လူမှားလက်ထပ်မိသော အမြောက်စာလေး
အပိုင်း ၈
လင်းမိသားစုက လင်းချောင်မှာ ငယ်ငယ်တည်းက စေ့စပ်ထားတဲ့သူရှိတာလား။
တကယ်လေ!
ယခုနလေးတင် ရန်ပွဲကြည့်နေခဲ့သည့် အိမ်နီးချင်းများက
ယခုတော့ အတင်းပြောခြင်းသို့ ဘက်ပြောင်းသွားကြပြန်ပြီ။
လင်းရှို့ယီနှင့် စွင်းရှို့ကျစ်က ပို၍ပင် အံ့သြသွားရပြီး
ဝင်ရောက်လာသူကိုကြည့်ကာ မျက်နှာများပိုရတင်းသွားကြတော့သည်။ အတော်ကြာငြိမ်နေပြီးနောက်မှာတော့
စွင်းရှို့ကျစ်က အရှုံးမပေးချင်ဘဲ ဆက်ပြောလိုက်သည်။
"ဘယ်လို ငယ်ငယ်တည်းက စေ့စပ်ထားတာလဲ။ ငါတို့ဘာမှမသိဘူး။
မင်း ငါတို့ကိုအရူးလုပ်ဖို့ အခြားတစ်ယောက် သွားရှာလာတာလား။"
ကြုံရာလူရှာတယ်? ကြုံရာလူက ဒီလိုပုံစံမျိုးဖြစ်နေပါ့မလား။
သွင်ပြင်ပုံစံကို မကြည့်လျှင်တောင် သူစီးလာသည့်ကားနှင့်
ဒရိုင်ဘာပါပါသည့် အနေအထားအရ ရာထူးနိမ့်သူတော့ မဟုတ်နိုင်ပေ။
ဘယ်သူကမှ သူမစကားကိုမယုံပေ။ လင်းချောင်၏ လက်ကိုဆွဲထားသော
လျိုယွိလန်၏ မျက်နှာကလည်း အရောင်လက်သွားသည်။
"မင်းက ကျိ...ကျိ"
အချိန်အတော်ကြာပြီဖြစ်သည့်အတွက် နာမည်က သူမလျှာဖျားတွင်တစ်နေ၏။
သို့သော်လည်း လင်းချောင်၏ အမေအရင်းဖြစ်သူ အမူအရာကြောင့်
လက်ထပ်သဘောတူညီချက်က သေချာသည့်ပုံပေါ်သည်။ သူက ခေါင်းညိတ်လိုက်၏။
"ကျွန်တော်က ကျိမိသားစုကပါ။ "
သူက အနီရောင်စာချုပ်ကို စွင်းရှို့ကျစ်ထံကမ်းပေးလိုက်၏။
"ဒါက ကျိမိသားစုနဲ့ လင်းမိသားစုကြားက လက်ထပ်သဘောတူညီချက်ပါ။"
ယခု စွင်းရှို့ကျစ် လက်မခံချင်လျှင်တောင် မရတော့။
သူမက စာချုပ်ကို ပေါက်ထွက်တော့မတတ် ထိုင်ကြည့်နေခဲ့သည်။
နောက်ဆုံးမှာတော့ လင်းရှို့ယီက အံကြိတ်၍ ရှေ့တိုးကာ
စာချုပ်ကို ယူဖတ်လိုက်သည်။ ဖတ်လေလေ ပို၍အမူအရာ ပျက်လာလေလေပင်။
ကျိသော်က ဘေးမှရပ်ကြည့်နေခဲ့သည်။
"သူမအတွက် အခြားလက်တွဲဖော် ရှာထားတယ်လို့ကြားတယ်။"
သူ၏အသံက တည်ငြိမ်သော်လည်း သူ၏စူးရှသည့်အကြည့်နှင့်
အမူအရာကတော့ ကြောက်စရာကောင်းနေသည်။
ထိုကာလအချိန်တွင် နယ်ဘက်ရှိလူများက လောကကြီးအကြောင်း
အများကြီး မသိကြပေ။ ပြီးတော့ စာချုပ်ဖောက်ကာ လင်းချောင်အတွက် အခြားလက်တွဲဖော်ရှာခြင်းက
သေချာပေါက် သူတို့၏အမှားဖြစ်သည်။ လင်းရှို့ယီက အပြစ်ရှိသလိုခံစားရပြီး ပြန်ပြောရန်ပင်
စကားမရှိတော့ချေ။
ထိုအခိုက်တွင် လင်းချောင်က မီးလောင်ရာလေပင့်လုပ်လိုက်၏။
"ကျွန်မနဲ့ ကျိမိသားစုရဲ့လက်ထပ်သဘောတူညီချက်ကို
ဦးလေးတို့ တကယ်မသိတာလား။"
လင်းရှိူ့ယီက ဒေါသထွက်လာသော်လည်း ကျိသော်၏ အရှေ့တွင်တော့
ဆင်ခြင်ပေးရန်သာ ပြင်လ်ိုက်သည်။
"ငါတို့ တကယ်ကို..."
သို့သော်လည်း သူ့စကားမဆုံးခင် လျိုယွိလန်က စကားဖြတ်ပြောလိုက်၏။
"ရှင်သိပါတယ်။"
လျိုယွိလန်က သေချာသည့်အကြည့်ဖြင့် လင်းချောင်ကိုကြည့်လိုက်သည်။
"သူသိတယ်။ သမီးအဖိုးက စာသိပ်မတတ်ဘူး။ သူက
စစ်တပ်ကပေးတဲ့ ဂုဏ်ပြုတံဆိပ်ကိုရတဲ့အချိန်နဲ့ ကျိမိသားစုနဲ့ လက်ထပ်သဘောတူညီချက် စာချုပ်ချုပ်ခဲ့တဲ့အချိန်မှာ
သမီးဦးလေးကပဲ ကူပေးရတာ။"
"ပြီးတော့ အဲ့ဒီကျိမိသားစုနဲ့ လင်းမိသားစုကြားက
လက်ထပ်သဘောတူညီစာချုပ်ကလည်း သူပဲရေးပေးထားတာ။"
လင်းချောင်ကလည်း သူမဦးလေးနှင့်အဒေါ် သိထားမည်ဟု
သံသယဝင်မိသည်။ အဖိုးလင်းနှင့် အဖွားလင်းကစာမရေးတတ်လျှင် ဘယ်သူက ဒီစာတွေကို ရေးပြဖတ်ပြမှာတဲ့လဲ။
လျိုယွိလန် မငြင်းသည်ကိုမြင်တော့ လင်းမိသားစုခြံဝန်းပြင်ရှိ
အိမ်နီးချင်းများ၏ အတင်းပြောသံများ ပိုကျယ်လာတော့သည်။
ကျောက်စန်း၏ ဇနီးကပို၍ပြင်းပြင်းထန်ထန်ပြော၏။
"ချောင်ချောင်မှာ ငယ်ငယ်တည်းက စေ့စပ်ထားတဲ့သူရှိတာ
သူတို့သိရင် ဘာလို့ ဒီလိုလူမျိုးကို ရှာပေးတာလဲ။ ဦးနှောက်ထဲ ဘာတွေရှိနေတာလဲ။"
ဒါကိုကြားသူတိုင်းက ဖရဲစေ့ကိုပစ်ပြီး နှမ်းစေ့ကိုရွေးနေသည့်
သူတို့၏အတွေးကိုသိနိုင်သည်။
လင်းရှို့ယီ၏ မျက်နှာက ပုံစံပျက်လာပြီး စာချုပ်ကိုကိုင်ထားသည့်လက်က
တုန်လာတော့သည်။
"ဂရုစိုက်ပါ။ "
လင်းချောင်က သူ့ကိုအလျင်အမြန် သတိပေးလိုက်၏။
"မသိတဲ့သူတွေက ဦးလေးစာချုပ်ကို ဖြဲပစ်ဖို့လုပ်နေတယ်လို့ထင်ကြတော့မှာပဲ။"
သည်းမခံနိုင်တော့သဖြင့် လင်းဝေ့က သူ၏မိဘများကိုပြောလိုက်၏။
"အထဲသွားပြောကြတာပေါ့။"
သူက ထိုသို့ဝင်ပြောလိုက်သည့်အတွက် လင်းချောင်က
လင်းရှို့ယီကို အခက်တွေ့အောင် မလုပ်ချင်တော့ပေ။သူမက ကျိသော်ကိုကြည့်လိုက်သည်။
"ကျွန်မတို့ အထဲမှာပြောကြမလား။"
ကျိသော်က မငြင်းပေ။ သူက လင်းရှိူ့ယီထံမှ လက်ထပ်သဘောတူစာချုပ်ကို
ပြန်ယူလိုက်ပြီး အထဲသို့ အရင်လျှောက်သွားလိုက်သည်။
စွင်းရှိူ့ကျစ်ကလည်း သူ့ယောက်ကျားကို တီးတိုးပြောလိုက်သည်။
"ကျိမိသားစုက သူ့ကိုမလိုချင်ဘူးလို့ ပြောခဲ့တာမလား။"
"ဘာလို့ ဒီမှာမေးနေတာလဲ။ ငါ ဘယ်လိုလုပ် သိမှာလဲ။"
လင်းရှို့ယီက ပြောလိုက်၏။
"တော်ပြီ။ ဘာဆက်လုပ်ရမလဲပဲ တွေးကြတာပေါ့။"
လင်းမိသားစု၏အိမ်က ကိုယ်တိုင်ဆောက်လုပ်ထားသည့်အိမ်ဖြစ်သည်။
အရှေ့ခြမ်းရှိအိမ်တွင် သစ်သားဖြင့်ကာထားသော အိမ်ခန်းနှစ်ခန်းရှိပြီး လင်းမိသားစုလေးယောက်နေသည်။ အနောက်ဘက်မှာတော့ လင်းချောင်တို့
မြေးအဖွားနှစ်ယောက်နေသည်။
လင်းဝေ့က သူတို့ကိုလင်းချောင်၏ အခန်းသို့ ခေါ်သွားလိုသော်လည်း
နေရာကျဉ်းသည့်အတွက် မသင့်တော်သဖြင့် သူတို့ကို အရှေ့ခန်းသို့သာ ခေါ်သွားလိုက်သည်။
သူတို့ဇနီးမောင်နှံ ဝင်လာသည့်အခါ ကျိသော်က ကုတင်နှင့်မျက်နှာချင်းဆိုင်တွင်
ထိုင်နေပြီး စိတ်မရှည်သည့်ပုံစံဖြင့် နာရီကြည့်နေခဲ့သည်။
သူတို့က ကုတင်စောင်းတွင် ထိုင်လိုက်ကြသည်။ စွင်းရှို့ကျစ်က
အတင်းပြုံးလိုက်၏။
"ငါတို့က မကောင်းတဲ့သဘောမရှိပါဘူး။ မိသားစုတွေ
အဆက်အသွယ်မရှိတာ ကြာပြီဆိုတော့လေ ပြီးတော့ ချောင်ချောင်ကလည်း မင်းအတွက်သင့်တော်တဲ့သူမဟုတ်ဘူးလေ။
ငါတို့က ဘယ်လိုလုပ် ဒီလိုအရာမျိုး မျှော်လင့်ရဲမှာလဲ။"
သူတို့၏စကားများက အလွန်အကျွံ ဖြစ်လာသဖြင့် လင်းဝေ့က
စိတ်မသက်မသာ ဖြစ်လာတော့သည်။
သို့သော်လည်း လင်းချောင်ကတော့ အခြေအနေကိုနားလည်သည်။
စွင်းရှို့ကျစ်၏ စကားများအရ ကျိသော်က လင်းချောင်နှင့်လက်ထပ်မည့်သူဟု
ထင်နေပြီး ကျိသော်ကလည်း မငြင်းခဲ့ပေ။
"အိမ်ထောင်စုစာရင်းက ဘယ်မှာလဲ။"
ကျိသော်က ရှင်းပြနေရန်စိတ်မရှည်ပေ။ သူ့ကိုယ်သူ
ကျိဇယ်၏ ဦးလေးအဖြစ် ထုတ်ပြောလိုက်ခြင်းက ဘာလို့ ကျိဇယ်နှင့် သူ့မိဘများမလာရသည်ကို
ရှင်းပြနေရဦးမည်။ သူက ဒီကို ပြဿနာရှင်းရန်လာသည့်အတွက် လင်းမိသားစုနှင့် စကားအများကြီး
မပြောလိုပေ။ သူဝင်လာသည့်အချိန်မှစ၍ အပိုစကားတစ်ခွန်းမှ မပြောခဲ့။ပထမဆုံး သူက မေးမြန်းလိုက်ပြီး
အခြေအနေကိုထိန်းကာ အိမ်ထောင်စုစာရင်းကိုတောင်းပြီး သူ၏အစီအစဉ်အတိုင်း ဆက်လုပ်နေခဲ့သည်။
စွင်းရှိူ့ကျစ်က ကုတင်ဘေးအံဆွဲကို ဖွင့်လိုက်သည်။
"ဒီမှာရှိတယ်။"
သူမက စာရွက်ကို ကျိသော်ထံ လက်ကမ်းပေးပြီးတော့မှ
သဘောပေါက်သွားပြီး တင်းတင်းပြန်ဆုတ်လိုက်၏။
"ဒါက..ဒါက.."
သူမက သူတို့ကိုသာပေးလိုက်လျှင် မာမိသားစုနှင့်ကိစ္စက
လုံးဝပျက်သွားလိမ့်မည်။
သို့သော်လည်း ကျိသော်၏ အမူအရာမဲ့ မျက်ဝန်းများဖြင့်သာ
ဆုံလိုက်ရ၏။
"ပြဿနာရှိလို့လား။"
သူမက နောက်ဆုံးတော့ ဖြည်းဖြည်းချင်း လက်လွှတ်လိုက်ရသည်။
"ဟင့်အင်း၊ ပြဿနာမရှိပါဘူး။"
ကျိသော်က အိမ်ထောင်စုစာရင်းစာရွက်ယူပြီး မတ်တတ်ရပ်လိုက်သည်။
"ကျွန်တော် ထောက်ခံစာသွားယူလိုက်မယ်။"
သူက ညှိနှိုင်းရန်အချိန်ပင်မပေးဘဲ အလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်သည်။
စွင်းရှိူ့ကျစ်က ချွေးများပြန်လာပြီး လင်းရှိူ့ယီကလည်း
ကုတင်မှထလိုက်သည်။ သို့သော် သူတို့ဘာမှမပြောရသေးမီ ဝင်လာတည်းက ကျိသော်နှင့် လင်းချောင်ကိုကြည့်နေခဲ့သည့်
လင်းဟွေ့က ရုတ်တရက်ပြောလိုက်၏။
"မရဘူး!"
ထင်မှတ်မထားသည့် အော်သံကြောင့် အားလုံးက သူမကိုလှည့်ကြည့်လိုက်ပြီး
လင်းချောင်ကလည်း မျက်ခုံးပင့်ပြလိုက်သည်။
လင်းချောင်ထက် တစ်နှစ်သာငယ်သည့် လင်းဟွေ့က သူမနှင့်
လုံးဝမတည့်ပေ။ သူမက လင်းချောင်ကို အနိုင်ကျင့်၍ရသည့် သနားစရာ မိဘမဲ့အဖြစ်မြင်သည်။ သူမက
ပျင်းရိသဖြင့် အလုပ်များအားလုံးကို လင်းချောင်နှင့်ထားခဲ့ပြီး သူငယ်ချင်းများနှင့်သာ
ပတ်သွားနေတတ်သည်။ မာမိသားစုမှ လက်ဆောင်များဖြစ်သည့် ခရင်မ်မုန့်များနှင့် နို့ချိုချဉ်များကလည်း
ယခုသူမ၏ အံဆွဲထဲတွင်ဖြစ်၏။
လူအများကြည့်နေသည့်ကြားမှ လင်းရှိူ့ယီက သူမကိုဆူလိုက်သည်။
"ဒါက နင်ဝင်ပြောရမဲ့နေရာလား။"
သ်ို့သော် လင်းဟွေ့က အံကြိတ်ပြီးပြန်ပြောလိုက်သည်။
"ကျွန်မ ပြောတာမှားလို့လား။ ခန်းဝင်ပစ္စည်းတွေရထားပြီး
ရက်လည်းသတ်မှတ်ပြီးပြီလေ။ လင်းချောင်က ဒီလိုထွက်သွားရင် မာမိသားစုကို ဘယ်သူလက်ထပ်ဖို့သွားမှာလဲ။"
ဒါကိုကြားတော့ စွင်းရှိူ့ကျစ်ကလည်း ငိုတော့မလိုပြောလာသည်။
"ဟုတ်တယ်။ ငါတို့ငွေတွေအားလုံး ဘယ်လိုပြန်ပေးရမှာလဲ။"
မျက်ရည်များသုတ်လိုက်ပြီး သူမက ကျိသော်ကိုကြည့်လိုက်၏။
"သာ့ဝေ့နဲ့ သူ့အဖေက ဒီနှစ်လယ်တစ်နှစ်လုံးလုပ်တာတောင်
ငွေသိပ်မရဘူး။ ဒါက ငါတို့ကိုအသေသတ်နေသလိုပဲ။ မင်းတို့မိသားစုက ယန်ဒူမှာအာဏာရှိတယ်လေ။
ခမည်းခမက်တွေကို ကူညီပါလား။"
လင်းချောင်၏ ခန့်မှန်းချက်မှန်သည်။ သဘောတူညီချက်အကြောင်း
သ်ိရက်နှင့် သူတို့က သူမကိုအခြားသူနှင့်လက်ထပ်ပေးရန်လုပ်ပြီး အခုလည်း အခွင့်ကောင်းယူရန်ကြိုးစားနေကြပြန်ပြီ။
ကျိသော်က စွင်းရှို့ကျစ်ကို နွေးထွေးစွာဖက်လိုက်သည့်
လင်းချောင်ကို ကြည့်လိုက်၏။
"အဒေါ်တို့အတွက် ခက်ခဲတာကို သမီးသိတာပေါ့။
ငွေတွေကို ပြန်ပေးဖို့က ခက်တယ်လေ။"
စွင်းရှို့ကျစ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တာပေါ့။ ဒီလိုပမာဏလေးက ကျိမိသားစုအတွက်
ဘာမှမဟုတ်ပါဘူး။ ပြီးတော့ သာ့ဝေ့ကလည်း မင်းအပေါ် အမြဲကောင်းခဲ့တယ်လေ။ သူ့မျက်နှာလည်းကြည့်ပါဦး။"
သူမက ကျိမိသားစုထံမှ ငွေလိုချင်သည်သာမက လင်းဝေ့အတွက်လည်း
အလုပ်လိုချင်သေးသည်။
အရှက်မရှိသည့် တောင်းဆိုချက်များကိုကြားပြီးသည့်တိုင်
လင်းချောင်၏အမူအရာ မပြောင်းသွားခဲ့ပေ။
"ဒီလိုဆိုရင်ရော? ကျွန်မ မရှိရင် လင်းဟွေ့ရှိသေးတယ်လေ။
သူ့ကို လက်ထပ်ပေးလို့ရတာပဲ။"
သူမစကားမဆုံးခင်မှာ လင်းဟွေ့က ထအော်လိုက်၏။
"အဲ့လို မိန်းမနဲ့ကလေးတွေကို ပစ်သွားတဲ့
မကောင်းတဲ့ကောင်မျိုးကို လက်မထပ်နိုင်ဘူး!"
ထိုတုံ့ပြန်ချက်က မာမိသားစုကို ချီးမွမ်းနေခဲ့သည့်
စွင်းရှို့ကျစ်အတွက်တော့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
လင်းချောင်၏ အပြုံးက ပို၍မြင်သာလာသည်။
"အဲ့လိုပြောလို့မရဘူးလေ။ ရဲဘော်မာက ကွာရှင်းထားတဲ့သူဆိုပေမဲ့
အခြေအနေကောင်းတယ်။ ပြီးတော့ သူက မိသားစုစည်းမျဉ်းကြောင့် ကွာရှင်းဖြစ်တာပါ။ အခြားသူတွေကို
မယုံရင်တောင် အဒေါ့်ဆုံးဖြတ်ချက်ကိုတော့ နင်ယုံသင့်ပါတယ်။"
သူမက စွင်းရှို့ကျစ် စကားအတိုင်းအားလုံးပြန်ပြောလိုက်၏။
"တကယ်ကောင်းတဲ့သူပါ။ လွဲသွားမယ်ဆိုရင် အခွင့်အရေးဆုံးရှုံးရလိမ့်မယ်။
ပြီးတော့လင်းဟွေ့ကလည်း လက်ထပ်ရမဲ့ အသက်အရွယ်ပဲလေ။"
ပြုံး၍ပြောလိုက်ပြီးနောက် လင်းချောင်က သူတို့ကိုကျောခိုင်းကာ
လျိုယွိလန်ထံသွားလိုက်သည်။
"အမေ သမီးကို အထုပ်အပိုးကူပြင်ပေးပါဦး။"
နှစ်အတော်ကြာ မတွေ့ရသည့်ကြားမှ သူမ၏ အပြောအဆိုကြောင့်
လျိုယွိလန် အံ့သြခဲ့ရပြီး သူမနောက်မှလိုက်သွားခဲ့သည်။
လင်းချောင်က အထုပ်အပိုးပြင်ရန် လုပ်နေတော့ သူမက
အဝတ်ပုံအနီး အမြန်သွား၍ တီးတိုးမေးလိုက်သည်။
"သူ့ကို ယန်ဒူမှာသွားရှာခဲ့တာလား။"
ကုတင်ဘေးရှ်ိ နံရံကပ်ဘီရိုလေးက လျိုယွီလန်လက်ထပ်ချိန်တုန်းက
လုပ်ပေးထားခြင်းဖြစ်သည်။ အဖွားလင်းကလည်း ခက််ခက်ခဲခဲ လုပ်ကိုင်စားသောက်ခဲ့ရသည့်အတွက်
တန်ဖိုးကြီးပစ္စည်းတော့ မရှိလောက်ပေ။
လင်းချောင်က အရင်ဆုံး အဖွားကြီးတို့ ဇနီးမောင်နှံ၏
စာများနှင့် ပုံအချို့ကိုအရင် သိမ်းဆည်းလိုက်သည်။
"ဟုတ်တယ်။"
သူမကို ကြည့်နေသည့် လျိုယွိလန်က မျက်ရည်ဝဲလာပြန်သည်။
"အမေ့အမှားတွေပါ။ သမီးကို အမေနဲ့အတူ ခေါ်သွားခဲ့သင့်တာ။"
လင်းရှိူ့ရမ်တွင် သမီးတစ်ယောက်သာရှိသည့်အတွက်
အဖိုးလင်းတို့က လင်းချောင်ကို သေချာပေါက်ခေါ်ထားကြမည်။ သူမ၏ ခင်ပွန်းအသစ်ကလည်း ယခင်က
လက်ထပ်ဖူးသူ မဟုတ်သည့်အတွက် ဘယ်သူကအပြင်လူကို ခေါ်စေချင်မှာလဲ။ ခေါ်သွားခဲ့လျှင်တောင်
ပထွေးနှင့် နေရမည်ဖြစ်သည့်အတွက် ယခုထက်ပိုမကောင်းနိုင်။ ဒါကြောင့် အားလုံး အဆင်ပြေစေရန်
လုပ်ခဲ့ခြင်းသာဖြစ်သည်။
လင်းချောင်က ဘာမှပြန်မပြောဘဲ ပြုံးလိုက်၏။
"အမေ ဘယ်လိုထင်လဲ။ သူတို့ တကယ်ပဲ လင်းဟွေ့ကိုလက်ထပ်ပေးကြမယ်ထင်လား။"
လျိုယွိလန်က သူမကို ဝမ်းနည်းနေမည်ဟုသာ ထင်ခဲ့ပြီး
ယခုလ်ို စနောက်နေနိုင်မည်ဟု မထင်ခဲ့ပေ။
"မင်းကတော့ ကလေးလား။ ဘာလို့ ဒါကိုသဘောကျနေတာလဲ။"
လင်းရှို့ယီနှင့် စွင်းရှိို့ကျစ်က လင်းဟွေ့ကို
လင်းချောင်နေရာ အစားမထိုးလောက်ပေ။ လင်းဟွေ့ကလည်း ဒီကိစ္စကို စိတ်ပူနေသည်။ သူမ မိဘများအကြောင်း
သူမကောင်းကောင်းသိသည်။ သူမအဖေက မျက်နှာပျက်မည်ကို စိုးရိမ်တတ်သူဖြစ်သော်လည်း သူမအမေကတော့
ကျောက်တုံးမှပင် ရေထွက်အောင် လုပ်နိုင်သူဖြစ်သည်။ သူမ ရထားသည့်အရာများကို ဆုံးရှုံးအောင်လုပ်သည်က
သူမကို အသေသတ်သလိုပင်။ အထူးသဖြင့် သူမအစ်ကို၏ အလုပ်ဖြစ်သည်။
ကျိသော် ထောက်ခံစာသွားယူရန်လုပ်ချိန်တွင် လင်းဟွေ့က သူမ မိဘများကို ကြောက်၍ စကားမပြောရဲခဲ့ပေ။ စွင်းရှ်ိုကျစ်နှင့်
လင်းရှို့ယီက စိတ်ပူနေကြသဖြင့် သူမကိုသတိမထားမိခဲ့ကြပေ။
အတော်ကြာ တိတ်နေပြီးနောက် စွင်းရှိူ့ကျစ်က အံကြိတ်၍
စကားပြောလိုက်သည်။
"အဲ့ဒီကောင်မလေးက အစ်ကိုရဲ့အလုပ်ကို ပျက်စီးအောင်လုပ်မဲ့
ဂြိုလ်ဆိုးလေးဆိုတာ ကျွန်မသိတယ်။ ပြီးတော့ ကျိမိသားစုက ကောင်လေးကလည်း ဒီလောက်ပြဿနာတွေ
ပြီးတာတောင် သူ့ကိုလိုချင်သေးတယ်။ ကျိမိသားစုက ပိုပြီး နားလည်ရခက်တယ်။"
အဆုံးထိ လင်းချောင်ကို အခြားတစ်ယောက်နှင့် လက်ထပ်ပေးရန်လုပ်ခဲ့သည်က
သူမအမှားမဟုတ်ပေ။ ဟုတ်ခဲ့လျှင်တောင် ဒါက လင်းချောင် ကံဆိုးနေခြင်းဖြစ်၏။
"ဟုတ်တယ်။"
လင်းဟွေ့က ခန့်မှန်းလိုက်သည်။
"အစ်ကိုက သူမကို သွားခိုင်းလိုက်တာနေမယ်။
မဟုတ်ရင် သူက ဘယ်လိုလက်မှတ်ဝယ်နိုင်မှာလဲ။ "
သူမ မိဘများ၏ အလုပ်ရှာပေးလိုစိတ်ပျောက်သွားစေရန်
သူမက လင်းဝေ့ကို အပြစ်ဖို့နေခြင်းဖြစ်သည်။
လင်းဝေ့၏ အမူအရာများကိုပြန်သတိရသွားပြီး သူ့မိဘများက
စိတ်တိုလာတော့သည်။ လင်းရှို့ယီက အသံကိုထိန်း၍ပြောလိုက်၏။
"မင်း သူ့ကိုသွားခိုင်းလိုက်တာလား။ မင်းက
သူ့ဘက်ကပေါ့။ မင်းအမေက ဒါတွေကို ဘယ်သူ့အတွက် လုပ်ခဲ့တာမလို့လဲ။"
"ကျွန်တော် သူ့ကို ဒီလိုလုပ်ဖို့မပြောခဲ့ပါဘူး..."
လင်းဝေ့က ဟန်မဆောင်နိုင်တော့ပေ။
လင်းရှိူ့ယီက စိတ်မထိန်းနိုင်ဘဲ သူ့ကိုရိုက်မိတော့မည့်အချိန်တွင်
နာရီသံမြည်လာ၏။
စွင်းရှို့ကျစ်၏ အမူအရာပြောင်းသွားလေပြီ။
"သွားပါပြီ။ ကျွန်မ မာမိသားစုကို မပြောရသေးဘူး။"
လင်းရှို့ယီက မတ်တတ်ရပ်လိုက်၏။
"စက်ဘီးနဲ့သွားကြတာပေါ့။ လမ်းမှာတွေ့မှာပါ။"
သူတို့နှစ်ယောက်် အပြင်ထွက်လိုက်သည်နှင့် အနီရောင်ပန်းပွင့်ချိတ်ထားသည့်
ကားလေးက လမ်းပေါ်ရောက်နေပြီး အနောက်မှ ကလေးများကလည်း အော်နေကြသည်။
"သတို့သမီး ကြိုဖို့လာပါပြီ။"