အပိုင်း ၇
Viewers 438

လူမှားလက်ထပ်မိသော အမြောက်စာလေး

 

အပိုင်း  ၇

 

 

ကျိမိသားစုကို သွားရှာတာလား။

 

 

လင်းရှို့ယီ၏ အမူအရာပျက်သွားသော်လည်း သူကထိုအတွေးကို ချက်ချင်းဖျောက်လိုက်သည်။ "မဖြစ်နိုင်တာ။ မိသားစုနှစ်ခုက အဆက်အသွယ်မရှိခဲ့တာ ဆယ်နှစ်ကျော်ပြီလေ။"

 

 

ဒါကိုကြားတော့ စွင်းရှို့ကျစ်ကလည်း ထိုအတွေးပျောက်သွားတော့သည်။

 

 

"မှန်တယ်။ အရင်တုန်းကလည်း သူက ငယ်သေးတော့သိမှာမဟုတ်ဘူး။ အဖွားကြီးက ပြောခဲ့တယ်ဆိုရင်တောင် ကျိမိသားစုက သူ့ကို ဂရုစိုက်မှာမဟုတ်ဘူး။ အဲ့တုန်းက မစ္စတာကျိက..."

 

 

လင်းရှို့ယီက လှည့်ကြည့်လိုက်သည့်အတွက် ဆွန်းရှူးကျီစကားရပ်သွားတော့၏။

 

 

သူမက စကားဆက်မပြောတော့သည့်အတွက် လင်းဝေ့ကတွေးမရ ဖြစ်သွားတော့သည်။

 

 

"မစ္စတာကျိက ဘယ်သူလဲ။"

 

 

"မင်းကိစ္စမဟုတ်ဘူး!"

 

 

စွင်းရှို့ကျစ်က သူမ၏ သားကိုစိုက်ကြည့်လိုက်ပြီး ကုတင်တွင်ပြန်ထိုင်လိုက်သည်။

 

 

"ဒီကောင်မလေး ဒီလိုမျိုးလုပ်မယ်ဆိုတာသာသိရင် အိမ်ထဲ သော့ခတ်ထားခဲ့ပါတယ်။သူ့ရဲ့ စကားနားထောင်တဲ့ပုံစံက အတုအယောင် ဖြစ်နေတာပဲ။ သူဖြစ်ချင်တဲ့အတိုင်း မဖြစ်တာနဲ့ ဒီလို ပြဿနာလုပ်သွားပြီလေ။"

 

 

စွင်းရှို့ကျစ်က ထိုစကားများကိုသာ တစ်နေ့လုံးပြောနေခဲ့ပြီး လင်းချောင်ကို ရှာမတွေ့သည့်အခါ ပို၍ခက်ထန်သည့်စကားများ ထွက်လာတော့သည်။

 

 

မိဘများ၏ စိတ်ပူပင်နေသည့် အမူအရာများကို မြင်ရသည့်အတွက် လင်းဝေ့က ပြောလိုက်သည်။

 

 

"ချောင်ချောင် မလုပ်ချင်တဲ့အရာကို မလုပ်ခိုင်းပါနဲ့တော့လား။"

 

 

"မလုပ်ခိုင်းနဲ့တော့။ မာမိသားစုက ခန်းဝင်ပစ္စည်းတွေတောင် လက်ဖွဲ့ပြီးပြီကို မလုပ်ခိုင်းစေချင်တာလား။"

 

 

စွင်းရှို့ကျစ်က ထခုန်မိတော့မလိုပင်။

 

 

သူမ၏ အမူအရာကိုမြင်တော့ လင်းဝေ့က အသံတိုးတိုးဖြင့် ပြောလိုက်ပြန်သည်။

 

 

"အဆင်မပြေတော့ဘူးဆိုရင် ခန်းဝင်ပစ္စည်းတွေ ပြန်ပေးလိုက်ပေါ့။ ကျွန်တော်တို့မိသားစုမှာ မရှိတာမှမဟုတ်တာ။"

 

 

သူတို့အတွက် မလိုအပ်ဟု သူထင်သော်လည်း စွင်းရှို့ကျစ်က လက်မခံပေ။ "မင်းပြောတော့ လွယ်တာပေါ့။ အဲ့ပစ္စည်းတွေက ယွမ်ပေါင်းထောင်ကျော်တန်တာ။ ငါတို့ အဝတ်တွေဝတ်ပြီး၊ အသားနဲ့ထမင်းစားသောက်ပြီး မင်းအဖေက သူတို့ပေးတဲ့ဝိုင်နှစ်ပုလင်းကိုတောင် သောက်လိုက်ပြီလေ။ ဘာကိုပြန်ပေးရမှာလဲ။"

 

 

သူမက ဝိုင်အကြောင်းပြောတာကြားတော့ လင်းရှိူ့ယီကအနည်းငယ် ချောင်းဟန့်လိုက်သည်။

 

 

"အဲ့ဒါက အဓိက မဟုတ်ဘူး။ မိသားစုနှစ်ခုက မင်္ဂလာစကားပြောပြီးပြီဆိုတော့ ပြန်ရုတ်သိမ်းလို့မရဘူးလေ။ ပြီးတော့ လင်းချောင်က ခေါင်းမာလွန်းနေတာပါ။ ရှောင်မာက ကွာရှင်းပြီးသားသူဆိုပေမဲ့ အခြေအနေကောင်းရှိတာမလို့ သင့်တော်ပါတယ်။ သူမ သူ့ကိုလက်ထပ်ရင် မြို့ပေါ်မှာ ကောင်းကောင်းနေလို့ရတာမလို့ လယ်သမားတစ်ယောက်နဲ့ လက်ထပ်တာထက် ပိုသာပါတယ်။ ဘာလို့ထွက်ပြေးသွားရတာလဲ။"

 

 

လင်းဝေ့က တစ်ခုခုပြန်ပြောချင်နေသေးသည့်ပုံစံပေါ်နေသဖြင့် သူက စိတ်မရှည်ဖြစ်လာတော့သည်။

 

 

"မင်း ဒီနေ့ဘာဖြစ်နေတာလဲ။ အဓိပ္ပါယ်မရှိတာတွေပဲ ပြောနေတယ်။"

 

 

လင်းဝေ့ထက် နှစ်နှစ်ငယ်သည့် လင်းဟွေ့က ဝင်ပြောလိုက်သည်။

 

 

"ဟုတ်တယ်။ အစ်ကို သူ့ကိုတမင်လွှတ်ပေးလိုက်တာလား။"

 

 

တစ်ရက်ကျော်လောက် ရှာပြီးသည့်နောက်မှာတော့ သူမစိတ်တိုလာပြီဖြစ်သည်။ လင်းချောင်အကြောင်း ကြားရသည်ကပင် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေလာတော့သည်။

 

 

"ငါက သူ့ကိုဘယ်ခေါ်သွားရမှာလဲ။"

 

 

လင်းဝေ့က မိဘများကို အလျင်အမြန်ကြည့်လိုက်၏။

 

 

လင်းရှို့ယီကလည်း ဒါကိုမဖြစ်နိုင်ဟု ယူဆကာ လက်ကာပြလိုက်သည်။

 

 

"ထားတော့။ ငါတို့တစ်နေ့လုံးရှာပြီးပြီပဲ၊ အခုတော့ နားရအောင်။"

 

 

ကလေးနှစ်ယောက် အိပ်ယာဝင်သွားတော့ စွင်းရှို့ကျစ်က လင်းရှိူ့ယီ ခန္ဓာကိုယ်ဆေးကြောရန် ရေနွေးခွက်ပြင်ပေးလိုက်သည်။

 

 

"ဒီကိစ္စကို ကျွန်မတို့ ဘယ်လိုဆက်လုပ်ကြမလဲ။"

 

 

သူတို့က အိပ်ပင်မအိပ်နိုင်တော့။ လင်းချောင်ကို ရှာမတွေ့ခင်အထိ အိပ်ပျော်မည်လည်းမထင်။

 

 

လင်းရှို့ယီက မျက်မှောင်ကြုတ်၍ ခေတ္တအချိန်ယူစဉ်းစားလိုက်သည်။

 

 

"လင်းချောင် မနေ့ကမိုးမိပြီး နေမကောင်းဖြစ်သွားလို့ မနက်ဖြန်လက်ထပ်ပွဲက အဆင်မပြေနိုင်ဘူး။ သူတို့ကို နောက်တစ်ရက် ရွေးခိိုင်းလိုက်မယ်။"

 

 

မင်္ဂလာပွဲဆိုသည်က ပျော်ရွှင်စရာအခမ်းအနားတစ်ခုဖြစ်သည့်အတွက် ဘယ်သူကမှ ကျန်းမာရေး မကောင်းသည့်သတို့သမီးနှင့် လက်မထပ်လိုပေ။ ထိုသို့လုပ်ခြင်းက မင်္ဂလာလည်းမရှိပေ။ သူတို့က လင်းချောင်ကိုအမြန်ရှာရန်လိုအပ်သည်။

 

 

စွင်းရှိူ့ကျစ်က အံကြိတ်လိုက်သည်။

 

 

"အင်း။ ကျွန်မတို့ မနက်ခရိုင်မြို့သွားပြီး ရှင်းပြလိုက်မယ်လေ။"

 

 

သို့သော်လည်း ရက်ရွေးပြီးပြီဖြစ်သည့်အတွက် မာမိသားစုက ဧည့်သည်များကိုဖိတ်ပြီး အစားအသောက်များလည်း စီစဉ်ပြီးဖြစ်လောက်သည်။ ရုတ်တရက် မင်္ဂလာပွဲ မလုပ်ဖြစ်တော့ဟုပြောလျှင် အဆင်ပြေမည်မဟုတ်ပေ။ အဆင်မပြေဖြစ်သွားရသည့်အတွက်ပင် သူတို့က ဒေါသထွက်လာနိုင်၏။

 

 

အားလုံးက လင်းချောင်၏ အမှားကြောင့်ဟုတွေးမိပြီး စွင်းရှိူ့ကျစ် ဒေါသထွက်လာပြန်သည်။

 

 

"အဲ့ဒီ ကောင်မလေးပြန်လာကြည့်စမ်းပါ။ ကျွန်မ ပုံစံပေးပြမယ်!"

 

 

နောက်တစ်နေ့တွင်တော့ ရာသီဥတုသာယာသွားခဲ့လေပြီ။ မနက်စာစားပြီးနောက်မှာ စွင်းရှိူ့ကျစ်က မာမိသားစု သတို့သမီးကြိုရန်မလာခင် တား၍ရရန် စောစောထွက်သွားရန်လုပ်လိုက်၏။ ကံမကောင်းစွာနဲ့ သူမ ခြံထံရောက်သည်နှင့် ရင်းနှီးပေမဲ့ အရမ်းမဟုတ်သည့်မျက်နှာတစ်ခုကို တွေ့လိုက်ရတော့သည်။

 

 

လင်းချောင်၏ အမေဖြစ်သူ လျိုယွိလန်က မနက်စောစောရောက်လာခြင်းပင်။ သူမ၏ ဘောင်းဘီနှင့်ဖိနပ်များတွင်လည်း ရွှံ့များပေနေပြီး သူမက လမ်းဘေးဖက်တွင်လူတစ်ယောက်နှင့် စကားပြောနေသည်။ သူမ၏ ပုံစံက လင်းချောင်နှင့် အတော်တူပြီး သူမ၏ ကြင်နာတတ်သည့်အကြည့်များက ယခုစိုးရိမ်စိတ်များဖြင့် ပြည့်နေခဲ့သည်။

 

 

စွင်းရှို့ကျစ်လည်း စိတ်ပူသွားပြီး လျိုယွိလန် ဘယ်သူနှင့်စကားပြောနေသည်ကို မြင်လိုက်ရချ်ိန်မှာတော့ မျက်လုံးများပင် မငြိမ်နိုင်တော့ပေ။

 

 

တစ်ရွာတည်းသားများဖြစ်သည့်အတွက် သူမက မာရုန်လင်၏ ယခင်ယောက္ခမဖြစ်သည့် ကျောက်စန်း၏ ဇနီးကို မှတ်မိသည်။ ကျောက်စန်း၏ သမီးဖြစ်သူ ကျောက်ရှား၏ ကိစ္စဖြစ်သွားချ်ိန်က ကျောက်စန်း၏ဇနီးက အကြင်နာတရားမရှိသည့် မာမိသားစုကို အော်ဟစ်ကြိမ်ဆဲခဲ့ဖူးသည်။

 

 

ယခု သူတို့နှစ့်ယောက် အတူရှိနေသည့်အတွက် အဆိုးဆုံးထိ မတွေးမိရန်ခက်သည်။

 

 

ကျောက်စန်း၏ ဇနီးဖြစ်သူက စွင်းရှိူ့ကျစ်ကို သတိထားမိတော့ အသံမြှင့်လိုက်၏။

 

 

"မာရုန်လင်က ဘယ်လိုလုပ် လူကောင်းဖြစ်မှာလဲ။ အကျင့်မကောင်းတဲ့ကောင်ပဲ! ကျွန်မတို့ မိသားစုသာ မကူညီခဲ့ဘူးဆိုရင် သူက ပညာတတ်လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုလယ်လုပ်ရမယ်ဆိုတာတောင် သိမှာမဟုတ်ဘူး။ ပြီးတော့ သူဘာလုပ််ခဲ့လဲ။ မြို့ပြန်ရောက်တာနဲ့ မိန်းမနဲ့ကလေးတွေကို စွန့်ပစ်ခဲ့တယ်လေ။ အခု ရှင်က ချောင်ချောင်ကို သူနဲ့လက်ထပ်စေချင်တာလား။ အဲ့ကောင်မလေးက စိတ်ဖိစီးလွန်းလို့ ကျန်းမာရေးထိသွားတာ မဆန်းပါဘူး။ သူမက နှလုံးငြိမ်ဆေး နှစ်ခါတောင်ထိုးထားရတာ။"

 

 

လင်းချောင်က လွန်ခဲ့သည့်ရက်အနည်းငယ်က တကယ်ကိုဖျားနေခဲ့သည်။ ဆေးခန်းတစ်ခုသာရှိသည့် ရွာလေးဖြစ်သည့်အတွက် သတင်းက အလျင်အမြန်ပြန့်သွားသည်။ သို့သော်လည်း သူမ နေမကောင်းသည့်အတွက် ထွက်မပြေးနိုင်ဟု စွင်းရှို့ကျစ် ထင်ခဲ့သည်က သူမအတွက် အခွင့်အရေးဖြစ်သွားခဲ့၏။

 

 

လင်းရှို့ယီနှင့် မနေ့ကဆုံပြီးချိန်ကပဲ လျိုယွိလန်က စိတ်မအေးနိုင်ဖြစ်နေရသည်။ ဘယ်သူက မိုးရေထဲကနေ ဒီအထိလာပြီး လင်းချောင်ကို တွေ့မိလားလို့ သူမကိုလာမေးမှာတဲ့လဲ။

 

 

ညမအိပ်နိုင်ဖြစ်ရသည့်အတွက် သူမက မနက်စောစောကပင် ရွှံများပြည့်နေသည့်လမ်းကိုလျှောက်လာခဲ့ပြီး ယခုတော့ ကျောက်စန်း၏ ဇနီးသည်စကားကြောင့် ဒေါသထွက်ကာမျက်နှာများနီလာရာရပြီး စွင်းရှို့ကျစ်ထံပြေးလိုက်သည်။

 

 

"ချောင်ချောင် ဘယ်မှာလဲ။ ပျောက်နေတာလား။"

 

 

စွင်းရှို့ကျစ်က ဝန်မခံရဲဘဲ ကျောက်စန်း၏ ဇနီးကိုကြည့်လိုက်သည်။

 

 

"ချောင်ချောင်က အိမ်မှာလေ။ အတင်းအဖျင်းစကားတွေ နားမယောင်ပါနဲ့။"

 

 

"အတင်းအဖျင်း? ကျွန်မက အတင်းအဖျင်းပြောရမဲ့လူလား။"

 

 

ကျောက်စန်း၏ ဇနီးက ဒေါသတကြီးရယ်လိုက်သည်။

 

 

"အကြောင်းသိတဲ့လူက ကျွန်မတစ်ယောက်တည်းမဟုတ်ဘူးနော်။ ရွာထဲက ကြိုက်တဲ့သူကိုမေးကြည့်လိုက် အဖွားကြီးဆုံးတာနဲ့ ရှင်တို့က ချောင်ချောင်ကို ရောင်းစားပစ်တာ လူတိုင်းသိတယ်။"

 

 

အချို့သောအရာများက မပြောလျှင် ပိုကောင်းသည်။ အရင်တည်းက စိတ်တိုနေသည့် စွင်းရှိူ့ကျစ်က ဒီစကားများကြောင့် ဒေါသထွက်ကာ ပို၍သရုပ်ပျက်လာတော့သည်။

 

 

"ရှင်က ရှင့်သမီးဘဝ မကောင်းစားတိုင်း သူများကိုမနာလိုဖြစ်နေတာပဲ။ ရှင့်သမီးက မိန်းကလေးနှစ်ယောက်မွေးတာ သူ့အပြစ်လေ။ မြို့ပေါ်က တင်းကျပ်တဲ့ မိသားစုစည်းကမ်းနဲ့ လတိုင်းစစ်ဆေးမှူအရဆိုရင် ကလေးတစ်ယောက်လောက်ထပ်ရှိခဲ့ရင် အလုပ်တောင်ပြုတ်သွားန်ိုင်တယ်။ ရှင့်သမီးက သားယောက်ျားလေး မမွေးနိုင်မှာတော့ သူက အခြားတစ်ယောက်ရှာတာ ဘာဆန်းလို့လဲ။"

 

 

သူမ၏ စကားများက အနာပေါ်တုတ်ကျသလို ဖြစ်သွားသည့်အတွက် ကျောက်စန်း၏ ဇနီးသည်ကလည်း လျိုယွိလန်ကို မေ့သွားပြီး သူတို့အချင်းချင်းရန်ဖြစ်ကြတော့သည်။

 

 

သူတို့၏ ရန်ပွဲကို စိတ်မဝင်စားဘဲ လျိိုယွိလန်က ခြံဝန်းထဲဝင်သွားခဲ့ပြီး အခြေအနေကြည့်ရန် ထွက်လာသည့် လင်းရှိူ့ယီတို့ သားအဖနှင့် ဆုံခဲ့သည်။ သူမ၏ အကြည့်က စိတ်မသက်မသာ ဖြစ်နေသော လင်းရှို့ယီနှင့် လင်းဝေ့တို့အပေါ် ရောက်သွားတော့သည်။

 

 

"သာ့ဝေ့ အဒေါ့်ကို အမှန်အတိုင်းပြော။ ချောင်ချောင် ပျောက်နေတာလား။"

 

 

လျိုယွိလန် နောက်တစ်ကြိမ် လက်ထပ်တော့ လင်းဝေ့က သ်ိတတ်သည့် အရွယ်ရောက်နေပြီဖြစ်သည်။သူမက လင်းချောင်အတွက် ချိုချဉ်များဝယ်လာတိုင်း သူ့ကိုလည်းပေးသည်ကို လင်းဝေ့မှတ်မိနေ၏။

 

 

စွင်းရှို့ကျစ် ကိုယ်ဝန်ရှိနေပြီး သူမ၏ ကျန်းမာရေးမကောင်းသော သားငယ်ကို ပြုစုနေရင်း အလုပ်ရှုပ်ရသဖြင့် လင်းဝေ့ကို အဖွားလင်းထံပို့ထားခဲ့ချိန်က လျိုယွိလန်ကိုကြည့်ပြီး သူမသာ သူ၏အမေဆိုလျှင် အခြားကလေးတစ်ယောက်အတွက် သူ့ကိုပစ်ထားမည်မဟုတ်ဟု တွေးခဲ့ဖူးသည်။ နောက်ပိုင်းမှာတော့ ထိုကျန်းမာရေးမကောင်းသည့် သားငယ်က အသက်မရှင်ခဲ့သည့်အတွက် သူတို့က လင်းဝေ့ကိုပြန်ခေါ်ခဲ့သည်။

 

 

လင်းဝေ့က ခေါင်းငုံ့လိုက်ပြီး လျိုယွိလန်နှင့် အကြည့်ချင်းမဆုံခဲ့ပေ။

 

 

"ချောင်ချောင် ပျောက်နေတယ်။ မနေ့က မနက်မရောက်ခင်တည်းက မတွေ့တော့တာ။"

 

 

လျိုယွိလန်၏ အမြင်အာရုံများ ဝေဝါးလာပြီး မူးလဲတော့မလိုပင် ဖြစ်သွားခဲ့သည်။

 

 

စွင်းရှိူ့ကျစ်က ဘာဖြစ်နေသည်ကို သဘောပေါက်သွားတော့ အိမ်ထဲပြေးဝင်လိုက်ရာ လျိုယွိလန်၏ မျက်ရည်အပြည့်ဖြင့် မျက်ဝန်းများကို တွေ့လိုက်ရသည်။

 

 

"ရှင်တို့က ကွယ်လွန်သူမိသားစုအတွက် ထောက်ပံ့ကြေးကိုလည်းယူတယ်၊ အရာအားလုံး ပေးထားတာတောင် ချောင်ချောင်ကို ဒီလိုဆက်ဆံတာလား။ သူမသာ တစ်ခုခုဖြစ်သွားရင် ကျွန်မ... ကျွန်မလည်း အသက်ဆက်မရှင်ချင်တော့ဘူး။"

 

 

ကွယ်လွန်သူ ထောက်ပံ့ကြေးအကြောင်း လူပုံအလယ်တွင်ထုတ်ပြောလိုက်သဖြင့် စွင်းရှိူ့ကျစ်က ပို၍ဒေါသထွက်လာတော့သည်။

 

 

"ကျွန်မတို့က ဒီကလေးကို ကိုယ့်ဘာသာ ကျွေးမွေးထားရတာ။ သူက ရှင့်ရဲ့ လျိုမျိုးနွယ်လည်း မဟုတ်သလို ရှင့်ခင်ပွန်းအသစ်ရဲ့ တန့်မျိုးနွယ်လည်းမဟုတ်ဘူး။ တစ်ရက်လေးတောင် သူ့ကိုမစောင့်ရှောက်ခဲ့ဘဲ ဘာလို့ကျွန်မတို့မိသားစုကိစ္စ ဝင်ပါနေတာလဲ။"

 

 

"ကျွန်မက သူ့ကိုမစောင့်ရှောက်ခဲ့ဘူးတဲ့လား။ ချောင်ချောင်က ကျွန်မပေးတဲ့စရိတ်နဲ့ ကြီးလာတာလေ။ ကျွန်မနှစ်တိုင်း ကလေးစရိတ်ပေးပေမဲ့ ရှင်တို့က ကျွန်မကို သူမနဲ့တွေ့ခွင့်မပေးတာ မဟုတ်ဘူးလား!"

 

 

ဒီမနက်တွင် လင်းချောင်တို့ ကယ်ခဲ့သည့်သူ၏ မိသားစုရောက်လာပြီး ဆေးကုသစရိတ်များ ရှင်းပေးသွားကာ ကျေးဇူးဆပ်သည့်အနေဖြင့် အိမ်လုပ် စားစရာများယူလာခဲ့သည်။ သူတို့က စားသောက်ပြီးမှ ခရီးဆက်လာသည့်အတွက် သူတို့ရောက်လာသည်နှင့်အချိန်ကိုက် ရန်ပွဲကိုကြားလိုက်ရသဖြင့် အံ့သြသွားကြရ၏။

 

 

မူလပိုင်ရှင် လင်းချောင်တွင် အမေဖြစ်သူနှင့် ပတ်သက်သည့် မှတ်ဉာဏ်များရှိသော်လည်း အားလုံးကမကောင်းသည့်အရာများပင်။ သူမက အမြဲတမ်း စွင်းရှို့ကျစ်၏ စကားများကိုသာ ကြားနေခဲ့ရသူဖြစ်သည်။

 

 

"ဘာလို့ငိုနေတာလဲ။ နင့်အမေက နင့်ကိုစွန့်ပစ်သွားတာကြာပြီလေ။ အခုဆို အခြားတစ်ယောက်နဲ့ ဝဝကစ်ကစ် သားလေးတစ်ယောက်တောင် ရနေလောက်ပြီ။"

 

 

လျိုယွိလန်က ကလေးစရိတ်ပေးနေခဲ့သည်ကို သူမလုံးဝမသိခဲ့ပေ။

 

 

ထိုရန်ပွဲကို ကြည့်နေသည့် အိမ်နီးချင်းများကလည်း ပထမဆုံး ကြားဖူးချင်းဖြစ်၏။

 

 

"ရှို့ရမ်ရဲ့ ဇနီးက ကလေးကိုဂရုမစိုက်လို့ တစ်ခါမှလာမကြည့်တာလို့ သူတို့ပြောခဲ့တယ်မလား။"

 

 

"ရှို့ရမ်ရဲ့ ဇနီးက တန့်မျိုးနွယ်ကောင်လေးနဲ့ အရင်တည်းက ပတ်သက်နေတာလို့လည်း သူတို့ပြောသေးတယ်လေ။ ဖြစ်နိုင်ရဲ့လား။ မိသားစုနှစ်ခုက အရမ်းဝေးတာကိုလေ။"

 

 

"ဟုတ်တယ် ပြီးတော့ ငါတို့ရွာမှာလည်း သူ့ကိုသဘောကျတဲ့ ဟွမ်မျိုးနွယ်ကောင်လေးရှိတယ်လေ။ ရှို့ရမ်က တပ်ထဲဝင်ပြီး အဝေးရောက်နေချိန်မှာတောင် ယွိလန်က သူ့ကိုကြည့်ခဲ့လို့လား။ ယွိလန်က စိတ်သဘောကောင်း ရုပ်ချောပြီး အဖိုးလင်းတို့ ဇနီးမောင်နှံ သဘောကျခံရလို့ သူမက မနာလိုတာထင်ပါတယ်။"

 

 

သူတို့စကားဝိုင်းက လင်းမိသားစု၏ မိသားစုရေးရာများပါဝင်လာတော့သည်။ ရှောင်ဖန်းက နောက်ကြည့်မှန်မှ လင်းချောင်၏ အမူအရာကို သတိထားကြည့်လိုက်သည်။

 

 

"ဒီမှာပဲ ရပ်လိုက်ရမလား။"

 

 

လင်းချောင်က မူလခန္ဓာကိုယ် မဟုတ်သည့်တိုင် မှတ်ဉာဏ်များရှိနေသဖြင့် ဒေါသမထွက်မိရန် မတတ်နိုင်ပေ။ အဖေက ဆုံးသွားပြီး အမေဖြစ်သူက နောက်တစ်ကြိမ်လက်ထပ်သွားသောကြောင့် ဂရုစိုက်မှုလိုအပ်နေသော ကလေးတစ်ယောက်ကို စွင်းရှို့ကျစ်က ဤသို့သော စကားများပြောခဲ့သည်။ လင်းချောင်ကိုယ်တိုင် မခံစားခဲ့ရသော်လည်း နာကျင်မှုကို နားလည်နိုင်သည်။

 

 

သူမ၏ အမူအရာက ပုံမှန်နှင့်မတူတော့ပေ။

 

 

"ဒီမှာပဲ ရပ်ပေးပါ။ ကျေးဇူးတင်ပါတယ်။"

 

 

သူမက စကားပြောပြီးသည်နှင့် နှာချေလိုက်မိသည်။

 

 

ဒါက မနက်တည်းက ယခုထိ ဆယ်ကြိမ်မြောက် နှာချေခြင်းဖြစ်သည်။ ရှေ့ခုံမှ ကျိသော်က နောက်လှည့်ကြည့်လိုက်သည်။

 

 

"မင်း အအေးမိသွားတာလား။"

 

 

"ဘာမှမဟုတ်ပါဘူး။ မနက်ပိုင်း နည်းနည်းအေးလို့နေမှာပါ။"

 

 

လင်းချောင်က နှာခေါင်းကိုပွတ်လိုက်ပြီး ရှောင်ဖန်း ကားရပ်လိုက်သည်နှင့် ကားပေါ်မှဆင်းလိုက်၏။

 

 

၁၉၈၀၏ နယ်ဘက်ဒေသများတွင် ထွန်စက်များပင်ရှားပါးသေးသဖြင့် ဂျစ်ကားကို မြင်ရန်ဆိုသည်မှာ မဖြစ်နိုင်။ လူအချို့က ရန်ပွဲကို စိတ်ဝင်စားနေကြပြီး အချို့က ကားသံကြောင့် ခေါင်းပြူကြည့်နေကြသည်။ သူတို့၏ အံ့သြသည့်အကြည့်များကြားမှ လင်းချောင်က တုန်ရီနေသော လျိုယွိလန်ရှိရာလျှောက်သွားလိုက်သည်။

 

 

လျိုယွိလန်၏ အမြင်အာရုံများက မျက်ရည်များဖြင့် ဝေဝါးနေခဲ့ပြီး ခဏအကြာမှာတော့ သူမကိုမှတ်မိသွားခဲ့သည်။

 

 

"ချောင်ချောင်။"

 

 

သူမ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နေခဲ့သည်။

 

 

နှစ်ရက်ဆက်တိုက် ရှာပြီးနောက် လင်းချောင် သူမဘာသာ ပြန်ရောက်လာမည်ဟု ဘယ်သူမှမထင်ထားပေ။ အထူးသဖြင့် လင်းဝေ့က မျက်လုံးပြူးကြည့်ပြီး ပြောလိုက်သည်။

 

 

"ဘာလို့ပြန်လာတာလဲ။"

 

 

ဒီစကားက တစ်ခုခုကို ရှင်းရှင်းလင်းလင်းဖော်ပြနေသော်လည်း စွင်းးရှိူ့ကျစ်တွင် ရန်ဖြစ်နေရန် အချိန်မရှိတော့။ သူမက ချက်ချင်း လင်းချောင်၏လက်ကိုဆွဲလိုက်သည်။

 

 

"မင်းရောက်လာတာ အချိန်ကိုက်ပဲ။"

 

 

သူမက လင်းချောင် ထွက်ပြေးမည်စိုးသဖြင့် လက်ဆွဲကာ အိမ်ထဲအတင်းသွင်းလိုက်သည်။

 

 

"ဘာလို့ ရာသီဥတုမကောင်းတာမှာ အပြင်ထွက်သွားတာလဲ။ အအေးမိမှာပေါ့။ ကံကောင်းလို့ ဒီနေ့မိုးတိတ်သွားတာ ဦးလေးနဲ့အဒေါ်က စိတ်ပူရလို့ရူးတော့မယ်။"

 

 

သူမက လင်းချောင်လွန်ခဲ့သည့် နှစ်ရက်က ပျောက်သွားသည့်အကြောင်း ရှင်းလင်းပြနေသည့်ပုံပင်။ သူမက ထိုအကြောင်းပြောပြီးသည်နှင့် မာမိသားစုနှင့် လက်ထပ်ပွဲအကြောင်း စကားပြန်ပြောင်းသွားတော့သည်။

 

 

"ဝတ်စုံက အသင့်ဖြစ်နေပြီ ကုတင်ပေါ်တင်ထားတယ်။ မြန်မြန်အဝတ်လဲလိုက်။ သတို့သားဘက်က ရောက်လာတော့မယ်။"

 

 

လင်းချောင်က ငြိမ်ငြိမ်ရပ်နေခဲ့ပြီး လျိုယွိိလန်က လက်တစ်ဖက်ကို ဆွဲထားလိုက်သည်။

 

 

"ဟင့်အင်း မသွားရဘူး။"

 

 

သူမ၏ နူးညံ့သည့်သွင်ပြင်ဖြင့် လျိုယွိလန်က လင်းချောင်ကို ပြတ်သားသည့်အကြည့်များနှင့် ကြည့်နေ၏။

 

 

"အမေ့စကားနားထောင်။ သမီး အဲ့လိုလူမျိုးကို လက်ထပ်လို့မရဘူး။ ရှောင်ရှားက ကလေးနှစ်ယောက် မွေးပေးခဲ့တာတောင် သူက စွန့်ပစ်ခဲ့တာလေ။ ထပ်မလုပ်ဘူးလို့ ပြောမရဘူး။"

 

 

ဒီလိုစကားမျိုးက အမေတစ်ယောက်ထံမှသာ ထွက်လာနိုင်သည်။ လင်းရှ်ို့ယီနှင့် စွင်းရှိူ့ကျစ်က သူမကိုတစ်ခါမှထိုသို့မပြောခဲ့ပေ။

 

 

လင်းရှို့ယီ၏ အမူအရာက အလိုမကျသည်ထက် ကျော်လွန်လာခဲ့လေပြီ။

 

 

"အထဲမှာ ပြောကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အထဲမှာ ဆက်ဆွေးနွေးကြတာပေါ့။"

 

 

စွင်းရှူးကျစ်က ဆဲဆိုချင်လာသော်လည်း လူအများရှိနေသည့်အတွက် အတင်းပြုံးလိုက်သည်။

 

 

"ယောက်မ ဘာတွေပြောနေတာလဲ။ ရှို့ယီနဲ့ ကျွန်မက သူ့ဦးလေးနဲ့ အဒေါ်အရင်းတွေပါ။ သူ့ကို ဒုက္ခရောက်အောင် လုပ်ပါ့မလား။ ရှောင်မာက မြို့ပေါ်မှာ အလုပ်လည်းရှိပြီး အစိုးရအလုပ်သမားလေ။ သူက ချောင်ချောင်ကို ဂရုစိုက်လွန်းလို့ အကောင်းဆုံး နိုင်လွန်ဝတ်စုံပို့ပေးပြီး သတို့သမီးကြိုဖို့ ကားတောင်ငှားထားသေးတာ။"

 

 

သတို့သမီးကြိုရန် ကားငှားခြင်းက မြို့ပေါ်တွင်သာ လူအထင်ကြီးသည့်ကိစ္စဖြစ်သည်။

 

 

ဘက်စ်များအားလုံးက ဘူတာတစ်ခုတည်းမှဖြစ်သည့်အတွက် အဆက်အသွယ်မရှိလျှင် ဘယ်သူငှားသွားသည်ကိုပင် မသိနိုင်ပေ။ နယ်ဘက်မှာတော့ စက်ဘီးတစ်စီး ရှိခြင်းကပင် လူအထင်ကြီးစရာ ကောင်းနေလေပြီ။

 

 

စွင်းရှို့ကျစ်က သူမ လင်းချောင်ကို အမြန်လက်ထပ်ခိုင်းသည်မှာ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် မဟုတ်သည်ကိုသိစေရန် ဤအကြောင်း ထည့်ပြောခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အမြဲစကားနားထောင်သည့် လင်းချောင်ကတော့ လုံးဝမလှုပ်ခဲ့ပေ။

 

 

"အဒေါ် ကျွန်မသူ့ကို တကယ်လက်ထပ်လို့မရဘူး။"

 

 

စွင်းရှို့ကျစ်က အံ့သြသွားပြီး လင်းရှိူ့ယီကလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

 

 

"ဘာကိုပြောတာလဲ။"

 

 

တိတ်ဆိတ်သွားသည့်အချိန်တွင် အပြင်ဘက်မှ တီးတိုးပြောသံများ ထွက်ပေါ်လာသည်။

 

 

"အဲ့ဒီကားက ဘယ်ကရောက်လာတာလဲ။ လိုင်စင်ပြားကြည့်ရတာ ဒီအနီးအနားက ဟုတ်ပုံမရဘူး။"

 

 

"စစ်တပ်က ကားထင်တယ်။ လင်းချောင်က ဘာလို့အဲ့ကနေ ဆင်းလာတာလဲ။"

 

 

ကားထဲက ဆင်းလာတယ်။

 

 

အားလုံးက ကျိသော် အရှေ့ခန်းတံခါးပိတ်ကာ အင်္ကျီလက်များခေါက်တင်ပြီး လမ်းလျှောက်လာသည်ကို ကြည့်နေကြသည်။ သူ၏ ဘောင်းဘီများက အနည်းငယ် တွန့်ကြေနေသော်လည်း သူက အရပ်ရှည်ရှည် မာထန်ထန်အမူအရာက လူကြားထဲထင်ရှားစေသည်။

 

 

ဂျစ်ကားက ဘတ်စ်ကားထက်ပိုရှားပြီး ဒီလိုလူက ဖုန်ထူသည့်နယ်ဒေသဘက်တွင် ပေါ်လာနိုင်သည့်သူမျ်ိုးဟုတ်မနေခဲ့ပေ။

 

 

စွင်းရှို့ကျစ်က တင်းတင်း ဆုပ်ကိုင်ထားသော်လည်း ခဏအကြာမှာတော့ လင်းချောင်က အတင်းရုန်းလိုက်သည်။

 

 

"အဖွားမဆုံးခင်က အဖိုးက ကျွန်မအတွက် ငယ်ငယ်ကပဲ လက်ထပ်သဘောတူညီချက် လုပ်ခဲ့တယ်လို့ ပြောသွားတယ်။ ဒီတစ်ခေါက် ကျွန်မပြန်လာတာက အိမ်ထောင်စုစာရင်း လာယူတာပါ။ ပြီးရင် လက်ထပ်ဖို့ ယန်ဒူကိုသွားတော့မယ်။"