထိုမှသာ ကျန်လူများလည်း တစ်ခုခုမှားနေသည်ကို ချက်ချင်းသတိပြုမိသွားခဲ့သည်။


"မင်းတို့ စောစောကကြည့်လိုက်တဲ့ house dance ရဲ့ကကွက်တွေကို ပြန်လုပ်ပြပါ...ကကွက်တွေကို အမှတ်မိဆုံးနဲ့ အတုယူနိုင်ဆုံးအသင်းက မနက်ဖြန်ကျရင် ဝမ်ယွီဆီက အကူအညီရပါမယ်... "


ဒါရိုက်တာက ထိုသို့ပြောပြီးသည်နှင့် လုဝမ်ရှင်းမှလွဲ၍ လူတိုင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ ချက်ချင်းအေးခဲသွားကြပြီး ဒါရိုက်တာကို ဆွံ့အစွာ စိုက်ကြည့်လိုက်ကြသည်။


"ရုပ်ရှင်နာမည်ခန့်မှန်းရတာမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ကို ဘာလို့ ဒီလောက်အကြာကြီးခန့်မှန်းခိုင်းထားရတာလဲ..."


"ကျွန်မတို့ စောစောက ဖြေနေရင်း ထချလုနီးပါးပဲ...ရှင်က ဒီတိုင်း ရှိုးထိုင်ကြည့်နေတယ်ပေါ့... "


လူတိုင်း၏မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် ဒါရိုက်တာက ချောင်းဟန့်ကာ ပြောလိုက်သည်။

"အဟမ်း ငါ ရုပ်ရှင်နာမည်ကို ခန့်မှန်းရမှာလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးလေ... မင်းတို့ဘာသာ စလိုက်ကြတာမလား...ငါ့မှာ တားချိန်တောင်မရလိုက်ဘူး... "


"ဒါဆိုလည်း အကသင်ရမယ်ဆိုတာ ဘာလို့မပြောခဲ့တာလဲ... "


ဒါရိုက်တာအဖွဲ့က သဘာဝအတိုင်းအပြစ်လွှဲချလိုက်လေသည်။ 

"ပြောမလို့ပဲကို ကျိုးဇီထုံက စကားဖြတ်ပြောခဲ့တာလေ..."


ကျိုးဇီထုံတစ်ယောက် အကြည့်စူးစူးများဖြင့် စိုက်ကြည့်ခံလိုက်ရသည်။ 


ဒါရိုက်တာက ဆက်ပြောလိုက်သည်။ 

"ငါ့သဲလွန်စတွေက အရမ်းထင်ရှားပါတယ်...သီချင်းဖွင့်ပေးခဲ့တယ်လေ...သာမန်လူတစ်ယောက်က သီချင်းဖွင့်ထားရင်းနဲ့ ရုပ်ရှင်ကြည့်လို့လား... "


စုန့်ကျားကျား : "……"


"ဖွင့်ပေးခဲ့တဲ့သီချင်းက အကဗီဒီယိုထဲကသီချင်းနဲ့ အတူတူပဲဆိုတာကို မင်းတို့ သတိမထားမိကြဘူးလား…"  

ဒါရိုက်တာက သူတို့အားလုံးအပေါ် အပြစ်တွန်းပို့ရန်ကြိုးစားလိုက်သည်။


လူတိုင်း - "……"


သူတို့အားလုံး ထောက်ချောက်အကြီးကြီးထဲဝင်သွားသည်ကိုကြည့်ပြီး ဒါရိုက်တာနှင့် ဝန်ထမ်းများက ကျယ်လောင်စွာ မရယ်မောမိစေရန် အပြင်းအထန်ကြိုးစားထိန်းထားခဲ့ရသည်။


လူများစွာက ပခုံးများလှုပ်သည်အထိ ရယ်မောနေစဥ် လူတစ်စုက သူတို့ကမ္ဘာလေးထဲ ရှိနေခဲ့ကြသည်။ 


ဤအပိုင်းထုတ်လွှင့်ပြီးလျှင် ကောမန့်ဧရိယာ၌ “ဟားဟားဟားဟားဟား” များဖြင့် ပြည့်နေလိမ့်မည်ဟု ဒါရိုက်တာ တွေးမိခဲ့သည်။


"တစ်ဖွဲ့ကို လူတစ်ယောက်စီ လွှတ်ရမယ်..." 

ဒါရိုက်တာက သူအပြုံးကိုဖိနှိပ်ပြီး မျက်နှာတည်တည်ထားရန် ကြိုးစားလိုက်သည်။


"ဘယ်လိုပြိုင်ရမှာလဲ...ကြည့်တောင် မကြည့်ရသေးဘဲနဲ့ ဘယ်လိုကနိုင်မှာလဲ..." 

ဒါရိုက်တာထံမှ အရူးလုပ်ခံထားရသော စုန့်ကျားကျားက ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိတော့ဘဲ နှာမှုတ်လိုက်သည်။


"ကျွန်မတို့ကို နောက်ထပ်ဆယ်မိနစ် ကြည့်ခွင့်မပေးမချင်း မပြိုင်ဘူး... ကျွန်မတို့ စောစောက ဘာမှမကြည့်လိုက်ရဘူး..."


"အစ်မကျားကျား မှန်တယ်..."


"ဟုတ်တယ်..."


"ရှင်းရှင်းနဲ့ ရှန်းကောတို့လည်း တစ်ခုခုဝင်ပြောကြဦးလေ..."


ကုယန်ရှန်းက အမှန်ပင် ဝင်မပါချင်ပေ။ သူ ၎င်းကို ၂၄ နာရီထိုင်ကြည့်နေလျှင်ပင် သူ လုပ်နိုင်မည်မဟုတ်ချေ။


လူကြားထဲ ကခုန်သည်က ပို၍ပင်မဖြစ်နိုင်ချေ။


ကုယန်ရှန်း ၎င်းကို စဉ်းစားနေရင်း သူ့အကြည့်များက မနေနိုင်ဘဲ လုဝမ်ရှင်းအပေါ်ရောက်သွားခဲ့သည်။ လုဝမ်ရှင်း၏ အလုပ်အများစုမှာ မဂ္ဂဇင်းများရိုက်ခြင်းဖြစ်သည်ကို သူ သိထားသောကြောင့် မသေချာစွာ မေးလိုက်သည်။


"မင်း ကနိုင်လား..."


"ကျွန်တော် နည်းနည်းသင်ခဲ့ဖူးတော့ အခြေခံတော့ရှိပါတယ်..."

လုဝမ်ရှင်းက နှိမ့်ချစွာ ဖြေလိုက်သည်။


ကုယန်ရှန်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ထိုစကားများက သူ့နားထဲ ဘာမှမဟုတ်သကဲ့သို့ ရောက်သွားခဲ့သည်။


လုဝမ်ရှင်းသာ ကောင်းကောင်းဆိုနိုင်၊ ကနိုင်ပါက မဂ္ဂဇင်းထောက်ခံချက်များစွာကို လက်ခံနေမည့်အစား ယောက်ျားလေး အဖွဲ့ထဲထည့်ခံရမည်ဖြစ်သည်။


အခြားသူများက လုဝမ်ရှင်းအကြောင်း များစွာမသိသော်လည်း သူ နည်းနည်းသာ သင်ထားကြောင်း ပြောသည်ကို ကြားချိန်တွင် စိတ်သက်သာရာရသွားခဲ့သည်။


သူက နည်းနည်းပဲ သင်ထားတာဆိုတော့ တစ်ချက်ကြည့်ရုံလောက်နဲ့ ဘယ်လိုကရမယ်မှန်း သိမှာမဟုတ်ဘူး...


"ဒါရိုက်တာကြီး ကျွန်မတို့ကို ပြန်ကြည့်ခွင့်မပေးရင် ကျွန်မတို့တစ်ကွက်လေးတောင် ကနိုင်မှာမဟုတ်ဘူး..."  

စုန့်ကျားကျားက သူမ၏အသင်းဖော် ဝမ်မင်မှာ မိန်းကလေးအဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဤနေရာရှိလူများထက် သေချာပေါက် ပိုကောင်းအောင်ကနိုင်မည်ဟု ယုံကြည်သောကြောင့် မိနစ်အနည်းငယ်ထပ်ကြည့်ခွင့်ရရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။


မည်သို့ဖြစ်စေ အဖွဲ့တစ်ခုမှ လူတစ်ဦးသာ လိုအပ်သောကြောင့် သူမအတွက် ဝမ်မင်ကို စိန်ခေါ်ခွင့်ပေးရန် ပြဿနာမရှိချေ။


စုန့်ကျားကျားက ဒါရိုက်တာကို မိနစ်အနည်းငယ်ခန့်သိမ်းသွင်းခဲ့ပြီး နောက်ဆုံးတွင် ကြည့်ရှုချိန် ငါးမိနစ်ထပ်ရခဲ့သည်။


သူမက ကျေနပ်စွာဖြင့် ဝမ်မင်ကို ရှေ့တွန်းပို့လိုက်သည်။ လီရှန်းမင်က သူ့အားနည်းချက်ကို မပြလိုသောကြောင့် ကျိုးဇီထုံကိုတွန်းပို့ပြီး ပြောလိုက်သည်။

"သေချာကြည့်...ငါက မကတတ်ဘူး..."


"ကျွန်တော်လည်း မကတတ်ဘူးလေ..."


သူတို့နှစ်ယောက် တွန်းလိုက်၊ ဆွဲလိုက်လုပ်နေသည်ကိုမြင်ချိန်တွင် လုဝမ်ရှင်းက ကုယန်ရှန်းကို ကြည့်လိုက်သည်။


"ဘာလို့လာကြည့်နေတာလဲ..."  

ကုယန်ရှန်းက သတိကြီးစွာထားနေပြီး သူ၏ငြင်းဆန်မှုက သိသာလှသည်။


ထို့နောက် ကုယန်ရှန်းက သူ လုဝမ်ရှင်းကို တွန်းအားမပေးသင့်ဟု တွေးပြီး လေသံပြောင်းကာ နှစ်သိမ့်ပေးလိုက်သည်။

"ကိစ္စမရှိဘူး...ဒီတိုင်း မင်းကြိုက်သလိုပဲ ကလိုက်...ဧည့်သည်ရဲ့အကူအညီမရတာနဲ့ ကိုယ်တို့ရှုံးမယ်လို့ မဆိုလိုဘူး..."


ကုယန်ရှန်း၏နှစ်သိမ့်မှုခံရစဉ် လုဝမ်ရှင်း အနည်းငယ် ရယ်ချင်သွားသော်လည်း အဆုံးတွင် ဘာမှပြန်မပြောလိုက်ချေ။


လုဝမ်ရှင်းက အဓိကဇာတ်လိုက်များ၏ကိစ္စများတွင် ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက်မရှိချေ။ သူက ဘာအပိုမှဝင်ပါမည်မဟုတ်ဘဲ သူ လုပ်နိုင်သည်ကိုသာ လုပ်မည်ဖြစ်သည်။


ဥပမာအနေဖြင့် သူတို့ ဤဂိမ်းတွင် အနိုင်ရသွားပါက ဝမ်ယွီကို လုယူနိုင်မည်ဖြစ်ပြီး အဓိကဇာတ်လိုက်နှစ်ယောက်က အဆက်အသွယ်ပိုလုပ်နိုင်ပေလိမ့်မည်။


သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကမူ လုဝမ်ရှင်းနှင့် ဘာမှမဆိုင်ပေ။ သူ၏မူလရည်ရွယ်ချက်က သူတို့နှစ်ယောက်နှင့် ဝေးဝေးနေ၍ ရသစုံရှိုးရိုက်ကူးပြီးနောက် ဖျော်ဖြေရေးလောကမှ ထွက်ရန်ဖြစ်သည်။


"ငါးမိနစ်ပြည့်ပြီ..."


စုန့်ကျားကျားက တီဗီပိတ်နေသော ဝန်ထမ်းကို တားပြီး မေးလိုက်သည်။

"ဝမ်မင်...နင် မှတ်မိရဲ့လား..."


အရေးကြီးသောတာဝန်ကို အပ်နှင်းခံထားရသော ဝမ်မင်က ယုံကြည်မှုမရှိစွာ ဖြေလိုက်သည်။ 

"ဟုတ်...မှတ်မိတယ်ထင်တာပဲ..."


"ရပါတယ်...နင် လုပ်နိုင်ပါတယ်..."  

စုန့်ကျားကျားက ဝမ်မင်၏ပုခုံးကိုပုတ်ပြီး အားပေးလိုက်သည်။

"ဒီတိုင်း ယုံကြည်ချက်ရှိရှိသာ ကလိုက်... လီရှန်းမင်ရော ကျိုးဇီထုံရောက လုံးဝမကနိုင်ဘူး...မြန်မြန်လေး...နင့်ရဲ့အကနဲ့ သူတို့ကို ချေမွပစ်လိုက်..."


ဝမ်မင် : "……"


ဝမ်မင်က စင်မြင့်ပေါ်ပထမဆုံးတက်ခဲ့ပြီး သီချင်းစလာချိန်တွင် စောစောက သူမ ကြည့်ခဲ့သော အကကို ပြန်အမှတ်ရကာ အရှိန်အဟုန်ဖြင့် စကခဲ့သည်။


စုန့်ကျားကျား၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ လက်ခုပ်တီးခြင်းက ဝမ်မင်၏လှုပ်ရှားမှုများအား အနှောင့်အယှက်ဖြစ်သွားစေမည်ကို သူမ မစိုးရိမ်လျှင် သူမ မတ်တတ်ထရပ်ပြီး အားပေးမိပေလိမ့်မည်။


"ဘုရားရေ..."


"အရမ်းမိုက်တယ်..."


နှစ်မိနစ်ခွဲအကတွင် ဝမ်မင်၏လှုပ်ရှားမှုများက ရေကဲ့သို့ ချောမွေ့နေပြီး စက္ကန့်လေးဆယ်အထိသို့ လွယ်ကူစွာ ရောက်လာခဲ့သည်။


ပထမဆုံးလှုပ်ရှားမှုများက မခက်ခဲဘဲ ထပ်ခါတလဲလဲကရသော ကကွက်များစွာရှိသည်။ ၎င်းက ပရိသတ်များကို သွေးပူစေမည့် house dance ကကွက်အချို့သာဖြစ်သည်။ ၎င်းက အတွေ့အကြုံရှိသော ဝမ်မင်အတွက် သင်ယူရန် မခက်လှချေ။


လီရှန်းမင်က အကအကြောင်း ဘာမှမသိသော်လည်း ဝမ်မင်က မိနစ်အနည်းငယ်အတွင်း လျင်မြန်စွာ သင်ယူနိုင်သဖြင့် အံ့ဩစရာကောင်းလှသည်ဟု တွေးမိခဲ့သည်။ 

"ကျွန်တော်တို့ ကရဦးမှာလား...အနိုင်ရတဲ့သူက ဘယ်သူလဲဆိုတာ ရှင်းနေတာကို..."


"အနိုင်ရတဲ့သူက ဆုံးဖြတ်ပြီးသားဆိုရင်တောင် ပြိုင်ပွဲကိုတော့ ပြီးအောင်လုပ်ရပါမယ်..."  

ဒါရိုက်တာက သူတို့၏အရှုံးပေးရန်စိတ်ကူးကို ချက်ချင်းရိုက်ချိုးလိုက်သည်။


ကျိုးဇီထုံမှာ ရွေးချယ်စရာမရှိဘဲ ကရတော့သည်။ ပထမဆုံးကကွက်နှစ်ခုမှလွဲ၍ သူ ကျန်ကကွက်များကို မမှတ်မိတော့ချေ။


ကျိုးဇီထုံ ကပြီးနောက် စုန့်ကျားကျားက မထိန်းချုပ်နိုင်စွာ ရယ်မောခဲ့သည်။ 

"ဟားဟား... ငါတို့ သေချာပေါက်နိုင်မှာလို့ ပြောသားပဲ..."


"နောက်တစ်ယောက်..."


လူတိုင်း၏အကြည့်များက ကုယန်ရှန်းနှင့် လုဝမ်ရှင်းအပေါ် ရောက်သွားခဲ့ကြသည်။


ကုယန်ရှန်းက တိတ်တဆိတ်နောက်ဆုတ်ပြီး 'ကျေးဇူးပြု၍' ဟူသောအမူအရာလုပ်ကာ သူ၏လူကြီးလူကောင်းဆန်သော အပြုအမူကိုပြခဲ့သည်။


"သီချင်းစမယ်..."

ဒါရိုက်တာပြောပြီးသည်နှင့် လုဝမ်ရှင်းက ရှေ့တိုးလာကာ စကခဲ့သည်။


"ဝိုး..."


"အား..."


သူ၏အဖွင့်လှုပ်ရှားမှုကြောင့် စုန့်ကျားကျားနှင့် ဝမ်မင်က အံ့ဩမှုဖြင့် အော်လိုက်သည်။ 

"အားကောင်းလိုက်တဲ့အရှိန်..."


"ငါ မယုံဘူး...အဲဒါ အပေါ်ယံသက်သက်ပဲဖြစ်မယ်...သူ ကကွက်ဘယ်နှခု မှတ်မိနိုင်မလဲ ကြည့်ရအောင်..."


လုဝမ်ရှင်းက စည်းချက်နောက်လိုက်နေပြီး သူ့လှုပ်ရှားမှုများက ချောမွေ့၊ သေသပ်နေခဲ့သည်။


ကျန်လူများမှာ ဆက်ထိုင်မနေနိုင်တော့ဘဲ တစ်ယောက်ပြီး တစ်ယောက်ထရပ်လိုက်ကြသည်။


 â€Śâ€Ś


သူ ကပြီးသွားခဲ့သည်။


မီးရောင်များမရှိသည့်တိုင် လုဝမ်ရှင်းက အရပ်ရှည်ပြီး ခြေတံရှည်ရှည်သွယ်သွယ်များရှိကာ သူ၏မော်ဒယ်အတွေ့အကြုံ၊ အကအခြေခံဖြင့် ပို့စ်ပေးရာတွင် အလွန်ကောင်းမွန်ပေသည်။ အဆုံးသတ်ရှိ သူ၏ မျက်လုံးတစ်ဖက်မှိတ်ပြခြင်းက ဒါရိုက်တာအဖွဲ့ကိုပင် အံ့အားသင့်စေခဲ့သည်။


သူ အကတစ်ခုလုံးကို အဆုံးထိ ပြီးအောင် ကနိုင်ခဲ့တယ်...


သူတို့ အံ့အားသင့်နေရာမှ ပြန်သတိဝင်လာပြီးနောက် လုဝမ်ရှင်းကို ခါးသီးသောအမူအရာဖြင့် ကြည့်ကာ စိတ်ထဲတွင် ကျိန်ဆဲလိုက်ကြသည်။


လုဝမ်ရှင်း စောစောတုန်းက ဘာပြောခဲ့တယ်...


"နည်းနည်းသင်ခဲ့ဖူးတာ..." ဟုတ်လား...


ငါတို့ တကယ်ရူးချင်နေပြီ... ဒါကို ဘယ်လိုလုပ် 'နည်းနည်းသင်ခဲ့တာ' လို့ ခေါ်နိုင်မှာလဲ...



🎬🎬🎬