Chapter 5: Did He Kiss You?
ထန်ယွီအန်းက ဒီထူးဆန်းတဲ့ခေါင်းစီးတပ်ခံရမှုကြီးကို အသိအမှတ်မပြုနိုင်ပေ။ သူ့အထင်တော့ ကျိုးထင်းဟန်က သူ့ကို တခြားလူတစ်ယောက်နဲ့မှားနေတာ ဒါမှမဟုတ် လုံးဝကို စိတ်လွတ်ပြီး လျှောက်ပြောနေတာ ဖြစ်နိုင်သည်။
ဒါပေမယ့် သူ့ကိုထပ်ပြီးလှုံ့ဆော်ပေးမိမှာစိုးသဖြင့် အလိုက်သင့်လေး ပြန်ပြောပေးလိုက်သည်။
“မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ မှတ်မိသေးလား”
“သခင်က ကျွန်တော့်ကိုဘယ်လိုလူစားမျိုးဖြစ်စေချင်တာလဲ ကျွန်တော်ဖြစ်အောင်လုပ်ပေးမှာပါ”
ထန်ယွီအန်း : “….”
သေချာတယ် သူတကယ်ကိုတစ်ခန်းလွတ်နေပြီ။
ဒါပေမယ့် သူ့ရဲ့နာခံမှုရှိတဲ့အပြုအမူအရဆို အစတုန်းက ထန်ယွီအန်းကြောက်နေခဲ့သလို ရုတ်တရက် ထတိုက်ခိုက်လာတာမျိုးတွေ မလုပ်လောက်သဖြင့် ကိစ္စတွေက ပိုမိုချောမွေ့သွားသည်။
သူက ကျိုးထင်းဟန်၏လက်ကိုဆွဲလိုက်သည်။ တစ်ဖက်လူက အနည်းငယ်ရုန်းလာသော်လည်း အားမပါသဖြင့် လွတ်ထွက်မသွားချေ။
“သခင် ၊ သွေးတွေရှိနေတယ် ၊ ညစ်ပတ်တယ်…”
သူ့စိတ်ထဲတွင် ဘာတွေတွေးနေလဲဆိုတာ မသေချာသည့်အတွက် ထန်ယွီအန်းက သူ့ကိုနီးသွားအောင်ဆွဲယူလိုက်ရင်း အကြည့်ချင်းမဆုံဘဲ ဟိုဟိုဒီဒီပတ်ကြည့်နေသော မျက်လုံးများကိုတည့်တည့်စိုက်ကြည့်ကာ
“အခု မင်းကို ခဏလောက်နားစေချင်တယ်။ လုပ်ပေးနိုင်မလား”
နားရမယ်၊ ဘာလို့နားဖို့လိုအပ်ရတာလဲ။
သူက အဆုံးအဆမဲ့သော နှင်းမုန်တိုင်းတစ်ခုထဲတွင် ပိတ်မိနေသလိုခံစားရပြီး အအေးဓာတ်က သူ့အရိုးတွေထဲထိ စိမ့်ဝင်ဝါးမျိုနေကာ မရေမတွက်နိုင်အောင် ပြန့်ကျဲနေသောပုံရိပ်များကို အမြင်အာရုံထဲတွင် မြင်နေရသည်။ ပုံရိပ်တွေကို သူကွဲကွဲပြားပြားမမြင်ရသော်လည်း များပြားလှသည့် နီရဲတောက်နေသော သွေးများကိုတော့ တွေ့မိ၏။
ပုံရိပ်များ၏အလယ်တွင် အမူအရာကင်းမဲ့နေသည့် လူတစ်ယောက်က တောင့်တင်းနေသည့်အလောင်းများကိုနင်းကာ ရှေ့သို့ဆက်လျှောက်လာနေသည်။
ထိုလူမှာ သူကိုယ်တိုင်ပဲဆိုတာကို သူသိသည်။
ဒီဓားကို ကိုင်ဆောင်သောလက်မှာ အစဉ်ပြောင်းလဲနေတတ်ပြီး ဓားကိုအသုံးပြုပြီးသည်နှင့် စွန့်ပစ်လိုက်တတ်ကြသည်။
မည်သူမဆို ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်မိမှာ ကြောက်သည့်အတွက် အန္တရာယ်များသည့်အရာတစ်ခုအား အချိန်ကြာကြာ ကိုင်မထားချင်ကြပေ။
ထူးဆန်းသည့်ခံစားချက်တစ်ခု…မြစ်တစ်စင်းက ပင်လယ်ထဲစီးဝင်သွားသလိုမျိုး၊ နေထွက်လာချိန်မှာ လကပြန်ဝင်သွားသလိုမျိုး၊ လုံးဝကိုသဘာဝကျနေသည့်အရာတစ်ခု။
ထန်ယွီအန်းမှာ ခွေးပေါက်စလေးတစ်ကောင်ကဲ့သို့ သူ့ရင်ခွင်ထဲ တိုးဝင်နေသည့် လူကောင်ကြီးကြီးအမျိုးသားကို ထိန်းဖက်ထားရကြောင်း ရုတ်တရက်သတိထားမိသွားသည်။
…အင်း သူပြန်နိုးလာရင် ဒါတွေကို ပြန်သတိမရဖို့ မျှော်လင့်မိတယ်။
မဟုတ်ရင် နောက်ပိုင်းမှာ သူတို့တွေ ဘယ်လိုလုပ်ပြီး သာမန်အတိုင်း ပြောဆိုဆက်ဆံနိုင်တော့မှာလဲလို့။
သို့သော် ဤကဲ့သို့နီးကပ်စွာထိကပ်နေမှုက ထန်ယွီအန်းအား အခွင့်အရေးပေးလိုက်သလိုပင်။
သူက ကျိုးထင်းဟန်ရဲ့ ခေါင်းကို ပွတ်သပ်ပေးကာ ချော့မြှူလိုက်ပြီး သူ့ရဲ့ စိတ်စွမ်းအင်ကို ဖြည်းဖြည်းချင်းထုတ်လွှတ်ပေးလိုက်သည်။
စက်ရုပ်တစ်ရုပ်အား ပါဝါပိတ်ပစ်လိုက်သကဲ့သို့ ကျိုးထင်းဟန် ပျော့ခွေကျသွားသည်မှာ ထန်ယွီအန်းအပေါ် တစ်ကိုယ်လုံးပစ်လဲကျတော့မတတ်ပင်။
ထန်ယွီအန်း သူ့အခြေအနေကိုစစ်ကြည့်လိုက်ချိန်တွင်တော့ ကံကောင်းစွာဖြင့် အိပ်ပျော်သွားခြင်းသာ။
တော်ပါသေးရဲ့၊ ကျိုးထင်းဟန်က စိတ်လွတ်သွားတဲ့အချိန်မှာ ပြန်ပြီးပြုပြင်လို့မရတော့မယ့်ပျက်စီးမှုတွေကို မလုပ်လိုက်မိလို့သာပဲ။
စွမ်းအားထပ်တိုးသည့်ဆုလိုမျိုးအရာတွေမပေးဘူးဆိုလျှင်တောင် ကိစ္စမရှိပေ။ ဒါပေမယ့် ဒီလောက်အထိကြိုးစားအားထုတ်ပြီးကာမှ ရလာတဲ့ဆုက သူ့နှုတ်ခမ်းတွေကို ပိုပြီးရဲသွားစေမှာတဲ့လား။
ဒီဆုကိုဘာအတွက်ပေးတာလဲဆိုတာကို သူဘယ်လိုမှ မစဉ်းစားတတ်တော့ပေ။
ပရမ်းပတာဖြစ်နေသည့်အခြေအနေတွေငြိမ်သက်သွားသည်နှင့် တခြားလူများမှာလည်း အပြေးဝင်လာကြတော့သည်။
ဝေ့လန်ရှင်းရဲ့နှလုံးကလျင်မြန်စွာခုန်ပေါက်နေသည်။ အိမ်ထဲကို မရောက်ခင်မှာ ဆိုးရွားတဲ့မြင်ကွင်းမျိုးစုံကို သူစိတ်ကူးယဉ်ကြည့်မိသည်။
အန္တရာယ်များတယ်ဆိုတဲ့လူက သူ့အဖွဲ့ဝင်ပေါ်မှာ ပစ်စလက်ခတ်မှီတွယ်နေပြီး ခါးကိုပင်ဖက်ထားလိုက်သေးသည်။ ဒီလိုနေ့ခင်းကြောင်တောင်အချိန်ကြီးမှာ ဒါဘာတွေဖြစ်နေကြတာလဲ!
အခြေအနေတွေကသေချာမသဲကွဲသေးပေ။ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူသိနိုင်မှာတဲ့လဲ။
ထို့ကြောင့် သူကထန်ယွီအန်းကို အချိန်မရွေးထပေါက်ကွဲနိုင်သည့်ဗုံးအနားမှ ဆွဲခေါ်ရန်ကြိုးစားသော်လည်း ထိုလူကထန်ယွီအန်းရဲ့အင်္ကျီကို တင်းနေအောင်ဆုပ်ကိုင်ထားပြီး လုံးဝမလွှတ်ပေးသည်အား တွေ့လိုက်ရတော့သည်။
ဝေ့လန်ရှင်းမှာပြောစရာစကားပင်မဲ့သွားရတော့၏။ အဆုံးတွင်တော့ ထန်ယွီအန်းမှာ ကျိုးထင်းဟန်၏လက်ထဲမှလွတ်ရန် သူ့အပေါ်ဝတ်ဂျက်ကပ်ကို ချွတ်ပစ်လိုက်ရတော့သည်။
ဆေးအကူတွေက အပြင်ဘက်တွင်စောင့်နေကြပြီး ကျိုးထင်းဟန်ကို ချက်ချင်းပဲ အဝေးသို့ခေါ်ထုတ်သွားကြသည်။
ကျိုးထင်းဟန်အား ထမ်းစင်ပေါ်သို့ တင်လိုက်ကြချိန်တွင် သူကလက်ထဲတွင် ဂျက်ကပ်ကိုဆက်ပြီးတင်းကျပ်စွာဆုပ်ကိုင်ထားဆဲပင် ။ ဝမ်ဝိန်းက နောက်ဆက်တွဲကိစ္စရပ်များကို စတင်ဖြေရှင်းတော့၏။
ဝေ့လန်ရှင်းက ထန်ယွီအန်းကို ဘေးသို့ဆွဲခေါ်ပြီး ဒဏ်ရာရမရစစ်ဆေးတော့သည်။
သူ့အကြည့်တွေက ထန်ယွီအန်း၏ နီရဲကာ ခပ်ဖူးဖူးလေးဖြစ်နေသော နှုတ်ခမ်းတွေဆီသို့ ရောက်သွားသည်။
နည်းနည်းပြောင်းသွားသလားလို့ !
နှုတ်ခမ်းပုံစံကတူတယ်ဆိုပေမယ့် တစ်ခုခုကတော့ပြောင်းလဲသွားတာသေချာသည်။
သူအခုလေးတင်မြင်လိုက်ရသည့်မြင်ကွင်းကိုပြန်စဉ်းစားကြည့်မိပြီး ဝေ့လန်ရှင်းတစ်ယောက် မကောင်းသည့်ခံစားချက်တို့ကိုရသွားတော့သည်။
“မလှုပ်နဲ့တော့ ကျွန်တော်ခေါင်းမူးလာပြီ…”
ဝေ့လန်ရှင်း၏မျက်နှာထက်တွင် စိတ်ရှုပ်သွားသည့်အမူအရာဖြစ်ပေါ်သွားသည်။ သူက ထန်ယွီအန်းကို ထိုင်ခိုင်းလိုက်ပြီး ဆေးတပ်သားတစ်ယောက်ကိုခေါ်ကာ စစ်ကြည့်ခိုင်းလိုက်သည်။
ဆေးတပ်သားက သူ့ကိုစက်တစ်ခုဖြင့် scan ဖတ်လိုက်ပြီး အနည်းငယ် ပင်ပန်းနေရုံကလွဲ ဘာမှမဖြစ်ဟုပြောပြလာသည်။
“သွေးတွင်းသကြားဓာတ်နည်းသွားလို့ခေါင်းမူးလာတာဖြစ်မယ်။ လူငယ်လေး၊ မင်းကပိန်လွန်းတယ်။ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ဖို့လိုတယ်…”
ဆေးတပ်သားထွက်သွားပြီးနောက် ထန်ယွီအန်းက အင်အားဖြည့်မုန့်တစ်ခုကိုဖောက်လိုက်တော့သည်။ စားတော့မည့်အချိန်မှာပဲ ဝေ့လန်ရှင်းက သူ့အားစိုက်ကြည့်နေသည်ကို သတိထားမိသွားတော့၏။
သူလည်း စားချင်လို့များလား။
သူ့တာဝန်က ဇာတ်လိုက်တွေရဲ့ ခန္ဓာကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးကိုရော ဂရုစိုက်ပေးရမှာဆိုတော့ သူ့ကို ဗိုက်အဆာခံခိုင်းလို့မဖြစ်ပေ။
သူ မုန့်ကိုတစ်ပိုင်းဖဲ့ပေးလိုက်ပြီး ဝေ့လန်ရှင်းကိုကမ်းပေးလိုက်သည်။
“ရော့ အားပြန်ဖြည့်ဖို့ နည်းနည်းလောက်စားလိုက်ဦး”
“ဒါက…ငါကဘယ်လိုလုပ်ပြီး လူမမာတစ်ယောက်ဆီကနေ အစားအစာကိုယူစားရမှာလဲ ”
ဝေ့လန်ရှင်းက ထန်ယွီအန်းရဲ့လက်ကို အနောက်သို့ပြန်တွန်းလိုက်ပြီး သူ့ကိုအဖုံးဖွင့်ထားပြီးသား ရေတစ်ဘူးကိုပြန်ကမ်းပေးလာသည်။
ထန်ယွီအန်းက ရေသောက်ရင်း မုန့်အနည်းငယ်စားပြီးနောက် သူအားပြည့်သွားပြီလို့ထင်လိုက်ချိန်မှာ စားတာရပ်လိုက်တော့၏။
“စားတာတော်ပြီလား”
ဝေ့လန်ရှင်းကမျက်မှောင်ကျုံ့လိုက်မိသည်။ သူပိန်တာမဆန်းတော့ပါဘူး။ စားတာကကြောင်စာလောက်လေးတင်ကိုး။
သူရဲ့အမူအရာကလေးနက်သွားပြီး ချက်ချင်းပဲ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။
“ထန်ယွီအန်း ကိုယ် မင်းကို ကိုယ့်စကားနားထောင်ဖို့မပြောခဲ့ဘူးလား၊ ဘာလို့ ကိုယ်ပြောတဲ့အတိုင်းမလုပ်ရတာလဲ ”
ထွက်လာသည့်ရလဒ်ကကောင်းသည်ဆိုသော်လည်း နောက်တစ်ခေါက်ကျ ကံမကောင်းတော့ဘဲ သူတစ်ခုခုထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ မေးလာနိုင်သည်ဟု သူကြိုမှန်းထားမိသည့်အရာအား မေးခွန်းထုတ်ခံလာရချိန်တွင် ထန်ယွီအန်းက နာခံစွာဖြင့် ခေါင်းသာညိတ်ပြလိုက်ပြီး ဘာမှပြန်ဖြေမနေတော့ပေ။
“ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်မှာ မင်းအတွက် တာဝန်ရှိတယ်။ ခေါင်းဆောင်ရဲ့အမိန့်ကို မနာခံတဲ့အတွက် မင်းအတွက်အပြစ်ဒဏ်ရှိလိမ့်မယ်…"
ထန်ယွီအန်းက ခေါင်းကိုငိုက်စိုက်ချထားပြီး သနားစရာကောင်းသည့်ပုံပေါက်နေလေသည်။
ဝေ့လန်ရှင်းက စကားဆက်ပြောတော့မည့်အချိန်မှာပဲ သူက ရုတ်တရက် မော့ကြည့်လာကာ ကြောက်ရွံ့စွာမေးလာသည်။
“ကျွန်…ကျွန်တော့်ကို မှောင်မဲနေတဲ့အခန်းထဲမှာ သော့ခတ်ထားတာမျိုး မလုပ်လို့ရမလားဟင် တခြားဟာတွေအကုန်အဆင်ပြေပါတယ်…”
မြေအောက်ထဲတွင် အမြှုပ်ခံလိုက်ရသည့်ခံစားချက်မျိုးကို သူပြန်မခံစားချင်တော့ပေ။
ထိုထဲမှာသာဆိုလျှင် သူ့ရဲ့ငိုသံတွေကို ဘယ်သူကမှ ဘယ်တော့မှထပ်ပြီး ပြန်မဖြေနိုင်ကြတော့။
ဝေ့လန်ရှင်းမှာ ထန်ယွီအန်း၏စိတ်ထဲရှိ သူ့ပုံရိပ်မှာ မည်မျှတောင် ကြောက်ဖို့ကောင်းနေသည်လဲဆိုတာကို နားမလည်နိုင်ဖြစ်နေသည်။
သူ့ပုံစံက လူတွေကိုနှိပ်စက်ရတာသဘောကျတဲ့ လူယုတ်မာနဲ့များ တူနေလို့လား။
ဒါမှမဟုတ် ထန်ယွီအန်းက အရင်တုန်းက ဒီလိုဖြစ်ရပ်မျိုး ကြုံတွေ့ဖူးလို့ ကြောက်နေတာများလား….
လူတစ်ဦးတစ်ယောက်၏ ကြောက်ရွံ့မှုအား တိုက်ရိုက်ကြီးမေးရန်မှာ မသင့်တော်လှ။ ဝေ့လန်ရှင်း၏ နှလုံးသားမှာလေးလံသွားတော့သည်။
ထန်ယွီအန်းကို မှောင်မဲနေတဲ့အခန်းထဲ ပိတ်ထားရလောက်တဲ့အထိ ရက်စက်တဲ့လူမျိုးကို သူပုံဖော်မကြည့်နိုင်ပေ။
“မင်း ဘာတွေပြောနေတာလဲ…အပြစ်ဒဏ်က မင်းရဲ့မုန့်ကိုကုန်အောင်စားဖို့ပဲ”
အရင်ကမ္ဘာတွေမှာတုန်းက သူမြင်ခဲ့ဖူးတဲ့ အစာအိမ်ပေါက်ထွက်တဲ့အထိ အစားအစာတွေ အတင်းကျွေးတဲ့ အပြစ်ပေးနည်းမျိုးများလား။ ဒါပေမယ့် အဲ့လိုပြောရအောင်လည်း ဒီမုန့်လေးတစ်ခုက အရမ်းနည်းလွန်းမနေဘူးလားလို့။
“ကိုယ့်ကိုအမှန်အတိုင်းဖြေနော် ကျိုးထင်းဟန်က မင်းကို နမ်းလိုက်သေးလား ”
ထန်ယွီအန်းမှာအံ့ဩသွားကာ
“သူက ကျွန်တော့်ကိုဘာလို့နမ်းရမှာလဲ”
အဖြည့်ခံလူသားတွေဆိုတာ ဇာတ်လိုက်ကိုပံ့ပိုးပေးဖို့သာဖြစ်သည်။ ဇာတ်လိုက်ဆိုသည်မှာ အခြားလုပ်စရာ အရေးကြီးကိစ္စရပ်တွေရှိသေးသဖြင့် အဖြည့်ခံလူသားများနှင့် ဒီလိုမျိုး လွန်ကျူးတဲ့ကိစ္စရပ်တွေကို ပြုလုပ်ဖို့နေနေသာသာ သိပ်တောင်မတွေ့ဖြစ်ကြပေ။
အခုလို အထင်မှားကုန်တာ ဟိုအစုတ်အပြတ်ဆုကြောင့်ပဲ ဖြစ်ရမယ်။
ဝေ့လန်ရှင်းမှာလက်မလျှော့ပေ။
“ဒါဆို မင်းရဲ့နှုတ်ခမ်းတွေက ဘာလို့ယောင်လာတာလဲ၊ နေဦး ယောင်လာတာလည်းမဟုတ်ဘူး ဒီတိုင်း…”
ပိုပြီးပြည့်လာကာ အရည်ရွှမ်းနေတဲ့အသီးလေးတစ်လုံးလိုပဲ။
“ကျွန်တော်ခုနက နည်းနည်းလန့်သွားတော့ ကိုက်လိုက်မိလို့”
ကျိုးထင်းဟန်ရဲ့ မှတ်ဉာဏ်တွေနဲ့ သူပြောပြခဲ့ပုံတွေအရဆိုလျှင် သူတို့က ကျိုးထင်းဟန်၏အသိစိတ်ကို လုံးဝဖျောက်ပစ်ပြီး နောက်ထပ်လူတစ်ယောက်အဖြစ် ပြောင်းလဲရန် ကြိုးစားနေခြင်းပင်။
သူ့ကို နာခံမှုရှိသည့် လူသတ်သမားတစ်ယောက်အဖြစ် ပြောင်းလဲချင်ကြခြင်းသာ။ ဒါပေမယ့် လုပ်နေစဉ်အတွင်းမှာပဲ အနှောင့်အယှက်တစ်ခု ဖြစ်ပွါးခဲ့သွားသဖြင့် ကျိုးထင်းဟန်မှာလွတ်မြောက်လာခဲ့ခြင်းပင်။
“သူ့ရဲ့အခြေအနေကို တည်ငြိမ်သွားပြီလို့ထင်ခဲ့တာ။ သူဘာလို့ ရုတ်တရက်ကြီး အခုလိုထပေါက်ကွဲရတာလဲဆိုတာကို သိရဖို့ကတော့ ဆက်ပြီးလေ့လာကြည့်ဖို့လိုသေးတယ်… သူနဲ့ထိတွေ့မိတုန်းက ထူးခြားတာတစ်ခုခုကိုများ သတိထားမိသေးလား”
ထန်ယွီအန်းက တစ်ဖက်မြင်ဖန်သားပြင်၏အနောက်၌ လှဲအိပ်နေသော ကျိုးထင်းဟန်ကိုကြည့်လိုက်သည်။
သူ့လက်ထဲရှိအင်္ကျီကိုယူနိုင်ရန် လူအင်အားအနည်းငယ် အသုံးပြုပြီးဆွဲထုတ်ထားရသည်။
“သူက သူ့ကိုယ်သူ မှတ်မိတဲ့ပုံမပေါ်ဘူး။ ဒါပေမယ့် သူ့ကိုနှစ်သိမ့်ပေးဖို့ ကျွန်တော့်ရဲ့စိတ်စွမ်းအင်ကိုသုံးတော့ မငြင်းခဲ့ဘူး”
“သူက ကျွန်တော့်ကို…သခင်လို့လည်းခေါ်သေးတယ်”
“ဘာ !” ဝေ့လန်ရှင်းကသူ့ကိုစူးရဲစွာစိုက်ကြည့်လာသည်။
စိတ်ရောဂါအထူးကုက ရုတ်တရက်သဘောပေါက်သွားပြီး
“ဒါဆို ဒါပဲပေါ့…မင်း သူ့ကို တတိယအဆင့်ရောက်နေတာတောင်မှ ဘေးမသီရန်မခဘဲ ပြောဆိုဆက်သွယ်နိုင်တာ မဆန်းတော့ဘူး။
ကြည့်ရတာတော့ သူ့ရဲ့ brainwash ခံထားရတဲ့ကိစ္စနဲ့ လူအသစ်တစ်ယောက်အဖြစ် ပြောင်းလဲတဲ့ကိစ္စက အကြောင်းတစ်ခုခုကြောင့် ဆက်ပြီးဖြစ်နေတယ်ထင်တယ်။ သူက သူ့ကိုယ်သူ မင်းရဲ့ “သစ္စာရှိနောက်လိုက်” လို့ ထင်နေတာလေ”
ဝေ့လန်ရှင်းက အထင်ခံရသည့်လူထက်ပင် ပို၍စိုးရိမ်နေကာ
“ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ကြမှာလဲ၊ ဒီဆက်သွယ်မှုကို ဖြတ်တောက်ပစ်လို့မရဘူးလား”
“စိတ်မပူပါနဲ့။ ဒီလိုနာခံလာအောင်လုပ်ဖို့က သူ့ကို တွန်းအားပေးမယ့် အရာတစ်ခုခုကိုလိုတယ်။
ငါ့ရဲ့ လောလောဆယ် အယူအဆကတော့ တိကျတဲသီးသန့် အသံလှိုင်းတစ်ခုက သူ့ကိုလှုံ့ဆော်နေတာဖြစ်နိုင်တယ်။ အဲ့အသံကြားလိုက်တာနဲ့ သူက အလိုလိုနာခံမှုရှိတဲ့အခြေအနေ လုံးဝဖြစ်သွားလိမ့်မယ်။ ပုံမှန်အခြေအနေအတိုင်းဆိုရင်တော့ ဘာမှထူးခြားတဲ့ လှုံ့ဆော်ချက်မျိုးမရှိသ၍ ပုံမှန်အတိုင်းပဲ ဖြစ်နေလိမ့်မယ်”
“ကောင်းတယ်”
ဝေ့လန်ရှင်းမှာစိတ်သက်သာရာရသွားပြီးနောက် ထန်ယွီအန်းအား လှည့်ကြည့်ကာ
“မင်း နောက်ကျရင် သူ့နားကနေ ဝေးဝေးနေသင့်တယ်။ မဟုတ်ရင် နောက်ထပ် ဒီလိုထပ်ဖြစ်လာတဲ့အခါကျ မင်းကို သခင်လို့ ထပ်လာခေါ်နေဦးမယ်”
[ဇာတ်လိုက်နံပါတ် ၁ ၊ ဝေ့လန်ရှင်း၏ ဇာတ်လိုက် နံပါတ် ၂ ၊ ကျိုးထင်းဟန်အပေါ် သဘောကျမှုက အနုတ်၁၀ ဖြစ်သွားတာကို တွေ့ရှိရပါတယ်။ လက်ရှိ သဘောကျမှု အနုတ် ၁၀ ပါ
ကျေးဇူးပြုပြီး အဖြည့်ခံလူသားတစ်ယောက်ဆိုတဲ့
ဇာတ်ရုပ်အားအသုံးပြုကာ ဇာတ်လိုက်တွေကြားရှိ ဆက်ဆံရေးကို ပြေလည်အောင် ပြန်လည်ပြုပြင်ပြီး စည်းလုံးတဲ့အသင်းတစ်ခုဖြစ်အောင် ဖွဲ့စည်းပါ Host ။ ကြိုးစားထားပါ။ Host ကအတော်ဆုံးပဲ]
ထန်ယွီအန်း : “…”
ငါက အခုလေးတင် သူ့ကိုကယ်ပေးလိုက်တာကို မင်းက အခု သူ့ကိုမကြိုက်တော့ဘူးပေါ့
ဇာတ်လိုက်တွေရဲ့စိတ်က တကယ့်ကို အစိုးမရတာပါလ
ား…