Chapter 9
Viewers 12k

🎬 Chapter 9

ပန်းရောင်ရေသုတ်ပုဝါ



လုဝမ်ရှင်းက မျက်တောင်တစ်ချက်ခတ်ပြီး စုန့်ကျားကျားကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။


သူ မန်းဂိုးအင်တာတိန်းမန့်နှင့် စာချုပ်ချုပ်ပြီးနောက် ဝေ့ဇယ်တို့နှင့်အတူ အကလေ့ကျင့်ခဲ့ရသည်။ အကဆရာကလည်း သူ၏အားကောင်းသော အတုယူနိုင်စွမ်းနှင့် လျင်မြန်သော သင်ယူနိုင်စွမ်းအတွက် ချီးကျူးခဲ့သည်။


သို့သော် နောက်ပိုင်းတွင် ဝမ်မန်က ထောက်ခံချက်များလက်ခံ၍ ကြော်ငြာများရိုက်ရန် သူ့ကိုဆွဲခေါ်ခဲ့သောကြောင့် အကသင်ခန်းစာများကို ထပ်မသင်နိုင်တော့ချေ။


လုဝမ်ရှင်းက သူ့တွင် သန်မာသော ရုပ်ပိုင်းဆိုင်ရာမှတ်ဥာဏ်နှင့် အခြေခံကျွမ်းကျင်မှုအချို့ရှိသဖြင့် ကံကောင်းပြီး ဝမ်မင်ကို နိုင်သွားသည်ဟု တွေးမိသည်။


ဝမ်မင်က ကကွက်များ မှတ်မိရန် ရုန်းကန်နေစဉ် လုဝမ်ရှင်း၏စိတ်ထဲ၌ ၎င်းတို့ကို အကြိမ်အနည်းငယ် ပြန်လေ့ကျင့်နှင့်ပြီးဖြစ်သည်။


စုန့်ကျားကျားက သူ၏ရှင်းပြချက်ကို နားမထောင်ဘဲ ဘေးနားတွင် လက်ပိုက်ကာ ရပ်လိုက်သည်။

"လုဝမ်ရှင်း ငါ နင့်ကို ပုံပြင်တစ်ခု ပြောပြမယ်သိလား..."


"တစ်ခါတုန်းက ဆင်းရဲတဲ့ ကျောင်းသားလေးတစ်ယောက်ရှိတယ်...သူက ထိပ်ဆုံးကျောင်းသားကို နှစ်ဝက်စာမေးပွဲမှာ မင်း ဘယ်လောက်လုပ်နိုင်ခဲ့လဲလို့ မေးခဲ့တယ်...ထိပ်ဆုံးကျောင်းသားက သာမန်ပါပဲလို့ ပြန်ပြောတော့ အဲဒီကျောင်းသားက တိတ်တိတ်လေးပျော်သွားခဲ့ရော...ဘာလို့လဲဆို သူက စာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တာကိုး...ဒါပေမယ့် အဲဒီပျော်တဲ့ ကျောင်းသားလေးက အမှတ် ၉၅ ရချိန်မှာ ထိပ်ဆုံးကျောင်းသားရဲ့အမှတ်ကတော့ ၁၄၉ မှတ်တဲ့..."


လုဝမ်ရှင်း : "……"


ကုယန်ရှန်းက မနေနိုင်ဘဲ ၎င်းကို တိတ်တဆိတ် သဘောတူခဲ့မိသည်။ 


လုဝမ်ရှင်း စောစောက သူ့ကိုကြည့်ခဲ့စဉ် သူ အနည်းငယ် အားနာစိတ်ဝင်ခဲ့သည်။ နောက်ဆုံးတွင် သူက မကချင်သောကြောင့် လုဝမ်ရှင်းထံ လေးလံသော တာဝန်ကို တွန်းပို့ခဲ့သူဖြစ်သည်။


ရလဒ်အနေနဲ့...


သူက ပရော်ဖက်ရှင်နယ်တစ်ယောက်ဆိုတာ ထင်ရှားနေတာပဲ...


"ရှင်းရှင်း နင်က ဘယ်ယောင်္ကျားလေးအဖွဲ့ကလဲ...နင် ပွဲဦးမထွက်ရသေးဘူးမလား..."

ဝမ်မင် ထိုသို့ တွေးမိသည်မှာ မဆန်းချေ။ ထိုအကတွင် ရှုပ်ထွေးသော ကကွက်များ မပါသော်လည်း မိနစ်အနည်းငယ်အတွင်း ပြီးပြည့်စုံစွာ ဖျော်ဖြေနိုင်ရန် အခြေခံ ကျွမ်းကျင်မှုအချို့လိုအပ်သည်။ လုဝမ်ရှင်းက ကြည့်ကောင်းပြီး အသက်မကြီးလှသောကြောင့် ပွဲဦးမထွက်ရသေးသော ယောင်္ကျားလေးအဖွဲ့မှ အဖွဲ့တစ်ဦးဖြစ်နိုင်ချေများသည်။


ကုယန်ရှန်းမှ လွဲ၍ အခန်းထဲရှိအခြားသူများလည်း ထိုကဲ့သို့ တွေးမိကြသည်။


ဝမ်မင်ဖြစ်စေ စုန့်ကျားကျားဖြစ်စေ လုဝမ်ရှင်းကို ပထမဆုံး မြင်ရချိန်တွင် သူ၏ရုပ်ရည်ကြောင့် အံ့အားသင့်ခဲ့ရသည်။ သူတို့က လုဝမ်ရှင်း ပွဲဦးထွက်ပြီးသည်နှင့် ဖျော်ဖြေရေးနယ်ပယ်တွင် သေချာပေါက် နေရာယူနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။


သို့သော် လုဝမ်ရှင်းက သူတို့၏သံသယများကို ငြင်းခဲ့သည်။

"ကျွန်တော်က ယောင်္ကျားလေးအဖွဲ့ရဲ့အဖွဲ့ဝင် မဟုတ်ပါဘူး..."


လုဝမ်ရှင်းက ထိုမေးခွန်းကို တစ်ကြိမ်ထက်မက ကြားဖူးခဲ့သောကြောင့် ကျင့်သားရနေပြီဖြစ်သည်။

"ကျွန်တော်က ပွဲဦးထွက်ပြီးပါပြီ... ကျွန်တော် အရင်က ကြော်ငြာတွေပဲရိုက်ခဲ့ရတာ...အခုက ဖန်သားပြင်ပေါ်မှာ ပါဖူးတဲ့ ပထမဆုံးအကြိမ်ပဲ..."


စုန့်ကျားကျားက လုဝမ်ရှင်းကို အံ့သြမှုဖြင့် ကြည့်လိုက်သည်။ 

လုဝမ်ရှင်းရဲ့အေးဂျင့်က ကန်းနေတာလားဟ...သူက ဒီလောက်ချောတဲ့ မျက်နှာနဲ့ ကြော်ငြာတွေပဲ ရိုက်နေရတာလား...ပုံတွေဆိုတာက ပြင်လို့ရမှန်း လူတိုင်း သိတာပဲ.. မျက်နှာ အချိုးအစားကောင်းနေသရွေ့ ဓာတ်ပုံပြင်ပြီးသွားရင် အရမ်းချောမောသွားမှာပဲ...


ဒါပေမယ့် လုဝမ်ရှင်းရဲ့မျက်နှာက ပြင်စရာမလိုအောင် ကောင်းနေပြီးသားလေ... ဒါတောင် သူက ကြော်ငြာတွေပဲ ရိုက်ရတာတဲ့လား...ဒါက အလဟဿဖြစ်နေတာပဲမလား...


သူမက လုဝမ်ရှင်း၏ပခုံးကို ပုတ်ပေးလိုက်သည်။ 

"ရှန်းကောမှာ ဒီလိုလျှို့ဝှက်ပုလဲလေးကို မြင်နိုင်တဲ့ မျက်လုံးရှိနေခဲ့တာ ကံကောင်းလို့ပေါ့... နင့်မျက်နှာလေးနဲ့ဆို ဖန်သားပြင်မှာ မပေါ်လာတာကမှ နှမြောစရာ ကောင်းနေလိမ့်မယ်..." 


လုဝမ်ရှင်းက ၎င်းကိုအတည်မယူဘဲ ပြုံးကာ ပြောလိုက်သည်။ 

"ဒါဆို ကျွန်တော် ကုလောင်ရှီးကို အများကြီး ကျေးဇူးတင်ရမှာပဲ...မဟုတ်လို့ အစ်မကျားကျားနဲ့ ရသစုံရှိုးရိုက်ခွင့်မရခဲ့ရင် တကယ်နှမြောစရာကောင်းမှာ..."


"မင်းတို့နှစ်ယောက်လုံး ကျေးဇူးပြုပြီး အချင်းချင်းမြှောက်ပင့်နေတာ ရပ်ပေးလို့ရမလား...ဗိုက်ဆာနေတဲ့ ငါတို့ကိုလည်း ထည့်တွက်ပါဦး..." 

လီရှန်းမင်၏ဗိုက်က အကြိမ်အချို့ခန့် အသံမြည်လာပြီး သူ အမှန်ပင် ဗိုက်ဆာနေပုံရသည်။


"ဒါရိုက်တာကြီး ပြိုင်ပွဲပြီးသွားပြီဆိုတော့ ကျွန်တော်တို့ အခု ညစာသွားစားလို့ရပြီလား..."


"မင်းတို့အားလုံး ဒီနေ့ အလုပ်ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်...အခု ပရိုဂရမ်အဖွဲ့ရဲ့အထူးကားက မင်းတို့ကို အနီးဆုံး အစားအသောက်လမ်းကို လိုက်ပို့ပေးပါမယ်..."


 ***


စားသောက်ဆိုင်သို့ သွားရာလမ်းတွင် စုန့်ကျားကျား မယုံနိုင်ဆဲဖြစ်နေသည်။ 

"ဒါရိုက်တာအဖွဲ့က ဘာလှည့်စားမှုမှ ထပ်မလုပ်တာ အံ့သြစရာပဲ..."


"မင်းက လုပ်စေချင်နေတာလား..." 

လီရှန်းမင်က စုန့်ကျားကျား၏အတွေးများကို နားမလည်နိုင်ခဲ့ချေ။


"ကောင်ငယ်လေး နင် ရသစုံရှိုးတွေမှာ သိပ်မပါဖူးဘူးမလား..." 

စုန့်ကျားကျားက အတွေ့အကြုံရှိသောလူတစ်ဦး၏လေသံဖြင့် ပြောလိုက်သည်။ 

"နင် သူတို့ ထောင်ချောက်တွေမှာ အကြိမ်နည်းနည်းကျပြီးရင် ဒါရိုက်တာအဖွဲ့က ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိလာလိမ့်မယ်..."


လုဝမ်ရှင်းက စုန့်ကျားကျား၏စကားကို တိတ်တဆိတ်သဘောတူလိုက်သည်။ သူယခင်က ရသစုံရှိုးများတွင် မပါဝင်ဖူးသော်လည်း ၎င်းက ရသစုံရှိုးကို တစ်ခါမှ မကြည့်ဖူးဟု မဆိုလိုချေ။


ဒါရိုက်တာအဖွဲ့က ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်ရန် ဧည့်သည်များအတွက် ထောင်ချောက်များဆင်သည်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။ ထိုမှသာ ပရိသတ်များက ပျော်ရွှင်ပြီး အဆင့်သတ်မှတ်ချက်(rating)လည်း တက်လာလိမ့်မည်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ထောင်ချောက်များက တစ်ထောင်ကျော်ခန့်ရှိပြီး တစ်ခုရှောင်နိုင်လျှင်ပင် နောက်တစ်ခုထဲပြုတ်ကျပေလိမ့်မည်။


"ဘာတွေတွေးနေတာလဲ..."

လုဝမ်ရှင်း လမ်းလျှောက်နေစဉ် ရုတ်တရက် သူ့ဘေးနား၌ လူတစ်ယောက်ပေါ်လာခဲ့သည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့အနားသို့ လျှောက်လာသော ဝမ်ယွီကို တွေ့လိုက်ရသည်။


"ဘာမှ မဟုတ်ပါဘူး..."


"ငါတို့ ကုမ္ပဏီတစ်ခုတည်းမှာ အကြာကြီးရှိခဲ့ပေမယ့် သိပ်စကားမပြောဖူးဘူးပဲနော်... ငါ ဒီည မင်းနဲ့ စကားပြောဖို့ အခွင့်အရေးရမယ်လို့ ထင်ခဲ့ပေမယ့် ဒါရိုက်တာအဖွဲ့က အခွင့်အရေးမပေးလာမယ်လို့ မမျှော်လင့်ထားဘူး..." 

ဝမ်ယွီ၏စကားလုံးများက အနည်းငယ်နှမြောရိပ်သန်းနေခဲ့သည်။


လုဝမ်ရှင်း၏မျက်လုံးထဲ အံ့သြမှု အရိပ်အယောင် ပေါ်လာခဲ့သည်။ 


ဝမ်ယွီက သူနှင့် အတူနေရန်ရွေးခဲ့ခြင်းမှာ ထိုရွေးချယ်မှုသာ ရှိသောကြောင့်ဟု သူ ထင်ခဲ့မိသည်။ ဝမ်ယွီတွင် ထိုကဲ့သို့ အကြံအစည်ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ချေ။ 


လုဝမ်ရှင်းက သူ့ခံစားချက်များကို ဖော်မပြနိုင်သော်လည်း ဝမ်ယွီနှင့် များစွာအဆက်အဆံမပြုချင်နေပေ။ ဝမ်ယွီက အဓိကဇာတ်လိုက်ဖြစ်သောကြောင့်သာမက သူ မရှင်းပြနိုင်သော အကြောင်းပြချက်တစ်ခု ရှိနေခဲ့သည်။


သူ တစ်ဖန်မော့ကြည့်လိုက်ရာ မရှင်းလင်းသော ခံစားချက်များရှိနေသည့် ဝမ်ယွီ၏ ကြည်လင်သော မျက်လုံးများထဲမှ သူ့ပုံရိပ်ကိုသူ ပြန်မြင်လိုက်ရသည်။


ရုတ်တရက် မှတ်ဉာဏ်အချို့က သူ မမှီနိုင်သည်အထိ အလွန်လျင်မြန်စွာ ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရပြီး နှလုံးဆောင့်ခုန်သွားခဲ့သည်။


သူ့ခေါင်းက မူးဝေလာပြီး မသိစိတ်အရ ဝမ်ယွီနှင့် ဝေးရာတွင် နေချင်လာခဲ့သည်။


လုဝမ်ရှင်း သတိထားနေသည်မှာ အံ့သြစရာမရှိချေ။ ဖျော်ဖြေရေးလောကမှာ အကွေ့အကောက်များပြီး ဝမ်ယွီက ဤကမ္ဘာ၏အဓိကဇာတ်လိုက်ဖြစ်နေသည်။ ထို့အပြင် သူက လုဝမ်ရှင်း၏ကြေကွဲဖွယ်အဆုံးသတ်ကို သွယ်ဝိုက်ဖြစ်စေခဲ့သူ ဖြစ်သည်။


လုဝမ်ရှင်း၏ဆိုးရွားသော အဆုံးသတ်က ဝမ်ယွီကြောင့် မဟုတ်ဘဲ သူကိုယ်တိုင်၏ မနာလိုမှုကြောင့်ဖြစ်သည်ကို သိထားသည့်တိုင် ဝမ်ယွီနှင့် မည်သည့်အဆက်အဆံမျှ မရှိချင်နေဆဲဖြစ်သည်။


သူက သူ့ကိုယ်သူ ချောက်ကမ်းပါးအစွန်းသို့ တွန်းပို့မည့်လူစားမျိုး မဟုတ်ချေ။ သူအဆက်အဆံ မလုပ်ချင်ပါက ထိုသူနှင့် ဝေးဝေးနေမည်ဖြစ်သည်။


လုဝမ်ရှင်းက အလွန်လျစ်လျူရှုသောကြောင့် ဖြစ်နိုင်သည် ဝမ်ယွီလည်း စကားဆက်မပြောလာတော့ချေ။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ကျိုးဇီထုံနှင့်အတူ လျှောက်လာခဲ့သည်။


လုဝမ်ရှင်းက အိတ်ကပ်ထဲမှ ဖုန်းထုတ်ပြီး WeChat ကိုဖွင့်လိုက်သည်။ အပေါ်ဆုံးရှိ မက်ဆေ့ချ်က သူ့ညီလေး ရှဲ့ချန်ဖေးထံမှ ဖြစ်သည်။


[X] ကော...မစ္စလုပြောတာ ကောက ကုယန်ရှန်းနဲ့အတူ ရသစုံရှိုးရိုက်နေတာဆို...


[အီးတီ] ဟုတ်တယ်...ဒါနဲ့ မင်း စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ခဲ့လား...


[X] ကျွန်တော် ဘယ်တုန်းက စာမေးပွဲမှာ ဆိုးဆိုးရွားရွားဖြေခဲ့လို့လဲ...


[အီးတီ] ငါ့အမှားပါ...ငါတို့မိသားစုရဲ့ ကောလိပ်နတ်ဘုရားကို မေးခွန်းမထုတ်လိုက်သင့်ဘူး...


[X] ကော ဘယ်တော့အိမ်ပြန်လာမှာလဲ...


[အီးတီ] သိပ်မကြာခင် ပြန်လာခဲ့မယ်...


လုဝမ်ရှင်းက မန်းဂိုးအင်တာတိန်းမန့်နှင့် စာချုပ်ရပ်စဲပြီးပြီဖြစ်သောကြောင့် ဤရသစုံရှိုးမှလွဲ၍ အခြားအလုပ်မရှိချေ။ သူ အလုပ်မများနေသော်လည်း ဤဆောင်းရာသီ အားလပ်ရက်ကို အခွင့်ကောင်းယူပြီး ပုံကော်မစ်ရှင်အချို့လက်ခံခဲ့သည်။


ရှဲ့ချန်ဖေးက ယခုနှစ်တွင် အထက်တန်းတတိယနှစ်ဖြစ်၍ နောက်ဆုံးစာမေးပွဲများပြီးသည့်နောက်တွင်ပင် စာလေ့လာရန် ကျောင်း၌ နေရဦးမည်ဖြစ်သည်။ လုဝမ်ရှင်း အချိန်ကို တွက်ချက်ကြည့်ရာ သူ ပုံဆွဲပြီးချိန်တွင် ရှဲ့ချန်ဖေးလည်း အားလပ်ရက်ရမည်ဖြစ်သောကြောင့် သူတို့နှစ်ယောက်လုံး အိမ်အတူပြန်နိုင်မည်ဖြစ်သည်။


လုဝမ်ရှင်း၏အစီစဉ်က ပြီးပြည့်စုံသော်လည်း ရှဲ့ချန်ဖေးက သူ့ရည်ရွယ်ချက်ကို ချက်ချင်းခန့်မှန်းမိခဲ့သည်။


[X] ပုံအပ်ထားတာတွေ ရှိလို့လား...


[အီးတီ] မဟုတ်ပါဘူး...


လုဝမ်ရှင်းက လက်တစ်ဖက်ဖြင့် စာရိုက်ပြီး လျင်မြန်စွာ ငြင်းလိုက်သည်။


[X] ဘယ်နှစ်ခု ရထားလို့လဲ...


[X] အမှန်အတိုင်းမပြောရင် မစ္စလုကို မေးခိုင်းလိုက်မှာနော်...


[အီးတီ] သုံးပုံ...


လုဝမ်ရှင်း အမှန်အတိုင်းပြောရုံသာ တတ်နိုင်ခဲ့သည်။ တစ်ခါက သူ မျက်လုံးများထိခိုက်ခဲ့ဖူး၍ မူလက သူ့မိသားစုကို မသိစေချင်ခဲ့ပေ။ သို့သော် ထိုအချိန်က သူ့မျက်လုံးများကို ပိတ်စပတ်ထားရပြီး ဘာမှမမြင်နိုင်သောကြောင့် မစ္စလု၏ ဗီဒီယိုခေါ်ဆိုမှုကို မတော်တဆဖြေမိခဲ့ကာ ချက်ချင်းပေါ်သွားခဲ့သည်။


မစ္စလုက လုဝမ်ရှင်းကြောင့် အလွန်ထိတ်လန့်သွားပြီး ညတွင်းချင်း ဆေးရုံသို့ ပြေးလာခဲ့သည်။ ထို့နောက် မစ္စလုက လုဝမ်ရှင်း၏မျက်လုံးများကို အလွန်စိုးရိမ်နေခဲ့ပြီး သူ့မျက်လုံးကို အလွန်အကျွံ အသုံးမပြုရန် မကြာခဏသတိပေးခဲ့သည်။


လုဝမ်ရှင်း မက်ဆေ့ချ်ပို့ပြီးနောက် မက်ဆေ့ချ်နေရာတွင် 'တစ်ဖက်လူမှ စာရိုက်နေပါသည်' ဟူသော စာပေါ်လာခဲ့သည်။


လုဝမ်ရှင်းက ငုံ့ကြည့်ပြီး 'လျှို့ဝှက်ချက်' ဟူသော စာရိုက်လိုက်သည်။ သူ ၎င်းကို မပို့လိုက်နိုင်မီ တစ်ယောက်ယောက်က သူ့လက်မောင်းကို ဆွဲလာခဲ့သည်။


"သတိထား..."


လုဝမ်ရှင်း မတုံ့ပြန်နိုင်မီ နွေးထွေးသော ပွေ့ဖက်မှုတစ်ခုထဲ ကျရောက်သွားခဲ့သည်။


သူ မော့ကြည့်လိုက်ရာ သူ့ကို တိုက်မိလုနီးပါး ကားက အရှိန်ပြင်းပြင်းမောင်းထွက်သွားပြီး လေပြင်းသံများသာ ကျန်ခဲ့လေသည်။


"လမ်းကူးတဲ့အချိန် ဖုန်းမကြည့်နဲ့လေ..."


ကုယန်ရှန်း၏ခပ်တိုးတိုးအသံက လုဝမ်ရှင်း၏နားထဲ တိုးဝင်လာခဲ့သည်။ ထိုသူ၏ နွေးထွေးသော အသက်ရှူငွေ့က သူ့နားပေါ် ကျရောက်နေခဲ့သည်။


လုဝမ်ရှင်း အသက်ရှူသွင်းပြီး ခြေတစ်လှမ်းဆုတ်ကာ ကုယန်ရှန်းကို ကျေးဇူးတင်လိုက်သည်။ 

"ကျေးဇူးတင်ပါတယ် ကုလောင်ရှီး..."


လုဝမ်ရှင်း၏အသက်ရှူသံက မတည်မငြိမ်ဖြစ်နေပြီး အနည်းငယ် အေးစိမ့်စိမ့်ခံစားနေရသည်။ သူ ဤအဖြစ်အပျက်ကို ယခင်က တွေ့ကြုံဖူးသကဲ့သို့ ခံစားရသော်လည်း သေချာစဉ်းစားကြည့်ချိန်၌ သူ ဘာမှ မမှတ်မိနိုင်ချေ။


"ငါ လန့်ပြီး သေတော့မလို့..."


"ငါလည်း လန့်သွားတာပဲ..."


"စောစောက တကယ်အန္တရာယ်များတယ်...ရှန်းကော တုံ့ပြန်တာ မြန်လို့တော်သေးတာပေါ့..."


"တချို့ကားသမားတွေက လူကူးမျဉ်းကြားကိုဖြတ်ရင် အရှိန်လျှော့မမောင်းကြဘူး... ဒါပေမယ့် ရှင်းရှင်းလည်း မှားတယ်...လူကူးမျဉ်းကြားကို ဖြတ်တယ်ဆိုရင်တောင် ဖုန်းကြည့်နေလို့ မရဘူးလေ... စောစောက အခြေအနေက အရမ်းအန္တရာယ်များလွန်းတယ်..."


လုဝမ်ရှင်းသာ ထိတ်လန့်သွားသည် မဟုတ်ဘဲ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ထိတ်လန့်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ဘာမှမဖြစ်ခဲ့ချေ။


"တောင်းပန်ပါတယ်..." 

လုဝမ်ရှင်း၏မျက်နှာက ဖြူဖျော့နေပြီး နှလုံးခုန်နှုန်း မြန်နေဆဲဖြစ်သည်။


လမ်းမီးရောင်အောက်တွင် သူ့မျက်နှာက အလွန်အမင်း ဖြူဖျော့နေခဲ့သည်။ 


သူတို့ အလွန်နီးကပ်နေသောကြောင့် ကုယန်ရှန်းက လုဝမ်ရှင်း၏နဖူးပေါ်ရှိ ချွေးစလေးများကိုပင် မြင်နေရသည်။


ကုယန်ရှန်းက မတုံ့ဆိုင်းနေချေ။ သူ တုံ့ပြန်မိချိန်တွင် သူ့လက်က လုဝမ်ရှင်း၏ ပခုံးပေါ် ရောက်နှင့်နေပြီးဖြစ်ကာ သူ၏ ခပ်တိုးတိုးလေသံကလည်း အနည်းငယ် နူးညံ့သွားခဲ့သည်။

"အဆင်ပြေပါတယ်..."


သူတို့နှစ်ဦး၏အမူအရာများက အတန်ငယ် ရင်းနှီးကျွမ်းဝင်နေပုံရသည်။ လုဝမ်ရှင်း၏နှာခေါင်းဖျားထက် သစ်သားရနံ့ဖျော့ဖျော့ သင်းပျံ့လာပြီးနောက် သူ၏နှလုံးခုန်နှုန်းလည်း တဖြည်းဖြည်းငြိမ်သက်လာခဲ့သည်။


B&B သို့ပြန်ရောက်လာပြီးနောက် လူတိုင်း သူတို့၏ခရီးဆောင်အိတ်များကို သူတို့အခန်းထဲသို့ သယ်သွားခဲ့ကြသည်။ လုဝမ်ရှင်းက သူ့ခရီးဆောင်အိတ်ထဲမှ အဝတ်များကို ဗီဒိုထဲချိတ်လိုက်ပြီး ကုယန်ရှန်းအတွက် နေရာတစ်ဝက်ချန်ထားပေးခဲ့သည်။ 


သူ အရာအားလုံး စီစဉ်ပြီးသွားချိန်တွင် ကုယန်ရှန်းက မေးလာခဲ့သည်။

"မင်း ရေအရင်ချိုးမလား ဒါမှမဟုတ် ကိုယ်အရင်ချိုးရမလား..."


ရေချိုးခန်းက တစ်ခုသာ ရှိသောကြောင့် သူတို့နှစ်ယောက် တစ်လှည့်စီ ချိုးရမည်ဖြစ်သည်။ သို့သော် ကုယန်ရှန်း ထိုမေးခွန်းကို မေးပြီးချိန်တွင် တစ်ခုခု ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ကုယန်ရှန်းက ၎င်းကို စူးစမ်းချင်စိတ်မရှိနေဘဲ လုဝမ်ရှင်း၏ဖြူဖျော့ဖျော့ မျက်နှာကို ကြည့်လိုက်သည်။


အပြန်လမ်းကတည်းက လုဝမ်ရှင်း၏ စိတ်အခြေအနေမှာ ဆိုးရွားနေခဲ့သည်။


ကုယန်ရှန်း နားမလည်နိုင်သည်တော့ မဟုတ်ချေ။ လူတစ်ယောက်က အန္တရာယ်ကြုံတွေ့ပြီးနောက် ကြောက်လန့်သွားကြသည်မှာ ပုံမှန်သာဖြစ်သည်။ သို့သော် လုဝမ်ရှင်းက ကြောက်လန့်နေရုံသာမဟုတ်ဟု ကုန်ယန်ရှန်း တွေးမိခဲ့သည်။


လုဝမ်ရှင်း ကိုယ်တိုင်ပင် သူ့အမူအရာက မည်မျှဆိုးရွားနေသည်ကို မသိချေ။ 


ကုယန်ရှန်း သူ့ကိုထပ်ကြည့်ပြီး ပြောလိုက်သည်။ 

"မင်း အရင်သွားချိုးလိုက်..."


"စောစောက... ကျေးဇူးတင်ပါတယ်..."


လုဝမ်ရှင်းက ကြည်လင်သော မျက်လုံးများဖြင့် ကုယန်ရှန်းကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အထီးကျန်မှုနှင့် လျစ်လျူရှုမှုများကြီးစိုးနေသည်။ သူက ကြောက်လန့်သွားချိန် သို့မဟုတ် ခြိမ်းခြောက်ခံရချိန်တွင် ဆူးများထောင်လာသော ဖြူကောင်နှင့် တူလှသည်။


ကုယန်ရှန်း မသိလိုက်စွာပင် မျက်မှောင်ကြုတ်မိလိုက်သည်။ 


လုဝမ်ရှင်း စိတ်အခြေအနေဆိုးနေတာ နားလည်နိုင်ပေမယ့် ဘာလို့ ငါကပါ စိတ်အခြေအနေဆိုးလာရတာလဲ...


"ကျေးဇူးတင်စကားက တစ်ခါပြောပြီးရင် လုံလောက်ပြီ...ရေအရင်သွားချိုးတော့..."


လုဝမ်ရှင်း မငြင်းချေ။ သူက အဝတ်အစားများယူပြီး ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ ပိတ်သွားသော ရေချိုးခန်းတံခါးကိုကြည့်ပြီး ကုယန်ရှန်း၏ အတွေးများက သူ လုဝမ်ရှင်းကို ပထမဆုံး တွေ့ခဲ့ချိန်သို့ ပြန်ရောက်သွားခဲ့သည်။


ထိုအချိန်က လုဝမ်ရှင်းတွင် ထူးမခြားနားအမူအရာ ရှိခဲ့သော်လည်း ယခုကဲ့သို့ သတိလက်လွတ်ဖြစ်နေဟန်အကြည့်နှင့် မတူဘဲ သူ၏လှပသော မျက်လုံးများတွင် ဉာဏ်နီဉာဏ်နက်များရှိနေခဲ့သည်။


လုဝမ်ရှင်း မည်သူနှင့် စကားပြောနေခဲ့သည်ကို သူ မသိချေ။ လုဝမ်ရှင်းက သူကိုယ်လုပ်တော် ရွေးချယ်နေကြောင်း ကောလာဟလပင် ဖြန့်နေခဲ့သေးသည်။ 


ငါက ဘယ်လိုမျိုး ကိုယ်လုပ်တော် ရွေးရမှာလဲ... 


သူ လုဝမ်ရှင်းဆိုလိုသည်ကို နားမလည်သလို စိတ်ထဲလည်း မထည့်ခဲ့ချေ။ သူ့အကြောင်း ပြောဆိုနေသူများစွာရှိပြီး သူအရာအားလုံးကို လိုက်ဂရုမစိုက်နိုင်ချေ။


ကုယန်ရှန်း အံ့ဩရသည်မှာ လုဝမ်ရှင်းက အမိခံရပြီးနောက် ဘာမှမဖြစ်သွားသကဲ့သို့ တည်ငြိမ်စွာပြုမူနိုင်၍ သူ့ကို အရှက်အကြောက်မရှိ နှုတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။


ကုယန်ရှန်း သူ့ကို မှန်ထဲမှ တစ်ချက်ကြည့်လိုက်သော်လည်း အာရုံများစွာ မစိုက်ခဲ့ဘဲ လုဝမ်ရှင်းက အရေထူသည်ဟုသာ တွေးမိခဲ့သည်။


သို့သော် သူ အရှက်မဲ့သည်ဟု တွေးထားသော လုဝမ်ရှင်းက အခြားသူများကဲ့သို့ သူ့ကို ချဉ်းကပ်ရန် မကြိုးစားဘဲ တောင်းပန်စကားပြောပြီး ရုတ်တရက် လှည့်ထွက်သွားခဲ့သည်။


ကုယန်ရှန်း ချက်ချင်း ဒေါသထွက်သွားပြီး လှောင်ရယ်မိကာ သူ့ကိုယ်သူမထိန်းနိုင်ဘဲ လုဝမ်ရှင်းကို ပြန်ပြောလိုက်မိသည်။


သူ့လေသံက အလွန်ဆိုးရွားနေသော်လည်း လုဝမ်ရှင်းက မကြားလိုက်ဘဲ ဂရုမစိုက်စွာ ပြန်လှည့်ဝင်လာခဲ့သည်။


သူ့အမူအရာက သခင်ကြီးတစ်ယောက် သူ့နယ်မြေကို စစ်ဆေးနေကဲ့သို့ပင်။


ကုယန်ရှန်း အတွေးများနေစဉ် ရေချိုးခန်းတံခါးခေါက်သံ ကြားလိုက်ရသည်။ 

"ဘာဖြစ်လို့လဲ..."


"ကျွန်တော်...ရေသုတ်ပုဝါ ယူလာဖို့ မေ့ခဲ့လို့..." 

လုဝမ်ရှင်း၏အသံက ပိတ်ထားသော ရေချိုးခန်းထဲမှ ထွက်လာပြီး အနည်းငယ် ရှက်ရွံ့နေပုံရသည်။


"ဘယ်မှာထားထားလဲ..."


"ဗီရိုထဲမှာ ချိတ်ထားတယ်..."


ကုယန်ရှန်းက သူ့ကိုယ်သူသတိမထားမိသော်လည်း လုဝမ်ရှင်း၏ပုံမှန်လေသံကို ကြားချိန်တွင် သူ စိတ်သက်သာရာရသွားခဲ့သည်။


ကုယန်ရှန်း ဗီရိုကိုဖွင့်လိုက်ချိန်တွင် ပန်းရောင်ရေသုတ်ပုဝါက သူ့အာရုံကို ဖမ်းစားသွားပြီး သူ့လက်က ချက်ချင်းအေးခဲသွားခဲ့သည်။


"တွေ့လားဟင်..." 

လုဝမ်ရှင်း၏အသံ ထွက်လာခဲ့သည်။


ဇန်နဝါရီလတွင် ရာသီဥတုက အလွန်အေးနေဆဲဖြစ်သည်။ လုဝမ်ရှင်း ရေချိုးခန်းထဲတွင် အချိန်အကြာကြီးနေပါက အအေးမိသွားမည်ကိုစိုးပြီး ကုယန်ရှန်း သူ့ခံစားချက်များကို ဖိနှိပ်ကာ ရေသုတ်ပုဝါကို ယူလိုက်သည်။ 


ထို့နောက် ရေချိုးခန်းတံခါးဆီသို့ လျှောက်သွား၍ တံခါးခေါက်လိုက်သည်။


ရေချိုးခန်းတံခါးက အထဲမှဖွင့်ခံရပြီး အနည်းငယ် ဟလာခဲ့သည်။ သွယ်လျဖြူဖျော့သော လက်လေးတစ်ဖက်က ဆန့်ထွက်လာပြီး လေကို နှစ်ကြိမ်ဆုပ်ကိုင်လာခဲ့သည်။ ကုယန်ရှန်း ချက်ချင်း ပုဝါကို လုဝမ်ရှင်းလက်ထဲထည့်ပေးပြီး ရေချိုးခန်းနှင့် ဝေးရာသို့ လှည့်ထွက်လာခဲ့သည်။


လုဝမ်ရှင်း တံခါးပိတ်ပြီးနောက် ကုယန်ရှန်း ယူလာပေးသော ပန်းရောင်ရေသုတ်ပုဝါကို မြင်လိုက်ချိန်တွင် သူ့နားရွက်များ နီရဲတက်လာခဲ့သည်။ စောစောက ဆိုးရွားနေသော စိတ်အခြေအနေမှာ လွင့်ပြယ်သွားပြီး ရှက်ဒေါသများက ချက်ချင်းအစားထိုး ဝင်ရောက်လာခဲ့သည်။ 


ကုယန်ရှန်း ဒါကို မြင်သွားတာပဲ...


လုဝမ်ရှင်း အနည်းငယ် ကသိကအောက်ဖြစ်သွားခဲ့သည်။ 


ငါ့မှာ ထူးဆန်းတဲ့ ဝါသနာရှိတယ်လို့ ကုယန်ရှန်း ထင်သွားမှာမဟုတ်ဘူးမလား... 


သူ၏ပန်းရောင်ရေသုတ်ပုဝါကို သူ့အခန်းဖော်က ဝယ်ပေးခဲ့ခြင်းဖြစ်သည်။ သူက အရောင်လေးမျိုး ဝယ်ခဲ့သော်လည်း လုဝမ်ရှင်း ရောက်လာချိန်၌ ကျန်အခန်းဖော်များက သူတို့ကိုယ်ပိုင်ကိုရွေးထားနှင့်ပြီးဖြစ်ကာ ပန်းရောင်တစ်ခုသာကျန်ခဲ့သည်။


အခန်းဖော်များက လုဝမ်ရှင်း သူတို့ထံမှ ရေသုတ်ပုဝါကို ပြန်မလုယူစေရန် ထပ်ခါတလဲလဲချော့မော့ခဲ့ကြပြီး 'တကယ့်ယောင်္ကျားဆိုတာ ပန်းရောင်နဲ့ နူးညံ့တဲ့အရောင်တွေသုံးသင့်တယ်' ဟူသော ပေါက်ကရ စကားများပင် ပြောခဲ့သည်။


အခန်းဖော်များက လုဝမ်ရှင်း သူတို့ထံမှ ပြန်လုယူမည်ကို စိုးသကဲ့သို့ ပုဝါများကို တင်းကြပ်စွာကိုင်ထားခဲ့ကြသည်။ 


လုဝမ်ရှင်းလည်း ရယ်မောပြီး သူတို့နှင့် ငြင်းခုံမနေတော့ချေ။


"အဲဒါက ပန်းရောင်ပဲမလား... တကယ့်ယောင်္ကျားဆိုတာ မကြောက်ဘူး..."


ယမန်နေ့က လုဝမ်ရှင်း ခရီးဆောင်အိတ်ကို အလျင်စလို ထုပ်ပိုးခဲ့ရသည်။ သူက ခေါက်ထားသော ပုဝါကို ပေါ့ပါးစွာ ယူပြီး ခရီးဆောင်အိတ်ထဲ ထည့်ခဲ့မိသည်။ 


အခု နောင်တရနေပြီ...တကယ် နောင်တရနေပြီ...


ဝေ့ဇယ်ကို အိမ်သာသုံးတစ်ရှူး မယူသွားသည့်အတွက် ရယ်ခဲ့ပြီးနောက် သူလည်း ထိုကဲ့သို့ အမှားမျိုး ပြုလုပ်မိလိမ့်မည်ဟု လုဝမ်ရှင်း မထင်ခဲ့ချေ။ သူ အခွင့်အရေးထပ်ရပါက သေချာပေါက် ဝေ့ဇယ်ကို လှောင်လိမ့်မည် မဟုတ်ချေ။


လုဝမ်ရှင်း သက်ပြင်းချလိုက်သည်။ 


ပန်းရောင်ရေသုတ်ပုဝါတစ်ထည်ရှိတာက ကြောက်စရာမဟုတ်ဘူး... ငါ့မှာ အဲဒီ ပန်းရောင်ပုဝါရှိတယ်ဆိုတာကို တစ်ယောက်ယောက်ရှာတွေ့သွားပြီးတော့ အဲဒီလို ဖြစ်အောင်လုပ်တဲ့သူကလည်း ငါကိုယ်တိုင်ဖြစ်နေတာမှ ကြောက်စရာပဲ... 


လုဝမ်ရှင်း : "……"



🎬🎬🎬